ဗုဒ္ဓဟူးနေ့တိုင်း ပန်းဆိုင်မှ နေ့တစ်ဝက် ခွင့်ရသည့်အတွက် ပိုနေသည့် အချိန်၌ စာကြည့်တိုက် ကဖေးတွင် အချိန်ပိုင်းအလုပ်ဆင်းဖြစ်သည်။ ရလာသည့်ပိုက်ဆံမှာ မများသော်လည်း တစ်ဖက်က စာဖတ်ရသည့်အတွက် ဤအလုပ်ကို ဂျောင်းဂု သဘောကျနှစ်သက်မိသည်။
ယနေ့ကျမှ လူရှင်းနေသည့်အတွက် မပြီးပြတ်သေးသော ဂါလီယန်၏ စာအုပ်ကို ဆက်၍ ဖတ်နေမိ၏။ စာအုပ်ထဲသို့ စိတ်နှစ်ဝင်စားနေချိန်တွင် အဆက်မပြတ် ခေါ်ဆိုနေသော အသံကို ဂျောင်းဂု ဝေဝါးစွာ ကြားလိုက်ရသည်။ အလုပ်ချိန်တွင် ကိုယ်ရေးကိုယ်တာ ကိစ္စများကို လုပ်နေမိသည့်အတွက် ဂျောင်းဂု ထိတ်လန့်မိသွား၍ မော့ကြည့်လိုက်ချိန် အရင်ရက်များတွင် သူ့နောက်သို့ လိုက်နေခဲ့သောလူကို တွေ့လိုက်ရ၏။
အံ့ဩသွားတာတစ်ဝက်၊ လန့်သွားတာတစ်ဝက်နှင့် သူ့အရှေ့တွင် ရပ်နေသောလူကို ဂျောင်းဂု ကြောင်ကြည့်နေမိ၏ ။
"နားကန်းနေလား ဘလက် ကော်ဖီ တစ်ခွက်ပေးလို့ ပြောနေတယ်"
"အာ...ဟုတ်"
တစ်နေ့ညကတင် သူနှင့် တစ်ခုတင်တည်း အတူ အိပ်ထားသည့်လူဆီမှ အေးစက်သော တုံ့ပြန်မှုက ဂျောင်းဂုကို အံ့ဩစေသည်။ ထို့ပြင် ထိုလူသည် သူ့နောက်သို့ အချိန်ပြည့် လိုက်နေပြီး သူ့အပိုင်ဖြစ်လာမည်ဟု ကြွေးကြော်နေသူ ဖြစ်သည့်အတွက် ယခုကဲ့သို့ ပြောင်းလဲသွားသော အခြေအနေကို ဂျောင်းဂု အချိန်မှီ မတုံ့ပြန်နိုင်သည်မှာ ပုံမှန်ပင်။
"သူ ဒီနေ့လည်း လာပြန်ပြီ"
သူ့ဘေးမှာ ကော်ဖီဖျော်နေသည့် ကောင်မလေးဆီမှ စကားကြောင့် ဂျောင်းဂု ခေါင်းထဲ ဖျတ်ခနဲ လင်းသွားသည် ။
"သူ့ကို သိတာလား"
ဂျောင်းဂု မေးလိုက်သည့်အခါ ထိုမိန်းကလေး၏ မျက်နှာမှာ စာရသည့်အချိန် စာမေးခံသလိုမျိုး အစွမ်းကုန် လင်းလက်သွားတော့၏။
"သိတာပေါ့ အဲ့တစ်ယောက်က ဆိုင်ကို နေ့တိုင်း လာတယ် ကော်ဖီတစ်ခွက် မှာပြီး ဟိုးထောင့်က ခုံလေးမှာ စာဖတ်တာ၊ ပြီးတော့ ကော်ဖီမှာပြီး ဘယ်တော့မှ မသောက်သွားဘူး"