အကိုဘာလုပ်နေလဲ..
မှန်ကိုကြည့်ပြီးမကြာခဏရေရွတ်ဖြစ်တယ်
ညီမကတော့အကို့ကိုလွမ်းနေတယ်
ဘာအခွင့်တစုံတရာမှမရှိခင် ဆုံးရှုံးနှင့်ပြီးသား အရာတစ်ခုကို
ဘယ်တော့မှ ပြန်မရတော့ဘူးဆိုတာသေချာပြီးသား
တစ်စုံတစ်ခုကို ရင်ထဲနင့်အောင် တမ်းတနေမိသလိုမျိုးအကိုသိလား
ဒီလောကထဲမှာ ညီမက
တစ်ယောက်တည်းသောမိန်းကလေးဖြစ်လိမ့်မယ်
ကိုယ်သေလောက်အောင် နှစ်သက်တဲ့တစ်စုံတစ်ခုအတွက်
ကြိုးစားခွင့်မရှိတဲ့ မိန်းကလေးမျိုးပေါ့
ညီမသတ္တိမရှိဘူး
မစွန့်စားရဲဘူး
အကယ်၍ အရာအားလုံးကို ပစ်ပြီး အကိုရှိတဲ့လမ်းကိုရဲရဲဝံ့ဝံ့လျှောက်ခဲ့ရင်တောင်
ဝမ်းသာအားရကြိုနေမယ့် အကိုလည်းရှိမှာမဟုတ်ဘူးလေ
အိပ်မက်ဆိုးတွေ ထပ်ခါထပ်ခါမက်နေသလိုပဲမှတ်လိုက်မယ်
လက်ခံချင်စရာမကောင်းတဲ့ အမှန်တရားတွေက
ညီမဆီမှာတော့တကယ်ရှိခဲ့တယ် အကို ။အကိုဘယ်တော့မှ နားလည်နိုင်မှာမဟုတ်တဲ့
နှလုံးသားတစ်စုံ ညီမဆီမှာရှိတယ်
အနီးကပ်လေ့လာကြည့်ဖို့စိတ်ကူးမရှိဘူးလား..
လျှို့ဝှတ်ချက်တွေနဲ့ပြည့်နှက်နေတဲ့ မိန်းကလေးမျိုးကို
အကိုသဘောကျတယ်ဆိုရင်
ညီမဟာ အကို့အတွက်ပဲဖြစ်လိမ့်မယ်
အရာအားလုံးကို ဘယ်သူမှမသိနိုင်အောင် တိတ်တဆိတ်ဖုံးကွယ်ထားချင်တယ်
ခြွင်းချက်ဟာ အကိုတစ်ယောက်ပဲဖြစ်ရမယ်
ကိုယ်ဖန်တီးတဲ့ကျိန်စာတွေထဲ ကိုယ်တိုင်ပိတ်မိနေတဲ့သူမျိုးကို
မြင်ချင်ရင် ညီမကိုကြည့်ပါ ။တိမ်တွေက ကောင်းကင်မှာဘာလို့မြောနေတာလဲ
အပင်တွေကဘာလို့စိမ်းနေတာလဲ
ကောင်းကင်ကဘာလို့ပြာနေတာလဲ
ညီမကဘာလို့ အကို့အတွက်မဖြစ်နိုင်တာလဲ..
အဖြေပြန်မရမယ့်ရူးကြောင်ကြောင်မေးခွန်းတွေ ညီမမေးတဲ့အခါ အကိုလှောင်ပြုံးလေးပဲပြုံးနေပေးပါ ။
လူတိုင်းကသူ့လမ်းကိုသူအကောင်းဆုံးလျှောက်နေရဲ့သားနဲ့
ညီမကဘယ်လိုဖြစ်နေရတာလဲ
နဂိုကမှ အခြေမခိုင့်တခိုင်နဲ့ ယိုင်နဲ့နေတဲ့ မျဉ်းလေးတစ်ယောက်ပါ အကို
အကိုရဲ့ဝင်ရိုးစွန်းဆွဲငင်အားပဲ သိပ်ကောင်းခဲ့တာများလားပေါ့
ညီမဘ၀ခရီးလမ်းဟာ အကို့ဆီမှာလိုလိုချင်ချင်ကွေးညွတ်နေရပြီ
အနာဂါတ်တွေမမြင်ဘူး
အကို့မျက်ဝန်းထောင့်ကအမာရွတ်လေးကိုပဲ စကြာဝဠာလို့အမှတ်မှားနေတော့တယ်
ကျေးဇူးပြုပြီး ညီမမှန်တယ်လို့ထောက်ခံစမ်းပါ
တသက်လုံးစာပျော်ဝင်ဖို့ လုံလောက်တဲ့ အလိမ်အညာကအကို့နှုတ်ခမ်းဖျားတွေမှာပဲမူတည်တယ်
ဘ၀ဆက်တိုင်း ရူးသွပ်ပါရစေ
အဲဒီမျက်တောင်စိတ်စိတ်လေးတွေကြားမှာ တသက်လုံးနေခွင့်ပြုဖို့စိတ်ကူးမရှိဘူးလား ။အကို.. အကို..
အကို..
ရင်တွေကွဲမတက်အော်ခေါ်ရင်တောင်
အကိုကမကြားဘူး
ဘယ်လိုဖြစ်တာများလဲ
မိုင်အကွာအဝေးတွေမပါတဲ့ ရိုးရိုးရှင်းရှင်းချစ်ခြင်းမေတ္တာမျိုးမှာ
ညီမရယ် အကိုရယ်..
ဖန်တရာတေနေအောင် ရေရွတ်နေတဲ့ ဆုတောင်းတွေကို
ဘုရားသခင်လည်းမကြားဘူး အကိုလည်းမကြားဘူး
ဇာတ်ပေါင်းခန်းမပါမှန်းသိရက်နဲ့
ဒီဇာတ်လမ်းထဲ ညီမဇွတ်အတင်းဝင်ထိုင်မိခဲ့တယ်
အကို့အတွက်ဆို ရူးရူးမိုက်မိုက်ပါပဲ
ညီမက အကို့မျက်တောင်တစ်ခတ်မှာ
အဝေးကိုလွင့်ရမယ့် အမှုန်အမွှားလေးတစ်စ ။စက္ကူလေယာဉ်ပျံတွေက ဘယ်အတိုင်းအတာအထိ ခရီးရောက်နိုင်သလဲ ညီမစမ်းသပ်နေတယ် အကို
ပြတင်းပေါက်ကတဆင့် အားကုန်လွှတ်တင်လိုက်တဲ့
စက္ကူလေယာဉ်ပျံဖြူဖြူလေးတွေ ညီမရှေ့မှာတင်
တဖြုတ်ဖြုတ်ပြုတ်ကျကုန်တယ်
ညီမအိမ်ခြေရင်းမှာပုံနေတဲ့ စက္ကူယာဉ်ပျံတွေကို
ခပ်ဆွေးဆွေးငေးရင်း
အကို့ခြေရင်းမှာပုံနေတဲ့ ညီမရဲ့ချစ်ခြင်းမေတ္တာအပိုင်းအစတွေကို
ခဏပဲဖြစ်ဖြစ်မေ့ထားလိုက်ပါမယ် ။Cr Captionless
YOU ARE READING
နှစ်သက်မိလေသော
Poetryနှစ်သက်သဘောကျမိတဲ့ စာအပိုင်းအစလေးတွေကို စုစည်းချင်တဲ့သဘောနဲ့တင်ထားတဲ့ Book ကလေးပါ