11

25 0 0
                                    

" နွေရွက်ကြွေတွေဟာ အကိုင်းအခက်တွေကိုမော့ကြည့်တယ်။ ပြီးတော့ ကြွေဆင်းသွားကြတယ်။  "

              ခင်ဗျားရှိတဲ့နေရာအနီးတဝိုက်မှာနေပြီး ခင်ဗျားမရှိတဲ့နေရာအရပ်ရောက်တဲ့အခါ ကြွေပစ်ချင်ခဲ့တာပဲ။အဲဒါ ကျွန်တော်ဘာလို့ ဝမ်းနည်းနေရမှာလဲ။

              အစတည်းက ကျွန်တော့တည်ရှိမှုကို အသိအမှတ်ပြုခံရဖို့မှမဟုတ်ဘဲ ။
နွေရွက်ကြွေတွေလို အကိုင်းအခက်ခင်ဗျားကို ငေးတယ်။ခင်ဗျားတည်ရှိရာအရပ်မှာ သိမှတ်ဖို့ခက်တဲ့ လေပြည်တစ်ခုလိုပြေးမယ်။
ထွက်ခါစ နုသစ်လတ်ဆတ်မှုအပွင့်အဖူးတွေကတော့ ခင်ဗျားအတွက်ပဲထားလိုက်ပါ။

ကျွန်တော်က ကံတရားကိုအလောင်းအစားမလုပ်ရဲဘူး၊
ဒါပေမယ့် ခင်ဗျားကို အရာရာနိုင်စေချင်တယ်။
ကျွန်တော့ချစ်ခြင်းတရားကို အပါအဝင်ပေါ့။

သိပ်တွေဝေတတ်တဲ့ကောင်က ခင်ဗျားအတွက်ဆို ခေါင်းကို ဆတ်ခနဲညိတ်ပစ်လိုက်တာ
ခင်ဗျားလိုအပ်နေချိန်ဆို ဘယ်နေရာကနေဖြစ်ဖြစ် ပြေးလာခဲ့တာ
တစ်ခုခု လက်ညှိုးထိုးစွပ်စွဲတိုင်း " ဟုတ်ပါတယ်ပေါ့ ကျွန်တော်မှားသွားပါတယ်ပေါ့  "ချက်ချင်းရေရွတ်ပြလိုက်တာ၊
ကျွန်တော့အမှန်တရားက ခင်ဗျားပျော်ရွှင်ဖို့ရာပဲ ။ အဲဒီတစ်ခုပဲ။

ကျွန်တော့်အတွက်တော့ အမှန်ရယ် အမှားရယ် မရှိပါဘူး။ ကျွန်တော်ရယ် ခင်ဗျားရယ်ပဲ ရှိပါတယ်။

အလိုမရှိတော့ဘူးဆိုတော့လည်း ကျွန်တော့ကံပေါ့။ မတုံ့ပြန်တော့ဘူးဆိုတော့လည်း အလိုက်တသိငြိမ်နေရုံပေါ့။ မချစ်တော့တာမဟုတ်တာ ခင်ဗျားလည်းသိသလို ဘုရားလည်းသိပါတယ်။ ခင်ဗျားကို ဝန်ထုတ်ဝန်ပိုးမဖြစ်စေလိုသော စေတနာတွေက မွေးရာပါ ဒါမှမဟုတ် သေရာပါ ဒါမှမဟုတ် တစ်သံသရာစာပါသွားတော့မှာ....။

ကျွန်တော့ရှေ့က သက်ရှိ ဝေဒနာအဝါလေးကို ပေါ့။ ခင်ဗျားကိုပေါ့ ။ ငေးနေရတာ ငေးနေရတာကိုက လှနေတဲ့အဝါရောင်တွေ ဖြစ်နေတော့တာ။ကျွန်တော်က နာကျင်မှုကို နှစ်သက်တယ် လို့ ဝမ်းနည်းစရာတွေပဲ တွေးတတ်တယ်လို့ ခင်ဗျား ပြောဦးမယ်မဟုတ်လား။ ဘယ်သူကတော့ နေ့ရက်တိုင်းကို အလွမ်းတွေ အဆွေးတွေနဲ့ နေထိုင်ရှင်သန်ချင်ပါ့မလဲ။ စိတ်နယ်လွန်ဖြစ်ရပ်တွေက ခင်ဗျားထွက်ခွာသွားမယ့်အချိန်ကို စေ့ဆော်ထားပြီးသားဖြစ်ပေမယ့် အဲဒီအချိန်မှာပဲ ကျွန်တော့အိပ်မက်တွေက စတင်တာ။ ကျွန်တော်ဟာ နှေးကွေးလေးလံသူတစ်ယောက်ပါ။ ကျွန်တော်ဟာ ပန်းဝင်ဖို့အတွက် နောက်ကျတတ်သူပါ။ တစ်ခါတခါလည်း ခင်ဗျားအကြောင်းတွေကို ဖြေဆိုဖို့ရာ အချိန်မလောက်ငသူတစ်ယောက်ပါပဲပေါ့။

ပေးထားတဲ့ ပန်းတွေလည်း နွမ်းခဲ့ပြီ။ နာကျင်အချိန်ပိုဆိုတာတွေကလည်း ဘယ်တုန်းကမှ မလောက်ငခဲ့ဘူး။အဲဒီတော့လည်း ရှုံးပါစေတော့ပေါ့။ ခင်ဗျားကို ကောက်ရခဲ့သလို ပိုင်ဆိုင်ရတုန်းက ရွှင်ပြဖူးပြီပဲ။ ပျောက်ရှခဲ့သလို မဆိုင်ရတဲ့ညနေတွေအတွက်လည်း ကျွန်တော်နေတတ်ရတော့မှာပေါ့။ ကျွန်တော်က ဆာလောင်မွတ်သိပ်သူပါ။ ခင်ဗျားကတော့ "ဝမ်းနည်းပါတယ် ဒီနေ့ဆိုင်ပိတ်ပါပြီ"ဆိုပြီး တံခါးလေးဆွဲပိတ်သွားသူပေါ့။

လေတွေတိုက်လည်း ခင်ဗျားရောက်လာဦးမလား ။ စကားပြောသေတ္တာအသေလေးထဲက ပန်းရောင်စကားပွင့်တွေ ထပြီးပွင့်လာမလား ။ မသေချာပါဘူး။ ခင်ဗျားကို ကျွန်တော်ထွေးဖက်ထားခဲ့ရတဲ့ ညနေတွေကိုတောင် ချန်ခဲ့ရသေးတာပဲ။ ခင်ဗျားပြောဖူးသလို ဘယ်အရာမှ မတည်မြဲဘူးပေါ့။ လူတွေက သစ္စာမရှိပါဘူးပေါ့ ။ ကျွန်တော်ကလည်း ခင်ဗျားမာနလေးကို ချစ်မက်စွာ ပွတ်သပ်ပြီး အထူးတလည်မရှင်းပြနိုင်ခဲ့တော့ဘူးပေါ့။ ကျွန်တော်ပြောပြီးပြီပဲ.....။

ကျွန်တော့်အတွက်တော့ ဘဝမှာ အမှန်ရယ် အမှားရယ် မရှိပါဘူး။ ကျွန်တော်ရယ် ခင်ဗျားရယ်ပဲ ရှိပါတယ်။

                                        #ခွန်းညိုသွေး

နှစ်သက်မိလေသောWhere stories live. Discover now