စက္ကန့်တွေစုပေါင်းပြီး မိနစ်တွေဖြစ်လာခဲ့တယ်။
နှင်းစက်တွေစုပေါင်းပြီး ရေအိုင်ငယ်လေး ဖြစ်လာခဲ့တယ်။
မြေပြင်ပေါ်ကျနေတဲ့ နှင်းရေစက်တွေ တစက်စက် ကျသံက စည်းချက်မှန်မှန် ကြားနေရတယ်။
မှောင်မိုက်လှတဲ့ ကောင်ကင်အောက်မှာ ညနက်ရဲ့ စစ်မှန်တဲ့ အော်မြည်သံတွေ ကြားနေရတယ်။
မှိတ်တုတ်မှိတ်တုတ်လင်းလက်နေတဲ့ ကြယ်လေးတွေက မရေမတွက်နိုင်လောက်အောင် များပြားလွန်းတယ်။
မျက်စိတဆုံး မှောင်မိုက်နေပြီး မျက်ကန်းတယောက်လို ငါရဲ့အမြင်တွေက ဝေဝါးနေခဲ့တယ်။
တိတ်တဆိတ်နဲ့ အေးစက်စက် အခန်းထဲမှာ ငါ့ရဲ့ ဝင်သက် ထွက်သက်က အသက်ရှုတယ်ဆိုရုံလောက်လေး သတိထားလို့မရလောက်အောင်ကို နှေးကွေးနေခဲ့တယ်။
အဝတ်စား မရောက်နိုင်တဲ့ ငါ့ရဲ့ခြေတွေလက်တွေနဲ့ ငါ့ရဲ့မျက်နှာက အေးစက်နေပြီး ငါ့ရဲ့ နှတ်ခမ်း
ထောင့်စွန်းက အပေါ်ကိုကွေးတက်နေကာ လှောင်ပြုံးတခုကို ချိတ်ဆွဲထားတယ်။
တင်းကြပ်လွန်းတဲ့ ခံစားချက်တွေ အလွန်မှာ ငါ ဘာတခုကိုမှ မခံစားရတော့ဘဲ စိတ်ရေအလျှင်က ရေသေတခုလို ပကတိ တည်ငြိမ်တိတ်ဆိတ်လွန်းနေတယ်။
ခန္ဓာကိုယ်ပေါ်ကို အေးခဲမတတ် ကြမ်းတမ်းစွာ တိုက်ခတ်လာတဲ့လေကို မျက်လုံးတွေ အသာမှိတ်လိုက်ရင်း ထိတွေ့မှုခံစားချက်တွေ တခုတလေမှ လွတ်ထွက်မသွားရအောင် အပြည့်အဝ ခံစားနေလိုက်တယ်။
ပါးစပ်လှုပ်ရုံလောက် ခပ်တိုးတိုး ရေရွတ်နေခဲ့တဲ့ နံပါတ်စဉ် ၁၀၀၀ကို ၁ ကျော်လာတဲ့အချိန်မှာ ငါ့ရဲ့ ထိန်းချုပ်ထားတဲ့အသိစိတ်ကို လွတ်ထွက်ခွင့်ပေးလိုက်တယ်။
တဖြေးဖြေး အသိစိတ်လွတ်ထွက်သွားတာနဲ့အတူ ငါဘာတခုမှကို မခံစားရတော့ဘူး။
"အဲ့တော့ ငါအိပ်ပျော်သွားခဲ့တယ်"
နှစ်နှစ်ချိုက်ချိုက်ကို အိပ်ပျော်သွားခဲ့တယ်။
ဘယ်တော့မှ မပြီးဆုံးတာ့ဘူးလို့ ထင်မှတ်ထားတဲ့ ငါ့ရဲ့ ရှည်ကြာလွန်းတဲ့ တစ်ညတာကို ဘာအတွေးမှမရှိဘဲ ပကတိ တိတ်ဆိတ်စွာနဲ့ ဖြတ်သန်းနိုင်ခဲ့တယ်။
အသိစိတ်ပြန်ကပ်လာလို့ ငါ့ရဲ့အမြင်အာရုံတွေ ကြည်လင်ပြတ်သားလာချိန်မှာ ငါ့ရဲ့မျက်နှာချင်းဆိုင်မှာရှိနေတဲ့ ကြည်လင်တောက်ပပြီး အေးချမ်းဆိတ်ငြိမ်လှတဲ့ ရင့်ကျက်တဲ့အလှတရားနဲ့ မျက်နှာလှလှတခုကို တွေ့လိုက်ရတယ်။
ငါ အလှပိုင်ရှင်မျက်နှာကို ပြုံးပြလိုက်ချိန်မှာ သူကလည်း စိတ်နှလုံးအေးချမ်းစေတဲ့ အငွေ့အသက်ပြင်းပြင်းနဲ့ တည်ငြိမ်အေးဆေးစွာ ပြုံးပြလာခဲ့တယ်။
ဆောင်းဦးလေအေးတွေ ရုတ်တရက် ရပ်တန့်သွားပြီး နွေးဦးလေနွေးနွေးလေးတွေ စတင်တိုက်ခတ်လာသလို သူရဲ့ အပြုံးတွေက ခြောက်သွေ့တည်ငြိမ်တိတ်ဆိတ်နေတဲ့တဖက်မှာ ရင်းနှီးဖော်ရွေနွေးထွေး နေခဲ့တယ်။
ငါ ငါ့လက်ထဲက မှန်ကို ဘေးနားက စားပွဲပေါ်တင်ပြီးတဲ့အချိန်မှာ ဘယ်တုန်းကမှ ဘာမှမဖြစ်ခဲ့သလို အရာအားလုံးက လှုပ်ရှားမှုတခုတလေတောင်မရှိဘဲ ပကတိ တိတ်ဆိတ်ခြင်းအမှုက ကြီးစိုးနေခဲ့တယ်။
YOU ARE READING
ခရမ်းရောင် ခံစားချက်များ
Разноеစိတ်ခံစားမှုတွေ ပြင်းထန်ချိန် ဖြစ်ပေါ်လာသော ရူးကြောင်ကြောင်ရင်တွင်းစကား.......
