နွဲ့ ဆိုးဗိုလ် ( ၁ )
တကယ်တော့ ကိုလင်းလင်း ဟာ ဗိုလ်ဗိုလ့် ဘော်ဒါ မဟုတ်ပါ။ ဗိုလ်ဗိုလ့် အကို ကိုဇော်ဇော်ချို ရဲ.့  အတန်းထဲက တစ်တန်းထဲသား သူငယ်ချင်း တစ်ယောက်ပါ။ ဗိုလ်ဗိုလ့် ထက်လည်း ၂နှစ်ကြီး ပါတယ်။ ဗိုလ်ဗိုလ် တို့  အိမ်မှာ ကိုဇော်ချိုနဲ့  သူ့ သူငယ်ချင်းတွေ ၀ိုင်းဖွဲ့ ဖဲရိုက်ကြရင်း ဗိုလ်ဗိုလ် နဲ့  စဆုံဖြစ်ကြတာပါ။
ညီအကို ၂ယောက် တစ်ကျောင်းထဲ တက်ကြတာ ဆိုပေတည့် သူ့ အတန်းနဲ့  ကိုယ့်အတန်း ၂တန်းတောင် ကွာဟ တာမို့  ကျောင်းမှာတွေ့ ပေမယ့် မတွဲဖြစ်ကြပါဘူး။ သူတို့ က ၁၀တန်း အတန်းကြီးတွေဖြစ်ပြီး၊ ဗိုလ်ဗိုလ် က ၈တန်း အလယ်တန်း ကျောင်းသားပါ။ ရိပ်ကနဲ တွေ့  မိရင်တောင်မှ 'ဟာ ဒီကောင် ငါ့ဘော်ဒါရဲ့  ညီပဲ ..´ .. 'အော် ငါ့အကို ဘော်ဒါပဲ..´ က လွဲရင် ဘာပညတ်သည်းခြေမှ မရှိ။ အမှတ်တမဲ့ စတွေ့  ကြတာပဲ ရှိပါတယ်။
အခု ဗိုလ်ဗိုလ် ၁၀တန်းတက်တော့ အကို ကိုဇော်ချိုက ရေဇင်းစိုက်ပျိုးရေးတက္ကသိုလ် ဒုတိယနှစ် ကျောင်းသားဖြစ်နေပြီး၊ ပျဉ်းမနားမှာ ကျောင်းအိပ်ကျောင်းစား သွားနေရာက နှစ်ဝက် ကျောင်းပိတ်လို့  ပြန်လာတာပါ။ ရန်ကုန်သားဖြစ်ပြီး နယ်မှာ ကျောင်းသွားတက် ရတာမို့  အကြောင်းအမျိုးမျိုးနဲ့  ပြန်လာရင် သူငယ်ချင်းတွေ တွေ့ ကြ ဆုံကြမြဲ ထုံးစံအတိုင်း ဒီတစ်ခါ အလှည့်ကျတဲ့ အိမ်က ဗိုလ်ဗိုလ် တို့ အိမ်ပါ။
ကိုလင်းလင်းတို့ မှာလည်း ညီအကို ၂ယောက် ဆိုပေတည့် တစ်ယောက်ကို တစ်ယောက် ၅နှစ်ကွာတော့ ကိုလင်းလင်း ၁၀တန်းရောက်တဲ့ နှစ်မှာ သူ့ အကိုကြီးဟာ ဘွဲ့ ရပြီးလို့  သူတို့  အမျိုးတွေရှိရာ အနောက်နိုင်ငံ တစ်ခုဆီကို (အမျိုးတွေရဲ့ အကူအညီနဲ့ ) အပြီး ထွက်သွားပါပြီ။ ကိုလင်းလင်း သာ မိဘနှစ်ပါးနဲ့ အတူ ကျန်ခဲ့တာပါ။ သူ့  အဖေက အစိုးရ ၀န်ထမ်းကိုး။ ပြီးတော့ ကိုလင်းလင်း က ကျောင်းမပြီးသေး။ တက္ကသိုလ် ဒုတိယနှစ် ရူပဗေဒမို့  ရန်ကုန်မှာပဲ ကျောင်းတက် ရပါတယ်။
ကိုလင်းလင်း တို့  မိသားစုတွေက ဗိုလ်ဗိုလ် တို့ လို ဓါးမဦးချ ဌာနေ တိုင်းရင်းသားတွေ မဟုတ်ဘဲ မျိုးဆက် နှစ်ဆက်လောက်က အိမ်နီးချင်း တိုင်းပြည်ကြီး တစ်ခု ကနေ ရွှေ့ ပြောင်းလာခဲ့ကြတဲ့ လူမျိုးတွေပါ။ မြန်မာပြည်မှာ ပေါက်ဖွားခဲ့ကြသည့်တိုင် ကိုလင်းလင်း မိခင်ဆိုရင် မြန်မာလို ပီပီသသ သိပ်မပြောနိုင်ပါ။ အဖေ ကတော့ အစိုးရအလုပ် ၀င်လုပ်သူမို့  အမေထက်ဆာရင် ပိုပြောနိုင်တယ်ပေါ့။
ကိုလင်းလင်းကတော့ 'နမော ဗုဒ္ဓာယ သိဒ္ဓမ် ကကြီးရေက´ က စပြီး မသင်ခဲ့ရပေမယ့် ဂီတသမားပီပီ ကဗျာလေး မတောက်တခေါက်လောက်တော့ စပ်တတ်ပျိုးတတ် သီကုံးတတ်ပါတယ်။ သုံးလုံးစပ် လေးလုံးစပ် ကဗျာမျိုးလေးတွေတော့ ရေးတတ် စပ်တတ်တယ် ပေါ့။ မြန်မာစကားပြေကိုလည်း နှစ်သက်ပါတယ်။ သူ့ ကို ငယ်ငယ်ကလေးထဲက ထိန်းကျောင်း လာခဲ့ရတဲ့ သူ့ အထိန်းတော်ကြီးက မြန်မာစာပေ ဂီတ အနုသုခုမ ပညာရှင်တွေ ပေါက်ဖွား ကြီးပြင်းခဲ့ရာ ဧရာဝတီမြစ်ဝကျွန်းပေါ်သူမို့  ဆရာဇော်ဂျီရဲ့  ဗေဒါလမ်း ကဗျာ၊ ဆရာဦးသုခရဲ့ သြောင်းဇေယျတု သဗ္ဗမင်္ဂလံ တေးသွား၊ ဗိုလ်ကလေးတင့်အောင်ရဲ့ ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်းဆွေ ပြဇာတ် ဆိုတာတွေဟာ ခလေးထိန်း အိမ်ဖော် အဒေါ်ကြီးကနေ တဆင့် ကိုလင်းလင်း ကြားခဲ့ မှတ်ခဲ့ သိခဲ့ရပါတယ်။
ကိုလင်းလင်း တို့  မိသားစုဟာ အနောက်တိုင်းက စတင်ပေါ်ထွန်းခဲ့တဲ့ ဘာသာတရားကို သက်ဝင်ယုံကြည် ကိုးကွယ် ကြတဲ့ မိသားစုတွေမို့  ၀တ်ပြုရာက အစ ထမင်းစားအလယ် ညအိပ်ရာဝင် အဆုံး အင်္ဂလိပ်စာ အင်္ဂလိပ်စကား အင်္ဂလိပ်သီချင်းတေးသွားတွေဟာ ကိုလင်းလင်း အပါး ကိုလင်းလင်းနားမှာ အမြဲလို လွင့်ပျံ့  နေမြဲ အတွင်းက ကိုလင်းလင်း တစ်ယောက် မြန်မာဆန်ခဲ့ပါတယ်။
အဲ့မှာတင် ပုဆိုးကို ပုံချဝတ်တဲ့ မြန်မာဆန်တဲ့ ကိုလင်းလင်း နဲ့  ကျောင်းချိန်ကလွဲရင် အိမ်တွင်းအိမ်ပြင် ဘောင်းဘီတိုနဲ့ သာနေတတ်တဲ့ မြန်မာလူငယ်လေး ဇော်ဇော်ဗိုလ် တို့  အကြား လွန်းတင်တဲ့ကြိုး၊ ချစ်ကြိုးမျှင်များစွာနဲ့  အချစ်လွန်းတင်ကြတဲ့ကြိုးတွေနဲ့  ကြိုးချင်းထား ကြိုးချင်းငြိကြပြီး တစ်ယောက်ကို တစ်ယောက် ရစ်ပတ်နှောင်ဖွဲ့  ယှက်ထွေးလိန်ကျစ်ကြတဲ့ ချစ်လွန်ဆွဲပွဲတစ်ခု ဖြစ်ပေါ်ခဲ့ရပါတယ်။
ESTÁS LEYENDO
" နွဲ့ဆိုးဗိုလ် "
Novela Juvenilရေးသားသူ - Min Lwin Myue Hein တစ်ခေတ်တစ်ခါက mlgbts website တွင် နာမည်ကြီးခဲ့သော အခန်းဆက်ဝတ္ထုရှည် ... ရေးသားသူ - မင်းလွင်မြူဟိန်း တစ်ခေတ်တစ်ခါက mlgbts website တွင် နာမည်ကြီးခဲ့သော အခန်းဆက်ဝတ္ထုရှည် ...