အပိုင်း ၂
" ကောင်းကင်ကြာပန်းအကြောင်း အရင်ပြောပြပါဆရာ"
အရင်လိုခပ်တိုးတိုးလေသံမဟုတ်တော့ ဆရာက သူ့ကိုဝေခွဲရခက်စွာကြည့်ပြန်သည်။
" ကောင်းကင်ကြာပန်းရဲ့တချို့အကြောင်းတွေကိုတော့ မင်းသိပြီးသားဖြစ်မှာပါ။ ကောင်းကင်မင်းကြီးဆီက မင်းနဲ့လဲလိုက်တဲ့ ကောင်းကင်ကြာပန်းက အခု ကျူးယန်နတ်မင်းဆီမှာရှိတယ်။ငါ့အထင် သွေးရည်ကန်ထဲ စိမ်ထားလိမ့်မယ်။ မင်းပြစ်ဒဏ်ကလွတ်တဲ့အခါ အဲ့ဒိကောင်းကင်ကြာပန်းက မင်းအတွက်ဖြစ်လာလိမ့်မယ် ကျူးယင်။ ကောင်းကင်ကြာပန်းက ပျံ့ကြဲနေတဲ့ဝိဥာဉ်တွေ၊ ပျောက်ဆုံးနေတဲ့ဝိဥာဉ်တွေကို ပြန်ရှာပြီးပေါင်းစပ်ပေးနိုင်တယ်။ ကျူးယန်နတ်မင်းရဲ့သွေးစွမ်းအင်အကြောင်းကိုတော့ မင်းသိပြီးလောက်ပြီမလား"
သူခေါင်းငြိမ့်တော့ ဆရာက စကားဆက်သည်မို့ မေးလိုသည်ကို အောင့်ထားလိုက်၇သည်။
" ကျူးယန်နတ်မင်းရဲ့သွေးနဲ့စိမ်ထားတဲ့ ကောင်းကင်ကြာပန်းက အရမ်းအစွမ်းထက်သလို အားလည်းပြင်းတယ်။ မင်းခံနိုင်ရည်မရှိမှာစိုးလို့ ဒီမှာနှစ်သုံးရာပိတ်ပြီး ထာဝရရှင်သန်သူအဆင့်ထိရောက်အောင် နတ်စွမ်းအားဖြည့်တင်းနေစေခဲ့တာ။"
" ခဏ ဆရာ ကျွန်တော်က ဘာလို့ကောင်းကင်ကြာပန်းကိုလိုတာလဲ။ "
သေသွားပြီဖြစ်တဲ့ကျူးယင်ရဲ့ဝိဥာဉ်နဲ့ သူ့ဝိဥာဉ်ကို ပေါင်းစည်းမလို့လားဆိုတာကိုတော့ မမေးဖြစ်တော့။
" ကွဲထွက်နေတဲ့ဝိဥာဉ်ကို ပြန်ဆက်ဖို့လေ။ "
" ကွဲထွက်နေတဲ့ဝိဥာဉ်.... ဆရာ ကျွန်တော် နားမလည်ဘူး"
" မင်းက ကျူးယန်နတ်မင်းရဲ့သားရင်း မဖြစ်နိုင်ဘူးလို့ ထင်နေတာလား။ စစ်ဝူရှဲ့က မင်းကိုမပြောပြဘူးလား။ ကျူးယန်နတ်မင်းက မသိကျိုးကျွံပြုနေပေမယ့် ဒီကိစ္စတွေဖြစ်လာရတာက မင်းအဖေကျူးယန်နတ်မင်းကြောင့်ပဲလေ"
မျက်လုံးအ၀ိုင်းသားနဲ့သူကြည့်နေမိသည်ထင့် ဆရာက သက်ပြင်းချကာ ခေါင်းခါသည်။ ခြေပစ်လက်ပစ်ထိုင်နေခဲ့သော သူ၏ပခုံးကို ခပ်ဖွဖွလာဖျစ်ညှစ်သည်။ သူ့ရင်တွေ မြည်ဟည်းသွားရပါ၏။
YOU ARE READING
Becoming Empress but She isn't a Girl (Volume 2)
Historical FictionOC Own Creation. Own story, own plot and own cover