အခန်းတွင်းတွင် ကျူးယန်နဲ့ ကျူးယင်တို့သာ ကျန်ခဲ့တော့သည်။ ထိုအချိန်တွင် ကျူးယန်က ကျူးယင်အနားက ခွာကာ တစ်နေရာကို စိုက်ကြည့်သည်။ ထိုနေရာမှတဆင့် အေးစိမ့်သောအရှိန်အ၀ါတွေ ပြန့်လွင့်လာနေသည်။ ကျူးယန် မျက်နှာပျက်သွားကာ ကျူးယင်အား နှင်လွှတ်သည်။
" သား အပြင် ခဏသွားလိုက်။ အဖေ ဖြေရှင်းစရာတွေရှိတယ်"
" အဖေ တစ်ယောက်ထဲ ဘယ်လို..."
သူ့စကားကို ဆုံးအောင်ပြောခွင့်မပေးဘဲ ကျူးယန်၏ ပို့ဆောင်မှုနဲ့ ရေနန်းတော်အပြင်ဘက်သို့ ကျူးယင် ရောက်သွားရသည်။
လှိုင်းတွေ တသိမ့်သိမ့်ထနေတဲ့ သမုဒ္ဒရာကြီးကိုကြည့်ပြီး ကျူးယင် သက်ပြင်းချမိသည်။
ထိုရင်းနှီးတဲ့အရှိန်အ၀ါအရ ကော့ယွင်နတ်ဘုရားလာတာ ဖြစ်လိမ့်မည်။
ကျူးယင် ပင်လယ်ကို ကျောခိုင်းကာ စိတ်မှန်းဖြင့် တစ်စုံတစ်ယောက် ရှိနေရာ နေရာကို မြင်ယောင်လိုက်သည်။
ပတ်ဝန်းကျင်တွင် စိမ့်ဖန့်ဖန့်အရောင်ရှိသော မြူမှုန်လေးတွေ များလာကာ ကျူးယင်ကိုယ်အား တဖြေးဖြေး ဖုံးလွှမ်းသွားသည့်နောက် သူ ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။
အလွန်ပူပြင်းသော မီးတောင်ရှင်များရှိရာ နတ်ဆိုးတွေ နတ်ဘုရားတွေ ရောက်ခဲသော ကျွန်းတစ်ကျွန်းတွင်....
မြေပြင်က သဲတွေကလည်းထူထဲကာ ပူပြင်းသလို ကောင်းကင်က နေကလည်း နီရဲကာ ပူပြင်းသည်။ တိုက်ခတ်သည့်လေတွေကပင် ပူပြင်းနေကာ သဲပူတွေကလည်း လွင့်နေသေးသည်။ ကောင်းကင်က နီရဲပြီး မီးတောင်တွေက ချော်ရည်ပွက်သံတွေ၊ စီးကျသံတွေကိုလည်း ကြားနေရသည်။
သူသာ လူသားတစ်ယောက်ဆိုလျှင် ကြောက်လန့်ပြီး ဒီနေရာမှ ထွက်ပြေးမိလောက်သည်။
နတ်စွမ်းအားကို ကိုယ်ကို လှည့်ပတ်ထားစေလျက် ပူပြင်းတဲ့သဲပြင်နဲ့ မထိမိအောင် လေတွင်ဝဲလျက် ကျွန်းပေါ်တွင်သွားလာနေတဲ့သူ့ကို မျက်လုံးပေါင်းများစွာက စောင့်ကြည့်နေသည်အား ခံစားလို့ရနေပေသည်။ ထိုအကြည့်တွေက အရိုင်းဆန်ကြကာ သူ့အား သားကောင်ကိုချောင်းသလို ချောင်းနေကြတာကို ခံစားမိနေတော့ ကျူးယင်ရင်တုန်လာသည်။
YOU ARE READING
Becoming Empress but She isn't a Girl (Volume 2)
Historical FictionOC Own Creation. Own story, own plot and own cover