နတ်ဘုရားအရှိန်အ၀ါတွေ ပိုင်ဆိုင်နေပြီဖြစ်တဲ့ ၀ူရှဲ့ကို သေးသေးသွယ်သွယ် မိုးကြိုးကိုးချောင်းက ရစ်ပတ်ထားဆဲ။ အနည်းငယ်တည်ငြိမ်လာကာ နာကျင်မှုသက်သာလာဟန်ရှိတော့ သူ့အနားတိုးလာသည်။ လေသာဆောင် ကြမ်းခင်းတွင် ခြေပစ်လက်ပစ်( စာလုံးပေါင်းမသေချာ) ထိုင်နေတဲ့သူ့ကို မြတ်နိုးစွာ ငုံ့ကြည့်၏။ အသွားအပြန်မတူညီတာမို့ သူ့မှာ အားနာလာရသည်။ သူ တစ်ယောက်ယောက်ကို ချစ်မိခဲ့မယ်ဆိုရင် ထိုသူက ၀ူရှဲ့ဖြစ်ရင် သိပ်ကောင်းမှာ။
" နောက်တစ်နာရီနေမှ နောက်တစ်ဆင့်အတွက် မိုးကြိုးစမှာ။ "
" အဲ့ဒိအချိန်ကျရင် ယင်လေး ..."
ဆက်မလာတော့တဲ့ စကားကြောင့် ရွှေဝါရောင်လင်းထွက်နေသည့် ၀တ်ရုံတော်ကိုရှုနေရာက စစ်ဝူရှဲ့မျက်နှာကို မော့ကြည့်လိုက်မိသည်။
စစ်ဝူရှဲ့၏ မျက်နှာကား ယခင်အတိုင်း တောက်ပခန့်ညားဆဲ။ အနည်းငယ် နွမ်းသယောင်ရှိပေမယ့် အပြုံးတောက်တောက်တွေကြောင့် မသိသာတော့။ အမြဲတမ်းစကားကို ပြတ်ပြတ်သားသားဆိုတတ်တဲ့ အိမ်ရှေ့မင်းသားက ယခုအခါမှာ တုန့်ဆိုင်းနေလေသည်။
" ဘာဖြစ်လို့လဲ ၀ူရှဲ့"
" ကိုယ်က မကောင်းတဲ့ကောင်ပါ ။ ယင်လေးကို အနားမှာ ထားပြီး ကိုယ်နာကျင်တာကို ကြည့်စေခဲ့မိတယ်။ ယင်လေး သိတယ်မဟုတ်လား ကိုယ် ယင်လေးအတွက်ကြိုးစားနေတယ် နာကျင်နေတယ်လို့ ယင်လေးကို သိစေချင်တာ။ ဒါပေမယ့်..."
စစ်ဝူရှဲ့က သူ့ထံမှ အကြည့်လွှဲသည်။ ရောက်တတ်ရာရာငေးကာ ဟက်ခနဲရယ်၏။
" ကိုယ့်ရှေ့မှာ ယင်လေး စိတ်ပင်ပန်းနေတာကို မြင်ရပြန်တော့လည်း ကိုယ်မကြည့်ရက်ပြန်ဘူးကွာ။ ယင်လေး သိလား မိုးကြိုးတွေက သိပ်နာတာ။ သူတို့က ကိုယ့်နတ်ခန္ဓာကို မထိခိုက်စေနိုင်ပေမယ့် ကိုယ့်အသွေးကို ဖျစ်ညစ်နေတာ..."
အသံကား ခပ်ယဲ့ယဲ့။ ကြားရသူပင် ရင်နာလာစေသည်အထိ။
" နောက်လာမယ့်မိုးကြိုးတွေက ပိုပြင်းတယ်။ ဒီလေသာဆောင်ကြီးပါ ပြိုကျသွားနိုင်တယ်။ အကောင်းဆုံးက ယင်လေး ကျောက်စိမ်းဂူကို ပြန်လိုက်တာပဲ။ အဲ့မှာလုံခြုံတယ်။ ယင်လေး ပြန်ရောက်သွားရင်တော့ ကိုယ်က ဒီမှာ နာကျင်နေရတယ်ဆိုတာ သတိရနေရမယ်နော်။ မဟုတ်ရင် ယင်လေးကို ဒီမှာပဲ ခေါ်ထားလိုက်မှာ"
YOU ARE READING
Becoming Empress but She isn't a Girl (Volume 2)
Historical FictionOC Own Creation. Own story, own plot and own cover