ကျူးယန်ကား အမြဲတစေ အေးချမ်းကာ တည်ကြည်သော ပုံရိပ်ကို ထိန်းသိမ်းထားတတ်သည်။ သို့သော် ယခုတွင်တော့ သူ့မျက်နှာချောချောကား မှုန်ရီလို့နေသည်။
သူပင် သတိထားမိသည်မို့ အဖေနဲ့ အချိန်အတော်ကြား အတူရှိနေခဲ့ကြတဲ့ အကိုတွေအဖို့တော့ တွေးကြည့်ဖို့ပင်မလိုတော့ချေ။
ကျူးလင်က အကိုကြီးပီပီ အဖေနဲ့များစွာ ရင်းနှီးသည်မို့ လျှပ်စီးလက်သလို လျှက်တပြက်နဲ့တင် အဖေ့နား ပြေးသွားသည်။ အဖေက သူတို့ကိုမြင်တော့ ပင်ပန်းနေဟန်ပေါက်နေတဲ့ အမူအယာအစား ကြင်နာမှုတွေ ယိုဖိတ်နေတဲ့ ဖခင်တစ်ဦးဟန် ချက်ချင်း ပြောင်းသွားသည်။ သူတို့ဒီနေရာမှာရှိနေမှန်းမသိဘဲ တိုက်ဆိုင်စွာ လာတွေ့တာရယ်လို့ သူမထင်မိပေမယ့် အဖေက တမင် မသိဟန်ဆောင်တာရယ်လို့လည်း မတွေးချင်ပေ။ အဖေလုပ်သမျှဟာ အားလုံး မှန်ကန်တာမို့...
" အဖေ ဘာဖြစ်လို့လဲ။ သီနတ်ဘုရား အဖေ့ကို လာပြောပြန်ပြီလား"
ကျူးလင်က ကိုယ်မြန်ပေမယ့် ကျူးစစ်က စိတ်မြန်သည်။ အဝေးကနေ သူ့အသံက ဟိန်းထွက်၏။ သို့သော် ရည်ညွှန်းတာတွင် သူနှင့်သက်ဆိုင်သူက ပါဝင်နေခဲ့တော့ ကျူးယင် ကျူးစစ်ဘက် ပြေးသွားမေးရမလို၊ အဖေ့နားပဲ ပြေးကြိုရတော့မလို ဖြစ်သွားသည်။
ကျူးလင်က အဖေ့ကို ကြည့်နေရာက ကျူုးစစ်ဘက်လှည့်ကာ မျက်ထောင့်နီနဲ့ကြည့်သည်။ ကျူးလင်ကတော့ အဖေ့ကို ပူပန်စွာသာ စောင့်ကြည့်နေပြီး စကားတစ်ခွန်းမဟပေ။
ကျူးယန်က ကျက်သရေရှိစွာ ပြုံးတဲ့အခါ သားတွေရဲ့စိတ်မှာ ချက်ချင်း ကြည်လင်သွားရသည်။ ရင်ထဲ သိမ့်ခနဲဖြစ်သွားတာက အဖေပြောဖူးသလို နတ်ဘုရားစစ်ရဲ့ သွေးပါလို့ပဲလား....
ကျူးယန်ကို သူတို့တွေ ၀ိုင်းကာ ရပ်လိုက်တော့ ဖခင်ဖြစ်သူရဲ့ အရှိန်အ၀ါက သူတို့အား နွေးထွေးစွာ ရစ်ပတ်သည်။ သူတို့အားလုံးကို တစ်ပြိုင်နက်ထဲ သိုင်းဖက်လိုက်သလို မေတ္တာဓာတ်အား ခံစားရပါ၏။
" အငယ်လေးလည်း ရှိနေတာပဲ။ "
ကျူးစစ်က စကားသွက်သူပီပီ ပြောပြမယ့်ဟန်ပြင်တော့ ကျူးယန်က လက်ကာပြသည်။
YOU ARE READING
Becoming Empress but She isn't a Girl (Volume 2)
Historical FictionOC Own Creation. Own story, own plot and own cover