ဒေါ်လေးက အလုပ်ကိစ္စကြောင့် မနက်၆နာရီကတည်းက အိမ်ကထွက်သွားလေရဲ့။ ထို့ကြောင့် အိမ်တွင် မိမိနှင့် အလုပ်သမားအနည်းငယ်သာရှိလေသည်။
အိမ်တစ်အိမ်လုံး တိတ်ဆိတ်ခြောက်ကပ်လျက် ပျင်းရိဖွယ်အတိ။ ဒါကြောင့်လဲ ဂျီမင်း ဂျောင်ဂုမလာခင်အထိ အခန်းထဲ ပျင်းရိခြောက်ကပ်စွာ ဟိုလှိမ့် ဒီလှိမ့်နှင့် အချိန်ဖြုန်းနေမိသည်။ အခုဂျောင်ဂု ရောက်လာပြီဆိုတော့ ကိုယ်မပျင်းရတော့ဘူးပေါ့။
ဂျီမင်း ဂျောင်ဂုစောင့်ဆိုင်းနေရာ အောက်ထပ်သို့ အပြေးလေး ဆင်းလာလိုက်သည်။ စာသင်ပေးမည့် လူက စာသင်မည့်လူအား ပြန်စောင့်နေရသည်ဆိုသည်မှာ မဖြစ်သင့်သည့်အရာမဟုတ်ပါလား။
ဂျောင်ဂုက မိမိထက် ဘယ်လောက်ပင်ငယ်စေကာမူ အခုအချိန်မှာတော့ မိမိအား စာသင်ပေးမည့် မိမိ၏ဆရာဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် သူ့အား ရိုသေလေးစားမှုတော့ပြရမည်လေ။
ဒါနဲ့ ဒီကောင်လေး အစောကြီးကို ရောက်ချလာတာပဲ တော်တော် ဇွဲကောင်းသည်ဟုဆိုရမည်။ ဂျီမင်း စိတ်ထဲကပင် ဂျောင်ဂုအား တိတ်တဆိတ် ချီးမွှမ်းမိသည်။
"ဂျောင်ဂု အစောကြီး ရောက်လာတာပဲ"
မိမိစကားသံကြောင့် ဧည့်ခန်းတွင် ချိတ်ထားသော မိမိဓာတ်ပုံကို ကြည့်နေသော ဂျောင်ဂု ချာကနဲ လှည့်ကာမျက်လုံးအဝိုင်းသားလေးနဲ့လှည့်ကြည့်လာလေသည်။
အဲ့ဒီ မျက်လုံးဝိုင်းဝိုင်းလေးတွေက ဂျီမင်း ဂျောင်ဂုဆီက သဘောကျမိသောအရာတစ်ခု။ ထိုကောင်လေးရဲ့ မျက်လုံးဝိုင်းလေးတွေက နောင်တစ်ချိန် ပျိုမဒီတို့ရဲ့ အားနည်းချက် ဖြစ်လာမည်မှာ မလွဲဧကန်ပင်။
စကားတစ်ခွန်း မဆို မိမိအနား ပြေးလာပြီး တင်းတင်းကြပ်ကြပ်ဖက်လိုက်သော ဂျောင်ဂုကြောင့် ဂျီမင်း ရုတ်တရတ် ပျာယာခတ်သွားမိသည်။ ရုတ်တရတ်မို့ ပြန်ပဲ ဖက်ရမည်လား တွန်းပဲ ထုတ်ရမည်လား ဝေခွဲမရ။
သူ ထိုကောင်လေး၏ကျောပြင်ကိုသာ ခပ်ဖွဖွလေး ပုတ်ဖြစ်ခဲ့သည်။"ဒါလဲ နှုတ်ဆက်နည်းပဲလား"
"အင်း နှုတ်ဆက်နည်း "