ဆေးရုံ ခေါင်မိုးထပ် ပန်းခြံအငယ်စားလေး၏ ခုံတန်းတွင် နှစ်ဦးသား ထိုင်နေခဲ့သည်မှာ နာရီဝက်ခန့်ကြာလင့်ခဲ့ပြီ။ သူယူလာပေးခဲ့သည့် အအေးဘူးလေးကို ကိုင်လို့ တစ်နေရာကို ရီဝေဝေငေးမောနေသော ကောင်ငယ်လေးက ပုံမှန်ထက်ဆိတ်ငြိမ်နေပါ၏။
"အဆင်ပြေရဲ့လား "
အတော်ကြာမှ သူ့ဘက်က စကားစမိသည်။ထိုအခါမှ ဂျောင်ဂုက သူ့ဘက်လှည့်ကြည့်လာ၏။
အတော်ကြာငိုထားသည်မို့လားမသိ မျက်လုံးတွေက ရဲရဲနီလို့ မို့အစ်နေလေသည်။
စပိန်တွင် ဂျောင်ဂုနှင့် ခင်မင်လာသည့်အချိန်ကာလမှာ သိပ်မကြာမြင့်သေးပေမယ့် အတူရှိခဲ့တဲ့တစ်လျှောက် ဂျောင်ဂု၏ ပုံစံမျိုးစုံကိုမြင်ဖူးသည်။
စပ်ပြောင်ပြောင် မျက်နှာပေး ၊ ဂျစ်တစ်တစ် အမူအရာ ၊ ခပ်ပေပေ အကျင့်ဆိုးလေးနှင့် ခေါင်းမာတက်သည့် အကျင့် ။ သို့တိုင်အောင် ဒီနေ့လို ငိုကြွေးဝမ်းနည်းနေသည့် ဂျောင်ဂုကိုတော့ မမြင်ဖူး ။
ထို့အတွက် သူ ဘာလုပ်ပေးလို့ လုပ်ပေးရမယ်မှန်း
မသိ။ဘယ်အရာကများ ဒီကောင်လေးကို ဒီလိုဖြစ်သွားစေတာလဲ။
"တောင်းပန်ပါတယ် Hyungကို လန့်သွားစေမိလို့ "
သူငြိုငြင်မှာ စိုးနေသည့် မျက်နှာပေးလေးကညိုးငယ်လို့ အသံတို့က တိုးလျလျ။
"Hyungက ရပါတယ် တကယ်လို့ စိတ်မရှိဘူးဆိုရင် မင်း ဘာဖြစ်နေလဲဆိုတာ Hyungကိုပြောပြနိုင်မလား"
သူ့အပြောကြောင့် အနှီးကောင်ငယ်လေးက ခေါင်းလေးငုံ့လျိုးသွားလေသည်။
"အဆင်မပြေဘူးဆို မပြောလဲရ..."
"မေမေနဲ့ ဖေဖေက ဒီဆေးရုံမှာပဲ လူ့လောက ကထွက်သွားတာ "
မပြောပြလောက်ဟု တွေးထင်ခဲ့သည့် အတိတ်တို့ကို ထိုကောင်လေးက မျက်ရည်တွေတွင်တွင်ကျလို့ ဖွင့်ပြောလာသည်။
"ကျွန်တော်..ကျွန်တော်လေ မေမေ့ကို ကယ်ပေးဖို့ပြောပေမယ့် ဘယ်သူမှနားထောင် မပေးကြဘူး Hyung သူတို့အားလုံးကို ကျွန်တော်မုန်းတယ် "
စကားသံတို့ တုန်ရီလို့ ရှိုက်ကြီးတငင် ငိုချလိုက်သောဂျောင်ဂုကြောင့် သူ့မှာ စိတ်မကောင်း။