" သူငယ်ချင်းပြန်သွားပြီလား "
သူအခန်းထဲဝင်ဝင်ခြင်း ဒေါ်လေးက ပြုံးစိစိနှင့်လှမ်းမေးသည်။
" ဟုတ်.. ပြန်သွားပြီဒေါ်လေး "
" ကောင်လေးက ရည်ရည်မွန်မွန်လေးရယ် ဒေါ်လေးတော့ အဲ့ကောင်လေးကို သိပ်သဘောကျတာပဲ "
" ဟင်.. မဟုတ်မှလွဲရော.. ဒေါ်လေး စီနီယာ
ထယ်ယောင်းကို ကြွေသွားတာလား "သူရွှတ်နောက်နောက်နှင့်စ တော့ ဒေါ်လေးက သူ့လက်မောင်းကို လှမ်းရိုက်သည်။
" အို.. ပေါက်ပေါက်ရှာရှာ ဒီကလေးကတော့ ..ဒေါ်လေးအရွယ်နဲ့ ဖြစ်စရာလားလို့ .. ဒေါ်လေးက သဘောပြောပြတာ "
" အာ့ အင်း .. ရေ..ရေ "
ကုတင်ထက်က လှုပ်ရှားမှုနှင့် အသံသဲ့သဲ့ကြောင့် ဒေါ်လေးနှင့် သူ၏ စကားဝိုင်း ပျက်သွားရသည်။
"ဟယ်.. မမသတိရလာပြီ ..သားရေ သားမေမေသတိရလာပြီ "
" မေမေ ..မေမေ သက်သာရဲ့လား "
အမေ့လက်လေးအသာ ဆုပ်ကိုင်ပြီး သူမေးတော့
မပီမသ တီးတိုးသံလေးထွက်လာ၏။" ရေ ဆာ တယ်~ "
ချက်ချင်းပင် ခုံပေါ်က ရေဘူးကို အလျင်ဆွဲယူလို့ ရေခွက်ထဲထည့်ရင်း အမေ့ခေါင်းလေးကို အသာမကာ ရေသောက်စေလိုက်သည်။
" သား ဆရာဝန် မြန်မြန်သွားခေါ် "
" ဟုတ် "
အခန်းထဲက သူချက်ချင်းပြေးထွက်လာလိုက်သည် ။ ကံကောင်းသည်က သူသိပ်မပြေးလိုက်ရှာ စင်္ကြန်လမ်းတွင် တာဝန်ကျဆရာဝန်ကို တန်းတွေ့သည်မို့ ခေါ်လာလိုက်သည်။
" လူနာက အခြေအနေတော့ ကောင်းပါတယ် နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်လဲ ပုံမှန်ပဲ ၊ ဒါပေမယ့် အစောပိုင်းတွေကတည်းက ကျွန်တော်ပြောခဲ့သလို လမ်းပြန်လျှောက်ဖို့တော့ အခက်တွေ့လိမ့်မယ် ၊ အောက်ပိုင်းသေသွားတဲ့ သဘောတော့ မဟုတ်ပေမယ့် အရိုးထိထားမို့ လမ်းလျှောက်ရအဆင်ပြေမှာမဟုတ်ဘူး ၊ သေသေချာချာလေး အနားယူပြီး ကျွန်တော်တို့ပြောတဲ့ လေ့ကျင့်ခန်းလေးတွေ လုပ်မယ်ဆိုရင်တော့ တဖြေးဖြေး လမ်းပြန်လျှောက်လာနိုင်ပါလိမ့်မယ် "