ဂေဟာမှ မပြန်ခင် တစ်ရက် ။
ဓာတ်ပုံရိုက်ဝါသနာပါသည့် ထယ်ယောင်းက နယ်ခံဖြစ်သည့် ဟိုဆော့ကိုခေါ်ပြီး ဂေဟာတစ်ဝိုက်က ပန်းခင်းကိုလိုက်ပြဖို့ခေါ်သည်။ ကျန်လူများကတော့ ဂေဟာက ကလေးအချို့နှင့် ဆော့ကျန်ရစ်သည် ။ နက်ဖြန်ခါဆို ပြန်ရတော့မည်မို့ အမှတ်တရကောင်းကောင်းလေးအချို့ကို သူမှတ်တမ်းတင်ချင်သည် ။ ထို့ကြောင့် ဂေဟာမှာ ဓာတ်ပုံရိုက်ပြီးသည်နှင့် အလာတုန်းကတွေ့ခဲ့သည့် ပန်းခင်းကိုပါ မှတ်တမ်းတင်ရန် လာခဲ့ခြင်းဖြစ်၏။
" ဟိုဆော့ Hyung ဒီပန်းခင်းက ဘယ်သူပိုင်တာလဲ။"
ပန်းခင်းအား ရှုထောင့်အမျိုးမျိုးက ပြောင်းရိုက်ရင်း ထယ်ယောင်းမေးကြည့်မိသည် ။
" ဦးငယ် ပိုင်တာ ။ "
" ဦးငယ် ဆိုတာက .."
" Hyungရဲ့ ဦးလေးငယ် ၊ အသက်ရှင်တုန်းက သူပဲ ဒီပန်းခင်းကို စီမံပြီးပျိုးခဲ့တာ ။ ဦးငယ်က ပန်းတွေကို သိပ်သဘောကျတာ ။ ခုတော့ သူမရှိတော့ Hyungပဲ လက်လွှဲယူထားတယ် ။ "
လေတိုက်လို့ ရှုပ်ပွသွားသည့် ဆံပင်တွေကိုလှန်တင်ရင်း Hyungကပြောပြရှာသည် ။ လှစ်ကနဲ တွေ့လိုက်သည့် ဝေ့ဝဲနေသည့် မျက်ရည်စများအရ Hyungက သူ့ဦးငယ်ဆိုသူကို အတော် သံယောဇဥ်တွယ်ခဲ့ပုံပင် ။
" ရိုက်ပြီးရင် ပြန်ရအောင် အရမ်းကြာရင် ကျန်တဲ့သူတွေ မျှော်နေမယ် ။ "
" ဟုတ် Hyung "
ချလပ်!
ပန်းခင်းထက် ဝဲပျံနေသည့်ပုစဥ်းအုပ်လေးကို တစ်ချက်လှမ်းရိုက်ပြီး ဟိုဆော့ Hyungနောက် ပြန်လိုက်ခဲ့သည်။ ပန်းခင်းထဲလမ်းလျှောက်ရင်း လက်ဖမိုးနှင့် ဖြတ်ထိ ထိသွားသည့် ပန်းဝါလေးတွေကြည့်ရင်း တစ်ယောက်သောသူကို ထယ်ယောင်း သတိရသွားသည် ။
" Hyung ! ဒီပန်းလေးတွေ နည်းနည်းလောက် ခူးလို့ရမလား ။ "
" ဘာလဲ ဂျီမင်းကို ပေးချင်လို့လား ။ "
" ဟုတ် "
ရှက်စနိုးလေးနှင့် ဂုတ်ပိုးပွတ်ပြီးဖြေသည့် ထယ်ယောင်းကိုကြည့်ရင်း ဟိုဆော့ပြုံးမိသွားသည် ။
