Part 22

1.1K 70 0
                                    

Zoe
အပိုင်း (၂၂)
#ဇိုစပိုက်ကာ

“ကျစ် ခုမှ တွေ့တယ်....”
ဖုန်းတစ်လုံးနဲ့ တစ်ယောက်တည်း အလုပ်ရှုပ်ပြီး နောက်ဆုံးမှာ ပူး တက်နေသည့် ဆေးရုံ လိပ်စာ ရလိုက်သည်..။
သူ ဘယ်ဆေးရုံမှာ လည်း သိနေတာပဲ ..
ဇို အဆောင်ရှေ့မှာ ရပ်ထားတဲ့ သုံးဆယ်တန် Nissan ကားလေးကို အကြည့်ရောက်သွားတော့ ချိတ် က ကားသော့ ကို ဖြုတ်ယူပြီး ရှပ်လက်ရှည် ၀တ်ခါ ထွက်လာခဲ့လိုက်သည်..။
“ညီမ... လူနာ တွေ့ချင်လို့ပါ..”
“ဘယ်သူလည်း.”
“ပူး...”
“အော်..မင်းသား ဘမ်ဘီနိုလား..မရဘူးရှင့် သီးသန့်ငှား..”
ကောင်တာ က မိန်းကလေးက ငြင်းပေမယ့် ဘေးက တစ်ယောက် က လက်တို့ခါ..
“ဟဲ့..အဲဒါ သူ့ မိန်းမလေ..”
“သြော်..ဆောဒီးနော် အစ်မ ၃ လွှာရဲ့ ဘယ်ဘက်ခြမ်း..A-3မှာပါ..”
“သင့်ခ်ယူ..”
ဇို လှေကားတက်နေချိန်မှာ အသည်းတွေက အေးလာသလိုလို...
ပူးရဲ့ အဆိုးဆုံး အခြေအနေ ကို မြင်ယောင်ကြည့်မိပေမယ့် စိတ်ထဲက မောရသည်..။
အခန်းတွေရှေ့မှာ ဖြတ်လျှောက်လာစဉ် ဇို့ရဲ့ ရှုးဖိနပ်က ထွက်တဲ့ အသံတောင်ကျယ်လောင်နေသလိုလို ရှိနေသည်..။
“ဒေါက်...ဒေါက်..”
တုန့်ပြန်သံ မလာတဲ့ အခန်းထဲကို တံခါးဖွင့် ၀င်လိုက်ဖို့ မဝံ့မရဲ ဖြစ်ရပြန်သည်..။
စိတ်ကို တင်းရင်း တံခါးကို နည်းနည်းတွန်းကြည့်တော့ ဟသွားပြီး ကုတင်ပေါ်မှာ တံခါးကို ကျောပေးအိပ်နေတဲ့ သူ ကို တွေ့လိုက်ရသည်..။
လူနာ ၀တ်စုံ အပြာဖျော့ဖျော့ က ဖုံးလွမ်းထားတဲ့ စောင်အောက်မှာ တစ်စွန်းတစ ထွက်နေသည်..။
လက်ဆစ်တွေမှာ ပလပ်စတာတွေနဲ့ အတူ ဆေးသွင်းထားသည့် အပ်တစ်ချောင်း..။
ဆို့နစ် တင်းကြပ် လာတဲ့ ရင်ဘတ်ကို လျော့ကျသွားအောင် သက်ပြင်းတစ်ချက် ချလိုက်ချိန် သူ လှည့်ကြည့်သည်...။
“ဇို..”
“ဟင်..နိုးသွားတာလား..”
ခေါင်းအုံး နှစ်ဆင့် ပေါ်မှ သူ့ခေါင်းကို ဖြေးညှင်းစွာ ခါယမ်းပြသည်..။
“ထိုင်လေ..ဇို...’
လူနာ ရဲ့ ဖိတ်ခေါ်မှုကြောင့်ဇို ကုတင်ဘေးက စတီးခုံလေးမှာ ကပ်ထိုင်လိုက်သည်..။
“သက်သာရဲ့လား..” ဇို့ရဲ့ ကရုဏာ မျက်၀န်းနဲ့ အမေး တစ်ခုကို သူက ခေါင်းယမ်းရင်း..
“ပူး တော်တော် ဆိုးသွားတယ်နော်...မာမီလည်း သွေးပေါင်တက်ပြီး အိပ်ယာထဲ လဲ နေပြီ...အလုပ်တွေလည်း အများကြီးရပ်လိုက်ရတယ်..တကယ်တော့ဘ၀ပါ ပျက်သွားတာ..ဇို ရဲ့..”
“နေကောင်းတဲ့ အခါ အားလုံး အဆင်ပြေသွားပါလိမ့်မယ်..”
“အင်း..အဲလိုပဲ မျှော်လင့်ရတာပေါ့..”
သူ့ မျက်နှာမှာ ဒဏ်ရာ တွေ နဲ့ အတူ အညိုမဲ တွေဖြစ်နေတာ တွေ့တော့ စိတ်မကောင်းဖြစ်လာလို့  ဇို ကျောခိုင်း ရင်း ဖန်ချိုင့်ထဲ ရေဖြည့်ပေးလိုက်သည်.။
“ဇို..”
“ဟင်..”
“ပူးလေ..အရင်က ကိုယ့်ဘ၀ကို ကိုယ် အရမ်းကြိုက်တယ်..အခုတော့ Mr.Ames ကို အားကျတယ်..”
“နိုင်ငံကျော် မင်းသားပါဟ..”
ဇို့ ရဲ့ ရွှတ်နောက်နောက် တုန့်ပြန်မှုကြောင့် ခြောက်သွေ့နေတဲ့ ပူး နှုတ်ခမ်းက ပြုံးယောင်သမ်းသွားသည်..။
“ဇို သူ့ကို ချစ်တယ်မလား...”
“အင်း..”
“အဲဒါကြောင့် ဒေါသထွက်တာ...သူ အရမ်း တည်ငြိမ်တယ်..ဇို..ပူး ထိုးလိုက်တာတောင် မတုန့်ပြန်ဘူး..ကော်ဖီခွက် ကို လွင့်ပစ်တာကိုလည်း ကောက်ပြီး အမှိုက်ခြင်းထဲ ထည့်လိုက်သေးတယ်....ဟား..ဟား..အဲလို မခန့်လေးစားလုပ်လို့ကို ဒေါသပိုထွက်ရတာ..ယောင်္ကျားချင်း သူ တစ်ချက် ကိုယ် တစ်ချက်ပေါ့..အခုတော့ သူက အနိုင်ရသူလို ငြိမ်ခံနေတာ..ဒေါသပိုထွက်ရတယ်..”
“နင်တို့ ရန်ဖြစ်ကြလို့ အခုလို ဖြစ်တာလား..”ဇို စိုးရိမ် တကြီး မေးလိုက်တော့ ပူးက ရယ်ရင်း..
“မဟုတ်ပါဘူး..ပူး သူ့ကို ထိုးတာ သူက ပြန်မလုပ်တော့ ကို  ရစ်ချက်က ဆွဲခေါ်သွားတာ လှေကားမှာ လူတစ်ယောက်နဲ့ တိုက်မိပြီး ဒေါသပေါက်ကွဲသွားတာ အခုဘဝရောက်သွားကောလေ...ဟား..ဟား..”
“ဘာလည်း ဇို့ လူက ငိုတိုင်လို့ ရန်လာတွေ့တာလား..”
“မဟုတ်ပါဘူး..နင်ဆေးရုံရောက်နေတာပဲ ပြောတာ...”
“ဒါဆို အရင် တစ်ခေါက်က ကားနဲ့ တိုက်တာကော သိလား..”
“ဟင်...”ဇို အံသြလွန်းလို့ မျက်လုံးပြူးကြောင်နေမိသည်..။
“ဟိုတယ်ရှေ့မှာ သူ့ကားတွေ့လိ်ု့ ပစ်တိုက်ခဲ့လိုက်တာ..”
“ဟာ...”
ဇို မယုံနိုင်ခြင်းနဲ့ အတူ ချွေးစေးတွေတောင် ထွက်လာသည်..။
သူ တစ်ခုခု ဖြစ်သွားရင်....
.ဘာဖြစ်လို့ မပြောခဲ့တာလည်း...ဒီ အချိန်တွေ အတွင်း ပူး သူ့ကို တောက်လျှောက်ပြသာနာ ရှာနေတာကို ဘာလို့ မပြောပြခဲ့တာလည်း..
“ဇို..”
“အင်း..”
“ဇို့ ကို ပူး လုပ်ခဲ့တာတွေကော အမ့်ကို စော်ကားခဲ့တာတွေကော ခွင့်လွှတ်ပေးပါလား...”
ဇို ဆူပြောချင်ပေမဲ့ သူက လူမမာ မို့ မပြောတော့ပဲ
“ရမလား..ကန်တော့ပွဲနဲ့ လာတောင်းပန်...”
“.ဟား..ဟား..အိုကေ...ဆေးရုံဆင်းရင် လာခဲ့မယ်....သူ ဇို့ ကို တော်တော် မက်တဲ့ပုံပဲ..”
“ချစ်တက်တာ....”
ဒီလိုသာ ပြသာနာ အမြဲ ဖြစ်နေရင် ဆိုတဲ့ စိုးရိမ်စိတ်ကြောင့် ဇို ရေနစ်သူတစ်ယောက်လို မွန်းကြပ်မှုကို ခံစားနေရသည်..သက်ပြင်းတစ်ခု တီးတိုးချလိုက်ပြီး....
“ပူး...”
“ပြောပါ...”
ဇိုဆီက စကားသံကို အမိန့်တစ်ခုလို နာခံလိုက်မဲ့ အရိပ်အယောင်တွေ ရှိနေပေမဲ့ ဇို အကြည့်လွဲခါ..
“ငါ့ အခုလာတာ နင် နဲ့ ကို ရန်ဖြစ်တယ် ထင်လို့..နင် နဲ့ ငါ မပတ်သက်ပေမဲ့ မိတ်ဆွေ အဖြစ်တော့ ဆက်ရှိစေချင်တယ်...”
“ဇို့ ကို မျှော်လင့်ခွင့် မရှိတော့တာလား..”
“အင်း...”
ပူးရဲ့ သက်ပြင်းချ သံနဲ့ အတူ အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားရသည်..။
“...........”
“မသိဘူး..ဇို့ ကို ဒေါသထွက်နေတယ်..”
“သုသု နဲ့ နေတုန်းကလည်း ဇို့ကို ဒေါသထွက်တယ်..သုသု နဲ့ ဒီလို နီးစပ်အောင် ဇို က တမင်ရှောင်ပေးနေတာကို ခံပြင်းခဲ့တာ..ဇို့ အလုပ် ကနေ အိမ်လာတော့လည်း ရင်တွေ  ပူလောင်ပြီး ဒေါသ ထွက်ရတယ်..အခုလည်း..ဒေါသထွက်ရတယ်..”
ဇို သက်ပြင်းတစ်ခုကို တရား၀င်ချရင်း ပူး မျက်၀န်းတွေကိုသာငေးကြည့်နေမိသည်..။
“အခု ..ဇို့ ကို လက်လွှတ်ရတော့မှာ သေချာသွားလို့..ဒေါသထွက်တာ...”
ရီဝေ၀ သူ့ အကြည့်တွေကို ငေးစိုက်ကြည့်ရင်း ဇို့ ရင်ထဲမှာ ဘာမှ မခံစားရတာ..အချစ်လက်ကျန် မရှိတော့လို့ပေါ့...။
“အင်း..”
ဇို့ရဲ့ ထောက်ခံလိုက်မှုကို သူက သက်ပြင်းသဲ့သဲ့ချရင်း လက်ခံလိုက်သည်..။
“ဇို အခုလို လာတယ် ဆိုကတည်းက  ..ဇို စိတ်တွေ ပြတ်သားသွားပြီဆိုတာသိနေပါတယ်.....ဘာလို့လည်းဆိုတော့ ဇို က ဟန်မဆောင် တက်ဘူးလေ....ဇို့ ရင်ထဲမှာ ပူးရှိနေချိန်တုန်းကတော့ မျက်နှာချင်း မဆိုင်ရဲဘူးမလား..ဘာပဲဖြစ်ဖြစ်..မိတ်ဆွေတစ်ယောက်လို လူမမာမေး လာခဲ့တာပဲ ကျေးဇူးတင်ပါတယ်..နေကောင်းတဲ့ အခါ mr.ames ကို လာတောင်းပန်ပါမယ်..”
“ဇို့ ဘ၀မှာ ကြမ်းတမ်းတဲ့ အချိန်တွေဖြစ်စေခဲ့တဲ့ ပူးကို ခွင့်လွှတ်ပါ...”
မျက်ရည် ရစ်ဝဲပြီး အတည် အတံ့ပြောနေတော့ ဇို နာကျင်ခံစားရတာတွေ ပြုပြင်ပြောင်းလဲ လို့ မရတဲ့ အတိတ်ဖြစ်ခဲ့ပြီပဲ..။
အခုလောလောဆယ် လူတစ်ယောက် စိတ်ချမ်းသာဖို့ အရေး ဇို ခေါင်းညိတ်လိုက်ရသည်...။
အကြောင်းအရာတွေကို ရှေ့ဆက် မပြောစေချင်လို့ ဇို အန်တီ ကို တွေးမိပြီး...
“နေကောင်းအောင် နေပါ ပူး..အန်တီ က နင့် ကို အသက်နော်...သိတယ်မလား..”
“ဟုတ်တယ်..အဲဒါကြောင့် ဒီအလုပ်ကိစ္စတွေပြီးရင် မာမီ ဖြစ်စေချင်တဲ့ အတိုင်း သြဇီ ကို သွားဖို့ ဆုံးဖြတ်လိုက်ပြီ..”
အဝေးဆုံးကို ထွက်သွားမယ့် လူတစ်ယောက်လို ပြောနေတော့ ..
“ချက်ချင်း ကြီးပါလား...”
“မာမီ က တိုက်တွန်းနေတာ ကြာပါပြီ..ပူးက ဇို့ကြောင့်ကပ်နေတာ.အခုတော့ ဇို့ အတွက် ပိုခက်ခဲ အောင်လုပ်မိသွားတယ်.မီဒီယာတွေကို လက်ထပ်ထားတာ ချပြလိုက်မိတာ မဟာအမှားတစ်ခုပဲ.”
နောင်တတရားနဲ့ အတူ မျက်ရည် လဲ့နေတဲ့ မျက်၀န်းတစ်စုံကြောင့် ဇို ပြုံးရင်း
“အဟွင်း ...ကိုယ်ပိုင်ခဲ့ဖူးတဲ့ ကစားစရာလေး သူများလက်ထဲရောက်ရင်တောင်  ပြန်လုချင်တဲ့ စိတ်ကလေးတွေ ရှိသေးတာပဲကွာ...ကိုယ့်ကိုယ်ကို အပြစ်တွေတင်မနေပါနဲ့...”
“အတ္တ လို့ လွယ်လွယ်ပြောပါမယ်...ဒါပေမဲ့ အချစ်တစ်ချို့ ပါ၀င်နေသေးတယ်..”
သူ့စကားတွေကို အလေးအနက်မတွေးချင်လို့...
“ဟား..ဟား...ပူးရယ်..နင် ဆေးရုံမှာ နားနေတုန်း ကဗျာရေးစားပါလားကွာ..”
“အင်း အဲ့ အကြံ မဆိုးဘူးနော်..”
ပူးက မျက်နှာမှာ အပြုံးဝေရင်း ခေါင်းညိတ်ပြပြီး နာရီကို မော့ကြည့်ခါ...
“ဇို ပြန်တော့မလား ၁၀နာရီ ထိုးတော့မယ်...ကိုရစ်ချက် ကို လိုက်ပို့ခိုင်းမယ်..”
“မလုပ်ပါနဲ့ ဇို့ မှာ ကားပါတယ်..”
“သြော်..”
ပူးရဲ့ သြော် ကို မကြိုက်လို့ ဇို ကားသော့ ကို လှုပ်ရမ်းပြရင်း..
“ဒါ ငါ့ပိုက်ဆံ နဲ့ ငါ ၀ယ်ထားတဲ့ သိန်း သုံးဆယ်တန်ကား..”
“ဟား..ဟား...ဟုတ်ပါတယ်..ဘယ်သူက ဘာပြောမိလို့လည်း..ကြွားလိုက်တာ မြင်မကောင်းဘူး..”
“မသိဘူးလေ..သူများဆီက ချူစားနေတယ် ထင်မှာ စိုးလို့..”
“မထင်ပါဘူး ဗျာ ဇို့ စိတ်ကို သိပါတယ်..အဲ သူခိုးရွှေရ တပြပြ ဖြစ်နေသလားတော့..”
ရှင်းပြမိခါမှ သူခိုး လုံးလုံးဖြစ်ရတော့ သည်..။
“ဟာ...ပူး...နင်နော်...နေမကောင်းလို့ သလား...”
“သိတယ် နေကောင်းရင် လက်ပါမှာ မလား..”
“ဟုတ်တယ်...”
“ဟား..ဟား...ဇို့ရဲ့ သုံးဆယ်တန်ကားတော့ အခိုးခံရပြီလား မသိပါဘူး..”
“ပေါက်ကရမပြောနဲ့...သွားမယ်....နေကောင်းအောင်နေနော်..အန်တီ့ ရဲ့ အားတွေနဲ့ အားလုံးကို ကျော်ဖြတ်နိုင်အောင်ကြိုးစားပါ..”
“ဟုတ်ကဲ့ ကျေးဇူးပါဗျာ...”
ကုတင်ပေါ်မှာ ထိုင်ရင်း လက်ပြနေတဲ့ ပူးကို ပြုံးပြီး လက်ပြန်ပြရင်း အခန်းတံခါးစေ့ခဲ့လိုက်သည်..။
အိမ်ပြန်လမ်းမှာ စိတ်တွေက ကို့ဆီကိုသာ ရောက်နေပြန်ပါပြီ.....။
ကားမောင်းနေရင်း လက်တစ်ဖက်က နံပါတ် ၁ ဖုန်း ကွန်တက် ကိုဖိ လိုက်သည်..။
“တီ...တီ....တီ....”
“ဇို...ဇိုလား..”တစ်ဖက်က ထိတ်ထိတ် ပျာပျာ အမေးကြောင့် ဇို မျက်ခုံးတွန့်သွားရသည်..။
“ဒီဖုန်းခေါ်တော့ ဘယ်သူ ဖြစ်ရအုံးမလည်း..”
“ဇို ...ခုချိန် စာစစ်နေတာ မအားဘူးမလား..”
“အခုပဲ ပူးဆီက ပြန်လာတာ...ရှင် လိမ်ထားတာတွေ အကုန်သိခဲ့ပြိ..” ဇို ခပ်မာမာ ဖြစ်အောင် တမင်ပြောပစ်လိုက်သည်..။
“ဟင်...”
“ကား နဲ့ တိုက်ခံရတာ အထိုးခံရတာ ဘယ်လိုနေလည်း..ကောင်းလား..”
“ဟာ..အဲဒါ....”
“အဲဒါ ဇို့ ကို ချစ်တဲ့ အတွက် ခံစားရတာလေ..ချစ်ချင်သေးလား..”
“အင်း..”
“ဘာလို့ မပြောခဲ့တာလည်း..ကို..”
“ဇို့ ကို အရမ်းချစ်လို့ပေါ့ကွာ...”
“ဘာမှ မဆိုင်ဘူး..”
“သိချင်ရင် ကိုယ့်ကို အပိုင်သိမ်းလိုက်လေ...ကို့ အချစ်တွေကို နားလည် လာလိမ့်မယ်..”
“ဒါပဲ...တော်ပြီ...ဖုန်းချလိုက်တော့မယ်...စိတ်မဆိုးတော့ဘူးဆိုတာ ပြောတာ..”
“ဟာ..တကယ်...ချစ်လိုက်တာကွာ...”သူ့ အသံ ကြည်ကြည်သာသာလေးကို ပြန်ကြားရတော့မှ ဇို့ မျက်နှာမှာ အပြုံးပြန်ရောက်လာရသည်..။
.
“အစ်မ ဇို ရေ..ဖုန်း...”
အွန်လိုင်းအတွက် သီးသန့်ထားတဲ့ ဖုန်းက ၀င်လာတာမို့ ဇို ယူကိုင်လိုက်သည်..။
“ဟလို...”
“သမီးလား..မာမီ ပါ..”
ဇို မျက်ခုံးတွန့်ရင်း မာမီ ဆိုတော့ နီးစပ်ရာ သိတဲ့ သူတွေကို လိုက်တွေးနေမိသည်..။
“ပူးရဲ့ မာမီ ပါ..”
“သြေ်..ဟုတ်ကဲ့ ပြောပါ အန်တီ...”
“သမီး..အိမ်ကို ခဏလာပါအုံးလား...စကားလည်း ပြောချင်လို့ မတွေ့တာလည်း ကြာပြီလေ..”
ဇို အလုပ်အကြောင်းပြပြီး ငြင်းဖို့ တွေးမိပေမယ့် အခုလို အခက်အခဲကြုံ နေချိန်မှာ ကျောမခိုင်းသင့်ပါဘူး လို့ တွေးရင်းလက်ခံလိုက်ရသည်..။
“အောင်ကျော်ဦးရေ..အစ်မ အပြင်သွားလို့ ရမလား..”
“ဟုတ်ကဲ့..”
မဟုတ်ကဲ့ ဆိုတာလည်း တစ်ခါမှ မရှိသလို လုပ်လိုက်ရင် လည်း တစ်လွဲချည်းသာ...။
ဇို ကားသော့ ယူရင်း စိတ်မချပေမယ့် ထွက်လာခဲ့လိုက်ရတာ စိတ်ထဲမှာတော့ တစ်ထင့်ထင့်...။
“ဇို သမီး လာတယ်နော်..မာမီက မလာဘူးထင်နေတာ..”
“ဟုတ်ကဲ့ ပူး ဘာဖြစ်လို့လည်း အန်တီ...”
“ဘာမှမဖြစ်ပါဘူး..ထိုင် သမီး..”
ဇို့ လက်ကို တွဲ ပြီး ဆိုဖာ မှာ ထိုင်ခိုင်းတော့ ၀င်ထိုင်လိုက်ချိန် အရင်က အချိန်တွေ ကို သတိရမိသည်..။
“သမီး အလုပ်အဆင်ပြေရဲ့လား..ဘယ်သူနဲ့နေလည်း..နေရတာကော အဆင်ပြေရဲ့လား.”
“ဟုတ်ကဲ့..သူငယ်ချင်းတစ်ယောက်နဲ့ အခန်းငှားနေပါတယ်..”
“အင်း..တစ်ယောက်တည်းနေရတာ ဘယ်လွယ်မလည်း..လက်ထပ်ပြီး ကွာရှင်းတဲ့သတင်းတွေကြောင့် သမီးလည်း စိတ်ညစ်နေရမှာပါပဲ..”
“လူတွေ ရဲ့ အပြောကို အလေးမထားတော့ မထိခိုက်ပါဘူး..အန်တီ..”
“သမီး လည်း ပူး သတင်းတွေ ကြားမိမှာပေါ့..”
“ဟုတ်ကဲ့ စိတ်မကောင်းပါဘူး...”
“သား က သမီး ကို သိပ်ချစ်တာပါ..”
မထင်ထားတဲ့ စကားတစ်ခွန်းကြောင့် ဇို အံသြမှင်သက်သွားမိသည်..။
“သမီး မှာ ချစ်ရသူ ရှိနေပြီလား..”
ချစ်ရသူ ဆိုတဲ့ စကားလုံးကြောင့် ဇို့ ကိုယ်လေး မသိမသာ မတ်သွားရသည်..။
“မာမီ ကို အမေ တစ်ယောက်လို သဘောထားပြီး ပြောပါလားကွယ်..”
အန်တီရဲ့ စိတ်အားငယ်နေတဲ့ မျက်၀န်းကြောင့် ဇို လည်း စိတ်မကောင်းဖြစ်ရသည်..။
သူ့ကို ကိုယ့် အမေ တစ်ယောက်လို ခင်တွယ်ခဲ့ရသည်ပဲလေ...။
“ဟုတ်ကဲ့..”ဇို မဝံ့မရဲ ခေါင်းညိတ်၀န်ခံမှု ကို ဖြည်းဖြည်းချင်း ခေါင်းညိတ်ခါ..
“အေးပေါ့...မာမီ အပြစ်မတင်ပါဘူး...”
သက်ပြင်းချသံ တစ်ချို့ နဲ့ အတူ အိမ်ထဲမှာ တိတ်ဆိတ် သွားရသည်..။
မိနစိပိုင်း ကြာတော့မှ..
“လောက သဘာဝပေါ့ကွယ် တစ်ခုလပ်ဆိုတဲ့ အားနည်းချက်ကို ကိုင်ပြီး သမီး အနိုင်ကျင့် ခံရမှာ စိုးလို့ပါ...”
ဇို စဉ်းစားလေ တွေဝေလေ ဖြစ်ရသည့် အကြောင်းအရာ တစ်ခု ကို ထပ်ချပြလာတော့ ဇို့ စိတ်ထဲ မှာ ကို့ရဲ့ အပြုံး တစ်ခုပေါ်လာသည်..။
ဒီ အပြုံးတွေက ကြာရှည်စွာရှိနေပါ့မလား ကိုရယ်...။
“မာမီ ကတော့ သားစိတ်ကို သိနေလို့ သမီး နဲ့ ပြန်ပေါင်းစေချင်တယ်...သုသု နဲ့ နီးစပ်အောင်လုပ်ခဲ့တာလည်း မာမီကိုယ်တိုင်ပါပဲ..မြေးတစ်ယောက် လိုချင်လို့  စီစဉ်ခဲ့တာ..ပူးက မာမီကြောင့် သုသု ကို လက်ခံခဲ့တာပါ သမီးရယ်..မာမီတို့ကို ခွင့်လွှတ်ပါ...”
“ဟင်...”
အခုမှ ဒါတွေ၀န်ခံပြတော့ကော ဘာတွေ ပြောင်းလဲ ပစ်နိုင်မှာလည်း..။
“တကယ်တော့ သမီးဆေးစစ်တဲ့ ရလဒ်ကို မာမီ့ကို ပြောပါတယ်...သမီးက  သားအိမ်ချို့ယွင်းနေလို့ ကလေးမမွေးနိုင်ဘူးတဲ့..အဲနေ့ကသားလည်း ပါနေလို့ ဒေါက်တာ က လျော့ပြောလိုက်တာပါ..မာမီ သမီးကို ချစ်ပေမဲ့ မြေးလေးတစ်ယောက်လည်း လိုချင်ခဲ့တယ်..”
သိပြီးသား အားနည်းချက်တစ်ခု ကို ထပ်ကြားလာရတော့ ဇို့ နားထဲ တခြား အကြောင်းအရာတွေထက် ထို အကြောင်းအရာကသာပူလောင်နေသည်..။
“စိတ်မကောင်း မဖြစ်ပါနဲ့ သမီးရယ်...”
“ဇို သိပြီးသားပါ....”
“ဟင်...ဟုတ်လား..သားလည်း  ဒါကိုသိပြီး လက်ခံတယ်.. သမီးကို လူသိရှင်ကြား ပြန်လက်ထပ်ချင်တယ်တဲ့....”
“လက်ထပ်မယ်..”ဇို နားမလည်နိုင်လွန်းလို ပြန်မေးလိုက်ရသည်..။
“ဟုတ်တယ်သမီး..မာမီက အမေ တစ်ယောက်အနေနဲ့ အကြံပေး တာပါ ဒီလင် နဲ့ ဒီမယားပဲ သင့်တော်တယ်..ပတ်၀န်းကျင် အမြင်လည်း တင့်တယ် သမီး က နောက် အိမ်ထောင်ပြုမယ် ဆိုရင်တောင် အိမ်ထောင်မှု သားမွေး အလုပ် ကို မလုပ်နိုင်တာ သိရင် ဘယ်လိုတွေ တုန့်ပြန်လာမလည်း....ပြီးတော့ သမီးက တစ်ခုလပ် ဆိုပြီး တစ်သက်လုံး နှိမ်သွားလိမ့်မယ်..ယောင်္ကျားတွေက ကိုယ်တိုင် သာ လုပ်ချင်ရာ လုပ်တာ..သူတို့ ကိုယ်တိုင် ကတော့ အပျိုစင်မှ ပိုင်ဆိုင်ချင်တယ် တန်ဖိုးထားချင်ကြတယ်လေ...”
စကားစပ် အရှည်ကြီးကြောင့် မောသွားသလို ခဏနားလိုက်ပေမယ့် ဇို ရင်တွေတော့ အစိပ်စိပ် အမြွှာမြွှာ ကွဲကြေ ရပါသည်...။
“ပူး က လည်း သမီး ကို..”
“ဟာ..ဇို ရောက်နေတယ်..”
အိမ်ရှေ့ကနေ မထင်ထားပဲ ပူး ၀င်လာတော့ မာမီ က စကားရပ်လိုက်သလို ဇို လည်း မျက်နှာ အမူအယာ ပြင်လိုက်ရသည်..။
“ဟုတ်တယ်..လူမမာ လာမေးတာလေ...လူမမာ က လန်း လွန်းနေတယ်နော်..”
“ဟား..ဟား...မလန်းလို့ ရမလား နိုင်ငံကျော်မင်းသားကိုးဗျ...”
ပူး က သူ့ လက်ထဲက ပါလာတဲ့ အထုတ်တွေကို ဘေးခုံမှာ တင်ပြီး ဆိုဖာမှာ ၀င်ထိုင်သည်..။
“ဘာတွေ ၀ယ်လာတာလည်း သား..”
“မာမီ အတွက် ဆေး နဲ့ မုန့်တွေပါ..”
“သားလိမ္မာလေပဲ ကွ..”
ဇို့ ရဲ့ အပြောကြောင့် ပူးက တစ်ချက်ပြုံုးပြီး သူ့အမေကို ကြည့်ခါ..
“မာမီ ရေ..ပူး နဲ့ ဇို ကတော့ သူငယ်ချင်း လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ အဲဒါကြောင့် ချွေးမ အသစ်တစ်ယောက် အမြန်ရှာပေးနော်..ဇို ကျော်သွားမှာ လက်မခံနိုင်ဘူး..”
“ဟင်..”
အန်တီက အားနာတဲ့ အမူအယာနဲ့ မယုံနိုင်သလို ဇို့ ကို လှမ်း ကြည့်တော့ ဇို ခေါင်းညိတ် ၀န်ခံလိုက်ရသည်...။
“ဇို ပြန်အုံးမယ်...”
“ဟုတ်ပါပြီ..ကြွပါ..”
ပူးက ရွဲ့သလိုလို စောင်းချိတ်တော့ ဇို..ဟန်ဆောင်ပြုံးပြလိုက်ရသည်....။
“ဟေ့..သိန်း သုံးဆယ်တန် ကားစုတ်ကြီး နဲ့ လာတာလား..”
“ဟုတ်တယ်..”ပြောပြီးခါမှ ကားသော့ သတိရတော့ လှမ်းကြည့်လိုက်တာ ပူးလက်ထဲမှာ ကားသော့ က ဒန်းလွဲနေရသည်..။
လက်ထဲက သော့ကို လှမ်းလုလိုက်ပေမဲ့ ပူးက လျှင်မြန်စွာရှောင်လွဲလိုက်သည်..။
“ပေး..”
“ဟား..ဟား..”
ပူးရဲ့ စနောက်မှုကို သည်းမခံနိုင်တဲ့ အဆုံး အန်တီ့ကို အကူအညီတောင်းတဲ့ မျက်၀န်းနဲ့ လှမ်းကြည့်လိုက်တော့  ပြုံးရင်း.
“ပေးလိုက်ပါ..သား..ရယ်...ဇို အလုပ်တွေ ထားလာရတာ..”
“ဟုတ်လား..ဘာအလုပ်တွေလည်း...မင်းသား လို ရင် ငှားနော်...စျေးလျော့ယူမယ်..”
“နေပါ ကိုယ်တိုင်ပဲ ကြော်ငြာမယ်..”
“ဟား..ဟား..”
ဇို့ရဲ့ ရန်စောင်တဲ့ စကားကြောင့်  ပူး က အော်ရယ်နေတော့သည်..။
ဒီအိမ်က ပြန်ထွက်လာတိုင်း ရင်ဘတ်ထဲမှာ နာကျင်စရာတွေ ပိုတိုးလာရတာ  အမြဲလိုလိုပင်..။
.
“ထမင်းစားနေတာ မခေါ်ဘူးနော်..”
ဇို ထမင်းပန်းကန် ခုံပေါ်မှာချရင်းပြောလိုက်တော့ ခိုင်ခိုင်က မော့ပြီးနှုတ်ခမ်းမဲ့ခါ..
“နင် အလုပ်တွေ နဲ့ မအားဘူးမလား..”
“ဟုတ်တယ်...ဒါပေမဲ့ ငါ တိုင်ပင် စရာ ရှိလို့..”
ခိုင်ခိုင် က စားနေလက်စ ဇွန်းကို ပါးစပ်နားမှာတင် ရပ်ပစ်လိုက်ပြီး ဇို့ ကို  နှုတ်ခမ်းစူပြီး ကြည့်နေသည်..။
“စား..ပါ...ငါမပြောတော့ဘူး..မနက်ကျမှ အေးဆေး ပြောမယ်..”
ခိုင်ခိုင် က ထို စကားကြားမှ ထမင်းဆက်စားတော့ ဇို လည်း အစားကိုသာ အာရုံ စိုက်နေလိုက်သည်..။
“ပြောပါဟာ...ငါ က စတာပါ..”
“အမျိုးမျိုးပဲ အခု ငါ မပြောချင်တော့ဘူး..”
“ဟာ...”
ခိုင်ခိုင် က ဇို့ လက်ကို  လှမ်းကိုင်တော့ ဇို ပုတ်ထုတ် လိုက်ပေမဲ့ သေချာ ဆုပ်ကိုင်ခါ..
“ပြောပါဇို..”
ဇို အသက်တစ်ချက် ကို မသိမသာ ရှိုက်သွင်း လိုက်ရင်း အားယူလိုက်ရသည်..။
“ငါ နဲ့ ကို့ ကို နင် ဘယ်လို မြင်လည်း..”
“အမ်  နဲ့ နင် လား..”
“အင်း..”
“သမီးရည်းစားတွေလေ...”
ခိုင်ခိုင်ရဲ့ ရိုးရှင်းတဲ့ အဖြေကို ဇို ခေါင်းယမ်းရင်း အလိုမကျ ဖြစ်ရသည်..။
“ဘာလည်း နင်တို့ က လစ်ဗင်းတူဂဲလ်သား လား..”
“နင့်ကြီးတော်...”
“သိဘူးလေဟာ..”
“ငါပြောတာ က ငါ နဲ့ သူ လက်ထပ်ပြီး နှစ်တွေ ကြာလာရင် ဘာဖြစ်မလည်း..”
“ရန်တွေ ဖြစ်မှာပေါ့..”
ဇို ခေါင်းညိတ်ထောက်ခံလိုက်တော့ ခိုင်ခိုင် က နှုတ်ခမ်းမဲ့ ပြုံးရင်း
“နင် ဘာကို မေးချင်တာလည်း..”
“ငါ မသိဘူး ကို  က ငါ့ ကို  တစ်ခုလပ် ဆိုပြီး စိတ်များပြောင်းသွားမလား အဆင်မပြေဖြစ်ပြိး ကွဲကြ ကွာကြမလား..’
“ဘာဖြစ်လို့လည်း..”
“သူ က လက်ထပ်ဖို့ပဲ အမြဲပူဆာနေတာ..ငါတို့ တွဲတာ တစ်နှစ်တောင် မပြည့်သေးဘူးလေ...အခုလို မြန်မြန်လက်ထပ်လိုက်ရင် ငါ့ အားနည်းချက်ကြောင့် သူ ကွာပစ်လိုက်မှာ စိုးလို့..”
“အဲလိုတွေလည်း ရှိတာပဲ တစ်ချိ့ ကျတော့ လည်း သေတဲ့ အထိ မကွဲပဲ နေသွားကြတာ...ဒါကတော့ လက်ခံတဲ့သူ အပေါ်မူတည်တာပေါ့ အမ် က နင့်ကို တကယ် ချစ်ရင် သူ လက်ခံမှာပါ..ငါ သိရသလောက် နင် ပြောပြရဲ့ နဲ့ သူ ရှေ့ဆက်တိုး လာတာ  နင့် ဘ၀ ကို သူ လက်ခံလို့ပေါ့..”
“ငါ့မှာ နောက်ထပ် အားနည်းချက် တစ်ခု ရှိသေးတယ်..ခိုင်.”
“ဟင်..”
ခိုင်ခိုင် က စားလက်စ ဇွန်းကို အောက်ပြန်ချပြီး ဇို့ စကားကို အာရုံ စိုက်နားထောင်နေသည်..။
စကားတစ်ခွန်းထွက်ဖို့ ခက်လွန်းသည် ထင်ရလောက်အောင် ဇို့ နှုတ်တွေက လေးလံ ပြီး ခက်ခဲနေသည်..။
“ငါ က အမြုံမ..”
ဇို့ ရဲ့ အပြောရိုင်းရိုင်း ကြောင့် ခိုင်ခိုင် က စိတ်ပျက်သလို ကျစ်သပ်ရင်း..
“ဟာ..ဘယ်လို ပြောလိုက်တာလည်း ဇိုရယ်..”
“ငါ ကလေး မမွေးနိုင်ဘူး ခိုင်..လွန်ခဲ့တဲ့ တစ်နှစ်က အဖြေကို မယုံလို့ သားအိမ် သွားစစ်သေးတယ်..”
ဇို မျက်ရည်စို့တက်လာပြီး ငိုချင်စိတ်တွေ လျော့ပါးသွားအောင် အသက်ကို ပြင်းပြင်းရှိုက်ရှုခါ....
“တကယ် သေချာသွားပြီဟာ....”
“ဘယ်လို ဖြစ်တာလည်း ဟာ..ငါက နင် စနေတယ်ထင်တာ..”
ခိုင့် ရဲ့ စိတ်မကောင်းတဲ့ မျက်၀န်းတစ်စုံကို ရှောင်ဖယ်လှီလွဲရင်း...
“ငါ ပူး နဲ့ တုန်းက ကိုယ်၀န် ရှိခဲ့တယ်..ဖျက်ချဖို့ စိတ်ကူးခဲ့တယ်..လဲ့ရည်ပေးတဲ့ ဆေး ကိုသောက်ပြီး သူ့ဟာသူ ပျက်ကျတယ်ထင်ခဲ့တာ...တကယ်က လဲ့ရည်ပေးတာ အားဆေးတဲ့.ငါ အိမ်ပြန်လာချိန် ကလေးတစ်ယောက် ကားတိုက်မှာ စိုးလို့ ကိုယ်၀န်ကို မေ့ပြီး ၀င်ဆွဲလိုက်တာ.. ဗိုက်နဲ့ ပြုတ်ကျပြီး ပျက်သွားတာ ငါ သတိမထားမိလိုက်ဘူး..”
“ပေါ့လိုက်တာ ဇိုရယ်..”
ခိုင်ခိုင် က ဇို့ လက်ကို ဖျစ်ညစ် ဆုပ်ကိုင်ရင်း မချိတင်ကဲ ပြောလာတော့ ဇို လည်း မျက်ရည်ဝဲမိသည်..။
“ခွဲစိတ်တာတို့ ဘာတို့ လုပ်ရင်ကော..”
“မရဘူး..iu လုပ်ပြီး သေချာ ဂရုစိုက်တောင် ငါ နဲ့ ကလေး တစ်ယောက်ယောက် ထိခိုက် မှာပဲ တဲ့..”
ဇို အကြည့်ကို ရွေ့ရင်း စိမ့်ကျလာတဲ့ မျက်ရည်ဥတွေ ကို လက်ညိုးနဲ့ တောက်ထုတ်ပစ်လိုက်သည်..။
“ကောင်းတာပေါ့ နင် ဆေးဖိုး မကုန်တော့ဘူးပေါ့ ဟား..ဟား..”
ခိုင်ခိုင် က အားပေးချင်လို့ စကားရှာပြောလိုက်မှန်းသိတော့ ဇို ရင်ထဲ စို့ရသည်..။
“ငါ က တစ်ယောက်တည်း နေလာတာပဲဟာ..ဘာမှ မလိုအပ်ဘူး..ဒါပေမဲ့ လူနှစ်ယောက် ပေါင်းစည်းလာရင် ဆန္ဒတွေက နှစ်ခု ဖြစ်လာပြီ..ငါက မလိုချင်တောင် သူက ကလေး ချစ်တက်တယ် မိသားစု ဘ၀ကို မက်မော တယ်..ငါ က တစ်ခုလပ် သူက လူပျို..တစ်ခုလပ်ကို ယူပြီးတာတောင် သူလိုချင်တဲ့ ဘ၀မျိုးမရနိုင်ရင် သူ ငါ့ ကို မချစ်သင့်ပါဘူဟာ..ပြီးတော့ ကလေးမမွေးနိုင်တာ သိပြီးမှ ကွာမယ်လို့ သူ က ဆုံးဖြတ်လာရင် ငါ တကယ် ရူးရလိမ့်မယ်..ခိုင်...တကယ်ရူး မှာ သလား...”
စို့နစ် အက်ကွဲ ခြောက်သွေ့တဲ့ အသံနဲ့ အတူ တိုးလျတဲ့ ရှိုက်သံ တစ်ခု ဖြစ်ပေါ်လာပြီး ဇို ထိန်းထားတဲ့ မျက်ရည်တွေ အတားအဆီး မဲ့ စွာ ကျလာသည်..။
ခိုင်ခိုင် စိတ်မကောင်းဖြစ်မှာစိုးလို့ တစ်ရှုး ယူပြီး မျက်ရည်တွေ ကို သုတ်ပစ်လိုက်သည်..။
“အမ်..နားလည်ပေးမှာပါ...သူ က နင့် ကို တကယ်ချစ်တာပါ..”
“မတူညီတဲ့ တုန့်ပြန်မှုတွေကို နင်မသိပါဘူး..ခိုင်ရယ်..ပူး လည်း ငါ့ကို ချစ်တယ် ထင်ခဲ့တာပဲ ဒီကိစ္စ တွေ ဖြစ်လာတော့ သူ က သူစိမ်းလို ဖြစ်သွားတယ်..အမ် လည်း..သိရင်..”
“တော်ပါတော့ ဟာ..မဖြစ်သေးတာ ကို ကြိုတွေးမနေပါနဲ့..နင် အရင် က မနက်ဖြန်အကြောင်းမတွေးတက်တဲ့ ဇို..အခုတော့..ဟွင်း..ဟွင်း..”
ခိုင်ခိုင် ပြောသလိုများဖြစ်နေပြီလား...အခုတော့ သူ့ အတွက်ကြိုတင်ပြီး စဉ်းစားပေးမိနေပြီ...။
ထမင်းစားပြီးကတတည်းက စိတ်တွေ ရှုပ်ထွေးနောက်ကျိစွာဖြင့် ထိုင်တွေးနေမိတာ တစ်ချိန်က လုံး၀ စိတ်မ၀င်စားခဲ့ဖူးသည့် အနာဂတ်များအကြောင်းသာ...။

ZoeWhere stories live. Discover now