Part 2

1.9K 82 0
                                    

Zoe
အပိုင်း (၂)
#ဇိုစပိုက်ကာ

“ဒါမျိုး လုပ်လို့ ရမလား..”
“တစ်ခုခုကြိုပြောရင် တစ်မျိုးပေါ့ “
“မင်း တာ၀န် ယူမှု တော်တော် မရှိတာပဲ..စာမေးပွဲ က မလိုတော့ဘူး...”
ဖုန်းပြောနေရင်း ဒေါသသံ တစ်ချို့ ကပ်ပါနေတာ သိလို့ ပူး ည ၀တ်စုံ ကို အမြန်လဲပြီး ခေါင်းဖြီးလိုက်သည်..။
“သား..နိုးပလား..”
“ဟုတ်ကဲ့ မာမီ...”
တံခါးဖွင့်ပြီး ထွက်လိုက်တာနဲ့ မာမီ က အံသြသလို ဖြစ်ပြီး မှ ပြုံးသွားသည်..။
“စောကြီး နိုးနေတာလား..အဆင်သင့် တောင် ဖြစ်နေပြီ...”
“ဟုတ်..”
ဒေါ်စိမ်းမြရည် သက်ပြင်းတစ်ချက်ထုတ်ရင်း..
“ဒီနေ့ ဆရာမ မလာနိုင်တော့ဘူးဆိုပြီး ဖုန်းဆက်တယ်..”
“ဟင်..လခ လည်း သုံးဆ ပိုပေးထားသားပဲဟာ..”
ပူး က နားမလည် သလို စဉ်းစဉ်းစားစား ပြောတော့  မာမီ က ပြုံးရင်း ပူး လက်ကို လှမ်းကိုင်သည်..။
“သား....ကိုကို လို မလုပ်ရဘူးနော်...”မာမီ က စိုးရီမ်တကြီး မျက်၀န်းမှာအရည်လဲ့လဲ့ ဖြင့် ပြောတော့ ပူး လျှင်မြန်စွာ ခေါင်းညိတ် ပေးလိုက်သည်..။
“မာမီကလေ..သားလေး..ကို ဆုံးရှုံးမခံနိုင်ဘူး..သား တိုးတက်နေတဲ့ ဘ၀ခရီးမှာ ဘာအနှောင့်အယှက် မှ မရှိစေချင်ဘူး..ဒါတွေက မာမီ အတ္တကြီးလို့ မဟုတ်ဘူး..သားကို ချူပ်ခြယ်နေတာလည်း..မဟုတ်ဘူး..ဆိုတာ သားသိတယ်မလား..ဟင်..”
“သိပါတယ်..မာမီ..ပူးသိပါတယ်...”
“အင်း..ဆရာမ မရှိပေမဲ့ မာမီ အမြန်ဆုံး ဂိုက် တစ်ယောက် ရှာထားလိုက်မယ်..သူတို့တော့ မာမီကို အတန်းအစား ခွဲခြားသူ မောက်မာ ရိုင်းစိုင်းပြီး မာန ကြီးသူလို့ မြင်ကြတယ်..တကယ်တော့ သားကို မာမီ ချစ်တာပါ..မိခင်တစ်ယောက်ရဲ့ မေတ္တာက တစ်ခါတစ်လေ တစ်ပါးသူ အမြင်မှာ ကျောက်ဆောင်တက်မာကျောပါလိမ့်မယ်..သား ခံစားမိတယ်ဆို မာမီ ကျေနပ်ပါတယ်..”
“ဟုတ်..”
“ကဲ...မနက်စောကြီး စိတ်ရှုပ်နေပလား..ဒီနေ့ အချိန်ပိုရတော့ မာမီတို့ ကန်ဘက်သွားကြရအောင်..”
ပူး ပခုံးကို ဖက်ပြီး ခေါ်တဲ့ မာမီနောက်ကို အလိုက်သင့် လိုက်လာခဲ့လိုက်သည်..။
မာမီ စိုးရိမ် သလို ဘယ်တော့မှ မဖြစ်စေရပါဘူး..မာမီ...။
မာမီ နဲ့ ပူး တစ်ကားတည်းစီးရင် နောက်ခုံမှာ ထိုင်ရပြီး ပူး ကားမောင်းတာကို လည်း မာမီ က လုံး၀လက်မခံပဲ မာမီ ကိုယ်တိုင်ပဲ မောင်းတက်သည်..။
“ဟလို..”
“အင်း ရစ်ချက်ရေ ဆောဒီးပါ ကိုတော့ သားနဲ့ လစ်ထွက်လာလိုက်တာ..တစ်ခါတစ်လေ..သားလည်း စိတ်ပြေလက်ပျောက်ပေါ့...အင်း..နေမပူခင် ပြန်ရောက်မှာပါ..”
“ရစ်ချက်တော့ အိမ်ရှေ့ရောက်ပြီးခါမှ နောင်တ ရနေလောက်ပြီ...”
မာမီ က ကားမောင်းနေရင်း ပြုံး ပြီးပြောတော့ ပူး မျက်မှောင်ကြုပ်မိသွားသည်..။
ဘယ်ယောင်္ကျားကိုမှ ပေါ့ပေါ့ပါးပါး အပြောအဆို မလုပ်တက်တဲ့ မာမီ က ကိုရစ်ချက် ကိုတော့ ရင်းနှီလွန်း နေသလိုလို....။
“အို..သား ခဏနေအုံး..မာမီ ကော်ဖီ နဲ့ ကိတ် ၀င်၀ယ်လိုက်မယ်..”
ကားကို လမ်းဘက်ကို ကပ်လိုက်ပြီး ကားစက်သတ်ခါ  သော့မဖြုတ် ပဲ ထားခဲ့လိုက်သည်..။
မနက်ပိုင်း ဆို စောင့်ရမှာ ကြာတာ သိလို့ ပူး ဖုန်းထုတ်ပြီး ဂိမ်းဆော့နေစဉ် ကားမှန် ခေါက်သံကြောင့် မော့ကြည့်လိုက်မိသည်...။
မောင်းသူဘက် က မှန်ကို သွားခေါက် နေတာမို့  ကားရွေ့ခိုင်းတာလား တွေးနေစဉ် ပူးဘေးက မှန်ရှေ့မှာ ပေါ်လာတာ မိန်းမ တစ်ယောက်ရဲ့ အနီးကပ်မျက်နှာ..။
“ဟာ..နင် ကလည်း..ငါ ရှက်လိုက်တာ..”
“ဘာဖြစ်လည်း..”
စတေကာ ကပ်ထားတဲ့မှန်မို့ အထဲမမြင်ရပဲ သူစိတ်ရှိတ်ိုင်း လမ်းမ ပေါ်က မသိတဲ့ ကားတစ်စီးကို မှန် အဖြစ် အသုံးပြုနေတာ..
နောက်က တစ်ယောက်ကတော့ စိတ်ပျက်သလို အမူအယာဖြင့် ခေါင်းက ဆံပင်ကို ထိုးသိပ်လိုက် ဘေးဘီကို ကြည့်လိုက် နဲ့ မလုံမလဲ ဖြစ်နေစဉ်..သူကတော့ အေးဆေး အိတ်ထဲက ဘာတွေကို လက်နှိုက်မွေပြီး ရှာဖွေရေးဆင်းနေလည်း မသိ..။
ပူး လက်ထဲက ဖုန်းကို ခဏ ချထားလိုက်ပြီး မမြင်ဖူးတဲ့ သူစိမ်းမိန်းကလေးတစ်ယောက်ရဲ့ တစ်စောင်း အနီးကပ်ပုံရိပ်ကို ငေးနေမိသည်..။
ဆံပင် လှိုင်းကောက်တစ်ချို့ က မျက်နှာ တစ်ခြမ်းကို ဖုံးလွမ်းနေလို့ သေချာ မမြင်ရပေမဲ့ နှာဖျားလေးကတော့ မြင့်ပြီး ချွန်နေသည်..။
“ဟဲ့..”
“သွားဟာ..”
စိတ်မရှည် သလို နှုတ်ခမ်းတစ်ချက်တွန့်ပြီး ဆံပင်တွေ သပ်တင်လိုက်တာ..မျက်တောင် တုတွေမဟုတ် ပဲ ရှည်လွန်းတဲ့ မျက်တောင် ကို အရင် သတိထား မိလိုက်သည်..။
နှုတ်ခမ်းနီကို အသေအချာ ဆိုးပြီး အပေါ်အောက် နှုတ်ခမ်းနှစ်လွှာ ကို ဖိဆွဲခါ လိုက်ညှိသေးသည်..။
ပြီးနောက် မျက်လုံး တစ်ဖက်မှိတ်ခါ ပူးကို ဖလိုင်းကစ်ပေးပြီး ထွက်သွားသည်..။
တကယ်တော့ ပြီးပြည့်စုံတဲ့ သူ့ ပုံရိပ် ဂုဏ်ပြုတာနေမှာပါ...သို့သော်..ပူး မှာတော့....။
“သား.စောနက မိန်းမ နှစ်ယောက် ကားနားလာတယ်မလား..”
ကားထဲရောက်ရောက်ချင်း ကော်ဖီ ခွက်တောင် နေရာမချသေးပဲမေးလာလို့
“ဟုတ်..” ပူး လွယ်လွယ်ကူကူ ၀န်ခံလိုက်မိသည်..။
“ဘာလုပ်တာလည်း..”
“ လူမရှိဘူး ထင်လို့ ကားမှန်သုံးတာပါ..”
“ကျွတ်...မိန်းကလေးတွေဆိုသည်မှာလည်း တစ်နေ့တစ်ခြား...တီ..တီ...တီ...”
ကားဟွန်းသံကြောင့် စကားရပ်သွားပြီး မာမီ က ကားကို ဂရုစိုက်မောင်းနေတော့မှ ပူးလည်း စိတ်သက်သာရသည်..။
မဟုတ်ရင် မိန်းမ မကောင်းကြောင်း တန်ချီပြောတော့မှာ....။
“All the dimond and the pearls,
money in the world means
nothing
If I ain’t got you...”
ပူး လက်ထဲ က ဖုန်းကို ကိုင်လိုက်ပြီ့း မာမီကို မှန်ထဲက တစ်ဆင့် ကြည့်လိုက်တော့ မာမီကလည်း ပူးကို ကြည့်နေလို့ ခေါင်းစိုက်ပြီး ပြောလိုက်ရသည်..။
“ဟလို..”
“ဟုတ်ကဲ့..ဒီနေ့ ကျွန်တော် နောက်ကျ မယ်...ဂျာကြီး..”
“ဟုတ်ကဲ့..ကိုရစ်ချက်ကို ပြောလိုက်ပါ...”
ပူး စကားစဖြတ်လိုက်ပြီး ဖုန်းချလိုက်တော့ မာမီ က မမေးပေမဲ့ ပူးကပဲ စပြီး..
“ရိုက်ကွင်းမန်နေဂျာပါ မာမီ..”
“အင်း..”
မာမီ ဆီ ကမေးခွန်းမရှိသော်လည်း..
“အမ်တီဗီ တစ်ပုဒ်ရိုက်ချင်လို့တဲ့ ဒီနေ့ အဆင်ပြေမလားမေးတာပါ...”
“သူနဲ့ရိုက်လက်စပဲ မလား..”
“ဟုတ်”
“အင်း လက်မခံလည်း မျက်နှာပျက်ရအုံးမယ်..မအားတဲ့ကြားက အနစ်နာခံပြီး ၇ိုက်ပေးသလိုလုပ်ထားလိုက်..”
“ဟုတ်...”
ပူး ဆော့လက်စဂိမ်းကိုပဲ စိတ်မပါလည်း သဲကြီးမဲကြီး ဆော့ပြနေလိုက်သည်..။
“သားဆင်းလေ..”
“ဟုတ်...”
မာမီ ကားတံခါးဖွင့်လိုက်တော့ ပူး ပြုံးရင်း ဆင်းလိုက်သည်..။
ခွေးလေး တစ်ကောင်ကို လမ်းလျှောက်ခေါ်လာသလို ကားပေါ်က လည်ပတ်ကြိုး ဆွဲချပြီး မလျှောက်ချင်လည်း လျှောက်ရမယ့်အဖြစ်မျိုး...။
“ကဲပါ ..ဒီဖုန်းကြီး မာမီ ကို ပေးထားစမ်းပါ..မာမီ သားလေးက အခုလို အပန်းဖြေ အချိန် ဘယ်မှာ ရှိခဲ့လို့လည်း..ထိုင်..ကော်ဖီ သောက်မလား..မုန့်စားမလား..”
“မစားသေးဘူး..ပူး ကမ်းစပ်သွားချင်တယ် မာမီ..”
“မသွားရဘူး..အန္တရယ်များတယ်...”
ဘာမှ ပြန်မပြောတော့ပဲ မတ်တတ်ရပ်ပြီး လေကို တစ်၀ရှိုက်ရှုလိုက်ရသည်..။
ပူး အရွယ်တွေ နိုင်ငံခြား အထိခြေဆန့်နေပြီ..ပူးမှာတော့ ကိုကို့ အပြစ်တစ်ခုကြောင့် မမြင်ရတဲ့ ခြေထိပ် အခတ်ခံထားရတဲ့သူလို...။
“ပြန်တော့မယ်..မာမီ...”
“ဟယ်..မုန့်မစားရသေးပဲ...”
“ပူး..ဗိုက်မဆာလို့ပါ..”
“မရဘူး..အေးဆေးစားသောက်နားနေပြီးမှ ပြန်မှာ...”
မာမီရဲ့ မရဘူး အမိန့်ကို ငြင်းနိုင်ဖို့ ရှာကြံတွေးရင်း အဖြေကတစ်ခုတည်း...။
“ပူးက အကြောင်းမဟုတ်ပေမဲ့ ကိုရစ်ချက်စောင့်နေရတာ အားနာ ဖို့ကောင်းတယ်...ပြီးတော့ မန်နေဂျာတွေက သူ့ပဲ ဖိပြောတာ ...”
“ဟုတ်သားပဲ..မာမီ မေ့သွားတာ..ကဲ..လာလာ မြန်မြန်..ငါ့တို့မှာလည်း အမြဲ အပြေးအလွှား...”
မာမီ က မုန့်ထုတ်တွေကောက်သယ်ပြီး ရှေ့က သွပ်သွပ် ထွက်သွားပေမဲ့ ပူးကတော့ ကမ်းစပ်က ကျောက်စလစ်ခဲလေးတွေကို လည်ပြန်ကြည့်ရင်း ဖြေးဖြေးပဲလျှောက်လာခဲ့လိုက်သည်..။
ကားပေါ်ရောက်တော့လည်း စကားမပြောပဲ ဂိမ်းကိုချည်း သဲကြီးမဲကြီးဆော့နေတဲ့ သားဖြစ်သူကို ဒေါ်စိမ်းမြရည် စိတ်တိုင်းမကျပေမဲ့ လွှတ်ထားလိုက်သည်..။
ဂိမ်းဆော့နေတာလေး တစ်ခုပဲ သူရဲ့ လွတ်လပ်ခွင့် ရှိရှာတော့တာ...။
“သား..”
“ဟင်..”
“သား စီးပွားရေး ဘာလုပ်ချင်လည်း..”
“ကော်ဖီဆိုင်..”
“ဟား...ဟား...”တွန့်ဆုတ်နေတာ တွေဝေစဉ်းစားနေတာ မရှိပါပဲ ချက်ချင်းကောက်ဖြေလိုက်တဲ့ သား ဖြစ်သူရဲ့ အဖြေကြောင့် ဒေါ်စိမ်းမြရည် ရယ်မိသည်..။
“ဘာလို့လည်း..မာမီ...”
“မဟုတ်ပါဘူး..မာမီက သား ဂိမ်းဆိုင်ဖွင့်ချင်မယ် ထင်ထားတာ..”
မာမီရဲ့ လှောင်ရယ်မှုကို သိလိုက်တော့ ပူး တစ်ထစ်လျော့ဖို့ ဆုံးဖြတ်လိုက်ြ့ပီး..
“မစဉ်းစားဖူးပါဘူး..အခုလည်း ကော်ဖီခွက်တွေ့လို့ ပြောမိတာ..”
“အင်း စဉ်းစားထား..ကိုကို လည်း အခုဆို လက်၀တ်ရတနာဆိုင်နဲ့ တော်တော်လေး အဆင်ပြေနေတာ အဆင့်အတန်းလည်း ရှိတယ် အသိုင်းအဝိုင်းလည်း သန့်တယ်..၀ယ်သူကလည်း အထက်တန်းစားတွေပဲလေ..”
“ဟုတ်..”
ဖုန်း မျက်နှာပြင် ကို ကြည့်နေပေမဲ့ မာမီစကားလုံးတွေ...
မာမီပြောတဲ့ ကိုကို အခြေကျနေပြ၊ီ လက်၀တ်ရတနာဆိုင် ၊  အဆင့်အတန်းရှိတဲ့ အထက်တန်းစား အသိုင်းအဝိုင်းဆိုတာတွေ..မှန်ရဲ့လား..
ဆိုင်က ယောက္ခမဆိုင်..
ပိုင်တာက သူ့မိန်းမ..
မတူမတန်သလိ်ု ဆက်ဆံလာတိုင်း မာမီက မာန မရှိသူလို ခေါင်းခံနေပေမဲ့..
နေရာတကာ သည်းခံစိတ်ရှိတက်တဲ့ ပူးကတော့ သူတ်ို့ အသိုင်းအဝိုင်းကို သည်းခံချင်စိတ်မရှိပါ..။
တစ်ခါတစ်လေ..ကိုကို သာ သူ ချစ်တဲ့သူ နဲ့ လက်ထပ်ခဲ့ရရင်  မာမီ သာ မကန့်ကွက် ခဲ့ရင် အခုဆို အားလုံး စိတ်ချမ်းသာနေရမှာပါ...။
တစ်ဖက် အသိုင်းအဝိုင်းက မိန်းမလိုက်ပြေးဖူးတယ်ဆိုတဲ့ စကားလုံးကို တွေ့တိုင်းသုံးနေတာကို မာမီ က စိတ်မဆိုးပဲ ကိုကိုရဲ့ အရင် မိန်းကလေးအပေါ်ကို ဒေါသသွန်းလောင်းတက်သည်..။
“ဟေး..ရစ်ချက် စောင့်နေတာ ကြာသွားလား..”
“ရပါတယ်..မမစိမ်း.”
“အင်း..ဒီကားပဲ ယူသွားလိုက်ပါ..”
မာမီ က ကားပေါ်ကဆင်းသွားပြီး ခြံတံခါးဖွင့်ခါ ကိုရစ်ချက် ယူလာတဲ့ ကားကို ခြံထဲသွင်းလိုက်ပြီး စကားရပ်ပြောကြသေးသည်..။
ပူး..အကြည့်လွဲ ပြီး ရှေ့ကို ကြည့်နေပေမဲ့ စိတ်ထဲမှာ အလိုမကျတဲ့ လှိုင်းကြပ်ခွပ် တစ်ချို့ ထနေသည်..။
“ဘယ်လိုလည်း..ကောင်လေး..ပျော်ခဲ့လား..”
ကိုရစ်ချက်က ကားပေါ်မှာ ထိုင်လိုက်တာနဲ့ ရယ်မော နှုတ်ဆက်ပေမဲ့ ပူးကတော့ မျက်ခုံးစု ခါ
“ပျော်စရာလား..”
“ဟ စွာလှချည်လား..”
ပူး စကားနဲ့ မတုန့်ပြန် နိုင်လို့ ဖုန်းနားကြပ် ကို ဖြုတ်ပြီး လွမ်းပိုင် သီချင်းကို အသံ အဆုံးကျယ်လိုက်သည်..။
“ကျစ်..သေစမ်း..”
ကားဘရိတ်နင်းလိုက်တော့မှ ပူး မျက်လုံးဖွင့်ကြည့်လိုက်မိသည်..။
“ခဏနေအုံး ကောင်လေး..မင်းမာမီက မင်းလိမ်းဖို့ ရှားစောင်းဂျယ် ၀ယ်ခိုင်းထားတယ်..”
ကားတံခါးဆီ လက်ရွေ့သွားတာ ကြည့်နေပြီးမှ.
“နေပါ..ကျွန်တော်သွား၀ယ်လိုက်မယ်...”
“မင်းက ...ဟား..ဟား..၀ယ်တက်ရဲ့လား ကွာ..”
မယုံသလိုလို..အထင်သေးသလိုလို ပြောပြီး မခံ ချင်အောင် စနေမှန်းသိတော့ ကားတံခါးဆောင့်တွန်းဖွင့်ပြီး ဆင်းလာခဲ့လိုက်သည်...။
“ဟေး..ပိုက်ဆံ...”
လူတက်ကြီး လုပ်ပြီး လျှောက်လာတာ မီနီ မားကပ်နားရောက်ခါနီးမှ လှမ်းအော် တဲ့ ကိုရစ်ချက် အသံကြီးကြောင့် ပူး ရှက်ရှက် နဲ့ အပြေးတစ်ပိုင်း ကားဆီ ပြန်လျှောက်လာရသည်..။
“ဟား..ဟား..”
ကိုရစ်ချက်ရယ်သံကို ဂရုမစိုက်ပဲ..ပိုက်ဆံဆောင့်ဆွဲယူပြီး..မားကပ်ထဲ ၀င်လာခဲ့လိုက်သည်..။
၀င်ပြီးခါမှ ဘယ်မှာ ဘာ ၀ယ်ရမှန်းမသိတော့ ကောင်တာမှာ ရပ်နေတဲ့ မိန်းကလေးဆီ သွားပြီး..
“အစ်မ ရှားစောင်းဂျယ်ဆိုတာ..ဘယ်နားမှာလည်း..”
“စားဖို့လား..လိမ်းဖို့လား..”
“လိမ်းတာပါ..”
“အော်..ဟိုဘက် စင်အပြာထောင့်စွန့်နားမှာပါ..”
“နေပါအုံး..မင်းသား ဘမ်ဘီနို မလား..”
“ဟုတ်ကဲ့...”
“အယ်..ပုံလေး..ခဏ ဖုန်း..”
ပူး ၀န်ခံလိုက်တာနဲ့ ကောင်တာက ကောင်မလေးက မတည်မငြိမ်ဖြင့် ဖုန်းကို ခြင်းတွေထဲ ရှာလိုက် အိတ်တွေအောက် လိုက်ရှာလိုက် အလုပ်များနေသည်..။
“နောက်တစ်ခါမှပေါ့ ကျွန်တော် ရှုတင် နောက်ကျနေလို့..”
“အော်..ဟုတ်ကဲ့...အပြင်မှာ ပိုငယ်တယ်နော်...”
“ဟုတ်..”
ပူး ပြုံးပြီး စင်တွေနောက်ကို ခပ်သွပ်သွပ်လျှောက်လာခဲ့လိုက်ရသည်..။
“ရှားစောင်း ဂျယ်..အစိမ်းလား..အဝါနုလား ဘယ်တစ်ခုလည်း..”
ပူး ဝေခွဲရခက်နေစဉ် ရှေ့တန်းက အဝါရောင်ဘူးလေးကို ဟိုဘက်ခြမ်းက တစ်ယောက်က လှမ်းဆွဲယူလိုက်လို့ နေရာလွတ်သွားသည်..။
“ဟင်..သူ..”
ဘေးတိုက်မြင်ရတဲ့ မျက်နှာ ကို တစ်ခါ သာ မြင်ဖူး သော်လည်း အလွတ်ရနေတာ ဘာရယ်ကြောင့်မှန်းမသိ..။
သူမ ကတော့ ဂျယ်ဘူးက စာတွေကို သာ အာရုံစိုက်ဖတ်နေပြီး စက္ကန့် ပိုင်း အတွင်း ဆက်လျှောက်သွားသည်..။
ပူး နီးစပ်ရာ ဘူးတစ်ခု ဆွဲယူပြီး ကောင်တာ ဆီသို့ရောက်တော့ ဘယ်သူမှ မရှိတော့ပါ...ကိုယ်တိုင်လည်း ဘာကြောင့် အပြေးအလွှား လိုက်သွားမိမှန်းမသေချာ..။
“ဟာ..ကြာလိုက်တာ ကောင်လေးရာ ငါ စိတ်တွေ ပူနေတာ...”
“ကျွန်တော်က ကလေးလား..”
“အေးပါ..မပြောတော့ဘူး...”
ကိုရစ်ချက်က ကားစက်နှိုးထားတာ ပူး ကားထဲရောက်တာနဲ့ တန်းထွက်သွားသည်..။
“ပူးရေ.. အမ်တီဗီ အရင်ရိုက်မလား ..ပိုတိုရှုတင် အရင် သွားမလား..”
“ကျွန်တော် မသိဘူး..”
“ဟူး..ဘာကို အလိုမကျပြန်ပြီလည်း...”
ကိုရစ်ချက်က စိတ်ညစ်သလို ငြီးပြတော့ မာမီ ကို ပြန်တိုင်မှာ ကြောက်လို့..
“ကျွန်တော် ခေါင်းမကြည်ဘူး ည က ညနက်ပြီး မနက်စောကြီး ပြန်နိုးနေလို့ပါ...”
“ဆောဒီး..ည က မင့်မာမီ ဆူသေးလား..”
“မွန်မွန်တို့ အိမ်မှာ  ပြောလိုက်တော့ မဆူတော့ပါဘူး..”
“တော်သေးတာပေါ့..”
ကိုရစ်ချက်ပါ မာမီ့ ကိုကြောက်ရတာ ကို ပူး လည်းသိပါသည်..။
ဒါပေမဲ့ ရင်းနှီးနေတာ တွေ့လိုက်တိုင်း စိတ်ထဲ ဘယ်က ၀င်လာတဲ့ ဘယ်လိုခံစားချက်တွေလည်း စိတ်ရှုပ်ဒေါသထွက်ခါ ပူး တစ်ယောက်တည်း ခံစားနေရသည်..။
“ဘမ်ဘီနို ရောက်ပြီ..ကျန်တဲ့ နှစ်ယောက်ကော...”
“မရောက်သေးဘူး..”
“ကျစ် စောင့်ရအုံးမယ်...”
“မရဘူးနော်..ပိုတိုရှုတင် အရင် သွားလိုက်ရမလား..”
“ဟာ..တစ်ယောက်ရောက်တော့ နောက်တစ်ယောက်လိုက်ရှာနေရမယ်..နေကြပါအုံးဟာ...”
တစ်ယောက်တစ်သံ ဆူညံနေတဲ့ ပန်းခြံ တစ်စုမှာ ပူး ကားပေါ် က မဆင်းပဲ ဆက်ထိုင်နေခွင့် ရတာ
ကိုရစ်ချက်ကို ကျေးဇူးတင်ရမည်..။
“ရောက်ပြီ..မေစုဝေ ရောက်ပြီ...”
မင်းသမီးရောက်တဲ့ အသံကြားမှ ပူး ကားပေါ် က ဆင်းလာခဲ့လိုက်သည်...။
အ၀တ်အစား အဆင်သင့် လုပ်ပေးပြီး မိတ်ကပ် ပြင်ပေးဖို့ တစ်ယောက် ရှိပေမဲ့ ပူး က မိန်းကလေးမှ မဟုတ်တာ..။
လူတကာရှေ့မှာ မျက်နှာကို တစ်ခုပြီး တစ်ခု ပြင်နေတာ စိတ်မရှည်သလို ရှက်ဖို့လည်း ကောင်းသည်..။
ဒါပေမဲ့ မာမီ့ အမိန့် မို့ မလွန်ဆန်ရဲလို့သာ လက်သင့်ခံနေရတာ..။
“ရပြီ...ကဒ်...”
အမ်တီဗီ ထုံးစံအတိုင်း ပွေ့ဖက် ပြေးလွှား လုပ်ရတာ မှန်ပေမဲ့ မင်းသမီးက ရက်ရက်ရောရော တိုးကပ်နေတော့ ပူးမှာသာ အလိုက်သင့် မသိမသာ နောက်ဆုတ်နေရသည်..။
“ဘမ်ဘီ..ပခုံးကို ဖက် ရမှာလေ...”
“ဟုတ်ကဲ့...”
မင်းသမီးက ပခုံး အတင်းထိုးပေးနေပေမဲ့ ပူး ခပ်ဖွဖွပဲ ပြန်ဖက်ထားလိုက်သည်..။
အစစ်အမှန် ပွေ့ဖက်ခြင်း အတုအယောင် ပွေ့ဖက် ခြင်း ဆိုတာထက် ကိုယ် မချစ်တဲ့ သူ တစ်ယောက်ကို ပွေ့ဖက်ထားရတာ ယောင်္ကျား တစ်ယောက် ဖြစ်ရဲ့သားနဲ့ တွန့်ဆုတ်နေမိသည်မှာ အချိန်တိုင်းလိုလို...။
“ဘရိတ်...”
အားလုံး နေရာမရွေ့ခင် ပူး တစ်ယောက်တည်း အရင် ထွက်ပြီး ကားပေါ် လာထိုင်နေလိုက်ရသည်..။
“ဟူး..ပိုတိုရှုတင် သွားရအုံးမယ်..”
“မနက်ဖြန် ရွေ့ပြီး တစ်နေရာ လှိမ့်ကြမလား..”
ကိုရစ်ချက်ရဲ့ စကားကြောင့် ပူးအကြည့်က ဖုန်းကနေ ကားကြည့်မှန်ဆီရွေ့သွားရသည်..။
ပူး မျက်လုံး အရောင်လဲ့လဲ့ က ပို ပြီး တောက်ပနေသယောင်..တစ်ချိန်ထဲမှာပဲ အရောင်မှိန်သွားပြီး အကြည့်တွေကို ဖုန်းဆီ ပြန်ရောက်သွားရတော့သည်..။
“မဖြစ်ပါဘူး..မာမီသိရင် .စိတ်ဆိုးလိမ့်မယ်...”
“နောက်ရက်တွေ မင်းမာမီ ကိုပြောပြီး သွားကြမယ်ကွာ...”
ပူး သက်ပြင်းတစ်ချက်ခိုးချပြီး ဖုန်းပြန်နှိပ်နေလိုက်သည်..။
ဘာကြောင့် သွားမှာလည်း..ဘယ်သူနဲ့ သွားမှာလည်း ဘာအတွက်လည်းဆိုတဲ့ မေးခွန်းကို ပူး မဖြေနိုင်သရွေ့့ တစ်ယောက်တည်း သွားလာခွင့်ဆိုတာ ဒီ တစ်သက်ရမည် မထင်...။
သူငယ်ချင်း အပေါင်းအသင်းလည်း မရှိသလို မိန်းကလေးသူငယ်ချင်းဆိုလည်း လုံး၀ခွင့်မပြုတာ ကိုကို နဲ့ မိန်းမ တစ်ယောက် ပတ်သက် ပြီး ကတည်းက..။
ကျူရှင် ဂိုက်တောင် ဆရာတွေချည်း ရွေးငှားပြီး စာမေးပွဲနီးမှ ဂိုက် ရှားတဲ့ အချိန်မှ ဆရာမ ကို ငှားတက်သည်..။
စည်းကမ်းတင်းကြပ်လွန်းပြီး တစ်ခါတစ်ခါ ရင့်သီးလွန်းတဲ့ မာမီကြောင့် ဆရာမ  တစ်ချို့နဲ့ မျက်နှာ ပျက်ရလောက်အောင် ဖြစ်ခဲ့ရသည်..။
မာမီ က ငွေများများ နဲ့ ဖုံးဖိခဲ့ပေမဲ့ ပူးကတော့ စိတ်ထဲမှာ လက်မခံနိုင်လည်း  မာမီ အမိန့် အတိုင်း နေပေးခဲ့လိုက်သည်..။
“ရောက်ပြီ ကောင်လေး မိတ်ကပ် နည်းနည်း ပြင်ပြီးတာနဲ့ တန်းရိုက်မယ်..ကင်မရာသမား အချိန်ဆွဲရင် အချိန်မရဘူး ပြောနော်...”
“ကျွန်တော်ပြောရင် မရဘူး..”
ပူးမလိမ်ချင်လို့ ငြင်းချက်ထုတ်လိုက်တော့..ကိုရစ်ချက်က ခေါင်းညိတ်ပြီး
“သိတယ်..မင်းက အင်း ပဲ လိုက်ပေး..”
“အမ်း..”
ပူး ကားပေါ်က ဆင်းပြီး ပလက်ဖောင်းပေါ် တက်လိုက်တော့.ကိုရစ်ချက်က မစောင့်ပဲ ရှေ့ဆက်သွားပေမဲ့ ပူး နားကြပ်ကြိုးက ညှိနေလို့ ပြန်ဖြုတ်နေရသေးသည်..။
နားကြပ်ကြိုး ဖြည်ရင်း ခေါင်းငိုက်စိုက်နဲ့ ရှေ့ဆက် လျှောက်လာစဉ် လူတစ်ယောက်ရဲ့ ပစ်စလက်ခတ် တိုက်ချခြင်းကို ခံလိုက်ရသည်..။
“ဆောဒီး..”
မကြည်မသာ လှည့်ကြည့်လိုက်ပေမဲ့ ဘေးက ဖြတ်သွားတဲ့ သူမကြောင့် အာရုံ ပြောင်း သွားရသည်..။
တစ်နေ့ထဲ တွေ့တာ သုံးခါ..ပူး လှည့်ကြည့်လိုက်တော့ သူမ က  ကားမှတ်တိုင်မှာ ရပ်ပြီး သူငယ်ချင်းလို့ ထင်ရတဲ့ မိန်းကလေး နဲ့ စကားပြောနေသည်..။
တိုက်ဆိုင်တာဆိုရင်တောင် ပိုနေပါပြီ..။
သူ့ ကို ကြည့်တော့လည်း လုပ်နေကျ အလုပ်တာ၀န်တစ်ခုကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းသလို လက်ထဲမှာတော့ ပူးတွေ့ခဲ့တဲ့ အဝါရောင် ဂျယ်ဘူး အိတ်ကို ကိုင်ထားသည်..။
“ကောင်လေး..ဘာဖြစ်လို့လည်း..”
“ဟမ်..”
ပူး ပခုံး ကို ပုတ်ပြီး မေးနေတဲ့ ကိုရစ်ချက်ကို လှည့်မကြည့်သေးပဲ ဟမ် ဟင် အဖြေပေးပြီး အကြည့်က မလွဲ နိုင်သေး..သူမ ကားပေါ်တက်သွားတော့မှ ပူး ပြန်လှည့်လိုက်သည်..။
“အသိတွေ့လို့လား..”
“မဟုတ်ပါဘူး..”
“လာလေ..အ၀တ်အစားလဲ ရအုံးမယ်..”
ပူး ခေါင်းညိတ်လိုက်ပြီး ကိုရစ်ချက်နောက်လိုက်လာခဲ့လိုက်သည်...။
“ကိုရစ်ချက်...ကျွန်တော့် ကြိုး ဖြည်ပေးပါ..”
“အော်..အေး..ပေးလေ...”
နားကြပ် ကြိုးက ဖြည်ယူလိုက်တာ ခဏ အတွင်း အကုန်ပြီးစီးသွားရသည်..။
“ကောင်လေး..ဒါပြီးရင် ပွဲ တစ်ခု တက်ရမယ်..”
“ဟုတ်ကဲ့..”
“ဟား..ဟား..မင်းကလည်း စက်ရုပ်ကျနေတာပဲ..အားလုံး ဟုတ်ကဲ့ ပဲလား..”
“ဟုတ်ကဲ့..”
“ဟား..ဟား...”
ကိုရစ်ချက်က အော်ရယ်တော့ ပူး လည်း လိုက်ပြုံးနေမိသည်..။
ပုံရိုက်ပြီးတော့လည်း အိမ်မပြန်ရသေးပဲ အလှကုန် ပွဲတစ်ခု တက်ရတာ မိုးချူပ်မှ အိမ်ရောက်ရသည်..။
“သား..ဒီနေ့ ပင်ပန်းသွားပြီ နော်..”
“ပွဲတစ်ခုတက်နေလို့ နောက်ကျ တာပါ မာမီ..”
ပူး ဖိနပ်ကြိုးဖြည်ရင်း  မာမီကို အဖြေ တစ်ခါတည်း ပေးလိုက်ရသည်..။
“မာမီ သိ ပါတယ်..ရစ်ချက် ပြောတယ်.တစ်ခုခု စားအုံးမလား...”
“မစားတော့ဘူး..မာမီ..ပူး..အိပ်ချင်နေလို့..”
“အင်း..အိပ်တော့နော်...”
မာမီ က လှေကား အနားထိ လိုက်ပို့ပေးတော့ ပူး စိတ်မကောင်းဖြစ်လာသလိုလို..။
“မာမီ..”
“ဟမ်..”
“Love you ..”
“love u too..”
မာမီ မျက်နှာကြည်လင် ၀င်းပ သွားတော့မှ ပူး စိတ်သက်သာစွာ အပေါ်တက်လာခဲ့လိုက်သည်..။

“ဇိုမ...နင်တော်တော် ရစ်တယ် သလား..”
အိမ်ထဲရောက်တာနှင့် လဲ့ရည်က  ခုံပေါ်ပစ်ချထိုင်ပြီး အိတ်ကို ဘေးခုံကို ပစ်တင်လိုက်သည်..။
“ဟူး...ဇို နင် နဲ့ တစ်နေ့ကုန် လျှောက်လိုက်ရတာ ငါတော့သေမှာပဲဟာ...ဘာတွေလည်း နည်းနည်း ပါးပါးရှင်းပါအုံး..”
ဇို ပခုံး နှစ်ဖက် တွန့်ပြပြီး ရေခဲသေတ္တာထဲက ရေခဲရေ ယူသောက်လိုက်သည်..။
“နင် လမ်းလျှောက်ပြိုင်ပွဲ ၀င်ဖို့ကျင့်နေတာလား..”
“မဟုတ်ပါဘူး..ပျင်းလို့.”
“ဘာ..”
ဇို ဖန်ခွက်ထဲ ရေထည့်ပြီး လဲ့ရည်ကို လှမ်းပေးလိုက်တော့ မငြင်းပဲ တစ်ခါတည်း မော့ချပစ်လိုက်သည်..။
“အေး ဟုတ်ပါပြီ...ဘာပဲဖြစ်ဖြစ် နင့်နောက်ကချည်း လျှောက်လိုက်နေရတာ ဒီနေ့ ဘာရလိုက်လည်း ပြော ခြေထောက်ညောင်းတာပဲ အဖတ်တင်တယ်...ဟူး..ကားလည်း မပါဘူး..ဒီအသားတွေက ဖြူဖို့ ကြာတာ အခုတွေ့လား ပင်လယ်မသွားရပဲ မဲပြာနေပြီ..တန်သလား..”
“တန်တယ်...”
“ဟမ်...”
လဲ့ရည် က နားမလည် သလို ပါးစပ်အဟောင်းသားနဲ့ နှုတ်ခမ်းလည်း တစ်ဖက်တွန့်တက်နေသေးသည်..။
ဇို စိတ်ထဲမှာတော့
ဒီနေ့ သူ ၃ခါ မြင်သွားတယ်..စက္ကန့်ပိုင်းလေး သုံးခါပါ..ပထမက သူ့ကားမှာ နှုတ်ခမ်းနီဆိုးနေတုန်း ကားထဲမှာ သူရှိ နေတယ်..နောက်တစ်ခါ မားကပ်မှာ..နောက်တစ်ခါ မှတ်တိုင်မှာ..
“နင်တော့ မရတော့ဘူး ပျင်းလို့ လမ်းလျှောက်ချင် ကိုယ့်ဟာ ကိုလျှောက်...”
လဲ့ရည်က စိတ်ပျက်သလို ပြောတော့ ဇို ခေါင်းရမ်းပြီး ပြုံး လိုက်မိသည်..။
လမ်းလျှောက် ရုံ သပ်သပ် မှ မဟုတ်တာ..
~ လွတ်လပ် ပေါ့ပါးတဲ့ ပုံရိပ် က လူတစ်ယောက်ရဲ့ မှတ်ဥာဏ်ထဲမှာ ပိုစွဲစေတယ်..
~ တစ်နေ့ကို မတူတဲ့ နေရာ မတူတဲ့ အချိန် တွေမှာ စက္ကန့်ပိုင်း  ၃ကြိမ် တွေ့ရုံ နဲ့ မသိစိတ်က မြဲမြဲ မှတ်မိသွားတယ်...
~ ကိုယ်နဲ့ နေထိုင်မှုပုံစံ မတူတဲ့  လူတွေကို အသိအမှတ်မပြုပေမဲ့ မှတ်ဥာဏ်မှာတော့ စွဲ သွားတက်ကြတယ်..
“ဇို နင် အလုပ် ပြန်မသွားသေးဘူးလား..”
“စိတ်မပါသေးလို့..”ဇို အခန်းထဲ ၀င်ပြီး လော့ချ လိုက်သည်..။
လုပ်စရာတွေ ကျန်နေပါသေး၏..။
…………………
အရေးအသား မကောင်းလည်း ဖတ်ပေးလို့
ကျေးဇူးအထူးတင်ပါတယ် နော် ❤📖💪
Love u all
#စပိုက်ကာ

ZoeМесто, где живут истории. Откройте их для себя