Part 16

990 66 0
                                    

Zoe
အပိုင်း (၁၆)
#ဇိုစပိုက်ကာ

“ဇိုး...နင် ညဆို မအိပ် မနက်ကျရင် နှိုးမရနဲ့..”
“အမ်း..ထပြီလေ..”
“ထပြီ လုပ်မနေနဲ့ ငါသွားပြီ..”
အိပ်ယာ နိုးတော့ မနက် ၇နာရီကျော်နေပြီ မို့ ကမန်းကတန်း ထွက်လာခဲ့ရသည်..။
“ဟဲ..ဟဲ...တို့ပေါ်ပျူလာ.ဇိုလေး..လာပါပြီ..”
ကျော်ပိုင်က သူ့ခုံကနေ လှမ်းစတော့
“.သေအုံးမယ်...”
လက်သီးတောင်ပြခဲ့ပြီး မနေ့ကပို့ဖို့ ပြင်ထားတဲ့ ဇို့ စာရင်းနဲ့ ပါဆယ်တွေထုတ်ခဲ့ပြီး ကားပေါ်တင်လိုက်သည်..။
ဇို မနက် ပိုင်း ပစ္စည်း ပို့ ပြီး ဂေဟာကို  ၀င်ဖို့ စီစဉ်  ထားပေမဲ့ အချိန်မရ လို့ မ၀င် ဖြစ်တော့ပါ..။
ညနေစောင်း အပြန်ကျမှ ၀င်တော့ ဂေဟာမှာ ပြသာနာ တက်နေတာ သိရပြီး စိတ်မကောင်းဖြစ်ရသည်..။
“မစု မတွေ့လည်း မရှာပါနဲ့..တစ်ယောက် ယောက်ယူသွားတာ နေမှာပါ..”
မစု ကတော့ စျေးနဲ့ ဂေဟာကို ဘယ်နှစ်ခေါက်တွေ လျှောက်ပြီးနေပြီလည်း မသိ မျက်နှာမှာလည်း ချွေးဥတွေ စီလို့...။
“မေ့တာ တို့ မကောင်းတာပါ သတိလက်လွတ် ဖြစ်သွားတာ...အရင်က မွန်လေး ပါတော့ သတိမထားပဲ နေလို့ရတယ်..ဆိုပြီး မေ့သွားတာ..”
“ကားပေါ်မှာ ပါသွားတာ နေမှာပါ..မာမာက  သော့သိမ်းသွားတော့ ဘယ်လိုလုပ်ကြမလည်း....”
“အင်း မိုးချူပ်ရင် ချက်ဖို့ က ဇယား..”
“အခု ဘယ်လို လုပ်မလည်း ဇို...အမ် လည်း မရှိဘူး..နေ့ခင်းစျေးသွားချိန်ရောက်နေပြီ...ကလေးတွေ ဗိုက်ဆာနေမှာပဲ..”
ဇို လည်း စိတ်မကောင်းပေမဲ့ လက်ထဲမှာတော့ ပိုက်ဆံ ငါးသောင်းလောက် ရှိမနေပါ..။
“မစု ..ဒီနေ့တော့ ဇို အဆင်ပြေသလို  စီစဉ်လိုက်မယ်...ဆန်က လက်ကျန်ပါ ထုတ်ထားရင် ၂ပြည်လောက် ထပ်၀ယ်ရင် ရမှာပါ..ဇို စျေးသွားလိုက်မယ်..”
“နေအုံး ကလေး..”
မစုက မမမိုး ဆီသွားပြီး ဘာပြောတယ် မသိ ဟိုကလည်း မျက်နှာ ငယ်လေးနဲ့ ခေါင်းသာ ရမ်းပြနေသည်..။
“ သွားပြီနော်..”
ဇို စျေးထဲ ရောက်တော့ အသီးအနှံတွေ ကို သာ စျေးစစ် ပြီး ၀ယ်လိုက်ရသည်..တစ်ညတလေတော့ ဖြစ်သလိုပေါ့...။
“ဇို..”
“ဟာ..အမ်..”
“ဟူး..ပြေးလိုက်လာတာ မောလိုက်တာ..”
တကယ်လည်း သူ့မျက်နှာမှာ ချွေးစတစ်ချို့ ကပ်ငြိနေတော့ ကျောင်းမှာဘာများဖြစ်လို့လည်း စိုးရိမ်မိသွားသည်..။
“၀ယ်စရာ ရှိတာ ထပ်၀ယ်ပါ ကိုယ့် မှာ ပိုက်ဆံပါတယ်..”
“သြော်..၀ယ်ပြီးခဲ့ပြီလေ..အမ် ၀ယ်ချင်ရင် ထပ်၀ယ်လိုက်ပါ..”
သူက ခေါင်းညိတ်ခါ စျေးထဲ ခပ်သွပ်သွပ် လျှောက်၀င်သွားတော့ ဇို့မှာကြောင်စီစီ နဲ့လမ်းလယ်ခေါင်မှာ ကျန်ခဲ့ရပြီး လိုက်သွားရမလား ပြန်ရတော့မလား မစဉ်းစားတက်တော့ပါ..။
“ပေးလေ..”
“နေပါစေ..လေးနေမယ်..”
အိတ် နှစ်ထုတ် ကို ဆွဲထားရတဲ့သူက ဇို့ ဆီက ခြင်းတောင်းပါ လှမ်းတောင်းနေတော့ အားနာရသည်..။
“ဟာ...ဇို..”
ရှေ့ဆင့်နောက်ဆင့် လျှောက်နေတဲ့ သူ့ ဆီက တအံတသြ ခေါ်လိုက်သံကြောင့် ဇို နောက်လှည့်ကြည့်မိသည်.။
“ဘာဖြစ်လို့လည်း.”
အမ်က ခေါင်းယမ်းရင်း သူ့ အပေါ်ထပ် ရှပ်အကွက်ကို ချွတ်လိုက်ပြီး ဇို့ကို လှမ်းပေးနေတော့ ဇို နားမလည်နိုင် ဖြစ်ရသည်..။
“နောက်မှာ ရွံ့တွေပေနေတယ်..”
“ဟင်..”
ဇို နောက်ကို လည်ပြန်လှည့်ကြည့်လိုက်တော့ မီးခိုးရောင်ဘောင်းဘီမှာ အကွက်လိုက်..
ကလေးတွေနဲ့  အပင်ခြေရင်းမှာ ခဏထိုင်ခဲ့တာကို သတိမရပဲ ဒီပုံစံ အတိုင်းစျေးထဲရောက်လာတာ တွေးမိပြီး ရှက်ရသည်..။
“ကျေးဇူးတင်ပါတယ်..အမ်...ခါးမှာချည်လို့ရလား..”
“ရပါတယ်..”
သူ့ရဲ့ အဖြေသံ အဆုံးမှာ ရှပ်အကျီ င်္ကို ခါးမှာ ပတ်ချည်လိုက်ပြီး မလုံမလဲ ရယ်မိသည်..။
“ဇိုက ရယ်ရင် လှတာပဲ..”
“ဟင်..”
“အမြဲ မျက်မှောင်တွန့်ထားတာဒါကြောင့်ကိုး....”
ဇို ရယ်ရခက် ငိုရခက် ဖြစ်နေစဉ် ရှေ့မှာ အဖွားအိုတစ်ယောက်က အလှူခံတော့ သူ့လက်ထဲ ကျန်တဲ့ ပိုက်ဆံအကုန်ပေးလိုက်တာကို ဇို မျက်လုံးပြူးဖြင့်လိုက်ကြည့်မိသည်.။
“ဒီလင် ဒီမယား အိုအောင် မင်းအောင် ပေါင်းရပါစေ..ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ သေတဖန်သက်တဆုံး  တူယှဉ်လက်တွဲပြီး သာယာ ချမ်းမြေ့စွာနေနိုင်ပါစေ..”
“ပေးတဲ့ဆုနဲ့ ပြည့်ပါစေ အဖွား..”
ကျစ်..သူ ဘာတွေ ပြောနေတာလည်း...ဇို စိတ်အလိုမကျမှု နဲ့ အတူ မျက်မှောင်ကြုတ်ပြီးခါမှ သူကြည့်နေတာ သတိရတော့ ပြန်ဖြည်လိုက်ရသည်.။
“လူကြီးဆိုတော့ မသိဘူးလေ..သူထင်တာ သူပြောတာပဲ..”
“အမ်းပေါ့..”စိတ်ဆိုးချင်သလို ဖြစ်နေသည့် ဇိုတောင် သူ့စကားကြောင့် ယောင်ယမ်း ခေါင်းညိတ်ထောက်ခံ မိလိုက်သည်..။
“ပေးပါ  လေးနေမယ်..”
“နေပါစေ...”
ဇို လက်ထဲက ခြင်းကို ဆွဲယူလိုက်တော့ လက်ကိုင်ကွင်းက လွတ်ပြီး ခရမ်းချည်သီး နဲ့ မုန်လာဥနီတွေက အောက်လှိမ့်ကျကုန်သည်..။
“ဟာ ကျွတ်...အဲဒါကြောင့် ပြောတာ အတင်းလုနေတာပဲ..”
ဇို စိတ်ထဲက ရှိတဲ့ အတိုင်း ဆူပြောပြောပြီး လမ်းပေါ်က ခရမ်းချည်သီးတွေကို ပြေးလိုက်ဖမ်းနေရသည်..။
တွေ့ရတဲ့ ခရမ်းချည်သီး နိနီရဲရဲ  အလုံးကြီးတွေကို နှမျောတသစွာ လိုက်ကောက်ထည့်ရင်း..
“ဟာ...ဇို...”
ခေါ်သံ နဲ့ အတူ တစ်ဖက်လမ်းက ကွေ့၀င်လာတဲ့ ကားက ဇို နဲ့ နည်းနည်းပဲ ကွာတော့သည်..။
လက်ကို ဆွဲချခံလိုက်ရသလို လူက ပြိုကျသွားပြီး လမ်းဘေးကို ပစ်စလက်ခတ် လဲကျသွားရသည်...။
“ဟေး...သေချင်နေလား..”
လမ်းမပေါ်မှာ လူရှင်းနေပေမဲ့ လက်ကျန်ခရမ်းချည်သီးသုံးလုံးကို ထပ်ကြိတ်သွားတော့ အားလုံးပိပြားကုန်ပြီ..။
“အား..”ညီးသံ သဲ့သဲ့ကြောင့် ဇို ပျာပျာသလဲဖြစ်သွားရခါ လမ်းဘေးမှာ ထိုင်လျက်ကျနေသည့် အမ့်မျက်နှာကို လိုက်ကြည့်ရင်း
“ဘာဖြစ်သွားလည်း..အမ်...ဘယ်နားထိသွားလည်း..”
“ရတယ်..ဘာမှ မဖြစ်ဘူး..”
ဘာမှ မဖြစ်ဘူး ဆိုပြီး လက်ကိုကွေးထားတာ ဆန့်မှ မလာပဲ...
“ဟာ လက်ထိသွားတာလား..ထ လို့ ရရဲ့လား..”
“ရပါတယ်...”
အိတ်တွေကို မကိုင်နိုင်တော့လို့ ဇို တက္ကစီ လှမ်းတားလိုက်ရသည်..။
“ရောက်ခါနီးပြီ..”
“ဘယ်လိုရောက်ခါနီးလည်း..ဆေးခန်းသွားရမှာလေ..”
“ဟာ..နောက်ကျနေလိမ့်မယ်..”
“ရတယ်..”
ဇို ရဲ့ ခပ်ပြတ်ပြတ်လေသံက ဘာကို အလိုမကျဖြစ်နေမှန်း ကိုယ်တိုင်လည်း မသိပေမဲ့ ဒေါသတော့ ဖြစ်နေပြီ...။
ဆေးခန်းက ပြန်ထွက်လာတော့ အမ့်က သူ့လက်က ပတ်တီး ဖြူဖြူတွေကို ကြည့်ပြီး အသံမထွက်ပဲ ကိုယ်လုံးတုန်အောင် ရယ်နေတာ ဇို အမြင်ကပ်လာရသည်..။
“ဘာဖြစ်နေတာလည်း..”
“အဟွင်း...ဘာမှမဟုတ်ပါဘူး..ဟား..ဟား..လက်ကို ဓာတ်ပုံ ရိုက်ထားချင်လို့ပါ..”
“ပျော်နေပုံပဲနော်...”
“လက်နာတာ အကြောင်းမဟုတ်ဘူး..ဇို မထိခိုက်သွားတာပဲ တော်ပါတယ်..”
သူပြောလိုက်မှ ဇို့ ကို  ၀င်ဆွဲရင်း သူ ထိခိုက်သွားရတယ် ဆိုတဲ့ အသိက ပြန်၀င်လာတော့ စိတ်ထဲရှိသလို ပြောမိတာ အားနာရပြန်သည်..။
“အခုတော့ အထုတ်တွေလည်း မနိုင်တော့ဘူး သုံးရက်လောက်တော့  ခံလိုက်အုံး..”
ဇို ပြောရင်း ခြင်းနဲ့ အထုတ်တွေကို ယူခါ ဂေဟာထဲ ၀င်လာတော့ ရယ်ကြဲကြဲ နဲ့ သူလည်း နောက်က လိုက်၀င်လာသည်..။
“ဆရာ ဘာဖြစ်တာလည်း..”
“လက်က ဘာဖြစ်တာလည်း..”
ကလေးတွေရဲ့ တစ်ယောက်တစ်ပေါက် စပ်စုသံကြောင့် မစု ဆင်းလာသည်..။
“ဘာဖြစ်တာလည်း အမ်..”
“ဟီး ချော်လဲတာ မစု..”
“ကဲကြည့် ဖြစ်ရမယ်..ထိုင်နေအုံး..”
ဇို ကြည့်လိုက်တော့ မပြောနဲ့ ဆိုတဲ့ ပုံစံမျိုး ခေါင်းယမ်းပြနေသည်..။
သက်ပြင်းတစ်ချက် ခိုးရှိုက်ရင်း မီးဖိုဆောင်ဘက်ကို ထွက်လာခဲ့လိုက်ရသည်..။
အပေါ်ယံ မှာ ဘာမှ မခံစားရသလို ပြောဆိုနေပေမဲ့ ဇို လည်း စိတ်ထဲမကောင်းပါ ကိုယ့်ကြောင့် သူတစ်ပါး ထိခိုက်နာကျင်သွားရတာ မို့ ခရမ်းချည်သီးကို မက်မိတဲ့ ကိုယ့်ကိုယ်ကို ဒေါသချည်း ထွက်နေမိသည်..။
မီးဖိုဆာင်ထဲမှာ ချက်ပြုတ်ပြီး ထမင်းကျွေးချိန် တစ်နာရီလောက်နောက်ကျသွားပေမဲ့...။
စေတနာ တရားကြောင့်လား ဆရာမတွေရဲ့ စိုးရိမ်ပူပန် ပြီး ဆုတောင်း မှုကြောင့်လား မသိ ထိုညစာက လောက်ငှ စွာပြီး ဆုံးသွားတော့မှ သက်မ ချနိုင်တော့သည်..။
“ဇို..မာမာ လိုက်ပို့ ပေးရမလား..”
“ရပါတယ်..မာမာ..ဇို တက္ကစီ နဲ့ ပြန်မှာပါ..”
“အင်း..အိမ်ရောက်ရင် ဖုန်းဆက်အုံး ကွယ်..”
“ဟုတ်ကဲ့..”
ပြန်ခါနီး အဆောင်ဘက် တစ်ချက် ဝေ့၀ဲ ကြည့်လိုက်ပေမဲ့ အမ့် ရဲ့ အရိပ်အယောင်တောင်မတွေ့ရတော့..ဇို မမေးတော့ပဲ ပြန်လာခဲ့လိုက်ရသည်..။
ဇို အိမ်ပြန်ရောက်ပြီး ဖုန်းအားသွင်းရပြန်ပြီ...။
မာမာ စိတ်ပူပြီး ဖုန်းစောင့်နေမှာ သိပေမဲ့ ဖုန်းအားကုန်တာကို ထိုင်စောင့်နေရင် ကြာမှာ မို့လို့ အချိန်ရတုန်း ရေ အမြန် ချိုးလိုက်သည်..။
“ဟလို...မာမာ ရောက်ပြီ..”
“ကြာပြီ..ဖုန်းအားကုန်သွားလို့ပါ...အမ်ရော သက်သာလား...”
“ဟုတ်..”
ဇို က ကိုယ့်ကြောင့် သူ ထိခိုက်သွားတာဆိုပြီးအားနာနေမိတာ....
ကျစ်...
ဖုန်းချပြီးတော့ မျှော်လင့်ချက်ဖြင့် ခဏခဏ ၀င်ကြည့်ဖြစ်သည့် မက်ဆင်ဂျာ ထဲ ၀င်ကြည့်မိပြန်သည်..။
ဇို ကိုယ့်မျက်လုံး ကိုယ်မယုံနိုင် အော်ဒါ တင်သွားတာ လေးယောက်တောင် ညနေကတည်းက ဖုန်းမကြည့်ဖြစ်တော့တာ..စာ ကပို့ထားတာတောင် ကြာနေပါပြီ..။
ဇို ခေါင်းရေစက်စက် ဖြင့် လက်တွေက ဖုန်းစကရင် ပေါ်မှာ လွတ်လပ်မြန်ဆန် စွာ ရွေ့လျားသွားသည်..။
“အောင်မယ်..စောလှချည်လား.နှိုးစရာတောင် မလိုဘူး..”
“အော်ဒါ ပို့ရမယ်လေ..”
“တယ်ဟုတ်ပါလား..ဘယ်နှစ်ခုလည်း..”
“လေးခု..”
“အို ..ဂုဏ်ပြုပါတယ်ကွာ..ဇို ကောင်းစားရင် ငါ့ ကို မမေ့နဲ့ နော်..”
“ခုလောလောဆယ် ကားခ ငါးထောင်လောက် ပေးအုံး..”
“မှားပြီ..”
ခိုင်ခိုင် က ပိုက်ဆံအိတ်ထဲက ငါးထောင်ထုတ်ပေးတော့ ဇို ဆွဲယူပြီး ပြေးထွက်လာရသည်.။
ဇို့ လက်ထဲ မှာ မနေ့ကရောင်းရတဲ့ ပိုက်ဆံ ရှိနေပေမဲ့ အကြွေး အတွက်သာ ကျေအောင်စုပြီး မသုံးဖို့ ဆုံးဖြတ်ထားသည်..။
ငွေမရှိ စကားမတည် ဖြစ်ရမှာ သေလောက်အောင် ကြောက်ပါသည်..။
မျှော်လင့်ချက် မဲ့နေသည့် ဇို့ အတွက် ငါးခု ရောင်းထွက်ပါပြီ ဆိုတာ နည်းသလား..။
ဆွဲကြိုး ဘူးလေးတွေကို သေချာ ထုတ်ပိုးပြီး ကားတင်ပေးခါ ဘဏ် ပိုက်ဆံကို မထုတ်ပဲ ထားလိုက်သည်..။
ဒီနေ့ အလုပ်သွားရတာ အရာရာလှပနေသလိုလို...။
“မောနင်း.ဇို..”
“မောနင်း..”
“ပစ္စည်းပို့မယ်..အချိန်မှီပို့မယ်..အသေအချာပို့မယ်..”
ဇို စိတ်ထဲပျော်သလို ရှိတာနဲ့ လုပ်ဆောင်ချက်တွေ ရွတ်နေတော့
ကျော်ပိုင်က မေးထောက်ပြီး သေချာ လိုက်ကြည့်ခါ
“ဟဲ..ဟဲ..ပျော်နေတာ..ပျော်နေတာ..ယောင်္ကျားက စိန် နားကပ် ၀ယ်ပေးလို့လား..”
“နိုး..”
“ဇိုက ရယ်နေရင်လှသား..”
လုပ်ပြန်ပြီ နောက်တစ်ယောက်..စကားတွေ တိုက်ဆိုင်သွားတော့ အမ့်ကို သတိရလိုက်သည်..။
သူ့လက်ကော ဘယ်လိုနေလည်း..
ကောင်းသွားမှာပါ..။
“ကလင်..ကလင်...”
ရုံးဖုန်းမြည်လာတော့ ကျော်ပိုင် စာရင်းစစ်နေလို့ ဇိုပဲ ထကိုင်လိုက်ရသည်..။
“ဟုတ်ကဲ့...ဂိုက် ဒယ်လ်ဘရီ ဆားဗစ်မှ ကြိုဆိုပါတယ်ရှင်..”
“ဇို...ဇို..ခဏ..”
ဇို မျက်မှောင်ကြုတ်ပြီး ဖုန်းချပစ်လိုက်ရသည်..။
“ကလင်...ကလင်...”
“ကလင်......ကလင်.......”
“ဇို ဖုန်းလာနေတယ်လေ...”
“နင်ကိုင်လိုက်ပါ..”
“ဟင်..”
ကျော်ပိုင်က နားမလည် ခေါင်းစောင်းခါ ခုံက ထလာပြီး ကိုင်လိုက်သည်..။
“ဟုတ်ကဲ့..”
“ဇို အလုပ်ထွက်သွားပါပြီ..”
ကျော်ပိုင် က သွားစေ့ပြီး နှုတ်ခမ်းပါ မဲ့နေပြီ..
“ဟုတ်ကဲ့ အဲဒါ အသံသွင်းထားတာပါ..”
“လူကြီးမင်းကို အရင်တစ်ခါပြောခဲ့သလိုပဲ ပါဆင်နယ် မို့လို့ ပေးလို့မရပါဘူး..”
ဖုန်းချပြီးတာနဲ့ ကျော်ပိုင်က ခေါင်းကုတ်ရင်း..
“ဟူး..ဟောက်တာဆိုတာ..မသိရင်..အိမ်က အဖေကြီးကျနေတာပဲ...ဖုန်းနံပါတ် အိမ်လိပ်စာ တစ်ခုပြီး တစ်ခုပဲ...”
“သင့်ခ်ယူ...”
“ဒီဘဲကြီးက ဇို့ကို လိုက်နေတာလား..”
“မသိဘူးလေ..”ဇို မထုံတက်တေး ပုံစံလုပ်ပြောလိုက်တော့ ကျော်ပိုင်က ခေါင်းသာတွင်တွင်ကုတ်ပြီး စာရင်းပြန်စစ်သည်..။
ဇို လည်း ခုံမှာ၀င်ထိုင်ရင်း အသည်းအသန်ဖြစ်နေသည့် တွေ့ဆုံမှုတွေကို သဘာပေါက်လာသည်..။
သုသု အကြောင်းတွေ သိသွားပြီး နောင်တရရင် အခုလို အရူးထလာမှာသိပေမဲ့...ကလေးမမွေးခင် သိသွားတာတော့ အံသြရသည်..။
“ဟုတ်ပါတယ်...အခုလို ဖြစ်လာတာ ဘယ်သူ ပယောက မှ မပါဘူး..ဟုတ်တယ်...ဟုတ်..”
ဘောပင်နဲ့ မှန်ကို ထိုးပြီး ပြောနေတဲ့ ဇို့ကို ကျော်ပိုင်က မျက်လုံးပြူးပြီး ကြောင်ကြည့်နေပြန်သည်..။
“သရုပ်ဆောင်လေ့ကျင့်နေတာပါ..ဟ..မရူးပါဘူး..”
“မသိပါဘူး.ဗျာ..”
ဇို ပစ္စည်းစာရင်းတွေစစ်ပြီး ပို့ဖို့ စီစဉ်လိုက်သည်..။
အလုပ်ထွက်မှာ သေချာသွားပေမဲ့ နောက်ဆုံးအချိန်ထိ တာ၀န်ကျေချင်ပါသည်..။
“ဇို့ ပစ္စည်းတွေလည်း ရောင်းရတယ်နော်..”
“အင်း..အခုတလောမှပါ..”
ဇို ပစ္စည်းတွေကားပေါ်တင်ပြီး တာနဲ့ အ၀င်ဂိတ်တွေကို ဖုန်းဆက်ကြည့်ရင်း
အပြန် မနွယ်ဆီ၀င်ဖို့ အစီအစဉ် ဆွဲလိုက်ရသည်..။
ငွေချိန်းထားတဲ့နေ့မှာ ပစ္စည်း အကုန်ရောင်းကုန်ပြီး အမြတ်ငွေနဲ့ သုံးခု ထပ်ရောင်းလိုက်နိုင်လို့ အသက်ရှုချောင်သွားရတာ..မဟုတ်ရင်တော့ မတွေးဝံ့စရာ..။
“ဇို..တို့တော့ ပဲထမင်း စားရတော့မလား...”
“မနွယ်ကလည်း အထင် စမော လွန်းပါတယ်..”
ဇို ပိုက်ဆံထုတ် ကို ခုံပေါ်တင်လိုက်တော့ မနွယ် မျက်နှာလေးက ၀င်းပ သွားပြီး
“ကိုယ် သိနေတယ်...”
“တစ်ပတ် ကျန်အထိ ခေါင်းခဲနေတာ..အခုလို အဆင်ပြေသွားတာ ဇို မယုံနိုင်သေးဘူး..”
“ကလေး ငွေလိုရင် ထပ်ယူလေ..”
“တော်ပါပြီ...ကြွေးပူဆိုတာ ဘာနဲ့ မှ မတူဘူး..တကယ် စိတ်ထောင်းကိုယ်ကျေ ပဲ..”
“ဟား..ဟား..”
“တို့လည်း အားပေးမယ်လေ....”
“လက်ထဲမှာ မရှိဘူး မနွယ်ရဲ့ အော်ဒါ တင်မှ လုပ်ပေးဖြစ်တယ်...စာလုံးဖောက် ဒီဇိုင်းတွေ ဆိုတော့ မယူရင် သေရော..”
“မနွယ် နောက်တစ်ပတ် အားလား..”
“ဘာလို့..”
“ဇို အမြတ်ငွေလေး နဲ့ ဂေဟာမှာ တစ်ခုခု ကျွေးဖို့ စီစဉ်ထားတယ်..မနွယ်လည်း လာခဲ့လေ...”
“လာရမှာပေါ့..”
မနွယ်က လိုလို လားလား ဖြင့် ခေါင်းညိတ်တော့ ဇို စိတ်ထဲ ပျော်သွားရသည်..။
မနွယ်ဆိုတာ ဇို့ ရဲ့ မွေးစား အစ်မ.လိုပါပဲ..။
ဂေဟာမှာ ထမင်းကျွေးချိန်ရောက်တော့ လဲ့ရည် သမီးကြောင့်တော်တော်လေး စိတ်ရှုပ်ရသေးသည်..။
ချထားလည်း အော်ငို ချီထားလည်း အော်ငိုနဲ့ မို့ ဇို့ စိတ်ရှိတဲ့ အတိုင်းသာဆို ခပ်စပ်စပ်လေး ရိုက်ပစ်ချင်နေပြီ...။
“ဟဲ့..ဇိုမ...ငါ့သမီးကို လိမ်မဆွဲနဲ့နော်..”
ဇို့ရဲ့ အကြံကို သိသွားသလို မျိုး လဲ့ရည် က သတိပေးလိုက်တော့ ဇို ပခုံးတွန့်ပြလိုက်ရသည်..။
“နင့် သမီးက တော်တော် အာကျယ်တာပဲဟာ..နားကိုငြီးနေတာပဲ..”
“အောင်မလေး..ဒါ တော်သွားတာ..”
“တော်သွားတာ..”
ဇို မနိုင်တဲ့ အဆုံး သရက်ပင်အောက်က ကွက်ပျစ်မှာ ထိုင်ခိုင်းပြီး အမျိုးမျိုး ချော့မြူနေရသည်..။
လဲ့ရည်က အလှူကူဖို့ဆို ဝါသနာ ပါသူပီပီ သမီးမေ့ခါ အိုးသူကြီးလုပ်နေသည်..။
“အင့်..”
“ဟဲ့ မငိုနဲ့နော်...ငါ ရိုက်မှာ..”
“အင့်...အင့်....”
ဇို ပြောမိခါမှ စိန်ခေါ်သလို ခြေဆောင့်ပြီး ပိုငိုပြတော့သည်..။
“လူလေး လာပြီ..ဒေါက်..ဒေါက်....”
ဇို လက်နှစ်ချောင်းနဲ့ ဆော့ပြတော့ ခဏငြိမ်သွားပြီး ပြန်ငို ပြန်သည်..။
“တူ....”
“ဝါး...”
“ခစ်..ခစ်...”
“ဟွန့် နင် ရယ်တက်သားပဲ..”
“တူ...”
ဇို မျက်နှာကို လက် နှစ်ဖက် နဲ့ ကွယ်လိုက်တော့ လဲ့ရည် သမီိး အတက်မလေးက လက်ကို ဆွဲခွါသည်..။
“ဝါး..”
“ခစ်..ခစ်...”
“အကျွေးအမွေးနဲ့ တိုးတာပဲ..စားရချည်ရဲ့..”
ကလေးနဲ့ဆော့နေချိန် နောက်က ထွက်လာတဲ့ အသံကြောင့် လှည့်ကြည့်မိသည်..။
“အမ်...”
“ဆောဒီး..စောစောရောက်လာပြီး ကူပေးရမှာကို အလုပ်ကြောင့် မလာနိုင်ဘူးဖြစ်သွားတယ်..”
“ရပါတယ်...လာတာပဲ ကျေးဇူးတင်နေပြီ..လက်ကော ဘယ်လို နေသေးလည်း..”
“ကောင်းသွားပြီလေ...သုံးရက်ပဲ ကြာတယ်..”
“တော်သေးတာပေါ့..”
“ကို့ ကို မြင်မှ မေးဖို့သတိရတာမလား..”
“ဟုတ်တယ်..”
ဇို အမှန်အတိုင်း ၀န်ခံလိုက်ရပေမဲ့ အားနာရသည်..။
သူက ဇို့ကြောင့် ဒဏ်ရာရခဲ့ပေမဲ့ ဇိုကတော့ တကယ် မေ့မေ့လျော့လျော့ ...
“ဇို ပြန်ရင် ဘာလို့ မနှုတ်ဆက်တာလည်း..” အလိုမကျတဲ့လေသံနဲ့ မေးလာတော့ ဇို နားမလည်နိုင်ဖြစ်ရသည်..။
“ဘာလို့လည်း....”
“ကိုယ် က ဇို မပြန်သေးဘူးထင်ပြီး အလုပ်လုပ်နေတာ ပြေးထွက်လာရင် ဇို မရှိတော့ဘူး..”
“အလုပ်က ခေါ်လို့ပါ..”
ဇို စကားပြောနေတာကို မစောင့်နိုင်သလိုမျိုး လဲ့ရည်သမီးက ဇို့ လက်ကို ဆွဲယူခါ မျက်နှာမှာ ကပ်ပေးနေသည်..။
“တူ...”
“ဝါး..”
“ခစ်..ခစ်..”
“ဟား..ဟား...အလည်မလေး..”
အမ် က ကင်မရာကို လဲ့ရည် သမီးလေးကို သေချာချိန်ပြီး ရိုက်လိုက်သည်..။
“ရိုက်မယ်နော်..ရယ်နေတာလေး ..ချစ်ဖို့ကောင်းလို့”
ခွင့် တောင်းရအောင် ကိုယ့်ကလေးလည်း မဟုတ်ရပါပဲ...။
“လဲ့ရည်...နင့်သမိး ပြန်ခေါ်အုံး..”
“ခဏလေးဟေ့..”
လဲ့ရည် ဖေ့ဘွတ်မှာ တင်လိုက်တဲ့ သူငယ်ချင်း ၄ယောက်နဲ့ မနွယ်ပါ ၅ယောက်တွဲပုံလေးကို ကြည့်ရင်း ဇို ပြန်ပျော်လာရသလိုလို...
ထိုနေ့က ဇို့ရဲ့ အခင်ဆုံးတွေနဲ့ အတူတူ ဆုံဖြစ်ပြီး တော်တော်လေး ပျော်ခဲ့ပါသည်..။
အွန်လိုင်းရှော့ လုပ်ဖြစ်နေတော့ ခေါင်းပိုရှုပ်ရသလိုပစ္စည်း ပို့တာ ငွေ ၀င်တာလည်း အမြဲ စစ်နေရတာ...
တစ်ခု အာရုံစိုက်နေရင် တစ်ခုမေ့တက်သည့် ဇို့ အကျင့်ကြောင့် ..ဘာကို မှ သတိမရမိ..
ပိုက်ဆံဆိုတာ ရှာဖွေလေ..ရရှိလေ..ဆိုပေမဲ့ ကိုယ်ဘက် ပြန်ပေးရတာ က လွတ်လပ်တဲ့ အချိန်တွေ..။
ကလေးတွေကို သတိရသလိုလို ရှိတာနဲ့ မရောက်တာ နှစ်ပတ်ကျော် ကြာပြီ ဖြစ်တဲ့ ဂေဟာ ကို နေ့ခင်းပိုင်း အချိန်ယူပြီး ထွက်လာခဲ့လိုက်သည်..။
ခြံထဲကို ၀င်လိုက်တာနဲ့ ရေကန်အသေးမှာ ပုဆိုးအောက်ပိုင်း ရေစို နဲ့ ရေခပ်နေတဲ့ အမ် ကို တွေ့လိုက်ရတော့
ဇို အနားကို လျှောက်သွားမိသည်..။
“ဟေး..”
“ဟေး..အတော်ပဲ ရေကူခပ်ခိုင်းရင် စိတ်ဆိုးမလား.”
“နိုးပရော်ပလမ်..”
ဇို သွက်လက်စွာ အပေါ်ထပ် အကျီင်္င်္ လက်ရှည်ကို  ချွတ်လိုက်ပြီး ကွပ်ပျစ်ပေါ်တင်ခဲ့လိုက်သည်..။
ရေကန်က အနိမ့်မို့ တီရှပ် ကိုတောင် လက် ခေါက်တင်ရသေးသည်..။
“ရတနာ...ဆရာမ ကို ရေခွက်ပေးလိုက်..”
အနားမှာ ရပ်ကြည့်နေတဲ့ ကလေးမလေးက ရေခွက် ပြေးယူပြီး လာပေးသည်..။
“ဟား..ဟား..တစ်ယောက်တည်းဆိုတော့ လက်ညောင်းလာသလိုလို ဖြစ်နေလို့..”
“ရေကန်က အကြီးကြီး ကိုး....” ဇို့ရဲ့ ရွဲ့ပြောလိုက်တဲ့ အပြောကို အမ်က ရယ်ရင်း ခေါင်းညိတ်လက်ခံလိုက်သည်..။
“ဇို က ပြိုင်ပွဲတွေ ကြိုက်လား..”
ဇို ခေါင်းရမ်းလိုက်ရင်း..
“ကိုယ့်ကိုယ်ကို စိန်ခေါ်ရတာပဲ ကြိုက်တယ်..”
“အင်း..တစ်ယောက် တစ်မျိုးပေါ့..ကိုယ် နဲ့ ပြိုင်ခပ်ကြမလား.”
“အိုကေ..”
ရေကန်ပေါက်စလေးကို ခပ်ရတာ ဘယ်လောက်မှ မကြာခင် ပြီးသွားတော့ ရေပြန်ထည့်ဖို့ လုပ်နေချိန် စိုရွဲနေသည့် သူ့ ကို ကြည့်၇တာ မသက်သာတာမို့
“အ၀တ်သွားလဲလိုက်တော့ အစိုနဲ့ နေတာ ကြာနေပြီပဲ...ဒါ ဇို ပဲ ဆက်ထည့်လိုက်မယ်.”
“ကျေးဇူး..”
အဆောင်နောက်ဘက် ကို ခပ်သုတ်သုတ် လျှောက်သွားတဲ့ အမ် ကို ကြည့်ရင်း ဇို တစ်ချက် ပြုံးမိသည်..။
ခင်မင် ရသူ တစ်ယောက်နဲ့ စကားပြောရသလိုမျိုး အမ် နဲ့ စကားပြောရင် ပေါ့ပါးလွတ်လပ်သည်..။
ဒါကြောင့် လည်း ဇို ဂေဟာ လာပြီး အမ် မရှိတဲ့ ရက်ဆို တစ်ခုခုလို နေသလိုလို..။
ရေသစ်ထည့်ပြီး ကွပ်ပျစ်မှာ ထိုင်နေချိန် အမ် က အ၀တ်အစားအသစ်လဲပြီး ထွက်လာပြီ..။
“ဇို လုပ်တာ မြန်တယ်နော်..”
“..မြန်အောင် လုပ်တာကိုး.”
“ဇို လည်း စိုကုန်ပြီ..”
“အကျီ င်္ လက်ပဲစိုတာ ရတယ်...”
အကျီ င်္ဆိုမှ သူ့အကျီ င်္ပြန်ပေးဖို့ သတိရလို့ ဇို အိတ်ထဲထည့်လာသည့် ခေါက်ပြီးသား အကျီ င်္ကို ထုတ်လိုက်ရသည်..။
“ရော့ ပေးဖို့မေ့နေလို့ ကြာသွားတယ်....လက်ကော ကောင်းသွားပြိလား..နာသေးလား..”
“..မနာတော့ပါဘူး...”
အကျီ င်္ကို ပိုက်ထားရင်း ဇို့ကို ပြုံးပြီး စိုက်ကြည့်နေတော့ ဇို မျက်မှောင်ကြုတ် လိုက်မိသည်..။
“ဘာဖြစ်လို့လည်း..”
“ဘယ်အချိန် ပြန်မယ် မှန်းမသိလို့ စောင့်ကြည့်နေတာ..”
“မပြန်သေးပါဘူး..”
“ဇို့ ကို မတွေ့ရတာကြာပြီနော်...”
“မျကာပါဘူး..”
“နှစ်ပတ်တောင် ရှိနေပြီ..”
“အဟား..သိနေတယ်.အမ် ကော ဘာထူးလည်း..တစ်ခါပျောက်သွားရင် အကြာကြီး...’
“ကိုယ် ရဲ့ အလုပ်က အဝေးထိ သွားရလို့ပါ..”
“သြော်.”
ဘာအလုပ်များလည်း လို့ တွေးမိပေမဲ့ ဇို နှုတ်ကတော့ ထုတ်မမေးမိပါ..မေးရအောင်လည်း သက်ဆိုင်မှု မရှိ..။
“ဒီ လတော့ တစ်ပတ် တစ်ခါလောက် ရောက်အောင်လာခဲ့ပါ လားဇို..”
“အင်း .အလုပ် ရှိလို့လား..”
“မရှိပါဘူး..”
သူ့ ဆီ က သက်ပြင်းချသံ သဲ့သဲ့ ကြားရသလို ရှိပေမဲ့ ဇို အထင်မှား တာလည်း ဖြစ်နိုင်သည်..။
“မသေချာ မရေရာပဲ တွေ့ရမလားလို့....နေ့တိုင်း မျှော်ရတာ ကိုယ်မောတယ်..”
စကားတွေက ဘာကို ရည်ရွယ်ပြောနေတာလည်း ....
“သြော်..လိုအပ်ရင် ဖုန်းဆက်လိုက်ပေါ့ အမ်..”
“ကိုယ် ကြောက်တယ်..”
သူ့ဆီက အရဲစွန့်ပြီး ထွက်လာတဲ့ အသံမို့လို့ တိုးလျလျဖြစ်နေပေမဲ့ ဇို အံသြသွားရသည်..။
ဘာကိုကြောက်တာလည်း..အရင်ကဆိုရင်တော့ တစ်မျိုး..အခုလို ရင်းနှီးခင်မင်နေတဲ့ သူက ဖုန်းဆက်ဖို့ကြောက်ရတယ်ဆိုတော့ သိပ်တော့ အဓိပ္ပာယ် မရှိ..
ရှေ့က သူ့ကို ကြည့်တော့လည်း..အကြည့်ကို မြေကြီး မှာ ဆိုက်ပြီး  နောက်တာလား အတည်လား ဇို လည်း ဝေခွဲလို့ မရ..။
“ဇို့ ကို  ကိုယ် ၀န်ခံစရာ ရှိတယ်..”
“ဘာလည်း..”
“ဒီ ရက်ပိုင်း ဇို့ ကို မတွေ့ရတော့ ကိုယ် တကယ် မနေနိုင်ဘူး....အလုပ်တွေထားပြီး ဇို နဲ့ တွေ့ခွင့်ရမလားလို့ ..ကိုယ်နေ့တိုင်း ဂေဟာလာဖြစ်တယ်..”
“အင်း..ပြောစရာ ရှိလို့လား..”
သူ့ရဲ့ အကြည့်တွေက နားမလည်ရကောင်းလားဆိုတဲ့ မေးခွန်းမျိုး မေးနေသလိုလို
“....ကိုယ်...ဖုန်းနံပါတ် ရအောင်စုံစမ်းပြီး..ဖုန်းခေါ်ဖို့ လည်း..အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်..ဒါပေမဲ့ ဇို စိတ်ဆိုးသွားမှာ စိုးလို့..”
သူ့ရဲ့ ရှေ့ဆက် လာမဲ့ စကားတွေကို ကြိုသိနေသလို ဇို ခေါင်းရမ်း တားဆီးလိုက်ပြီး..
“အမ် က ဒီ က ဆရာလေ..”
“ကလေးတွေကို စာသင်ပေးလို့ ဆရာလို့ခေါ်တာ ပါ..”
“ဘယ်လို...ဟာ...ဘာတွေလည်း..”
ဇို မှားပြန်ပြီလား....ယောင်္ကျား တစ်ယောက် ကို သူငယ်ချင်း အဖြစ်သဘောထားမိတာ အမှားတစ်ခု ဖြစ်သွားပြီလား..။
ကိုယ့်ကိုယ်ကို ပြစ်တင်ကျိန်ဆဲရင်း..မုန်းတီး စက်ဆုပ် လာမိသည်..။
“ကိုယ် ကို ပြောခွင့်ပြုပါ..”
“မပြောနဲ့တော့..ပြန်တော့မယ်.”
ဇို ကျောခိုင်းလိုက်တာနဲ့ လက်ကို ရုတ်တရက် ဆွဲခံလိုက်ရလို့ ဒေါသထွက်သွားရသည်..။
စူးစူးရဲရဲ ပြန်ကြည့်လိုက်တော့ ပျာပျာသလဲ ပုံစံ နဲ့ လက်ကို လွှတ်လိုက်ပြီး..
“ဇို့ ဓာတ်ပုံလေးကို ကိုယ် ခွင့် မရှိပဲ သိမ်းထားမိတယ်..”
သူ့ အိတ်ကပ်ထဲက ထုတ်ပြတဲ့ ပုံဆီ ဇို အကြည့်ရောက်သွားတော့ လဲ့ရည် သမီးလေး ပုံက တစ်စွန်းတစ်စ နဲ့ အတူ ပုံ အပြည့်မှာ ဇို ရယ်နေတဲ့ ပုံ..။
ကိုယ့် မျက်လုံး နဲ့ မြင်ရလို့သာ.ယောင်္ကျား တစ်ယောက်ရဲ့ ဘေးမှာ...ဇို ဒီလိုမျိုး လွတ်လပ်ပျော်ရွှင်စွာ ရယ်မော ဖူးသတဲ့လား..။
ချစ်သည် ဖြစ်စေ..မုန်းသည်..ဖြစ်စေ..စိတ်ကစားသည် ဖြစ်စေ...
ဇို မျက်နှာ ကို တင်းမာ ပစ်လိုက်ခါ လျော့ရဲ့ရဲကိုင်ထားသည့် သူ့ လက်ထဲ က ဓာတ်ပုံကို ဆောင့်ဆွဲယူလိုက်သည်..။
မထင်ထားသော တုန့်ပြန် မှု တစ်ခုကြောင့် ထိတ်လန့် အံသြသည့် မျက်၀န်း တစ်စုံကို ဇို ရင်ဆိုင်လိုက်ရချိန်..
“ငါ့ မှာ ယောင်္ကျား ရှိတယ်..”
“ဟင်..”
အမြဲတမ်း ပြုံးယဲ့ယဲ့ ရှိနေတက်တဲ့ နှုတ်ခမ်းတစ်စုံက တုန်ယင်နေသလိုလို..
မျက်နှာမှာ လွှမ်းနေတဲ့ သွေးရောင်တွေကလည်း လျော့သည်ထက် လျော့ ခါ အဖြူရောင်ဘက်သို့ ကူးသွားသည့် သူ့မျက်နှာ က ဘယ်လောက် ခံစားလိုက်ရကြောင်း သက်သေ ပြနေသည်..။
မယုံနိုင်ခြင်း မျက်၀န်း တစ်စုံနဲ့ အတူ  နှုတ်ခမ်း တစ်စုံ က ခပ်ဟဟ ပွင့်လာပြီး..
“ကိုယ် တောင်းပန်ပါတယ်....”
ဇို ကွပ်ပျစ် ပေါ်က အကျီ င်္ ကို ကောက်ယူခါ ထွက်လာခဲ့မိသည်..။
ဘယ်သူ ချစ်တာမှ မခံချင်တော့သလို ဘယ်သူ ချစ်လာအောင် မှ မဆွဲဆောင် ချင်ဘူး..။
တကယ်တော့ အချစ်ဆိုတာ ဇို့ အတွက် တစ္ဆေတစ်ကောင် လိုပါပဲ...။
အချစ်ဆိုတာ မတွေ့ခင်က တွေ့ဖူးချင်ပေမဲ့ မတော်တဆ တွေ့မိခဲ့ရရင် နောက်တစ်ခါ တွေ့ဖို့ ကြောက်လန့် သွားမဲ့ အရာ တစ်ခု...။

。☆✼★━━━━━━━━━━━━★✼☆。

#tagတွဲပေမဲ့စာတွေများလို့လားappကြောင့်လားမသိဘူးမရဘူးဖြစ်နေကွယ်tagတောင်းထားတဲ့
စာဖတ်သူလေးတွေကိုတောင်းပန်ပါတယ်နော်🙏

ဇာတ်လမ်းလေး အဆက်အမိခဲ့ရင်
ခွင့်လွှတ်ပါ 🙏

အရေးအသား မကောင်းလည်း😭
သည်းခံပြီး ဖတ်ပေးကြလို့❤
စာဖတ်သူ အားလုံးကို 😙
ကျေးဇူးအထူးတင်ပါတယ် နော်🙏📖💪❤

Love u all ❤
#စပိုက်ကာ

ZoeWhere stories live. Discover now