Part 1

25.6K 441 6
                                    

ပန်းကြိုးနွယ်
အပိုင်း (၁)
#ပန်းကြိုးနွယ်

“မိကြွေ...မိကြွေ...ငါ့သမီးလေး တော်လှ တော်လှ နဲ့ တံမြတ်စည်း မြင်းစီးထွက်တယ်...”
“ယောက်မ ပါ အဘရဲ့..”
စိတ်ဆိုး၍ မျက်နှာက နီမြန်းမြန်း မို့အစ်အစ် ဖြစ်နေသော အဖေလုပ်သူ ဒေါသလျော့သွားစေရန် ရည်ရွယ်ပြီးပြောလိုက်သော်လည်း  အဘ က ခင့်ဘက်ကို လှည့်ပြီး လက်ညိုးထိုးရင်း..
“တိတ်စမ်း...ညည်း အသုံးမကျလို့ ..”
“ခင် နဲ့ ဘာဆိုင် တုန်း...”
“ဆိုင်တာပေါ့ဟေ့..ဆိုင်တာမှ ဆိုင်းတောင် မြည်သေး..အစ်မကြီး အမိရာ ဆိုတဲ့ စကား ဘာကိုရည်ညွန်းတာလည်း...နင် မသိဘူးလား..”
“ခင် လည်း ညီမလေးကို အမေလို အစ်မလို သင်ပြပြောဆိုခဲ့တာပဲ အဘရယ်..ပြီးတော့ မိကြွေက တခြားမိန်းကလေးတွေလို ပျာကလပ်တက် လုပ်နေတာမှ မဟုတ်ပဲ...”
“ဘာ...အခု လင်ယူဖို့ လုပ်နေတာကြတော့ကော..”
အဘ အော်သံကြောင့် ခင် ပျာပျာသလဲဖြင့် လက်ကာရင်း
“တိုးတိုး ပြောပါ အဘ ရယ်..အခုက လူငယ်သဘာ၀ မေတ္တာမျှရုံလေးကို ..အဘပြောမှ ပြည်ပျက်သလိုကြီး ဖြစ်နေပြီတော်..”
“တယ်...လုပ်ထလိုက်ရ သေအုံးမယ်...မိ ခင် ညည်း နေစမ်း ဟိုဟာမ မိကြွေ...နင်အကောင်ကို တစ်ခါတည်းပြောလိုက် ရွာထဲတောင်မလာနဲ့လို့ ကြားတယ်နော်..”
“သမီး တစ်ကောင် နွားတစ်ထောင်တဲ့...ဘယ်မှာလာပြီး သောက်သုံးကျမလည်း..မိဘမျက်နှာ အိုးမြည်းသုတ်ချင်တဲ့ အမိုက်မ..ကလေက၀ ကောင်ကိုများ ကြိုက်ရတယ်လို့..”
“အို..အဘ ကလည်း အဲလို မပြောပါနဲ့..ညီမလေးအခုကြိုက်နေတဲ့သူက တကယ်ချစ်လို့ လာတောင်းချင်တာ..အဘက ကျောင်းတော်က စပါးလု ရန်စနဲ့ လက်မခံလို့ ညီမလေးတို့ အခုလိုနေရတာ...ညီမလေးက ထင်ပေါ်လို့ စင်တော်ကကောက်တာ...”
“ဟော်..ဟော်...ကောက်တာ မဟုတ်ဘူး..ခေါက်တာ...”
“ဂွတ်..”
အဘရဲ့ လက်ဆစ်ကြီးကြီးမာမာတွေကြောင့် ခင့် မျက်ရည်ဝဲတက်သွားသည် အထိ အီစိမ့်သွားခါ လက်ဖြင့်သာ ခေါင်းကို တွင်တွင် ပွတ်နေရသည်..။
“သွားစမ်း...ခင်ခင် ရေနွေးသွားကျိုစမ်းချေ..မိန်းကလေး ဖြစ်ပြီးပေါ့ပျက်ပျက်နဲ့ နေ့လည်တောင် မရောက်သေးဘူး ရေနွေးကုန်နေပြီ..”
အဘရဲ့ စေခိုင်းမှုကြောင့် ထလာခဲ့ရပေမယ့် ညီမဖြစ်သူကို ၇ိုက်နေမည်စိုးလို့ စိတ်မချစွာနောက်ကြည့်နောက်ကြည့်ဖြင့် ခြေလှမ်းနှေးစွာလျှောက်လာခဲ့ရသည်..။
“မိကြွေ ကျူပ်ပြောတာကြားတယ်နော်..ညည်း အစ်မသာ ၀င်မခံရင် ငါ့ဒေါသကြောင့် သေမယ်နော်..သွား..နင့် အစ်မကို သွားကူ..”
အငယ်မ မိကြွေသို လည်လွန်းသွပ်လွန်းသူပီပီ ဟန်ဆောင်မူပိုထားသည့် မျက်နှာညိုးညိုးဖြင့် ထောင်ချောက်က လွတ်တဲ့သမင်လို လှစ်ခနဲ့ မီးဖိုချောင်ထဲ ၀င်ပြေးသွားသည်..။
သမီးနှစ်ယောက်ရှေ့ရေးကို ရင်လေးစွာ စဉ်းစားရင်း လက်ထဲက ဆေးပေါ့လိပ်ကို ခပ်ရှိုက်ရှိုက် ဖွာထုတ်လိုက်သည်..။
မခင်မေ ကတော့ သူ့ကြီးတော် နဲ့ အမေ ဖြစ်သူရဲ့ ဆုံးမမှုအောက်မှာ နေထိုင်လာသူပီပီ အနေအထိုင်တက်သော်လည်း..
မခင်ကြွေကတော့ မိတဆိုးလေးမို့ ငယ်ငယ်ကတည်းက အလိုလိုက်ခဲ့တာကြောင့် အကြောက်တရားလည်း သိပ်မရှိလှပါ..။
ရုပ်ရည်ကလည်း..အကြီးမ မခင်မေက  သမီးထူးမို့ ညိုညိုမှိုင်းအသားအရည်..နှာတံမြင့်မြင့်နဲ့ အတူ မဆိုသလောက် လိုက်မြင့်နေတဲ့ထှော်လှန်လှန် အပေါ်နှုတ်ခမ်း တို့ကြောင့် လူပျိုစကား ပြောမည်သူတောင် မရှိလို့ စိတ်ချရသည်..။
မခင်ကြွေကတော့ အပျိုမဖြစ်ခင်ကတည်းက ရွာရဲ့ ကွမ်းတောင်ကိုင်ဖြစ်နေသူ အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့ အတူ လိုက်ဖက်တဲ့ ကိုယ်ဟန်လည်း ရှိသလို သူကလည်း ၀တ်တက်စားတက်လေးမို့ အတော် လူကြည့်ခံရတာကို ဦးမိုးဝေ မှာ ခံရခက်နေသည်..။
အခုလည်း ဘယ်နှစ်ယောက်မြောက် ရည်းစားမှန်းမသိသည့် ဟိုဘက်ရွာက လှရှင်ရဲ့ သားကိုမှ ကြိုက်ရတယ်လို့...
အရင်ကတော့ လူငယ်ဘာ၀ချစ်ကြိုက်တာပဲ မလွန်မကျူးရင် ပြီးရော ဆိုပြီး အိမ်မှာတွေ့ခွင့် ပေးခဲ့သည်..။
ဒီတစ်ခေါက်တော့ လှရှင်သားမို့ စိတ်ထဲချည်တင်တင် ရှိတာရယ်..ရေခပ်ချိန် လိုက်သွားတာရယ်ကို ပေါင်းပြီး  အရခွဲဖို့ ကြိုးစားပေမဲ့ နာလပိန်းတုံး မိခင်မေ ၀င်နှောင့် လို့ စကားတွေက လိုရင်းတောင် မရောက်ခဲ့နိုင်..။
လှရှင် သားနဲ့မရ ရအောင် ခွဲကို ခွဲရမယ်.လို့ စိတ်ထဲမှ စွဲနေအောင် မှတ်ထားလိုက်သည်..။
“ညီမလေး ရယ်  ဒီလောက်မှာထားရဲ့သားနဲ့ အခုတော့ အဘ ဒေါသပုန်ထနေပြီ..”
“အဘ ကလည်း လွန်တာကိုး..”
“မိဘက စိတ်ပူတာကိုးဟဲ့..အဘကို ပြန်ပြောနေ..နင်ငရဲကြီးလိမ့်မယ်..”
“ဘယ်လိုလုပ်မလည်း..မိကြွေတော့ သိပ်စိတ်ညစ်တာပဲ..”
ဖြောင့်စင်းနက်မှောင်နေသည့် ဆံကေသာကို မညှာမတာ တဗျင်းဗျင်း ကုတ်ပြနေတော့ မနေနိုင်လို့ လှမ်းရိုက်လိုက်ရသည်..။
“လှအုံးဖေ ကို ပြောထားအုံး ခုရက်ပိုင်းမလာနဲ့လို့ အဘက တကယ်သတ်မှာနော်..”
“မမခင် ပဲ စဉ်းစားကြည့်..ကိုလှအုံးတို့က ဟိုဘက်ရွာမှာ အချမ်းသာဆုံး..ပြီးတော့ ညီမလေးကိုလည်း မိသားဖသားပီပီ တောင်းရမ်းလက်ထပ်ပါ့မယ်လို့ ပြောတာကို အဘ က တင်းခံနေတာလေ..”
“နင် နဲ့ ယူပြီးမှ နှိပ်စက်နေမှာ စိုးလို့ပေါ့ဟဲ့..ကလဲ့စားချေတာမျိုးတွေ ဘာတွေ လုပ်နေတော့ ငါတို့လည်း မကူနိုင်ဘူး..လက်ထပ်တာ လွယ်တယ်မှတ်လို့လား..ညည်း အသက်ကလေးက အခု ၁၉ နှစ် ရှိသေး..လင်က လိုချင်နေပြီလား..”
“ဟာ..မမခင် ကလည်း..ပြောလိုက်တာ မညှာမတာ..ချစ်သူ မရှိတိုင်း ကိုယ်ချင်းကို မစာတက်ဘူး..”
စူပုတ်ပုတ် ဆောင့်အောင်အောင်ဖြင့် ကြမ်းခင်းကို ဆောင့်နင်းရင်း အပေါ်တက်သွားပြန်ပါပြီ...။
“အဘ ရေနွေးရပြီ လက်ဖက်ခြောက် မခပ် ထားဘူး..”
“အေး..ထားလိုက်..”
“နေအုံး ခင်မေ..”
မီးဖိုချောင်ထဲ လှည့်၀င်ဖို့ လုပ်ပြီးမှ  အဘ ခေါ်သံကြောင့် ပြန်လှည့်လာခဲ့ရသည်..။
“သမီး ညီမ ကို နားချပါ..လှအုံး တို့ မိသားစု က ဘယ်လို စိတ် ရှိတာ သမီးလည်း သားပဲ..”
“ခင့် အမြင်ပေါ့နော်...ခင့် စိတ်ထင်တော့..”
ကိုယ်ပြောလိုက်တဲ့ စကားကို ဟုတ်ကဲ့ မလာပဲ အမြင်အထင်တွေ တက်လာတော့ ဦးမိုးဝေ သေချာ စိုက်ကြည့်နေလိုက်သည်..။
“အဘ တစ်ထစ်လျော့လိုက်သင့်တယ်..”
“ဘာ...”
ဟိန်းထွက်သွားသည့် အဘအသံကြောင့် ေ၇ှ့စကားမဆက်ရဲသော်လည်း အားတင်းပြီး..
“သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်..ဆူးပေါ်ဖက် ကျလည်း ဖက်...ဖက်ပေါ်ဆူးကျ....ကျ.....”
အဘရဲ့ ရွယ်လိုက်တဲ့ လက်ထဲမှာ နေလှန်းထားတဲ့ ကွမ်းသီးလုံး ပါလာမှန်းသိလို့ ကွပ်ပျစ်ပေါ်က ဆင်းပြီး ခပ်ရှောင်ရှောင်လေး ပြေးလိုက်ရသည်..။
“မိခင်မေ....နင်...”
“ဦးလေးမိုး....”
“ဟေ...သြော်..အေး...မောင်ဟိန်းသူ ထိုင်လေကွ..”
နောက်က ဆိုင်ကယ်တစ်စီး နဲ့ ၀င်လာတဲ့ ဆန်ပွဲစား ဟိန်းသူကြောင့် ခင်မေ လက်မတင်လေး ကွမ်းသီးရန်က လွှတ်သွားရသည်..။
အိမ်အပေါ်တက်မလို့ လုပ်ပြီးခါမှ ဧည့်သည် အတွက် ထန်းလျှက်ခဲနဲ့ အကြော် ချပေးဖို့ သတိရတော့ မီးဖိုချောင် ပြန်၀င်ခဲ့ရပြန်သည်..။
ပြာဖုံးနေတဲ့ မီးခဲကို သံချောင်းနဲ့ တိုးမွှေလိုက်ပြီး ဆီအိုး ပြန်တင်ခါ အကြော်တွေ ကို အပူပေးနေရသည်..။
အဘ သာ သိရင် ပြောအုံးမည် ငါ့တောင် နွှေးမပေးပဲ ညည်း လင်ကို ကျတော့ နွှေးကျွေးရသလားလို့..။
ဟိန်းသူက ဆိုင်ကယ်လေးနဲ့ ခြံဝရောက်တာနဲ့ မခင်မေလို့ အသံပြုတက်တာကို ခင်မေ့ စိတ်ထဲမှာ ကြည်နူးရသည်..။
မခင်မေ လက်ရာ ထမင်း ဟင်းက ဆွေမျိုးမေ့ပဲဗျာလို့ ပြောရင် ခင် ရှက်လွန်းလို့ ခေါင်းငုံ့ထားပေမယ့် စိတ်ထဲမှာတော့ အပျော်တွေဝေလို့...။
သူ့ အတွက်ဆို စေတနာ အလွန်ကဲတက်လာတာ ခင်မေရဲ့ ပြောင်းလဲလာတဲ့ စိတ်သဘောထား တစ်ခု..
ဒီနေ့လည်း တနင်္ဂနွေဆို ဟိန်းသူ အဘဆီလာပြီး ဆန်စပ် မှာ သိလို့ မနက်စောစော ထပြီး ဘူးသီးကြော်ထားရတာ..
“ဟိန်းသူရေ...အကြော်ပူပူလေး စားပါအုံးလား..”
“စားမှာပေါ့ မခင်မေရဲ့ ပေး..ပေး..”
ကွပ်ပျစ်က ထလာပြီ အကြော်ပန်းကန် အပြေးအလွှားလာယူတော့ ခင်မေလက်နဲ့ သူ့လက် မတော်မဆ ထိမိပြီး ရင်ခုန်ရသေးသည်..။
“အကြော်ကလည်း ကြွပ်မွနေတာပဲ....အချဉ်ရည် ကလည်း ရှယ်ပဲ မခင်မေရဲ့...”
ခင်မေ့ မျက်နှာ အပြုံးတဝေ၀ ဖြစ်နေလို့ အဘက မသိမသာ မျက့်စောင်းချိတ်ရင်း နှုတ်ခမ်းမဲ့နေသည်..။
“ဒီလက်ရာ တစ်သက်လုံး စားရလို့ကတော့ ဗျာ...”
ဟိန်းသူရဲ့ စကားကြောင့် ခင်မေ့မျက်နှာ ညိုညိုမှာ ရှက်စိတ်ကြောင့် မဲပြာသွားပြီလားမသိ...။
“အဟ...တယ်ဆိုပါလား...ဘယ်အချိန်လာတောင်းတောင်းကွာ..ကျူပ်သဘောတူတယ်..တို့ခင်မေ က အချက်အပြုတ်လည်း တယ်ကျွမ်းပ..”
“အဘ ကလည်း..ဘာတွေလျှောက်ပြောနေတာလည်း..”
ခင်မေ ဟန်နွဲ့နွဲ့ ပြောလိုက်ပေမယ့် ဟ်ိန်းသူစကားကိုလည်း ရင်ခုန်စွာ နားစွင့်ထားရသည်..။
“ ကျွန်တော်က ခင်ကြွယ်ကိုပဲ မြင်နေတာဗျ...မခင်မေက တော့ ကျွန်တော့် ခယ်မ ဖြစ်လာမှာပေါ့..ဒါဆို နေ့တိုင်း မခင်မေလက်ရာတွေ စားရမယ်လေ..”
“သြော်..အေး.အေး...မိကြွေကတော့ ငယ်ပါသေးတယ်ကွ..”
အဘက စကား စ ဖြတ်ပြီး ခင်မေကို သနားကရုဏာ မျက်၀န်းဖြင့် လှမ်းကြည့်တော့ ငိုချင်စ်ိတ်က လှိုက်တက်လာလို့ မီးဖိုချောင်ထဲ ခပ်သုတ်သုတ် ၀င်လာခဲ့ရသည်..။
“အို...ဘာငို စရာရှိလည်း..သူ့စိတ်ထဲ ရှိတာ သူပြောတာပဲ..နင့်ဟာနင် စိတ်ကူးယဉ် အကြောထနေတာ..”
ခင်မေ ကိုယ့်ကိုယ်ကို သတိပေးရင်း ကျလုကျခင် မျက်ရည်တွေကို သုတ်ပစ်လိုက်ပြီး ထမင်းအိုး မီးဖိုပေါ်ပြန်တင်လိုက်ပြီး မီးခဲကို ပြာပြန်ဖုံးခါ ထားခဲ့လိုက်သည်..။
“အဘရေ..ခင် လယ်ထဲ တစ်ချက်သွားကြည့်လိုက်အုံးမယ်..”
“အေး..အေး..ပဲခင်းဘက်ကို အရင်သွားပြီး ကြည့်လိုက်..စက်ကြီးပြီးရင် အဘ ကို လာခေါ်နော်..”
“ဟုတ်ကဲ့..”
ဟိန်းသူကိုတော့ နှုတ်ဆက်ဖို့ ရှက်လို့ ဘာမှမပြောတော့ပဲ ထွက်လာခဲ့လိုက်ရသည်...။
ဆိုင်ကယ်မောင်းလာရင်း ကိုယ့် အဖြစ်ကို ကို ငိုချင်လာပြန်သည်...။
လမ်းကကြမ်ကြမ်း နေကပူပူနဲ့ မို့ လူကလည်း အဆီတ၀င်း၀င်း ဖြစ်နေမှာ မြင်ယောင်ပါသေးသည်..။
“မခင်မေ...”
“ဟင်..လှအုံးဖေ...နင်ဘာလာလုပ်ပြန်တာလည်း..”
“အကြွေ ကို ဦးလေး ဆူသေးလား..”
“ဆူရုံမကဘူး..၇ိုက်ပါနေပြီ...”
“ဟာ..”
မျက်နှာမှာ စိတ်ထဲကခံစားမှု အတိုင်းညိုးကျသွားတော့ ခင်မေ ညီမလေး အတွက် ၀မ်းသာပီတိ ဖြစ်ရသေးသည်..။
“လောလောဆယ်တော့ ရှောင်နေပါ လှအုံးရယ်.အဘ စိတ်ကို နင်လည်း အသိသားပဲဟာ..”
“ကျွန်တော့်ဖေဖေ  တို့ဘက်က က ဒီထောက် လိုက်လျောနေတာ..ဦးလေး က လျော့သင့်ပါတယ်..”
“နင်တို့ကလည်း ဖြတ်ခုပ်တာကိုး..”
“စပါး တင်း၃၀ လေး စျေးတင်ရောင်းမိတာ..အမှတ်ကြီးလိုက်တာဗျာ...”
“အခုလောလောဆယ် နင် ပြန်တော့..အဘတော်ကြာနေလာတော့မှာနော်..”
“အကြွေ အဆင်ပြေရဲ့လား မခင်မေ..ငိုနေသေးလား..”
“မရိုက်ပါဘူး..ငါ တမင်ပြောလိုက်တာ.နင်တို့ ရှောင်နေလိုက်နော်..အဘ ဒီတစ်ခါ ထပ်မိရင် မလွယ်ဘူး..”
“အခုလို ကူညီသော အကျိုးကြောင့် အပျိုကြီး မမ မြန်မြန်လင် ရပါစေဗျာ..”
“ဟား..ဟား...ပေးတဲ့ဆုနဲ့ ဝေးပါစေရှင်..”
ခင်မေ ဆိုင်ကယ် ဆက်မောင်းလာရင်း လှအုံး နဲ့ စသိတုန်းက အချိန်တွေ ပြန်တွေးမိတော့ မျက်နှာပူပြီး ရှက်ရပြန်သည်..။
ထမင်းပို့လည်း လိုက် လယ်ထဲလည်း လိုက်မို့လို့ ဒီကောင်လေး ခင့်ကို လူပျိုစကားများ တစ်နေ့ ပြောလာလိမ့်မည်လို့ တွေးရင်း အိမ်မက်တွေထဲထိ ထည့်မက်ပစ်လိုက်မိသည်..။
နောက်မှ သိလိုက်ရတာ အကြွေ နဲ့ ကြိုက်နေတာ အဘ သိမှာစိုးလို့ ခင်မေ နဲ့ ကာကွယ်ထားသည်တဲ့လေ...။
လယ်ထဲ ရောက်ပြီး သိပ်မကြာခင် အဘ နဲ့ ဟိန်းသူက ဆိုင်ကယ်တစ်စီးနဲ့ ရောက်ချလာသည်..။
“ခင်မေ..ညည်း ညီမ တစ်ယောက်တည်း ကျန်ခဲ့တယ်..မြန်မြန်ပြန်တော့..”
ဆိုင်ကယ်စီးရတဲ့ ဒုက္ခ အဘလည်း သိရဲ့သားနဲ့ အခုတော့ ရောက်တာ တစ်နာရီ မကြာခင် ပြန်ရအုံးမည်...။
“ဟူး...ကျူပ်လည်း သေမှာပဲ..”
“ဘာဖြစ်လာတာလည်း..မမရဲ့..”
“ရုပ်ကိုက ...ဘယ်မလည်း လှအုံး...”
“ခုပဲ ပြန်သွားတယ်..”
“ကျစ်..ဒီကောင်လေးကလေ..သိပ်ရဲတာပဲ..ပြောထားရဲ့သားနဲ့ အဘကို ချောင်းပြီးအိမ်လာသွားတယ်..နေပါအုံး နင်တို့ နှစ်ယောက်တည်း..ဘာတွေ ဖြစ်ကြသေးလည်း..”
အပျိုကြီး ဆိုပြီး ရှောင်ဖယ်လှီလွဲ ကျောခိုင်း လို့ မရပါဘူး..ညီမလေးက အသက်ငယ်ငယ် နဲ့ မှားများသွားရင် ကိုယ်ကျိုးနည်းမှာ ..မိန်းကလေး ဘ၀ကို တန်ဖိုးထားဖို့ သွန်သင်ထားပေမယ့် ချစ်သူကို အလိုကျ လက်ခံလိုက်မလား တွေးရင်း စိတ်ပူရသေးသည်ကော..။
“မမ ကလည်း ပူလွန်းတယ်ဟယ်..ကိုလှအုံးက ဘယ်တုန်းကများစည်းကျော်လို့လည်း..ကျူပ်ထိုးကျွေးတောင် သူက မစားဘူး..”
“ညည်းက ထိုးကျွေးသေးတယ်ပေါ့..”
“သဘောပြောတာပါ..သူက ကြွယ့် ကို တန်ဖိုး ထားပါတယ်..”
“ငါ့ ညီမလေး ကံကောင်းပါတယ်..လှအုံးတို့ တစ်မိသားစုလုံးက ညီမလေးကို တော်တော် ချစ်ရှာတယ်..လှအုံး အမေဆို ဟိုနေ့က နှမ်းခင်းနားမှာတွေ့တော့ ဆွေမျိုးရင်းချာအတိုင်း နှုတ်ဆက်တာပဲ..ဒီကိစ္စ နဲ့ ပတ်သက်လာရင် အဘ ကြောင့် မျက်နှာပူရတယ်..”
“ဟုတ်တယ်...မမခင် ပြောပေးအုံး..”
“ဟဲ့..ငါ့ခေါင်းလည်း ဘု တစ်ထောင်ထနေပြီဟဲ့..နင့်ကြောင့်လေ...နင့်ကြောင့်..”
“ညီမလေးကြောင့် မဟုတ်ပဲ မမကြောင့် အခေါက်ခံရဖို့တော့ မမြင်..မမက သမီးလိမ်မာ အပျိုကြီးမမ ကိုး..”
“ဟဲ့ ဒီလောက် ရုပ်ဆိုးပန်းဆိုး ကြိုက်တဲ့ သူရှိမလား..ကြိုက်တယ်ပြောလို့ကတော့ အမိုက်ဘွဲ့ခံပြီး တစ်ခါတည်း လိုက်သွားလိုက်မယ်..အသက်က ၂၈ ထက်တောင် ၁လစွန်းနေပြီ...”
“အယ်..မချူခင်ကတည်းက ကြွေချင်နေတာတော်..”
“ဟုတ်တယ်..ဘာဖြစ်တုန်း..”
ညီအစ်မ နှစ်ယောက် ရန်ဖြစ်ရင်း ထမင်း ဟင်းတွေ ပြင်ဆင်နေရသည်..။
“ဗျို့ ဦးမိုးဝေ...”
“ဟယ်..ဘယ်သူလည်း မသိဘူး..”
ခင်မေ ထမင်းခူးနေစဉ် ကြွေက မီးဖိုချောင်ထဲက ပြေးထွက်သွားသည်..။
“အဘ မရှိဘူး..ဘာကိစ္စ ရှိလို့လည်း..”
“ပေါင်းဆေးနဲ့ မှိုသတ်ဆေး လိုချင်လို့ ဘောက်မို့ ရွာက ဦးဘဆွေ လွှတ်လိုက်တာပါ...”
“မမခင်ရေ....”
မီးဖိုချောင်ထဲမှာ လက်သုတ်ရင်း ဒီကောင်မလေး ဘယ်အချိန် အော်ခေါ်မလည်း တွေးနေတုန်း ၇ှိသေး ခေါ်ပြီလေ...။
“ပေါင်းဆေး နဲ့ မှိုသတ်ဆေးတဲ့..”
“သြော်..ဦးဘဆွေ လွှတ်လိုက်တာမလား...ခဏ..”
ခင်မေ အောက်ထပ်က ဆေးထားတဲ့ လှောင်ရုံသော့ယူပြီး ဖွင့်ခါ အဆင်သင့် အ၀နားချထားသည့် ဆေးနှစ်ဘုံး ကို ထုတ်လာခဲ့လိုက်သည်..။
“ဒီမှာပါ..”
“ဟုတ်ကဲ့..သွားလိုက်ပါအုံးမယ်..ကြီးတော်..”
ဆေးဘုံး နှစ်ဘုံး ဆိုင်ကယ်ပေါ်တင်ပြီး သွားခါနီး နှုတ်ဆက်သွားတဲ့ စကားကြောင့် ခဏကြောင်နေပြီးမှ စိတ်ဆိုးဖို့ သတိရသည်..။
ကိုယ်က အဲလောက်တောင် အိုစာနေပြီကောလား...။
“ဟား..ဟား...ကြီးတော်တဲ့...ဟား..ဟား...မမ ကို ပြောချသွားတာ...ဟား..”
“ရယ်ရတယ်ပေါ့...တူမကြီး..”
အမြင်ကပ်ကပ်နဲ့ ဗိုက်ခေါက်လိမ်ဆွဲ လိုက်တော့မှ ရယ်သံ ရပ်ခါ တအားအား ဘက်သို့ ကူးပြောင်းသွားသည်..။
“အဘ ထမင်းစားတော့လေ..နောက်ကျနေပြီ..”
“မစားနိုင်ဘူး..မစားနိုင်ဘူး..”
“ဘာဖြစ်လို့လည်း..ရင်ပြည့်နေလို့လား “
အဘ က ဘယ်လောက်ပဲ ဆူဆူပြောပြော မိတဆိုး ညီအစ်မ အတွက် အဘ အရိပ်ကသာ အားထားရာ အဘ နေမကောင်းမှာ စိုးရိမ်ရသည်..။
“လှရှင်တို့ သောက်ကျင့်မကောင်းဘူး..”
“ဘာဖြစ်လို့လည်း အဘရဲ့..”
“ငါ ဒီနှစ် ပဲစိုက်မဲ့ သတင်းကြားတော့ မနှစ်က ပြောင်းခင်းမှာ ဒင်း ပဲချနေပြီလေ..”
“မဖြစ်နိုင်ပါဘူး..အဘ ရယ်..သူတို့ အရင်တွေးမိထားတာကော မဖြစ်နိုင်ဘူးလား..”
“တယ်...နင့်လင်ဘက်က လိုက်ပြောမနေနဲ့..”
“ခင့်လင် မဟုတ်ပါဘူး..ကြွေ့ လင်ဖြစ်လာမှာပါ..”
“ဘယ်သူယူယူ နှစ်ကောင်စလုံး အိမ်ပေါ်က ကန်ချပစ်မယ်..”
အဘရဲ့ ဒေါသထွက်နေတဲ့ မျက်နှာတည်ကြီးကို တွေ့ပြန်တော့ ခင် စချင်လာပြန်သည်..။
“ဒါဖြင့် အဘ ကို ဘယ်သူက ချက်ပြုတ်ကျွေးမလည်း..”
“ဘာခက်တာမှတ်လို့..တိုးတက်ကုန်း စံပြကျေးရွာကြီး မှာ ငမ်ိုးဝေတွက် မိန်းမ မရှားဘူးဟေ..”
“ဒါဖြင့် ဘာလို့ မယူသေးတုန်း..”
“နင်တို့ လင်မရသေးလို့လေ..”
“ယူမယ်ဆိုတော့လည်း အဘ က သဘောမတူပဲနဲ့..”
မိကြွေက အဘ စကားအကျအတိုင်း အခွင့်သာတုန်း ၀င်ထောက်ပြန်သည်..။
“လှအုံး မိသားစု က လွဲရင် ကြိုက်တာယူ...အရက်သမား ဖိုး၀ ယူလည်း သဘောတူတယ်..”
“ဟွန့်..မယူဘူး..”
ခြံ၀င်းမရှိတဲ့ အိမ်ရှေ့ အထိ ၀င်လာတဲ့ ဆိုင်ကယ်ကြောင့် ခင်မေတို့ ညီအစ်မ နှစ်ယောက် မျက်လုံးပြူးနေရသည်..။
“ကိုလှအုံး..”
“လှအုံးဖေ..”
အဘ က ထမင်းဝိုင်းမှာ လက်ဆေးပြီး ထိုင်ရုံ ရှိသေးသည်မို့ နောက်ကို လှည့်ကြည့်ချိန်..
“ဟေ့ကောင်..မင်း..”
“ဟို...ဟို...ဦးလေး...သား..ရှင်းပြချင်လို့..”
“ခွေးသား..မင်း..ငါ့ အိမ်ထဲ ၀င်လာရဲတယ်...ဟလား..”
“ဟို..ဟို...သားရှင်းပြတာ နားထောင်ပါအုံး..ဖေဖေ...အဲ...ဦးလေး..”
လှအုံးရဲ့ စကားလုံးအထစ်အငေါ့တွေကို ခင်မေတို့ ညီအစ်မ ပါးစပ်အဟောင်းသားဖြင့် ဘာများပြောလာမလည်းလို့ ထိတ်လန့်တကြား နားထောင်နေရသည်..။
“ဒီနှစ် ပဲစိုက်တာကလေ...သား အကြံပေးလိုက်လို့ပါ..ဖေဖေ တို့က ဒီက ဖေဖေ စိုက်လို့ လိုက်စိုက်တာမဟုတ်ပါဘူး..ဒီက ဖေဖေ အထင်လွဲပြီး အမုန်းများပြီး...ကြွေ..နဲ့..သား..”
“ပြေးတော့..ကိုလှအုံး..”
“ဟဲ့...ဆိုင်ကယ် ယူအုံး..”
ဆိုင်ကယ်နဲ့ မောင်းပြေးတာတောင်  အဘ ရဲ့ အုတ်ခဲပိုင်းက ဆိုင်ကယ်နောက်ဘီး ကို ထိပြီး ဆိုင်ကယ် ယိုင်လိမ်သွားရသေးသည်..။
“တောက်.....ခွေး..ဟာကွာ..”
“လာပါ အဘ ရယ် ထမင်းစားရအောင်..”
“တောက်...မစားဘူး..မိကြွေ နင် ကြောင့် ငါ အသက်တို တော့မယ်..”
“အဘ ကို ကြွေ က ဘာလုပ်လို့လည်း...”
“ညည်း မလုပ်ပေမဲ့ ညည်း လင်လုပ်တာလေ..”
“အဘ ကြွေတို့ကို သဘောတူ သွားပြီလား ဟင်.”
“ဒီခွေးမ..”
ရေခွက်နဲ့ ကောက်ပေါက်လို့ ညီအစ်မ နှစ်ယောက်စလုံး ရှောင်လိုက်ရသည်..။
မနက်ပိုင်း ဆူညံ ရန်ဖြစ် ပြောဆိုနေပေမဲ့ ညပိုင်း အဘ က ကွပ်ပျစ်မှာထိုင်..ခင်မေ က နှိပ်ပေးနေချိန်မှာတော့ အဘ က ရှေးဖြစ် နောက်ဟောင်း အကြောင်းများကို ရယ်မော ပြောပြတက်သည်..။
“ခင်မေ..”
“ဟုတ်ကဲ့..”
“အဘ ရန်ကုန်တက်ရမယ်..မိကြွေ ကို ခေါ်သွားရကောင်းမလား..”
“အဘ ခေါ်သွားချင်ခေါ်သွားပေါ့..”
“ညရေးညတာ သမီး တစ်ယောက်တည်းလေ..ပြီးတော့ ညဘက်ဆို နေရဲတာလည်း မဟုတ်ဘူး....”
“အဟီး..အဘ ကလည်း...ခင့် ကို သရဲတောင် လန့်ပြေးမှာပါ..ညဘက် မနေရဲပေမဲ့ အရီးပု နဲ့သူ့ တူမ ကို ခေါ်အိပ်ပါမယ်...”
ရယ်မောရင်းပြောလိုက်တဲ့ ခင်မေ့ စကားကြောင့် ဦးမိုးဝေ တစ်ချက် ငိုင်သွားရသည်..။
မနက်က ဟိန်းသူ ပြောသွားတဲ့ စကားက သာမန် မိန်းကလေး အတွက် တောင် မခံစားနိုင်တာ..
ခင်မေက သူ့ကိုယ်သူ အားငယ်နေသူမို့ ပိုခံစားရပါလိမ့်မည်..။
မိဘ တွေရဲ့ မျက်လုံးထဲမှာတော့ သားသမီးက အလှဆုံးပါပဲ အဘသမီး ခင်မေလေးရယ်..။
“ဒါဆို..အဘ မခေါ်သွားတော့ဘူး..ဒါပေမဲ့ သေချာဂရုစိုက်ပါ...မိကြွေ တို့ တစ်ခုခု ကြံနေတာ အဘ သိနေတယ်..”
“အဘ ကလည်း စိတ်ပူနေလွန်း နေတာပါ မိကြွေက မိဘ စိတ်ဆင်းရဲအောင် မလုပ်ပါဘူး..”
“အေးလေ...သမီးတို့ ညီမချင်း ပိုသိတာပေါ့...”
“အဘ က လှအုံး ကို ဘာလို့ သဘောမကျတာလည်း..”
ခင်မေ တွေးစစဖြင့် ခြေဖဝါးကို နှိပ်ရင်းမေးမိတော့ အဘ က သက်ပြင်းအရင်ချလိုက်သည်..။
“ဒီကောင် ဘာအလုပ်များ လက်ကျောတင်းအောင် လုပ်ဖူးသလည်း..”
အဘရဲ့ ကွယ်ဝှက်နေတဲ့ စိုးရိမ်တဲ့ အကြောင်းအရင်းကို ခင်မေ အခုမှ သိခွင့်ရတော့သည်..။
သမီးတစ်ယောက်ရှေ့ရေး အတွက် အမုန်းခံ အတိုက်အခံ လုပ်ပြီး ဆန့်ကျင်ဆန္ဒုပြနေခဲ့တာပဲ...။
“အဘ ဘယ်အချိန် သွားမှာလည်း..”
“မနက်ဖြန် နေ့ခင်း သွားဖြစ်ရင်တော့ တစ်ည အိပ်ရလိမ့်မယ်..”
“ဆေးဖြန်း ဖို့ ကိစ္စ စိတ်မပူပါနဲ့ ခင် ကြည့်ထားလိုက်ပါမယ်..”
“ဒါပေမဲ့ လယ်ထဲသွားရင် ကြွေ့ ကိုပါ တစ်ပါတည်း ခေါ်သွားပါ..”
“ကလေးတွေ အဲလောက်မရဲပါဘူး..အဘရဲ့..”
“နင့်ကို ရောင်းစားထားမှာ မြင်ယောင်သေးတယ်..”
“၀ယ်မယ့်သူပဲ ရှိပါစေအုံးတော်.”
ခင်မေ မိဘ စိတ်ချမ်းသာအောင် ဟာသ တစ်ခု အနေနဲ့ ပြောလိုက်ပေမဲ့ ရင်ထဲမှာတော့ ခံစားနေရသည်..။

:・゚✧ *:・゚✧ *:・゚✧ *:・゚✧:・゚✧ *:・

မရေးရင် မနေနိုင်တာလွဲလို့ 😁

အရေးအသားမကောင်းပေမဲ့ ရေးမိနေတုန်း

သည်းခံ ဖတ်ပေးခဲ့တဲ့ စာဖတ်သူ အားလုံးကို

ကျေးဇူးအထူးတင်ပါတယ် နော် ❤

Love u all
#စပိုက်ကာ

ပန်းကြိုးနွယ် Where stories live. Discover now