Part 19

5K 206 6
                                    

ပန်းကြိုးနွယ်
အပိုင်း (၁၉)
#ပန်းကြိုးနွယ်

“ဟယ်..ကိုမျိုးလာတာပဲ...”
“မနက်စောစော လာရတာ အားတော့နာသား..”
“ရပါတယ်..ကိုမျိုးရဲ့...၀င်လေ...”
ခင် အပင်လေးတွေ ရေလောင်းနေတုန်း တံခါးခေါက်သံကြားလို့ ဖွင့်ကြည့်လိုက်တာ ကိုမျိုးက တံခါး၀မှာ အခန့်သား...။
“ကိုမောင်မောင်......”
“အဲ...”
‘အာကာရေ....ဒီမှာ ကိုမျိုးလာတယ်..”
အာကာ ကုတင် ပေါ်မှာ နိုး ရဲ့သားနဲ့ မမခင် အကြောင်းတွေးမိနေတာ မမခင် ပြောလိုက်တဲ့ စကားကြောင့် ငုတ်တုတ် ထထိုင်လိုက်မိသည်..။
“အစောကြီး ဘာလာလုပ်တာလည်း...ကျစ်...”
ပွစိပွစိ ရေရွတ်ရင်း..မျက်လုံးပွတ်ခါ အပျင်းကြောဆန့်လိုက်သေးသည်..။
“အာကာ...ခဏနော်..ကိုမျိုး..”
“ရတယ်..ခင်..သူအိပ်နေရင် နေပါစေ...”
“အားနာလိုက်တာ..”
“အဟမ်း..အားမနာပါနဲ့ ..ထိုင်လေ..ခင်ရဲ့...စကားလည်းပြောရတာပေါ့..ခင် မိဘတွေကော နေကောင်းကြလား..”
“ဟုတ်..အမေကတော့ ငယ်ငယ်ကတည်းက ဆုံးသွားပါပြီ..အဘကတော့ ဟို...နောက်အိမ်ထောင်ပြုထားတယ်..ဟိုရက် ဖုန်းရတာ နေကောင်းကြပါတယ်..”
“သြော်..ကောင်းပါတယ်...ခင်ကလည်း တစ်နေ့တစ်နေ့ အိမ်ထဲမှာ ချည်းပဲနော်...”
“မနက်စျေးတော့သွားပါတယ်...”
“အဟင်း..အဆန်းပဲနော်.....ခင် က အိမ်ထဲမှာ ပျော်တယ်..ကိုယ်သိတာ မိန်းမများဟာ အပြင်များသွားနေရင် အိမ်ထဲပြန်တောင် မ၀င်ချင်ဘူးတဲ့..”
“လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ့..ကိုမျိုးရဲ့..”
“အင်း..ဘာပဲဖြစ်ဖြစ် ကို အားတဲ့ နေ့ကျရင် ခင်ကို အတင်းဆွဲချပြီး အပြင်ထုတ်ပေးမှပါလေ...”
“အဟွင်း..”
အာကာ မျက်လုံးပြူးပြီး သွားတိုက်ခြင်းနဲ့ မျက်နှာသစ်ခြင်း ကို သုံးမိနစ်ဖြင့် အပြီးလုပ်လိုက်သည်..။
“ဆရာ..”
“အေး..နိုးပြီလားကွ..”
“ဟုတ်ကဲ့..မနက်စောစော ရုံးမှာ ဘာတွေဖြစ်လို့လည်းဆရာ..”
“ဟာကွာနမိတ်မရှိ..”
“သိဘူးလေ..”
အာကာ သိရဲ့ တမင်ညစ်ပြောလိုက်တာ မနက်စောစော သူများအိမ်လာလည်စရာလား...ပြီးတော့ သူများမိန်းမကို ကားတင်ပြေးမယ်လေး ဘာလေး နဲ့...။
“မင်းကို  ဆွဲခိုင်းထားတာ ပြီးပြီလား မင်းပြောတော့ 3Dလုပ် ရုံပဲ ကျန်တာဆို...”
“ဟီး..သား နေမကောင်းဖြစ်သွားလို့ပါ..”
“မင်းတော့နော်...ရုံးပြန်တက်ဖို့ကော အစီအစဉ်ရှိရဲ့လား..အခု ငါကြည့်တော့ အကောင်းကြီးပါ..”
“တကယ်ဖျားတာပါဆရာရယ် မသေရုံပဲ ခံလိုက်ရတာ မပြောပါနဲ့ မယုံရင် မမခင်သာ မေးကြည့်..”
အာကာ မျက်နှာငယ်ပုံစံလုပ်ပြီး မမခင်ကို မေးငေါ့ပြလိုက်သည်..။
“ဟုတ်ပါတယ်..ကိုမျိုးရယ်..သူ နာလန်ထတာ ၂ရက်ပဲ ရှိပါသေးတယ်..”
“ငင်..”ရှေ့နေငှားမိခါမှ ထောင်လုံးလုံးကျပါပြီ မမခင်ရယ်...။
“ဟာ.. မင်း ဒီနေ့ ရုံးပြန်တက်ဖို့လုပ်..”
“ဟုတ်ကဲ့...”
“ရုံးသွားရမယ်ဆို ခင် ထမင်းချိုင့်အတွက် ပြင်လိုက်အုံးမယ်နော်..”
မမခင်က ခုံက ထပြီး မီးဖိုခန်းဘက်လျှောက်သွားတော့ မကျေနပ်တဲ့ စိတ်ခံလေးကြောင့်
“မမခင် မနက်မုန့်ဘာလည်း..”
“သူမနေ့က မုန့်ဟင်းခါးစားချင်တယ်ဆိုလို့..မုန့်ဟင်းခါးပဲ ချက်ထားတယ်..”
“ဝိုး မမခင် ကလည်း စကားအဖြစ်လေး ပြောထားတာကို မှတ်ထားတာပဲ..”
“မုန့်ပွဲပြင်လာခဲ့ရမလား..”
“စားပွဲမှာပဲ လာစားမယ်..ဆရာလည်း စားပါလား..မမခင်လက်ရာ ဆရာသိပြီးသားပါ..”
“သိလို့ခက်နေတာလေ...စွဲသွားရင် ဒုက္ခ..”
“ဟား..ဟား..ဆရာကလည်း..စွဲသွားရင် လာစားပေါ့ဗျာ ဘာခက်လည်း..”
မမခင်ကတော့ မုန့်ထပ်ပြင်ဖို့ မီးဖိုခန်းထဲ ခပ်သွက်သွက် ၀င်သွားပြီ...။
“အာကာ..”
“ဗျာ..”
“မင်းက မိန်းမရကံကောင်းတာကွ..”
“ဟဲ..ဟဲ...ဆရာကတော့ လုပ်ပြီ....”
“ဟုတ်တယ် စတွေ့တုန်းကတော့ မင်း အမေကို အပြစ်တင်မိသေးတယ်..အခု ငါ ခင်နဲ့ ရင်းနှီးလာတော့မှ မင်းကံကောင်းတယ်ဆိုတာသိလာရတာ..ငါ ကမ္ဘာပတ်ရှာနေတာ ခင့်လိုမိန်းမမျိုးလေ..”
“ဟမ်...မမခင်က ဘယ်လိုမိန်းမမို့လို့လည်း...”
“မီးဖိုချောင်ပျော်တဲ့ မိန်းမလေ..အလှအပ အတွက် မပူဆာဘူး..အပြင်သွားဖို့လည်း မပူဆာဘူး....လင်ယောင်္ကျားအပေါ်သိတက်တယ်...ဘာ၀ယ်ပေး ညာ၀ယ်ပေးလည်း မတောင်းဆိုတက်ဘူး..ပေးတာနဲ့ လောက်ပြီး ရှိတာနဲ့ ရောင့်ရဲတက်တဲ့ မိန်းမမျိုး..ယောင်္ကျားကို  သူ့ဘ၀လိုပဲ သတ်မှတ်ထားတယ်လေ...”
“ဆရာပြောပြမှပဲ မမခင်ရဲ့ ကောင်းကွက်တွေပိုမြင်လာရတယ်..ဟဲ..ဟဲ..”
အာကာ မချိသွားဖြဲရယ်ရင်း ရင်ထဲမှာတော့ ဆိုင်ကလုန်းဖြစ်နေရပြီ...မသိရင် မမခင်က အာကာ့ အစ်မ ကျနေတာပဲ.....မြိန်ရေယှက်ရေ ပြောလိုက်ပုံက သူ ကမ္ဘာပတ်ရှာနေတာ မမခင်လို မိန်းမတဲ့...ကျစ်..စိတ်မကောင်းပါဘူး..အခုတော့ ကျူပ်မိန်းမဖြစ်သွားပြီလို့ မျက်နှာတည့်တည့်ကြည့်ပြီးကို ပြောပစ်ချင်တာ...။
“ကိုမျိုး..စားလို့ရပါပြီ.နော်..”
အာကာ့ မှုန်ကြုတ်နေတဲ့ မျက်နှာကို ဘယ်သူမှ ဂရုမစိုက်ပဲ တစ်ယောက်ကလည်း မီးဖိုခန်း၀င်သွားသလို တစ်ယောက်ကလည်း ခုံက ထပြီး ပုဆိုးပြင် ၀တ်နေသည်..။
“ထိုင် ကိုမျိုး..”
“မမခင် “
“ဟင်...”
“နံနံ့ပင် မစားချင်ဘူး..”
“သြော်..အင်း..”
မမခင် က ပန်းကန် တစ်ခုယူပြီး နံနံပင်တွေ ပြန်ထုတ်ပေးသည်...။
“ရပြီနော်..”
“အင်း..ကျေးဇူး..”
“ကိုမျိုးကော နံနံပင်စားရဲ့လား..”
“စားပါတယ်ခင်..”
“ဟုတ်..ဟင်းရည်ထည့်စားလေ..ကိုမျိုး..”
“အင်း..ဟင်းရည်က အနံ့ က မွှေးလိုက်တာ..”
“အဟွင်း...ခင် ချက်တက်သလိုကြီးချက်ထားရတာ ကောင်းပါ့မလား မသေချာဘူးနော်..”
“ခင် ချက်တာပဲကွာ..မကောင်းရှိပါ့မလား..ကိုတော့ စားပြီ..”
ဟင်းရည်ထည့်ပြီး စားနေတာ ကြည့်ရင်း အာကာ ရင်ဘတ်ထဲ ဘာတွေ အလိုမကျမှန်းကို မသိ..။
“မမခင်..”
“ဟင်...”
“အကြော်စားလို့မရသေးဘူးလား..”
“အင်း..သူ နေမကောင်းဖြစ်ထားလို့လေ..အစာမကြေမှာ စိုးလို့ပါ..”
“ဟား..ဟား..ခင် ကလည်းကွာ..အာကာက ကလေးပေါက်စကျနေရော..စားလို့ရပါတယ်ကွ...ထည့်စား..”
ကိုယ့် မိန်းမ ဘယ်လောက်ဂရုစိုက်လည်း ပြချင်လို့ မေးလိုက်တာ ဒင်းက ပါလာပြန်ပြီ..။
“ရမလား..မမခင်..ရရင် ထည့်ပေးနော်..”
“အင်း..”
မမခင် က အကြော်ချေပြီးသားကို ဇွန်းနဲ့ ခပ်ထည့်ပေးနေချိန် အာကာ ပါးစပ်ဟပြီး လက်ကုတ်လိုက်တော့ ပါးစပ်ထဲ အကြော် အပိုင်းအစ တစ်ခုရောက်လာသည်..။
“ဘာလိုသေးလည်း..ကိုမျိုး..ထည့်စားပါနော်...”
“ရတယ်..ခင်ရဲ့..ခင့်မောင်လေးပေါက်စကိုပဲ ဂရုစိုက်ပါ..ဟား..ဟား..”
အလိုမကျစွာ မျက်နှာ ပြောင်းပစ်ပြီး မျက်မှောင်ကြုတ်ပစ်ချင်ပေမဲ့ အာကာ ရယ်ပဲနေရသည့်  လက်အောက်ငယ်သားဘ၀..။
“ထပ်ထည့်ပါအုံး ကိုမျိုး..”
“ဝြပီး နှစ်ပန်းကန်တောင်စားလိုက်တာ..ခင့်လက်ရာလေး ပါးစပ်ထဲ စွဲနေရောပဲ..”
“မမခင်..ငရုတ်သီး..”
ပန်းကန်ကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး ထိုးခံပေးလိုက်တော့ မမခင်က စကားစပျက်ပြီး အာကာ့ရှေ့က ငရုတ်သီးပန်းကန်ကို ဇွန်းဖျားလေးနဲ့ခပ်ပြီး ထည့်ပေးသည်..။
“ထည့်ပါ မမခင်ရဲ့..”
“မင်း ငရုတ်သီးစားနိုင်တာလည်း မဟုတ်ပဲနဲ့ကွာ ခင့်ကို သပ်သပ်ရစ်နေတာပဲ..”
“စားနိုင်ပါတယ်..ဆရာရဲ့..ထည့်ပါမမခင်..”
မမခင် က ဇွန်းဖျားနဲ့ ထပ်ထည့်တော့ အာကာ စားလက်စဇွန်းနဲ့ ပဲ တစ်ဇွန်း ခပ်ထည့်လိုက်သည်..။
“အို...သူစပ်လိမ့်မယ်..”
“ရတယ်..”
“အဟွင်း ငါတော့ မြင်ယောင်ပါသေးတယ်..အာကာရယ်..”
“ဆရာကလည်း အထင်သေးလိုက်တာ..”
အာကာ မခံချင်စိတ်နဲ့ ရဲရဲနီနေတဲ့ မုန့်ဟင်းခါးဖက်တွေကို လျှာမထိအာမထိ ယူစားလိုက်တာတောင် စပ်လိုက်တာ ဆွေမျိုးမေ့...
“ရရဲ့လား...”
“ရတယ်..မမခင်..အစပ်စားချင်လို့ပါ.”
“ကဲ..အာကာ ရေ ငါပြန်မယ်...မင်း ရုံးလာမှပဲ ပုံယူလာခဲ့တော့..”
“ဟုတ်ကဲ့..ဆရာ..”
“ခင် ရေ ကိုယ် ပြန်မယ်..”
“ဟုတ်..ကိုမျိုး..”
အာကာ စိတ်မပါလို့ ထိုင်ရာမထပဲ မုန့်ဆက်စားနေတာ မမခင်ကပဲ အိမ်၀ လိုက်ပို့လိုက်သည်..။
“အင်း..အင်း..လာခဲ့ပေါ့...’
“ဟုတ်ကဲ့...”
မမခင် မီးဖိုခန်းထဲရောက်တာနဲ့ အာကာ့ စားလက်စ ပန်းကန်ကို သိမ်းသွားတော့ အံသြပြီး ကြောင်နေရသည်.။
“ဧည့်သည်ရှေ့မှာ ပြောလို့ မကောင်းလို့...သူ နေကောင်းခါစ ဒီလို အစပ်တွေစားရလား..ဗိုက်မကောင်းဖြစ်မှာပေါ့ သူရယ်..”
စေတနာနဲ့ ပြောပြီး ပန်းကန် အသစ်ပြန်ပြင်ပေးနေတာ သိပေမဲ့ စားလက်စ ပန်းကန်ကို ယူပြီး သွန်ပစ်လိုက်တာ စိတ်ထဲ မကျေနပ်ပြန်ဘူး..။
“အင့်..”
“နံနံပင်ထည့်ပေး..”
“ဟင်..စောစောက မစားဘူးဆု.ိ..”
“အခုစားမယ်လေ..”
မမခင်က နံနံပင် ပန်းကန် ရှေ့ယူပြီး ထည့်ပေးနေချိန် မျက်နှာကို မော့ကြည့်မိပြီး ရင်ထဲ ဘာလိုတွေ ဖြစ်လာမှန်း မသိ..။
“အုပ်ကြီး နောက်တစ်ခါလာဖို့ ပြောနေတာမလား..”
“ဟင်..အုပ်ကြီး..”
“မမခင်ခေါ်တဲ့ ကိုမျိုးလေ..”
အာကာ အလိုမကျတဲ့ အမူအယာနဲ့ ပြောလိုက်တော့ ကြောင်တောင်တောင်လေး ပြန်ကြည့်ပြီးမှ
“.အင်း.. ထမင်းလာစားချင်တယ်ဆိုလို့ ခေါ်လိုက်တာပါ..”
“ဟွန့်..ငတ်တာလွန်လာပြီ..”
“ဟယ်...ဆရာကို..”
“ဆရာ ဟုတ်ပါဘူး..ဒီတိုင်းသူ့လက်အောက်မှာ အလုပ်လုပ်ရလို့ သင့်သလို ခေါ်နေတာ..”
“သြော်..ဘာပဲဖြစ်ဖြစ် အိမ်လာတဲ့ ဧည့်သည်ကို ကောင်းကောင်းဆက်ဆံပါ သူရယ်..စောစောက လိုက်မပို့ပေးတော့ ခင့်တောင် မျက်နှာပူရတယ်...”
“မနက်စောစော သူများအိမ်လာတာကိုး..”
“အဟွင်း..ဧည့်သည်လာရင် ပျော်တယ်ဆိုတဲ့ကိုမောင်မောင်အာကာပိုင်စိုးက ဘာလို့ မှုန်ကြုတ်နေတာလည်း..”
“မသိဘူး..ဧည့်သည်တွေထဲမှာ သူမပါတော့ဘူး..”
ကလေးဆန်တယ်ပြောပြော လူကြီးမဆန်ဘူးပြောပြော တကယ့်ကို ကြည့်မရတော့တာ အမှန်ပင်...။
“သူများ အကြောင်းတွေပြောပြီး ရုံးနောက်ကျအုံးမယ်...စားတော့လေ...”
“ထည့်ပေး..”
ပန်းကန် ကိုင်ပြီး မြှောက်လိုက်တော့ အပြုံးဝေရင်း ဟင်းရည်ထည့်ပေးသည်..။
ထူးထူးဆန်းဆန်း ဒီနေ့ သနပ်ခါးတွေပါတွေ လိမ်းလို့ပါလား...။
“သူ ဘာဟင်းစားချင်လည်းဟင်..”
“ချဉ်ချဉ်စပ်စပ်ပဲ စားချင်တယ်..”
“အင်း ပုဇွန်လေးသုပ်ပေးလိုက်မယ်နော်... ငါးကို မရမ်းသီးစိမ်း ငရုတ်သီးစိမ်းလေးနဲ့ ရေနည်းဆီကျန်လေး ချက်ပေးမယ်..ဖြစ်ရဲ့လား..”
“အင်း..”
ခင် မနက်က တွေးပြီး ၀ယ်လာတဲ့ ဟင်းစာတွေကို ပြောင်းပြန် ပြန်ချက်ဖို့ ပြင်ရတော့သည်..။
မရမ်းသီးထောင်းဖို့ ဆိုပြီး နည်းနည်းပဲ ၀ယ်လာမိတာ နောင်တရပြန်ပြီ...။
ငရုတ်သီးစိမ်းကတော့ သူ့ အကြိုက်မှန်းသိကတည်းက အမြဲ ပိုပိုလိုလို ၀ယ်ထားမိသည်..။
ပုဇွန်ကို ဆားပါရုံ နယ်ခါ နှပ်ထားလိုက်သည်..။
ကြက်သွန်တောင်း ဆီသပ်ဖို့ အိုးထုတ်ခါ ခွင်ပေါ်တင်ပြီး ထည့်ကြော်နေချိန် သတိရတော့ လှည့်ကြည့်တာ ထိုင်နေတာ မထသေး..။
“ကိုမောင်မောင်အာကာပိုင်စိုး...စားမပြီး.. သေးဘူးလား..”
“အင်း..”
“ဘာဖြစ်လို့လည်း..ဟင်..”
နေမကောင်းဖြစ်ထားပြီး အခု အစပ်တွေစားပြီးခါစ တစ်ခုခုများဖြစ်လို့လား...။
ခင် မီးဖိုပေါ်က အိုးကို ဘေးချပြီး သူ့ အနားသွားလိုက်ရသည်...။
“ဘာဖြစ်လို့လည်း..ကိုမောင်မောင်အာကာပိုင်စိုး..”
“ကျွန်တော် ဒီနေ့ အလုပ်မသွားချင်ဘူး..”
“ဟော..သူ့ ဆရာ ပြောသွားတယ်လေ...”
“မသိဘူး..မသွားချင်ဘူးဖြစ်နေတယ်...”
“ပျက်ရက်များတော့ ဘယ်သွားချင်တော့မလည်း..ဒီနေ့ မသွားလည်း နောက်နေ့သွားရမှာပဲလေ...သွားလိုက်ပါနော်..’
“ဟူး...သွားရမှာပေါ့...”
စားပွဲခုံက လေးကန်စွာ ထပြီး အခန်းထဲ ၀င်သွားတော့ ခင် သနားမိပြန်သည်..။
“သူရေမချိုးနဲ့နော်..”
တံခါးခေါက်ပြီး အော်လိုက်တော့ ပြန်ထွက်လာတာ အမ်း တစ်လုံးတည်း..။
ခင် စိတ်မချပေမဲ့ သူ့ ထမင်းချိုင့်အမှီ ချက်ဖို့ အရေးကြီးသည်မို့ မီးဖိုခန်းထဲ ပြန်ရောက်လာရသည်..။
“ဟာ...မေ့တာ...ဟွင်း..ဟွင်း...”
အာကာ မှန်ထဲ့ ပုံရိပ်ကို ကြည့်ပြီး ငါးခူပြုံး ပြုံးရင်း အကျီ င်္ ကြယ်သီး သုံးလုံးကို ပြန်ဖြုတ်ပြီး နေရာလွဲ တပ်လိုက်သည်..။
ခေါင်းဖြီးပြီး စာရွက်တွေအကုန် ကောက်ထပ်ခါ လိပ်ပြီး ဘူးထဲ ထည့်လိုက်ရသည်..။
အိတ်ထဲ ဖုန်းနားကြပ်နဲ့ စာအုပ်တွေပါ ကောက်ပစ်ထည့်လိုက်ခါ အပြင်ထုတ်လာခဲ့ချိန်ထိ မမခင် က ချက်တုန်း ပြုတ်တုန်း...။
“မမခင် မပြီးသေးရင် ထားလိုက်ပါ..”
“အို..မဟုတ်တာ...ပြီးပြီ.. ကိုမောင်မောင်အာကာပိုင်စိုးရဲ့...ခင် မုန့်ဟင်းခါးထည့်ပေးဖို့ ချိုင့်ပြင်နေလို့..”
“သြော်..ဟင်းချက်ပြီးပြီလား..မြန်လိုက်တာ..”
“အင်း...ထမင်းချိုင့် ထည့်ပြီးပြီ...ခဏ...”
ချိုင့်တွေကို ထပ်ပြီး အဖုံးပိတ်ခါ ကလစ်ချိတ် အ၀တ်နဲ့ လိုက်သုတ်တာက အစ မမြင်ဖူးသူလို လိုက်ကြည့်နေမိတဲ့ အာကာ တစ်ယောက် ကြောင်တောင်တောင်တွေ ဖြစ်နေတာ..။
“အင့်.”
လှမ်းပေးသည့် ချိုင့်နှစ်ခု စလုံးကို ယူပြီး အိမ်ရှေ့ကိုထွက်လာတော့ မမခင်က နောက်ကလိုက်လာပြီလေ...။
“ဟယ်..နေအုံး..”
“ဟင်..”
အာကာ မသိချင်ယောင်ဆောင်ပြီး ကြောင်တောင်တောင်လုပ်နေတော့ မမခင်က ရှေ့တိုးလာပြီး..
“ကြယ်သီးတွေ လွဲနေတယ်..ပြန်ပြင်ပေးမယ်နော်..”
“အင်း..”
မမခင် က မှီတဲ့ ကြယ်သီး နှစ်လုံးကို ဖြုတ်ပြီး အရင်နေရာပြောင်းပေးသည်..။
ပြီးမှ အပေါ်ဆုံး ကြယ်သီး နှစ်လုံးကို ပြန်ပြင်ပေးပြီး...
“အရပ်ကလည်း ရှည်တယ်..”
“အဟ....မမခင်က ပုတာပါ...သွားတော့မယ်...ကျွန်တော်တော့ ဒီနေ့ တစ်နေကုန် မမခင်ကို သတိရနေတော့မှာပဲ..”
“ဟင်..”
“ဟုတ်တယ်လေ...”
“အင်း..ခင်လည်း သတိရမှာပါပဲ...”
အခန်းတံခါးဖွင့်ပြီး လှေကားအထိ လိုက်ပို့ပေးတော့ အာကာ ပြုံးရင်း လှေကားတွေကို ပြေးဆင်းလာခဲ့လိုက်သည်..။
“အို ဖြည်းဖြည်းသွားလေ...”
အာကာ လမ်းပေါ်ရောက်တော့ မမခင် အိမ်ထဲ ၀င်ဖို့လုပ်နေပြီ...။
“မမခင်..”
“ဟင်..”
ခေါ်သံကြောင့် ခင် အလန့်တကြားငုံ့ကြည့်လိုက်တော့ အပြုံးဝေရင်း လက်ပြနေတာ ခင်လည်း ပြန်ပြုံးပြလိုက်ပြီး လက်ပြလိုက်ရသည်..။
“အထူးအဆန်းတွေ ပါပဲ...”
သူပြောသွားသလိုပါပဲ အိမ်ထဲ ပြန်ရောက်ရုံ ရှိသေးသူ့ကို သတိရလာရပြန်ပြီ...။
အခန်းထဲမှာ အ၀တ်တွေ လျှော်ဖို့ လိုက်စုပြီး မီးဖိုခန်းဘက် ရောက်လာရတာ နေ့ခင်းဘက်ကြီးကို စိတ်ထဲမှာက ကြောက်ချင်ချင်...
အ၀တ်တွေရေစိမ်ပြီး အခန်းထဲ ပြန်၀င်ခါ ကုတင်အခင်းတွေ ပြန်ခင်း စောင်တွေခေါက်သိမ်းနဲ့ အလုပ်များနေလိုက်တော့လည်း မကြောက်တော့ပါဘူးလေ...။
“ဟင်..”
သူ ပုံဆွဲရင်သုံးတဲ့ စူးချွန်လေးကို အံ့ဆွဲထဲထည့်ချိန် ဓာတ်ပုံ လေးတွေတွေ့တော့ ထုတ်ကြည့်ချင်ပြန်သည်..။
“မကောင်းပါဘူး..စိတ်ဆိုးမှ ခက်အုံးမယ်..”
“မထုတ်ပဲ ကြည့်လိုက်မယ်..”
ပုံလေးတွေကို တစ်ပုံချင်းရှေ့ချပြီးကြည့်လာတာ သူ့သူငယ်ချင်းတွေနဲ့ ပုံတွေက ခပ်များများရယ်..
နိုင်ငံခြားသား သူငယ်ချင်းတွေလည်း ရှိတော့ သူ့ဘ၀ အကြောင်းတွေ လိုက်တွေးမိရင်း ခင့် ဘ၀က သိမ်ငယ်နုတ်ချာသွားရသည်..။
.
“ဟာ..လှိုင်က ဒီနေ့ အဝါရောင်နဲ့ မျက်လုံးတောင် ကျိန်းတယ်..”
“ဟွန့်..”
အမြဲတွေ့ရင် နှုတ်ဆက်နေကျမို့ နှုတ်ဆက်လိုက်တာကို မနက် ရုံးစတက်တာနဲ့ ဘာအလို မကျဖြစ်နေတယ် မသိဘူး..ထိုးလိုက်တဲ့ မျက်စောင်းက လူပါ လွင့်ထွက်သွားလောက်သည်..။
“ဟူး..”
အာကာ အလုပ်စားပွဲရောက်ချိန်မှာ ဘက်တော်သား မျက်မှန်ထူထူ နဲ့ အတူ ဆွဲလက်စတွေ ပြန်ပြီး လုပ်ရတာ ဘေးဘီတောင် လှည့်မကြည့်အား...။
တော်တော်ကြာပြီး ခါးညောင်းလာမှ နာရီကြည့်လိုက်တော့ ထမင်းစားချိန်တောင်ရောက်တော့မည်..။
“ဟေး..ဘုံ...နင် မိတ်ကပ်လိမ်းတာ မတူလွန်းဘူးလား..”
“ဟင်း..”
“မမဝါ၀ါ ရေ တစ်ချို့တွေကလေ အိမ်ထောင် ရှိလည်း ရရင် ရသလို လစ်ရင် လစ်သလိုလေးတွေ သိတယ်မလား..မမဝါ၀ါ ..ယောင်္ကျားတွေက သစ္စာကို မရှိတာ...”
“ဟုတ်တယ်...ညီမရေ...သတိထားအုံးနော်..
ကိုယ်ထင်ထားတဲ့ ကြောင်သူတော်တွေက ကွယ်ရာမှာ ကြွက်သူခိုးဖြစ်နေတာတော့ ရွံဖို့ကောင်းတယ်..”
“ဟုတ်ပ..ဟုတ်ပ..”
အာကာ အလိုမကျစွာ မျက်မှောင်ကြုတ်မိလိုက်ပြီး ဘာတွေပြောနေကြတာလည်း လိုက်စဉ်းစားကြည့်မိသည်..။
မိတ်ကပ် ပြင်တာ အပြစ်ရှာတယ်ဆိုတာ နေ့တိုင်း အာကာ စနောက်နေတဲ့ စကားတစ်ခုပါ..ဒါကို လုံး၀မသက်ဆိုင်တဲ့စကားတွေနဲ့ ရွဲ့သလိုလို စောင်းသလိုလို ကြီးပြောသွားတာ သိပ်တော့မဟုတ်..။
အာကာ ထမင်းချိုင့် ကိုင်ပြီး လင်းလင်းတို့ ဝိုင်းဘက်ကို ဆက်လျှောက်လာခဲ့လိုက်သည်..။
“ဟ..ဒီနေ့တော့ မိုးရွာအုံးမယ်..လင်းလင်း ချိုင့်လာမယူပဲစားနေလို့လေ..ဟား..ဟား..”
“အမ်း..”
အာကာ စားပွဲထောင့်မှာ ခုံတင်ပြီး ၀င်ထိုင်လိုက်တော့ လင်းလင်း က တစ်ဖက် ကို ကပ်ပေးသည်..။
“ရော့ မင်းတို့ဖို့ မမခင် ထည့်ပေးလိုက်တာ..”
“ဘာတွေလည်း..”
“မုန့်ဟင်းခါးလေ..”
“သြော် မမခင်တော့ သနားပါတယ်..”
“အေး..သူက ချက်ရတာ ဝါသနာပါတာကိုးကွ...ငါမနက်က စားကြည့်တာရှယ်ပဲ..”
“မမခင် ဒီလောက်သိတက်တာ ကိုအာကာ ပြန်သိတက်ဖို့ကောင်းတယ်..မမခင် ကို မသနားတောင် အစ်မနှမချင်းတော့ ကိုယ်ချင်းစာသင့်ပါတယ်..”
“ဟ..အဆန်းကြီးပါလား..ဟေ့ကောင် မင်းနိုင် လင်းလင်း ဘာဖြစ်နေတာလည်း..”
“မသိဘူး..”
ခပ်ဆပ်ဆပ် ထွက်လာတဲ့ မင်းနိုင် တုန့်ပြန်သံကြောင့် အာကာ ဒေါသထွက်မိပေမဲ့   မြိုသိပ်ထားလိုက်သည်..။
တစ်ရုံးလုံး မကြည်မသာ ဖြစ်နေတာ အာကာ ရုံးမတက်တဲ့နေ့ကများ အဆူခံထားကြရလို့လား...။
“လင်းလင်း...ရုံးပိတ်ရင် ငါတို့ ကားသစ် သွားကြည့်မယ်..”
“ငါလည်း လိုက်မှာနော်..”
“ဟား..ဟား..ဦးလေးက လိုက်အုံးမှာလား..”
အာကာ ရယ်ပြီးပြောလိုက်ပေမဲ့ ဦးလှက ခပ်ပြတ်ပြတ် အေးတစ်လုံးသာ ပြောပြီး ထမင်းဆက်စားနေတာ..ထမင်းစားပွဲက စကားသံတွေ တိတ်ပြီး ခြောက်ကပ်ကပ် ဖြစ်နေသည်..။
အကုန်လုံး စကားမပြောကြတော့ အာကာလည်းထမင်းကို ခပ်သွက်သွက်စားပြီး မုန့်ဟင်းခါးချိုင့်ကို တော့ စားပွဲမှာ ဒီတိုင်းထားခဲ့ခါ  ပြန်လာခဲ့လိုက်သည်..။
“အာကာ..”
“ဗျာ...ဆွဲတုန်းပါ ဆရာ..”
“မင်းနဲ့ စကားပြောချင်တယ်..လိုက်ခဲ့..”
အခန်းထဲက လူတွေ အကြည့်က အာကာ ဆီမှာချည်းသာ..။
အဲကွန်းအေးစက်စက် အခန်းထဲရောက်တာနဲ့  ခက်ထန်တဲ့ မျက်နှာထားပြောင်းသွားတော့ အာကာ စိတ်ပူမိသည်..။
အလုပ်ကိစ္စများ တစ်ခုခု လွဲကုန်ပြီလား..။
“မင်းကွာ..မင်း..ငါ့ကို မျက်နှာပျက်အောင် လုပ်လိုက်တာပဲ အာကာ..”
“ဗျာ..”
“ငါ က တော့ ဘာမှ မသိလို့ ခင်ကိုတောင် နောက်ခဲ့သေးတယ်..အခုတော့ကွာ...ငါ အားနာလိုက်တာ..”
“ဘာတွေလည်း..ဆရာ..”
“မင်းကို ဂရုစိုက် မဟုတ်ရင် သူများလက် ပါသွားလိမ့်မယ်လို့ ပြောတုန်းက ခင်မေ ပြုံးနေတာ ပြန်မြင်ယောင်မိရင် ငါသနားတာရော အားနာတာရော နဲ့ မျက်နှာပူရတယ်ကွ..တောက်..မင်း တော်တော် တန်ဖိုး မသိတဲ့ ကောင်ပဲ အာကာ...”
အလုပ်ကိစ္စပြောနေတာ မဟုတ်ပဲ မမခင်လည်း ပါလာတော့  ဘာတွေပြောနေမှန်း စဉ်းစားလို့မမှီတော့ပါ...။
“ဆရာပြောနေတာ တစ်ခုမှ ကျွန်တော် နားမလည်ဘူး..”
“မင်း ရုံးက ၀န်ထမ်းတစ်ယောက်နဲ့ ဖောက်ပြန်နေတယ်ဆိုကွ..တည်ခိုခန်းတောင် ရောက်နေပြီဆို..ငါ မင်းကို အားလုံးထဲမှာ ကိုယ်ကျင့်တရား အကောင်းဆုံးလို့ သတ်မှတ်စံတင်ထားတာကွ...”
“ဟင်..”
အာကာ့ ခေါင်းထဲ အားလုံးရဲ့ အကြည့်တွေ တစ်သီတစ်တန်းပြန်ပေါ်လာပြီး ခေါင်းတွေမူးနောက်သွားရသည်..။
“သူရိယ ပြောတာမလား..မဟုတ်ပါဘူး.ဆရာ..အဲဒါ အထင်လွဲတာပါ..”
“ငါလည်း ယောင်္ကျားပဲကွာ သိတယ်..စားပြီးနားမလည် တက်တာ  ထုံးစံပဲ..ငါတို့က နားလည်ပေးနိုင်ပေမဲ့ ခင့် ကိုတော့ သနားတယ်..သူက မင်းတစ်မျက်နှာနဲ့ ခပ်ကုပ်ကုပ် နေရရှာတာကွာ...”
“မဟုတ်ပါဘူး..ဆရာ..ဒါက...”
“မင်းကြောင့် မိန်းကလေး နှစ်ယောက်စလုံးနစ်နာတာကွ တာ၀န်မယူနိုင်ရင် ဘာလို့ အစကတည်းက ပတ်သက်လည်း..မင်းကြောင့် ငါတို့ ရုံးပါသိက္ခာကျရတယ်..မင်းရခဲ့တဲ့ ဘွဲ့ အမြင့်တွေက အခုလုပ်ရပ်ကြောင့် ဖွဲပဲအာကာ....မင်းတကယ်အတည် ဖြစ်နေရင်လည်း တာ၀န်ယူပါ...ခင့်ကို ကွာလိုက်ပါ..တစ်ခုလပ်ဘဝရောက်သွားတဲ့ ခင့်ကို ငါ လက်ထပ်ပြီး မင်းထက်သာအောင်ထားပြမယ်..”
“ဘာ...”အာကာ လူကြီးတွေ ဘာတွေ မသိပဲ ဒေါသက ငယ်ထိပ်တက်ဆောင့်သွားရသည်..။
“ဟုတ်တယ်လေ..မင်း နဲ့ ခင်  မတန်ဘူး..တစ်ရုံးလုံးက ခင့် ကို မသိပဲနဲ့တောင် ခင့်ဘက်က နာနေကြတာ..ငါ က ခင့်ကို ပိုသိတယ်..”
“အန်ကယ်..တော်ပါတော့ ဆက်ပြောရင် ဒေါသထွက်စရာတွေပါကုန်လိမ့်မယ်...ကျွန်တော့်ကို သွားခွင့်ပြုပါ..”
ပြောပြီးတာနဲ့ ချာကနဲ့ လှည့်ထွက်လာခဲ့ခါ ဦးတည်သွားလိုက်တာ သန့်စင်ခန်းသို့...။
“သူရိယ.....ကွာ.....တောက်...ကဲကွာ.ကဲကွာ...”
ဘေစင်မှာ ဒေါသလျော့သွားအောင်မျက်နှာလာသစ်မိခါမှ မှန်တွေ့ပြီး ပိုဒေါသထွက်လာသည်..။
“သေစမ်း..”
“အာကာ...အာကာ...စိတ်ကိုလျော့စမ်း..လျော့စမ်းပါကွာ သူငယ်ချင်း..”
အောင်၀င်းက ဘယ်လိုရောက်လာပြီး ပြေးဆွဲမှန်းမသိ အာကာ ရုန်းပစ်လိုက်သည်..။
“ကွာ..”လက်သီး ရွယ်ပြီး  အင်္ဂတေ နံရံ ကို အကြိမ်ကြိမ်ထိုးထားလို့ လက်ဆစ်က သွေးစို့လာပြီ မရပ်ချင်သေး..။
“သူငယ်ချင်း...မင်း စိတ်လျော့..”
“ငါ ...ကွာ...”
ဒေါသကြောင့်လား ရှက်စိတ်ကြောင့်လား မသိ ယောင်္ကျားစစ်စစ် က မျက်ရည်ကျမိပြီ...။
“ငါ..မဟုတ်ဘူး..”
“ငါသိပါတယ်ကွာ...”
“သူရိယ ဖွတော့ ငါတားလိုက်သေးတယ်...ဟိုကောင်ကလည်း အတည်ကြီးကို ပုံချပြတာကွ ငါတောင် ယုံမိသွားသေးတယ်..မင်း အခုလို ပေါက်ကွဲတော့မှ မဟုတ်မှန်းသိတာပါ..”
“တောက်...”
“စိတ်လျော့ပါကွာ သူရိယ အပြစ်လည်း မဟုတ်ဘူး..မင်းတို့က အဲ့တည်းခိုခန်းရှေ့ ဘာလုပ်နေတာလည်း..”
“ကျစ်..”
“နဒီ က စလာကတည်းက မင်းကိုကြွေနေတာ ငါတို့ အကုန်ရိပ်မိပါတယ်..ဒါပေမဲ့ သူက ဖေ့ဘွတ်မှာ စားပြီးနားမလည်တို့ ဘာတို့လျှောက်ရေး လိုက်တော့ တစ်ရုံးလုံးက မင်းကို အပြစ်မြင်သွားကြတာပေါ့ကွာ..ဒါပါပဲ..”
“ဘာ.”အာကာ ဒေါသတွေတောင် ပျောက်သွားရသည်..ဘာစားမိလို့လည်း...။
“နဒီ သူ့ဖေ့ဘွတ်မှာ တင်တိုင်း မင်းကို ရည်ရွယ်ပြီး တင်နေလို့ ဝါ၀ါ တို့ကတောင် သိပ်ကြည့်တာ မဟုတ်ဘူး..မိန်းမ ရှိတဲ့ ယောင်္ကျားနဲ့ မပတ်သက်ဖို့ပြောသေးတယ်..အဲ အခုကျတော့ သူက ငိုချည်းပြတော့ မင်းကို မုဒိမ်းကောင်လို့ ထင်နေကြပြီ...”
“ဘာ..”
“ဟုတ်တယ်..”
အာကာ ခေါင်းတွေ မူးနောက်သွားလို့ ကြွေဘောင်ကို ဖမ်းဆုပ်ကိုင် ထားလိုက်ရသည်..။
“မင်းမပြောနဲ့ ဒီဟာမ ကို ငါတောင် စိတ်၀င်စားမိသေးတာ မင်းက ရှောင်လိုက်နိုင်တာ ဂုဏ်တောင်ယူရအုံးမယ်ကွ...”
“ဟာကွာ မရှောင်နိုင်လို့ သေတာပေါ့ကွ....သူ့ကြောင့်ငါ မမခင်ကို သနားတယ်ကွာ..ငါ့ကိုယ့်ငါ လည်း မုန်းတယ်..သူနဲ့ အနီးလေးနေရတိုင်း ငါခြောက်ခြားနေရတာကွ...ငါ သူ့ကို ရှောင်နိုင်ဖို့ အရူးတစ်ယောက်လိုပဲ အမြဲကြိုးစားခဲ့ရတာ.....နောက်ပိုင်း သူ့ကို ငါ တကယ်စိတ်ထဲ မရှိတော့ပါဘူး..အဲနေ့ကလည်း အိမ်လိုက်လာပြီး ပြန်ပို့တော့ သူ က မမခင် နဲ့ ကွာဖို့အထိတောင်ပြောလာတယ်....မဖြစ်နိုင်ဘူးပြောတော့ စိတ်ဆိုးပြီး တည်ခိုခန်းထဲ ဆင်းသွားလို့ လိုက်ခေါ်တာပါကွာ....ငါသူ့ကို ချစ်တယ်တောင် မပြောခဲ့ဘူး..ဘယ်လို ပတ်သက်မှုမျိုးမှ မရှိခဲ့ပါဘူး..”
“အေးပါကွာ..ငါ မင်း အကြောင်းသိပါတယ်..ယောင်္ကျားပဲကွာ..ဒီလောက် ဘော်ဒီ လန်းလန်း ရုပ်ချောချောလေးက အတင်းလိုက်ရောနေတော့ ငြင်းရခက်မှာပေါ့...မမခင်ကိုလည်း မင်း အားနာသင့်တယ်.. မတော်တဆ သူ သိသွားရင် စိတ်မကောင်းဖြစ်လိမ့်မယ်..”
“ကျစ်..ငါ လူပျို ဘ၀တုန်းက နဒီ က ဘယ်သွားသေနေတာလည်း..အခုမှ ဘာလို့ လာပြီး သောက်ရူးထနေတာလည်း..တောက်...”
“သူများမိန်းမ  ၀င်ခုတ်ဖို့ ချောင်းနေတဲ့ ကြောင်အို ကတစ်မျိုး..”
အာကာ ဒေါသတွေကို သူများ ဆီပုံချပစ်လိုက်တော့ စိတ်က နည်းနည်း သက်သာသွားရသည်..။
လူနှစ်ယောက် အနားကိုရောက်လာတဲ့ တစ်စုံတစ်ယောက်ဆိုတာ တကယ်တော့ လူနှစ်ယောက် ချစ်ခြင်းကို စမ်းသပ်ဖို့ ဘုရားသခင် ဖန်ဆင်းလိုက်တဲ့ ဒုတိယ မာရ်နတ်ဆိုးပဲ..။
ဒါကို ဘယ်လို ရင်ဆိုင်ကျော်လွှားရမလည်း အာကာ့မှာ အဖြေမရှိပါ..။
“မင်း မမခင်ကိုတော့ အရိပ်လောက်ပြောပြလိုက် မင်းဘက်ကမှန်တဲ့ အကြောင်းတွေ သူ သဘောပေါက်အောင်ပြောထား..မဟုတ်ပဲ သူ့ဟာသူ သိသွားရင်တော့ မင်းမစားသာဘူးနော်..အဲ အချိန်ကျရင် မိန်းမတွေရဲ့ ဗီဇ အရ မင်း ဘယ်လိုရှင်းရှင်း ရမှာ မဟုတ်တော့ဘူး..”
“ငါပြောပြလို့ သူ စိတ်ဆိုးသွားမှာ ကြောက်တယ်..”
“ဟာကွာ...ကိုယ့် မိန်းမပဲဟာ..စိတ်ဆိုးရင် ချော့ပေါ့ကွ..”
တစ်လောကလုံး အထင်လွဲနေရင်တောင် တစ်ယောက်သောသူ အထင်လွဲလို့ မဖြစ်ပါ..။
အောင်၀င်းပြောသလိုမျိုးပဲ ကြိုးစားရတော့မှာပေါ့...မမခင်ရယ်...။

:・゚✧ *:・゚✧ *:・゚✧ *:・゚✧:・゚✧ *:・
ဇာတ်လမ်းက ဖတ်မကောင်းဖြစ်ကုန်ပြီလား သိပါဘူး😭

ရေးတော့ရေးနေတာပဲ အဆီအငေါ်မတည့် စွာဖြင့် 😭

အရေးအသားမကောင်းပေမဲ့

သည်းခံ ဖတ်ပေးခဲ့တဲ့ စာဖတ်သူ အားလုံးကို

ကျေးဇူးအထူးတင်ပါတယ် နော် ❤
Love u all
#စပိုက်ကာ

ပန်းကြိုးနွယ် Where stories live. Discover now