Part 5

4.6K 204 4
                                    

ပန်းကြိုးနွယ်
အပိုင်း (၅)
#ပန်းကြိုးနွယ်

“အား...”
မီးရောင်ပြာလဲ့လဲ့အောက်မှာ မျက်နှာချင်းဆိုင်မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် လန့်အော်ပြီးမှ ပါးစပ်ကို လက်နဲ့ လှမ်းအုပ်လိုက်ရသည်..။
နိုးသွားမှ အားနာစရာ ဖြစ်ကုန်မယ်...ကျစ် ဖီးလ်ရှိရင် တောင် ငုတ်ပြေးမဲ့ မြင်ကွင်း...။
အာကာ စောင်ကို အသာအယာ တွန်းဖယ်လိုက်ပြီး မီးဖိုခန်းဘက်ထွက် လာခဲ့လိုက်သည်..။
“ဟူး...”
သက်ပြင်းတစ်ချက်ကို တရား၀င် မှုတ်ထုတ်ရင်း ရေတစ်ခွက် ရှေ့ချပြီး အချိန်တော်တော်ကြာအောင်ထိုင်နေမိသည်..။
မင်္ဂလာပွဲ ညကတော့ ကိုဆန်းသူတို့ ဆွဲထားလို့ ရွာကအောက်ထပ်ကွပ်ပျစ်မှာပဲ မိုးလင်းခဲ့ရသည်..။
ရန်ကုန်မှာ ထပ်လုပ်မဲ့ ပွဲ ကို မာမီကို မနည်းတောင်းပန်ပြီး ဖျက်ခိုင်းလိုက်ရသည်..။
မဟုတ်ရင် အာကာ တစ်ယောက် ကိုယ့် မျက်နှာကို ဓားနဲ့ လှီးပစ်ချင်နေပြီ..။
ရွာ မင်္ဂလာဆောင်မှာ သူ့ရွာသူကို သူတို့ကြည့်ပုံက ပြုံးစိစိ လှောင်ယောင်ယောင် တွေ...။
မင်္ဂလာပွဲပြီး နောက်နေ့ နေ့ခင်း ရန်ကုန်ပြန်တက်လာခဲ့တာ ရန်ကုန်ရောက်တော့ ညနေစောင်းနေပြီ..
လူကြီးတွေကို ဟိုတယ် အရင်လိုက်ပို့ ညစာ ကို ဆိုင်မှာ စားပြီး ၁၀နာရီကျော်မှာ အိမ်ပြန်ရောက်သည်..။
နှစ်ယောက်စလုံး ခရီးပန်းနေတော့ တန်းအိပ်ရတာ..တရေးနိုးမှ အိမ်မက်ဆိုးတစ်ခုလို ရှေ့ကမြင်ကွင်းကြောင့် လန့်အော်မိတော့သည်..။
အာကာ စိတ်ကူးယဉ်ပြီး စီစဉ်ထားခဲ့တဲ့ မင်္ဂလာ အိပ်ယာ မှာ ကြွေ မဟုတ်တောင် ကြွေလို လှတဲ့ မိန်းကလေးမျိုးတော့ ဖြစ်သင့်ပါသည်..။
ဇနီးအသစ်စက်စက် မျက်နှာကလေးကို ငေး စကားတွေ ထွေရာလေးပါးပြောရင်း မင်္ဂလာဦးညကို ဖြတ်သန်းရမည် လို့ထင်ခဲ့သည်..။
အခုတော့ ...အတွေးတွေနဲ့တောင် စိတ်ပျက်စရာကောင်းလွန်းနေတော့ အာကာ ရေခွက်ထဲက ရေကို အကုန်မော့ချလိုက်ရသည်..။
တစ်ခန်းတည်းရှိတဲ့ အိပ်ခန်းထဲ ပြန်၀င်ဖို့ တွန့်ဆုတ်နေပေမဲ့ ည ၁နာရီကျော်လာတော့ မျက်လုံးကလည်း စင်းကျလာလို့ လေးကန်တဲ့ ခြေလှမ်းနဲ့ ပြန်၀င်လာခဲ့ရသည်..။
နှစ်ယောက်အိပ် ကုတင် အသစ်ကို ကိုယ်တိုင် ပြင်ဆင်တုန်းက ရင်ခုန်ခဲ့ရသည်..။
အိပ်ယာအသစ် ခေါင်းအုံး စောင် အစ ဖြူလွလွ နဲ့ နှင်းဆိပွင့် ရဲရဲတွေကို စိတ်ကူးယဉ်ဆန်ဆန် ရွေး၀ယ်ခဲ့မိသည်...။
အခုတော့....။
ကုတင်ထောင့်စွန်းနားတိုးအိပ်နေသည့်လူပုံရိပ်ကြောင့် အာကာ နည်းနည်း နေရတာ အဆင်ပြေသွားပြီး လဲအိပ်လိုက်သည်..။
စောင်ပြန်ဆွဲခြုံဖို့ကလည်း ဘေးကသူ နိုးသွားမှာစိုးလို့ ဒီတိုင်း လက်ပိုက်ကွေးပြီး ကျောပေးအိပ် လိုက်သည်..။
  “တင်... တောင်....တင်...တောင်....”
“ဟာ...ဘယ်သူလည်း..”
အာကာ ဆံပင်တွေကို လက်နဲ့ ထိုးသိပ်ဖွရင်း အိမ်ရှေ့ခန်းကို ထွက်လာတော့ တံခါးနားမှာ မတ်တက်ရပ်နေသည့် အရင်းနှီးဆုံးသူစိမ်းကြောင့် ကြောင်တောင်တောင် ဖြစ်သွားရသည်..။
“ဖွင့်လို့မရဘူး..”
“သြော်..အင်း..လက်ကိုင်ကို အိမ်ထဲဘက်ကို ဆွဲရတာ.’
ပြောလိုက်တော့မှ ခေါင်းညိတ်ပြီး ပြောင်းပြန် ပြန်ဆွဲနေတော့ နှစ်သောင်းတန် လက်ကိုင်လေး ပျက်စီးသွားမှာ စိုးလို့ ပျာပျာသလဲ ရှေ့ထိုးပြီး ဆွဲ ပြလိုက်ရသည်..။
“သြော်..အပေါ်ကို တင်ဆွဲတာကိုး..”
“ဟေး..rမနက်စောစောအနှောင့်အယှက်များ ဖြစ်သွားလား..”
“မဖြစ်ပါဘူး..”
“ဖြစ်တာပေါ့..”
“ဟယ် ကြည့်စမ်း သားဖြစ်သူ က တစ်ညတည်းနဲ့ လေသံပြောင်းသွားပါလားဟေ...”
အာကာ ဆက်မပြောချင်တော့လို့ အိမ်ထဲ၀င်လာခဲ့လိူက်သည်..။
“မာမီက သမီး ကို စျေးသွားဖို့ လာခေါ်တာ လိုက်မယ်မလား..”
“ဟုတ်ကဲ့..”
“လာ သွားမယ်..”
မနက်စောစော ထပြီး ရေချိုး အ၀တ်အစားလဲခါ သနပ်ခါးရေကြဲ လိမ်းထားတော့ အဆင်သင့်ဖြစ်နေရသည်..။
“အကိုလေး မိန်းမ ကို ခဏခေါ်သွားမယ်နော်..”
“မာမီ..”
“ဟား..ဟား...”
မာမီရဲ့ ရယ်သံ လှောင်နေသလိုလို ဖြစ်နေတော့ အာကာ ခေါင်းအုံးကို မျက်နှာပေါ်ထပ်ဖိပြီး နားပါ ပိတ်ထားလိုက်သည်..။
“လေးလွှာမှာနေတာဆိုတော့ မစားသာဘူး.မင်္ဂလာဒုံမှာ   လုံးချင်း ရှိတယ်..သားက အလုပ်နဲ့ လှမ်းလို့ မနေချင်ဘူးလေ..သမီးခင် ဒီမှာ အဆင်မပြေရင် ဟိုမှာပြောင်းနေဖို့ မာမီ စီစဉ်ပေးမယ်..”
အားလုံး အဆင့်သင့် လိုအပ်တာမရှိတဲ့ အိမ်မှာ နေခွင့်ရတာပဲတော်ပါပြီ..ရောက်ရောက်ချင်း တောင်းဆိုစရာလည်း မရှိပါဘူး..ဒီလို အထပ်တွေတောင် ခင်အတွက် အထူးအဆန်း ဖြစ်နေတာပါလို့ ပွင့်ပွင့် လင်းလင်းပြောချင်ပေမဲ့ ခေါင်းရမ်းရင်း..
“ဒီမှာကောင်းပါတယ် မာမီ..”
“ကြည့်စမ်း..မောင့်သဘော ဖြစ်နေပြီပေါ့..”
“အဟွင်း..”
“ခင် ရန်ကုန် ကို ရောက်ဖူးလား..”
“မရောက်ဖူးဘူး ကြွေတော့ ရောက်ဖူးတယ် ...”
“ဒါဖြင့် ဘယ်ကို ရောက်ဖူးလည်း.တစ်နေရာရာမှာ နေဖူးလား”
“ဘယ်မှ မရောက်ဖူးဘူး..ရွာမှာပဲ မွေးကတည်းကနေတာပါပဲ..”
“အို မပျင်းဘူးလား “
“အလုပ်တွေနဲ့ ဆိုတော့ မပျင်းပါဘူး..မာမီ..”
ကားတွေ ပျားပန်းခပ် မျှ လှုပ်ရှားသွားလာနေတာကို ကြည့်ရင်း ကားတိုက်ခံရမှာ ကိုတွေးကြောက်မိသည်..။
“မာမီ မသွားနဲ့လေ..ကားတွေ အရှိန်မလျော့ဘူး..”
“ဟား..ဟား..လာပါသမီးရဲ့ အပေါ်မှာ မီးနီနေပြီလေ..ဒါဆိုကူးလို့ရပြီ...”
“ဒါပေမဲ့ ကားတွေက..”
ခင် လမ်းကူးတာလောက်တော့ သိပါသည်..။
အခုကားတွေက ရပ်မှ မသွားတာ လှစ်ခနဲ့ အနားကိုရောက်လာမှာကို ကြည့်ပြီး အသည်းအေးရသည်..။
“လာရောက်ပြီ..ဟိုက စျေးပဲ..”
“သြော် တော်သေးတာပေါ့ နီးလို့..ဟူး..”
ခင်မေ သက်ပြင်းခိုးချတာကို မာမီက ရယ်နေသည်..။
“ခင် ရဲ သွားအောင် တစ်ခါတည်း လုပ်ပေးခဲ့ရမယ်..မဟုတ်ရင် တစ်ယောက်တည်း မလည်မ၀ယ်ဖြစ်နေမှ ဒုက္ခ..”
“မာမီက ဘယ်သွားမှာလည်းဟင်..”
“မာမီတို့ အလုပ်က စင်ကာပူမှာလေ..သားအဖေ လုပ်သက်ပြည့်မှ ပြန်လာလို့ရမယ်..သမီးရဲ့..”
“သြော်..မာမီမရှိရင် ခင်တော့ ဒုက္ခပါပဲ..”
“သားရှိပါတယ်..အားမငယ်ပါနဲ့ သူလိုက်ပို့မှာပေါ့..အနီးအနားစျေးသွားစျေး၀ယ်လောက်တော့ မာမိ ပြပေးခဲ့မယ်လေ...”
“ဟုတ်ကဲ့..”
“အို ခင့် ကို မာမီက ခိုင်းသလို ပြောနေတာမဟုတ်ဘူးနော်..သိထားသင့်လို့ သင်ပေးနေတာပါ..မနက်ဖြန်ဆို မာမိ အိမ်အကူ တစ်ယောက်လွတ်ပေးမှာ ခင် ဘာမှ မလုပ်ရတော့ဘူး..”
“ဟာ..မလုပ်ပါနဲ့ မာမီရယ် ခင် အလုပ်မရှိရင် ရွာကို ပြန်ချင်လာလိမ့်မယ်..”
လူနှစ်ယောက်အတွက် အလုပ်ကို တစ်ခါ လူတစ်ယောက်က ကူရအုံးမယ် ဆိုတော့ မဖြစ်နိုင်တဲ့ အကြောင်းပြချက်ကြီး ဖြစ်နေသည်..။
“ဘယ်လို လုပ်မလည်း မာမီ ခေါ်ပြီးသွားပြီ..”
“ခင် ရွာမှာလည်း အလုပ်တွေ လုပ်နေတာပဲ တကယ်မပင်ပန်းပါဘူး..”
“ဟူး..တစ်လလာက်တော့ ခေါ်ထားလိုက်ပါ ခင်လည်း အဖော်ရတာပေါ့..”
“ဟုတ်ကဲ့..”
စေတနာနဲ့ စီစဉ်ပေးတာကို ခင် အတင်းငြင်းနေရတာ မကောင်းလို့ လက်ခံလိုက်ရသည်..။
“အင့် ဒါကို သိမ်းထား ..ဒါ သားတိုက်ခန်းရဲ့လိပ်စာပဲ..သမီးလမ်းပျောက်ရင် မပြန်တက်ရင် ကားတားပြီး ဒီလိပ်စာကဒ်ပေးလိုက် လိုက်ပို့ပေးလိမ့်မယ်..”
“ဟုတ်..”
“ညက အဆင်ပြေရဲ့လား..”
“ရှင်..”
“သြော် ရွာကို လွမ်းပြီး ငိုသေးလားလို့ပါ...”
ခင်မေ လေးကန်စွာခေါင်းရမ်းမိသည်..။
မလိုလားသူတစ်ယောက် မချစ်မနှစ်သက်သူ တစ်ယောက် အို မကောင်းတက်လို့ သည်းခံနေရတဲ့ သူ့ခမျာ ကြောက်လန့်တကြားတနိုးပြီး ငုတ်ထုတ်ထထိုင်ရလောက်အောင် ခင်မေတို့ ရုပ်ရည်က အကျဉ်းတန်နေသည်ပဲလေ...သူ့ အပြစ်မဟုတ်ပါဘူး.
“သားကတော့ နိုးအုံးမှာ မဟုတ်သေးဘူး..မုန့်၀ယ်သွားရအောင်..”
“ကိုမောင်မောင်အာကာပိုင်စိုးက ဘာမုန့်တွေ ကြိုက်လည်း မာမီ..”
“ခွီး..သမီး ဘယ်လိုခေါ်လိုက်တယ်..”
ခင် ခေါ်တာများမှားသွားလားလို့တွေးရင်း ထပ်ခေါ်ပြဖို့ မဝံ့မရဲ ဖြစ်နေရသည်..။
“ကို မောင်မောင် အာကာပိုင်စိုးပါ..ဘာဖြစ်လို့လည်းဟင်..”
“အဟက်..ဘာမှ ဖြစ်ဘူး...နားထောင်ကောင်းလို့ပါ..အဲတိုင်း အမြဲခေါ်ရမယ်နော်..”
“ဟုတ်..”
“သား တားလည်း အဲတိ်ုင်းပဲခေါ်နော် ကတိပေးမလား..”
“ဟုတ်..”
“သားက မြန်မာမုန့်ဆို အကုန်ကြိုက်တယ်..မာမီက သူငယ်ငယ်တုန်းက မြန်မာပြည်ကို အရမ်းလွမ်းတော့ မြန်မာမုန့် မြန်မာအစားအစာ ဦးစားပေးကျွေးမိတာလေ..”
“သြော်..”
ခင်မေ သြော်ချရုံမျှမက ကိုယ့်ဘ၀ကို လည်းတာ၀န်ကျေအားငယ်ရသေးသည်.။
သူလို့ နိုင်ငံခြားပြန်လူချောလူတော် တစ်ယောက်ရဲ့ ပါရမီဖြည့်ဘက် ဇနီးမယားက ခင်မေ ဖြစ်နေရတာ သူ့ အတွက် တော့ ခံပြင်းစရာဖြစ်နေပါလိမ့်မည်..။
နှစ်ယောက်တည်း ရှိချိန် နှိပ်စက်ကလူ နိုင်ထက်စီးနင်းပြုလာတောင် သူလွန်မယ် မထင်ပါဘူးလေ...။
စျေးအသွား အပြန်လမ်းတွေကို လိုက်မှတ်ပြီး အိမ်ပြန်လာတော့ ဘယ်အိမ်မှန်းမသိအောင် တိုက်တွေအားလုံးက ဆင်တူတွေဖြစ်နေသည်..။
“မမှတ်မိဘူးဖြစ်နေပြီလား..”
“ဟုတ်ကဲ့ဒေါ်ဒေါ် အဲ မာမီ..အားလုံးဆင်တူတွေဖြစ်နေတယ်..”
“အင်း..ဟိုမှာ ဆိုင်းပုဒ်အဝါတွေ့လား မုန့်ဆိုင်လေ..”
“ဟုတ်..”
“အဲတိုက်ဘေးက လှေကားက တက်ရတာ..”
“အင်း..အင်း..မုန့်ဆိုင် မှတ်မိပြီ..”
“တို့သမီးက ညဏ်ထက်သားပဲ..”
ခင်မေ အိတ်တွေကို ဆွဲပြီး အပေါ်တက်ဖို့လှေကားကိုခြေချလိုက်တာနဲ့ မှောင်ကြုတ်ကြုတ် အနေအထားကြောင့် မွန်းကြပ်ရသည်..။
“မီးပျက်ပြန်ပြီ..”
“တွေ့လား သမီး..ဂဏန်းတွေကိုမှတ်ထား..၄ ဆိုရင် သမီးတို့ အထပ်ပဲ..”
အစအဆုံးလိုက်သင်ပြပေးနေတော့ ခင် အားနာမိသည်..။
“မာမီ..ခင့်ကြောင့် ပင်ပန်းနေပြီလားဟင်..”
“မပင်ပန်းပါဘူး..ပျော်နေတာလေ..”
“ဟင်..”
“သမီး တစ်ယောက်ရတာကိုး..”
“အဟင်း..ခင်လည်း..အမေ တစ်ယောက်ရသလိုပါပဲ...”
“တင်...တောင်.....တင်.....တောင်.....”
“မာမီတို့ ဘယ်သွားတာလည်း..”
“စျေးထဲပါ...”
“ကြာလိုက်တာ...”
“ကိုမောင်မောင် အာကာပိုင်စိုးကလည်း စိတ်ကြီးလိုက်တာ...ဟား..ဟား...”
“ဟင်..”
မာမီက ရယ်ရင်းပြောတော့ အာကာခေါင်းကြီးသွားရသည်..။
မာမီ ဒီနာမည်ကြီး ဘယ်လိုသိသွားတာလည်း..သွားပါပြီ....ပြီးမှာ မဟုတ်တော့ဘူး..ဒီမိန်းမကို ကြည့်ရတာ နှုတ်ခမ်းထော်သလောက် နှုတ်ဖွာပုံရသည်..။
အာကာ မှုန်ကြုတ်ကြုတ်ဖြင့် အိမ်ထဲ ပြန်၀င်လာလိုက်သည်..။
“ကိုမောင်မောင်အာကာပိုင်စိုး အလုပ်မသွားဘူးမလား...”
“မာမီး...”
“ကိုမောင်မောင်အာကာပိုင်စိုး အလုပ်မသွားရင် ခင့်ကို မြို့ထဲ လိုက်ပြလိုက်ပါလားလို့...”
“အား..မာမီ အဲဒါကြီး ကျစ်.အား....အရင်အတိုင်းခေါ်ပါ မာမီရာ..”
“ဒီနာမည် ငါဘာလို့ မစဉ်းစားမိပါလိမ့် ဒီလောက်လှတဲ့ နာမည်လေး..”
သားအမိ နှစ်ယောက် အပြန်အလှန် အခြေအတင်ဖြစ်နေမှ ဒီနာမည်ကို သူ မကြိုက်မှန်းသဘောပေါက်တော့သည်.။
“မာမီ ပြောထားအုံးနော်..တော်ကြာ တောပုံစံကြီး စကားပြောနေရင် သား အရှက်ကွဲအုံးမယ်..”
ခင်မေ မျက်လုံးပြူးကြောင်သွားရသည်..တောပုံစံလည်း စကားမပြောမိပါဘူး..ဘာပဲ ဖြစ်ဖြစ် သူ မကြိုက်ပါဘူးလို့ တရား၀င်ပြောလာသည်မို့ ခင် သတိထားရတော့မည်...။
“အမယ်..ကြီးကြီး ကျယ်ကျယ် သား မုန့်စားပြီးရင် သမီးကို မားကပ် ခေါ်သွားလိုက် အိမ်အတွက် သူ့ အတွက် လိုအပ်တာတွေ ၀ယ်ပါစေ..”
“မာမီ ခေါ်သွားပါလား..”
“ဟ..မာမီခေါ်သွားစရာလား..နင့် မိန်းမလေ...”
“သားက...”
“ရပါတယ်...မာမီ...ခင်လည်း ကားတွေရှုပ်လို့ အပြင်မထွက်ချင်ပါဘူး..”
“မရပါဘူး..တစ်ရက်တည်းနေရမှာ မဟုတ်ဘူး..ဘယ်အချိန်ထိ အိမ်ထဲနေမလည်း...အာကာ မာမီ ထပ်မပြောဘူးနော်..သွားမလား..မသွားနိုင်ဘူးလား..”
“စားသောက်ပြီးရင် သွားပို့ပေးလိုက်ပါမယ်..”
“ဒီလိုမှပေါ့ ကိုမောင်မောင်အာကာပိုင်စိုးရဲ့...”
“မပြောတော့ဘူး..”
အရှုံးပေးပြိး အခန်းထဲ ၀င်သွားသည့်သူ့ကို ကြည့်ရင်း မာမီ ရယ်သံကြောင့် ခင်မေ လည်း ရယ်ချင်မိသည်...။
မခေါ်သွားချင်တာ ဘာကြောင့်မှန်းသိနေသည်ပဲလေ...သူမှန်ပါသည်..။
“သမီးရေ..မာမီ ပြန်မယ်နော်...”
“ဟုတ်ကဲ့..”
“လိုအပ်ရင် ဖုန်းဆက်လိုက်နော် ..”
“ဟုတ်...”
ခင်မေခေါင်းညိတ်လိုက်ရသော်လည်း..ဖုန်းနံပါတ်တွေ ဘာတွေ တစ်ခုမှမသိ...။
မာမီ ပြန်သွားတာနဲ့ စျေး၀ယ်လာတဲ့ အိတ်တွေကို မီးဖိုခန်းထဲ စီချလိုက်ပြီး မုန့်တွေ ကို ပန်းကန်ထဲထည့်လိုက်သည်..။
ထမင်းစားပွဲပေါ်လှလှပပ ဖြစ်အောင် ပြင်ဆင်ထားလိုက်ပေမဲ့ သူဘာကြိုက်မှန်းမသိတော့ ရင်တထိပ်ထိပ်ဖြင့်သာစောင့်နေရသည်..။
“မာမီ ပြန်သွားပြီလား..”
“ဟုတ်..”
မီးဖိုခန်းထဲ၀င်လာရင်းမေးလာတဲ့ မေးခွန်းက ခင်မေဆီ တိုက်ရိုက်မို့ ခေါင်းညိတ်ဖြေလိုက်ရသည်..။
“ကျွန်တော့်ကို တလေးတစား မပြောပါနဲ့ မမခင်..တကယ်ဆို မမခင်က အသက်ကြီးတာပဲ အခုလိုရိုသေပြနေတော့ နေရခက်တယ်..”
“အင်း..”
“မမခင် ပြင်ဆင်စရာရှိတာပြင်ဆင်ထားလေ..ကျွန်တော်မုန့်စားပြီးရင် သွားကြတာပေါ့..”
ခေါ်တာကလည်း မမခင်တဲ့.... ခင်ဗျားကြီး တို့ ကျူပ်တို့ မသုံးတာပဲ တော်လှပြီ...။
“ကိုမောင်မောင်အာကာပိုင်စိုး အဆင်မပြေရင်လည်း လိုက်မပို့ပါနဲ့ ခင်လည်း မသွားချင်ပါဘူး..”
“တကယ်အဲလိုကြီးခေါ်မှာလား...”
စားလက်စတွေကို ရပ်ပစ်ပြီးမှ မေးခွန်းထုတ်တော့ခင်မေ ဘာပြောရမှန်းမသိ..။
ခင်မေ ဆီက အဖြေမရတဲ့ အဆုံး..သက်ပြင်းတစ်ခုကိုပေါ်ပေါ်တင်တင် ချခါ
“ကျွန်တော် အဆင်ပြေပါတယ်..မာမီကို ပြောပြီးသားဆိုတော့..သွားမှရမယ်.”
“အင်းလေ..သွားကြတာပေါ့..”
ခင်မေ အခန်းထဲ၀င်ပြီး အိတ်ထဲက အ၀တ်အစားအရောင်ဖျော့ဖျော့တွေရွေးထုတ်ရသည်..။
အသားမဲ အရဲဆင် ဆိုသလို ခင်မေချူပ်ထားသမျှ အရောင်တွေကလည်းတောက်တောက်ကြီးတွေ...
နောက်ဆုံးတော့ ပန်းရောင်ဖျော့ဖျော့လေးပဲထုတ်၀တ်လိုက်ရသည်...။
“ကိုမောင်မောင်အာကာပိုင်စိုး စားရတာ အဆင်ပြေရဲ့လား..”
“ပြေပါတယ်..မမခင်ပြီးရင် သွားမယ်..”
ပြောပြီး မီးဖိုခန်းထဲက ခပ်သွက်သွက် လျှောက်ထွက်သွားတော့ မုန့်ပန်းကန်တွေအမြန်သိမ်းပြီး ခင်မေ လည်းပြေးလိုက်ရသည်..။
“ဒါ အိမ်သော့အပိုတစ်ချောင်းလေ မမခင်ယူထား..နောက်တစ်ချောင်းက တံခါးခွက်ထဲမှာ ထည့်ထားတယ်..မေ့တဲ့အခါကျရင် အဲဒါကို ထုတ်သုံးလို့ရတယ်...”
သူလှမ်းပေးတဲ့ သော့တစ်ချောင်းကို ယူပြီးခါမှ ခင်မေ မှာထည့်စရာမရှိသည့် အဖြစ်ကို သိသွားပြီး..
“အိမ်ပြန်လာမှ ပြန်ယူတော့..”တဲ့...။
“တံခါး ပြန်ဆွဲလိုက်အုံး...”
ခင်မေ ဆွဲပြီးပိတ်လိုက်ပေမဲ့ သူက ထပ်ခိုင်းတော့ ထပ်လုပ်နေတာ ၃ခါမြောက်ပြီ..နောက်ဆုံးတော့ သူကပဲ ထပြီး ခင်မေ့ ဘက်ကတံခါးကိုပြန်ပွင့်ခါ ဒုန်းကနဲ့ အသံမြည်  အောင် ဆောင့်ပိတ်လိုက်သည်..။
စိတ်မရှည်လို့လား..ကားတံခါးဆိုတာ အဲလိုပိတ်ရတာလားတော့ ခင်မေလည်း မဝေခွဲနိုင်ခဲ့ပါ...။
“မမခင် ဘယ်သွားချင်လည်း..”
“မသိဘူးလေ...”
“ဒါဆို မားကပ်ပဲ ပို့ပေးမယ်နော်..”
“အင်း..”
ကားစီးလာစဉ် တစ်လျှောက်လမ်းဘေးက ပုရွက်ဆိတ်နဲ့ တူတဲ့ လူပေါင်းများစွာကို ကြည့်ရင်း မြန်မာနိုင်ငံက လူတွေ ဒီမှာလာစုရုံးနေသလားလို့တွေးနေမိသည်..။
“မမခင်..”
“ဟင်..”
“လမ်းမှာ ကျွန်တော့်အသိတွေနဲ့ တွေ့ရင် ဆွေမျိုးလို့ပဲပြောမယ်နော်..”
ခင်မေ ရင်ထဲမှာ ၀မ်းနည်းစိတ်လှိုက်တက်လာပေမဲ့ ခေါင်းညိတ်လက်ခံလိုက်ရသည်..။
ကိုယ့်အခြေအနေ ကိုယ်သာ သိပါသည်..။
“မမခင်နဲ့က အသက်ကွာတော့စကြမှာစိုးလို့ပါ..”
“ခင် နားလည်ပါတယ်...”
“မမခင် လိုအပ်တာ၀ယ်ဖို့..”
ကားရဲ့ အံဆွဲတစ်ခုထဲက ထုတ်ပြီး လှမ်းပေးသည့် ပိုက်ဆံ အထပ်ကို ကြည့်ရင်း ခင် မျက်လုံးပြူးခါ
“အများကြီးပဲ ခင်မလိုပါဘူး.ထည့်စရာလည်းမပါဘူး.”
“ဟုတ်သားပဲ..”
ကားရပ်ပြီးတာနဲ့ သူက တစ်ဖက်က ဆင်းခါ ခင်မေဘက်က တံခါးကို လာဖွင့်ပေးသည်..။
မှန်တွေနဲ့ စီခြယ်ထားတဲ့ အထပ်မြင့်မြင့်တိုက်ကြီးကိုမော့ ကြည့်ရင်း အံသြရ၏..။
တံခါးဖွင့်ပေးတဲ့ လူက ခါးကိုင်းရင်း မင်္ဂလာပါ နှုတ်ဆက်လာတော့ ခင်မေလည်း ပြန်နှုတ်ဆက်လိုက်သည်..။
“နေ့ခင်းကြီးတောင် အေးစိမ့်နေတာပဲ..”
“ဟုတ်တယ်...အဲကွန်းတွေ လွတ်ထားတာလေ..”
“အကွန်း...သြော်..လေအေးပေးစက်လား..အင်း..နော်..အများကြီး ထည့်ထားရမှာပဲ...”
သူ့ဟာသူတွေးစစ ပြောနေရင်း ခေါင်းလည်ပြီး အဲကွန်းတွေကို လိုက်ရှာနေတော့ အာကာရယ်ချင်လာသည်..။
“အောက်ထပ်မှာ စားစရာတွေပဲ အပေါ်အရင်သွားမလား..”
“အင်း..”
သိပ်မလှမ်းမကမ်းမှာ ခွါလျှောက်ရင်း နောက်ကို ပြန်ပြန် ကြည့်နေရတာလည်း စိတ်မရှည်ချင်ပေမဲ့ မြိုသိပ်နေရသည့် အာကာ အဖြစ်...။
“ဟယ်..ဒါကြီး...ဒါကြီး မစီးရဲဘူး..မသွားတော့ဘူး..ပြန်မယ်..”
လှေကားရောက်မှ တစ်မျိုးရစ်လာတော့ အာကာ ဘေးပတ်၀န်းကျင်က လူတွေကို ကြည့်လိုက်ပြီး အသံတိုးခါ..
“မခက်ပါဘူး မမခင်..ဘာ အန္တရယ်မှ မရှိဘူး လှမ်းတက်လိုက် အပေါ်ရောက်သွားမှာ..”
“’မစီးရဲဘူး..ကိုမောင်မောင်အာကာပိုင်စိုး..ခင် ပြန်ချင်တယ်..”
အကြောက်အကန် ငြင်းဆန်နေသည့် တောသူကို ဘယ်လိုခေါ်ရမလည်း
“ထွက်ပေါက်က အပေါ်မှာ ဒီက ထွက်လို့မရဘူး..”
“ရပါတယ်..ဟိုစောင့်နေတဲ့  လူကြီးကို ခင်ပြောပါမယ်..လာပါကွယ်..”
အာကာ ခေါင်းရမ်းရင်းလှေကားပေါ်တက်သွားလိုက်သည်..။
“ကိုမောင်မောင်အာကာပိုင်စိုး စောင့်အုံးလေ..”
အသံကျယ်ကျယ်နဲ့ ငိုမဲ့မဲ့ ပြောပြီး လှေကားပေါ်လှမ်းတက်ချိန် တစ်ချက်ယိုင်သွားတာတွေ့တော့ အာကာ ရယ်မိသည်..။
“အို ပြုတ်ကျတော့မယ်..”
“သေစမ်း..”
လှေကားကို ငုတ်ထုတ်ထိုင်စီးလာလို့ အားလုံးက ကြည့်ပြီး လက်ညိုးထိုးခါ တိုးတိုးတိတ်တိတ် ရယ်နေကြသည်..။
အာကာ ရှက်လွန်းလို့ ခပ်လှမ်းလှမ်းမှာ သွားရပ်နေရင်း အခြေအနေကိုစောင့်ကြည့်နေရသည့် အဖြစ်..။
“ရပါတယ် အစ်မ မကြောက်နဲ့...လာ...”
“ဟင်...အင်း...ကျေးဇူးပါမောင်လေးရယ်..”
ချွေးပြန်ပြီး တုန်တုန်ယင်ယင်ဖြစ်နေတဲ့ လက်တစ်စုံကို ဘယ်သူကိုင်တယ်ဆိုတာထက် ကူညီသူအဖြစ်သာ ကြောက်လန့်တကြားပြန်ဆုပ်ကိုင် ထားမိသည်..။
“ထလိုက် အစ်မ ရတယ်..”
“ဟင်..”
“ဘေးတန်းကို ကိုင်ပြီး ထလိုက်ပါ..”
“အင်း...”
ခင်မေ ရွေ့နေတဲ့ လှေကားကို ခြေမြဲအောင် ကုပ်ပြီး ဘေးလက်ရန်းကို တစ်ဖက်ကိုင်ခါ ထလိုက်သည်..။
“အစ်မ အဆင်ပြေသွားပြီမလား.”
“အင်း..သိပ်မကြောက်တော့ဘူး..”
“ဘယ်သူနဲ့ လာတာလည်း..”
“သူ ဒီပေါ်တက်သွားတာ...”
“သြော်...ထိပ်ကိုရောက်ရင် အစ်မ လှမ်းတက်လိုက်..”
“မသွားပါနဲ့အုံး..”
“ကျွန်တော်လည်း အပေါ်သွားမှာလေ...လာ...”
ခင်မေ ဘယ်သူဘယ်ဝါမှန်းမသိသည့် ထိုလူ့လက်ကိုသာ အသေရရ အရှင်ရရ မလွှတ်တမ်း ဖမ်းဆုပ်ကိုင်ထားသည့် ပုံစံဖြစ်နေသည်..။
“ရောက်ပြီ..အစ်မ လှမ်းတက်လိုက်..”
“အို...”
“ရပြီနော် အစ်မ..”
“ကျေးဇူးတင်လိုက်တာ မောင်လေးရယ်..တကယ်ကျေးဇူးတင်ပါတယ်..”
“ဟုတ်ကဲ့ ရပါတယ်..”
ခင်မေ အပေါ်ရောက်မှ  ကြောက်စိတ်လျော့လာတော့ သူ့ကို လိုက်ရှာမိသည်..။
“ဟင် ကိုမောင်မောင်အာကာ ပိုင်စိုး ..ဒီမှာ...ဒီမှာ ခင် ဒီမှာ..”
လက်ထောင်ပြပြီး အော်ခေါ်လိုက်မှ မသိချင်ယောင်ဆောင်ပြီး လျှောက်သွားတာ သိတော့ ခင်မေ ဘေးပတ်၀န်းကျင်ကို လိုက်ကြည့်မိသည်..။
သူ ရှက်လို့ အတူမသွားချင်တာပဲလေ...ခင်ကလည်း အလိုက်ကန်းဆိုးမှ မသိတာပဲ...။
တော်ပါပြီ..နောက်ဆို ဘယ်သွားသွား ခင်ကပဲ အလိုက်တသိ ငြင်းပါတော့မယ်လေ....။
လှေကားထိပ်နားမှာ သူပြန်ထွက်လာမဲ့ အချိန်ကို ရပ်စောင့်ရင်း လူတွေသွားလာ လှုပ်ရှားနေတာကို သတိထားမိသည်..။
ဘေးဘက် လှေကားကနေ ပြန်ဆင်းပြီး  အပြင်ပြန်ထွက်ကြတာပဲ..
ခင် နဲ့ အတူ လှေကားမဆင်းချင်လို့ ရှောင်နေတာလားတွေးမိတော့ အဆင်းဘက် လှေကားကို လျှောက်လာခဲ့လိုက်သည်..။
“ညီမရေ..အစ်မ မဆင်းရဲလို့ တစ်ချက် ကိုင်ပေးပါလားဟင်..”
“ဟုတ် လာလေ..”
လူသား အချင်းချင်းမို့ ကူညီကြတာလား ငနုံငအ ပုံဆိုးပန်းဆိုး မို့ သနားပြီး ကူညီတာလား မသိ ပေမဲ့ အောက်ရောက်တဲ့ အထိ လက်ကို သေချာကိုင်ပြီး လိုက်ပို့ပေးသည်..။
ခင်မေလည်း တစ်ခါ စီးဖူးပြီမို့ အစပထမလောက်တော့ မကြောက်တော့ပါဘူး...။
“ကျေးဇူးတင်ပါတယ် ညီမလေး.”
“ရပါတယ်..”
လူတွေ ထွက်သွားကြတဲ့ အပေါက်နားမှာ ခင်မေ ရပ်နေတာ ခဏကြာတော့သူရောက်လာသည်..။
“ကျွန်တော် ပြန်ဆင်းလာဖို့ကြာသွားတယ်..”
“ခင် လည်း လမ်းစပျောက်သွားလို့ ဒီကစောင့်နေတာ...”
“ကျွန်တော်က အပေါ်မှာ လိုက်ရှာနေတာ..”
“အဟွင်း ခင်က ကိုမောင်မောင်အာကာပိုင်စိုး အောက်ထပ်မှာလို့ ထင်နေတာ လွဲကုန်ပါပြီ..”
သူ မနေတက်ဖြစ်နေမှာ စိုးလို့ ပေါ့ပါးတဲ့ စကားလုံးတစ်ချို့နဲ့ အတူ မုသားသုံးပေးလိုက်ရသည်..။
“ ပြန်ကြမလား..”
“အင်း..”
ကားပေါ်ရောက်တော့ ရှေ့ဆက်ရမဲ့ ခရီးလမ်းက ကျောချင်းဆိုင်ရပ်သားမို့ သက်ပြင်းခိုးချလိုက်ရသည်..။

:・゚✧ *:・゚✧ *:・゚✧ *:・゚✧:・゚✧ *:・

အရေးအသားမကောင်းပေမဲ့ ရေးမိနေတုန်း

သည်းခံ ဖတ်ပေးခဲ့တဲ့ စာဖတ်သူ အားလုံးကို

ကျေးဇူးအထူးတင်ပါတယ် နော် ❤

Love u all
#စပိုက်ကာ

ပန်းကြိုးနွယ် Where stories live. Discover now