Part 14

4K 186 2
                                    

ပန်းကြိုးနွယ်
အပိုင်း (၁၄)
#ပန်းကြိုးနွယ်

“တင်..တောင်...တင်...တောင်...”
ခင် အ၀တ်တွေလှန်းနေတုန်း နေ့ခင်းဘက် ထူးထူးဆန်းဆန်း တံခါးက အသံမြည်လာလို့ အိမ်ရှေ့ကို ခပ်သွက်သွက် ထွက်လာခဲ့လိုက်သည်..။
အတွင်းတံခါးဖွင့်လိုက်တော့ တံခါး အပြင်ဘက်မှာ လူတစ်ယာက် ခင့်ကို ပြုံးပြနှုတ်ဆက်နေသည်..။
“အာကာ ရှိလား..ညီမ...”
“အလုပ်သွားပါတယ် ရှင်..”
“ညီမက..”
“သူ့ ဇနီးပါ..”ခင် ပြောပြီးခါမှ သူသိရင် စိတ်ဆိုးမလားတွေးမိသေးသည်..။
“အင်း အကို ကို တစ်ခု ကူညီပါလား..အကို့ ကို သူ့ အလုပ်စားပွဲအောက်က မီတာလေး ပေးလိုက်လို့ရမလား..အကို က သူ့ ဆရာပါ...”
ကိုမောင်မောင်အာကာပိုင်စိုးရဲ့ ဆရာပြောပြီး နေရာ အတိအကျပြောပေမဲ့ လူလိမ်ဆို ဘယ်လို လုပ်မလည်း..ခင်ခေါင်းရမ်းပြီး..
“မရပါဘူး..သူ မရှိဘူးလေ..”
“ဟင်..ဒါဆို..ဖုန်းတစ်ချက်လောက်ခေါ်ပေးပါလား..အကို့ ဖုန်းက အောက်က ကားထဲမှာ ကျန်ခဲ့လို့ပါ..”
“အင်း...”
ခင်လှည့်လာပြီးခါမှ တို့ဆေးတို့ ရှုဆေးတို့နဲ့ လူတွေကို ဖမ်းခေါ်သွားတာသတိရတော့
“မရဘူးရှင့်..”
“ဟမ်..”
“ကိုမောင်မောင်အာကာပိုင်စိုး အိမ်မှာ မရှိဘူး..သူ ပြန်လာမှ လာခဲ့ပါ..”
“ကိုယ်တို့ အလုပ်မှာ အခု လိုလို့ပါ..”
“မကူညီနိုင်ပါဘူးရှင်..”
ခင် တံခါးပိတ်လိုက်ပြီး ကပ်နားထောင်နေချိန် တောက်ခပ်သံကြားလိုက်ရတော့ လန့်ဖြတ်သွားရသည်..။
တော်ပါသေးရဲ့ စကားကြာကြာမပြောလိုက်ပေလို့..။
.
“အာကာ..ဘယ်မှာလည်းကွ...”
“သေပြီပဲ.ဆရာ့ အသံကကျယ်နေပြီ..”
အာကာ ပြောလိုက်ရင်း လက်က လည်း ပွကြဲနေသည့် စားပွဲကို ရှင်းနေရသည်..။
“အာကာ..”
“ခင်ဗျာ..ဆရာ..”
“အေး.ဆရာသလား..ငါ တော်တော်တင်းနေတယ်..”
“မော်ဒယ် တွေ မနေ့ကပဲ ပို့ပေးလိုက်ပြီလေ..”
“မင်း မိန်းမကြောင့် တင်းနေတာ..”
“ခင်ဗျာ....”
အာကာ နားမလည် နိုင်သဖြင့် မျက်မှန် ပင့်ပြီး ဝေ၀၀ါးဝါး ဖြင့်သာ မော့ကြည့်နေရသည်.။
“ငါ နေ့ခင်းက မီးခုံ လောင်သွားလို့ မင်းအိမ်မှာ မီတာ သွားတောင်းတာ..ငါ့ကို ခွေးမောင်းသလို မောင်းထုတ်တယ်လေ..”
“ဟာ..အဲဒါက ..”
အာကာ ခေါင်းတစ်ခုလုံး ချာချာလည်သွားရသည်..။
မမခင် ဘာတွေပြောလွတ်လိုက်လို့ ဒီလောက်တင်းနေတာပါလိမ့်
“သူက တောသူ ဆိုတော့ အပြောမတက်လို့ပါ ဆရာ..ကျွန်တော် သူ့ကိုယ်စား တောင်းပန်ပါတယ်.”
“ဟေး..ဟေး..အပြောမတက်လို့ပဲ သူ မရှိဘူး ဆိုပြီး တံခါး ပိတ်သွားတာ..”
“ဟာ..အန်ကယ်လေး ရောက်နေတာပဲ ..”
လင်းလင်း က ရာသီဥတု အခြေအနေ မသိပဲ  ဖိုင်တစ်ထပ် ကိုင်ပြီး ၀င်လာတော့ .
“အေး..မင်းတို့က ဘာလို့ အလုပ်ခန်းမှာ မရှိတာလည်း..”
“ဟိုဘက်ခန်းမှာ စာရင်းစစ်နေတာပါ..ဟဲ..ဟဲ...”
လင်းလင်း ဘက်ကို လှည့်သွားပြီမို့ အာကာ ကွန်ပျူတာကို ပြူးပြဲနေအောင် ဆိုက်ကြည့်နေချိန်..။
“ငါ့ကို ပြောတာ ဘာ..သြော်..ကိုမောင်မောင် အာကာပိုင်စိုး ပြန်လာမှလာခဲ့တဲ့..”
“ဘယ်သူကလည်း အန်ကယ်လေး..”
‘ဒီကောင့် မယားပေါ့..”
“ဟင်.ကိုမောင်မောင် အာကာပိုင်စိုး တဲ့ နံမည်ကြီးကလည်း ရှည်လိုက်တာ အကို့ အဖေနံမည်လား..”
“ဒီကောင့်ကို သူမိန်းမ ခေါ်တာလေ..”
‘ဘာ..ကိုမောင်မောင်အာကာပိုင်စိုး..ဟား..ဟား.. ဟား..အကို ကိုမောင်မောင်အာကာပိုင်စိုး..
ဟူး..ဟူး...မောလိုက်တာ..”
လင်းလင်း က ပြောင်ချော်ချော်လုပ်နေပေမဲ့ အာကာ က အဆူခံနေရသူမို့ ဘုကြည့်ကြည့်ပစ်လိုက်သည်..။
“ဒါပဲ နောက်ရက် မင်းအိမ်ကို လာမယ်..မင်းဆရာ မင်းအထက်အရာရှိဆိုတာ ကောင်းကောင်းမိတ်ဆက်ပေးနော်..”
“စိတ်ချပါ ဆရာ..”
“အန်ကယ်လေး မသိလို့ မမခင် က သဘောကောင်းပါတယ်..ဟင်းချက်လည်း အရမ်းကောင်းတာ..အန်ကယ်လေး မပြန်ခင် မမခင် လက်ရာ စားသွားကြွေဆင်းသွားလိမ့်မယ်..”
“ဟုတ်လား..အာကာ..”
“ဟမ်..အမ်း..”
“ကောင်ြး့ပီလေ..မနက်ဖြန် မင်းအိမ်ကို ထမင်းစားလာခဲ့မယ်.အဲတော့ မှ မိတ်ဆက်ပေး..မင်းမိန်းမ မျက်ခွက်ကြိး ဘယ်လိုပြောင်းသွားမလည်း ကြည့်အုံးမယ်..”
“သားတို့လည်း လာစားမှာနော်...”
လင်းလင်းက လက်မောင်းလာကိုင် ပြောနေတော့ အာကာ လွဲရှောင်ပစ်လိုက်ပြီး မှုန်တေတေ ဖြင့်သာငြိမ်နေလိုက်သည်.။
“ကဲ..ကိုမောင်မောင်အာကာပိုင်စိုး..ကျူပ်ပြန်မယ်..”
“ဟာ..ဆရာကလည်း...”
“ဟား.ဟား..”
“ကိုမာင်မောင် အာကာပိုင်စိုး သား ဘောပင်လေး ခဏယူမယ်နော်..”
လင်းလင်းက နောက် က လိုက် ပြောတော့ အာကာ ဒေါသနဲ့ အတူ ခေါင်းပိတ်ရိုက်ပစ်လိုက်သည်..။
“အား..ကိုမောင်မောင်အာကာပိုင်စိုးက အရမ်းပဲ....”
မျက်စောင်းထိုးပြီး ခြေဆောင့်ထွက်သွားတော့မှ အာကာ စိတ်ညစ်ရမှန်း ပြန်သတိရသည်..။
.
“ပေးပါ..”
လက်ထဲက အိတ်တွေကို ထုံးစံ အတိုင်းအပြုံးနဲ့ ဆီးကြိုယူနေတော့ အာကာပြောမယ်ဆိုပြီး တေးလာတဲ့ စကားလုံးတွေတောင် ပျောက်ကုန်ရသည်..။
“အလုပ်တွေ အဆင်ပြေရဲ့လား..ကိုမောင်မောင်အာကာပိုင်စိုး..”
ဒီ နာမည်ကြီး ကြားလိုက်တော့ အရင်လို အမောမပြေပဲ လင်းလင်း မျက်ခွက်ကြီး ကိုသာ မြင်ယောင်လာရသည်..။
“ပြေပါတယ်..”
လက်ထဲ ရောက်လာတဲ့ သံပုရာရည်ခွက်ကို တစ်ကျိုက်တည်း မော့ချပစ်လိုက်တော့မှ ရင်ထဲ နေသာထိုင်သာ  ရှိသွားရသည်...။
“မမခင် နေ့ခင်းက ဧည့်သည် လာတယ်ဆို..”
“အင်း..အင်း..ဟုတ်တယ်..”
“သူတောင်းတာ မပေးလိုက်ဘူးဆို...”
“ဟုတ်တယ်..ခင်က လူလိမ်မှတ်နေတာ သူကလည်း ဘာဆိုတာလည်း မသိဘူး တောင်းသေးတယ်..အစက ဖုန်းပေးအုံးမလို့ပါ..တို့ဆေးတွေ ဘာတွေ လုပ်ပစ်မှာ စိုးလို့..”
သူ့ဟာသူ ဖြေရှင်းချက် ပေးလိုက်တော့လည်း ဟုတ်နေတာပဲ..။
“ကျွန်တော်  ရေချိုးလိုက်အုံးမယ်..”
“အင်း..”
အာကာ ရေချိုးနေတုန်း ဖုန်းမြည်သံကြားလို့ အမြန်ချိုးပြီး ထွက်လာလိုက်ရသည်..။
“ကလင်..ကလင်..”
“ဟင်..”
ဖုန်း ကွန်တက် မှာ မှတ်ထားပေမဲ့ တစ်ခါမှ အဆက်အသွယ် မလုပ်ခဲ့သည့် နဒီ့ ဖုန်းနံပါတ်..။
“ဟလို..”
“ကိုအာကာ လား နဒီပါ..”
“ပြောပါ နဒိ...”
“ကိုအာကာ နဒီ့ကို စိတ်ဆိုးနေတယ် မလားဟင်..”
“မဆိုးပါဘူး..”
“ဆိုးပါတယ်..အန်တီခင်အဲ မမခင် ကို နဒီ့ သူငယ်ချင်းပြောလိုက်တာကို ကိုအာကာ နဒီကိုပါ စိတ်ဆိုးနေတာလေ..”
“ဟာ..မဟုတ်ပါဘူး..”
“နဒီကိုရှောင်နေတယ်..ရုံးမှာ မနက် က နှုတ်ဆက် တော့လည်း မမြင်ချင်ယောင်ဆောင်နေတယ်..”
အာကာ မငြင်းချင်တော့ပါ..တကယ်ရှောင်နေမိတာ မှန်ပေမဲ့ မမခင် က အကြောင်းပြချက်တစ်ခုမျှသာ...။
“ကို နဒီ့ ကို စိတ်မဆိုးပါဘူး..ပြီးတာ့ မမခင် ကြောင့် ကွဲသွားတဲ့ ပန်းအိုးဖိုးနဲ့ ငွေတစ်သောင်းကို နဒီ့ သူငယ်ချင်းကို ပြန်ပေးချင်တယ်..”
“အဲဒါ မလိုပါဘူး..ကိုအာကာ နဒီ့ ကို စိတ်ဆိုးနေတာလားပဲ သိချင်တာ..နဒီလည်းမှားခဲ့တယ်..အဲတော့ တောင်းပန်ပါတယ်..မမခင်မေကိုလည် တောင်းပန်ပါမယ်..”
“ရပါတယ်..တကယ် စိတ်မဆိုးပါဘူး..ဒါပဲနော်..”
အာကာ ဖုန်းချလိုက်ပြီး ကုတင်ပေါ်မှာ ပစ်ချလှဲ အိပ်လိုက်သည်..။
.
“ကိုမောင်မောင်အာကာပိုင်စိုး..”
“ဟင်..”
“အလုပ်မှာ အဆင်ပြေရဲ့လား..”
“အင်း..”
“သြော်..”
“ဘာဖြစ်လို့လည်း..မမခင်..”
“သူ နှုတ်ခမ်းမွှေးတွေတောင် ရှည်နေပြီလေ..”
“ဟမ်”
အာကာ မှန်ဆီလျှောက်သွားပြီး ကြည့်လိုက်တော့မှ အတော် ညှင်းသိုးသိုး ဖြစ်နေတာပဲ..။
“မေ့နေတာ..”
“အင့်..”
“ကျေးဇူးပဲ မမခင်..”
ဒီရက်ပိုင်း အလုပ်မှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် ဟန်ဆောင်ပြီး အဆင်ပြေသလို နေပေမဲ့ တကယ်တော့ အဆင်မပြေပါ..။
“မမခင်..”
“ဟင်..”
“မနက်ဖြန်ကျရင် ဧည့်သည်တွေ လာချင်လို့တဲ့ မမခင် ချက်နိုင်ပါ့မလား..”
“ရပါတယ်..ဘယ်နှစ်ယောက်လည်း.”
“.ရုံးက ၄ယောက်နဲ့ လူကြီး တစ်ယောက် ငါး ယောက်ပါပဲ..”
“အို အများကြီးမှတ်လို့ နည်းနည်းလေးပါပဲ..ရတယ် ခင်ချက်နိုင်ပါတယ်..”
“မမခင် စျေးဖိုးလိုရင် အခန်းထဲက အံဆွဲမှာ ရှိတယ်..”
“ဒါပေမဲ့ သူတို့က ရွာစာတွေ စားတက်ပါ့မလား..”
“ဘယ်သူမှ မဟုတ်ဘူး..လင်းလင်းတို့ တစ်သိုက်ပဲ ဆရာကတော့ စားနိုင်ပါ့မလားမသိဘူး..ရတယ်..ဆရာ့ အတွက် ကျွန်တော် အပြင်က နည်းနည်း ၀ယ်လိုက်မယ်..”
အာကာ ပြောနေရင်း ဘာရယ်ကြောင့်မှန်း မသေချာခင် အခန်းထဲ ၀င်လာခါ ကုတင်ပေါ်က ဖုန်းကို ယူကြည့်မိပြန်ပြိ..။
ဒီလက်တွေတော့ ရိုက်ချိုးသင့်နေပြီ...။
.
အာကာ မနက်အစောကြီး နိုးနေလို့ ၀ရန်တာထွက် ရပ်နေချိန်အလင်းရောင် တစ်ချို့ သာ ရသေးသည်..။
မတော်တဆ တစ်ခုကို စွဲလမ်းနေရအောင် ဘာတွေ ပြောင်းလဲ လာမှာမို့လို့လည်း..။
တစ်ခါတစ်လေ စိတ်တွေ ပြောင်းလဲလို့ ပြောင်းလဲငြား မမခင်ကို အလေးအနက်ထားပြီး ချစ်ကြည့်ဖို့ကြိုးစားမိခဲ့ပေမဲ့ အရာမထင်နိုင်လောက်အောင်..နှလုံးသားက မျက်ကန်း တစ္ဆေမကြောက်ဖြစ်နေပြီ..။
“ဟင်..အစောကြီးနိုးနေတာလား..”
“အင်း..မမခင်..စျေးသွားမယ်ဆို ကျွန်တော်လိုက်ပို့မယ်လေ..”
ခင် ခေါင်းညိတ်ပြီးခါမှ သူ နဲ့ လူတွေရှေ့ သွားရမှာ ဆိုတဲ့ အသိကြောင့် သူ့ကို သနားလို့ ခေါင်းယမ်းလိုက်ရသည်..။
“ဒီအနီးလေးပဲ..ရပါတယ်..”
“အလေးကြီး..”
“သူ့ အတွက် မုန့် ပြင်ခဲ့တယ် ပူတုန်းလေး စားလိုက်နော်..”
ခင် ဆွဲခြင်း ကိုင်ပြီး ဆင်းလာတာ လမ်းပေါ်ရောက်တော့ ဘာရယ်မဟုတ်ပဲ မော့ကြည့်မိတာ သူက ခင့် ကို ငုံကြည့်နေရင်း လက်ပြနှုတ်ဆက်နေသည်..။
ဘာတွေများ ဒီလောက် စိတ်ညစ်စရာတွေရှိနေလို့လည်း ဖွင့်ပြောပါလား..သူရယ်...။
လိုအပ်တဲ့ ပစ္စည်းတွေတစ်ခုချင်း နည်းနည်းစီက ဆွဲခြင်းတစ်လုံး ပြည့်လျှံသွားရသည်..။
ငါးတွေချည်း ၀ယ်လာရတာ အဆင်ပြေပါ့မလားလည်း သေချာမသိ..။
ထမင်းချိုင့် ထည့်ရုံ အနေတော် ဆွဲခြင်းလေး မဆံ့တော့လို့ အိတ်တစ်လုံးကို ငွေတစ်ရာပေးပြီး ၀ယ်လိုက်ရသေးသည်..။
“တွေ့လား..အဲဒါကြောင့် လိုက်ပို့မယ်ပြောနေတာ..”
ခင် တိုက်ပေါ်တက်ဖို့ လှေကားအဝရောက်တော့.သူက ပြေးဆင်းလာပြီး ခင့်လက်ထဲက ဆွဲခြင်း နဲ့ အိတ်ကို ယူလိုက်သည်..။
“သိပ်မလေးပါဘူး..”
“ပေးပါ ..”
လှေကားတွေကို သူနဲ့ ယှဉ်တက်ရင်း သူ ဘာတွေများ ခံစားနေရလည်းလို့ တွေးကြည့်မိသည်..။
လှေကား တစ်ထစ်အနိမ့်မှာရောက်နေသည့် ခင် ..သူ့ကိုမော့ကြည့်တော့လည်း..ဘာမှ ထူးခြားမှုမတွေ့ရပါ..။
နားရွက်ကုတ်လေးနဲ့ အတူ  စိမ်းဖန့်ဖန့်ဖြစ်နေတဲ့  နားသယ်စပ်လေးရယ်..ဘေးတိုက်ကြည့်ရင် ရှည်မှန်းပိုသိသာတဲ့ မျက်တောင်တွေကိုတွေ့တော့ ခင် အကြည့်လွဲခါ သက်ပြင်းတစ်ချက်ရှိုက်လိုက်ရသည်..
“ဟင်..မမခင်..လာလေ..”
“အင်း..”
လှေကား ၁၀ထစ်လောက် အကွာမှာ ကျန်နေခဲ့သည့် ခင့်ကို သူက သတိထားမိပြီး လှမ်းခေါ်တော့ ခင် ခေါင်းညိတ်လိုက်ရသည်..။
“မမခင် နေကောင်းရဲ့လား”
“ကောင်းပါတယ်..ဘာဖြစ်လို့လည်း..”
“ဒီတိုင်းမေးကြည့်တာပါ သိပ်မလန်းလို့..”
“သူကော နေကောင်းရဲ့လား..”
“ဟား..ဟား..ကောင်းတာပေါ့ဗျာ...ဒေါင်..ဒေါင်ကို မြည်နေတာပဲ...”
အခန်းတံခါးကို ပြန်ပိတ်ရင်း  သူ မသိအောင်ပြုံးလိုက်မိသည်..။
သူ နေရတာ မကောင်းပါဘူးကွယ်...။
“ကျွန်တော် ကြက်သွန်ခွါ ပေးမယ်..”
“ခင် လုပ်လိုက်ပါမယ်..”
“ပျင်းလို့..”
အကြောင်းပြချက် ခိုင်လုံနေတဲ့သူ့ကို ခင် ဘာမှ ထပ်မပြောနိုင်တော့ပါ..။
ပုစွန်ခြောက် ခရမ်းချဉ်သီးချက်အတွက် အလုပ်ရှုပ်နေစဉ် ထွက်ပေါ်လာတဲ့ အသံတွေကြောင့် လှမ်းကြည့်လိုက်တော့ မျက်ရည် တစ်ရွဲရွဲ ဖြစ်နေပြီ..။
“ဟယ်..မွှန်နေပြီလား...ထားလိုက်တော့...လက်သွားဆေးလိုက်..”
“အရင်က အဲလောက် အများကြီး မခွါဘူးလို့ပါ...ပြီးတော့မယ်..၄လုံးပဲကျန်တယ်..”
“အများကြီး ပြီးပြီပဲ ကျန်တာ ခင် ဆက်ခွါလိုက်ပါ့မယ်...သွားပါ.. ကိုမောင်မောင်အာကာပိုင်စိုးရယ်..”
အတင်း နှင်လိုက်တော့ လက်ဆေးပြီး ဟင်းအိုးမွှေနေပြန်ပြီ..။
“ဒါက ဘာလည်း မမခင်..”
“သီးစုံ ချဉ်ဟင်းလေ..”
“သြော်..ဒါကရော ..”
“ပုစွန်ကြော်..”
“ခရမ်းချဉ်သီး အစပ်ကြော်လား..”
“ဟုတ်တယ်..”
“စုံနေတာပဲ အခုတောင် ခြောက်မျိုးပြီးသွားပြီ..မမခင် လုပ်တာမြန်တယ်နော်..”
“ကိုမောင်မောင်အာကာပိုင်စိုးလည်း ကူပေးလို့ပါ..”
“မမခင်..”
“ဟင်...”
“ဟိုလေ...မမခင်..ကျွန်တော့်ကို အာကာပဲ ခေါ်ပါလား..”
သူ့ကို ဒီလို ခေါ်လို့ မကြိုက်တာလား...ဒေါ်ဒေါ် ကိုယ်တိုင်ကတိတောင်းပြီး ခေါ်ခိုင်းထားတာ ခင် ဘယ်လို လုပ်ရမလည်း..။
“လင်းလင်း တို့က အရမ်းစတာ..သူတို့ရှေ့မှာ အဲလိုခေါ်လိုက်ရင် မမခင်ကို အမြဲတမ်းစကြမှာစိုးလို့ပါ..သူတို့ရှေ့မှာတော့ အာကာလို့ပဲခေါ်ပေးနော်..”
“အင်း...အာကာဆိုတာက နည်းနည်းများရိုင်းနေမလားလို့ပါ..ကိုအာကာ လို့ခေါ်ရမလား..”
“မရိုင်းပါဘူး..အာကာပဲခေါ်ပါ..မမခင်က ကျွန်တော်ထက် ကြီးတဲ့သူပဲ..ဘာမှ မဖြစ်ဘူး..”
သူ့ဘက်က ဒါကိုချည်း တောင်းဆိုနေတော့လည်း ဘယ်တက်နိုင်ပါ့မလည်း....။
အသက်ကြီးတာ သိပါရဲ့ ရိုသေမှုနဲ့ ခေါ်နေတာကိုတော့ သူသိမယ် မထင်..။
“မမခင် ပြီးတဲ့ ဟင်းပွဲတွေ ချထားလိုက်တော့မယ်..”
“အင်း..ချလိုက်ပါ..”
“တို့စရာက တစ်မျိုး နည်းနည်း နဲ့ စုံလင်နေတာပဲနော်..”
“ဟုတ်တယ်..တစ်ထောင်ဖိုးလောက်ရှိမလားပဲ...သူ အ၀တ်အစား လဲအုံးမလား ဧည့်သည်တွေလာတော့မယ်လေ..”
“အင်း..ကြက်သွန်နံ့ ထွက်နေပြီ..မမခင်ကော မလဲသေးဘူးလား..”
“ခင် မီးဖိုခန်းကပဲ လိုတာလုပ်ပေးမယ်လေ..”
“မရဘူး..သူတို့က မမခင်ရဲ့ ဧည့်သည်တွေ..မမခင်လည်း လဲလိုက်ပါ..”
ခင် မငြင်းနိုင်သည့် အဆုံး ရေခရားကို စားပွဲပေါ်ချခဲ့ပြီး အ၀တ်အစားလဲလိုက်ရသည်..။
မှန်ထဲက ပုံရိပ်ကိုမြင်တော့ ဘယ်လောက်ကောင်းတာ၀တ်၀တ် သူ့ပတ်ဝန်းကျင်က မိန်းမလှလေးတွေကို မမှီနိုင်သည့်
ကိုယ့်ဘ၀ကို မှတ်မိသွားရသည်..။
“တင်..တောင်...တင်..တောင်...”
“ကိုမောင်မောင်အာကာပိုင်စိုး..ရေ..လာကြပြီ ထင်တယ်..”
“မမခင်..အာကာနော်..”
“သြော်..သြော်..မေ့လို့..”
သူ ကပျာကယာ တံခါးသွားဖွင့်ချိန် ခင်ကတော့ စိတ်တွေလှုပ်ရှားလွန်းလို့ ဘယ်ထောင့်ကပ်နေရမှန်းမသိဖြစ်နေပြီ..။
“လာ..ဆရာ”
“ဟဲ..ဟဲ...သူ့ ပျားရည်ဆမ်းတဲ့ အားလပ်ရက်ကို ပေးလိုက်ရလို့ ဖြစ်နေပုံကြီး..”
“ငါက ဘာဖြစ်နေလို့လည်း..”
“ဘာမှ ဖြစ်တဲ့ရုပ်ကြီး..”
“ရော့ မင်းတို့ အတွက် လိုအပ်မယ် ထင်လို့ ၀ယ်လာတာ..”
“ဟင်..သူ..”
နေ့ခင်းဘက် အိမ်လာသွားသည့်လူက အခုတော့ မျက်နှာတည်တည်ကြီးဖြင့် ကြည့်နေတာ  ခင် စိုးရိမ်မိသည်..။
“မမခင်...လာလေ..”
ကိုမောင်မောင်အာကာပိုင်စိုး ခေါ်သည်မို့ အနားသို့ မဝံ့မရဲ သွားရပ်ရသည်..။
“.ဒါက ကျွန်တော့်တို့ အလုပ်က အထက်အရာရှိ..ကျွန်တော်ဆရာဆိုလည်းဟုတ်တယ်..ဦးမျိုးဝေ...”
“သြော်...ဟုတ်ကဲ့...ဟိုနေ့က ကိစ္စ ခင် တောင်းပန်ပါတယ်နော်...မသိလို့ မှားခဲ့တာမို့ နားလည်ပေးပါ...”
“အဟမ်း..ရပါတယ်.....”
ဧည့်သည်က ပါလာသည့် သူ့လက်ထဲက အထုတ်ကို ခင့်ကို ကမ်းပေးတော့..
“ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်ရှင်..”
“ဟိုး..အန်ကယ်လေး နေအုံး..ဟေ့လူတွေ လာကိုင်လေ..”
အကုန်လုံးက အိတ် ကို လာကိုင်တော့ ဘာတွေမို့လို့ပါလိမ့်..။
“ဟဲ..ဟဲ...ကျွန်တော်တို့လည်း ဒီလက်ဆောင်ပေးတဲ့ သူ စာရင်းထဲပါသွားပြီနော်..မမခင်..”
“သြော်...”
“ခွေးကောင်တွေ..အလှူ လက်ဖက်နဲ့ မျက်နှာ လာလုပ်နေတယ်..သေချင်လို့...”
“လင်းလင်း နောက်မနေနဲ့ ထိုင်..”
“ထမင်း တစ်ခါထဲ ခူးခပ်ထားတာပဲနော်..လက်ဆေးလိုက်တော့မယ်..”
“ဟုတ်တယ်..အိမ်က ကျဉ်းတာ မီးဖို ခန်းမှာ လည်း လူ အကုန် မဆံ့လို့.”
“ဟဲဟဲ..မမခင်..ဟိုနေ့က မုန့်လက်ကောက်ကြော်ထည့်ပေးလိုက်တာ အရမ်းကောင်းတာပဲ..”
လင်းလင်းက မျက်လုံးစုံမှိတ်လက်မ ထောင်ပြောနေတော့ အာကာ လက်ကို ပိတ်ရိုက်ချလိုက်ပြီး..
“အဲနေ့က ကျွန်တော်တောင် မစားရဘူးလေ...ဒီကောင်တွေ မသွားတာ..”
“အောင်မယ်..အငတ်ကြီးကျနေတာ သူ က အိမ်မှာ ဘယ်အချိန်ချိန်စားစားရတာပဲကို..နော်..မမခင်ရယ်..”
“အဟွင်း..ဟုတ်သားပဲ .အာကာရဲ့...ခင် လက်ဆေးရေ ယူလာပေးပါမယ်..”
“နေပါ မမခင်ရဲ့ ကျွန်တော်တို့ ၀င်ဆေးပါမယ်..”
အောင်၀င်းက အရင် မီးဖိုခန်းထဲ ၀င်သွားတော့ အားလုံး လိုက်သွားပြန်သည်..။
“မီးဖိုခန်းကလည်း မတ်တတ်ရပ်ရုံ နဲ့ လူပြည့်နေပြီ..”
“ငါ ဝိတ်လျော့ လိုက်အုံးမယ်..”
“အေးလျော့ ဒါမှ များများသွပ်လို့ရမှာလေ..”
အကုန်လုံးက အာကာ အိမ်ကို ၀င်ထွက်ဖူးထားသည်မို့ သူတို့အိမ် သူတို့ယာ လို မီးဖို ခန်းမှာ ထင်တိုင်းကြဲနေကြသည်..။
“အာကာ မင်း မိန်းမ က မင်းနဲ့အသက်ကွာပုံပဲ..ကြိုက်ယူတာလား..”
“မာမီ ပေးစားတာပါ....၄နှစ်ကျော်လောက်ပဲ ကွာပါတယ်..”
“အေး ထင်တော့ထင်သား...တောသူမို့လို့ နည်းနည်းရင့်တဲ့ပုံ ဖြစ်နေတာ..”
အာကာ သဘောမကျပေမဲ့ အထက်လူကြီးမို့ ပြန်မပြောနိုင်ပဲ အောင့်သပ်သပ် ခံနေရသည်..။
“မိန်းမဆိုတာ လက်ထပ်ပြီးသွားရင် ကြီးတယ် ငယ်တယ် မရှိပါဘူးကွာ အားလုံးအတူတူပါပဲ..”
“အဟဲ...ဟုတ်ကဲ့...” အာကာ ရယ်ကြဲကြဲ လုပ်ရင်း ပန်းကန်တွေ လိုက်ချနေလိုက်သည်...။
.
“မမခင် မုန့်လုပ်ပေးလိုက်တိုင်း ကျွန်တော်တို့က မမခင်ကို ကျေးဇူးတင် ဆုတောင်းပေးနေတာ..”
“ဟုတ်လား..”
“ယခု ဘ၀မှာ ယောက္ခမတော်ပါရစေလို့..”
“အို..”
“ဟား..ဟား..မင်းလုပ်တာနဲ့ ငါတို့ မစားရပဲ ကန်ချခံနေရမယ်..မြန်မြန်ဆေး...”
သူ့ အပေါင်းအသင်းတွေက ခင့် ကို ဖော်ရွေတာ့ ခင်လည်း သူတို့နဲ့ အတူ လိုက်ပျော်နေရသည်..။
“ဒါ ဘာဟင်းလည်း .အာကာ..”
ဧည့်သည်က မေးတော့ သူက ဟင်းပန်းကန် ငုံ့ကြည့်ခါ ခင့်ဘက်ကိုလှည့်ကြည့်ပြီ....
“အဲဒါ လယ်သမားဟင်းလို့ ခေါ်ပါတယ်..ပုစွန်ဆိပ်ကလေးတွေနဲ့ အသီးအရွက် ချက်ထားတာပါ..”
ခင့် စကားအဆုံး ဟင်းပန်းကန်က လက်ရုတ်သွားတော့..တောစာ စားမ၀င်ဘူးနဲ့ တူပါတယ်လေ..။
“ဆရာ မကြိုက်ရင် ပုစွန်ကြော်နဲ့ အသားလွှာလေး..”
“နေ..နေ...ခဏနေပါအုံးကွာ...”
အသံတုန်ပြီး မျက်ရည် ဝဲသလို ဖြစ်နေသည့် ထိုလူကို ထမင်းဝိုင်းက လူအားလုံး အာရုံစိုက်မိသွားသည်..။
“ငါ့ အဖေ ကို သတိရလို့ပါကွာ..ငါ့အဖေက တောသား...သူ့ ဟင်းချက်ရတိုင်း ဒါမျိုး ဖြူဖက် ဖြူရော် လေး ဆီမပါတဲ့ ဟင်းတစ်ခွက် အမြဲပါတာကွ..”
“သြော်..အန်ကယ်လေးလည်း တောသားပေါ့နော်..”
“အေး..”
ထမင်းဝိုင်းမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့မှ ခင် သက်မ ချနိုင်တော့သည်...။
ထို ဆရာဆိုတဲ့ လူကလည်း အဟုတ်ပင် လယ်ဟင်း တစ်မျိုး တည်းကုန်အောင် စားသွားသည်လေ..။
“ပြန်အုံးမယ်..ဗိုက်ကို အင့်နေပြီ..လိုက်ပို့..”
အောင်၀င်းက ဗိုက်ပုတ်ရင်း ပြောတော့ အာကာ မျက်မှောင်ကြုတ်လိုက်မိသည်..။
“ဟဲ..ဟဲ..နောက် ကျွေးချင်လည်း အားမနာနဲ့ ခေါ်နော်သလား..”
“မမခင်...ချိုင့်အကြီး ၀ယ်ပြီး ထည့်ပေးနော်..”
“မမခင် လက်ရာကို စွဲနေပြီ..”
“အဟွင်း..”
“မမခင် မနက်ဖြန် ကောက်ညှင်းပေါင်းလေး ပလိစ်...ပလိစ်..”
လက်အုပ်ချီပြီး မျက်နှာငယ်လုပ်ခါ ပူဆာနေတဲ့ မင်းနိုင် ကို ပိတ်ရိုက်လိုက်တော့မှ တံခါးဘက်ကို လျှောက်သွားတော့သည်..။
ဆရာဆိုသူ က ပြန်ခါနီး ခင့်ဆီလျှောက်လာခါ..
“ကျေးဇူးတင်ပါတယ်..နာမည် ဘယ်လို ခေါ်လည်း မေ့သွားတယ်..”
“ခင်မေပါ..ဆရာ”
“သြော်..ကိုယ် က မျိုးဝေပါ..ခင်မေ..”
“ဟုတ်ကဲ့..”
“ပြန်လိုက်အုံးမယ်...မစားရတာ ဆယ်စုနှစ်ကျော်နေတဲ့ ဟင်းလေးပြန်စားခွင့်ရတာ တကယ်ကြီး ကျေးဇူးတင်ပါတယ်..အာကာ မင်းကိုလည်း ကျေးဇူးတင်တယ်နော်...”
“ဟား..ဟား...ရပါတယ်..ဆရာရဲ့..ဆရာ မပြန်သေးသရွေ့ အချိန်မရွေးလာစားပါ..”
“တကယ်လားကွ.”
“ဟာ..ပြောစရာလား..ဆရာ ထမင်း တစ်ပန်းကန်ထက် ပိုစားတာမဟုတ်ပဲ..”
“ဟား..ဟား...တစ်ပန်းကန်ဆိုရင်တော့ လာစားပေါ့ အဲလိုလား..”
“ဟုတ်ပါဘူးဗျာ..”
“ကဲ ခင်မေ လာစားရမလား..”
“ဟုတ်ကဲ့ လာခဲ့ပါ ကိုမျိုးဝေ..”
“လာစားတော့မှ မနှင်နဲ့..ပြန်အုံးမယ်..သွားပြီ အာကာ.”
အားလုံး ပြန်သွားတော့မှ ခင်မေ မီးဖိုခန်းထဲ ၀င်ပြီး စားပြီးသား လက်ကျန်တွေ သိမ်းဆည်းရသည်..။
“မမခင်...ပန်းကန်တွေ ကျွန်တော် ဆေးလိုက်မယ်..”
“သူ တစ်နေ့ကုန်ပင်ပန်းထားတာပဲ..”
“မမခင် ကတော့ မပင်ပန်းဘူးပေါ့လေ..”
“အင်း..မပင်ပန်းပါဘူး..ခင် ပျော်နေတာ..”
“ပျော်နေတာ...လင်းလင်းတို့ ပူဆာသွားလို့ မနက်စောစော ထပြီး ကောက်ညှင်းပေါင်း လုပ်တော့မယ်မလား..”
“အဟွင်း ဟုတ်တယ်..လျှပ်စစ် ထမင်းပေါင်းအိုးနဲ့ ပေါင်းရတာပဲ မပင်ပန်းပါဘူး..ကိုမောင်မောင်အာကာပိုင်စိုးရဲ့.”
“မမခင်ကတော့ မပင်ပန်းဘူးချည်းပဲ..”
တားမရသည့်အဆုံး အာကာ ပန်းကန်ဆေးပေးဖို့ ကိစ္စလက်လျော့လိုက်ရပြီး အိမ်ရှေ့ကို သန့်ရှင်းရေး လုပ် ကြမ်းတိုက်ပစ်လိုက်သည်..။
အခန်းထဲ ၀င်လိုက်ချိန် ကုတင်ပေါ်က ဖုန်းကို အကြည့်ရောက်သွားတော့ အလိုလို ဖွင့်ကြည့်မိလျက်သား..။
“ဟာ..”
မျက်ရည်တွေနဲ့ အတူ မျက်လုံးကော နှာခေါင်းပါ နီတွတ်နေပြီး ပါးနှစ်ဖက်ကလည်း နီနေသည့်ပုံနဲ့ အတူ..ရေးထားသည့် စာက
သိပ်ရက်စက်တယ် တဲ့လေ....။

:・゚✧ *:・゚✧ *:・゚✧ *:・゚✧:・゚✧ *:・

ဇာတ်လမ်းလေး ထင်သလိုမဟုတ်ပဲ အဆက်အမိခဲ့ရင် ခွင့်လွှတ်ပါနော် 🙏

မှားတာရှိရင် တောင်းပန်ပါတယ်(အောင်လ သီချင်းဆိုခြင်း မဟုတ်😀😜)

မေ့လို့ ညက ပန်းကြိုးနွယ် ရေးဖို့ နေရာမရှိလို့ ဆယ်လ်မွန်ငါးလေး တင်လိုက်တယ် ဖတ်ပေးပါအုံးနော် ❤😍💪📖

အရေးအသားမကောင်းပေမဲ့ ရေးမိနေတုန်း

သည်းခံ ဖတ်ပေးခဲ့တဲ့ စာဖတ်သူ အားလုံးကို

ကျေးဇူးအထူးတင်ပါတယ် နော် ❤
Love u all
#စပိုက်ကာ

ပန်းကြိုးနွယ် Where stories live. Discover now