Part 10

4.5K 210 9
                                    

ပန်းကြိုးနွယ်
အပိုင်း (၁၀)
#ပန်းကြိုးနွယ်

“..ကိုအာကာတို့ ရုံးခန်းက မိုက်လိုက်တာ..”
ကိုယ့် နာမယ် ခေါ်ပြောလာတော့  အာကာ ခေါင်းထောင် ကြည့်လိုက်ရသည်..။
“ဟင် နဒီ..”
“ခစ်ခစ် မှတ်မိတယ်တော့..”
“အင်း..ကိုဆန်းသူဆီ လာတာလား..သူ ဆိုက်ထဲသွားတယ်..”
“မဟုတ်ပါဘူး..သူငယ်ချင်းနဲ့ အဖော်လိုက်လာတာ..သူ အလုပ်ကိစ္စပြောနေတုန်း ကိုအာကာ့ ကိုသတိရတာနဲ့ ၀င်လာတာ..”
“သြော်..”အာကာမှာ မျက်မှန်ထူထူ ကြီးကြောင့်  အမြင်တွေက ကြည်လိုက်ဝါးလိုက် ဆယ်နှစ်မျိုးပြောင်းနေရသည်...။
မျက်မှန် ချွတ်လိုက်ပြီးကြည့်တော့ နဒီ က တွေ့ခါစထက် ပိုလှလာသလိုလိုပင်..။
“ကျန်တဲ့သူတွေကော..”
“ကိုယ် တို့ က ၆ယောက် တစ်ခန်းလေ..သူတို့ အလုပ်ကိစ္စနဲ့ သွားတော့ ကိုယ်ပဲ ကျန်ခဲ့တာ..”
“ဟာ မိုက်လိုက်တာ..နဒီတော့ ဒီပြောင်းလာခဲ့လိုက်တော့မယ်..”
“ဟမ်..”
“ဟုတ်တယ်..QC လက်ထောက်လျှောက်ထားတယ်..”
“ကောင်းတာပေါ့..လာခဲ့လေ..”
“ပြန်အုံးမယ်နော်..နောက်နေ့ကျ မှ အထုတ်ယူပြီး လာခဲ့လိုက်မယ်..”
“ဟား..ဟား..ဟုတ်ပါပြီ..”
သွပ်လက် စွာကျောခိုင်းထွက်သွားသည့် နဒီ နောက်ကျောကို လိုက်ငေးရင်း အာကာ အသိစိတ်တွေ ပြန်စုစည်းလိုက်ရသည်..။
ဒီလို မိန်းကလေးမျိုးကို ပိုင်ဆိုင်ဖို့ ဘာလို့ လွဲချော်ခဲ့ရတာလည်း..။
ကိုဆန်းသူ မွှေတာ..ကြွေ ဆိုတဲ့ ကောင်မလေးကို အကြောင်းပြပြီး သူ့ကို မြူဆွယ်သွားတာ...
နဒီ နဲ့သာ နေ့တိုင်းတွေ့နေရရင် အာကာ နောင်တတွေနဲ့ အတူ အိုစာလာတော့မှာပဲ...။
“ဟူး..နဖူးစာ ဆိုတာ ရွာလည်တိုင်း ကောင်းတာမဟုတ်ဘူး..ကျစ်..”
နဒီ နဲ့သာ လက်ထပ်ဖြစ်ရင် အခုချိန် အာကာ ဘယ်လိုဖြစ်နေမလည်း..။
မိုးမမြင်လေမမြင်ပေါ့..လက်ကိုတွဲပြီး နေရာစုံအောင်လျှောက်သွားမယ်..။
စျေးတွေ အတူတူသွားပြီး အတူတူ ချက်ပြုတ်ခွံ့ကျွေ့းကြမယ်..။
ရုံးပိတ်ရက်ဆို အကျီ င်္ ဆင်တူလေး ၀တ်ပြီး ရုပ်ရှင် တူတူသွားကြည့်ကြမယ်..။
လူတကာကတော့ အားကျစွာငေးမောကြည့်နေမှာပေါ့...။
နှစ်တွေကြာလာလို့ သားသမီးတွေရလာ ပျော်စရာမိသားစုလေးဖြစ်မှာ သေချာပါတယ်..။
“ဟူး..အာကာဆိုတဲ့ကောင် မိန်းမရသွားပြီ ဆိုတာ အိမ်မက်ဖြစ်နေရင် သိပ်ကောင်းမှာပဲ..”
အာကာ စိတ်လိုလက်ရ ထုတ်ဖော် ညီးတွားရင်း မျက်မှန်ကောက်တပ်လိုက်ရသည်..။
“ဟား..ဟား.. နည်းတောင်နည်းသေး..”
“သိဘူးလေ...ပိုက်ဆံတော့ ဆုံးပြီ..”
၀င်လာကတည်းက တစ်ယောက်တစ်သံနဲ့ ဆူညံနေပြီ..။
“လင်းလင်း ဘာကြိးလည်း..”
လင်းလင်းက လက်ထဲက ခရမ်းရောင် အိတ်ကို ဆွဲမြှောက်ပြပြီး
“ဂေါ်ဖီပန်း ခရမ်းရောင်အကိုရေ...ကြော်စားရင် ခါးတာ ကို အခု မှ ပြောကြတယ်..”
“ဟား..ဟား...ယူသွားပြီး အိမ်မှာ အလှထားပေါ့ကွ..”
“မင်း..ကြီးတော်...”
အာကာ သူတို့နဲ့ အတူလိုက်ရယ်နေရင်း မမခင်ကို သတိရမိသွားသည်...။
“လင်းလင်း ..ဘာမှ စိတ်ညစ်မနေနဲ့ ငါ ပြန်၀ယ်မယ်..”
“တကယ်လား..အိုး..ချစ်လိုက်တာအကိုရယ်..အားမွ..”
“ဟေး...ဝေးဝေးမှာနေ..”
စားပွဲခုံပေါ်ရောက်လာသည့် ခရမ်းရောင် ဂေါ်ဖီပန်းကို ကြည့်ရင်း ပြုံးလိုက်မိသည်..။
.
“ကလင်..ကလင်...”
ခင်မေ အ၀တ်ကြိုးတန်း ပျက်သွားလို့ စိတ်ညစ်နေစဉ် ဖုန်းက အော်လာတော့ ပြေးကြည့်လိုက်ရသည်..။
နံပါတ်ပေါင်းများစွာပေါ်နေတော့ မသိတဲ့ ဖုန်းမို့လို့ အစိမ်း နှိပ်ပြီး လော်စပီတာဖွင့်လိုက်ရသည်..။
“ဟလို...”
“ဟလို...အန်တီခင်လား..”
“ဟင်...ဘယ်သူလည်း...”
အန်တီခင် ဆိုတော့ ဖုန်းမှားတာလား..တွေးရင်း မေးလိုက်မိတာ..
“အန်တီခင်ရဲ့...နဒီဦးပါ..”
“သြော်..နဒီ..”
“အင်း..နောက်တစ်ပတ် တနင်္ဂနွေကျရင် မုန့်ဟင်းခါးလေး လာချက်ပေးပါလားလို့..”
“အဲဒါ..”
“အလကား မခိုင်းပါဘူးနော်..”
“မဟုတ်ဘူး..ခင့် အိမ်သားကိုမေးကြည့်ရအုံးမယ်...သူ အလုပ်သွားလို့ပါ...”
“သြော်..ဒါဆို..နဒီ မနက်ဖြန် ဖုန်းပြန်ဆက်လိုက်မယ်နော်..ဒါပဲ..”
အန်တီခင်တဲ့လား..ဟုတ်ပါတယ်လေ..ကိုယ်ကလည်း ၂၈ ဒီအသက်အရွယ်ကြီးကို ရောက်နေပြီပဲလေ...။
ရုပ်ကလည်း အိုစာတာကိုး..။
ဒါကြောင့်လည်း ကိုမောင်မောင်အာကာပိုင်စိုးက ခင်ကြောင့် အမြဲရှက်နေရတာ...။
လူတွေက သူ့ကို လှောင်ကြမှာလေ..အန်တီ နဲ့ တူလေး အရွယ်ကြီး ယူထားတယ်ဆိုပြီး ဘယ်လောက်ရယ်ကြမလည်း..။
သနားပါတယ်...သူ့ ဘဝလေး စိတ်ချမ်းသာသွားအောင်လေ..ဖြစ်နိုင်ရင် ခင် ရွာ ကို ပဲ ပြန်နေချင်ပါတယ်..။
ဒါပေမဲ့..ဘ၀အချိုးအကွေ့ ဆိုတာ တစ်ဆစ်ချိုးတွေမို့ ပြန်ကွေ့လို့ မရတော့ပါလားနော်..။
ကြွေရယ်...ညီမလေး ပျော်နေပေမဲ့...လူတစ်ယောက်ကတော့ သူ့ဘ၀ကို သူ မုန်းနေရပြီကွယ်..။
.
“ဟာ..မမခင်...ဘာလုပ်နေတာလည်း..”
အာကာ မီးဖိုခန်းထဲ ၀င်လာတော့ ရေချိုးခန်းရှေ့မှာ
ခုံ နှစ်ဆင့် နဲ့ တက်ပြီး ဘာတွေလုပ်နေလည်း မသိ..။
ပြုတ်များကျလိုက်ရင်တော့ မကြီးမငယ်နဲ့ .ကြည့်ကောင်းအုံးမယ်..တွေးရင်း ရေချိုးခန်း အ၀ဆီလျှောက်သွားလိုက်သည်..။
“သူပြန်လာပြီလား..ခဏနော်...အ၀တ်တန်းပျက်ကျလို့...ပြန်လုပ်နေတာ..’
“ဆင်းပါ ကျွန်တော်လုပ်မယ်..”
“ရပါတယ်..ကိုမောင်မောင်အာကာပိုင်စိုး အလုပ်ကမောပြီးပြန်လာတာ..နားပါ..ခင်လုပ်တာ တစ်ဖက်ပြီးပြီ..”
ဟူး..ရှည်လိုက်တဲ့လျှာ..ရွယ်တူဆိုလည်း အော်ငေါက်ပစ်လိုက်လို့ရသေး..။
“ကဲပါ..မမခင်ရယ်..ကျွန်တော် လုပ်ရင် ခုံတောင်မလိုဘူး..ဆင်း..”
စိတ်မရှည်တဲ့ လေသံနဲ့ ပြောလိုက်တော့မှ မျက်လုံးကလယ်ကလယ် လုပ်ပြီး ကော်ခုံပေါ်က သစ်သားခုံပေါ်တစ်ဆင့် ဆင်းလာသည်..။
လှုပ်ယဲ့ယဲ့ ဖြစ်နေသည့်ခုံပေါ်က ပြုတ်ကျမှာ စိုးလို့ အာကာ အသည်းတယားယားနဲ့  ထိန်းကိုင် ထားလိုက်ရသည်..။
“ရပြီ...”
ခင်မေ သစ်သားခုံပေါ်က ခြေတစ်ဖက် ချပြီး..နောက် တစ်ဖက် ကြမ်းပြင်ကို ဖိနင်းလိုက်ချိန်...။
“..အမေ့..”
“ဟာ...”
အော်သံကြောင့် အာကာ ပါ လန့်ပြီး သူ့ တစ်ကိုယ်လုံး လိုက်ကြည့်မိတာ ဘာမှ မဖြစ်.။
“အား..”
အာကာ ငုံ့ကြည့်လိုက်တော့ ညာဘက် ခြေထောက်အောက်က ကြမ်းပြင်မှာ သွေးတွေရဲသွားသည်..။
“ဟာ..ဘာဖြစ်တာလည်း...ဘာနဲ့ ထိသွားတာလည်း..”
အာကာ ဒူးထောက်ထိုင်ချလိုက်ပြီး ခြေထောက်ကို ငုံ့ကြည့်လိုက်တော့  နှစ်လက်မ သံချောင်းက တော်တော် နှစ်၀င်နေသည်..။
“ကျွတ်..ကျွတ်..နာလိုက်တာ...သူ ထပါ..ခင် လုပ်လိုက်မယ်..”
“ဘာကို လုပ်မှာလည်း..ဒီသံချောင်းက ဘာလို့ဒီအောက်ရောက်နေတာလည်..”
အာကာ စိတ်တိုလို့ ပိတ်အော်လိုက်ပြီး သံချောင်းကို လည်း မညှာမတာ ဆွဲနှုတ်ပစ်လိုက်မိသည်..။
“အား..”
ခင် နာကျင်မှုကြောင့် သူ့ ပခုံးကို ဖိကိုင်ရင်း ခြေထောက်က ခွေကျသွားရသည်..။
“မမခင်..”
“ဟင်..”
“ဟာ..နေအုံး..သွေးက တိတ်မသွားဘူး..”
ခင်မေ ထိုင်လျက်သား ခြေထောက်ကို ငုံ့ကြည့်တော့ ဒဏ်ရာ က သွေးထွက်နေဆဲ.. ..
သူတော့ အလုပ်ရှုပ်လို့ စိတ်ဆိုးနေပြီထင်...။
“အ၀တ်နဲ့ ပတ်မယ်..ရေခဲက သွေးတိတ်မှာပါ...”
“ရတယ်..ခင် ပဲလုပ်လိုက်မယ်..”
“မမခင်...ငြိမ်ငြိမ်လေးနေပေးပါလား..”
“ဟင်....အင်း..”
ငြိမ်ငြိမ်နေပါ ဆိုထားသောကြောင့် လူလည်း ကျရာနေရာကို မရွေ့သလို စကားလည်း မပြောရဲတော့ပါ..။
တစ်ချက်..တစ်ချက်  စူးနာသွားပေမဲ့ အသံမထွက်ရဲသလို တွန့်ဖို့တောင် မဝံ့ရဲ...။
သူကတော့ ခင့်ခြေထောက်ကို မရွံမရှာ အ၀တ်နဲ့ သုတ်လိုက် ရေခဲဖိလိုက် နဲ့ ဘေးနားမှာလည်း အ၀တ်စတွေ ပုံနေပြီ...။
“ရပြီ...သွေးတိတ်သွားပြီ..မမခင် ထလို့ရလား..ခုံမှာသွားထိုင်ရအောင်..”
“အင်း..”
ခင် လက်တစ်ဖက်ထောက်ပြီး မနာတဲ့ ခြေထောက်ကို ဖိနင်းခါ အားယူပြီး ထလိုက်ရသည်..။
“လာ ကျွန်တော်ကို့တွဲလေ..”
“ကိုင်မယ်နော်...”
သူ့လက်မောင်းကို ခွင့်တောင်းပြီး ကိုင်ခါ အိမ်ရှေ့ခန်းရောက်ဖို့ ခင် အချိန်တော်တော် ယူလိုက်ရသည်..။
ခုံမှာ ထိုင်လိုက်တာနဲ့ သူ က ခင့်ကို ထားပြီးထွက်သွားတော့ မကြည်လင်တဲ့ သူ့မျက်နှာထားကြောင့် အားငယ်ရပြန်ပြီ...။
“ကိုမောင်မောင်အာကာပိုင်စိုး...ထားလိုက်ပါ..ခင် ပြီးရင် သိမ်းလိုက်မယ်..”
ဒီလောက်ဖြစ်ထားတာတောင် ပြောနိုင်သေးသည့် ပါးစပ်ကို အာကာ အံသြရသလို ဒေါသလည်းထွက်ရင်း အ၀တ်တွေကို ဆောင့်အောင့်သိမ်းပြီး အမှိုက်ခြင်းထဲ ထည့်လိုက်သည်..။
ကြမ်းပြင် က သွေးတွေကို သန့်ရှင်းရေးလုပ်ရင်း...တစ်ခုခုသာဆိုးဆိုးဝါးဝါး ဖြစ်သွားရင် ဆိုတဲ့ စိတ်ကြောင့် ရင်တွေ ပူလောင်လာရသည်..။
ခုံတွေကို အိမ်ရှေ့ခန်း ပြန်ရွေ့ရင်း အကြည့်တစ်ချက်ရောက်သွားတော့ မျက်နှာငယ်နဲ့ အာကာ လုပ်သမျှကို လိုက်ကြည့်နေပြန်သည်..။
“ခြေထောက်မချနဲ့လေ..”
“အင်း..”
ခုံသေးသေးပေါ်ခြေဆင်းထိုင်ရင်  ဘာတွေဖြစ်တက်လို့လည်းမသိ..ခုံပေါ်ခြေတင်လိုက် ပြန်ချလိုက်နဲ့ အလုပ်ရှုပ်နေသည်..။
“လာပါ..ဆရာ..သွေးတော့တိတ်သွားပြီ..”
အိမ်ထဲ၀င်လာသည့် သူစိမ်းတစ်ယောက်နဲ့ စကားပြောရင်း ခင့် အနားကို လျှောက်လာတော့ ခင် ခြေထောက် အမြန် ပြန်ရုတ်လိုက်ရသည်..။
“ထားပါ..ဒီတိုင်း ဆင်းထားသမီး..ဆရာကြည့်အုံးမယ်..”
လူကြီး တစ်ယောက်က ခင့်ရှေ့မှာ ထိုင်ချလိုက်တော့ အားနာလိုက်တာ ထွက်တောင်ပြေးချင်မိသည်..။
“သံစူးတာလား...”
“ဟုတ်ကဲ့...ဒီသံပါ ဆရာ..”
သူ့ လက်ထဲက သံချောင်းကို ထုတ်ပြပြီး ပြောတော့ ဧည့်သည်က ယူကြည့်သည်..။
“သံချေးလိုက်နေတာပဲ..ဆရာဆေးထိုးပေးခဲ့မယ်..”
“ဟုတ်ကဲ့..”
ဆရာ၀န်ဆိုသူ ဧည့်သည် က ခင့် ဒဏ်ရာကိုကြည့်ပြီး ဆေးထည့်တော့ တစ်ချက်စူးနာသွားရသည်..။
“အင်း ဆေးက တင်ပါးကို ထိုးရမှာ..”
“ရှင်...”ခင်မေ ရင်တွေဆောင့်ခုန်ပြီး လက်တွေတောင်တုန်ယင်လာသလိုလို...
“မထိုးလို့ မရဘူးလားဆရာ..”
ဆရာ၀န်က ဘေးမှ သူ့ကို လှမ်းကြည့်တော့ သူက ခေါင်းယမ်းရင်း
“ထိုးလိုက်ပါဆရာ..”
“ဟာ..မလုပ်ပါနဲ့...ခင် ရှက်လို့ပါ..”
“ဟာ..”
“ဟား..ဟား...ဟုတ်ပါပြီဗျာ..ကဲ..မင်းက ကျောခိုင်း ငါလည်း မျက်လုံးပိတ်ပြီး ထိုးပေးမယ်..”
“ဆရာ..ဆေး.မထိုးရင်..”
“မေးခိုင်ပိုး၀င်မှာ စိုးလို့ပါ..အနာကလည်း နက်တယ်..သမီးရဲ့..”
ခင် တားမရသည့်အဆုံး လက်လျော့လိုက်ရပေမဲ့ ရှက်လိုက်သည်ဖြစ်ချင်း...။
.
“..နာနေမှာပဲ မမခင်...”
“မနာပါဘူး..ဖြစ်စလောက်မနာတော့ဘူး .”
“ကျွန်တော် ရေသွားချိုးလိုက်အုံးမယ်နော်..မမခင် တစ်ယောက်တည်း ဖြစ်ရဲ့လား..”
“ဖြစ်ပါတယ်...”
သူရေချိုးဖို့ အခန်းထဲ ၀င်သွားတော့ ခင် ခုံမှာထိုင်နေရတာ ပျင်းလာသည်..။
ထမင်းခူးဖို့ ပြင်ဆင်စရာတွေ ရှိလို့ ခုံကနေ ဖြည်းဖြည်းထပြီး မီးဖိုခန်းကို ခြေဖော့ပြီး လျှောက်လာခဲ့လိုက်သည်..။
ဟင်းနွေးပြီး လိုအပ်တာ ပြင်ဆင်ခါ မီးဖိုခန်းက ထမင်းစားပွဲမှာပဲ ထိုင်နားနေလိုက်ပြီး သူ့ကိုစောင့်နေလိုက်သည်..။
“ဟာ..မမခင်...ဘယ်လိုဖြစ်ပြီး ဒီရောက်နေတာလည်း..”
အကျီ င်္ လက်သွင်းရင်း မီးဖိုခန်းထဲရောက်လာသည့်သူ့ကို ခင် မဝံ့မရဲ မော့ကြည့်ခါ
“ထမင်းစားဖို့လေ..”
“ဒီတိုင်းလျှောက်လာတာလား..နာနေပြီလား..
ရရဲ့လား..”
“ရပါတယ်..”
“အင်း..”
လက်ဆေးရေ သူ့ကို ကမ်းပေးလိုက်တော့ သူက တစ်ချက် မျက်လုံးပင့်ကြည့်ခါ ရေဘုံဘိုင်မှာပဲ သွားဆေးသည်..။
“ငါးချည်းပဲ ချက်နေတာ သူ လည်း ငြီးငွေ့နေမှာပဲနော်..”
“ရပါတယ်..မမခင် ချက်တက်တော့ မငြီးပါဘူး..”
“သူက အသားမစားတော့ တွေးမိတာချက်တာပါ..စားချင်တာရှိလည်း ပြောလေ...”
“အင်း..”
ငါးရံ့ဟင်း ကို ပန်းကန်ထဲမှာ တစ်ဆင့် သူ့ဆီ ထည့်ပေးလိုက်တော့လည်း ကြည့်ပြန်သည်...။
ခဏခဏ ကြည့်နေတာ ခင်လုပ်ပေးနေတာများ မကြိုက်လို့လား တွေးရင်း ထမင်း ငုံ့စားနေလိုက်ရသည်..။
“ခရမ်းချဉ်သီးထောင်းလား..”
“အင်း..စပ်လို့လား..”
“မစပ်ပါဘူး..ကောင်းတယ်..”
ခင် ထမင်းစားပြီးပေမဲ့ သူ မပြီးသေးလို့ မထသေးပဲ ထိုင်စောင့်နေလိုက်သည်..။
စားပွဲပေါ် အကြည့်တွေရွေ့ရင်း..
“ဟင်...ဒါဘာလည်း..ကိုမောင်မောင်အာကာပိုင်စိုး..”
ခရမ်းရောင် အိတ်ကို ဆွဲကိုင်ကြည့်ရင်းမေးလိုက်တော့ သူက ပြုံးစေ့စေ့ဖြင့်
“ဂေါ်ဖီပန်း..ပန်းအိုးထိုးဖို့ ၀ယ်လာတာ..”
“သြော်..ကြည့်မယ်နော်..”
ခင့် လက်ထဲပါလာတာ တကယ့်ကို ဂေါ်ဖီပန်း ခရမ်းရောင်တောက်တောက် တစ်ခုမို့ မယုံနိုင်ပဲ လှည့်ပတ်ကြည့်မိသည်..။
“စားတဲ့ ဂေါ်ဖီပန်းလိုပဲနော်..”
နှာခေါင်း ရှုံ့ပွပွ လုပ်ရင်း အနံ့ခံကြည့်မိတာ သူရဲ့ ဝါးလုံးကွဲ ရယ်သံကြောင့် လန့်ဖြတ်သွားရသည်..။
“ဘာလို့လည်းဟင်..”
မေးတော့ လည်း ခေါင်းယမ်းရင်း အသံမထွက်ပဲ ရယ်နေပြန်သည်..။
“ဒါက ပန်းအိုးနဲ့ ဘယ်ဆံ့မလည်းနော်..ကြွေဇလုံ လှလှလေးထဲ စိမ်ပြီး အလှထားရမှာပေါ့...”
ရှေ့က ပန်းကန်တွေထဲ ပန်းပါသည့် ဇလုံလေးထဲ သေချာထည့်လိုက်ပြီး နေရာချကြည့်မိသည်..။
“တစ်ခါထားရင် ဘယ်နှစ်ရက်ခံလည်းဟင်..”
“မမခင်..”
“ဟင်...”
“မမခင်တို့ ဆီမှာ ဂေါ်ဖီပန်း မရှိဘူးလား..”
“ရှိတာပေါ့..ကွင်းလိုက်ရှိတယ်..စားချင်ရင် သွားတောင်းခူး လိုက်ရုံပဲ ၁၀ဖူး လောက်ထိ အလကားပေးတယ်..”
“တယ်ဟုတ်ပါလား..”
“ရွာမှာက ဘာပဲလိုလို ၀ယ်စရာခြမ်းစရာ သိပ်မလိုပါဘူး..ဒီမှာက လူတွေက စိမ်းတယ်နော်..”
“စိမ်းတာမဟုတ်ပါဘူး..မသိကြတာ..”
“အင်း..”
သူက ထမင်းပန်းကန်ယူထသွားပြီး လက်ဆေးရေနဲ့ ဇလုံယူပြီး ပြန်လျှောက်လာခါ..
“ဆေးလိုက်..”
“ဟာ..ရပါတယ်..ခင် ထ..”
“ငြိမ်ငြိမ်နေပါ မမခင် သွေးပြန်ထွက်မှာ စိုးလို့..”
“အင်း..”
သူလောင်းချပေးတဲ့ ရေကို လက်ခံပြီးဆေးရတာ သူ့ကို အတော်ပင်အားနာနေရပြီ..။
“သူ့ အတွက် မုန့်ဖက်ထုပ် လုပ်ထားတယ်..”
“မုန့်ဖက်ထုပ်...အိမ်မှာ လုပ်တယ်..”
“အင်း..ငှက်ပျောရွက် ကို တော်တော် ရှာလိုက်ရတယ်..”
“မရရအောင် ရှာခဲ့တာပဲမလား..ကျွန်တော် မနက်မှ ပဲ စားတော့မယ်..”
“အင်း ..”
“မမခင် အိမ်ရှေ့သွားချင်လား..”
“မသွားတော့ဘူး..အိပ်ချင်နေပြီ..”
“ကျွန်တော့် အခန်းထဲမှာ အိပ်မလား..”
“နေပါစေ..ဒီမှာကောင်းပါတယ်..”
၀တ်ကျေ အောင် ခေါ်ပြီး ခင် တကယ်သွားအိပ်တော့ သူက ဘယ်မှာ အိပ်မလည်း..။
“ဒါဆို  ကျွန်တော် ခင်းပေးမယ်လေ..”
“ဟာ..မဟုတ်တာ..”
“ကလင်..ကလင်...ကလင်..”
“ကျွန်တော် ဖုန်းပြောပြီး လုပ်ပေးမယ်..”
အာကာ အိမ်ရှေ့ခန်းမှာ အားသွင်းထားတဲ့ ဖုန်းကို ကိုင်လိုက်တော့ အောင်၀င်းအသံထွက်လာသည်..။
“ဘော်ဒါကြီး ကို နှောင့်ယှက်ရတော့မယ်..”
“ပြော..”
“ဂျာကြီး အက်စီတန့်ဖြစ်လို့ မင်းသွားကြည့်လိုက်ပါကွာ..မင်းတို့ လမ်းထိပ်နားက ဆေးရုံမှာတဲ့..ငါက မှော်ဘီဘက် ရောက်နေလို့..”
“ဟမ်..ဘာဖြစ်တာလည်း..”
“ရေချိန်ကျော်ပြီး မောင်းတာနေမှာပေါ့..လူက ဘာမှ မဖြစ်ပါဘူးကွာ..သူ တစ်ယောက်တည်းဆိုတော့ တစ်ဖက် က နည်းနည်းရစ်နေလို့..ငါ ဦးလှမင်းလည်း ပြောထားတယ် သူလည်း လာလိမ့်မယ်..”
“အင်း..”
“ဟေ့ရောင် မိန်းမဆီ ပြန်၀င်မနေနဲ့ အခု သွားနော်.”
“အေးပါ..”
အာကာ မီးဖိုခန်းဘက် ပြန်လာတော့ ခြေထောက်နာနေရဲ့သားနဲ့ အိပ်ယာတောင် ခင်းပြီးနေပြီ..
“မမခင်..”
“ဟင်..”
“ကျွန်တော် လမ်းထိပ် ခဏ သွားရမယ်..တစ်ယောက်တည်းနေရဲလား..”
“ဟင်...အင်း...ရပါတယ်..”
“အင်း..ဖုန်းခေါ်တက်တယ်မလား..တစ်ခုဆို ခေါ်လိုက်နော်...ကျွန်တော်လည်း သိပ်မကြာပါဘူး..”
“အင်း..”
တံခါး ပိတ်သံကြောင့် ခင်မေ ကြက်သီးထသွားရသည်..။
နေ့ခင်း အိမ်မှာ ဘယ်လောက်နေနေ မကြောက်ပေမဲ့ အခုလို အချိန် တစ်ယောက်တည်း ဆိုတော့ မနေရဲ..။
သူမေးလို့သာ..ရပါတယ်ပြောရတာ..တကယ်လို့ခြေထောက်သာကောင်းနေရင် ခင် လည်း လိုက်မယ်လို့ ပြောမိမှာပါ..။
မီးတွေ မပိတ်ပဲ ခြင်ထောင်ထဲ ငုတ်တုတ် ၀င်ထိုင်နေပေမဲ့ နောက်ဘက် လူမနေတဲ့ တိုက်က အသံတွေ ကြားနေရသလိုလို...
“ဒုတ်.....ခလွမ်း...”
“အမေ့...”
ပြတင်းပေါက်တွေလည်း မပိတ်မိတော့ အခုမှ ခြင်ထောင်ထဲကလည်း ပြန်မထွက်ရဲ..ကြောက်ဒူးတုန်ခါ မျက်ရည်ကျရသည်..။
ဖုန်းဆက်ရင် ကောင်းမလားလို့ တွေးရင်း ဖုန်းခေါ်လိုက်လို့ အလိုက်ကန်းဆိုး မသိသလို ဖြစ်သွားမလားလည်း တွေးပူရသေးသည်..။
“ဟီး..ဟီး..ဟီး..ဟား..ဟား..”
“အို..”
တိုက်မှောင်မှောင်ထဲက ထွက်လာတဲ့ အသံနက်နက်တွေကြောင့် ခင်မေ သတိလစ်ချင်သလိုလို ဖြစ်လာရသည်..။
အခုနေမှာ လိပ်ပြာလွင့်ပြီး သေသွားခဲ့ရင် အဘနဲ့ ကြွေတို့ကို တစ်သက်မတွေ့ရတော့ဘူး..။
ခင် ဘယ်လိုတွေ ခံစားရပြိး သေမှန်းတောင် သိကြမှာ မဟုတ်ပါဘူး...။
ခင်မေ  အတွေးတွေနဲ့ ၀မ်းနည်းအားငယ်ပြီး ရှိုက်ငိုနေမိသည်..။
“ဟား..ဟား...အရက်ကို ချစ်လို့ သောက်တာ..ဟီး..ဟီး..”
“ဟင်..”
အရက်သမားတွေ စုပြီး အရက်သောက်နေတာလား...။
.
“မမခင်...အိပ်ပြီလား..”
ခြင်ထောင်ထဲမှာ ကိုယ်တစ်စောင်း လှဲပြီး ငိုနေတာ ခေါင်းအုံးတွေတောင် စိုရွဲနေပြိလေ..
ခင်မေ မျက်ရည်သုတ်ပြီး အသံထိန်းခါ..
“မအိပ်သေးပါဘူး..”
“သြော်..အဆင်ပြေရဲ့လား...မပြေရင်.. ကျွန်တော့်နဲ့...”
“ပြေပါတယ်..”
“သြော်..အင်း..”
မီးပိတ်ပြီး ထွက်သွားတော့မှ သူ့ အရိပ်ကို လိုက်ငေးရင်း ပိုလို့၀မ်းနည်းလာရသည်..။
ခင်မေ ခြေထောက်ကလည်း နာသလို ခေါင်းကလည်း ထိုးပြီးကိုက်နေသည်..။
အခုအချိန် တစ်ယောက်ယောက် အနားမှာ စောင့်အိပ်ပေးရင် ကောင်းမှာပဲ လို့တွေးမိပေမဲ့ မျှော်လင့်လို့မရတဲ့ အခြေအနေ...။
ရွာမှာသာဆို ခင် ဖျားရင် ညီမလေးက ကိုယ်ဆုပ်လက်နယ် ပြုစုသလို အဘက လည်း မအိပ်ပဲစောင့်နေတက်သည်..။
မိသားစုရဲ့ နွေးထွေးမှု ဆိုတာ ဘာနဲ့ မှ မတူမှန်း အခုလို အဝေးရောက်နေတဲ့ အချိန်မှ ကောင်းကောင်းနားလည်ပါပြီ...။
အဘ နဲ့ ညီမလေးကို သတိရလိုက်တာကွယ်..။
ခင်မေ့ဘေးက ခေါင်းအုံးကို တင်းတင်း ဆွဲပိုက်ပြီး ရှိုက်ခါ ရှိုက်ခါ အသံမထွက်အောင်ငိုနေမိသည်..။
.
“အာကာ ဆေးရုံသွားမယ် လိုက်ခဲ့ပါလား..”
“ဟုတ်ကဲ့..ဂျာကြီး.”
အာကာ ကားသော့နဲ့ ဖုန်းယူပြီး ထွက်လာခဲ့လိုက်သည်..။
“ဒီကောင်တွေက ရစ်နေတာ..”
“သူတို့ တောင်းသလောက်မပေးတောင် ကျေနပ်အောင်တော့ပေးလိုက်ပါ..”
“အေး..အဲလိုပဲ လုပ်ရမှာပေါ့ကွာ..”
အာကာ ကားပါကင် ထိုးနေစဉ် စျေးဘက်က လမ်းကူးလာတဲ့ မမခင်ကို တွေ့လိုက်တော့ အတော်ဒေါသထွက်သွားရသည်..။
ဒီလောက်ဖြစ်ထားတာတောင် ထော့ကျိုးနဲ့ စျေးသွားတာလား..
ကားရှေ့ရောက်လာတော့ အာကာ့ ကားမှန်း သူ မှတ်မိပြိး  ကြည့်ခါ ခဏ ရပ်နေပြန်သည်..။
“အာကာ ..ဆင်းလေ..”
‘ဟုတ်ကဲ့..ဂျာကြီး..”
အာကာ ကားထဲက ထွက်တော့ သူက အံသြသလို လိုက်ကြည့်နေမှန်း သိပေမဲ့
ဒေါသထွက်ထွက် နဲ့ စိုက်ကြည့်ပစ်လိုက်တော့မှ ခေါင်းငုံ့ပြီး ဘေးက ဆက်လျှောက်သွားသည်..။
ဆွဲခြင်း တစ်လုံးနဲ့ ခြေထော့ကျိုးလျှောက်သွားနေတာ မြင်ရတာ စိတ်မချမ်းသာ..။
မန်နေဂျာ နဲ့ အတူလိုက်လာရပေမဲ့ စိတ်တွေ မပါသလို ခြေတွေ လေးကန်လာသည်..။
ဒီလောက်တောင် ပေတေ နေတာ နေပါစေလို့ တွေးမိပေမဲ့ မနေနိုင်သူက ကိုယ်မို့
“ဂျာကြီး ခဏ ကားသော့မေ့ခဲ့လို့..”
“အေး..သွား..ငါ အပေါ်က စောင့်နေမယ်..”
“ဟုတ်..”
အာကာ ပြေးဆင်းလာပြီး လမ်းဘက် ကြည့်ပေမဲ့ မရှိတော့ပါ..ခြေထောက်နာနေတာတောင် လျှောက်တာ မြန်လိုက်တာ...။
.
ခင် ခြေထောက်နာပေမဲ့ ဒဏ်ရာကို ဖိနင်းခါ ခပ်သွပ်သွပ် လျှောက်လာခဲ့လိုက်သည်..။
သူဘေးနားမှာ တစ်စုံတစ်ယောက်ပါတိုင်း သူ ခင့်ကို လိုလားမှုမရှိတော့ပါ..။
အိမ်မှာဆို တစ်ခါတစ်လေ ရင်းနှီးတဲ့ ပုံစံ ရှိပေမဲ့ အပြင်မှာတွေ့ရင်တော့ သူစိမ်းပီပီသာရှိသည်..။
အခုလည်း ခင် မခေါ်ပဲ ခဏရပ်ကြည့်မိတာကို ဒေါသမျက်၀န်းတွေနဲ့စိုက်ကြည့်နေလိုက်တာ...။
သူရဲ့ ဒေါသ အကြည့်တွေကို လက်ထပ်ပြီးကတည်းက မမြင်ဖူးခဲ့သူမို့..ကြောက်စိတ်နဲ့ အတူ ၀မ်းနည်းရသည်..။
ခင်မေ ဆိုတာ သူ့ အတွက် ရှက်စရာ  အားနည်းချက် တစ်ခုပါလား..လှေကားတွေကို တစ်ထစ်ချင်းနင်းတက်ရင်း ရင်ဘတ်ထဲက တစ်ဆစ်ဆစ် နာကျင်ရပါသည်..။

:・゚✧ *:・゚✧ *:・゚✧ *:・゚✧:・゚✧ *:・
ဇာတ်လမ်းအဆက်မမိရင် ဆောဒီးပါ 🙏

အရေးအသားမကောင်းပေမဲ့ ရေးမိနေတုန်း

သည်းခံ ဖတ်ပေးခဲ့တဲ့ စာဖတ်သူ အားလုံးကို

ကျေးဇူးအထူးတင်ပါတယ် နော် ❤

Love u all
#စပိုက်ကာ

ပန်းကြိုးနွယ် Where stories live. Discover now