Part 8

4K 200 5
                                    

ပန်းကြိုးနွယ်
အပိုင်း (၈)
#ပန်းကြိုးနွယ်

“တော်ပြီကွာ..နောက်တစ်ခါ ကိုအာကာ ထမင်းချိုင့်ကို ကြည့်မိရင်  ဒီဝိုင်းမှာ ထမင်းလာမစားတော့ဘူး..”
“ဘာဖြစ်လို့လည်းကွ..”
“အားကျလို့ဗျ..အားကျလို့ ငိုချင်နေတာ အခု ကျွန်တော့်ကောင်မလေးကလည်း အားပေးရှာပါတယ်..သူ ကြက်ဥကြော်တစ်မျိုးကြော်တက်တယ်တဲ့...”
“ဟား..ဟား..အာကာ့ မိန်းမ ဆီ သင်တန်းပို့လိုက်လေကွာ...”
“သင်တန်းပို့လည်း ထူးမယ် မထင်ပါဘူး..ကိုအာကာ မိန်းမက စေတနာတွေထည့်ချက်ထားတာဗျ...ကိုအာကာ ခေါင်းပေါ်တင်ထားသင့်တယ်..”
အာကာ ရှေ့က ကွန်ပျူတာပေါ်မှာ model အတွက် ပုံကြမ်းက မျဉ်းနှစ်ကြောင်းထက်ပိုမလာပဲ စိတ်တွေက ရှုပ်ထွေးနောက်ကျိလာရသည်..။
တစ်ပတ်ကြာလို့ မေ့မေ့ပျောက်ပျောက် ဖြစ်နေတဲ့ ထိုနေ့က အကြောင်းအရာတွေကို ပြန်တွေးမိတော့ ကိုယ့်ကိုယ်ကို ဒေါသထွက်ရပြန်သည်..။
သူ တူနဲ့ မစားတက်တာအစကတည်းက သိသင့်တာ..တူပြုတ်ကျသွားတာ လိုက်မကောက်စေချင်ရင် ကိုယ်တိုင်တားလည်း ရပါရဲ့ နဲ့ ဘာကို ဒေါသထွက်မိမှန်း အခုပြန်တွေးကြည့်တော့ အဖြေတောင်မရှိတော့ပါ...။
ဒေါသနဲ့ အတူ ရှက်စိတ်ကြောင့် ဒီတိုင်း ထားပစ်ခဲ့လိုက်ပြီး အိမ် ပြန်လာခဲ့လိုက်တာ အခန်းထဲမှာ အိပ်နေချိန်မှ တံခါးဖွင့်၀င်လာသံကြားရသည်..။
စိတ်ထဲ မကျေနပ်သေးတာကြောင့် ကိုယ့်အပြစ်လို့ လည်း မမြင်မိခဲ့...။
မနက် အိပ်ရာနိုးတော့ ညက ကိစ္စ တစ်ခုခု ပြောလာမလားတွေးမိပေမဲ့ သူကတော့ ထုံးစံ အတိုင်း မနက်မုန့်ပြင်ဆင်ပေးပြီး ထမင်းချိုင့် ထည့် အဆင်သင့်ပြင်ပေးသည်..။
အာကာလည်း အရင်အတိုင်း ပြန်ဖြစ်သွားသလို သူကလည်း  ဘာမှ ထူးပြီး မပြောင်းလဲတော့ မေ့ပျောက်နေမိတာ..အခုလို လူတကာ အမွှန်းတင်နေတော့ အာကာ ကိုယ့်လုပ်ရပ်ကို ကိုယ် ရှက်မိလာသလိုလို ရှိသည်..။
ဘယ်လောက်ပဲ အရှက်ကွဲပါစေ..ဒါဟာ တမင်လုပ်ယူတာ မဟုတ်ပဲ သူရဲ့ မသိနားမလည် မှု ကြောင့်ဆိုတာကို သိနေပါရဲ့နဲ့ ပစ်စလက်ခတ် ထားပစ်ရက်တဲ့ ကိုယ်တိုင် က လူမဆန် မှန်း သိလာရသည်..။
“ကိုအာကာ..စားကြမယ်လေ..”
“ဗိုက်မဆာဘူးကွာ..”
“စျေးကိုင်နေတာ...အေးပေါ့လေ...မိန်းမရကံကောင်းတဲ့သူ ဆိုတော့လည်း ဒီလောက်တော့ရှိမှာပေါ့လေ..”
“တော်ပါကွာ...”
အာကာ လက်ထဲက မောက်စ် ကို ဟိုဘက် ဒီဘက်ရွေ့ရင်း တွေးနေလက်စကို ရပ်လိုက်ရသည်..။
“ဝိုး မုန့်ကြာစေ့ကွ...စံပါပဲကွာ..ဒီခေတ်မှာ ဒါမျိုး မုန့်လုပ်တက်တဲ့ မိန်းမ ရှိသေးတယ်...”
“ရှိတာပေါ့..လိုချင်ရင် ရုံးရှေ့မှာရောင်းနေတဲ့ မုန့်သည် အဒေါ်ကြီးယူလိုက်လေ..”
“မုန့်သည်ကြီး ယူလည်း တစ်မျိုးပဲ စားရမှာ အမျိုးမျိုး စားရမယ် မထင်ပါဘူး..”
မုန့်ကြာစေ့ ဆိုမှ မနက်က အကြောင်း ခေါင်းထဲ ပြန်ရောက်လာပြန်ပြီ...။
ရုံးသွားခါနီး အရင်နေ့တုန်းကဆို အနားမှာ ရစ်သီ ရစ်သီ နဲ့ လိုအပ်တာ လုပ်ပေးဖို့ စောင့်နေတက်ပေမဲ့ မနက်က မီးဖိုခန်းထဲက ထွက်မလာတော့ ထမင်း ချိုင့် မပြင်ရသေးလို့ ထင်ခဲ့မိတာ...
ယူပြီးထွက်လာတာ သုံးဆင့် ချိုင့် တစ်လုံးပါ အပိုပါလာတော့သည်..။
“ချိုင့်က နှစ်လုံးတောင်လား မမခင်..”
“အင်း ကိုမောင်မောင်အာကာပိုင်စိုး...ကိုင်တက်ရဲ့လား..”
“ရပါတယ်..ကားထဲထားတာပဲ..ကိုဆန်းသူဖို့လား..”
“မဟုတ်ဘူး..ရုံးက ကလေးတွေက မုန့်လုပ်ကျွှေးဖို့ ပူဆာတယ်ဆို..အဲဒါ မနက်က စျေးသွားရင်း သတိရတာနဲ့ အလွယ်တကူ မုန့်ကြာစေ့လေး လုပ်ထားတယ်...ကြိုက်ပါ့မလားတော့ မသိဘူး..”
ညက ထမင်းဝိုင်းမှာ စကားရှာရင်း “လင်းလင်း နဲ့ မင်းနိုင် က မမခင် ကို မျက်နှာလိုက်တယ်ပြောနေကြပြီ..”လို့ ပြောလိုက်တော့ မျက်လုံးအပြူးသားဖြင့် မော့ကြည့်လာသည်..။
“..ညပိုင်း မမခင်က မုန့် တစ်ခု အမြဲလုပ်ကျွေးတယ်လို့ ပြောလိုက်မိတာ..သူတို့ ကိုတော့ လုပ်မကျွေးဘူးဆိုပြီး ရန်တွေ့နေကြတယ်..”
“သြော်..ကိုမောင်မောင်အာကာပိုင်စိုး ချိုင့်က သုံးဆင့်တည်းဆိုတော့ ထည့်ဖို့ နေရာမရှိလို့ပါ..”
စကားအဖြစ်သာပြောခဲ့တာမို့ အလေးအနက်မထားပဲ မေ့သွားခဲ့မယ် ထင်ခဲ့တာ
အခုတော့ ဟိုကောင်တွေ လက်ထဲ တောင် မုန့်ချိုင့် ရောက်နြေ့ပီ...။
“ကိုအာကာ ထမင်းမစားသေးရင် ကျွန်တော်တို့ ချိုင့် နဲ့ လဲလိုက်မယ်..”
“နေပါ..”
အာကာ စားပွဲ ပေါ်က ချိုင့် ကို လှမ်းယူပြီး ထမင်းစားခန်းကို လျှောက်လာခဲ့ရတော့သည်..။
“ဟား..ဟား..ဒီတစ်ခါတော့ မရတော့ဘူးကွ ပေါ်တင်ကြီးပဲ..”
ချိုင့်ဖွင့်နေတဲ့ လင်းလင်းကအော်တော့ အာကာလည်း ချိုင့်ထဲ လှမ်းကြည့်မိသည်..။
“ငါးကို တစ်ခါတည်း အရိုးနွှင်ပေးထားတာ..တို့တွေ ယူစားနေတာ သိသွားလို့ဖြစ်မယ်..”
“ဟား..ဟား...ငတ်နေတာ စားမှာပဲ..”
“ဘယ်ဟုတ်မလည်း..သူ့ ယောင်္ကျား အရိုးစူး မှာ ဆိုးလို့နေမှာပါ..”
“ပုဇွန်ချဉ်သုပ် နဲ့ ဘူးရွက်ညွန့်ကြော်လား ဘာလား..ပေးအုံး..”
“ဟေ့ရောင်တွေ..ငါ က ထမင်းဖြူပဲ စားရမှာလား..”
.ထမင်းစားဖို့ ပြောပြီး ရှေ့မှာ ထမင်းဖြူချိုင့်ပဲ ကျန်ခဲ့သည်မို့ ထမင်းခွက် မပျောက်အောင် ကောက်ကိုင်ရင်း အော်နေရသည်..။
“မှန်းစမ်း..”
လင်းလင်းက ထမင်းချိုင့်ခွက်ပါ ဆွဲယူကြည့်ပြီး..
“အောင်မယ်...ထမင်း ချည်းပဲ မဟုတ်ဘူး..ငါးခြောက်ဆီစိမ် လေးက အစစ် ပါလိုက်သေးတယ်...ကျွန်တော် ဒီ ထမင်းစားလိုက်မယ်..ကိုအာကာ ကျွန်တော့် ချိုင့်သာဆွဲလိုက်..အားမနာနဲ့နော်...အကုန်စားသလား..”
သူ့ချိုင့်ကြီး ထိုးပေးလာတော့ အာကာ မယူချင်လည်း ယူလိုက်ရသည်..။
ကိုယ်လည်း ဒီလို အငတ်ကြီးဘ၀က တက်လာခဲ့ရတာပဲလေ..ဆိုင်မှာ ၀ယ်စားလည်း အဆင်မပြေ  ကိုယ်တိုင်ချက်ပြန်တော့လည်း အစပ်မတည့် မို့ များသောအားဖြင့် မနက်စာ မစားပဲနေတာ ကြာခဲ့ပြီ..
အခုလို မိန်းမ ရပြီးမှ အစားကောင်းလေး အမြဲစားနေရတော့ လင်းလင်း ချိုင့်ကိုပဲ ယူစားလိုက်သည်..။
ဆိုင် ဟင်း ထုံးစံ အတိုင်း အဆီတစ်၀င်း၀င်း အချိုမှုန့် နိုင်းချင်း မို့လို့  စားလို့ မ၀င်ပဲ ထမင်း တစ်၀က်မကုန်ခင် ရပ်လိုက်ရသည်..။
“အာကာ ပုံကြမ်း ပြီးပလား..”
“မပြီးသေးဘူးလေ..”
“အေး ကောင်းတယ်..”
“ငင့်..”ဒါသပ်သပ် ရွဲ့ပြောမှန်းသိလိုက်တော့ အာကာ စားပွဲပြောင်းထိုင်ပြီး မျက်မှန်သာ ကောက်တပ်လိုက်ရသည်..။
မန်နေဂျာ ဦးမျိုး၀င်းနိုင် ကိုယ်တိုင် ကြွချီ လာပြီ ဆိုကတည်းက ရာသီဥတု က သိပ်မကောင်းတော့ကြောင်း အားလုံး သဘောပေါက်နေပြီး အလုပ်ကိုယ်စီဖြင့် ရှုပ်နေကြသည်..။
မန်နေဂျာ တစ်ချက် လာပြောသွားရုံဖြင့် အာကာ ပုံကြမ်း မပြီး မချင်း နေ၀င်လို့ မရမှန်းသိသောကြောင့် အပြီးဆွဲပြီး မှ ရုံးဆင်းခဲ့လိုက်သည်..။
“ဟူး....” မီးပွိုင့်ကို စိတ်ရှည်စွာစောင့် ကြည့်ရင်း ကြားလိုက်ရတာ..
“ကော်ရည်..ဆီချက်...ခေါက်ဆွဲကြော်..ကြာဇံကြော်.ထမင်းကြော်.ကြေးအိုး..”
လမ်းဘေး မှာ အော်နေတဲ့  ကောင်လေးနဲ့ အတူ စားသောက်နေတဲ့  စားပွဲ ဝိုင်းတွေဆီ အကြည့်ရောက်သွားတော့..
“ဟာ..”
“ညီလေး..ကြက်သား ဆီချက် တစ်ပွဲ ပေး.”
“ဟုတ်ကဲ့..”
“တူ ၅ စုံပါပေးနော်..အကို ပိုက်ဆံပေးမယ်..”
“ဟုတ်ကဲ့..”
ကောင်လေးက ကားဘေးကနေ ဆိုင်အဝပြေးသွားပြီး မီးပွိုင့် မီးမပြောင်းခင် ပြန်ပြေးဆင်းလာသည်..။
“ရပြီ..အကို..”
“အေး..ပိုတာ မုန့်ဖိုး ယူလိုက်..”
“ကျေးဇူးတင်ပါတယ်..အကို..” ကောင်လေးက အပြုံးနဲ့နှုတ်ဆက်ပြီး ထွက်သွားသလို အာကာလည်း အပြုံးတွေနဲ့ ကားမောင်းထွက်လာခဲ့လိုက်သည်..။
.
ခင်မေ နာရီကြည့်ရင်း စိတ်ပူမိပေမဲ့ တစ်ဖက် က ပြန်တွေးကြည့်တော့လည်း သူ သွားချင်ရာသွားလည်း ခင့်ကို ပြောသွားမှာ မဟုတ်ပါဘူးလေ..။
နေ့တိုင်း ၇နာရီဆို အိမ်ရောက်ပြီ မို့ ခင် အခန်းတံခါးဖွင့်ပြီး အပြင်ဘက် ထွက်ရပ် ကြည့်မိသည်..။
“ကားလည်း မရောက်သေးဘူး..”
လူ ပြန်မလာသေးမှတော့ ကားက ဘယ်လို ရောက်ပါ့မလည်း..။
ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း အိမ်ထဲ ပြန်၀င်လာလိုက်ရသည်..။
“ကလင်..ကလင်...”
“လန့်လိုက်တာ...”
ဖုန်းမြည်သံကြောင့် မီးဖိုခန်းထဲ ပြန်၀င်လာပြီး ဖုန်းကိုင်လိုက်တော့ ဘာသံမှ မကြားရ..
“ဟလို....”
“ဟလို.........”
“ဟေ့ ခင်မေ လား...”
“အဘ လား..”
“အေး...”
“အဘ နေကောင်းရဲ့လား..”
“အေး...ညည်းကော..”
“ကောင်းပါတယ်...”
ဖုန်းကို နား မှာကပ်နားမထောင်ရဲလို့ သူ သင်ပေးထားသည့် အတိုင်း လော်စပီကာ ပုံလေး နှိပ်ပြီး ပြောတော့  အဘ အသံက အခန်းထဲမှာတောင် ဟိန်းထွက်နေသည်..။
“ညည်းလင်ကော..”
“သူ ပြန်မလာသေးဘူး အဘ..”
“ဟေ..ခုချိန်ထိ..”
“ခုရက်ပိုင်း အလုပ်တွေ များနေလို့ပါ....ကြွေကော နေကောင်းလား အဘ..”
“ဒီဟာမ အကြောင်း ငါ့လာမမေးနဲ့ မသိဘူး..”
“အဘ ကလည်း ကြွေကို ခွင့်လွှတ်လိုက်ပါ..ညီမလေး သနားပါတယ်..”
“သနားစရာလား..မိဘမျက်နှာ အိုးမဲသုတ်တဲ့ဟာမ...ဒင်း အကြောင်း ပြောရင် မောင်အာကာကို မျက်နှာပူရတယ်...သူ့အပေါ်ကို ကြွေးတင်မိသလိုပဲ...ခင်မေ ...ညည်းကို သူ လက်ခံပေးတာပဲ ကျေးဇူးတင်ရမယ်.
သူသာလက်မခံဘူးလို့ ငြင်းခဲ့ရင် တို့သားအဖ အရှက်ကွဲပြီးခွေးဖြစ်မှာ..သူ့ကျေးဇူးတွေကို မမေ့နဲ့..မယား၀တ္တရားကျေအောင်နေနော်...”
“ဟုတ်..ညီမလေးကို လက်ခံလိုက်ပါနော်..အဘ..”
“တယ်..ဒီကောင်မ အကြောင်း ကို နင် သိပ်ပြောရဲနေတယ် ဟလား..”
အဘရဲ့ ကျိန်းမောင်းသံကြောင့် အနားမှာသာ ရှိရင် ခင် ကို ခေါင်းခေါက်ပြီ ဆိုတာ တွေးမိရင်း အိမ်ကို လွမ်းပြီး မျက်ရည်စို့လာရသည်..။
“အဘ ညီမလေးကို လက်ခံလိုက်ပါနော်..”
“ဟအေး..”
“အဘ အနားမှာကြွေပဲ ရှိတာ..အဘ က ကြွေကို့ လက်မခံရင်  အဘ တစ်ယောက်တည်းဖြစ်နေမှာပေါ့..”
“ဟ နင့်အရီးပု ရှိသား..”
ခင် မျက်ရည် ကျလာလို့  လက်ဖြင့်သုတ်ပစ်ရင်း
“ခင်ပြောချင်တာ  အခုခင် ကလည်း အဝေးကြီးမှာ ညီမလေးကိုလည်း အဆက်အသွယ်မရဘူး...ညီမလေး တစ်ခုခုဖြစ်နေလားတောင် မသိဘူး...ဟီး...”
“ဟာ..ငိုစရာလား..မိခင်မေ...နင်ကိုယ်နင် ကလေးများမှတ်နေလား..လူကြားမကောင်းအောင် ငိုမနေစမ်းနဲ့..”
“ကြွေ့တို့ကို သဘောတူလိုက်ပါ အဘရယ်...အဟင့်..ဟီး...ဟင်....”
အသံထွက် ပြီး စိတ်လွတ်ကိုယ်လွတ် ငိုနေမိခါမှ မီးဖိုခန်းထဲ သူ၀င်လာတာတွေ့တော့ ခင် မှာ ငိုရခက် ရှိုက်ရခက် ဖြစ်ရသည်..။
သူကတော့ ထမင်းစားပွဲ ပေါ်အထုပ်တစ်ခု တင်ပြီး  ခင့် ကို ကြည့်နေလို့ ရှိုက်မိတာ ကို မြိုသိပ်ဖုံးကွယ်နေရပြီ...။
“ဘာမှ မပူနဲ့...မိကြွေက သူ့လင်အိမ်မှာ ပေါ်ကြော့ ဖြစ်နေပြီ...ဟိုရက်က နင့်အရီးပု လှအုံးတို့အိမ် သွားကြည့်သေးတယ်...ကိုယ့်အတွက်ပဲကိုယ်ပူစမ်းပါ..မောင်အာကာကိုလည်း ဂရုစိုက်နော်ကြားလား..”
“ဟုတ်...” သူ့အကြောင်းပါလာတော့ မလုံမလဲဖြင့် သူ့ဆီ အကြည့်တစ်ချက်ရောက်သွားမိပေမဲ့...သူကလည်း ဘာမှ ၀င်မပြောတော့ ခင်လည်း  ငြိမ်နေလိုက်ရသည်..။
“အေး..အေး...ဒါပဲ...” ဖုန်းချသွားခါမှ ကြွေ့အကြောင်းသူကြားသွားတော့ မျက်နှာပူရပြန်သည်...။
တကယ်ဆို သူက ကြွေ့ကို မြတ်နိုးလို့ တောင်းရမ်းလက်ထပ်ဖို့ ကြိုးစားခဲ့သူပဲ...အခုတော့ခင့်လို မတင့်တယ် မလိုက်ဖက် သူ တစ်ယောက်ကိုသာ ပိုင်ဆိုင်လိုက်ရသည်လေ...။
“ကြွေ ဘာဖြစ်လို့လည်း မမခင်...”
သူ့ဆီက အမေးတစ်ခု ရုတ်တရက် ထွက်လာတော့  ခင် ဘယ်လို ဖြေရမယ် စဉ်းစားရင်း
“ဟို...ဟို...အဲတာ..အဘကစိတ်ဆိုးပြီး ကြွေတို့ကို လက်မခံမှာ စိုးလို့ပါ..”
“သြော်..ယောက္ခမ ဘက်ကလည်း လက်မခံဘူးလား...”
“လက်ခံပါတယ်...အဘ က လက်မခံတာ...အခုလည်းကြွေက သူ့ယောက္ခမ အိမ်မှာနေတယ်တဲ့လေ..”
“ဒါဆို စိတ်ပူစရာမရှိပါဘူး..မမခင်..”
“ဟင်....အင်း..”
“မမခင် ကို  ကြည့်ရတာ ကြွေ့ အတွက် တော်တော် သောကရောက်နေပုံပဲ..ကျွန်တော် တောင် စိတ်ပူသွားတယ်...”
သူက ကြွေ့အတွက် စိတ်ပူတာလား..ခင်အတွက် စိတ်ပူတာလား မဝေခွဲနိုင်ပေမဲ့ ဘယ်သူအတွက်ပဲ ပူပူ ၀မ်းသာရမည်သာ..။
“အလုပ် လက်စသပ်နေလို့ ဒီနေ့ ရုံးဆင်းတာ နောက်ကျသွားတယ်..”
“အင်း...ထင်ပါတယ်...သံပုရာရည်သောက်မလား ဟင်..”
“ကောင်းသားပဲ..”
ထမင်းစားပွဲမှာပဲ ၀င်ထိုင်လိုက်တော့ ခင် အဆင်သင့်ဖျော်ထားသည့် သံပုရာရည်ခွက် ကို သူ့ရှေ့ချပေးလိုက်သည်..။
တစ်ကျိုက်မော့ချပြီး မျက်ရည်စုံမှိတ်ပစ်လိုက်တော့ ခင် ဖျော်တက်သလို ဖျော်လိုက်မိတာ မှားပြီလား...
“အရမ်းချဉ်နေလို့လား...သကြားထည့်ပေးရမလား..”
“မဟုတ်ပါဘူး..အမောပြေသွားလို့ပါ..”
“သြော်..”
ခင် ယောင်တောင်တောင် နဲ့ ဘာလုပ်ရမလည်း တွေးမိစဉ် စားပွဲပေါ်က အထုပ်ကို သတိရပြိး ယူကြည့်လိုက်တော့ ခေါက်ဆွဲဖြူ ပူပူတွေ..။
“ဒါ ပန်းကန်ထဲထည့်လိုက်ရမလား..
ကိုမောင်မောင်အာကာပိုင်စိုး..”
“အဟွင်း...” ဘာကိုသဘောကျပြီး ပြုံးနေမှန်း မသိ...ခင်ကတော့ သူ့အဖြေကိုရပ်စောင့်နေရသည်.။
“......”
သံပုရာရည်တစ်ကျိုက် ထပ်သောက်ပြီးမှ ခင့်ဆီကို အကြည့်ရောက်လာပြီး...
“သြော်..ထည့်လိုက်ပါ မမခင်..ကျွန်တော် ရေချိုးပြီးမှ စားတာပေါ့...”
“အင်း..”
အငွေ့ထနေတဲ့ ခေါက်ဆွဲတွေကို ပန်းကန်ထဲ ထည့်ပြီး ချိန် ထူးဆန်းတဲ့ အနံ့ က ထွက်လာသည်..။
ဘာတွေပါလိမ့်...။
ထမင်းစားမှာလား..ဒီမုန့်စားမှာလား မသိလို့..ခင် လိုရမယ်ရ ဟင်းတွေနွေးပြီး  ထမင်းပွဲပါ ပြင်ထားလိုက်မိသည်..။
အာကာ အခန်းထဲရောက်ချိန်ထိ မျက်နှာမှာ အပြုံးတစ်ချို့ စွန်းထင်နေဆဲ..။
ရှပ်အကျီ င်္ ချွတ်ပြီး အ၀တ်တစ်ထည်မှ မရှိသည့်ခြင်းထဲ ထည့်လိုက်သည်..။
ဘဲလ်မတီးပဲ သော့ဖွင့် ၀င်လာမိခါမှ သူ့အတွက် အံသြစရာ မဟုတ် ကိုယ်ကသာ အံသြရသည်..။
မီးဖိုခန်းကထွက်လာတဲ့ ငိုသံကြောင့် အပြေးအလွှား ၀င်ကြည့်မိတာ..အိမ်နဲ့ ဖုန်းပြောရင်း ငိုနေတာသိရမှ စိတ်တစ်၀က်က သက်သာသွားရသည်..။
သူ့ညီမ အတွက်ပူပန်နေတာ သိပေမဲ့ အရင်နေ့တွေလို ရေတစ်ခွက် မလာတော့ စိတ်ထဲ က တောင့်တမိလိုက်တာ...
တကယ့်ကို သူပေးလိုက်တဲ့ သံပုရည်တစ်ခွက်က အမောပြေစေသည်လေ..။
သူ့ခေါ်လိုက်တဲ့ ကိုမောင်မောင် အာကာပိုင်စိုး ဆိုတဲ့ နာမည် ကြားမှ ပိုပြည့်စုံသွားသလိုလို...။
“ဆာနေပြီလား..မမခင်..”
“မဆာပါဘူး..”
ဆာနေလည်း မဆာဘူးပဲ ပြောမှာပါပဲ. အာကာ လက်ဆေးပြီး ထမင်းဝိုင်းမှာ ၀င်ထိုင်လိုက်ရသည်..။
“ညဘက်မို့ ပုစွန်ချဉ်သုပ် မလုပ်တော့ဘူး..”
“အင်း...ဒါပဲကောင်းပါတယ်...”
အာကာ့ ထမင်းပန်းကန်ထဲကို ငါးဟင်းရည်ခပ်ထည့်ပြီး အရွက်ကြော်နဲ့ ငါးခြောက်ဆီစိမ်လည်း ထည့်ပေးသေးသည်..။
အဓိက ဟင်း ငါးက ပါမလာတော့...လှမ်းခပ်ယူရ ကောင်းနိုးနိုး နဲ့ စောင့်နေမိသည်..။
“ခင် အရိုးထုတ်ပေးမယ်နော်..”
ငါး ကိုယူပြီး ပန်းကန်အလွတ်ထဲထည့်ပြီးမှ သေချာလက်နဲ့စမ်းပြီး အရိုးထုတ်နေတော့ လူက လင်းလင်း တို့ ပြောသလို မြေပေါ်ကတောင် ကြွသွားသလိုလို...။
“အင့်..မကြိုက်ရင်ပြောနော်...ခင်က ဟိုနေ့က ကိုမောင်မောင်အာကာပိုင်စိုး..အရိုးငြိ သွားတာတွေ့လို့ပါ..”
“သြော်..အဲနေ့က အလောတကြီး စားလိုက်လို့ပါ..မမခင် ထမင်းတွေ အေးကုန်လိမ့်မယ်..စားလိုက်ပါ ကျွန်တော် ငါးစားတက်ပါတယ်..”
“အင်း..”
ခင့်လက်နဲ့ နွင်ပေးနေတာ မကြိုက်လို့များလား..စိတ်ထဲမှာ ဖြစ်နိုင်တာတွေ ရှာကြံတွေးရင်း အားငယ်လာရပြန်ပြီ..။
“မမခင် ဟင်းထည့်လေ..အရိုးကြောက်ရင် ကျွန်တော်နွှင်ပေးမယ်..”
ပြောပြောဆိုဆို နဲ့ ခင့်ပန်းကန်ထဲ ငါးဖတ်တွေရောက်လာတော့ မယုံနိုင်လို့သူ့ကို မော့ကြည့်မိသည်..။
ဒီလိုကျပြန်တော့ ဘာမှ မထူးခြားသလိုပဲ သူ့ ပန်းကန်သူကြည့်ပြီး ထမင်းစားနေတာပဲ..ခင်တစ်ယောက်တည်း ဘာလို့ထူးဆန်း သလို ခံစားနေရတာပါလိမ့်..။
စားသောက်ပြီး ထုံးစံ အတိုင်း သူက တီဗီကြည့်နေချိန် ခင် မီးဖိုခန်း သန့်ရှင်းရေးလုပ်ပြီး ပန်းကန်တွေဆေးနေလိုက်သည်..။
“မမခင်..ခေါက်ဆွဲပန်းကန်လေး ယူလာပါလား..ဘေးက တုတ်တွေပါယူခဲ့ပေးပါနော်....”
ခင် ရေပုလင်းကို ပြန်ချထားခဲ့လိုက်ပြီး ပန်းကန်ယူခါ အိမ်ရှေ့ထွက်ခဲ့လိုက်သည်..။
စားပွဲပေါ်မှာ တင်ခဲ့ပြီး မီးဖိုခန်းဘက်ကို ပြန်လှည့်လိုက်တော့
“မမခင် လည်း ထိုင်လေ..ကျွန်တော် တစ်ယောက်တည်း ဘယ်ကုန်မလည်း..”
“ခင် ဗိုက်ဝနေပြီ..”
“ကျွန်တော်က မမခင် စားစေချင်လို့ တကူးတက ၀ယ်လာရတာ..”
သူ့အပြောကြောင့်ခင် ကပျာကယာ ခုံတစ်လုံးမှာ ၀င်ထိုင်လိုက်ရသည်..။
အာကာ တီဗီဆီ အကြည့်ပို့ထားရင်း တူ တစ်စုံကို အိတ်ဖောက်လိုက်ရသည်..။
အိတ်ထဲက တူ ထွက်လာတာနဲ့ မျက်နှာက ညိုးကျသွားတော့ အာကာ လွန်ခဲ့မိတာတွေအတွက် နောင်တရသည်..။
“ရန်ကုန်မှာက ခေါက်ဆွဲမှန်သမျှ ဒီ တုတ်ချောင်းနဲ့စားတာပဲ မမခင်ရဲ့..”
“သြော်..”
အာကာ ခေါက်ဆွဲတွေကို တူနဲ့ ကျင်လည် စွာမွှေလိုက်တော့ မျက်လုံးပြူးနဲ့ တအံတသြ စိုက်ကြည့်နေပြန်သည်..။
ကိုယ်လွန်ခဲ့တဲ့ ကိစ္စ တောင်းပန်သင့်မှန်းသိပေမဲ့ အခုကျတော့ နှုတ်က လွယ်လွယ်ကူကူ မထွက်နိုင်....။
“အင့် မမခင် အရင်စားကြည့်..”
တူ ကို လက်ပြောင်းပေးလိုက်ပေမဲ့ ခေါင်းယမ်းရင်း
“ခင် မစားတက်ဘူး..”
“ဒါဖြင့် ကျွန်တော်ခွံပေးမယ်လေ..”
“နေပါစေ...သူပဲ စားပါ..”
“ရွံလို့လား..”
“ဟာ မဟုတ်ပါဘူး..”
အာကာ ရဲ့ အကြပ်ကိုင် စကားလုံးတွေက ထိချက်မှန်သွားတော့ တူတစ်စုံပေါ်လက်ရောက်လာတော့သည်..။
“အင်း လက်ဝါးဖြန့် ပထမ တစ်ချောင်းက လက်မ နဲ့ လက်ညိုးကြားထဲထည့်..ခဲတံဘောပင်ကိုင်သလိုပဲ လွယ်ပါတယ်..”
“နောက်တစ်ချောင်းကို လက်ညိုး နဲ့လယ်ခလယ်ပေါ် တင်လိုက်..ရပြီ နည်းနည်းလေးလှုပ်ပြီး ကောက်ကြည့်..”
“အဟွင်း တစ်မျှင်ပဲပါလာတယ်..”
“အစမို့လို့ပါ..”
ခင့်လက်ကိုကိုင်ပြီး သေချာနေရာရွေ့ပြီး သင်ပေးနေတော့ ခေါက်ဆွဲကျွေးချင်တာထက် ဒီတုတ်နဲ့စားနည်းကို သင်ပေးချင်နေတာမှန်း သိလိုက်သည်..။
ဒါမှလည်း သူနောက်တစ်ခါ အရှက်မကွဲရမှာလေ..
ခင့် အပြစ်မကင်းသည်မို့ သူ သင်ပြတဲ့ အတိုင်း ကြိုးစားပြီး လိုက် လုပ်ကြည့်မိသည်..။
“ဟား..ဟား..မမခင်...”
“ဟင်...”
“ချွေးပြန်လောက်အောင်ကြိုးစားနေတာပဲ တော်ပြီ ဇွန်းနဲ့ပဲ စားကြမယ်..”
“ရတော့မှာပါ..”
ခင် လက်ချောင်းတွေ နာလာပေမဲ့ တိုးတက်လာမှုကြောင့် အားရှိရသည်..။
“ပါလာပြီ...ပါလာပြီ...”
တူကို ကိုင်ဆွဲမြှောက်ရင်း ခင်မေ ၀မ်းသာအားရအော်လိုက်မိသည်..။
“အင်း...အင်း...ဟုတ်ပြီ...စားလိုက်..”
“သူ အရင်စားပါ..”
“ပြန်မချနဲ့..”
“ဟင်..”
ပါးစပ်ဟပေးနေသည့် သူ့ကို မမြင်ဖူးသလို ငေးကြည့်နေမိသည်..။
သူက မေးငေါ့ပြတော့မှ ခေါက်ဆွဲကို ခွံ့ပေးလိုက်ပြီး အကြည့်ချင်းဆုံသွားချိန် ခင် ရင်တွေခုန်သလိုလို ရှိလို့ အကြည့်ကို လွဲဖယ်လိုက်ရသည်..။
ဘယ်လိုတွေဖြစ်ပြီး တစ်ရက်တည်းနဲ့ ပြောင်းလဲသွားတာလည်း..သူရယ်...။

:・゚✧ *:・゚✧ *:・゚✧ *:・゚✧:・゚✧ *:・

အရေးအသားမကောင်းပေမဲ့ ရေးမိနေတုန်း

သည်းခံ ဖတ်ပေးခဲ့တဲ့ စာဖတ်သူ အားလုံးကို

ကျေးဇူးအထူးတင်ပါတယ် နော် ❤

Love u all
#စပိုက်ကာ

ပန်းကြိုးနွယ် Where stories live. Discover now