ပန်းကြိုးနွယ်
အပိုင်း (၂၀)
#ပန်းကြိုးနွယ်“ကိုမျိုး ပြောတော့ သူ နဲ့ ညနေ ထမင်းစားဖို့ လိုက်လာမယ်ဆို..”
“အင်း..မလာဖြစ်တော့ဘူး..”
“သြော် သူလိုက်လာရင် စားချင်မလားလို့ ငါးခြောက်ရိုး ဟင်းချက်ထားတာ ပိုကုန်တော့မှာပဲ...”
“ကျွန်တော်တို့ စားမှာပေါ့ မမခင်ရယ်..”
အာကာရဲ့ စကားကြောင့် ဘာမှ ထပ်မပြောတော့ပဲ ရေခွက်ယူခါ မီးဖိုခန်း ထဲ ၀င်သွားတော့မှ သက်မ ချနိုင်သည်..။
အခန်းထဲ ၀င်ပြီး အ၀တ်လဲတော့ လက်ဆစ်တွေက ရောင်ကိုင်းနေပြီ..
တီရှပ် ၀တ်ပြီးခါမှ လက်ကိုတွေ့သွားမှာ စိုးလို့ စွယ်တာ လက်ရှည် တစ်ထည် ကောက်စွပ်ပြီး လက်ကို မခေါက်ပဲ ဒီတိုင်း ချထားလိုက်သည်..။
“မမခင်...”
ချိုင့်တွေဆေးတော့မှာ သိလို့ အာကာ မီးဖိုခန်းထဲ ၀င်ခဲ့လိုက်ရသည်..။
“နောက်နေ့ လင်းလင်းတို့ဖို့ ဟင်းပို မထည့်ပေးနဲ့တော့ သလား..”
“ဟယ်..ဘာဖြစ်လို့လည်း.”
“အလုပ်မတူတော့လို့..”
“အို..ခင် စိတ်တောင်မကောင်းဘူး..ဒါဆို ကိုမောင်မောင်အာကာပိုင်စိုး တစ်ယောက်တည်း စားခဲ့ရတာလား..”
“အင်း..”
“ထူးဆန်းလိုက်တာ..”
“ဘာဖြစ်လို့လည်း..မမခင်..”
“နှစ်ချိုင့် စလုံး ဘာမှ ပြန်ပါမလာဘူး..”
“ဟမ်..” အာကာ မယုံနိုင်လို့ ခြေလှမ်းကြဲ နဲ့ ချိုင့်ဆီသွားကြည့်တော့ အကုန်ပြောင်ရှင်းနေသည့် ချိုင့် အခွံတွေသာ ရှိသည်..။
“မသာလေးတွေ..မြိုဖို့ကျတော့ သောက်စကား မပြောလည်း ရတယ်..”
“ဟင်..”
“သြော်...ဆောဒီး..စိတ်တိုသွားလို့ပါ..မမခင်.. ဆောဒီး..နော်..”
“မမခင် ဘာတွေ ချက်ထားလို့လည်း..”
မီးဖိုခန်းရောက်လက်စနဲ့ ထမင်းစားပွဲပေါ်က အုပ်ခြင်း ကို ဆွဲဖွင့်ရင်း အာကာ ပါးစပ်က တစ်ခါ ထပ်မေးလိုက်သည်..။
“သူ့ အတွက်က ငရုတ်သီးထောင်းရယ်..ငါးကြော်နဲ့ ကင်ပွန်းချဉ်ဟင်းရယ် ချက်တယ်..ကိုမျိုးကတော့ တောစာ စားချင်တယ်ဆိုပြီး ပြောထားလို့ ငါးခြောက်ရိုးဟင်းနဲ့ ရွှေဖရုံသီးဟင်း ချက်ထားတယ်..”
ကိုယ့်မိန်းမကို ကိုယ့်ရှေ့မှာ စိန်ခေါ်ပစ်မှားထားတဲ့သူရဲ့ နာမည်ကြားရတော့ စိတ်ထဲဒေါသထွက်ရပြန်သည်..။
“ဦးမျိုး က ထမင်းလာစားဖို့ ပြောလား..”
“အင်း...ခင်လည်း ခေါ်လိုက်တာလေ..”
“နောက်မခေါ်ပါနဲ့ မမခင်..”
“ဟင်..”
“ဒီလူကြီး မမခင် ကို တအားညွှန်း တာပဲ ကျွန်တော် မကြိုက်ဘူး..”
“ဟောတော့...ကိုမျိုးက သူ့ဆရာမို့ ခင်က ဦးစားပေး ဆက်ဆံမိတာ ပါနော်..”
“ဦးစားလည်းမပေးနဲ့ ဒီလူကြီးက ကောင်းတာမဟုတ်ဘူး..”
“ဟင်..”ခပ်ပြတ်ပြတ်ထွက်လာတဲ့ သူ့ အသံကြောင့် ခင် အံသြမိရသည်..။
“တော်ပါပြီ..မမခင် အကြောင်းပဲပြောတော့...”
“ခင့် အကြောင်း....”
“အင်း..ခင့် အကြောင်းပဲပြော...”
“သူ ဘာဖြစ်လို့လည်းဟင်...”
“ကောင်းပါတယ်..မမခင်ရဲ့...”
ခင် သက်ပြင်းတစ်ချက်ရှိုက်ရင်း ချိုင့်တွေပဲ အာရုံစိုက်ဆေးနေလိုက်သည်..။
သူ ဘာတွေဖြစ်လာပြန်ပြီလည်းကွယ်...
ဟိုကောင်မလေးနဲ့ တွေ့တိုင်း သူ့ စိတ်တွေ ကနာမငြိမ် ဖြစ်နေတာပါပဲလား..။
“မမခင်..”
“အင်း..”
“ကျွန်တော်တို့ ညစာ အပြင်မှာသွားစားကြမလား...”
“သူစားချင်လို့လား..”
“အင်း.. ပြီးရင် ပြည်သူ့ရင်ပြင်သွားကြမယ်လေ..မမခင် မရောက်ဖူးသေးဘူးမလား.”
သူ့ဘက်က လိုလိုလားလား ခေါ်နေပေမဲ့ ခင် မှ သူနဲ့ မသွားရဲတာ..အပြင်ရောက်ရင် တစ်မျိုးဖြစ်တက်တဲ့ သူစိတ်တွေကို ကြောက်တက်နေပြီ သူရယ်...။
“ဒါဖြင့်သွားလေ...ခင်တော့ မလိုက်တော့ဘူး..”
“ဟာ..မမခင် တစ်ယောက်တည်း ကျန်ခဲ့ရမှာလေ မကြောက်ဘူးလား..”
“ရန်ကုန်မှာ မကြောက်တော့ပါဘူးဆို..”
“တော်ပါပြီ...ကျွန်တော်လည်း မသွားတော့ဘူး..”
“သူ ပါးစပ်ပျက်နေတာ ခင်သိပါတယ်...ခင့်ကို အားနာပြီး ဟင်းတွေမြိုချပေးနေတာမလား..ခင် စိတ်မကောင်းအောင်မလုပ်ပါနဲ့ သွားစားလိုက်ပါနော်..တစ်ခါတစ်လေ အပြင်စာက ပိုမြိန်ပါတယ်..”
“အပြင်စာ မြိန်လည်း..မစားနိုင်ဘူး..အိမ်က ဟင်းပဲ စားမယ်..မမခင် ပြီးရင် ထမင်းစားကြမယ်နော်..”
အတူတူ အပြင်သွားချင်လို့ ခေါ်မိပါတယ်...သွားပါဆိုတာချည်းပဲ...ဒီလို မိန်းမ ရတာ ကံကောင်းတာလား ကံဆိုးတာလား မောင်အာကာ..။
“၈နာရီ မဖြစ်သေးဘူး..”
“စောစောပဲ စားကြမယ်...ကျွန်တော် ဗိုက်ဆာလို့..”
“အင်း..အင်း..ခဏပဲစောင့်နော်..”
ချိုင့်တွေကို အမြန်သိမ်းလိုက်ခါ နွှေးပြီးသား ဟင်းတွေကို ပန်းကန်ထဲ ဖြည့်လိုက်ပြီး စားပွဲမှာ ချလိုက်သည်..။
ငါးကြော်တွေက ညနေ ဘက်မို့ ကျွတ်ပါတော့မလား ပြန်နွှေးဖို့က သူကလည်း ဗိုက်ဆာနေပြီဆိ်ုတော့ မနွှေးဖြစ်တော့...။
အာကာ အဆင်သင့် ကိုင်ထားသည့် ဇွန်းကို ထမင်းပန်းကန်မှာ တပ်ပြီး ချဉ်ဟင်းတစ်ဇွန်းခပ်သောက်လိုက်ရသည်..။
ငရုတ်သီးထောင်းကို ဇွန်းနဲ့ယူပြီး ထမင်းထဲမြုပ်ခါ စပ်ပါစေဆိုပြီး ထိုးသွင်းလိုက်ပေမဲ့ ထင်သလောက်မစပ်ပြန်..။
ကင်ပွန်းချဉ်တွေ ပန်းကန်ထဲ လောင်းထည့်ပြီး ခပ်သွက်သွက်ပဲ ခပ်စားလိုက်သည်..။
“သူ အဆင်ပြေရဲ့လား..”
“ဟင်...အဟွတ်...အဟွတ်....”
“အို...သီးပြီ...”
မမခင်က ခုံက ထပြီး လက်ပြေးဆေးခါ ကျောကို သပ်ချပေးနေတော့ မနေတက်ဖြစ်ရပြန်သည်..
“ရရဲ့လား..”
“ရပြီ..မမခင်...ရပြီ..”
“အင်း ရေနည်းနည်း သောက်လိုက်အုံး..”
အာကာ ရှေ့က ရေခွက်ကို ယူပြီး အလောတကြီး သောက်ချပစ်လိုက်သည်...။
“မမခင်...”
“ဟင်..”
“ငါးကြော် နွှင်ပေးပါလား..”
မမခင် က ငါးကြော်ယူပြီး နွှင်ခါ ပန်းကန်ထဲ လှမ်းထည့်ပေးတော့မှ အာကာ ငါးကြော်စားခွင့်ရတော့သည်..။
“ရွှေဖရုံသီး လေး ပေးပါအုံး..”
“သူစားလို့မရဘူး.အကြောတက်လိမ့်မယ်..”
“ရပါတယ်..မမခင်ရဲ့...”
“ညဘက်ကြီးမို့ပါနော်..မစားပါနဲ့ ကိုမောင်မောင်အာကာပိုင်စိုးရယ်..”
“ပြီးရော..”
အာကာ ငါးကြော်နဲ့ စားနေရင်း ေ၇ွှဖရုံသီး ပန်းကန်ကို မျက်စောင်းထိုးနေမိသည်..။
ဒီလူကြီး အတွက် ချက်ပေးတဲ့ ဟင်းက အာကာ စားတဲ့ ဟင်းနဲ့ ဘာတွေများကွာပါလိမ့် ဆိုတဲ့ စပ်စု ချင်စိတ်ကလည်း ပိုတိုးလာရ၏..။
“ထမင်းထည့်အုံးလေ..”
“ဝြပီ...အင့်..”
ပန်းကန် ပေးလိုက်တော့ မမခင် ပန်းကန်နဲ့ အတူ ထပ်ပြီး ကျောခိုင်းသွားတော့မှ အာကာ ဆီပလုံဝေ့နေသည့် ရွှေဖရုံသီး ပန်းကန်ကို ခပ်စားကြည့်လိုက်သည်..။
ကောင်းတာက အတူတူပါပဲ...။
ဟင်းရည်ကို ပါ ဟင်းချိုလို ခပ်သောက်နေလိုက်တာ ပန်းကန် တစ်၀က်ကျိုးပြီ...။
“ဟယ်...အို..မစားပါနဲ့ဆို..”
အာကာ့ရှေ့က ပန်းကန်ကို ဆွဲသိမ်းသွားတော့ စပ်ဖြဲဖြဲနဲ့ ရယ်ပြလိုက်ရသည်..။
ခင် ပန်းကန်တွေ သိမ်း ဆည်းပြီးတဲ့ အထိ သူက စားပွဲက မထသေး...။
နေမကောင်းတဲ့ ရက်အတွင်း အနေနီးသွားတော့လည်း စိတ်တွေပြောင်းသွားတယ် ထင်ပါရဲ့..။
“အိမ်ရှေ့သွားကြမယ်လေ...”
“အင်း..”
ခင် အိမ်ရှေ့ထွက်တော့မှ နောက်က လိုက်လာတော့ စိတ်ထဲ မသက်သာဖြစ်ရပြန်သည်..။
အရင်က သူ့ အလုပ်နဲ့သူ ခင်က လည်း မီးဖိုခန်း စားပွဲမှာ အလုပ်မရှိလည်း အိပ်ချိန်အထိ ထိုင်နေကျ..အခုတော့ တီဗီရှေ့ ရောက်လာရတာ မနေတက်....
“မမခင် ရုပ်ရှင်မကြိုက်ဘူးနော်..”
“ရွာမှာ ကြွေကတော့ ခွေငှားပြီး ကြည့်တယ်..နေမျိုးအောင်ကားဆိုရင်တော့ ခင်လည်း လိုက်ကြည့်ဖြစ်ပါတယ်..တခြားမင်းသားဆိုရင်တော့ မကြည့်ဘူး..”
“မမခင် နေမျိုးအောင် ပရိသတ်ပေါ့..”
“အင်း...သူရော...”
“အမ်မာ..ငယ်ငယ်က ဟယ်လီပေါ်တာကြည့်ရင်း ကြိုက်သွားတာလေ...ဟီး.”
“သြော်..အင်း..”
ခင် မသိပဲနဲ့လည်း ခေါင်းလိုက်ညိတ်နေရသည်..။
ပြန်ပြောစရာ စကားကလည်း မရှိတော့ ဓာတ်ပုံတွေကို သတိရမိပြီး...
“ကိုမောင်မောင်အာကာပိုင်စိုး ငယ်ငယ် က နိုင်ငံခြားမှာနေရတာပေါ့နော်..”
“အင်း..နေရာတွေပြောင်းနေရတာပါ..မူလတန်းကို တောင်ငူမှာ တက်ရတယ်..အဲဒီမှာ အဖိုး နဲ့ အဖွား နေခဲ့တာလေ..နောက် အလယ်တန်းတက်တော့ အဘွားမရှိတော့ အဘိုးနဲ့ အတူ ရန်ကုန်ရောက်လာတယ်..နောက် ၉တန်းတက်နေချိန် အဘိုးနေမကောင်းတော့ဒယ်ဒီပြန်လာတယ်..အဘိုးဆုံးပြီးတော့မှ ကျွန်တော့်ကိုပါ ခေါ်ပြီး ပြန်သွားတာ..ဟိုမှာပဲ ကျောင်းဆက်တက်ရတယ်..ကျွန်တော် ကျောင်းတက်ရင်း အလုပ်လုပ်ချင်တယ်ဆိုလို့ သူ့သူငယ်ချင်း ကုမ္ပဏီမှာ အပ်ပေးတာ...အဲကတည်းက ဒီပြန်ရောက်လာတာပါပဲ..”
“သြော်...နိုင်ငံခြားလိုလည်း ပြောတက်တာပေါ့နော်..”
“အင်း နည်းနည်းပါးပါးတော့ပြောတက်တယ်..”
“သြော်..သြော်...ခင် မှတ်မိပြီ...ရွာကို ကြွေပြန်လာတော့ ပြောတာ သူ့အကြောင်းတွေဖြစ်မယ်..”
“ဟုတ်လား..ဘာအကြောင်းတွေလည်း ပြောပါအုံး..”
ကိုယ့်အကြောင်း တွေကို သူ တို့ ပြောနေခဲ့တာသိရတော့ စိတ်ဝင်စားမိသည် ။
“အသားဖြူဖြူ ခပ်ချောချောတစ်ယောက်က ဆန်းသူ နဲ့ သူငယ်ချင်းဖြစ်နေတာတဲ့ သဘောလည်း အရမ်းကောင်းတယ်ကြွေ့ကို အပို့အကြိုတောင် လုပ်ပေးပြီး ကစားကွင်းလည်း လိုက်ပြပေးတယ်တဲ့လေ...”
“သြော်..အဲဒါ သင်တန်းက အပြန် လမ်းကြုံတော့ ပို့ပေးတာပါ ကြွေက အကုန်မှတ်ထားပြီး ကြွားတာပါပဲလား....”
“ကြွားတာတော့ မပြောပါနဲ့ ရန်ကုန်က ပြန်လာခါစ သူပြောပြတာတွေကြားပြီး ခင့်မှာ ရန်ကုန်ရောက်ဖူးချင်တာ တစ်ပိုင်းကိုသေလို့ အဘ သွားရင်ခေါ်ပါလို့ ခဏခဏ ပူဆာခဲ့ရသေးတယ်..”
“အဘ က ခေါ်လား..”
“ခေါ်ပါတယ်..ဒါပေမဲ့ အလုပ်တွေ ပစ်ထားခဲ့ရမှာ သိတော့ ခင် မလိုက်ချင်တော့ဘူး..အဲတော့ အဘလည်း စိတ်ဖြောင့်ဖြောင့် သွားလို့ရတာပေါ့...”
“မမခင်က သူများအတွက် ကိုယ့်အပျော်တွေကို စတေးပစ်ရတာ ဝါသနာပါပုံရတယ်..”
“ဟင်..”
“ကျွန်တော်နဲ့ ကိစ္စ မှာလည်း မမခင် အဖေ နဲ့ ကြွေ ကိုငဲ့ပြီး လက်ခံလိုက်ရတာမလား..”
“ဟုတ်ပါတယ်...အဲဒါကြောင့် သူ့ကို တကယ်အားနာတယ်..သူလည်း..ဒေါ်ဒေါ်..အဲ ..မာမီ့ ကြောင့် လက်ခံလိုက်ရတာမလား..”
“အဟွင်း..”
၀န်ခံခြင်းနဲ့အတူ တိတ်ဆိတ်သွားတော့ ခင် အားနာရလို့ မီးဖိုခန်းဘက်လျှောက်လာခဲ့လိုက်သည်.။
သူ့ အတွက် ပူတင်းမုန့် လုပ်ထားတာကို ပန်းကန်ထဲ ပြောင်းထည့်ပြီး အိမ်ရှေ့ယူလာချိန် သူ က တီဗီ ကြည့်နေပြီ...။
“ပူတင်းမုန့်လုပ်ထားတယ်...ဆရာ လုပ်ပြတဲ့ အတိုင်းလိုက်လုပ်တာ အရောင်က ဖြူသွားတယ်..”
“ဟား..ဟား...အရသာ တူရင် ပြီးပြီပေါ့ မမခင်ရဲ့...”
တီဗီ ကြည့်ရင်း လှမ်းယူလိုက်သည့် ပန်းကန်က ဆွဲမရလို့ မော့ကြည့်လိုက်တာ...
ထိတ်လန့်တကြား မျက်လုံးပြူးဖြင့်ကြည့်နေပြီ မို့ အာကာ လက်အကျီ င်္စ အမြန်ဆွဲချလိုက်ချိန်
ဘေးကိုရောက်လာတော့သည်...။
“ဘာ..ဘာ..ဖြစ်တာလည်း..ဟင်..”
“ဒီတိုင်း..”
“မဟုတ်ပါဘူး..ပြပါ...
ကိုမောင်မောင်အာကာပိုင်စိုး ရယ်...
ခင် စိတ်တွေပူလွန်းလို့ပါ..”
အာကာ ပြဖို့ အစီအစဉ် မရှိသော်လည်း မမခင်က လက်ကို ဆွဲယူပြီး ကြည့်နေပြီ..။
“ကျွတ်..ကျွတ်..တော်တော်နာနေမှာပဲ ရောင်တောင်နေပြီ...”
“နည်းနည်းပါ..”
“သူကသာနည်းနေ..လက်တွေဖြင့်ဖောင်းကားနေပြီ ကြည့်စမ်းတူသလား..”
လက်နှစ်ဖက်စလုံးကို ဆွဲယူယှဉ်ပြပြီး ဆူနေတဲ့ မမခင်ကြောင့် အာကာ အော်ရယ်မိသည်..။
“နေအုံး ဆေးပူလိမ်းရမှာလား..အအေးလိမ်းရမှာလား..”
“ကျွန်တော် အိပ်ခါနီးမှ လိမ်းလိုက်ပါမယ်..ကုတင်ဘေးမှာဆေးရှိတယ်..”
မမခင်က အခန်းထဲ ခပ်သွက်သွက်၀င်သွားပြီး ဆေးပုလင်း သုံးခုလုံး ယူထုတ်လာသည်..။
“အဖုံးအပြာလေး..”
“လက်ပေး...ခင်လိမ်းပေးမယ်..”
လက်ဖျားတွေကို ဆုပ်ကိုင်ရင်း လက်ဆစ်တွေကို အသေအချာငုံ့ကြည့်ပြီး ဆေးထည့်ပေးနေတဲ့ မမခင်ကိုသာ ဆိုက်ကြည့်နေမိပေမဲ့..
အောင်၀င်းပြောသလို လိပ်ပြာတော့မလုံပါ..။
တစ်ခုခုကို အာရုံစိုက်လုပ်တိုင်း ထော်လှန်လှန်လေးဖြစ်နေတက်သည့် သူ့ အပေါ်နှုတ်ခမ်းကို အောက်နှုတ်ခမ်းနဲ့ ပြန်ဖိပိတ်တက်တာ အကျင့်ဖြစ်နေပေမဲ့ဘေးက ကြည့်ရတဲ့သူအဖို့ကတော့ မဲ့နေသလိုလိုပင်...။
မျက်ခုံးကွေးကွေးနဲ့ အတူ မျက်လုံးဝိုင်းဝိုင်းနဲ့ လိုက်ဖက်တဲ့ ရှည်တဲ့ မျက်တောင်တွေတော့ ပိုင်ဆိုင်သားပဲ..။
ဆံပင်ကို ဘေးခွဲဖြီးပြီး နောက်ဆံတုံး တစ်ခုသာ အမြဲထုံးတက်သူမို့..
ကျစ်ဆံမြီး တို့ စုချည်တာတို့လည်း တစ်ခါမှ မမြင်ဘူးခဲ့ရ...။
“ရပြီ..တော်တော်နာမှာပဲ..”
ခေါင်းမော့လာချိန် အကြည့်ချင်းဆိုင်သွားတော့ အာကာ့ ရင်ဘတ်ထဲ ဒိန်းကနဲ့ တက်ဆောင့်သွားတာ ဘယ်လိုခံစားမှုပါလိမ့်....။
“မမခင် အိပ်ချင်ပြီလား..”
“ဟင့်အင်း..”
“ဒါဆို ထိုင်ပါအုံးလား ကျွန်တော် စကားပြောချင်လို့ပါ...”
ဆေးပုလင်းယူပြီးတာနဲ့ မီးဖိုခန်းထဲ ၀င်သွားတော့မှာ သိလို့ အမြန်တားလိုက်တော့ ခေါင်းညိတ်ပြီး မျက်နှာချင်းဆိုင် ခုံမှာ ၀င်ထိုင်လိုက်သည်..။
ရှေ့ခုံက မမခင်ကို ငေးမိရင်း အာကာ ပြောမယ်တွေးထားသည့် စကားတွေ ပျောက်ဆုံးကုန်ပြန်ပြီ...။
“မမခင် နဒီ့ကိုသိတယ်နော်..”
သူ့ရဲ့ အမေးကြောင့် ခင် ရင်ထဲ ဒိန်းခနဲ့ဆောင့်တက်သွားရတာ ဘယ်လိုခံစားမှုပါလိမ့်
“သိပါတယ်..ဟိုတစ်ခါ အိမ်လာလည်သေးတယ်လေ..”
“အင်း...သူ..”
“ချောချောလေးလေ..”
“ဟုတ်တယ်..ချောတာကြောင့်ပဲ အခုလိုတွေဖြစ်လာရတာ..”
အာကာ ခပ်ညီးညီး ပြောလိုက်တာကို မမခင် က ဘာမသိပဲ ခေါင်းညိတ်ထောက်ခံပြန်သည်..။
“ကျွန်တော့် အတွက်လေ.. မမခင်က အရင်းနှီးဆုံးသူမို့ ကျွန်တော် မွန်းကြပ်ခဲ့ရတာတွေ ၀န်ခံချင်တယ်..ရမလား..”
“အင်း..အင်း...ရတာပေါ့....ရပါတယ်...”
“မမခင်နဲ့ လက်ထပ်ပြီး သိပ်မကြာခင် ကျွန်တော် နဒီ့ကို တွေ့ခဲ့တယ်..”
“နဒီ နဲ့ ရုံးမှာ အလုပ်တူတူလုပ်ရင်း ရင်းနှီးခဲ့ရတယ်...”
ရုံးတူပေမဲ့ အလုပ်မတူတာ အခန်းမတူတာတွေ ထည့်ရှင်းပြမနေတော့ပါ .။
“သူက လှတယ်..ဆွဲဆောင်မှုရှိတယ်...အဲဒါကြောင့် ကျွန်တော် နဒီ့ကို စိတ်၀င်စားမိခဲ့ပါတယ်..”
မမခင် မျက်နှာဘာတွေများပြောင်းလဲသွားမလည်းလို့ မျက်တောင်မခတ်လိုက်ကြည့်နေပေမဲ့ ဘာမှ မထူးခြားပဲ ခေါင်းသာညိတ်ပြနေသည်..။
“ဒါတွေ မဖြစ်သင့်တာမှန်း ကျွန်တော်သိပါတယ်..အဲဒါကြောင့် ကျွန်တော် ရှောင်ခဲ့ပါတယ်...တစ်ည သူ စားသောက်ဆိုင်မှာ မူးနေလို့ လာခေါ်ပါဆိုပြီး ဖုန်းရတယ်...ကျွန်တော် လိုက်ခေါ်ပေးတယ်..မမခင် စဉ်းစားကြည့် ကားထဲမှာ သူနဲ့ ကျွန်တော် နှစ်ယောက်တည်း..ပြီးတော့ နဒီ့လို မိန်းမလှလေးက အရက်မူးနေတာလေ..ပြောချင်ရာပြောပြီး လုပ်ချင်တာလုပ်လို့ရတယ်..ကျွန်တော် စိတ်တွေ အဲအချိန်မှာ အရမ်းပူလောင်မွန်းကြပ်တာပဲမမခင်ရယ်..ကျွန်တော်မစဉ်းစားသင့်တာတွေးမိတယ်.... ဒါပေမဲ့..ကျွန်တော်လူယုတ်မာ တစ်ယောက်မဖြစ်ချင်ဘူး.... အဲဒါကြောင့် ကိုဆန်းသူကို တက်ခေါ်ပြီး သူ့ကို ထားခဲ့လိုက်တယ်...”
“အင်း..”
မမခင်က ဘာမှ မထူးဆန်းသလို တုန့်ပြန်လာတော့ အာကာရှေ့ဆက်ပြောဖို့ အဆင်ပြေလာသည်..။
“နောက်ပိုင်း ကျွန်တော် သူ့ကို တကယ့်ကို စိတ်မ၀င်စားတော့ပါဘူး..နောက်တစ်ခါ နဒီက အိမ်ကိုအလည်လာတယ်...ပြီးတော့ အပြန်မှာ လည်း သူနဲ့ ကျွန်တော် နှစ်ယောက်တည်းပဲ...သူ့ကို စကားပြောတာ အခြေအတင် ဖြစ်သွားတော့သူစိတ်ဆိုးပြီး ဆင်းသွားတယ်...ကျွန်တော် သူ့ကို လိုက်ခေါ်တယ်...တည်းခိုခန်းရှေ့မှာဆိုတော့ ကျွန်တော့် သူငယ်ချင်း တစ်ယောက်က တွေ့ပြီး အထင်လွဲသွားတယ်..အဲ့ညကသူ့ကို အဆောင်ကိုသေချာပြန်ပို့ခဲ့တယ်..ကျွန်တော့်သူ့ကို ညီမလေး တစ်ယောက်ရဲ့ စိတ်ထက်မပိုခဲ့ပါဘူး..”
“ဒါပေမဲ့..ဒါပေမဲ့လေ...ရုံးမှာတော့ ကျွန်တော်က မယားငယ်ထားတဲ့ကောင် မိန်းမ နှစ်ယောက်ကို အရူးလုပ်တဲ့ကောင်..တာ၀န်မယူတဲ့ မုဒိမ်းကာင်တွေ ဖြစ်ကုန်ပြီ မမခင်..”
“အို...’
“ဟုတ်တယ်..ကျွန်တော် တကယ် ဘာမှ မဖြစ်ခဲ့ပါဘူး..သူ့ကို မှဲ့တစ်ပေါက်တောင်မစွန်းစေခဲ့ပါဘူး..”
ခင် အတက်နိုင်ဆုံး ဟန်ဆောင်ခဲ့ပေမဲ့ အချိန်ကြာကြာတော့ ထောင့်ခံနိုင်မည် မထင်ပါ...။
သူ က နဒီ့ကို တကယ်ချစ်နေခဲ့တာပဲ..။
“ဟာ..မမခင်...ငိုနေတယ်...ဘာဖြစ်လို့လည်းဟင်...ကျွန်တော်ပြောပြလိုက်မိတာ မှားပြီလား..”
ခင် ပျာပျာသလဲခေါင်းရမ်းလိုက်ပြီး မျက်ရည်တွေ သုတ်ပစ်လိုက်ရသည်..။
သူ့ခမျာ ခံစားချက်တွေ မွန်းကြပ်လွန်းလို့ ဖွင့်ပြောတိုင်ပင်ရမဲ့သူ မရှိရှာလို့ ခင့်ကို ပြောပြရတာ...
လက်က ဒဏ်ရာတွေကို ပြန်မြင်ယောင်မိရင်း ရုံးမှာ သူ ဒီနေ့ ဘယ်လောက် ခံစားရခဲ့မှန်း သိသာပါသည်..။
ခင် မျက်ရည်တွေကို ကုန်စင်အောင်သုတ်ပစ်လိုက်ပြီး အားယူပြုံးရင်း..
“မဟုတ်ပါဘူး..ကိုမောင်မောင်အာကာပိုင်စိုး ကို ခင် သနားလွန်းလို့ပါ ပြီးတော့လေ...ပြီးတော့ သူက ကိုယ်ကျင့်တရား အရမ်းကောင်းတာပဲ..မိန်းမလှလေးတစ်ယောက်ကို အခွင့်အရေး ရှိပါရဲ့နဲ့ ရှောင်လွဲနိုင်ခဲ့ပြီလေ...”
“အဲလိုပဲတွေးရတော့မယ်..”
“သူ့ကို အရမ်းသနားတယ်..နဒီ့ နဲ့ သူ ချစ်ရဲ့နဲ့ ခင့်ကြောင့်ဝေးနေရတာ..ခင် စိတ်မကောင်းလိုက်တာ...ခင် ရွာပြန်ရမလားဟင်..”
“ဟာ...မဟုတ်တာ..မမခင်ရယ်...အရင်တုန်းကတော့ မမခင်ကြောင့်လို့ အပြစ်မြင်မိတယ်...အခုတော့ ကျွန်တော့်စိတ်တွေ တကယ် သူ့ဆီမှာ မရှိတော့တာပါ....အဲဒါ အသေအချာပဲ...”
“မမခင် လည်း မယုံတော့ဘူးလားဟင်..”
“ယုံပါတယ်...သူ့ကို အမြဲယုံခဲ့တာပါ..”
“ကျွန်တော် ကတိပေးပါတယ်..နောက်ဘယ်မိန်းကလေးကို မှ စိတ်ကူးနဲ့တောင် မပတ်သက်တော့ဘူး..တကယ်ပြောတာ..”
“အင်း...သူ စိတ်ချမ်းသာဖို့ အဓိကပါ...သူစိတ်တွေ မွန်းကြပ်ပိတ်လှောင်ခံပြီး ခင့်ကို အားနာမနေပါနဲ့နော်..ခင် ရွာပြန်လည်း အလုပ်တွေ အများကြီး လုပ်စားလို့ရပါတယ်..”
အခြေအနေ အရပ်ရပ်ကို တင်ပြပြီး မဝေးချင်လို့
ဖြေရှင်းပြမိခါမှ ထွက်ပြေးဖို့ချည်း ပြောနေတဲ့ မမခင်ကို စိတ်ထဲ ချဉ်လာတာနဲ့...။
“ကျွန်တော့်ကို နဒီနဲ့ လက်ထပ်စေချင်တာလား..”
“အင်း နှစ်ယောက်စလုံး ပျော်သွားမှာလေ..”
“ဟာ..မမခင်ကလေ ပြောရခက်လိုက်တာ..ကျွန်တော် သူ့ကို စိတ်ကူးထဲမှာတောင် မရှိတော့ပါဘူးဆိုမှ “
“အင်းပါ...”
“သူ...သူ့ကို ရုံးက လူတွေ အထင်လွဲနေတာ ဘယ်လို ရှင်းပြမလည်း..ခင် လင်းလင်းတို့ကို ခေါ်ပြောပေးရမလားဟင်..”
“အဟွင်း..ရတယ်...သူတို့ အထင်လွဲတာ ကိစ္စမရှိပါဘူး..”
“မမခင်ရယ် မငိုနဲ့တော့လေ...ကျွန်တော် အခု အဆင်ပြေနေပါပြီ..”
“အင်း...အင်း..မငိုတော့ပါဘူး...”
ခင် မျက်ရည်သုတ်ပြီး အရှက်ပြေရယ်ခါ တီဗီကိုချည်း အာရုံစိုက်ကြည့်နေမိပေမဲ့ မျက်လုံးထဲ ဘာမှ မမြင်....ဝါးလာလိုက် ပါးမှာ ပူသွားလိုက်ဖြစ်နေတော့ သူသိမှာစိုးလို့ ပူတင်းပန်းကန်ကို သူ့ရှေ့ကို လှမ်းပေးလိုက်သည်..။
သူက တစ်ဇွန်းခပ်စားပြီး..
“အင်း အရောင်သာ မတူတာ အရသာတော့ တူတူပါပဲ မမခင် ကြည့်တာနဲ့ လုပ်တက်တာပဲ..”
“နှစ်ခါ သုံးခါ ပြန်ကြည့်ထားရတာ..”
“စားကောင်းတယ်..မမခင် လည်း စားလေ..”
“ထမင်းစားထားတော့ မစားချင်သေးဘူး..သူစားပါ..ခင် အိပ်ယာ သွားပြင်လိုက်အုံးမယ်..”
“အင်း..”
ခင် အခန်းထဲကို ခပ်သွက်သွက် လျှောက်လာပြီး အ၀တ်လဲ အကာနောက်ဘက်ကို ၀င်ခါ ဘီဒိုဘေးဘက် ချောင်ကျကျမှာထိုင်ချလိုက်ပြီး ငိုနေမိသည်..။
၀မ်းနည်းစိတ် နဲ့ အားနာစိတ် ရောပြီး ငိုမိတာမို့ မျက်ရည်တွေက လျော့သွားဖို့ အစီအစဉ်မရှိပဲ တိုးသာလာကြသည်...။
တားဆီးမရစွာ ရှိုက်သံတွေ ပြင်းထန်လာတော့ ခင် ပါးစပ်ကို လက်ဝါးနဲ့ အုပ်ပြီး အသံမထွက်နိုင်အောင် ကြိုးစားနေရ၏..။
ချစ်ရသူက ကိုယ့်ရှေ့မှာ တခြားမိန်းမလှလေးကို ချစ်မိပါတယ်လို့ ၀န်ခံလိုက်တာ ခံစားရသူ တစ်ယောက် အနေနဲ့ မသက်သာလှပါ..။
သူ့ကိုလည်း စိတ်မဆိုးရက်သလို သူခံစားရတဲ့ ချစ်ဝေဒနာတွေကို ကိုယ်တိုင် ခံစားဖူးသည်မို သနားမိရပြန်သည်..။
သူ့အတွက် ၀မ်းနည်းသလို ကိုယ့်ဘ၀ကို စိတ်မကောင်းဖြစ်ရင်း အတိုးအရင်းပေါင်းခါ ပိုငိုမိရ၏....။
“မမခင်....နေမင်းကောကြိုက်လား..သူ့ကားလာနေတယ်..”
“ကြိုက်ဘူး..”
“ဟွင့် မင်းသားကြိုက်တာတောင် သစ္စာရှိရသေးတယ်..”
အာကာ ကဒ်တွေကို ပြန်ကြည့်ရင်း အလုပ်လုပ်မရတဲ့အပြင် ခေါင်းလည်းမူးလာရသည်..။
“တော်ပါပြီ..အိပ်တာပဲကောင်း..”
အာကာ အခန်းထဲ ရောက်သွားတော့ ကုတင်ပေါ်က အခင်းတွေဘာတွေ ခင်းပြီးသား မမခင် ဘယ်ရောက်နေပြန်ပြီလည်းတွေးရင်း မီးဖိုခန်း ဘက်လျှောက်လာခဲ့လိုက်သည်..။
“မမခင်...”
“မမခင်.......”
“လာပြီ..”
“သြော်..အခန်းထဲမှာကိုး..”
အာကာ အခန်းဘက် ပြန်လျှောက်လာချိန် မီးခလုပ်ပိတ်လိုက်တော့ မှောင်သွားပြီး ဘာမှ မမြင်..။
“မမခင် ဘာဖြစ်လို့လည်း..”
“အိပ်တော့မှာမို့လို့လေ...ပြန်ဖွင့်ရမလား..”
“နေ..နေ...အိပ်တော့မှာပဲ...ကျွန်တော်က မမခင် မီးဖိုခန်းထဲ ရောက်နေတယ် မှတ်လို့.”
“ခင် အိပ်တော့မယ်နော်...”
“အင်း..”
အာကာ ကုတင်ပေါ်ရောက်တော့ လက်က တစ်ချက်နာသွားသည်...။
ကောင်းကောင်းပိတ်ထိုးပစ်တုန်းက ဒီလောက်မနာပါဘူး..။
“မမခင်..”
“ဟင်...”
“မမခင်ကို ကျေးဇူးတင်ပါတယ်..”
“ကျွန်တော် အခုမှ ရင်ထဲမှာပေါ့သွားတယ်...”
“တစ်ယောက်တည်း ခံစားနေရရင် မွန်းကြပ်တာပေါ့ ဘာတွေ ခံစားနေရပါစေ..ခင့်ကို ရင်ဖွင့်ပါ ဘယ်သူကိုမှ ပြန်မပြောပါဘူး..ကတိပေးပါတယ်..”
“မမခင် ရွာမှာ ဆို အခုချိန် ဘာလုပ်နေလည်း..”
“ဟင်..၁၁နာရီကျော်နေပြီဆို နှစ်ရေး လောက်ရနေပြီ...”
နောက်တစ်ခါဆိုရင်လည်း ခင့်ကိုမပြောပဲ တစ်ယောက်တည်း ကြိတ်ခံစားနေရမှာစိုးလို့ ပြောလိုက်တာကို မဆိုင်တာတွေ ထမေးနေတော့ အံသြရင်း ပြန်ဖြေလိုက်ရသည်..။
“ဟား..ဟား..နှစ်ရေးဆိုတော့ ဘယ်အချိန် အိပ်လို့လည်း...”
“အိပ်ယာထဲကို ၈နာရီင်္လောက်ကတည်းက ၀င်နေလို့ပါ ခင်က အိပ်လိုက်နိုးလိုက်ပဲ..”
“အခု ရော...”
“ဟင်..”
“အခု ဒီမှာ အိပ်တော့ကော အဲလိုပဲ အိပ်လိုက်နိုးလိုက်ဖြစ်သေးလား..”
“အင်း ဖြစ်တာပေါ့..”
“ဒါဆို မမခင် တရေးနိုးရင် ကျွန်တော့်ကို တွေ့လား..”
“ဟင့်အင်း ခင် မကြည့်ပါဘူး..”
ပျာပျာသလဲ ငြင်းချက်ထုတ်လာတော့ အာကာ ဟက်ခနဲ့ ရယ်မိသွားသည်..။
“မမခင် နိုးလာချိန် ကျွန်တော့် ဟောက်သံကြားလား..”
“အင်း..”
“ဟာ..တကယ်လား...”
“အင်း..”
“ဟာဗျာ...စိတ်ပျက်စရာကြီး ..ကျွန်တော့် ဟောက်တက်တာ မယုံနိုင်ဘူး..အကျယ်ကြီးပဲလား..”
ခင် ၀မ်းနည်းပြီး ငိုလက်စ စိတ်တွေတောင် သူနဲ့ စကားပြောရင်း ပျောက်ကုန်ရသည်...။
“သူက မှောက်အိပ်တာကိုး...နှာခေါင်းကို ခေါင်းအုံးပိတ်ပြီး အသံတွေ ထွက်တာပေါ့..”
“ဟုတ်တယ်....ငယ်ငယ်ကတည်းက အဲလို အိပ်တာ အကျင့်ဖြစ်သွားလို့..နေပါအုံး မမခင် က ဘယ်လိုသိလည်း..”
“သူ နေမကောင်းတုန်းက တွေ့တာပါ...”
“သြော်...အမ်း....ဝါး....အိပ်ချင်လာပြီ...ဂွဒ်နိုက် မမခင် အိမ်မက်လှလှမက်ပါစေ...”
“အင်း...သူလည်း လှပါစေ..”
“ဘာလှတာလည်း..”
“အကုန်လုံးပေါ့..”
“ဟား..ဟား...ပြည့်ပါစေ ဗျာ...”
အဟက်...အကုန်လုံး...လှပါစေ ဆိုပဲ...အာကာ မျက်နှာကျက်ကို ကြည့်ရင်း ပြုံးလိုက်မိသည်...။:・゚✧ *:・゚✧ *:・゚✧ *:・゚✧:・゚✧ *:・
အဟမ်း တစ်ခန်းတစ်ပိုင်း 😜
Sorry,sorry,sorry 🙏
ဖတ်မကောင်းဘူးဖြစ်သွားရင် sorry ပါ 🙏
အရေးအသားမကောင်းပေမဲ့
သည်းခံ ဖတ်ပေးခဲ့တဲ့ စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော် ❤
Love u all
#စပိုက်ကာ
YOU ARE READING
ပန်းကြိုးနွယ်
Romance" စိမ်းကားနေတာ အသည်းတွေတကယ်နာကျင်ရတယ်.. မုန်းတယ်သိလား..မုန်းတယ်..ချစ်လွန်းလို့မုန်းရတယ်..မဖြစ်သင့်မှန်းသိလို့မုန်းရတယ်...." :・゚✧ *:・゚✧ *:・゚✧ *:・゚✧:・゚✧ *:・ " သူ ခွင့်ပြုတောင် ကိုယ်မလုပ်နိုင်ဘူး..ရင်းနှီးတာအချိန်ကြာရင် ကိုယ့်စိတ်တွေလည်း ထိန်းချူပ်လိ...