Part 7

4.2K 206 10
                                    

ပန်းကြိုးနွယ်
အပိုင်း (၇)
#ပန်းကြိုးနွယ်

“ရော့ ကောင်လေး မင်းအတွက် ..”
ကဒ် နှစ်ခု ကို လက်ညိုးနဲ့ လက်ခလယ်ကြားညှပ်ပြိး ဟန်ပါပါ ပေးလာတော့ အာကာ ဆွဲယူလိုက်သည်..။
“sako စားသောက်ဆိုင် ဆိုပဲ..”
“ဟုတ်တယ်..အ၀စား ကြိုက်သလောက်စား တစ်ဖြဲ နှစ်ဖြဲစား ဒါပေမဲ့ တစ်ခါပဲရမယ်..”
“နှစ်စောင်တောင် ဆိုတော့ ဘယ်သူခေါ်သွားရမလည်း..”
“ဟ..မမခင် နဲ့ မင်း အတွက်လေ..”
အာကာ စိတ်ထဲမှာ အလိုမကျပေမဲ့ ရယ်ကြဲကြဲ လုပ်ပြီး ခေါင်းညိတ်လိုက်ရသည်..။
“ကျေးဇူးပါ ယောက်ဖကြီးရာ..”
“ဟီး..ဟီး..အေး..အေး..”
လက်မှတ်နောက်ကို လှည့်ကြည့်လိုက်တော့မှ အရင် ဒီဇိုင်းဆွဲပေးခဲ့တဲ့ ကုမ္ပဏီက ဧည့်ခံပေးတာကြီး ဖြစ်နေသည်..။
ကိုဆန်းသူ တို့ အမှတ်ယူချက်ကတော့ ကြောက်စရာ...။
လက်မှတ်နှစ်စောင်ကို လက်ဆွဲအိတ်ထဲ ထည့်လိုက်ပြီး ဆွဲလက်စ ဒီဇိုင်းကို ဆက်ဆွဲနေလိုက်သည်..။
“ကိုအာကာ ထမင်းမစားသေးဘူးလား.”
“၁၁ နာရီပဲ ရှိသေးတာ..ဗိုက်မဆာသေးဘူး..”
“ကျွန်တော်တို့ကတော့ဆာနေပြီ...”
“အေး..စားလေကွာ..ငါ့စောင့်မနေနဲ့..”
ရုံး၀န်ထမ်း ပေါက်စ နှစ်ကောင် လင်းလင်း နဲ့ မင်းနိုင် နှစ်ယောက်က မသွားသေးပဲ ရပ်နေတော့ အာကာ ကလစ်ထောက်ပြီးမော့ကြည့်လိုက်ရသည်..။
“ဘာဖြစ်လို့လည်း..”
“ဟဲဟဲ..စုဘူး ဖောက်မယ့် အချိန်ကို ရင်ခုန်စွာစောင့်စားနေတာ..”
“ဘာလည်းကွ...”
“ထမင်းချိုင့်လေ..ဘာဟင်းပါလည်းလို့..”
အာကာ့ စားပွဲဘေးက ချိုင့်ကို မျက်စပစ်ပြတော့မှ သဘောပေါက်သည်..။
မမခင်က တစ်နေ့တစ်မျိုး ဟင်းမထပ်အောင် ထည့်ပေးနေတာ..စားလည်း နည်းနည်းပဲ ကုန်လို့ သူတို့နဲ့ မျှစားမိတာ..အခုတော့ ခက်ပြီ...
“ယူသွားလေ..”
“ဟာ..မလုပ်ပါနဲ့ မေတ္တာတွေ စူးကုန်ပါမယ်..သူ့မယားက သူဖို့ထည့်ပေးထားတာလေ..”
“မင်းတို့ကလည်း ရစ်တာကွာ..”
“လာပါ ကိုအာကာရဲ့ ဒိအချိန်က တစ်ရုံးလုံး ထမင်းစားတဲ့ အချိန်ပါ..”
“ကျစ်..”
ပြောမရသည့် အဆုံး အာကာ ထလာခဲ့ရသည်..။
ချိုင့်ကိုတော့ ဒင်းတို့ နှစ်ကောင်က မ ပြေးပြီလေ...။
“ဝိုး..ဝိုး...ဝိုး....ပရိသတ်တို့ ခဏငြိမ်ပေးပါ..အခုဆိုရင်တော့ အာကာပိုင်စိုးရဲ့ ဇနီးချော ဟင်းအိုးပိုင်စိုးရဲ့ လက်ရာကို ရှုစားရမှာဖြစ်ပါတယ်..”
လင်းလင်းက မြီးကောင်ပေါက် အရွယ် ပုံစံ အတိုင်း ရေသန့်ဘူးကို မိုက်လုပ်ပြီးကြေငြာနေသည်..။
“၁......၂.......၃......”
မင်းနိုင်က နံပါတ်စဉ်ရေတွက်ရင်း ချိုင့် အဖုံးကို ဆွဲဖွင့်လိုက်သည်..။
“ဒါဘာဟင်းလည်း..”
“သိဘူးလေ..”
“ကိုအာကာ ဘာဟင်းလည်း..”
“ငါက ဘယ်လိုသိမလည်း.”
“အစ်ကို့ မိန်းမ ဖုန်းဆက်မေးဗျာ..”
“စားစရာရှိတာ စားစမ်းပါကွာ..”
“ဟာ..နာမည်မသိပဲ နေပါအုံး...မဝါ ကို သွားမေးမယ်...”
ချိုင့်ခွက်ယူပြီး မိန်းကလေးတွေ ဝိုင်းဘက် ထွက်သွားပြန်သည်..။
“ငါးသလဲထိုး အုန်းနို့ချက်တဲ့..”
“ကိုအာကာ ကျွန်မ တို့နည်းနည်းစားမယ်နော်..”
“ဟုတ်ကဲ့..”
“ဟိုကောင်ရှည်တာ တို့ဖို့ မကျန်တော့ရင် ဒုက္ခပဲကွာ..”
“အေးလေ..”
တစ်ကောင်တစ်ပေါက်နဲ့ စားမာန်ခုပ် နေကြစဉ်..အာကာကတော့ ထမင်း နဲ့ကျန်တဲ့ တစ်ချိုင့်ထဲက ဂေါ်ရခါးညွန့်ကြော် နဲ့ အာလူးဟင်း ကို ဆက်စားနေလိုက်သည်..။
“ကျစ် မိန်းမတွေများသူတို့ဟာသူတို့သာချက်မစားတယ်..သူများဟင်းကို အားမနာတမ်းစားတာပဲ..”
အာကာရှေ့ပြန်ရောက်လာသည့် ဟင်းခွက်ထဲမှာ ချိုင့်ကပ်လောက်သာ ဟင်းပြန်ပါတော့သည်..။
“ဒီမှာကြည့်အုံး ပြန်ပေးလိုက်တာ..ဆိုင်က ၀ယ်ထားတဲ့ ကြက်သားဟင်း...မစားချင်ပါဘူး..ပေးပေး ချိုင့်ပဲနယ်စားတော့မယ်..”
“အကုန်မစားနဲ့နော်..ငါ့ဖို့လည်း ချန်ထားအုံး..”
“မင်းတို့ ဒိလောက် ငါ့မိန်းမလက်ရာကို ဆွဲနေတာ ထမင်းဟင်းဆိုင် ဖွင့်ခိုင်းရင် ကောင်းမလားပဲ..”
“ဟာ..ကောင်းတာပေါ့.ထောက်ခံတယ်..ထောက်ခံတယ်...”
ထမင်းဝိုင်းက ၆ယောက်စလုံး လက်မထောင်ပြီးအားပေးကြတော့ အာကာတောင် စိတ်တွေ မြောက်ကြွကြွ ဖြစ်လာရသည်..။
“ကိုအာကာ့ မိန်းမ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်ကြီးကို တစ်ခါလောက် ရုံးခေါ်လာစမ်းပါဗျာ...”
“ဟုတ်တယ်...ဟုတ်တယ်...ဟင်းချက်လက်ရာ..ဒီလာက်ကောင်းတာ...လူဆိုရင်တော့ ဘယ်ပြောကောင်းမလည်း...ကိုအာကာ ကံကောင်းတယ်ဗျာ....”
ဟင်းချက်လက်ရာကောင်းတာတော့ လက်ခံပါတယ်...ဒါပေမဲ့....။
“ကိုအာကာ မိန်းမမှာ အမျိုးတွေဘာတွေများကျန်သေးလား..”
“ဘာဖြစ်လို့လည်း..”
“ဦးလှမင်း ကို စပ်ပေးလိုက်စမ်းပါဗျာ...ဟင်းမချက်တက်တဲ့ မိန်းမကို စိတ်နာလို့ဆိုပြီးသူ့ ခမျာလူပျိုကြီး ဖြစ်နေတာ ထိပ်တောင်ပြောင်လာပြီ...”
“ဟား..ဟား...”
“တကယ်ရှိ တကယ်ယူမှာနော်..အာကာ..”
“စိတ်မကောင်းစရာပဲ သူ့ညီမကလည်း အိမ်ထောင်ကျသွားပြီ...ဒါပေမဲ့ မပူပါနဲ့ သူ့အဖေ နောက်အိမ်ထောင်ပြုထားတယ်..ဦးလှမင်း နဲ့ ကျွန်တော် မယားညီအစ်ကို တော်ခွင့်ရမှာပါ..စောင့်နိုင်တယ်မလား..’
“ဟား..ဟား...မျှော်လင့်ချက်ရှိတယ်..ဦးလေး...ဟား..ဟား..”
ရုံးထဲမှာ တစ်နေ့တစ်နေ့ အာကာ ထမင်းချိုင့်ကသာ သတင်းဖြစ်နေတာ တစ်လကျော်ပြီလေ...။
အရင်အချိန် အကြောင်းပြန်တွေးမိရင် မမခင်ကို ကျေးဇူးတင်ရပါသည်..။
.
ခင်မေ မနက် မုန့်ဟင်းရည် ချက်ဖို့ စျေးထဲ ပတ်နေရသည်..။
ငါး တွေ့တဲ့ ဆိုင်တွေကလည်း အကောင်အကြီးအသေးမမျှလို့ တော်တော်လေးကို ရွေးကြည့်ရင်း တစ်ဆိုင်ရောက်မှ အဆင်ပြေတော့သည်..။
ပြန်ထွက်ခါနီး ငါးခူထုတ်ကို ချိန်ဆကြည့်ရင်း...
“ငါးခူလေး အစိတ်သားကလည်း နည်းလိုက်တာနော်...”
“အလေးခိုးတယ်ပြောချင်တာလား..”
“မဟုတ်ပါဘူး..မလောက်ရင် ထပ်၀ယ်ရမှာမို့လို့ပါ..”
“ဟွင်း စကားပြောတာကြည့်ပြောနော်..ငါးသည်ဆိုပြီး လာမကြောနဲ့..”
“မဟုတ်ပါဘူး..ခင်က ၀ယ်ဖို့..”
“ရုပ်နဲ့ စိတ်နဲ့ လိုက်ပါပေတယ်...ဒီလို လူမျိုး ချောလှဖြူဥနေရင် ဘယ်လောက်တောင် လူပါး၀မလည်းမသိဘူး.တွီ..မ၀ယ်နဲ့ မရောင်းဘူး..”
“အို..”
စျေး၀ယ်သူတွေ ကွက်ကြည့်ကြည့်ပြီး ရှောင်လွဲသွားသလို တစ်ချို့တွေကလည်း နှုတ်ခမ်းမဲ့ကြသည်..။
ခင်မေ ရှက်လွန်းလို့ ငါးစျေးတန်းဘက်က ခပ်သုတ်သုတ်ပြန်ထွက်လာရသည်..။
ဒါတွေကို ခင်မေ လုပ်ယူထားတာမှ မဟုတ်တာပဲ..အရေပြားရောဂါ ဖြစ်နေတာလည်း မဟုတ်သလို..မျက်နှာမှာ ဒဏ်ရာတည်နေတာလည်း မဟုတ်ပါဘူး..။
ရွာမှာဆိုရင် သူလိုကိုယ်လို အသားညိုရုံဆိုပေမဲ့ မြို့ရောက်မှ ခင့်မှာ လူ ထူးဆန်းလို.ဖြစ်ရသည်..။
ငါးရောင်းတဲ့ အမျိုးသမီးက အသက်ကြီးကြီး ချွေးတစ်လုံးလုံး နဲ့ လုပ်နေရတာ ကရုဏာဖြစ်မိလို့ မနက်ဖြန်အတွက် ဟင်းစာ ပါ ထပ်၀ယ်ဖို့ တွေးမိရင်း မပြောသင့်တာ ပြောမိသွားတာ ခင့်အပြစ်ပါပဲလေ...။
“ဒေါ်ဒေါ် စပါးလင် တစ်စည်း ဘယ်လောက်လည်း..”
“၂၀၀.”
စျေးကြီးလိုက်တာလို့ နှုတ်က မဝေဖန်မိတာတောင် စျေးရောင်းသူ မျက်လုံးတွေမှာ ခင့်ကို အထင်သေးတဲ့ အကြည့်ကို ခံစားမိပါသည်..။
ယောင်္ကျား ပိုက်ဆံကလည်း ကိုယ့်ပိုက်ဆံပါပဲ..မတန်တဆကြီးတော့ မ၀ယ်နိုင်ပါဘူး..။
ခင်မေ စျေးနောက်ဘက်ကို ပြန်ပတ်သွားလိုက်သည်..။
ခြေထောက်ညောင်းပေမဲ့ သူ ညနက်တဲ့အထိ အလုပ်လုပ်ပြီး ရှာထားရတဲ့ ပိုက်ဆံတွေဆိုတဲ့ အသိကြောင့် ခင်မေ လွယ်လွယ်မသုံးရက်ပါ...။
“ဒေါ်ဒေါ် စပါးလင် ဘယ်စျေးလည်း..”
“သုံးပင်တစ်ရာ”
“ဟုတ်ကဲ့  တစ်ရာဖိုးလောက်ပေးပါ..”
စပါးလင် ၀ယ်ပြီး လိုအပ်တာတွေ ထပ်၀ယ်ခါ စျေထဲက ထွက်လာတော့ညနေစောင်းနေပြီ..။
ဆယ်ကျော်သက်မိန်းကလေးတွေ ရုံး၀န်ထမ်းကောင်မလေးတွေ ခြေချင်းလိမ်နေတဲ့ ကားမှတ်တိုင်ကို ဖြတ်ကျော်လာချိန် ပိုလို့အားငယ်မိသည်..။
သူတို့များရွှေမှုံငွေမှုံစားပြီးမွေးလာသလား...ဖြူနု နေတဲ့အသားအရေ နဲ့အတူလိုက်ဖက်တဲ့ မျက်နှာလေးတွေနဲ့လေ...ကံကောင်းလိုက်ကြတာ...။
“ရုပ်နဲ့ စိတ်နဲ့ လိုက်ပါတယ်”တဲ့ ငါးသည်အဒေါ်ရဲ့ စကားသံကိုပြန်ကြားယောင်ရင်း ကောင်မလေးတစ်ချို့ကို ကြည့်ခါ ခင်မေ မျက်ရည်ဝဲလာရသည်..။
အခန်းသော့ဖွင့်၀င်လိုက်တာနဲ့ မထင်ထားပဲ သူက အိမ်ထဲရောက်နေပြီ..
ဒီနေ့ ပြန်လာတာစောလိုက်တာ...။
“ကိုမောင်မောင်အာကာပိုင်စိုး..”
“ဟင်..မမခင်..ဘယ်သွားနေတာလည်း...’
မျက်ရည်စိုလက်စ မျက်လုံးကို မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း စကားလုံးတွေတောင် ပျောက်ဆုံးကုန်ရသည်..။
“ကျွန်တော် က အိမ်မှာမတွေ့တော့ စိတ်ပူသွားတာ..”
အို..ခင်မေ နားကိုတောင် မယုံချင် ..သူက ခင့်အတွက် စိတ်ပူသည်တဲ့လေ...။
“နက်ဖြန် မုန့်ဟင်းခါးချက်ချင်လို့ စျေးသွား၀ယ်တာပါ..”
“သြော်...မမခင် ဖုန်းတစ်လုံး ယူထားပါလား..ကျွန်တော့်ဆီမှာလည်း ပိုနေတယ်..”
“ခင် မကိုင်တက်ဘူး...ပြီးတော့ ကြောက်တယ်...”
မကိုင်တက်ဘူးဆိုတာထက် ကြောက်တယ်ဆိုတာက တစ်မျိုးထင်သွားလိမ့်မည်လို့တွေးမိပြီး..
“ဖုန်းတွေ ထပေါက်တက်လို့ပါ..”
“ဟား..ဟား..မမခင်ကို ကျွန်တော်ပေးတဲ့ ဖုန်းက လုံး၀ ထမပေါက်ဘူး စိတ်ချ..”
သူပေးတဲ့ ဖုန်းက မပေါက်တက်ဘူးဆိုတော့လည်း ခင်မေ လက်ခံလိုက်ရတော့သည်....။
လက်ထဲမှာ ကြာကြာ မထားရဲလို့ စားပွဲပေါ်တင်လိုက်ပြီး..
“ဒါနဲ့ မနက်က ပွင့်ဖူး လာတော့ ခင် ထမင်းကျွေးလိုက်တယ်..”
“ကောင်းပါတယ်..ဒါနဲ့ မမခင်က ဘာလို့ ကျွန်တော့်ကို ဒါတွေ ပြန်ပြောနေတာလည်း..”
သူ့သိအောင်ပြောပြမိခါမှ ဘာလို့ပြောနေတာလည်း ဆိုတော့ကာ..
“သူ သိသင့်တယ်ထင်လို့ပါ..”
“ကျွန်တော်တို့တွေက သူစိမ်းမှ မဟုတ်တာ..ကျွန်တော်က ငွေရှာတယ် မမခင်ကိုပေးတယ်..မမခင်က ကုန်ကျငွေကို အစီအရင်ခံနေစရာမလိုပါဘူး..မမခင်က အိမ်ရှင်မပဲလေ..ပြီးတော့ ဘယ်သူထမင်းစားတယ် ဆိုတာမျိုးလည်း ခွင့်တောင်းစရာမလိုပါဘူး..ကျွန်တော် ဒီလောက် မစီးနှဲပါဘူးဗျာ..”
“အင်း..ခင် သိပါပြီ..”
“မမခင် ပြင်ဆင်ထားလိုက်အုံး..ကျွန်တော်ရေချိုးပြီးရင် အတူတူသွားစရာရှိတယ်..”
ခုံပေါ်က ထ ပြီး ထွက်သွားတဲ့ သူကတော့ ပေါ့ပေါ့ပြောသွားပေမဲ့..
ဘယ်ကိုသွားဖို့များလည်း..အတူတူသွားရမယ် ဆိုကတည်းက ခင်မေ စိတ်တွေလေးလံနေရပါပြီ...။
“ကျစ်..စျေးသွားတယ်ဆိုလည်း စာတွေဘာတွေ ရေးထားခဲ့ပါလား..လူက သပ်သပ် စိတ်ပူရတာ မသက်သာဘူး..”
အာကာ ရှပ်အကျီ င်္ လက်ကြယ်သီး နဲ့ လည်ပင်းကြယ်သီး ဖြုတ်ပြီးမှ ကုတင်ပေါ်ပစ်ထိုင်လိုက်ရသည်..။
အိမ်ပြန်ရောက်တော့ ဘဲလ်တီးတာ တော်တော်ကြာတဲ့ အထိ တံခါးပွင့်မလာတော့ စိုးရိမ်ရသည်..။
သော့ဖွင့်ပြီး အိမ်ထဲရောက်ပြန်တော့  ကြိုမဲ့သူ မရှိတဲ့ အိမ်က တစ်ခုခုလိုနေသလိုလို..
ကိုယ်တိုင် ရေသွားခပ်သောက်ရတော့ အထီးကျန်ဝေဒနာက အဖျားခတ်ကျီဆယ်သွားသေးသည်..။
ခုံမှာ ထိုင်ပြီး ဘာမှ မလုပ်နိုင်ပဲ ဘယ်သွားနေလည်း လျှောက်တွေးကြည့်ရင်း အကြောင်းအရာပေါင်း သောင်းခြောက်ထောင် လောက်ခေါင်းထဲ၀င်လာပြီးမှ အိမ်ရှေ့တံခါးက ပွင့်လာတော့သည်..။
ကျစ်...အချိန်တွေတော်တော်ကုန်သွားတာပဲ...။
“ဒီပုံစံ အဆင်ပြေပါ့မလား..”
အိမ်ရှေ့ခန်းမှာရပ်စောင့်နေရင်း သူထွက်လာတော့ မေးလိုက်မိတာ..သူက တစ်ချက် မျက်လုံးဝေ့ကြည့်ပြီး..
“ရပါတယ်..”
အေးလေ..မရလည်း ရတယ်ပဲ ပြောမှာပေါ့ ခင်မေတို့က ဘယ်လိုပြင်ပြင် ရုပ်ထွက်မှာ မဟုတ်ပါဘူး..။
သနပ်ခါးပဲကြား ဆို မသင့်တော်ဘူးထင်လို့ ပေါင်ဒါ ရိုက်လိုက်မိတာ..
အခုတော့ သနပ်ခါးပဲပြေးလိမ်းချင်လာသလိုလို...။
ကားမောင်းနေချိန် ပြောစရာစကားစလည်း ရှာမတွေ့တော့ အာကာ ဘာပြောရမှန်းမသိ...။
သူကလည်း ကားအပြင်ဘက်ကို ငေးနေတော့ အလိုက်တသိ နှုတ်ဆိတ်ခါ နေပေးလိုက်ဖို့ ကြိုးစားပေမဲ့ တစ်ခုခု ပြောနေချင်စိတ်ကြောင့်...။
“ရုံးကလူတွေက တောင်းဆိုနေပြီ..”
“ဘာတောင်းတာလည်း..”
“မမခင် ကို ဟင်းရောင်းခိုင်းပါလားတဲ့..”
“ဘာဖြစ်လို့လည်း..”
“မမခင် လက်ရာတွေကို မြည်းကြည့်ပြီး စွဲသွားကြလို့လေ..”
“သြော်...”
“ကျွန်တော့်ကိုတောင် မနာလို ဘူးတဲ့လေ..”
ကားမောင်းရင်း ရှေ့ကြည့်ခါ ပြုံးစစ ဖြင့် ပြောနေတဲ့ သူ့ကို ဘေးတိုက်အနေထားနဲ့ ငေးကြည့်မိပြီး..
“ကိုမောင်မောင်အာကာပိုင်စိုး..အခုရက်ပိုင်း ပိန်သွားသလိုပဲနော်..အလုပ်တွေ အဆင်ပြေရဲ့လား.”
“ပြေပါတယ်..ကျွန်တော်က ၀တာမကြိုက်တော့ တမင်ရှောင်နေရတာ..မမခင်ကြောင့် ပို သတိထားနေရတယ်..”
ခင့် ကို ဦးတည်ပြီးပြောလိုက်တော့ ဘာများအမှားလုပ်မိလည်း တွေးရင်း ခေါင်းပူရပြန်ပြီ...။
“မမခင် က အမျိုးမျိုး အဖွယ်ဖွယ် လုပ်ကျွေးနေတာကိုး..”
“ကိုမောင်မောင်အာကာပိုင်စိုးက ညစာစားတာနောက်ကျတာကိုး..ညစာစောစောစားရင် မ၀ပါဘူး..ခင်တို့ရွာမှာဆို တစ်နေ့ရှစ်နပ်စားတဲ့ ဘကြီးကျော်တောင် ပိန်ပိန်ပါပဲ..”
“တစ်နေ့ရှစ်နပ်....ဘယ်လိုတွေတောင်စားလည်း..”
“အဲဒါ မုန့်ပဲသရေစာ စားတာမဟုတ်ဘူး..ထမင်းဟင်း ကိုချည်း ရှစ်နပ်စားတာ..”
“အိုး..တော်တော်ကံကောင်းတာပဲနော်..”
“အဟွင်း..သူ့မိန်းမကတော့ ကံဆိုးတယ်လို့ပဲ ညည်းတယ်..”
“ဟား..ဟား...ဟုတ်တာပေါ့..သူ့ အတွက်ကတော့ ဘယ်လွယ်ပါ့မလည်း..မမခင်သာဆို ညည်းမယ် မထင်ဘူး..”
“မတက်နိုင်ရင်တော့ ညည်း မိမှာပါပဲ...ဒါထက် မနေ့က အဘ ဖုန်းဆက်တယ်...သူ့ကိုလည်းသာကြောင်းမာကြောင်း မေးသေးတယ်...”
“ကျွန်တော်လည်း ဖုန်းဆက်ဖို့ကိုမေ့နေတာ..အဖေတော့ စိတ်ဆိုးနေပြီလား မသိဘူး..”
“မဆိုးပါဘူး...သူ အလုပ်များနေလို့ ဆိုတာ သိပါတယ်..”
အာကာ စကားလုံး အသစ် “သူ”ဆိုတာကြောင့် ပြုံးလိုက်ရသည်...နောက်ဆုံးခေါ်ရတဲ့ သူလည်း ပါးညောင်းလာပုံပါပဲ...။
ကားထိုးရပ်လိုက်တာနဲ့ အရင်တစ်ခါလို ယောင်မနေပဲ ကားတံခါးဖွင့် ဆင်းတော့ အာကာ မျက်ခုံးပင့်မိသည်..။
တိုးတက်လာပြီပဲ...။
“မင်္ဂလာပါ sako စားသောက်ဆိုင်မှ ကြိုဆိုပါတယ်.”
“ဟုတ်ကဲ့ မင်္ဂလာပါရှင်..”
ဧည့်ကြို နဲ့ အပြန်အလှန်နှုတ်ဆက်နေသည့် မမခင်ကို နောက်မှာ ချန်ခဲ့လိုက်ပြီး ၀န်ထမ်းကို ကဒ်ပေးလိုက်တော့  စားပွဲ အလွတ်ကို လိုက်ပြပေးသည်..။
“မမခင် လာထိုင်..”
“အင်း ဆိုင်ကလည်း..ထူးလိုက်တာနော်..ဝါးအိမ်နဲ့ တူလိုက်တာ.ရန်ကုန်မှာ တောဆန်တဲ့ အိမ် လည်း ရှိတာပဲ.”
“ဟောဗျာ...ဒီပုံစံမျိုးဆောက်တာ တိုက်ထက် ပိုစျေးကြီးတယ် မမခင်ရဲ့..”
“ဟုတ်လား သိဘူးလေ..ရွာက ကိုရင်မိုးဦး အမေအိမ်နဲ့ တူသလိုပဲ...အပေါ်က ဝါးကပ်တွေက ပိုတူတယ်.”
အာကာ ကိုယ့်နဖူး  ကိုယ်ရိုက်ပစ်ချင်စိတ်ကို မနည်းထိန်းချူပ်ထားရသည်..။
ဒီလို ဝါးဒီဇိုင်း ဆွဲဖို့ သုံးညလောက် အိပ်ရေးပျက်ခဲ့သလို ပဲခူးဘက်က ရွာတွေ အထိ သွားခဲ့ပြီး အိုင်ဒီယာ ရှာခဲ့ရတာ..အခုတော့လည်း သူတို့ရွာက မုဆိုးမ အမယ်အိုကြီး အိမ်လောက်တောင် မသားနားတော့ပါလား..။
“ကိုမောင်မောင်အာကာပိုင်စိုး...”
“ဟင်..”
“လူတွေက ဘာလို့ ခင့်တို့ကိုကြည့်နေတာလည်း တစ်ခုခုဖြစ်လို့လား မသိဘူး..”
အာကာ လှည့်ကြည့်လိုက်တော့  မှ နောက်ဝိုင်းက လူတစ်ချို့ မချိုမချဉ်မျက်နှာထားနဲ့ ပြန်ကြည့်နေသည်..။
“ဟာ..”
အာကာတို့တော့ သွားပါပြီ....ရည်းစားဟောင်းက သူ မိသားစုနဲ့ ထိုင်နေတာ..အခုလို မလိုက်ဖက်တဲ့ အဆက်ဟောင်း အတွဲကိုတွေ့ရတာ သူတို့ အတွက် နိုင်ကွက်နဲ့ ဟားစရာတစ်ခုဖြစ်နေတာပေါ့...။
လူမဆန်တက်တဲ့  မိန်းကလေးမျိုးသာဆို “ရှင် အတည်တကျဖြစ်ရင် ဘယ်အချိန် ကောက်ယူယူ ရတယ်ဆိုတာ ဒါမျိုးလား “လို့ ခနဲ့ပြီး လာမေးမှာပါ...။
“အကို...အကို တို့ အတွဲကို ဓာတ်ပုံရိုက်ချင်လို့ရမလား.”
“မလုပ်ပါနဲ့ ကို ပိုက်ဆံရှင်းမှာပါ ကဒ်မသုံးတော့ဘူး..”
“ဟာ..မဟုတ်ပါဘူး..ကျွန်တော် အားကျလို့ပါ အချစ်မှာ မျက်စိမပါဘူးဆိုတဲ့ စကားကိုသက်သေထူထားသလိုပဲ....
ကျွန်တော့်ကောင်မလေးကိုပြန်ပြချင်လို့..
ခွင့်မပြုရင် မရိုက်ပါဘူး အကို ဆောဒီးနော်..”
ခင်မေလည်း ဘာတွေပြောသွားမှန်းမသိလို့ကြောင်စီစီ လိုက်ငေးနေမိသည်..။
“အချစ်မှာ ဘာလို့မျက်စိမပါတာလည်း..ဘာတွေပြောသွားမှန်းကို မသိဘူး..”
“သုံးဆောင်လို့ရပါပြီ..ဘာများအလိုရှိပါသေးလည်း ခင်ဗျာ..”
“ရပါပြီ..”
ခင်မေ့ရှေ့မှာ ရောက်လာတဲ့ ကိတ်အလိပ်လို စားစရာတွေကို နားမလည်စွှာ ကြည့်နေမိသည်..။
“ဘာတွေလည်းဟင်..”
“ဂျပန်ဆူရှီလေ..ဒီဘက်က ပုဇွန်ကြော်ထမင်းလိပ်..”
“ထမင်းကိုလိပ်ထားတာလား..”
“အင်း..အဲလိုမျိုး...”
နောက်ဝိုင်းက ရယ်သံသဲ့သဲ့က ကိုယ့်ကိုလှောင်ရယ်နေသလိုမျိုး အာကာ နောက်ကျောမလုံဖြစ်ရသည်..။
“စားလေ..”
“လက်နဲ့လား..”
“ဟာ...မဟုတ်ဘူး..တူပါတယ်လေ..တူနဲ့စား..”
“ဟမ်..”
ခပ်ကြိတ်ကြိတ် သတိပေးသံ အဆုံး ခင်မေလိုက်ကြည့်တာတူနဲ့တူတာ တစ်ခုမှလည်း မတွေ့မိပါဘူး..။
သူ့ကို ပြန်ကြည့်လိုက်တော့ ပန်းကန်ဘေးမှာ ချပေးထားတဲ့ တုတ်နှစ်ချောင်းကို ယူပြီး ပန်းကန်ထဲက မုန့်ကို ကောက်စားလိုက်သည်..။
ခင်လည်း မလုပ်တက်ပေမဲ့ သူကိုင်သလို ကိုင်ပြီး ကောက်စားဖို့ကြိုးစားပေမဲ့ အရာမထင်..။
“ဒီလို ကိုင်တာပဲ..ကောက်လည်းမရဘူး..”
အမေး နဲ့ အတူ တူ နှစ်ချောင်းကို လက်မနဲ့ လက်ညိုးကြားမှာ ဆုပ်ကိုင်လိုက် လွှတ်ထွက်လိုက်ဖြစ်နေတာသိပေမဲ့ အာကာ ရှက်လို့ သင်ပြပေးချင်စ်ိတ်လည်းမရှိပါ.။
ဖြစ်နိုင်ရင် ဒီနေရာက လူမသိအောင် မြေလျှိုးပြီးပျောက်သွားချင်သည်..။
“ဒီလို...ကျစ် ခက်လိုက်တာ..လက်နဲ့ကောက်စားရင် ကုန်နေလောက်ပါပြီ..”
ခင်မေ သူများတွေ စားနေတာ တစ်ချက်ဝေ့ကြည့်လိုက်တော့ တစ်ယောက်မှလည်း လက်နဲ့မစားကြပါ..။
“ဒီလို...ကလောင်...ဂျောင်..”
လက်ထဲက တုတ်နှစ်ချောင်းပြုတ်ကျသွားသံကြောင့် တစ်ခြားသူတွေပါ အာရုံစိုက်လာသည်..။
ခင်မေ အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး စိတ်ထဲ မလုံမလဲဖြစ်ခါ ပြုတ်ကျသွားတဲ့ ထိုအရာကို လိုက်ကောက်နေချိန်...
“အစ်မ မကောက်နဲ့..ဒီမှာ အသစ်ယူပါ..”
“သြေ်ာ..ကျေးဇူးတင်ပါတယ်..မောင်လေး..”
“ဟင်..”
ခင်မေတွေ့လိုက်တာ ခုံက ထပြီးထွက်သွားတဲ့ သူ့ရဲ့ ကျောပြင်....သူရှက်သွားတာပဲ..
ဘေးခုံက လူတွေကလည်း ပြုံးစေ့စေ့နဲ့ ခင့်ကိုကြည့်နေသလို နောက်ခုံက ကောင်မလေးတွေ ဆီ ကလည်း ရယ်သံလွင့်လွင့် ထွက်လာသည်..။
ခင့်ကိုလှောင်နေတာလား..ခင် ဘာလုပ်မိလို့လည်း...။
ပိုက်ဆံမပေးပဲ ထွက်သွားတာလား...ခင့်မှာလည်း ပိုက်ဆံမပါလာတော့ ထထွက်သွားပြီးခါမှ ပိုက်ဆံလိုက်တောင်းခံရရင် တစ်ရှက်က နှစ်ရှက်ဖြစ်အုံးမည်..။
ခုံမှာ ပြန်၀င်ထိုင်ရင်း သူ ပြန်၀င်လာမဲ့ အချိန်ကို မျှော်လင့်တကြီး စောင့်နေမိသည်..။
နောက်ဝိုင်းက ကောင်မလေးတွေ စားပြီးပြန်သွားကြပြီ သူပြန်၀င်မလာသေး..။
ခင်မေ ဆိုင်ထဲမှာ တစ်ယောက်တည်း အကြာကြီးထိုင်နေရသူမို့ ဆိုင်ရှင်ကိုလည်း အားနာနေပြီ...။
တစ်ဝိုင်းဆီ ထပြန်သွားတာ.လူတွေလည်း ကုန်လုနေပြီ ခင်ကတော့ ပြန်လို့မရသေး...။
ရှက်ရွံ အားငယ်စိတ်နဲ့ အတူ ငိုချင်လာသည်..။
တကယ်ဆို မသိတဲ့ အခြေအနေ ပတ်၀န်းကျင် တစ်ခုမှာတော့ အခုလို ပစ်ထားခဲ့ဖို့မကောင်းပါဘူး...။
သူနဲ့ အပြင်သွားတိုင်း ခင်က သူ့ အတွက် အရှက်တကွဲဖြစ်စေမိတာ တမင်ရည်ရွယ် လုပ်ခဲ့တာမှ မဟုတ်တာပဲ..။
ဆိုင်မှာ ချိတ်ထားသည့် ဝါးဆစ်နာရီလေးက ခင်ထိုင်နေတာ ၁နာရီကျော်နေပြီ ဆိုတဲ့ အကြောင်း အချက်ပေးရင်း ဧည့်သည်နှင်နေပြီလေ..။
ခင် စိတ်ကိုတင်းရင်း ဘေးခုံတွေကို သန့်ရှင်းလုပ်နေတဲ့ ကောင်လေးကို ကြည့်ခါ...
“မောင်လေး..ပိုက်ဆံ ဘယ်လိုပေး..”
“ရှင်းပြီးသားပါ အစ်မ..”
“ဟင်..သြော်..မသိလို့ အကြာကြီး ထိုင်နေမိတာ..စိတ်မရှိနဲ့နော်..”
“ဟုတ်ကဲ့..ရပါတယ်..”
ခင် ဆိုင်ကထွက်လာချိန် ခြေလှမ်းတွေက သိပ်တောင် မခိုင်ချင်..ပိုက်ဆံရှင်းတဲ့မိန်းကလေး နှစ်ယောက်ရဲ့ ခိုးခိုးခစ်ခစ် လှောင်ရယ်သံကြောင့် လူက ခွေကျချင်လာသည်..။
ဆိုင်ပြင်ရောက်ပြီး သူ့ကားနေရာကို ကြည့်ပေမဲ့ တခြားကားတစ်စီးကိုသာ တွေ့ရသည်..။
တကယ်ထားပြီး ပြန်သွားတာပဲ...သူ မမှားပါဘူးလေ..နောက်တစ်ခါဆို မတန်တဲ့ နေရာကို မသွားတော့ပါဘူးလို့ ဆုံးဖြတ်ရင်း လမ်းမပေါ်လက်ထုတ်ပြီး ကားငှားလိုက်ရသည်..။

:・゚✧ *:・゚✧ *:・゚✧ *:・゚✧:・゚✧ *:・
မမခင်ဖန်လေးတွေ ပေါက်ကွဲ တော့မယ် 🙈

အရေးအသားမကောင်းပေမဲ့ ရေးမိနေတုန်း

သည်းခံ ဖတ်ပေးခဲ့တဲ့ စာဖတ်သူ အားလုံးကို

ကျေးဇူးအထူးတင်ပါတယ် နော် ❤

Love u all
#စပိုက်ကာ

ပန်းကြိုးနွယ် Where stories live. Discover now