Part 10

3.8K 179 2
                                    

နန်းထိုက်ပန်းမို့
အပိုင်း (၁၀)
#နန်းထိုက်ပန်းမို့

“ဟယ်...တကယ်လား..”
“အွင်း..”
“အခုတလော ပျောက်နေပါတယ်လို့ သူ က ကြံနေတာပဲ..”
“ဟိ..”
“နေပါအုံး မုန်းတယ်ဆိုတဲ့သူကို..”
“အချစ်နဲ့ စစ်မှာ မတရားတာ မရှိပါဘူး ..”
“အံမယ်..”
“ဒါကြောင့် မနက်စောစော နိုးနေတာမလား..”
“ဟိ...မအိပ်ရသေးဘူး..”
“ဟယ်...”
“အိပ်မပျော်ဘူး..ပျော်ချည်းပဲနေတယ်..”
“အရူးမ..”
“အချစ်ရူးမလေးပါ..”
“ဟုတ်ပါတယ်...ဒါတွေ နင် ကျွေးမှာဆို ငါ့တို့ ဆွဲပြီ...”
“အင်း..”
မို့  ဘလက်ခ်ကော်ဖီ သောက်ရင်း ချိုမြိန်မှုကို ခံစားနေရသည်..။
သူ ဘာတွေ လုပ်နေမလည်း...မြကြာဖြူကို သူပြောပြတာ..မနက် ၅နာရီထပြီး ကားထွက်ရတယ်တဲ့လေ..
တစ်နေ့ကုန်မအားလို့ ဖုန်းလည်း မကိုင်အားဘူး...
ဒါပေမဲ့ ..
ခုတော့ ကားမောင်းရင်း မို့ ကို သတိရမလား...။
“ဟိတ်..ဘာတွေပြုံး..”
“ဟိ...လွမ်းလို့ပါ..”
“ဖြစ်ရလေ...မို့ရယ်..”
“မရတော့ဘူး..ရင့်သွားပြီး...ဒါနဲ့ စိတ်ကလေး ချမ်းသာနေတုန်း ရီလေးကို ၂၀လောက် ခဏချေးပါလား..”
“ဟင်...ဘာမှလည်းဆိုင်ဘူး..”
“လုပ်ပါမို့ရယ်..ဆိုင်လေးဖွင့်ချင်လို့ စုထားတဲ့ ပိုက်ဆံ နိုင်ကြီးမသွားလို့လျော့ကုန်ပြီ..”
“ရီလေးကလည်း သိပ်ယုံတာကိုး..မိန်းမဆီက မက်တက်တဲ့သူဆို မို့ သိပ်မုန်းတာပဲ..”
“သူများလူကို မပြောပါနဲ့ ၀ဋ်လည်အုံးမယ်...ယူ့ ကောင်က ပိုမွဲတော့ ပိုမက်မှာနော်...ဒါကြောင့် လည်း အပိုင်ချူပ်နေတာ..”
“ရီလေးနော်..”
‘မပေးလည်းနေတော့...”
“ပေးပါ့မယ်...ဘဏ်ကို အရင်သွားမယ်..”
“အိုကေ...အာ့ကြောင့်ချစ်တာ..”
ရီလေးက မို့ လည်ပင်းကို သိုင်းဖက်ပြီး ပါးကို နမ်းတော့ မို့ သူ့ကို မြင်ယောင်ပြီး ပြုံးမိလိုက်သည်..။
.
“အဲဒါ ဘာဖြစ်နေတာလည်း..”
“ဗျာ..”
“ကြောင်တောင်တောင်နဲ့..”
ဆန်နီ ဖုန်းကို ကြည့်နေတာ အမေ့အသံကြောင့် လန့်သွားရသည်..။
“ငါလည်း ကြည့်နေတာ အမဲရောင်ပဲတွေ့တယ်..ကိုကျော်ဖေ ရှင်သားဖုန်းကို ကြည့်စမ်း ဘာတွေ့လည်း..”
“အမေကလည်းဗျာ...”
မို့ ဆီ စကားပြောချင်ပေမဲ့ အင်တာနက် ဖွင့်ဖို့ တွန့်ဆုတ်နေသည်...။
ချစ်တာတစ်ခုတည်းနဲ့ မစဉ်းစားပဲ လုပ်မိပြီလား..
မို့ စီးတဲ့ ကားနဲ့ ဆန်နီ မောင်းတဲ့ ကားတောင် မိုး နဲ့မြေလို ကွာခြားနေတာ...။
ယောင်္ကျားလေးဆိုတာ ချစ်ရသူ အားကိုးလောက်တဲ့ အရည်အချင်းရှိရမယ်ဆိုတဲ့ ကိုယ့်ခံယူချက်က ဦးနှောက်ကို သတိပေးနေပြန်ပြီ...။
အမေ့ကို ကြည့်တော့ အိမ်ရှေ့ ခန်း ခုံတွေဘေးမှာ အိပ်ယာခင်းပြီး လှဲနေပြီ...။
“အဖေ..”
“ဟမ်...”
“ဘယ်သူနဲ့ သဘောတူလည်း..”
“ဂျွန်မီ နဲ့ပေါ့ဟ...ဟိုကောင်နဲ့ ငြားရင် ဒီကောင်မ ဂင်ချီနဲ့ နှစ်ပါးသွားရမှာလေ..”
ဆန်နီ ရင်ထဲ  လှိုက်ဟာသွားရသည်...မို့ ဆိုရင်ရော..
“အမေ အိပ်ပလား..”
“ဟအေး..”
အမေ့ဘေးမှာ ၀င်လှဲအိပ်ပြီး ဗိုက်ထဲ ခေါင်းထိုးထည့်လိုက်တော့..
“ဘာဖြစ်လို့လည်း..”
“မဖြစ်ပါဘူး..”
“ဖြစ်ပါတယ်...ပြောစမ်း..”
အမေက ဆန်နီ ဆံပင်ကို ဆွဲယူမော့ပြီး မေးတော့ မျက်လုံးချင်းလည်း မဆိုင်ရဲ...ပြောပြဖို့လည်း တွန့်ဆုတ်ရသည်...။
“အမေ.....ကျွန်တော် မှားပြီလား.”
“နင်က အမြဲ မှားပြီးမှ တွေးတာလေ...”
“ဟုတ်ပါတယ်...ဘာလို့ အရင်မတွေးမိတာလည်း မသိဘူး.”
“အခု ဘာတွေ လုပ်ခဲ့လို့လည်း..”
“ကျွန်တော် ကောင်မလေး တစ်ယောက်ကို ဖွင့်ပြောလိုက်မိပြီ..”
“ဟမ်..ဘာပြောတာလည်း.”
“ချစ်တယ်လို့..”
“ဟား..ဟား...ပါးမရိုက်ဘူးလား..”
“အမေကလည်း အထင်သေးလိုက်တာ...မရိုက်ပါဘူး..သူ့ဆီက အဖြေတောင်ရပြီ...မှားပြီလားလို့တွေးမိရင် ရုးချင်နေပြီ...”
“မပြောခင်က စဉ်းစားပေါ့ဟဲ့...”
“ကျွန်တော် အများကြီးစဉ်းစားပါတယ်...အချိန်တွေအကြာကြီး ထိန်းချူပ်မြိုသိပ်ခဲ့တာ...မနေနိုင်တဲ့ အဆုံးဖွင့်ပြောလိုက်မိပြီ...အမေရာ...”
“အထူးအဆန်းဟယ်...ယောင်္ကျားလေးက မိန်းကလေး တစ်ယောက်ကို ကြိုက်မိတာ ဘာတွေ လွဲလို့ နင်ကကြောက်နေတာလည်း..”
“ဟုတ်ပါတယ်...ဒါပေမဲ့...ဒါပေမဲ့.လေ....”
“မဟုတ်မှ နင်တို့လွန်ကျူး...”
“အား...မဟုတ်ပါဘူး..”အမေက လက်မောင်းကို လိမ်ဆွဲပြီး မေးတော့ ဆန်နီ မျက်နှာရှုံ့မဲ့ ပြီး အော်နေရသည်..။
“ဒါဆို ဘာဖြစ်လို့လည်း...”
“သူက ရွှေဘုံစံ...”
“ဟင်..”
အမေက ဆန်နီ မျက်နှာကို အကဲခပ်ရင်း ငြိမ်ကျသွားတော့ ဆန်နီ စိတ်မောလာရသည်..။
“နင့် အဖေလို မလုပ်ချင်နဲ့နော်...”
“အမေ အဲလို မပြောပါနဲ့ ကျွန်တော် ကြောက်လို့ပါ...”
အမေက ခေါင်းကို မနာအောင် ခပ်ဖွဖွ ခေါက်ပြီး..
“နင် မစဉ်းစားဘူးလား...ပြောပြီးမှ ပြင်လို့ မရတော့ဘူး...တာ၀န်ယူရဲရမယ်...ရင်ဆိုင်ရဲရမယ်....နင့်ကိုက သွားကြိုက်တာလေ...ကောင်မလေးကိုလည်း မလိမ်နဲ့ နင့်ဘ၀အကြောင်း သူသိအောင်သေချာပြောပြ...သူလက်မခံရင် အသည်းကွဲ သေပါစေ..လမ်းခွဲပေးလိုက်..နင် အဖေလိုတော့ မရှိတာ ငှားရမ်း လိမ်ညာပြီး လူလုံးမပြနဲ့ ငါ ကိုယ်တိုင်သတ်မှာ...”
“ဟား..ဟား..အဖေက လိမ်ပြီး ပိုးပန်းခဲ့တာလား...”
“ဟုတ်လား..အဖေ...”
“ဟေ..”
ခြင်ထောင်ထဲက လှမ်းအော်တော့ အဖေက ခုံပေါ်မှာ တီဗီကြည့်ရင်း ပြန်အော်သည်..။
“အဖေ အမေ့ဆီ လူပျိုလှည့်တော့ ဘာတွေလိမ်ပြီး ရှိုးပြခဲ့တာလည်း..”
“ဟား..ဟား..အကုန်ပါပဲကွာ...မာစီတီးတောင် ငှားခဲ့တာ..မင်းအမေဆိုပစ်ကြွေ...”
“ငါ ဘာကြွေလို့လည်း..ဒါတွေကို ငါက မက်လို့လား...ငါ့ကို လိမ်တာကို ခံပြင်းတာ ဒေါသထွက်တာ...ကိုကျော်ဖေ စကားပြောတာကြည့်ပြောနော်..”
“မကြည့်ပါဘူးကွာ..ကိုရီးယားမလေးတွေကြည့်ရတာ စိတ်ချမ်းသာတယ်..”
“ဟား..ဟား...”
“ကိုကျော်ဖေ...”
“ဟေ့..ပြောလေ မိန်းမ...”
“တော်ပြီ...စကားပြောသမျှ အဆင်မပြေဘူး..”
“အံမယ်..အံမယ်...ခုမှပါ...အရင်က ကျော်ဟိန်းကေ နဲ့ ကိုကျော်ဖေကို အရမ်းချစ်ပါတယ်ပြောတာ ဘယ်သူလည်း..”
“အိုး..ရှင် ကလေးရှေ့မှာ...’
“ဟား..ဟား...ပေါ်ကုန်ပြီ...”
“ကျန်ပါသေးရဲ့ဗျာ...ငါ့သားတွေကို ပြောပြရအုံးမယ်..”
“ဟား..ဟား..ပြောလေ..”
“ခွေးကောင် နင်လည်း တက်အိပ်တော့ အမေကို ပြောင်သလို ချော်သလို လာလုပ်နေတယ်...”
“အား..သွားပြီ...”
နားရွက်ကို လိမ်ပြီး ဆွဲထူတော့ ဆန်နီ မြှောက်ကြွလာရပြီး ခြင်ထောင် အပြင် ပြေးထွက်လာရသည်..။
အိပ်ယာပေါ်လှဲရင်း လက်ထဲက ငှက်တောင်မွှေး အဖြူရောင်လေးကို မြှောက်ငေးခါ စဉ်းစားခန်း ၀င်နေတာ တော်တော်ကြာပါပြီ...။
သူမ အသားအရေကို ငှက်တောင်လေးလို နူးညံ့လွန်းနေတာ ရေနစ်ထားလို့ထင်ခဲ့မိတာ..
တကယ်တော့ သူ့ ပင်ကိုယ် အသားအရေက နူးညံ့တာ ဆိုတာ သိခဲ့ရသည်...။
“အမဲလိုက်အက...ခွန်အားရှိမှ...”
ဖုန်းသံထွက်လာတော့ ဘေးမှာကပ်ချထားတဲ့ ဖုန်းကို ကောက်ကိုင်လိုက်သည်..။
“ဟလို..”
မသိတဲ့ ဖုန်းနံပါတ် အသစ်မို့ ကားငှားတာလားတွေးရင်း တစ်ဖက်က အဖြေကို စောင့်နေမိသည်..။
“ဟလို...”
တစ်ဖက်က စကားပြန်မလာလို့ ဖုန်းချဖို့ လက်ရွယ်ပြီး မှ တစ်ခုကို သတိရခါ ပြုံးလိုက်မိပြီး..
“နန်းနွယ်လား...ပြောလေ...နွယ်ရဲ့..”
“ဟင်...”
“ဟုတ်ဘူးလား...ဘယ်သူလည်း..”
“ကိုကို့ မှာ ရည်းစား ဘယ်နှစ်ယောက်လည်း..”
အသံစူးစူးလေးနဲ့ ရန်တွေ့လာတော့ ဆန်နီ ရယ်လိုက်ပြီး..
“အခုပြောနေတာ ဘယ်သူလည်း..”
“မို့...”
“သြော်..မို့ကိုး...ပြောလေ....မို့...”
“အဟင့်....ပြောတော့ဘူး..တော်ပြီ...”
“ဟေး...ဖုန်းချတာနဲ့ အပြတ်နော်...”
“ဟင်...”
တစ်ဖက်က အသံတိတ်သွားတော့ ဆန်နီ ပြုံးလိုက်ပြီး...
“ကိုကို က စလိုက်တာပါ...မို့ဖုန်းနံပါတ်ကို မသိဘူး..ဒါပေမဲ့ ခုချိန် ဖုန်းဆက်မှာ မို့ ပဲ ဆိုတာ တန်းသိတယ်..”
“ဘာလို့..”
“အလုပ်ကိစ္စ မဟုတ်ရင် ဖုန်းပြောခွင့် ရှိတာ မို့ တစ်ယောက်တည်းမို့လို့ပေါ့...”
“ဟိ...တကယ်လား..”
“အင်း..”
“ညက အိပ်ပျော်လား..”
“ပျော်တာပေါ့ တစ်ရေးပဲ..”
“မို့ကတော့ အိပ်ပျော်ဘူး..”
“ဟုတ်လား..ဆေးသောက်အိပ်လေ...”
“အား..ကိုကိုကလည်း..စကားကောင်း မပြောဘူး..”
“ဟောဗျာ...”
“မို့ က ကိုကို့ ကို လွမ်းလို့ အိပ်မပျော်တာ...”
ဆန်နီ အသည်းယားလွန်းလို့ အနားမှာသာ ရှိရင် ဘာတွေ လုပ်မိမလည်းမသိ...။
“ကိုကို ရော မလွမ်းဘူးလား..”
“အင်း...မောတာ..”
“ဘာလို့လည်း..အလုပ်တွေများလို့လား..”
ဆန်နီ ဖုန်းချလိ်ုက်ပြီး အရင် ပြောလက်စ မြကြာဖြူ အကောင့် ကို ဘလော့ဖြုတ်ခါ ဗီဒီယိုကော ခေါ်လိုက်သည်..။
“ဟ..ဘာကြီးတုန်း..”
“skincare လုပ်နေတာလေ...စားမလား..”
သခွါးသီးတွေ ခရမ်းချဉ်သီးတွေ မျက်နှာပေါ် စီကပ်ထားတာ ဘာဂါ ဖြူဖြူ တစ်လုံးကို မြင်ယောင်မိရသည်...။
“ကိုကို က အိပ်နေတာလား..”
“အင်း...နေအုံး...ဒါ ကိုကို အခန်းတွေ့လား..”
ဆန်နီ ထပြီး ကင်မရာလှည့်ပြလိုက်တော့
“ဟို တစ်ခါ တွေ့ဖူးတယ်လေ...”
“ကြည့်ပါအုံး...ကိုကို က ငမွဲနော်...တစ်ခန်းလုံး ဘာမှ မရှိဘူး..တွေ့တယ်ဟုတ်...”
“ကင်မရာ ပြန်လှည့်ပါ ကိုကိုရဲ့...”
“နေပါအုံး ဘီဒို ကို ပြရအုံးမယ်..”
“ဟာ..ကိုကို...”
အသံ ဆူအောင့်အောင့်လေး ထွက်လာတော့ ဆန်နီ ရယ်ချင်စိတ်ကို မြိုသိပ်ခါ
“ဘာဖြစ်လို့လည်း..”
“မို့က ကိုကို ကိုပဲ ကြည့်ချင်တာ...”
“ဟော...”
“လှည့်လိုက်လေ...”
“ရှက်သွားပြီ...မကြည့်နဲ့တော့...”
“အား....ကိုကို...မညစ်နဲ့...မို့ ငိုချင်လာပြီ...”
“ဟား..ဟား..ငိုတော့ မငိုပါနဲ့ကွာ...လှည့်ပြီ...”
“ဒါဘာကြီးလည်း..”
“၀က်..:”
“ကောင်းကောင်းနေပါ..”
“ကိုကို့ ကို ကြည့်ချင်လို့ဆို..”
နှုတ်ခမ်းကိုက်ပြီး စူးစူးဆိုက်ဆိုက်လေးကြည့်လိုက်တော့ ဆန်နီ ပြုံးရင်း နှာခေါင်းပေါ်က လက်ကို ချလိုက်ရသည်..။
“ကိုကို က ဘယ်အချိန်ကြည့်ကြည့် ချောနေတယ်..”
“ဟုတ်လား...”
“ဟုတ်တယ်....”
“မို့ကတော့  ဘယ်အချိန် ကြည့်ကြည့် ပြောင်းနေတာပဲ...”
“ဘာလည်း...”
“လူကို ပုံစံအမျိုးမျိုးနဲ့ ရင်ခုန်အောင် ပြုစားနေတယ်လေ...”
“ဟိ....”
“အိပ်တော့နော်....ဒါပဲ...”
“ခဏလေးရယ်...”
“ကိုကို မနက်စောကြီး ထရအုံးမယ်လေ...”
“အင်း..ဒါပဲ...ဒါပဲ....”
မို့ ခေါင်းညိတ်ပြီး စက္ကန့်ပိုင်း အတွင်း ဖုန်းချသွားတော့ ရင်ထဲ နွမ်းသွားရသည်..။
ချစ်ပါတယ်လည်း မပြောဘူး...ဂွဒ်နိုက်လည်း ပြောဘူး..။
.
မို့ ရင်တွေခုန်နေပေမဲ့ မဆင်းလို့လည်း မဖြစ်ပါ...
ကိုကိုချစ်တယ်ပြောပြီး ကတည်းက အပြင်မှာ မတွေ့ရတော့တာ အခုဆို ၁လကျော်နေပြီ...။
ညတိုင်း ဗီဒီယို ကောနဲ့ ဖုန်းပြောနေပေမဲ့ မို့ မှာ လွမ်းမပြေ ပိုလို့သာတွေ့ချင်နေရသည်..။
ကိုကို့ ကို အပြင်မှာတွေ့ဖို့ ပြောတိုင်း အလုပ်မအားဘူးဆိုတာချည်း...။
အခုတော့ မနေနိုင်သူမို့ အရဲစွန့်ပြီးလာခဲ့ရတာ အိမ်ရှေ့ကျော်မှာ ကားရပ်ပြီး အခြေအနေကို ကြည့်နေတာ ၁၅မိနစ်ကျော်လာပြီ...
ကိုကို့ ကို မတွေ့ရပေမဲ့ အမေလို့ ထင်ရသူက အိမ်ပြင်အ၀တ်တန်းမှာ အ၀တ်လှန်းနေသည်..။
မို့ ကတုန်ကယင်ဖြစ်နေတဲ့ စိတ်တွေကို တင်းခါ ကားတံခါးဖွင့်ပြီး ဆင်းသွားလိုက်သည်..။
ခြံတံခါး၀နားမှာ ရပ်နေပေမဲ့ ဘယ်သူမှ စိတ်၀င်တစားမရှိလို့...။
“ဟို...”
“အဟမ်း...အဟမ်း...”
“ဟင်...ဘယ်သူလည်း..”
လေသံခပ်မာမာကြောင့် မို့ ရင်တုန်သွားပြီး ကြောက်စိတ်ကြောင့် ပြန်လှည့်ပြေးချင်လာသည်..။
“ဟို..ဟို...ကိုကို....အဲ..ကိုဆန်နီလေ...ရှိသလားပါရှင်..”
အို ဂရုတစိုက်ပြောခါမှ လျှာခလုတ်တိုက်ရပြီး အလွဲလွဲ အချော်ချော်တွေဖြစ်ကုန်တော့ အန်တီ ကြီး က ရယ်ပြီး..ပြန်တည်ခါ...။
“ဆန်နီ မရှိဘူး.ကလေးမ...၀င်လာလေ...”
“ဟုတ်ကဲ့...”
မို့ ခြံလေးထဲ ပထမအကြိမ် အဖြစ်၀င်ခဲ့ရလို့ အားလုံး အထူးအဆန်းလို လိုက်ကြည့်မိသည်..။
အိမ်ရှေ့မှာ မီးဖိုချောင်ဆောက်ထားတာ ဘယ်လို အိုင်ဒီယာ ဘာလိမ့်..။
သြော်...ထမင်းဟင်းရောင်းတာမျာလား မသိဘူး...။
“အိမ်ထဲ၀င်ပါ...”
“ရပါတယ်..”
အရင်တစ်ခါ မြတ် ခုံဆွဲ ယူ ပြီး ထိုင်တာ သတိရမိတော့ ခြံတောင့်က ခုံလေး သွားယူပြီး ထိုင်ချလိုက်တာ..
“ကျွတ်...ဘုတ်....အ...”
“ဟယ်....ဒုက္ခပါပဲ..”
“ထထ..ဘယ်နာသွားလည်း..”
“ရပါတယ်...”
မို့ အကျီ င်္ အဖြူလေးမှာ မြေနီတွေ အကွက်လိုက်ပေကျံ့ ကုန်ပေမဲ့ ရှက်တာနဲ့ နာတာပေါင်းပြီး ခေါင်းသာတွင်တွင်ရမ်းမိသည်..။
“လာပါ အိမ်ထဲ၀င်..”
လူကြီး တစ်ယောက်ခေါ်နေလို့ သံဇကာကွက် တံခါးဆီ မို့လည်း လျှောက်သွားရသည်..။
“ထိုင်..”
တီဗွီရှေ့မှာ အခွေအထပ်လိုက်နဲ့ အတူ ဆေးလိပ်ပြာခွက်နဲ့ မီးခြစ်ချထားသည်..။
သစ်သားခုံ သုံးခုံသာ ရှိပြီး အလယ်ခုံမှာ စာအုပ်တွေ အထပ်လိုက်နဲ့ ပြည့်နေလို့ စားပွဲက တစ်ခုခု တင်ဖို့ ချထားတာလား စာအုပ်တင်တာလား ဝေခွဲမရဖြစ်ရသည်..။
“နာသွားမှာပေါ့..”
“ရပါတယ်..မေမေ...အဲ...အန်တီ...”
“ဒီခုံကလည်း..ပစ်ဖို့ကြာပြီ...ကျိုးနေလို့ ခြံထောင့်ပို့ထားတာ..”
“မို့ မသိပဲ ယူလိုက်မိတာ..”
“နာမည်က မို့လား..”
“မို့မို့ဖြူ ပါရှင်..”
“နာမည်နဲ့ လူနဲ့ လိုက်တယ်...”
“ကိုကိုရောဟင်..”
မေးပြီးခါမှ ပြောင်းခေါ်ဖို့ သတိရပေမဲ့ နှုတ်ကျွံသွားပြီမို့ မို့ မျက်နှာပူရသည်...။
“ဆန်နီ ကားထွက်နေတယ်လေ...ညမှ ပြန်လာမှာ..”
“သြော်..မို့က ထမင်းပြန်စားမယ်ထင်လို့..”
“မနက်စာက ကြုံသလိုစားနေတာပါ..အော်ဒါမရှိရင် သူအားတဲ့ အချိန် လမ်းကြုံမှ ၀င်စားတာ..”
“ဟုတ်ကဲ့..”
“ဆန်နီ့ အိမ်ကတော့ မြင်တဲ့ အတိုင်းပဲပေါ့...”
“ရှင်...ဟုတ်...”
“ထမင်းစားသွားပါလား..”
“မစားတော့ပါဘူး.....”
“တခြား ဧည့်ခံစရာဆို ကော်ဖီ သောက်မလား..”
“ရပါတယ်...ကိုကို အဲ..ကိုဆန်နီ တွေ့မလားလို့ လာတာ..”
“ဆန်နီ နဲ့ မတွေ့ဖြစ်ဘူးလား..”
“ဟုတ်...မတွေ့ရတာ ကြာလှပြီ...”
မို့ စိတ်မကောင်းလို့ ခပ်ညီးညီးလေး ပြောလိုက်မိသည်..။
“သူက အလုပ်ပူမိနေတာ...နည်းနည်း အလိုက်ကန်းဆိုးမသိတက်ဘူး..လူမှုရေးလည်း ခေါင်းပါးတယ်..”
“အို..မေ့လို့..ဒါမေမေ့ အတွက် လက်ဆောင်ပါ..”
ပြုံးရယ်နေရင်းက မျက်နှာတည်ပြီး မျက်မှောင်ကြုတ်သွားတော့ မို့ ကြောက်လိုက်ရတာ..။
“မယူနိုင်ဘူး...ငါ့အိမ်ကို လာရင် ဘာမှ ၀ယ်မလာပါနဲ့..”
“မို့က..”
“မလိုချင်ဘူး..”
ခါးခါးသီးသီး အသံကျယ် ပြောလိုက်တော့ မို့ မျက်ရည်ဝဲတက်လာရသည်..။
“မေမေ က မြတ်ပေးတာတော့ လက်ခံတာပဲ..”
ဒေါ်သူသူ မျက်လုံးပြူးသွားရပြီး မြတ် အိမ်လာတာ ဒီ အရုပ်မလေး ဘယ်လို သိသွားပါလိမ့်
“မြတ်က ဆန်နီ နဲ့ မပတ်သက်ဘူး..”
“မို့ က ကိုကို နဲ့ ပတ်သက်လို့ မလိုလားတာလားဟင်..”
“နင့်လို အရုပ်လေးကို မလိုလားစရာလား..”
“ရှင်..”
“ငါတို့ အိမ်မှာ အသုံးမဝင်တဲ့ မာနတွေ ပြည့်နေတယ်...ငါလည်း မကြိုက်ဘူး..ဆန်နီ သိရင်လည်း စိတ်ဆိုးလိမ့်မယ်...သူက မာန အခံ စိတ်ရှိတယ်..နင် အခုလို ၀ယ်လာပေးတာ သိရင် တော်တော် ပေါက်ကွဲမှာ...”
“ရှင်..”
မို့ လှမ်းပေးနေသည့် အိတ်ကို ရုတ်တရတ်နောက်ရုတ်လိုက်မိသည်.။
“ကိုကို့ ကို ပြန်မပြောပါနဲ့နော်..မေမေ...”
“ဟုတ်ပါပြီ...အကျီ င်္လဲပြီး ခဏစောင့်မလား..လျှော်ပေးမယ်..”
“ရပါတယ်...မို့က ကိုကို့ ကိုပဲတွေ့ချင်နေတာ..”
“သူနဲ့ အဆက်အသွယ်လုပ်ပြီးပြောပေါ့....”
“မို့ပြောတာ သူက မအားဘူးပဲပြောနေတယ်..”
ကောင်မလေးက မျက်ရည်ဝဲပြီးပြောနေတော့ ဟိုခွေးကောင်ကို ထုရိုက်ပစ်ချင်ရသည်..။
ချစ်တယ်ပြောပြီး ဘာလို့ ရှောင်နေတာလည်း ခွေးကလေးရဲ့...
ဒီလောက်ချောချောလှလှလေးကို တောင် ဒင်းက စျေးကိုင်ချင်သေးတယ်...
ညကျ ပြန်လာရင် အရေခွံ စုတ်အောင်ရိုက်ပစ်ပါအုံးမည်..။
“သူ့ အလုပ်က သူများ ခိုင်းဘက်ဆိုတော့ အချိန်မရလို့ပါ..နင်လည်း သူ့ကို နားလည်ပေး..ဒါမှ အဆင်ပြေမှာပေါ့...”
“ဟုတ်...”
မို့ ခေါင်းကို ခပ်လေးလေး ညိတ်ပြပြီး ခုံမှ ထလိုက်ရသည်..။
“မို့ ပြန်တော့မယ်နော်..”
“အင်း...ကားနဲ့လာတာလား..”
“ဟုတ်...”
“လမ်းထိပ်က နည်းနည်း ရှုပ်တယ်..ဂရုစိုက်ကြည့်သွားအုံး..”
“ဟုတ်ကဲ့..ပြန်ပြီနော်..”
မို့ လက်ထဲက အိတ်လေးကို ခပ်တင်းတင်း ဆုပ်ကိုင်ပြီး ခပ်သွက်သွက် လျှောက်လာခဲ့လိုက်ရသည်..။
ကားထဲရောက်တော့ အိမ်သေးသေးရှေ့ကိုအကြည့်ရောက်သွားတာ အ၀တ်ဆက်လှန်းနေတဲ့ ကိုကို့မေမေ...။
ဘာလို့ မာနကြီးရတာလည်း..။
မို့သိတဲ့သူတွေက မို့ ဘာပေးပေး မငြင်းကြဘူး..ရီလေးတို့ စီစီတို့ဆို မပေးပါဘူး ပြောရင်တောင် လုနေကြတာ..။
သူတို့ကျပြန်တော့ အိမ်သေးသေးလေးနဲ့နေပြီး လက်ဆောင်ပေးလို့ စိတ်ဆိုးသည်တဲ့..
ဘာတွေမှန်းကို နားမလည်တော့ပါ...။
ကားသော့ဖွင့်ပြီး ထွက်လာတာ လမ်းထိပ်ရောက်တော့ တကယ်ရှုပ်နေလို့ ဘရိတ်မှေးပြီး မောင်းနေရသည်..။
ကိုကို အခု ဘယ်များရောက်နေမလည်း...သိချင်လိုက်တာ...။
.
“ဟင်..ကိုကို...”
မို့ ကျောပိုးအိတ်ကလေးကို တစ်ဖက် ဆွဲပြီး ကို့ကို့ ကားရပ်ထားတဲ့ဆီ ပြေးသွားလိုက်သည်..။
“ဒေါက်..ဒေါက်.”
ကားတံခါးလော့ခ် ဖွင့်တော့ မို့ အမြန်တက်ပြီး ကိုကို့ ကို ဆွဲဖက်ပစ်လိုက်သည်..။
“အ..”
“ကိုကို အရမ်းဆိုးတယ်..”
“အင်...ကိုကို ဘာလုပ်မိလို့လည်း...သူများကိုဆွဲလားရမ်းလား လုပ်နေတာ ဘယ်သူလေးလည်း..”
“မို့ ကိုကို့ ကို လွမ်းနေတာ..”
“ညတိုင်း တွေ့နေတာပဲ..”
“အား...အခုလို တွေ့ချင်တာ..”
“ကဲ..လွှတ်အုံး သူများတွေ ကြည့်နေပြီ...”
“ဟင့်အင်း.’
“မို့..”
“ကိုကို့ ကို အမြဲတမ်းတွေ့ချင်တယ်..”
“အခုလည်း ကြည့်တာမှ မဟုတ်တာ..”
“ထွက်ပြေးမှာစိုးလို့..”
“ဟား..ဟား...”
မို့ လက်တွေကို လွှတ်လိုက်ပြီး ကိုကို့ မျက်နှာကို မော့ငေးရင်း ငိုချင်လာပြန်သည်..။
“အင်း..အလှတွေ တော်တော်ပြင်လာတာပဲ..”
“နည်းနည်းပါ..”
“ဒါလားနည်းတာ.”
မို့ ပါးကို လက်နဲ့သုတ်ပြီး အလိုမကျစွာ ပြတော့ မို့ စိတ်ထဲ ကြည်နူးသွားရသည်...။
“ကိုကို့ ကိုတွေ့ရတာ တော်သေးတယ်..မို့ ဒီနေ့ ကျောင်းမတက်တာ.. အဖွဲ့ က ဖုန်းဆက်ခေါ်လို့လာရတာ..”
“ကဖို့ မလား..”
“အင်း..”
“ဟူး...”
“ကိုကို ဘယ်လိုဖြစ်ပြီးရောက်လာတာလည်း.”
ဆန်နီ သူ့မျက်နှာကို ရောက်နေသည့် အကြည့်ကို လွဲပစ်ပြီး..ရယ်လိုက်မိသည်..။
အိမ်လာတိုင်လို့ အရိုက်ခံရတယ်ဆိုတာ ငယ်ငယ်ကဆို ကြားကောင်းသေး...။
“ဟင်...မို့လာတယ်..ဟုတ်လား..အမေ..”
“ဟုတ်တယ်..ကောင်မလေးက အရုပ်ကလေးအတိုင်းပဲ ဒါကို နင်က ဘာဖြစ်နေတာလည်း..”
“ကျွန်တော် ဘာလုပ်လို့လည်း..”
“ဘုန်း..”
“အ...”
ဆန်နီ ကျောကော့တက်သွားပြီ တော်တော်နဲ့ စပ်တာ မပျောက်...။
“နင်နဲ့ တွေ့ချင်လို့တဲ့.မိန်းကလေးက အိမ်တောင်လိုက်တွေ့ရတယ်...တော်တော် အဖြစ်မရှိတဲ့ကောင်..ငါသာဆို နင့်လိုကောင်မျိုး မစဉ်းစားဘူး..”
“ကျွန်တော်မှ မအားတာ အမေရယ်..”
“အချိန် ယူပြီးတွေ့လိုက် သနားပါတယ်..ရွှေမင်းသမီးနဲ့ ခွက်စောင်းခုပ် ကြိုက်ရတယ်လို့..”
“များသွားပြီ...များသွားပြီ...ကားသမားလို့ပဲပြောပါ..”
“သွားတွေ့အုံး..”
“ဟွန့်..ဘယ်လို ယောက္ခမလည်းသိဘူး..သားကို အပြစ်တင်နေတယ်...သွားတွေ့လိုက်ပါ့့မယ်..”
ဒီနေ့ ထမင်းဆိုင်ပြီးရင် ဗိုလ်ချူပ်စျေး သွားရမှာကို လွှတ်ပြီး သူ့ကိုစောင့်နေရတာ..ထွက်လာပါတယ်..
ဆံပင်ကို  ခါယမ်းပြီး လမ်းကို ကပြီးမှ လျှောက်နေတာ..ကားကိုတွေ့တော့ ကလေးတစ်ယောက်လို အပြုံးဝေရင်း ပြေးလာတော့ ဆန်နီ မသိချင်ယောင်ဆောင်နေလိုက်ရသည်..။
ကားပေါ်ရောက်တာနဲ့ သူကပဲ လွမ်းရသူလို ဖက်ထားတာ..ကိုယ့်မှာ သူ့မျက်နှာလေးကို လွမ်းနေရတာ..အခုချိန်ထိ သေချာ မကြည့်ရသေး...။
“ကိုကို..”
“ဟင်..”
“မောင်းလေ..လျှောက်လည်ကြမယ်...”
“မရဘူး...ကိုကို ၁နာရီ ပြန်သွားရမှာ...”
“ဟင်...ရတယ်...မို့လည်း..လိုက်မယ်..”
“မရပါဘူးဗျာ....နောက်မှာ ကုန်တင်ပြီး ရှေ့မှာ လူထိုင်မှာပါဗျ..”
“ဟွန့် တွေ့တောင် မတွေ့ရသေးဘူး..”
“တွေ့ပြီးလို့ ဖက်တောင် ပြီးပြီလေ...”
“မို့ကသာ လွမ်းနေတာ..ကိုကို က မလွမ်းဘူးမလား.”
“ဘယ်လို..”
“ဟုတ်တယ်လေ...မလွမ်းလို့ ပြန်ဖို့ချည်းလုပ်နေတာပေါ့..”
သူမလေးရဲ့ စွပ်စွဲချက်တွေကို နှုတ်ဆိတ်နေတာ ၀န်ခံတာလို့ သတ်မှတ်ရင်လည်း နေပါစေ...။
သူမ မျက်နှာလေးကို တိတ်ဆိတ်စွာ ငေးကြည့်နေမိပြီး..
နှုတ်ခမ်း ပန်းရောင်လေးတွေကိုတော့ ကြာကြာ မကြည့်နိုင်လို့ အကြည့်လွဲလိုက်ရသည်..။
“မို့.”
“ဟင်..”
“မို့ ကိုကို့ ကိုချစ်တာ မပင်ပန်းဘူးလား..”
“ပင်ပန်းတာပေါ့...”
“ပြောပါအုံး ဘယ်လိုတွေ ပင်ပန်းလည်း..”
“ဖုန်းကို တစ်မိနစ်တစ်ခါ ယူကြည့်ရတယ်..”
“ဘာလို့...”
“ဖုန်းများခေါ်မလားလို့...”
“ဟား..ဟား...မို့ ကလည်း...ကိုကို ကားမောင်းနေတာ တစ်ခါတစ်လေ ဧည့်သည်က ဘေးကပ်နေတာ..ကိုကို ဘယ်လို ဖုန်းပြောမလည်း..”
“သိဘူး..”
“အ..နေပါအုံး...ကိုကို ပြီးရင် ကားငှားတာ မိန်းမလား..”
“အင်းလေ..”
“ဟာ..သူက ကိုကို့ ဘေးမှာ ကပ်ထိုင်မှာလား..”
“ဟုတ်တယ်လေ..နေရာမှ မရှိတာ..”
“အား..သွားရဘူး..မို့ပဲ လိုက်မယ်..”
“ဟား..ဟား...”
လက်မောင်းမှာ ခေါင်းမှီပြီး ကိုင်လှုပ်နေတဲ့ သူမ လက်ကလေးတွေကို ငေးကြည့်ရင်း ရင်ထဲမှာ သက်ပြင်းလှိုင်းတွေ ဖြစ်လာရသည်..။
“ကိုကို ပြန်ရတော့မယ်..”
“ငိုချင်သွားပြီ...”
“ညကျတွေ့မယ်လေ...”
ဆန်နီ့ အပြောကြောင့် ခေါင်းထောင်သွားခါ မျက်နှာမှာ အပြုံးဝေရင်း လက်ညိုးလေး တစ်ချောင်းထောင်ပြီး..
“ချိန်းမှာလား..”
“ဟား..ဟား..ဖုန်းထဲမှာတွေ့မှာပေါ့..”
“ဟင့်...အဲဒါကြီးကို မကြိုက်ပါဘူး..”
“မို့ရယ်...ကိုကို က ဘ၀သမားလေ...”
“ဒါကြီးပဲ ပြောပြီး မို့ကို စိတ်ညစ်အောင်လုပ်နေတာပဲ...”
“ကဲ..မို့ ကား ဘယ်မှာလည်း ကိုကို ပို့ပေးခဲ့မယ်..”
“ရှိဘူး..စီစီ က လာခေါ်မယ်ပြောပြီး ငှားသွားတာ ခုထိပြန်မလာသေးဘူး..”
“ဟင်..ဒါဆို မို့ က ဒီမှာ စောင့်နေရမှာပေါ့..”
“အင်း..”
“တော်ပြီ...”ဆန်နီ ကားသော့လှည့်ပြီး စက်နှိုးလိုက်တော့ လက်မောင်းကို လက်ညိုးနဲ့ လိုက်ထိုးကြည့်နေပြန်ပြီ...။
“အိမ်မပြန်သေးဘူးလား..”
“အင်း..စီစီတို့နဲ့ ချိန်းထားလို့ပါ..”
“ပြီးတာနဲ့ တန်းပြန်နော်..”
“ဟုတ်ကဲ့ပါရှင့်...”
ကျောပိုးအိတ်ကို ကောက်လွယ်ပြီးဆင်းခါနီးမှ..
“ဟ..”
“ဟိ...သွားပြီ...”
ဆန်နီ ပါးရိုးပေါ်က နွေးသွားတဲ့ အထိအတွေ့နဲ့ အတူ ရင်တွေဆောင့်ခုန်သွားတာ အတိုင်းအဆ မရှိနိုင်အောင်ပင်..။
ကြောင်နေပြီးမှ သတိ၀င်လာလို့ မှန်ကို ကြည့်လိုက်တော့ သူမက လှေကားတွေကို တက်ပြီး ဆိုင်ထဲ၀င်သွားပြီ..။
ရင်ခုန်ရလွန်းလို့ ရူးမှာပဲကွာ...။
☆━━━━━━━━━━━━━━━☆

နောက်ကျပြန်ပြီ 😭💔😭

အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်

Love U all ❤
#စပိုက်ကာ

နန်းထိုက်ပန်းမို့Where stories live. Discover now