Part 20

3.5K 150 8
                                    

နန်းထိုက်ပန်းမို့
အပိုင်း (၂၀)
#နန်းထိုက်ပန်းမို့

“ကျွန်တော် ရောက်ပါပြီ အန်တီ..”
“ထိုင်ပါ..”
တစ်ခါမှ မမြင်ဖူးတဲ့သူကိုတွေ့ရမှာဆိုတော့ ဝန်ထမ်း ကောင်မလေး တစ်ယောက်ကိုမေးကြည့်လိုက်တာ လိုက်ပို့ပေးလို့ တော်ပါသေးရဲ့.. ။
ဒေါ်ရွှေစင်ဆို အသက်ကြီးကြီး သွားရှာမိရင် လူမှားအုံးမှာ.. အခုထိုင်နေတာ အသက် ကျော်၄၀ ထင်ရလောက်တဲ့ အမျိုးသမီး တစ်ယောက်သာ..။
မို့ အမေပဲလေ ဒီလောက်တော့ရှိမှာပေါ့...။
ကြိမ် စားပွဲ နဲ့ အတူ ကြိမ် ကုလားထိုင် လေးခုံ ချထားပြီး အအေးခွက် နှစ်ခွက်လည်း ခုံပေါ်မှာ ရှိနေသည်..။
ပိုက်ဆံအိတ် ခဲရောင်ရဲ့ဘေးက ကားသော့ဆီ အာရုံရောက်သွားတော့ အပြာ စက်လေးနှစ်စက်ကြောင့်  စိတ်မောစွာ ရှေ့ခုံမှာ ၀င်ထိုင်လိုက်သည်...။
“ဒီနား က မင်းတို့ အိမ်နဲ့ နီးလား..”
“ဟုတ်ကဲ့...၁၅မိနစ်လောက် မောင်းရပါတယ်...”
“ဟုတ်မယ်...ဒါကြောင့် .မို့ ကို သတိရနေတာ...”
“မို့ လည်း အန်တီ့ ကို သတိရနေပါတယ်...”
“ဟွင်း...ငါတို့တွေ သတိရရဲ့သားနဲ့ တွေ့ခွင့် မရတာ ရှင်ကွဲပေါ့...တရားခံက မင်းပဲ ဆန်နီ...”
“ဗျာ...”
ဆန်နီ အလန့်တကြား မျက်လုံးလှန်ကြည့်တော့ နီရဲရဲ နှုတ်ခမ်းကို အချိုးကျစွာ မဲ့ပစ်ပြီး ကွင်းဘက်ကို အကြည့်ပို့ပစ်လိုက်သည်..။
“ကျွန်တော် မို့ ကို ခေါ်လိုက်ရမလား..”
“မင်း နဲ့ ကွာပြီးသွားလို့လား...”
ဆန်နီ စကားလုံးတွေက လေဟာနယ်ထဲ ပျံတက်သွားသလို  လူလည်း သေးကျူံ့ သွားသလို ခံစားရသည်..။
“လိုရင်းပဲ ပြောမယ်ကွာ...”
“ဟုတ်ကဲ့...”
“မနေ့က တီနာ ငါ့ဆီရောက်လာတယ်....မို့က ကမ်ဆယ် လုပ်လိုက်လို့ လျော်ပေးပါတဲ့လေ....ဘယ်လောက်တောင်းတယ်ထင်လည်း..”
ဆန်နီ အဖြေမပေးပေမဲ့ အာရုံစိုက်ပြီး ဆက်နားထောင်နေလိုက်တာ...
“သိန်း ငါးရာ...”
“ဗျာ...”
“အဟွင်း...နိုင်ငံခြားက ဆရာခေါ်ရတယ်...အမ်တီဗွီ ကမ်ဆယ် လုပ်လို့ ပြန်ပေးရမဲ့ငွေရယ်...အက သမားတွေ နစ်နာကြေးရယ်...အိုး..အကြောင်းပြချက်တွေ အကုန်ဆွဲထုတ်ထားတာပေါ့...သိန်း ငါးရာ အလကားလိုချင်တဲ့ လောဘတွေနဲ့လေ....ငါ့ အတွက် သိန်း ၅ရာဆိုတာ....စီးပွားရေးလုပ်တဲ့နေရာမှာ ပွဲစားခ သုံးသလောက်ပဲ ရှိတယ်...ဒါပေမဲ့ နင့် အတွက်ဆိုရင်ရော ဆန်နီ...”
“ခင်ဗျာ...”
သိန်း ငါးရာ မပြောပါနဲ့ ပိုင်ဆိုင်တာတွေ ပေါင်းရင်တောင် ငါးရာပြည့်မယ် မထင်ရတဲ့ လူကို သိန်း ငါးရာတောင်းနေတာလား.... ဆန်နီ အတွေးတွေ နဲ့ ချွေးပြန်လာရသည်...။
“မလွယ်ဘူးမလား...ဒါပေမဲ့ မို့ က ငါနဲ့ ဘာမှ မဆိုင်တော့ဘူးလေ...အဲတော့ သိန်း ငါးရာလောက်တော့ မဆိုက်ပေးနိုင်ဘူးကွ....”
“ကျွန်တော် နည်းနည်းချင်း..”
“ဟား..ဟား...မင်းကလည်း ငါ့ကို ကားအရစ်ကျ ပေးသလို ပေးချင်နေတာလား..”
“ဟင်..”
“တစ်ခုပဲ ရှိတယ်..မို့ က မင်း နဲ့ မပတ်သက်တော့တာနဲ့ ငါ့ရဲ့ သမီး ပြန်ဖြစ်သွားပြီ...ဒါဆိုရင်တော့  ငါ့သမီး အတွက် ငါးရာ ငါးထောင် ငါသောင်း ကိစ္စ မရှိတော့ဘူး...”
“အဲဒါက...”
“မို့လည်း ကျွန်တော့်ကို ချစ်တယ်...ကျွန်တော်လည်း မို့ ကို ချစ်တယ်ဆိုတာမျိုး.ကြွေးကြော်အုံးမလို့လား...မို့ အခုလို ဘာလို့ ကတာလည်း သိလား...ငွေလိုလို့တဲ့လေ...သူ လိုချင်တာတွေ ၀ယ်ပစ်ချင်တယ်...စားချင်တာတွေ အ၀ စားပစ်ချင်တယ်တဲ့..ငါ ဒီ စကားကြားတော့ ရင်ထဲ စို့သွားရတယ်...ဘာကိုမှ ဂရုမစိုက်ပဲ ပြန်ခေါ်ဖို့ တွေးမိပေမဲ့ ငါ့ စကားနဲ့ ငါ့ မာန က ခွင့် မပြုဘူး..”
ဆန်နီ စကားလုံးတွေမရှိတဲ့ အပြင်ကို မာန သိက္ခာ ဘာကိုမှ စိတ်မ၀င်စားတော့ပဲ ခေါင်းကိုသာ ငုံ့ပြီး ဖိနပ်ထိပ်ကို ကြောင်ကြည့်နေမိသည်..။
“ဆန်နီ ...လူကြီးတစ်ယောက်အနေနဲ့ အကြံပေးရရင်တော့ မင်းတို့ အိမ်ထောင်ရေးက အမုန်းတွေနဲ့ အဆုံးသတ်လိမ့်မယ်..ချစ်တယ် ဆိုတဲ့ အတ္တတွေနဲ့ မို့ကို မင်း ပိုင်ဆိုင်ထားပေမဲ့ အခုတော့ နှစ်ယောက်စလုံး နောင်တ ရစ ပြုလာပြီလို့ ငါထင်တယ်..”
ဆန်နီ ပြောစရာ အကြောင်းပြချက် ရှာမတွေ့သေးလို့ ဆိတ်ဆိတ်ပဲ ငြိမ်နေလိုက်ရသည်..။
“အနူလက် နဲ့ ရွှေခွက်နှိက်တယ် ဆိုတာ တကယ်တော့ အနူအတွက်လည်း မျက်နှာငယ်ရသလို ရွှေခွက်လည်း သိက္ခာကျရတာပေါ့...မို့ စီးနေတဲ့ ဖိနပ် တစ်ရံ တောင် ၀ယ်ပေးနိုင်တဲ့ အရည်အချင်း မရှိတဲ့ မင်းက မို့ကို ချစ်လို့ပါဆိုတဲ့ အကြောင်းပြချက်ကို ဆုပ်ကိုင်ထားချင်သေးလား..မို့ ကို ဘေးက ကြည့်ရတဲ့ သူတွေတောင် သနားနေပြီ...ဒါကို မင်းက မို့ မင်းနဲ့ နေရတာ ပျော်နေပါတယ်လို့ ထင်နေတုန်းလား..ဆန်နီ...”
“အန္တီ.....”
အသံတုန်သွားပေမဲ့ ပြန်ထိန်းပြီး အားယူခါ ခါးကိုလည်း မတ်မတ် ပြင်ထိုင်လိုက်သည်..။
“ကျွန်တော့်မှာ အန်တီ မကြိုက်လောက်တဲ့ အပြစ်...လက်မခံနိုင်တဲ့ အပြစ်က ဘာလည်း သိခွင့်ရှိလား...”
“ဟား..ဟား..ဆန်နီ မင်းက ကားသမား လည်လည်၀ယ်၀ယ် မှတ်ထားတာ..မင်းက ဝေးလိုက်တာကွာ...မင်း နဲ့ အဆင့်အတန်း မတူလို့ပေါ့ကွ...ပြီးတော့ မင်းတို့ တစ်မိသားစုလုံးက အသုံးမ၀င်တဲ့ မာနတွေ နဲ့ ပြည့်နေတာမလား..”
“ဟင်..”
“ငါ့ကို ကိုမြတ်ဖေ ပြောတယ်...မင်းက သူ့တူပါတဲ့...သူပိုင်ဆိုင်တာရဲ့ တစ်၀က်ကို မင်း အဖေလည်း ပိုင်ပေမဲ့ ပေးလို့မရဘူး လက်မခံဘူးတဲ့လေ....အဲတော့ ငါ့ မျှော်လင့်ချက်လည်း ပိုဝေးသွားတယ်...သမီးကို ပြန်လက်ခံပြီး မင်းကိုလည်း ပြန်လက်ခံမယ်..မင်းကို ထိုက်သင့်ပြီး လူရာ၀င်တဲ့ အလုပ် အဆင်သင့်ပေးတယ်ဆိုရင်တောင် မင်း ငါ့လက်အောက်မှာ အလုပ်လုပ်နိုင်မှာ မဟုတ်ဘူး..ငါ့ အသိုင်း အဝိုင်းမှာ နှုတ်ဆက်ကြတဲ့ အခါ .ကျွန်မ ကတော့ PPI ဥက္ကဌ ပါ...ဒါကတော့ ကျွန်မ သမက် တက္ကစီဒရိုင်ဘာ ဆိုတာမျိုးလား...ဟူး..မလွယ်ဘူး..ဆန်နီရဲ့....
ဒီလိုသာဆို ငါ့သမိးလေး စိတ်ဆင်းရဲရမယ်...အနာဂတ်ကို ပုံဖော်ကြည့်ရင် ငါ့သမီး မျက်ရည် ပင်လယ် ဖြစ်ရမှာပဲတွေ့နေရတယ်...”
ဆန်နီ ဂေါက်ကွင်းထဲမှာ ပြေးနေတဲ့ ကားလေးတွေ ဆီ အကြည့်ရွေ့ပြီး လိုက်ကြည့်နေမိသည်..။
“ငါ ၀န်ခံပါတယ်..အစက မင်း က မို့ အနားကိုရောက်လာတဲ့ သူတွေ အတိုင်း ငွေမျက်နှာကြောင့်လို့ ထင်ခဲ့တာ..မင်း မိတ်ကပ်ဖိုး ငွေ ပြန်ပေးဖို့ ဖုန်းဆက်တော့ မင်း ငွေမမက်ဘူးဆိုတာ ငါလက်ခံလိုက်တယ်...မင်း မို့ ကို တကယ်ချစ်တာ ငါသိပါတယ်...တကယ်ချစ်ရင်  သူ့ဘ၀ အတွက် စဉ်းစားပေးဖို့ မျှော်လင့်တယ်...”
“ကျွန်တော် ဘာလုပ်ပေးရမလည်း အန်တီ...မို့ လည်း ကျွန်တော့်ကို ချစ်တယ်..သူ ခံစားရမှာ..”
“တော်စမ်းပါကွာ..ဒါတွေက မင်း မပ်ြတ်သားတာ...တကယ်ချစ်လို့စွန့်လွှတ်တာပဲ...ပြတ်ပြတ်သားသားလုပ်ပေါ့...မို့က တစ်ခုခုကို နာကြည်းသွားရင် ဘယ်တော့မှ လှည့်မကြည့်ဘူး....ဒါကြောင့် ငယ်ငယ် က စက်ဘီးလဲပြီး ကတည်းက အခုချိန်ထိ စက်ဘီး မစီးတော့ဘူး..မင်းဆီကို မို့လိုက်တာတဲ့ ညကတည်း က ထွက်မတွေ့ဖို့ ပြောခဲ့သားပဲ..အဲနေ့ညကသာ မင်း နာရီ ၀က်လောက် မြိုသိပ်လိုက်ရင် မို့လည်း ၉လလောက် စိတ်ညစ်ရသက်သာသွားမှာလေ....”
“အန်တီ ရွှေစင်..အန်ကယ် စိုးမြင့် ရောက်ပါပြီ...”
ကောင်မလေး တစ်ယောက် အနားမှာလာပြောတော့ နှစ်ယောက်စလုံး ခါးမတ်လိုက်ရသည်..။
“ဧည့်သည် နဲ့ ချိန်းထားတာ ရှိတယ်...မင်း စဉ်းစားလို့ပြီးရင် ကွာရှင်းစာချူပ်နဲ့ မို့ ကို လာပို့လိုက်ပါ..”
“ဗျာ...”
“မို့ ကို တစ်ခုလပ်ဖြစ်လည်း အဆင့်အတန်းတူတဲ့ သူတွေထဲက ခေါင်းခေါက်ရွေးပေးလို့ရသေးတယ်...”
“ဆန်နီ....”
“မင်း ရဲ့  အချစ် အပေါ်ယံကို ခွါကြည့်ပါ..အတ္တတွေ ရယူ ပိုင်ဆိုင်လိုမှုတွေ နဲ့ ပြည့်နေပြီ...တစ်ချက်လောက် မို့ ဘက်ကို စဉ်းစားပေးပါ...အချစ်သူရဲကောင်းဆိုတာ စွန့်လွှတ် အနစ်နာခံမှ ဒီဂုဏ်နဲ့ ထိုက်တာ...ရယူပိုင်ဆိုင်မှု ချည်း ပဲဆိုရင်တော့  အချစ်ရာဇ၀င်တွေ ပြောင်းပြန် လှန် ပစ်ရတော့မယ်...မင်းတို့ ချစ်ခြင်းကို မခွဲချင်ရင် တစ်နည်းပဲ ရှိတယ်..အဲဒါ မင်းတို့ မိသားစုက ကိုမြတ်ဖေရဲ့ မိသားစု ၀င် ပြန်လုပ်လိုက်ရင် တို့တွေက ဂုဏ်တူရည်တူတွေ ဖြစ်သွားပြီ...သမီးနဲ့ မင်းလည်း ထိုက်တန်သွားပြီး..စိတ်ညစ်စရာလည်း ရှိလာတော့မှာမဟုတ်ဘူး...ဒီလိုလည်း မဟုတ်ဘူး..မို့ လည်း ပြန်မလာဘူးဆိုရင်တော့ ..ငွေ ၅၀၀ ကို လမကုန်ခင် ဆက်ပေးဖို့ တောင်းဆိုချင်တယ်...အတ္တ ကို စွန့် မလား မာန ကို စွန့်မလား အရှက်သိက္ခာကို စွန့်မလား ...မင်း စဉ်းစားပြီး နက်ဖြန် အကြောင်းပြန်ပေးပါ...”
ခုံမှာ ငိုင်ကျန်ခဲ့ရတဲ့ ဆန်နီ့ကို ၀န်ထမ်း နှစ်ယောက်က ဘာလိုလည်း လာမေးတော့ လက်ကာပြီး ထလိုက်ရသည်..။
ကားထဲရောက်တာနဲ့ စိယာတိုင် ပေါ် ခေါင်းမှောက်ပြီး သက်ပြင်းရှည် တစ်ချက်ရှိုက်ရသည်..။
“အချစ်ရှိရင် ဘာမှ မလိုဘူးဆိုတဲ့ စကားက ကိုကို့ အတွက်မမှန်တာ  ကိုကို တကယ်မချစ်လို့များလား မို့ရယ်...”
ဆန်နီ ခေါင်းထဲ ရောက်လာတဲ့ ပထမဆုံးကယ်တင်ရှင်က အမေ.....ကားကို စျေးဘက်ဆီ ဦးတည် မောင်းလိုက်သည်..။
“အမေ...”
“ဟဲ့...မနက် ကိုးနာရီ ဘာလာလုပ်တာလည်း..”
“သြော်...အမေရယ်..မနက် ကိုးနာရီ က လူမထွက်ရတဲ့ အချိန်ကျနေတာပဲ..”
“ဒီ အချိန် ကားဆွဲကောင်းတယ်ဆို..”
‘အင်း ဒီနေ့ ပင်ပန်းလို့..”
“ဖျားပလား..”
“ဒီတိုင်း ပျင်းလို့ပါ..”
“မစဉ်းစားပဲ ဘာတွေ လုပ်လိုက်ပြီလည်း..”
အမေက ဘာမှမပြောရသေးခင် ကတည်းက ကြိုတင်နမိတ်ဖတ်လိုက်တော့ ဆန်နီပြုံးမိသည်။
“မလုပ်ရသေးပေမဲ့ မစဉ်းစားတက်ဘူးဖြစ်နေတယ်..ကူစဉ်းစားပေးပါလား အမေရယ်...”
အမေ ပခုံးပေါ် တင်ထားတဲ့ လက်ကို အမေ က ရိုက်ချပြီး သခွါးသီးတွေ ရှေ့ဗန်းကို ပို့ရင်း..
“ရှုပ်ရှုပ်ယှက်ယှက် ဒီ အရွယ် ရောက်နေပြီ အမေ လိုသေးလို့လား..”
“မို့ အမေ နဲ့ သွားတွေ့ပြီး ပြန်လာတာ...”
“ဟင်...ဘာပြောလို့လည်း..”
“ကျွန်တော်က မို့ ပျော်နေပါတယ် ပြောတာ မယုံဘူးလေ....”
“ယုံစရာ....ကလေးမလေး ရောက်ခါစ ကြည်ကြည်လင်လင်လေး..အခုတော့ နင့်ကြောင့် ငိုရလွန်းလို့ လင်သေ ကြွေးပူ ရုပ်ကလေး ပေါက်နေပြီ အပြုံးအရယ်တောင် မရှိတော့ဘူး...သူလည်း နင့် အနားမှာ ၀ဋ်ခံနေရတာ...သနားစရာ.....”
“ဒါပေမဲ့ ကျွန်တော်ကတော့ မို့ ပျော်နေတယ်ပဲ ထင်နေတယ်..”
“နင်က တစ်နေကုန် ကားထွက် ပြန်လာချိန် တစ်နာရီ လေး သူနဲ့ စကားပြော..သူကလည်း နင့်တွေ့တော့ ပျော်တာပဲသိတယ်လေ...”
“သူ ပိုက်ဆံရှာနေတာ အမေသိတာပေါ့...”
အမေ က မျက်ခုံး တစ်ချက်တွန့်သွားပြီး မျက်လုံး လွဲပစ်လိုက်တော့ ဆန်နီ သဘောပေါက်လိုက်ပြီ..။
“အမေရာ...တားရမှာကို..”
“ဘယ်လိုတားမလည်း..သူ လိုချင်တာလေးတွေ ၀ယ် ချင်တယ်.တဲ့..ငါ့ ပိုက်ဆံ နဲ့ ၀ယ်ဖို့ပြောတော့ မလောက်ဘူးတဲ့...အလုပ်လုပ်မယ်...သူငယ်ချင်းတွေနဲ့လုပ်ရင် အဆင်ပြေပြီး သူ့ လိုချင်တာလည်း ၀ယ်လို ရမယ်လို့ ပြောနေတာ..ငါလို လူက ဘယ်လိုတားမလည်း ဆန်နီ...ငါ့သား လုံလုံလောက်လောက် ရှာပေးနေရဲ့သားနဲ့ နင် ဘာ ရှည်တာလည်း ဆိုပြီး ပါးရိုက်ပစ်ရမှာလား..သူ ဘယ်လောက် ဒုက္ခခံနေရလည်း..ငါ ကောင်းကောင်းသိတယ်...ဒါကြောင့် အိမ်ကို ခေါ်လာမယ် ဆိုတဲ့ နေ့က ငါ အတန်တန် တားနေတာ...အခုတော့ ကောင်မလေးကချည်း ဒုက္ခခံနေရတာ..နင့်တို့ ယောင်္ကျားတွေက ကိုယ် စိတ်ချမ်းသာနေရင် တစ်ကမ္ဘာလုံး သုခဘုံလို့ မြင်နေတော့တာပဲ...အကျိုးဆက်ကို ဘယ်တော့မှ မစဉ်းစားတက်ဘူး..”
“ကျွန်တော် မှားတာပေါ့နော်...အမေ...”
“အေး..ဟုတ်တယ်...”
“ကျေးဇူးတင်တယ်..အမေ..ကျွန်တော့် ကိုယ်စား စဉ်းစားပေးလိုက်တာပဲ...”
ဆန်နီ ရှေ့ ခြင်းတောင်းထဲက သံပုရာသီး တစ်လုံး ကောက်ယူပြီး ထွက်လာခဲ့လိုက်သည်..။
မို့ ပြောနေကျ စကား အတိုင်း ကိုကို့ကြောင့်ပါ....။
“ဟယ်..ကိုကို ပြန်လာပြီ...”
အိမ်ရှေ့က ဖိနပ်ကို ဖြစ်သလို ထိုးစီးပြီး ပြေးထွက်လာတော့ ဆန်နီ ပြုံးလိုက်ရင်း လက်ဆန့်ပေးလိုက်သည်..။
“အ...မို့ရဲ့ ဘာလုပ်တာလည်း..”
“ကိုကို ပဲ လက်ဆန့်ကြို ပြီး..”
“ဖက်ဖို့ မဟုတ်ဘူးကွ မုန့်ထုတ်ပေးတာ..”
“သိဘူးလေ...”
“အရူးမလေး..”
“အချစ်ရူးမလေးပါနော်...”
“ဟုတ်ပါပြီဗျာ..”
“ကိုကို ဘာတွေလည်း..”
“ဗီဇာ...ရယ် ကြက်ကြော်ရယ်..”
“ဟယ်...တကယ်လား...”
“အင်း..”
“အာကြောင့် ချစ်တာ...”
အထုတ်တွေကို လွဲပြီး ခါးကို သိမ်းကြုံး ဖက်လိုက်တော့ ဆန်နီ နဖူးကို ဖွဖွ လေး ထုလိုက်သည်..။
“မမ ဘာမုန့်တွေလည်း “
“နင်ဖို့ ကြက်ကြော်နဲ့ ငါ့ဖို့ ပီဇာ...”
“သားလည်း ပီဇာလေး စားလို့ရမလား..”
“နင့်ရဲ့ အကောင့်ပေးမလား..”
“ဟာ...မရပါဘူး..”
ဆန်နီ နှစ်ယောက်ပြောနေတဲ့ စကားတွေကို ရိပ်မိလာတော့ မျက်လုံးပြူးပြီး..
“နေပါအုံး...နေပါအုံး...မို့လည်း..MLဆော့နေတာလား..”
“ဟီး...”မချိုမချဉ်လေး ပြုံးပြပြီးခေါင်းပုထားတော့ ဆန်နီ တစ်ချက် ထုလိုက်ပြီး..
“မန်နီ မင်း မွေတာ..မင်းလည်းလာ..”
“အား...အမေရေ....”
“ဟဲ့....ဘာဖြစ်လို့ အော်နေတာတုန်း...ခဏ တစ်ဖြုတ်တောင် လဲလို့ မရပါလားနော်..”
“အာဗြဲနဲ့ အော်နေတာ ခု ဆူပြီ..”
“ဟီး..”
“မေမေရေ...ကြက်ကြော်ပါလာတယ်...မန်နီစားတာ ကုန်ပါတော့မယ်..”
“ဟဲ့...မန်နီ...”
အမေက ဆံပင်ကို တစ်ပတ်ရစ်ရင်း အခန်းထဲက ထွက်လာတော့ သုံးယောက်သားရယ်လိုက်တာ နားမလည်သလို ကြည့်နေသည်..။
“နင့် အဖေ ဖို့ ချန်ထားအုံး..သူလည်းကြိုက်တယ်..”
“ဟား..ဟား..ဒါကြောင့် ကြားသုံးကြား မ၀င်ဘူး..”
ဆန်နီရယ်ပြီးပြောလိုက်တော့ အမေက ပခုံးကိုရိုက်ခါ
“ခွေးကောင်...ထမင်းစားဖို့လုပ်..”
“စားပြီးပြီ...”
“ဘယ်မှာ စားခဲ့တာလည်း ကိုကို...ဟင်...မနွေးနွေး ဆီမှာလား..”
မို့က လက်ကိုကိုင်လှုပ်ပြီးမေးတော့ ခေါင်းသာတွင်တွင်ရမ်းရင်း..
“မဟုတ်ပါဘူးကွာ..အလှူအိမ် သွားပို့ရင်း အတင်းခေါ်လို့ ၀င်စားလိုက်တာ..”
“အိုး..ကိုကို ကလည်....အငတ်ကြီး ကျနေတာပဲ..”
“ဟောဗျာ..အတင်း...”
“သူက အစကတည်းက ငတ်တာ..”
“သားတောင်..မစားဘူး..”
“ဝိုင်းပြီး အပြစ်တင်နေတာ နောက်မစားတော့ပါဘူးဗျာ....”
“လာ ကိုကို ပီဇာ  စားမယ်...မေမေ လည်း ကြိုက်လား..”
“ကြိုက်ပါဘူး...ဘယ်လို အရာသာ မှန်းကို မသိဘူ..”
“သားတော့ ကြိုက်တယ်..”
“ဟွန့်..ထိုင်...”
မို့ က မန်နီ ကို မျက်စောင်းထိုးပြီး ပီဇာ ကို အစိတ် အကြီးအသေးရွေးသေးသည်...။
အသေးဆုံး အပိုင်းကို ပန်းကန်ထဲ ထည့်ပြီး လှမ်းပေးခါမှ လက်ပြန်ရုတ်ပြီး နောက်တစ်ပိုင်းထပ်ထည့်ပေးသည်..။
သူ့ကိုယ်သူ မတရားဘူးလို့ ထင်နေသည့်ပုံ...။
“အဖေ...ကြက်ကြော်စားလေ...”
“နေအုံးကွ...တစ်ပိုင်းလွတ်သွားပြီ...လီလီ ဘာဖြစ်သွားပြီလည်း သူသူ...”
အဖေက အကျီင်္ ကို  ကြယ်သီး ဖြုတ်ရင်းမေးတော့ အမေ က နှုတ်ခမ်းမဲ့ ရင်း..
“ဂျွန်ယောင်းနဲ့ စေ့စပ်ဖို့ လုပ်နေတယ်...”
“ငါ မပြောဘူးလား...ဒင်း ဂင်ချီ နဲ့ နှစ်ပါးသွားနေရတာ...ခံနိုင်မလား...”
“တော်ပါ အဖေရယ်...ဒီ ကားကြီးကလည်း တစ်နှစ်ပြည့်တော့မယ် မပြီးနိုင်သေးဘူး..”
“မပြီးတာမဟုတ်ဘူး..ယုတ္တိ ရှိတာကွ...ဒါမျိုး လူလောကမှာ အများကြီးပဲ..တကယ်ဖြစ်နေတာ..ချစ်ပါတယ်ဆိုပြီး...ဒုက္ခခံစားရတာကြာတော့ အမုန်းဆုံးရန်သူတွေ ဖြစ်လာရော...ငါတို့ လင်မယားပဲကြည့်..သူသူ ဘာပြောပြော ငါက ပင်တိုင် ချစ်နေလို့ မဟုတ်ရင် ကွဲတာ ကြာပေါ့...သူသူ...ကို  ချစ်လို့ .”
“အိုး...ရှင်...ကလေးတွေ ရှေ့မှာ...”
“ရော်...ရန်ဖြစ် သတ်ဖြတ်နေတာမှ ရှက်စရာ..မိဘ နှစ်ယောက် ချစ်တာ..သားသမီးတွေအတွက် ကောင်းပါတယ်...”
“ရှင် တော့ မဟုတ်ဘူး..သူငယ်ပြန်နေပြီလား ဘာလား..”
“ဟား...ဟား...”
“မန်နီ နင်..နင်...ကုန်ပြီ...ကိုကိုရဲ့...ကုန်ပါပြီ...”
မို့ က အဖေ နဲ့ အမေ ရယ် တီဗွီရယ် ဆီ စိတ်ရောက်နေတုန်း ရှေ့က ပီဇာ ပန်းကန်ကို နောက်ပို့ ထားလိုက်တာ အခုတော့ မန်နီ သေပြီပဲ...။
“ဟေ့ကောင်..မန်နီ..မင်း ဘာလို့ အကုန်စားလိုက်လည်း..”
“ဗျာ...သား...”
“နင်စားတာ...နင်စားတာ...”
“အ...အ...”
ဒေါသနဲ့ အတူ နှုတ်ခမ်းကိုက်ပြီး မန်နီ လက်မောင်း ကို  ရိုက်နေတာ ဆန်နီ ကြည့်နေပြီးမှ...
“ကဲ..ကဲ...စိတ်လျော့..မိန်းမ....”
“လျော့ဘူး..”
“ဒီလောက်စားချင်နေရင် ကိုကို့ လက်မောင်း ကိုက်စားကွာ...”
“ကောင်းတယ်...ကိုက်သာကိုက်..”
အမေ ကပါ ထောက်ခံလိုက်တော့ မို့ က မန်နီ အနားကနေ ဒူးထောက်ပြီး ရွေ့လာတာ  သရဲမလေး နဲ့ ပင် ခပ်ဆင်ဆင်ရယ်...။
“မို့...ဟေး...ဟ...”
သွားလေးစေ့ပြီး ရှေ့တိုးလာလို့ နောက်ကို ဆုတ်ရင်း ပက်လက် ပြုတ်ကျချိန် ပီဇာ ပန်းကန်ကို ရှောင်လိုက်တော့ နှစ်ယောက်သားထပ်လျက် ဖြစ်သွားသည်..။
“ကဲ...နောက်က နှစ်ကောင်....အပေါ်တက်တော့...”
“ဟီး..ကောင်းတယ်...”
“အမေ..ကျွန်တော်တို့..”
“နင်တို့ စကားများနေတာ ကောင်းကောင်း မကြည့်ရဘူး.”
“မန်နီလည်း..များတယ်..”
မို့ က ပီဇာ စားထားတဲ့ မန်နီကို မကျေမနပ်ဖြင့် ပြန်ကြပ်တော့သည်...။
“မန်နီ လည်း သွား..”
“ဟယ်..ပီဇာတွေလား..ကိုကိုး...ဖွတ်ထားတယ်...”
“တွေ့လား....သားက ကြားထဲက အရိုက်ခံရတယ်..”
“အေးပါ..မောင်လေးရယ်...မမက ပီဇာ အရမ်းကြိုက်လို့ ပါ..ဟီး...နာသွားလား..”
“နာပါဘူး..”
“အင့် တစ်ခု ထပ်စား...”
ပီဇာ ပန်းကန် ထိုးပေးပြီး မန်နီ ကို လိုက်ချော့နေတဲ့ မို့ ကို ကြည့်ရင်း ဆန်နီ နာကျင်စွာ ပြုံးလိုက်မိသည်..။
.
“မို့...အိပ်သေးဘူးလား..”
“နေပါအုံး ကိုကိုရဲ့..တစ်ပွဲတည်းပါ...”
“အိုး....ကိုကို...ငြိမ်ငြိမ်နေပါ..ဒီမှာ ရှုံးလိမ့်မယ်...အိုး..ကိုကို ကလည်း...”
ခြေထောက်ကို စောင်ခြုံပြီး ထိုင်ခါ ဂိမ်းဆော့နေတဲ့ မို့ ကို ခေါ်မရတဲ့ အဆုံး ဆွဲလှဲချလိုက်တော့လည်း အိပ်ရင်းဆော့နေဆဲ...။
“ဟာ...ရှုံးပြီ..အဲဒါ ကိုကိုကြောင့်...သိရဲ့လား...ကိုကိုကြောင့်...”
“ကိုကို ဆော့တာ ဟုတ်ဘူးလေ...”
“ဒါပေမဲ့ ကိုကို ရှုပ်တာလေ...”
“ကဲ....ဟုတ်ပါပြီ...ဖုန်းချလိုက်အုံး...”
လက်ထဲက ဖုန်းကို ဆွဲယူတော့ မလွှတ်ချင်သလို တင်းဆွဲထားတာ မနည်းဆွဲလုပြီး ဘေးချလိုက်တော့မှ ရင်ခွင်ထဲ ရောက်လာတော့သည်..။
“အိုး...ကိုကို...အတင်းကြီး..”
“အ...ကိုကို...”
လက်မောင်းပေါ် ပါးလေးအပ်လာသည့်  သူမ ကို တစ်ကိုယ်လုံး သိမ်းကျုံးဆွဲဖက်ထားတောင် ဝေးနေသလိုပါပဲလား...။
“ကိုကိုရဲ့...မို့ အရိုးတွေ ကျိုးကုန်တော့မယ်...”
ဆန်နီ အသိ၀င်လာပြီး ဖက်ထားတာလျော့ပေးလိုက်ခါ ဆံပင် နုနု လေးတွေပေါ် မေးဖိထားလိုက်သည်...။
“မို့ရယ်...”
“ဟင်...”
“ကိုကို ချစ်တာ သိလားဟင်...”
မို့ မျက်ဆံလေးတွေ ကျယ်သွားပြီး ရင်တွေ ဆောင့်ခုန်လာရတာ..ဒါ အိမ်မက်များလား...စိတ်ကို တင်းထားနေပေမဲ့ ရှက်သလိုလို မနေတက်သလိုလို...။
“သိဘူး..”
“ဟင်...”
“ကိုကို က တစ်ခါတည်း  ပြောပြီး...ခုမှ တစ်ခါ ထပ်ပြောတယ်”
“အဲ့ တစ်ခါတည်းတောင် ကိုကို့မှာ မြိုသိပ်ချူပ်တည်း ထားတဲ့ကြားက ဒေါသကြောင့် ပွင့်ထွက်သွားခဲ့တာ...”
“အဲဒါဆို ကိုကို က မပြောဖို့ ဆုံးဖြတ်ထားတာပဲ..”
“ဟုတ်တယ်..”
“တွေ့လား...”
မို့ စိတ်ဆိုးလို့ လက်ထောက်ပြီး နောက်ကို ဆုတ်လိုက်တော့ ကိုကို က ပြန်ဆွဲဖက်ပြန်သည်..။
ကိုကို့ ဖက်ပုံကလည်း အရင်လို ခပ်ဖွဖွ မဟုတ်ပဲ ကြမ်းကြမ်းတမ်းတမ်း သဘောမျိုး အတင်းဆွဲလား ရမ်းလား ဖက်နေသလို...။
မို့ လျှောက်တွေးမိရင်း ရင်တွေ ဆောင့်ခုန်လာပြီး ကြောက်ချွေးလေးစို့လာရသည်..။
“ကိုကို လွှတ်ပါ..မို့ မနေတက်တော့ဘူး..ကိုကို က အတင်းပဲ...”
“မို့ရယ်..”
ကိုကို က မို့ကို ရင်ခွင်ထဲ ထည့်ထားပြီးတာတောင် တမ်းတမ်းတတ ခေါ်နေတော့ မို့ စိတ်တွေ ကြည်နူးလာသည်..။
ဖက်ထားတာ နည်းနည်းလျော့သွားတော့ ရင်ခွင်ထဲက နေပြီး ကို့ကို မျက်နှာလေးကို မော့ကြည့်မိတာ ကိုကို ကလည်း ငုံ့ကြည့်နေတာနဲ့ တိုးသွားတော့ နှလုံးခုန်နှုန်းတွေ စိုးရိမ်အမှတ်ရောက်ကုန်ပြီ ..။
“မို့...”
“အင်...”
“ကိုကို ချစ်တဲ့ နှုတ်ခမ်းလေးတွေ နဲ့ ပြောပါအုံးလား..”
“ဘာပြောရမှာလည်း ကိုကိုရဲ့...”
“ချစ်တယ်ပြောပေါ့...ကိုကို့  အသက်ရယ်...”
“အိုး...”
ကိုကို နှုတ်ဖျားက ထွက်လာတဲ့ အနုအရွ စကားလုံးလေး ကြောင့် မို့ အံသြလွန်းလို့ အသက်ရှုဖို့ရန် မေ့နေရ၏..။
“အသက် ဆိုတာ ဘယ်သူ နဲ့ မှားတာလည်း..”
အကြင်နာ မျက်၀န်းတွေကို တွေ့နေရဲ့သားနဲ့ မို့ မျက်နှာလေး တည်ပြီး နှုတ်ခမ်းစူခါ အတွန့်လေးတက်လိုက်သည်..။
မိန်းကလေးတို့ ဆိုသည်မှာ ရင်ထဲမှာ သိနေသော်လည်း..မသိချင်ယောင်ဆောင်လို့ ရစ်တက်သည်လေ..ကိုကိုရဲ့...။
“မို့...ဆိုတဲ့...ကိုကို့ အသက်...ကိုကို့ အသည်း.....ကိုကို့ နှလုံးသားကို ပဲ့ကိုင်အုပ်ချူပ်ထားတဲ့ ဘုရင်မလေး ကိုကို့ ရဲ့ အချစ်ရဆုံး  ဟောဒီက ကောင်မလေးပေါ့ကွာ...”
ကိုကို က ဒီလို နူးညံ့ ညင်သာ ချိုမြတဲ့ ချစ်စကားတွေ ပြောတက်မှန်း အတူတူ နေလာတာ ကြာပြီ ဖြစ်တဲ့ မို့ မသိခဲ့ရပါ...။
“ပြောပါ မို့ရယ်...ချစ်တယ်လို့လေ...”
ကိုကို့ အသံက စိတ်မရှည်တာလည်း မဟုတ်..ဒေါသကြောင့်လည်း မဟုတ်ဘူး.....နူးညံ့ညင်သာခြင်း နဲ့ အတူ ဆွေးရိပ်သန်းနေတော့ မို့ ငိုချင်လာသည်..။
“ကိုကို ဘာဖြစ်လို့လည်းဟင်..”
ကိုကို က သတိလစ်နေသူ တစ်ယောက် သတိ၀င်သွားသလို တစ်ချက်တွန့်ပြီး မို့ ကို ငုံ့ကြည့်ခါ ပြုံးပြသည်..။
ပြီးနောက် အကြည့်လွဲခါ မို့ ဆံပင်လေးတွေ ကို ကြည့်ပြီး အပြုံး နဲ့အတူ  တယုတယ သပ်တင်ပေးရင်း...
“မဖြစ်ပါဘူး...”
“မို့ မိဘတွေ ဆီကို မသွားချင်ဘူးလား..”
“ဟင့်...စိတ်မကောင်းဘူး..ဘာမှ မလိုချင်ပေမဲ့ တွေ့ချင်တယ် တောင်းပန်ချင်ပါတယ်.....မို့ အရမ်းသတိရတာပဲ...မေ့ထားရင် မေ့ထားလို့ရတယ်..တွေးမိရင် သတိရလွန်းလို့ ငိုချင်လာရော...”
မာမီ နဲ့ ဒယ်ဒီ့အကြောင်း ခေါင်းထဲ ရောက်လာပြီး မို့ မျက်ရည်တွေ ဝဲတက်လာတော့ ကိုကို က မို့ ပါးလေးကို လက်ညိုးကွေး၍ ပွတ်သပ်ရင်း ခေါင်းညိတ်ပြုံးပြီး..
“ကိုကို မနက်ဖြန် လိုက်ပို့ပေးမယ်နော်...အိမ် အထိတော့ မဟုတ်ဘူး...အရင်အတိုင်း နှစ်အိမ်ကျော်လောက်အထိပေါ့လေ...”
“ကိုကို ဘာဖြစ်နေတာလည်း ဟင်...မို့ မိဘတွေဆီ သွားရင် ခြေထောက်ကို ရိုက်ချိုးမယ်ဆို..”
“အိုး...မို့ကလည်း..မို့ဖျားပြီး ငိုနေတာကို ကိုကို ဖုန်းခေါ်ပေးတယ်လေ...သူတို့ဘာပြောလည်း မို့လည်း ကြားတာပဲ သမီး မရှိဘူးဆိုတော့ ကိုကိုက ဒေါသထွက်တာပေါ့...”
“မာမီကို ဒေါသ မထွက်ပါနဲ့ အဲဒါ ကိုကို ကြောင့်လေ...”
ကိုကို က ပြုံးပြီး ခေါင်းမညိတ်ခေါင်းမခါပဲ  သူ့ ရင်ဘတ်ပေါ်က မို့ လက်ကို ဆွဲယူပြီး လက်မနဲ့ ခပ်ဖွဖွ ပွတ်နေသည်..။
“အိုး...မို့ လက်ကလေးတွေ ကိုကို့ဆီ ရောက်မှ ပိုကြမ်းလာတယ်...အရင် က ချောင်းသာမှာ ကိုင်တုန်းက နူးညံ့နေတာပဲ ကိုက်တုန်းကလေ ခွေးမလေး မှတ်မိလား..”
မို့ ပြန်စဉ်းစားလို့ မရပေမဲ့ ကိုကို က သူ့လက်ဖျံကို စောင်းပြတော့ မို့ ကြည့်လိုက်တာ အသားဖြူလွန်းတဲ့ နေရာမှာ အနီစက်ကလေး လေးစက်သာ ရှိသည်..။
“ဒါ....မို့ ကိုက်တာ....အိုး...အိုး...ကိုကို့ လက်တွေ ဘာလို့ တုန်နေတာလည်း..”
တုန်နေတဲ့ ကိုကို့ လက်ကို မို့ အလန့်တကြားဆုပ်ကိုင်ပြီး ကိုကို့ ကို မော့ကြည့်တော့ ကိုကို က မျက်လုံးမှိတ်ပြီး အောက်နှုတ်ခမ်းကို သွားနဲ့ ကိုက်ထားပြန်သည်...။
မေမေ ပြောပြဖူးတာ
ဒါ ကိုကို စိတ်လှုပ်ရှားတိုင်း လုပ်နေကျ အကျင့်တစ်ခု...။
“ကိုကို...”
မို့ လက်ထဲက ကိုကို့ ဘယ်လက် ငြိမ်သွားတော့ မှ ကိုကို က မျက်လုံးဖွင့်ပြီး ပြုံးပြသည်...။
“ကိုကိုတော့ မဟုတ်တော့ဘူး..ညနေကလည်း စောပြန်လာတယ်...တစ်ချိန်လုံး မို့ အနားကိုချည်း လိုက်ကပ်နေပြီး..အခုလည်း အတင်းတင်း ဖက်နေတယ်.....ကိုကို နှာဘူးထနေတာလား...”
“ဟမ်...”
ကိုကို က မို့ စကားကြောင့် ခဏကြောင်သွားပြီးမှ သဘောပေါက်သလို ပြုံးရင်းက အော်ရယ်တော့သည်...။
အသံကျယ်ကျယ်နဲ့ အော်ရယ်နေလို့ မို့ လက်ဝါးနဲ့ ပိတ်ထားတာတောင် ပခုံးတွန့်ပြီးရယ်နေဆဲ...။
မိနစ်ပိုင်း ကြာမှ ကိုကိုက မို့လက်ကို ဆွဲဖယ်ပြီး..မို့ မေးဖျားကို ဆွဲမော့ယူသည်..။
“ကိုကို့ ကို ကြည့်စမ်း..”
“ဟင်..”
“မို့ က ကလေးလား...”
“မဟုတ်ပါဘူး...ကလေး လို ဆက်ဆံလာရင်လည်း ကြိုက်ဘူး..”
“မို့ ကလေး မဟုတ်ဘူးပြောတယ်နော်...ဒါဆို ခံနိုင်ရည် ရှိရတယ်....တစ်ခုခု ခံစားရတိုင်း မငိုရတော့ဘူး...”
“မငိုပါဘူး..ကိုကို အော်ရင် ပြန်အော်ရဲလာပြီ...”
“ဒါတော့ ကောင်းဘူး...”
“မရဘူး..မငိုရရင် အော် ပစ်မှာပဲ...”
“ဟား..ဟား...ကောင်းပါတယ်....”
“မို့ရယ်..မို့က ကိုကို ပိုင်ဆိုင်မှု တွေထဲမှာ အဖိုး အတန်ဆုံး တန်ဖိုးအထားရဆုံး ပါကွာ...”
“ကိုကိုရယ်...”
မို့ ကိုကို ရင်ခွင်ထဲကို ခေါင်းတိုး၀င်ပြီး ကိုကို့ ရင်ခုန်သံကို နားစွင့် ကြည့်သည်..။
ကိုကို က မို့ ကိုယ်လေးကို ခွါပြီး မို့ မျက်နှာကို လက် နှစ်ဖက်နဲ့ ဆွဲမော့ယူသည်...။
မို့ ကြောင်စီစီ လေး ဖြစ်နေချိန် ခေါင်းငုံ့ပြီး နမ်းလိုက်တာ မို့ မှာ မယုံနိုင်လို့ မျက်လုံးလေးသာ ပိုပြုးထွက်သွားရသည်..။
စက္ကန့်ပိုင်းလေး အတွင်း ရင်ထဲ ကြည်နူးမှုလေး အစပျိုးရုံ ရှိသေးသည် ကိုကို က ခေါင်းကို နောက်ပြန်ဆုတ်ပြီး မို့ကို ရင်ခွင်ထဲ က ဆွဲထုတ်သည်..။
“ဘာလို့လည်း ကိုကိုရဲ့..”
မို့ မှာ မရှက်နိုင် မကြောက်နိုင်ပဲ ကိုကို နောက် တစ်ကြိမ် ထပ်နမ်းပေးဖို့ တောင်းဆိုချင်လာသည်...။
အချိန် အကြာကြီး မျှော်လင့်လာမိတဲ့ ချိုမြိန်မှုကို ဘာမှန်း မသိ ကြောင်နေရင်း စက္ကန့်ပိုင်း အတွင်းပြီးဆုံးသွားရတာ မကျေနပ် မရောင့်ရဲ နိုင်ပါ...
ကိုကိုကလည်း ယောင်္ကျားလေး ဖြစ်ပြီး ဘာလို့ ဒီလောက် တွန့်ဆုတ်နေရတာလည်း...။
“ကိုကို...”
မို့ ငုတ်တုတ်ထထိုင်ပြီးမှ ကိုကို့ မျက်နှာအပါးကို ငုံ့လိုက်တော့ ကိုကိုက ကျောခိုင်းပစ်လိုက်သည်..။
ဘာလုပ်တာလည်း...။
“ကိုကို...”
“ကိုကို အိပ်ချင်ပြီ ...မနက်စောကြီး ထရအုံးမယ်လေ..မို့လည်း ညနက်အထိ ဂိမ်းမဆော့နဲ့နော်...”
မို့ စိတ်ထဲ မကျေနပ်လွန်းလို့ ထုရိုက်ပစ်ချင်လောက်အောင် ဒေါသထွက်လာရသည်...။
သူ့ စတွေ့ကတည်းက မို့ကို ဆွဲဆောင်မှု မရှိသူ  စိတ်မ၀င်စားလို့ မျက်လုံးထဲ ဘောင်မ၀င်သူ တစ်ယောက်လို ဆက်ဆံသည်..။
စိတ်ဆိုးလို့ ကျောခိုင်း အိပ်ပစ်လိုက်ပြီး အိပ်ပျော်လုလု  ဖြစ်နေချိန် ရှိုက်သံ တစ်ချက်ကြားတော့  ကိုကို့ ဘက်လှည့်မိသည်..။
ခေါင်းရင်းက ကြာပန်းမီးအိမ်လေးရဲ့ အလင်းရောင် အောက်မှာ ရှေ့က ကိုကို့ ကျောပြင်ကိုပဲ စူးစိုက်ကြည့်ရင်း ပခုံး နဲ့ ကျောတွေ တုန်နေတာလား...။
မို့ ရှေ့ကို ခေါင်းတိုးသွားချိန်...
“အဟွတ်....အဟမ်း...အဟမ်း...”
“အိုး...ချောင်းဆိုးတာတောင် အရှိန်ယူရသေးတယ်...တကယ့် လူဝံ့ကြီး အတိုင်းပဲ...”
မို့ မျက်စောင်းထိုးပြီး ကျောခိုင်းးလိုက်ခါ  အမြင်ကပ်လို့ တစ်ယောက်တည်း စောင်နှစ်ထည်စလုံး ဆွဲယူခြုံပစ်လိုက်သည်...။
ဟွင့် မရလည်း နေပေါ့လေ...နေ့တိုင်း ကိုကို အိပ်ပျော်မှ မို့အိပ်တာ နောက်နေ့က စပြီး တစ်နာရီလောက် အသက်ရှုလို့ မရပဲ လန့်နိုးအောင်ကို နမ်းပစ်မယ်...။
အရင်က မို့ ဖုန်းနှိပ်ပြီးလို့ အိပ်ခါနှီးတိုင်း ကိုကို က တခူးခူး အိပ်ပျော်နေပြီ ိ...အိပ်ရင် ဘယ်သော အခါမှ
စောင်မခြုံတဲ့ကိုကို က အိပ်ပျော်နေရင်တော့ အရပ်ရှည်ရှည်မှာ  ဒူးနဲ့ ခေါင်းတိုက်အောင်ကို ကွေး အိပ်သည်..။
မို့ သနားလို့ နေ့တိုင်း စောင်ခြုံပေးနေရတာ  မိုးလင်းရင် မို့က သူ့ကို ဘယ်လို ကန်တဲ့ အကြောင်း ဘယ်လို တံတောင်နဲ့ တွတ်လိုက်ကြောင်းတွေသာပြောပြမည်...။
ကိုကို့ ကို ဘယ်သူ စောင်ခြုံပေးတာလည်း ဆိုတာမျိုး တစ်ခုမှ မပါ...။
“အဲဒါမျိုးတွေပေါ့ စိတ်ဆိုးတာ..”
စိတ်ထဲက အတွေးတွေက အလိုမကျစွာ နှုတ်က ပွစိပွစိ ရေရွတ်ရင်း မျက်လုံး စွပ်မှိတ်အိပ်ပစ်လိုက်သည်..။
.
“ကိုကို ရပြီ...”
မာမီတို့ဆီသွားမလို့ ပြင်ဆင်ပြီးထွက်လာတော့ ကိုကိုက အလိုမကျစွာဖြင့်
“.ကိုကို ၀ယ်ပေးတဲ့ အဖြူလေး ဘာလို့ မ၀တ်တာလည်း..”
“အဲဒါက မစိုးမေ ယူသွားတာ လာမပေးသေးဘူးလေ...”
“ဟာ..မဟုတ်သေးပါဘူး..”
ကိုကို က မျက်ခုံးတွန့်ပြောရင်း ဖိနပ်စီးပြီး အပြင်ပြန်ထွက်သွားသည်..။
“ကိုကို..”
“ခဏပဲ...ပြန်လာမယ်...”
“ဟွင့်..”
ကိုကို ရဲ့ ခဏ ကို မစောင့်နိုင်လို့ မို့ ခုံမှာ ထိုင်ပြီး ဖုန်းဂိမ်းဆော့နေလိုက်သည်...။
ဆယ့်ငါးမိနစ်ကြာတော့မှ ကိုကို က အိတ်တစ်လုံးကို ရင်မှာ ပိုက်ပြီး ၀င်လာသည်...။
“ဘာတွေ လည်း ကိုကို...”
“မို့ အကျီ င်္လေ..မစိုးကလည်း မအားလို့ ကိုကို ကိုယ်တိုင်လျှော်ပြီး စက်နဲ့ ညှစ်ပေးလိုက်တာ..သူက မီးပူထိုးပေးတယ်..”
“အိုး...ကိုကို ကလည်း..ဒါမှ ဘာလို့...”
“မို့ လာတုန်းက အကျီ င်္ပဲ ပြန်၀တ်သွားရတာ ကိုကို ဘယ်ကောင်းမလည်း..”
“အင်း..လဲလိုက်ပါမယ်ရှင်...”
ကိုကို လှမ်းပေးတဲ့ အကျီင်္ ကို အပေါ်တက်မလဲချင်လို့ အမေ့ အခန်းထဲ့ ၀င်လဲလိုက်ပြီး ချွတ်တဲ့ အကျီ င်္ကို အိတ်ထဲ ထည့်ယူခဲ့လိုက်သည်..။
“ပေး..”
“ဟင်...”
“သြော်...လျှော်စရာမှ မလိုတာ မို့ရဲ့..”
“အင်း..”
ကိုကိုက မို့ အကျီင်္ ကို လှေကားခြေရင်းက ချိတ်မှာ အိတ်လိုက်ချိတ်ပြီး..ပြန်ထွက်လာသည်..။
“ကိုကို ဒီ..ဖိနပ်...”
“ဒါလေး ၀တ်သွားနော်...”
“အိုး..ကိုကို ကလည်း နာလိမ့်မယ်..”
“မို့က ကားနဲ့ သွားမှာပဲကွာ..မနာပါဘူး..ခဏပါပဲ..လိမ်မာပါတယ်...၀တ်လိုက်နော်...”
ကိုကို ကိုယ်တိုင် မို့ ခြေထောက်ကို ကိုင်ပြီး ၀တ်ပေးနေတော့ မို့ ဖိနပ်လေးကို မငြင်းတော့ပဲ ပြုံးရင်း လက်ခံလိုက်ရသည်..။
အိမ်ရှေ့တံခါး သော့ခတ်ပြီးတော့ လျှောက်နေရင်း ကိုကို က မို့ လက်ကို ရုတ်တရက်ဆွဲလိုက်သည်..။
“ဟင်..”
မျက်တောင် ပုတ်ခတ်လုပ်ပြီး အောက်နှုတ်ခမ်းကို ကိုက် ရင်း မို့ ဆံပင်လေးတွေကို သေချာ ခွဲပေးသည်..။
ဆံပင် နားနောက်ကို ပို့ပေးပြီး ငုံ့ကြည့်ချိန် မို့ ကြည့်နေတာ တွေ့တော့ ကိုကို က ပြုံးပြသည်...။
“မို့ ဆံပင် ဘယ်ဆိုင် မှာ ညှပ်တာလည်း ...ကိုကိုသာ စောစော သိခဲ့ရရင် သွားကောက်ပြီး သိမ်းထားမိမှာ..မို့ ဆံပင်လေးတွေက တအား နူးညံ့တာပဲ...”
“ဟွန့်...ပေါင်းဆေးတွေကြောင့်ပါ ကိုကိုရဲ့...”
“ကဲလာ...”
ကိုကို က မို့ လက်ကို ဆုပ်ကိုင်ပြီး ကားဆီခေါ်လာတော့ မို့ က ခြံတံခါးသော့ပိတ်ရသေးသည်..။
“သော့ပေး..”
“ဟင်..မို့ ပြန်လာမှာလေ...”
“သြော်..ကဲ...အမေ ပြန်လာတော့ သော့မရှိရင် ဘယ်လို၀င်မလည်း..ကိုကို လက်ဖက်ရည်ဆိုင်ကို ပေးခဲ့မယ်.”
“အင်း..”
မို့ ခေါင်းညိတ်လိုက်ပြီး ကိုကို့ လက်ထဲကို သော့တွဲကို ထည့်ပေးလိုက်သည်..။
အိမ်နဲ့ နီးတဲ့ လမ်းကို ရောက်လာတော့ မို့ လက်ဖဝါးလေးမှာ ချွေးစေးတွေ ထွက်လာပြီး ရန်ခုန်နှုန်းလည်း မြန်လာရသည်...။
“ကိုကို..မို့ ကြောက်နေတယ်...”
“ဘာဖြစ်လို့လည်း..မို့ရဲ့..”
“မသိဘူး...ကြောက်တယ်...မသွားချင်တော့ဘူး..”
“မဟုတ်တာ...တွေ့လိုက်ပါ တစ်ခုခု ဆို ကိုကို့ ကို ဖုန်းဆက်လေ..ကိုကို နာရီ၀က်လောက် စောင့်နေပါမယ်...”
“အင်း...”
မို့ အားရှိသွားလို့ ခေါင်းညိတ်ပြီး အဖြေပေးတော့ ကိုကို က ကားဖြည်းဖြည်းမောင်းရင်း မို့ ခေါင်းကို သပ်နေသည်..။
“ကိုကို ကလည်း ပွကုန်တော့မယ်...”
“အိုး...ဆောရီး ...ယောင်သွားလို့...ကဲပြောပါအုံး...ကိုကို့ ကို ချစ်ရဲ့လား..”
“ချစ်တာပေါ့လို့..ကိုကိုရော...”
“ကိုကို အရမ်း ချစ်တာ မို့ သိပြီးသားပါ...”
“ဟွင့် သူများစကားကြီး ..”
ကိုကို့ ကို  မျက်စောင်းထိုးပြီး ကြည်နူးစွာ အပြုံး တစ်ခုဖြစ်သွားသည်...။
“သွားတော့မယ်...”
“အင်း....”
မို့ ကားပေါ်က ဆင်းပြီးမှ တစ်ခု မေ့ခဲ့လို့ ကိုကို့ ဘက်က မှန်တံခါးကို ခေါက်လိုက်သည်..။
မှန်ကျသွားပြီး ကိုကို က စိုးရိမ်တဲ့ မျက်လုံးတွေ နဲ့ ကြည့်နေတော့ မို့ လက်ယက်ခေါ်လိုက်တာ ခေါင်းထုတ်လာသည်..။
ကိုကို့ ပါးကို နှုတ်ခမ်းနီ အရာထင်အောင် နမ်းလိုက်ပြီး မှ တရှိန်တိုး ပြေးထွက်လာခဲ့လိုက်သည်..။
“မို့.”
ခေါ်သံကြားပေမဲ့ ရှက်လွန်းလို့ အိမ်၀ဆီ ရောက်အောင်သာ ခပ်သွက်သွက်လေး လျှောက်လာခဲ့သည်..။
“တင်တောင်....တင်တောင်...”
ခြံတံခါး အစိမ်းညို ကြီးကို မတွေ့တာကြာလို့ မော့ငေးနေမိရင်း ခဏ ကြာတော့ တံခါးပွင့်လာသည်..။
“ဟယ်...သမီး...”
“တီတီနု..”
“အိုး..သမီးရယ်....လာလာ...၀င်...”
မို့ အိမ်ထဲ ၀င်ခါနီး လှမ်းကြည့်လိုက်တော့ ကိုကို့ ကားလေး ရှိသေးတာနဲ့ တာတာ့ ပြပြီး အိမ်ထဲ ၀င်လာခဲ့လိုက်သည်...။
“မို့ ....သမီးလေးရယ်..နေနိုင်လိုက်တာ..”
“ဝိုး အိမ်ကြီးက အရင်အတိုင်းပဲ..”
မို့ ခေါင်းတွေ လည်ပတ်ကြည့်ရင်း စိတ်ကြည်နူးစွာ ပြုံးနေမိသည်..။
ဆိုဖာကြီးပေါ် ပြန်ထိုင်လိုက်ရချိန် ပျော်ရွှင်မှုတွေ လွတ်လပ်မှုတွေကို ပြန်ခံစားနေရသည်..။
ထမင်းစားခန်းဝင်ကြည့်လိုက် ခြံထဲက ပန်းပင်တွေ လျှောက်ကြည့်လိုက်နဲ့ နာရီဝက်လောက်ကြာတော့ ဧည့်ခန်း ထဲပြန်ဝင်လာခဲ့လိုက်သည်။
“နုနု ဘယ်သူလည်း..”
လှေကားကဆင်းလာတဲ့ မာမီက မို့ကို မမြင်ပဲ မေးနေတော့ ခုံက ထလိုက်ပြီး...
“မို့ပါ မာမီ...”
မာမီ က မို့ ကို ကြည့်ပြီး အံသြနေသည်...။
လာ လို့လည်း မခေါ်သလို ပြန်လို့လည်း မနှင်ပါ...။
သားအမိ နှစ်ယောက် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်နေစဉ် မာမီ့ ဖုန်းက ၀င်လာသည်..။
မာမီက ဖုန်းကို တစ်ချက်ကြည့်ပြီး မျက်မှောင်ကြုတ်ခါ ကိုင်လိုက်၏.။
“သမီးရယ်...တီတီနုတော့ ပျော်လိုက်တာကွယ်...”
“မို့လည်း သတိရနေတာပါ..”
.
“အင်း...ရောက်ပြီ..”
“မင်း ဘက်က သေချာလား..”
“ဟုတ်ပြီလေ.....ဒါပါပဲ...”
မာမီ က အလုပ်ကိစ္စပြောတိုင်း တိုတို နဲ့ မြန်မြန် ပြောတက်ပေမဲ့ ဒီ တစ်ခါ ပိုမြန်ပါသည်..။
ဖုန်းကို လက်က ကိုင်ပြီး ရှေ့တိုးလာခါ ရုတ်တရက် ဖက်လိုက်တော့ မို့ ပျော်လွန်းလို့ ငိုမိတော့သည်...။
.
“မို့ရယ်...ကိုကို ခေါ်နေတာကို ဘာလို့ ကျောခိုင်းပြေးရတာလည်းကွာ....”
မို့သာ ခေါ်လိုက်ချိန် ပြန်လှည့်လာရင် ကိုကို ကားပေါ် ပြန်တင် ပြီး ခေါ်သွားမိမှာအသေအချာ...။
မတူမတန်လို့ သတ်မယ်ဆိုရင်တောင် မို့ ကို ပြန်မပေးချင်တော့ပါ...။
မို့ ပင်ပန်းတာ ကိုကို  သိပေမဲ့ မို့ ကိုကို့ ဘေးမှာ မရှိတော့ဘူးဆိုတာ တွေးမိရင် ခြောက်ခြားရတယ် မို့ရယ်...။
အသည်းနှလုံးတွေ နာကျင်ရတယ်ဆိုတာ ကိုယ်တိုင် ခံစားရချိန်မှာ ပြေမပြတက်အောင်ပင် ....။
ရင်ဘတ်ထဲ က အောင့်သပ်သပ် ဖြစ်နေပေမဲ့ နာရီ ၀က်ကြာအောင် စောင့်နေလိုက်သည်...။
နာရီ၀က်ကြာသည် အထိ မို့ ဆီက အကြောင်းပြန်မလာတော့ စိုးရိမ်စိတ်နဲ့ အတူ ဖုန်းဆက်လိုက်မိ၏..။
မို့ရဲ့ သာယာ ကြည်နူးနေတဲ့ အသံလေး တစ်စွန်းတစ်စ ကြားရတော့မှ စိတ်ပူတာလျော့သွားရခါ ကားနောက်ခုံက စာအိတ် အညိုရောင်ကို ဆွဲယူလိုက်သည်...။
ဒီအိမ်ထဲကို ဘယ်တုန်းက မှ မရောက်ဖူးပါပဲ ဒီအိမ်က ကောင်မလေးကို ပိုင်ဆိုင် ခဲ့ရတာ အိမ်မက်ဆန်လှပါသည်..။
စာအိတ်ကို ကွန်ကရစ်တုံးမှာ ဖောက်ထားတဲ့ အံလေးထဲကို ထည့်လိုက်ချိန် နှလှုးသားမှာ အောင့်သပ်နာကျင်လွန်းလှပါသည်...။
ရွှေဘုံနန်းစံ မင်းသမီးလေးရယ်...နေရစ်တော့ကွယ်....။

☆━━━━━━━━━━━━━━━☆

ဒီနေ့တော့ တော်တော် အားနာတယ်
ရေးပြီးချိန်မှ မတရားကြီး ပိုးစိုးပက်စက် ရှည်လျားထွေပြားနေတယ်...💔😭
ဘယ်လိုလုပ်ရမလည်း မသိတာနဲ့ ဒီတိုင်း တင်လိုက်ပြီနော် အဆင်မပြေ ဖြစ်သွားရင် ဆောရီး 🙏

အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်

Love U all ❤
#စပိုက်ကာ

နန်းထိုက်ပန်းမို့Where stories live. Discover now