နန်းထိုက်ပန်းမို့
အပိုင်း (၂၁)
#နန်းထိုက်ပန်းမို့“မို့ပြန်တော့မယ်...မာမီ...”
“ဟင်...ပြန်မယ်...”
“အင်းလေ....ညနေ ၆နာရီတောင် ရှိပြီ..”
မာမီ နဲ့ တစ်နေ့ကုန် မုန့်စားလိုက် စကားပြောလိုက်ဖြင့် အချိန်တွေက ကုန်မှန်း မသိကုန်သွားရတာ မာမီက မယုံနိုင်သလို နာရီ ကို မော့ကြည့်သည်.။
မာမီ့ကို နှုတ်ဆက်ပြီး အခန်းထဲက ထွက်လာတော့ မာမီ က မို့ လက်ကို ဆွဲထားသည်..။
“ဒီည အိမ်မှာ အိပ်ပါလား မို့ရယ်...မာမီ...မို့နဲ့ အိပ်ချင်တယ်ကွယ်.....ဒက်ဒီလည်း မို့ ကို တွေ့ရင် ပျော်သွားမှာလေ...”
“ဒါဆို..ကိုကိုက...”
“အမ်းပါ...သမီး ကိုကို သဘောပေါ့လေ...မာမီက မပိုင်တော့ဘူး...ဖုန်းဆက်ပြီး ခွင့်တောင်းကြည့်ပေါ့...”
မို့ ခေါင်းညိတ်ပြီး ဖုန်း ထုတ်ဆက်လိုက်တော့ မာမီက အာရုံစိုက်ပြီး သေချာ ကြည့်နေသည်..။
“ဟလို....ကိုကိုလား...”
“အင်း..”
ကိုကို အသံ က လည်း အိပ်ချင်မူးတူး ထူးသံ ကြီး နဲ့ ညနေ ပိုင်း ကားပေါ် မှာ အိပ်နေပြန်ပြီ ထင်ပါရဲ့...။
“မို့ ဒီည မာမီတို့ အိမ်မှာ အိပ်ချင်လို့...”
“ကိုကိုကေရာ...”
“ကိုကို ကလည်း မို့ အခန်းလေးကို လွမ်းလို့ပါ....မို့ အိပ်ယာလေးမှာ တစ်ညအိပ်လိုက်မယ်နော်....မတွေ့တာကြာလှပြီလို့....အိုး..မာမီတို့ကလေ ဒီတိုင်း ထားတယ်..သလား ကိုကို...မို့ အရုပ်လေးတွေ အ၀တ်အစားတွေ အားလုံး ဒီတိုင်းပဲ ”
“အင်း..အင်း..ဒါပဲနော်...”
“ကိုကို အိမ်မှာလား.....ဟ...ကိုကို....ကျစ် ဖုန်းချသွားပြီ...”
မာမီ က ပြုံးပြီး ကြည့်နေတော့ မို့ ပြန်ရယ်ပြပြီး ဖုန်းကို ဘေးချထားလိုက်ရသည်..။
.
ဆန်နီ လေးကန်နေတဲ့ ခြေလှမ်းတွေနဲ့ အတူ အိမ်ထဲကို ၀င်လာရတာ
ကိုကို ပြန်လာပြီ မေမေရေ လို့ သတင်းပေးမဲ့ ကောင်မလေး မရှိတော့ပါ..။
ဘာတွေ၀ယ်လာလည်း...ဘာလို့ ပါမလာလည်း ဆိုတဲ့ စကားလေးတွေ မရှိနိုင်တော့ပါ...။
“ကျွန်တော် ပြန်ရောက်ပြီ..”
“ဟင်...မို့ ဘယ်မှာလည်း...”
“သူ့ အမေအိမ်မှာ အိပ်မယ်တဲ့.....”
“ဟယ်...ဟုတ်ရဲ့လား...ဟိုဘက် က လက်မခံဘူးဆို...”
“နေမကောင်းလို့ ခေါ်တာပါ..”
“သြော်...”
အမေရဲ့ သြော် မဆုံးခင် ဆန်နီ ကျောခိုင်းပြီး လှေကားဆီ လျှောက်လာခါ လှေခါး ချိတ်က အိတ်ကိုပါ ဖြုတ်ယူပြီး အပေါ်တက်လာခဲ့လိုက်သည်..။
အရင်က ဖုန်းမဆက်ရရင် မနေနိုင်တဲ့ မို့က ည ၇နာရီ မှ ဖုန်းဆက်ပြောလာတဲ့ စကားကြောင့် ရင်ထဲ စူးရှ နာကျင်သွားရသည်..။
အခန်းလေးထဲ ရောက်တော့ ခါးကို ဖက်ပြီး ရင်ခွင်တိုးတက်တဲ့ မို့ကို သတိရပြန်ပြီ...။
သူ့ အခန်းလေး သူ့ အိပ်ယာလေး မှာ သူ ပျော်နေပြီပဲ....
ကိုကို့ ကြွက်တွင်းခန်းလေး အမြဲ ရှုပ်ပွနေပြီး စောင် နှစ်ထည် ဖျာ တစ်ချပ် သာ ရ၇ှိတဲ့ အိပ်ယာ ထက်တော့ သာမှာပါ မို့ရယ်...မို့ ကောင်းကောင်းအိပ်ရတော့ အိမ်မက်ကလေးတွေ လည်း လှမှာပါ...မို့ ပျော်အောင်နေပါ...။
သွားခါနီး ချွတ်ပြီးထားခဲ့တဲ့ တီရှပ်အပွ အဖြူ နဲ့ ဘောင်းဘီ ဒူးကျ ကို ခေါက်ရင်း သတိရလာပြန်သည်..။
ခေါင်းကို ခါယမ်းပစ်ပြီး အကျီ ထည့်တဲ့ သေတ္တာထဲ ထည့်လိုက်တော့ အ၀တ်အစား ကောင်းကောင်းဆို အမေ ၀ယ်ပေးတဲ့ ဂါ၀န် နှစ်ထည်သာ ရှိသည်..။
ဆန်နီ မျက်လုံးပြူးလောက်တဲ့ စျေးနှုန်းတွေနဲ့ ၀ယ်ထားတဲ့ အတွင်း၀တ်ကလေးတွေ က အရောင်မွဲနေပြီ..။
ကိုကိုက တာ၀န် မကျေတဲ့ ယောင်္ကျား...ကိုကို က မသိတက်တဲ့ ယောင်္ကျား....။
အိပ်ယာပေါ် လှဲအိပ်ရင်း ရင်ခွင်ထဲမှာ လစ်ဟာနေသည့် အရာကို ဘာတွေနဲ့ အစားထိုးရမလည်း...။
ထောင့်စွန်းမှာ ခပ်စောင်းစောင်းကျနေတဲ့ ခေါင်းအုံးလေးကို ပွေ့ပိုက် အစားထိုးလိုက်ရင်း မို့ ဆံပင်က အနံ့ သင်းသင်းလေး ကို နမ်း ရှိုက်မိသည်..။
“ကျစ်..”
မျက်ရည်တွေ ခေါင်းအုံးပေါ် တစ်စွန်းတစ်စ ကျလာတော့ ဆန်နီ စိတ်မရှည်စွာ ဖိသုတ်ပစ်လိုက်သည်...။
မနေ့ည က တစ်ညလုံး ကျထားတာတောင် ကျန်နေသေးတော့လည်း အံသြရသည်...။
ငိုပါများရင် မျက်လုံးကိုက်တယ်..ခေါင်းကိုက်မယ်...မျက်လုံးမို့မယ်..
ဒါတွေက အလကားပါ...။
မျက်ရည်တွေ ဆိုတာ ရင်ထဲက ခံစားမှုအတိုင်း စီးကျနေတာလေ....။
မို့ အိပ်ပျော်နေပြီလား...။
ဆန်နီ ငုတ်တုတ် ထထိုင်လိုက်သည်..
“မင်း ယောင်္ကျားပဲ ပြတ်သားသင့် ပြတ်ပြတ်သားသားပေါ့...”
ကိုကို ခဏခဏ မပြောခဲ့တဲ့ ချစ်ပါတယ် ဆိုတဲ့ စကားလုံးတွေ က မို့ ကို ချည်နှောင် မိသလို ဖြစ်မှာစိုးလို့ပါ..။
ကိုကို ချစ်လို့ ....မို့ ကို သနားလွန်းလို့ ...အခုလို လုပ်ရတာပါ ကိုကို့ ကို မုန်းမသွားပါနဲ့နော်...။
ခေါင်းအုံးလေးကို ငုံကြည့်ပြီး အတွေးစကားတွေ နှုတ်ဖျားက ထွက်သွားတော့ ကိုယ့်ကိုယ် ကို ရူးသွားမှာ စိုးရိမ်နေရပြီ....။
အောက်ထပ် ဆင်းလာတော့ တစ်အိမ်လုံး တိတ်ဆိတ်နေပေမဲ့
မီးဖိုခန်းဘက်က မီးပျပျ လင်းနေတော့ မန်နီ မအိပ်သေးဘူးဆိုတာ သိလိုက်ပြီး ၀င်သွားလိုက်သည်..။
“မန်နီ..”
“အကို...”မန်နီ က ည ၁၂ နာရီ ဖုန်း ခိုးသုံးနေတာ တွေ့သွားလို့ ကြောက်လန့် တကြား မျက်လုံးပြူးနေသည်..။
“သွားကွာ...အပေါ်မှာ သွားအိပ်..”
“ဗျာ...”
“ဒီ ည အကို ဒီမှာ အိပ်မယ်..”
“ဟုတ်...”
မန်နီက ဖုန်း နဲ့ အားသွင်းကြိုး အဓိက ထားပြီး သယ်သွားပေမဲ့ ဆန်နီ မဆူချင်ပါ...။
မီးဖိုခန်းမှာ သံမံတလင်းမို့ တစ်ယောက်အိပ်ကုတင်ခုံလေး ရိုက်ပေးထားတော့ သူ့ အခန်းက အကာ မရှိပေမဲ့ အခန်းနဲ့ ပိုတူနေသည်...။
ဆန်နီ နဖူးပေါ် လက်တင်လိုက်ပြီး နီပျပျ အလင်းရောင်လေး ကို ငေးရင်း မို့ မျက်နှာလေး ကို မြင်ယောင်ကြည့်မိသည်.။
ကိုယ်တောင် ဒီလောက် ခံစားနေရတာ..မို့ သာ သိသွားရင် ဘယ်လို ခံစားရမလည်း...။
ကိုကို့ ကြောင့်..ကိုကို့ ရက်စက်တယ်...ကိုကို့ ကို မချစ်သင့်တော့ဘူး..ခံစားမနေပါနဲ့ကွယ်...။
ညတို့သည် ရှည်လျားလွန်းပေမဲ့ ချစ်သူ စကားလေးတွေတွေးရင်း ချစ်သူ့မျက်နှာကို မြင်ယောင်ရင်း ဖြင့် မိုးစင်စင် လင်းရသည့်တိုင် မပြီးဆုံးနိုင်ပါဆိုတဲ့ အချစ် ကဗျာတွေကို အလကားပါကွာလို့ ကိုယ်တိုင် လှောင်ခဲ့တာပါ...။
အခုတော့....
ဆန်နီ နှုတ်ခမ်းမှာ အပြုံးယဲ့ယဲ့ ဖြစ်ပြီး...ဂရုမစိုက်သလို လျှာကို ပါးစောင်ထိုးရင်း
“အလွမ်းဝေဒနာ ခါးလိုက်တာကွာ..အချိန်တွေတောင် ခါးသပ် ကုန်ပြီ...”
.
“ဆန်နီ က ဘာပြောလည်း..”
“သူ့ အမေ နေမကောင်းလို့တဲ့..”
“အေးလေ...ဟုတ်မှာပေါ့...”
“ မနက် ကတည်းက သတိရနေတာ...စျေးက ပြန်လာတော့ သူ့ကို မတွေ့တာ အမောကို ဆို့သွားတာပဲ...သူ့ အတွက် ၀ယ်လာတဲ့ ဖက်ထုတ်တွေတောင် အခုချိန်ထိ မပစ်ရသေးဘူး..”
“အေးလေကွာ...တီဗီ ကြည့်ရင် ရှုပ်တဲ့ သူ မရှိတော့ ပျင်းသား..”
ဆန်နီ အခန်းထဲက အတိုင်းသားကြားနေရတော့ ကိုယ်တစ်ယောက်တည်းကို သူ ပြုစားထားတာ မှ မဟုတ်တာပဲ...။
မြတ်ပြောဖူးတဲ့ စကားလေး ပြန်သတိရတော့ ပြုံးရပြန်သည်..။
“မို့ မှာ ဓာတ် တစ်မျိုးရှိတယ်နဲ့ တူတယ်..သူ့ အနားရောက်လာတဲ့ သူ အကုန်လုံး သူ့ကို ချစ်ပြီး အလိုလိုက်ချင်သွားကြရော...”
တကယ့် အမှန်တရား...။
.
“မို့ ပြီးရင် ပြန်တော့မယ်...မာမီ...”
မို့ ညက လည်း ကိုကို့ ကို သတိရလို့ အိပ်မပျော်တာ တစ်ညလုံး..။
မိုးလင်း လို့ ကိုကို့ဆီ ဖုန်းဆက်တော့ ဖုန်း မကိုင်...။
ကိုကို့ က ကားမောင်းနေရင် ဖုန်းမကိုင်ချင်မှန်း သိပေမဲ့ မို့ ကို မလွမ်းဘူးလားမေးပြီး စိတ်ကောက်ချင်ပါသေးသည်..။
“ပြန်တော့မယ်လို့...”
“နေပါအုံး...”
“ကိုကို့ ကို သတိရလို့ မာမီရဲ့...”
“ဟွင်း...ဒက်ဒီ့ သမီးလေး အလိုလိုက်ရကျိုးနပ်သား..”
ဒက်ဒီက ကော်ဖီသောက်ရင်း ရယ်ပြီးပြောတော့ မို့လည်း နှာခေါင်းရှုံ့ ခေါင်းရမ်းပြီး ကော်ဖီ သောက်လိုက်ရသည်...။
“နုနုရေ...သတင်းစာ သွားယူပါအုံး..”
“ဟုတ်...”
တီတီနု က သတင်းစာနဲ့ စာအိတ် အညိုကို တွဲပြီး မာမီ့ လက်ထဲလာထည့်ပေးသည်..။
မို့ မစားရတာ ကြာပြီ ဖြစ်တဲ့ ကြက်ဥကိတ် နဲ့ အရသာ မေ့တောင်နေပြီ ဖြစ်တဲ့ မစ်ချိုဂို သောက် ရင်း မန်နီ ကို သတိရလိုက်သည်..။
“အဟွင်း..”
“ဘာတုန်း...”
“ဟင့်အင်း..”
“မုန့်စားနေရင်း.သီးအုံးမယ်...”
မို့ ခေါင်းညိတ်ပြီး ပိုက်ကို ပြန်ဆုတ်သောက်ရင်း မာမီ အသံတိတ်နေတာ သတိရပြီး ကြည့်လိုက်တော့ မာမီ့ မျက်ခုံးကြီးက ကျုံ့နေသည်..။
“ဘာဖြစ်လို့လည်း မာမီ...”
မာမီ က ဒက်ဒီ့ဆီကို စာရွက်လှမ်းပေးတော့ ဒက်ဒီ က စာရွက်ကို ဖတ်ပြီး မို့ ကို ငေးရင်း သက်ပြင်းချလိုက်သည်..။
“ဘာတွေလည်း..”
ဒက်ဒီ လက်ထဲက စာရွက်ကို မာမီ က ပြန်ယူပြီး မို့ လက်ထဲ ထည့်တော့ မို့ ဖတ်လိုက်မိတာ....။
“ဟင့်အင်း...မဟုတ်ဘူး..မဟုတ်ဘူး...”
မို့ ခုံကထပြေးပြီး အိမ်ရှေ့ ပြေးထွက်တော့ တစ်ခါ မှ မပိတ်သည့် ကျွန်းတံခါးမကြီးက ပိတ်ထားသည်..။
“မာမီ..ဖွင့်ပါ...ကိုကို့ ဆီ သွားရမယ်...မို့ မေးရမယ်...”
“မို့ရယ်...”
ဒက်ဒီ က မို့ ကို ဖက်ပြီး ခေါင်းကို သပ်ပေးနေတော့ မို့ ခေါင်းတွင်တွင် ရမ်းပြီး ငိုမိတော့သည်...။
ကိုကို ဘာ အရူးထတာလည်း...ကွာရှင်းစာချူပ်နဲ့ အတူ ထည့်ပေးလိုက်တဲ့စာမှာ...။
“မို့မို့ဖြူ...ငါ မင်းကို ကွာရှင်းစာချူပ်ထည့်ပေးထားတယ်...ဘာကြောင့်လည်း မေးလာရင်..အဖြေက တစ်ခွန်းတည်း...ငါ မင်းကို စိတ်ကုန်သွားလို့ပဲ...”
“မဟုတ်ပါဘူး..မို့ ..ဘာမှမလုပ်ခဲ့ပါဘူး...ဒက်ဒီရယ်...”
“မို့ ကိုကို့ ဆီသွားရမယ်...နော်..မာမီ...”
“တိတ်စမ်းမို့...နင့်မှာ မာန မရှိဘူးလား အရှက်မရှိဘူးလား..ကိုယ့်ထက် အစစအရာရာ နှိမ့်ကျတဲ့သူက ခါချနေတာတောင် နင်က ခြေသလုံးဖက် တောင်းပန်ချင်သေးတာလား..”
“ဟင့်အင်း...ဟင့်အင်း..ကိုကို က အဲလို မဟုတ်ပါဘူး...”
“ကဲ..ကဲ....တအားငိုမနေပါနဲ့ မာမီ တို့ စဉ်းစားကြည့်မယ်....နုနု ...သမီးကို အပေါ် ခေါ်သွားပြီး နားခိုင်းလိုက်..”
မို့ ကို ဒက်ဒီက တွဲပြီး အခန်းထဲ က ကုတင် အထိ ခေါ်လာခါ မငိုတော့ဖို့ သာ ပြောနေသည်..။
“မို့ အိပ်လိုက်ကွာ....လိမ်မာတယ်....ဒက်ဒီ သိတယ်...သမီး ည က မအိပ်ဘူး..၀ရန်တာ ထွက်ရပ်နေတယ်မလား..”
“ဟင့်..ဟီး...”
“မငိုနဲ့လို့...ပြီးရင် အေးဆေး ဖြစ်သွားမှာပါ..”
“ဒက်ဒီ..ကိုကို က ဘာကို စိတ်ဆိုးသွားတာလည်း မသိဘူး..”
“အများကြီး မစဉ်းစားပါနဲ့ ..”
“နုနု သမီး အနားမှာနေနော်...ငါ ဧည့်သည် တစ်ယောက်တွေ့ဖို့ ရှိလို့ ကုမ္ပဏီ သွားမှ ဖြစ်မယ်...”
“ဟုတ်ကဲ့...”
ဒက်ဒီ အခန်းပြင် ထွက်သွားတာနဲ့ မို့ ခေါင်းမှောက်ပြီး ငိုလိုက်မိတော့သည်..။
ကိုကို ရက်စက်လိုက်တာ..မို့ မှာ ဘာ အပြစ် ရှိလို့လည်း ကိုကိုရယ်...။
“တူ...တူ...တူ....”
“လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ မအားသေးပါ သဖြင့်...”
“အဟင့်...အဟင့်.....”
မို့ အိပ်ယာပေါ် ခေါင်းမှောက်ပြီး ငိုနေပေမဲ့ ရင်ဘတ်တွေက ပိုပို လို့သာ အောင့်တက်လာသည်..။
“ကိုကို ရက်စက်တယ်...”
“မငိုပါနဲ့တော့ သမီးရယ်...”
“တီတီနု...ဟီး...အဟင့်...”
တီတီနု ကို ဖက်ပြီး ငိုနေတာလည်း ငိုချင် စိတ်က လျော့ မသွားနိုင်ပါ...။
ကိုကို ဖုန်းကို ခေါ်လို့ မရတဲ့ အဆုံး မေမေ့ ဖုန်းကို ခေါ်လိုက်သည်...။
“တူ....တူ.....တူ.....”
“လူကြီးမင်း ခေါ်ဆိုသော..ဖုန်းနံပါတ်မှာ ဆက်သွယ်မှု ဧရိယာပြင်ပသို့.....”
“အိုး..တစ်လုံးမှ ခေါ်မရပါလား....ဘာတွေ ဖြစ်ကြတာလည်း....မို့ ကို အားလုံး မုန်းသွားပြီလား..”
“မို့ရယ်...”
တီတီ နု က နေ့ခင်း ထမင်းလာကျွေးလည်း မို့ ဖုန်းခေါ်နေတာ ညနေစောင်း မုန့်လာပို့ လည်း ခေါ်နေဆဲပါပဲ...။
“ကိုယ့်ကို မချစ်တဲ့ သူကို မေ့လိုက်ပါ သမီးရယ်...မို့ ကို ချစ်တဲ့ သူတွေ အများကြီးပါ...”
“မဟုတ်ဘူး..တီတီနု...ကိုကို က မို့ ကို အရမ်းချစ်တာ...”
“ဟုတ်ပါ့မလားကွယ်..”
တီတီနု က ခပ်ညီးညီးလေး ပြောလာတော့ မို့ အသိတွေ တွေဝေသွားရသည်..။
ကိုကို နဲ့ နီးစပ်ဖို့ မို့ ကချည်း ကြိုးစားခဲ့ရတာမလား...။
ကိုကို့ နဲ့ တွေ့ပြီး ကိုကို နဲ့ ထပ်တွေ့ရဖို့ ဇာတ်လမ်းဆင်ခဲ့ရတယ်...ကိုကို သ၀န်တိုအောင်ကြိုးစားခဲ့ရတယ်...
ချစ်ပါတယ် အဖြေနဲ့ အတူ ကိုကို နဲ့ ဝေးနေဆဲ မို့ က အိမ်ကိုသွားလည်ရသည့်တိုင် ကိုကို့ ဘက်က ဘာမှ မလှုပ်ရှား...။
လက်ထပ်ဖြစ်တာရော.....မို့ ပဲ လိုက်သွားလို့ မတက်သာလို့ ခေါ်လိုက်တာများလား...
ဟင့်အင်း မဟုတ်ပါဘူး.ကိုကို မို့ ကိုချစ်တယ်ဆိုတာ မို့ ခံစားမိသားပဲ...။
ဒါမှမဟုတ် ညွတ်နေတဲ့ ပန်းမို့ လက်ဆော့ရင်း ရိုက်ချ ချင်တာလား..ကိုကိုရယ်....။
“မို့ရေ...ဒက်ဒီ တို့နဲ့ ထမင်းစားရအောင်ကွာ...”
“ဟင့်အင်း မို့ ဗိုက်မဆာဘူး..”
“သမီး ခံစားနေရတာသိတယ်...ဒက်ဒိတို့ ဘက်ကိုလည်း ငဲ့ပါအုံးလားကွယ်...ဟင်...”
စနေည ဆို ဘယ်သူသေသေ ဘောလုံးပွဲကြည့်ရမှ ဖြစ်မယ်ဆိုတဲ့ ဒက်ဒီ က အခုတော့ မို့ အခန်းထဲမှာ မျက်နှာ ညိုးငယ်နေတော့ မို့ သနားမိသည်..။
မို့ ကလေး မှ မဟုတ်တာ..ကိုယ် ခံစားရတိုင်း ငို တိုင်ရမဲ့ အရွယ် မဟုတ်တော့ပါဘူးလေ....။
လုပ်ချင်ရာလုပ် ပြီး မိဘ ရင်ခွင် ခြေစုံကန် မိတာတောင် အပြစ် များနေပါပြီ...။
“မို့ ဆင်းလာခဲ့ပါမယ်...”
ရေချိုးခန်း ၀င်ပြီး မျက်နှာ သစ် ခြေလက်ဆေး လိုက်ပြီး ငိုထားတာ ပျောက်အောင် မိတ်ကပ်ပါးပါးလေး ပြင်လိုက်သည်...။
“ဟော...လာ...မာမီ...တစ်ယောက်တည်း ပျင်းနေတာ...”
ဆိုဖာ ပေါ်မှာ ထိုင်နေတဲ့ မာမီ့ ရင်ခွင်ထဲ ၀င်ပြီး ဖက်လိုက်ရင်း မျက်လုံး စုံမှိတ်ထားမိသည်...။
“လာ ထမင်း အရင် စားကြမယ်..”
မာမီ က မို့ ကို ဆွဲထူပြီး ဖက်ရင်း ထမင်းစားခန်း ထဲကို ခေါ်သွားသည်..။
အရင်က မို့ အိမ်ကို ထူးပြီး မခံစားမိပေမဲ့ အခုတော့ ကြီးကျယ် ခမ်းနားလွန်းနေပါသည်.။
ထမင်းစားပွဲ ရှည်ကြီး မှာ ချ ထားတဲ့ ပန်းအိုးတောင် သုံးအိုးရှိနေသည်မလား..။
ထိုင်ခုံက ဆိုဖာ ကျွန်းစပ်တွေမို့ ထိုင်ရတာ သက်သာသည်..။
ဟင်းပွဲ အများကြီး ကို ဘာရွေးချယ်ရမှန်း မသိအောင် ဖြစ်ရင်း အရင်က ဒီဟင်းတွေကို မကြိုက်လို့ ညစာ အပြင်မှာ စားဖြစ်ခဲ့တာ များတဲ့ မို့မို့ဖြူ ကို မို့ ဝိုးတဝါးသာ မှတ်မိလာသည်..။
“ရော့...ဒါ ဟန်နီ ကြိုက်တဲ့ ပုစွန်ကင်...”
“မာမီ ကြိုက်တဲ့...ဂဏန်းမဆလာ...”
“ဟွင်း...မေ့သွားပြီထင်တာ...”
“မာမီက ရက်စက်ပေမဲ့ မို့ က မမေ့ဘူး သိရဲ့လား..”
“မာမီ တားရဲ့နဲ့ လုပ်တာကိုး..”
“ကဲ့...ကဲ....တော်ပါပြီ..စားစရာရှိတာစား..”
ဒက်ဒီ က ၀င်ပြောတော့မှ မာမီ နဲ့ မို့ ပြိုင်တူ ပြုံးလိုက်ပြီး ထမင်းပန်းကန်ဆီ အာရုံ ပြန်ရောက်တော့သည်..။
နာရီဆီ အမှတ်တမှတ် အကြည့်ရောက်သွားတော့ ၈နာရီခွဲပြီ...
၉နာရီ ဆို တီဗွီ နောက်တကား ပြန်ကြည့်ကြတော့မှာလေ...အခုချိန် ကိုကို ပြန်ရောက်လို့ ပါလာတဲ့ မုန့်ကို မန်နီ နဲ့ လုစားပြီး ရန်ဖြစ်နေတဲ့ အချိန်ပေါ့..။
မို့ ပြုံးလိုက်မိပေမဲ့ ရင်ထဲမှာတော့ နာကျင်နေသည်..။
.ကိုကို နဲ့ အဆက်အသွယ်ရရင် ကိုကို က ဒါတွေက အတုတွေ ကိုကို က မို့လို အရုပ်ကလေးကို ဘာလို့ ကွာရှင်းရမှာလည်းလို့ ပြောလာမှာပါ...။
“ဒေါက်...ဒေါက်...”
ဆန်နီ ခေါင်းအုံး ပိုက်ထားရင်း ငုတ်တုတ် ထထိုင် လိုက်သည်..။
“ဒေါက်..ဒေါက်..”
...မို့ များ ပြန်လာတာလား..မဖြစ်နိုင်မှန်း သိပေမဲ့ မျှော်လင့် တကြီး ပြေးပြီး ဂျက်ဖွင့် မိသည်..။
“ဟင်..မန်နီ...”
“မမ ဖုန်းခေါ်လို့...”
“ကျစ်..”
ဖုန်းတွေ အကုန်လုံးကို ဆော့ဝဲ ထည့်ပြီး မို့ ဖုန်းကို ဘလက်လစ် သွင်းပေးထားတာ မန်နီ ဖုန်းကို မေ့သွားရသည်..။
ဆန်နီ ယူပြီး ဖုန်းကို ပိတ်ပစ်ဖို့ ရည်ရွယ်လိုက်ပေမဲ့ မို့ အသံလေးကို လွမ်းနေရချိန် ဆိုတော့ မပြတ်မသားစိတ်နဲ့ နားအနား ကပ်လိုက်မိသည်..။
“ဟလို....ဟလို...ကိုကိုလား....ကိုကို ဖုန်းမချပါနဲ့နော်...”
“ကိုကို ဘာတွေ လုပ်တာလည်း..ဟီး...ဟင့်......”
ငိုသံကြောင့် ဆန်နီ ရင်တွေ ပူလောင်သွားရခါ လူက လည်း ကနာမငြိမ် ဖြစ်ရသည်..။
လှေကားတွေကို ဆင်းလာပြီး အိမ်တံခါး ဂျက်ဖွင့်ခါ အပြင်ထွက်လာခဲ့မိတာ မရည်ရွယ်ပဲ အရူး တစ်ယောက်လို လျှောက်လုပ်ဖြစ်ခြင်းတွေပါ..။
“ကိုကို မို့ ကို ဖြေပါ ကိုကိုရယ်...”
ဆန်နီ စိတ်လှုပ်ရှားနေတာတွေ လျော့သွားအောင် ဖုန်းကို ခွါ ပြီး အသက်ပြင်းပြင်းရှုမိသည်...။
“ပြော.....ဘာလည်း.....ငါ အိပ်နေတာ...အခု မင်းကြောင့် နိုးပြီ....”
“ကိုကို ကွာရှင်း စာချူပ် ပို့လိုက်တာလား...”
“ဟုတ်တယ်....”
“မို့ မှာ ဘာအပြစ် ရှိလ်ို့လည်း ဟင်...မပြောနဲ့...မို့ ကတော့ မနက်ဖြန် ပြန်လာမယ်...ဒါပဲ..”
“နေအုံး...မို့.....မင်း ကလေးလည်း မဟုတ်ဘူး.....ရူးနေတာလား..ဟမ်....ငါနဲ့ နေရတာ ဘယ်လောက် ပင်ပန်းလည်း မင်း မသိသေးဘူးလား ဟမ်...မင်း မိဘတွေက စွန့်ပစ်ထားတာတောင် မင်းဒုက္ခခံနေရတာ မကြည့်ရက်လို့ ပြန်လက်ခံထားတာ...မင်း က ခြေစုံကန်ပြီး ဒုက္ခတွင်းထဲ ခုန်ဆင်းအုံးမလို့လား..”
“မို့..ကိုကို့ ကို.”
“တော်စမ်း...ထပ်မပြောနဲ့....ပြသာနာမရှာနဲ့....ငါလည်း မင်းလို ရွှေမင်းသမီး ကို တာ၀န်မယူနိုင်ဘူး..”
“ဟင့်အင်း မဟုတ်ပါဘူး..လာ...လာခေါ်ပါ...အင့်..လာခေါ်ပါနော်...မာမီ တို့က ကိုကို ရှင်းပြမှ ယုံကြမှာ.မ...မဟုတ်ရင် မို့ က မပြတ်သားလို့ထင်နေကြတယ်..ကိုကို....မနက်ကို လာခေါ်ပေးပါနော်...နော်လို့....”
“မခေါ်ဘူး...”
“ကိုကိုး...”
“မင်းလည်း ပင်ပန်းတယ် ငါလည်း ပင်ပန်းတယ်..မင်း အရင်နေလာတဲ့ ဘ၀ကို ငါ နဲ့ နေသရွေ့ တစ်သက်လုံး ပြန်မမှီနိုင်ဘူး..”
“အဟီး...အဟင့်....”
“မင်း ငိုပြနေလည်း တာ၀န် မယူနိုင်ဘူးနော်... မင်း တာ၀န်တွေ ကြောင့် ငါ အရမ်းပင်ပန်းနေပြီ...”
“မဟုတ်ဘူး..မပင်ပန်းပါဘူး..ကိုကိုရယ်...ကိုကို လာခေါ်ပါ....မို့ ဘာမှ မပူဆာတော့ဘူး...ကိုကို့ ကို သ၀န်လည်း မတိုတော့ဘူး..ပြောစကားလည်း နားထောင်ပါမယ်....ပြသာနာလည်း မရှာဘူး..ရစ်လည်း မရစ်ဘူး..အိမ်အလုပ်တွေလည်း မိန်းမတာ၀န်ကျေအောင် အားလုံးလုပ်ပါမယ်...ကိုကိုရယ်...မို့ ကို သနားရင် ခေါ်ပါနော်...”
ရှိုက်သံနဲ့ အတူ ကမ်းလှမ်းချက် တစ်ခုချင်းစီကြောင့် ဆန်နီ မျက်တောင် ပုတ်ခတ်နေသည့်ကြားက ပါးပေါ်မှာ မျက်ရည်စက်တို့က လျောကျ သွားရသည်...။
“ကိုကို...မို့ လိမ်မာပါတော့မယ်...ကိုကို အခုလို လုပ်ရင် မို့သေရလိမ့်မယ်..ကိုကိုရဲ့...”
“ကွာရှင်း စာချူပ်ပေးထားတယ်...မင်း လက်မှတ်ထိုးလိုက်ပါ...”
“ဟင့်အင်း...မထိုးဘူး...မထိုးဘူး...ကိုကိုလည်း မို့ကို ချစ်ရဲ့ နဲ့ ဘာလို့ အခုလို လုပ်ရတာလည်း..”
ကိုကို့ မှာ သတ္တိ မရှိလို့ အရည်အချင်းမရှိလို့ မို့ နဲ့ မတန်လို့ ..မို့ နာကျင်မှာ မကြည့်ရက်လို့...မို့ကို မပင်ပန်းစေချင်လို့ပါ....။
"ငါ မင်းကို စိတ်ကုန်တယ် ”
“အခု မို့ အသည်းတွေ ဓားနဲ့ မွန်းသလို နာကျင်နေရတာ ကိုကို မမြင်ဘူးလား ဟင်....ဟီး....”
ဆန်နီ ဖုန်းပိတ်လိုက်ပြီး ပါးစပ်ကို လက်နဲ့ အုပ်ထားရင်း ရေကန်ဘေးမှာ ထိုင်ချလိ်ုက်ရသည်...။
ရှိုက်သံကြောင့် အမေ နိုးသွားလို့ မဖြစ်...။
.
“ဘယ်မှာလည်း မို့..”
“ဟင်...ကိုကို....”
မို့ ခုံမှာ ဖုန်းနှိပ်နေချိန် ကိုကို က ခြေသံကြမ်းကြမ်းနဲ့ ၀င်လာလို့ မို့ လန့်သွားရသည်..။
“မင်း ဘာလုပ်နေတာလည်း..”
“ဟင်...”
“ဒီ အိမ်က မင်းနဲ့ ဘာမှ မဆိုင်တော့ဘူး...ထွက်သွား...”
ကိုကို က မျက်နှာ နီပြီး ထွက်သွားလို့ အော်တော့ မို့ ကြောက်ပြီး တုန်သွားရသည်..။
“ကိုကို ရယ်...မို့ လိမ်မာ...အ..”
စကားမဆုံးခင် လက်ကို ဆွဲမြှောက်လိုက်လို့ မို့ မတ်တက်ရပ် လိုက်ရခါ နာသွားတဲ့ လက်ကလေးကို အုပ်ကိုင် ထားမိသည်..။
“မင်း နဲ့ ငါ ကွာရှင်းပြီးသား ပြန်တော့ မို့မို့ဖြူ ငါ မရိုင်းချင်ဘူး..”
“မဟုတ်ပါဘူး..စာချူပ်မှာ မို့ လက်မှတ်မပါဘူး..”
“ဒါ မင်းကိစ္စ...”
“ကိုကိုး...ရူးသွားတာလား...”
“တောက်....ထွက်သွား...”
ကိုကို ရဲ့ အသံကျယ်ကျယ် ကြောင့် မန်နီ ကလည်း အခန်း၀ ကနေ ရှေ့တိုးလာပြီး မို့ အနားမှာ ရပ်နေသည်..။
“အကို ဘာဖြစ်လို့လည်း..”
“မဖြစ်ဘူး..မင်းစာသွားလုပ်...”
မန်နီ က မို့ အနားက စာအုပ်ယူပြီး အိမ်ပြင် ထွက်သွားတော့ မို့ ပို အားငယ်သွားရသည်..။
“ကိုကိုရယ်...မို့..”
ကိုကို့ လက်ကို ဆုပ်ကိုင်ပြီး ရှေ့ကို တိုးလိုက်ခါ ရင်ခွင်မှာ ခေါင်းမှီလိုက်တော့ ကိုကို က လက်မခံပဲ တွန်းပစ်သည်..။
“မို့ မှာ ဘာ အပြစ်ရှိလို့လည်း ဟင်...”
“မင်းကို ငါ စိတ်ကုန်လို့..ဘာနှစ်ခါ ပြောရမလည်း..ငါတောင်းပန်ပါတယ်...ငါ့ ကို လာမပတ်သက်ပါနဲ့ကွာ...”
“ကိုကို လိမ်နေတာ...”
“မို့း...”
“ဟေ့ ဘာဖြစ်နေတာလည်းကွ...”
ဆန်နီ ဆောင့်အော်လိုက်သံနဲ့ အတူတူ အဖေ့ အသံက ဟိန်းထွက်ပြီး အိမ်ထဲကို ၀င်လာသည်...။
“ဖေဖေ...”
မို့ က အဖေ့ နောက်မှာ ကွယ်ရပ်လိုက်တော့ ဆန်နီ အခက်တွေ့သွားရသည်...။
“မို့ မင်းကို လူလို ပြောနေတယ် ပြန်တော့...”
“ဟင့်အင်း..ဟင့်အင်း...”
“တောက်....”
အဖေ့နောက်မှာ ကိုယ်လေး ကျုံ့ပြီး ရပ်နေတဲ့ မို့ရဲ့ လက်ကို ဆောင့်ဆွဲလိုက်တော့ တင်းခံံနေပြီး...
“မပြန်ဘူး...မပြန်ဘူး...ဖေဖေ လုပ်ပါအုံး...မို့ ကို ကယ်ပါအုံး...ဟီး...”
“ဆန်နှီ မင်း ဘာဖြစ်နေတာလည်း...မင်း ယောင်္ကျားကောင်းဆို ကောင်းကောင်းမွန်မွန်ပြောစမ်း...၇အိမ်ကြား ၈အိမ်ကြား အော်ဟစ်နေတာ မင်းမရှက်ဘူးလား..”
“အဖေ မသိပါဘူး..မို့ နဲ့ ကျွန်တော် ကွာရှင်းပြီးသား..”
“ဟေ...”
အဖေ က မယုံနိုင်သလို မို့ ကို တစ်ချက်လှည့်ကြည့်တော့ မို့ က ခေါင်းကို တွင်တွင်ရမ်းပြပြီး..
“မဟုတ်ဘူး..မို့ လက်မခံဘူး..”
“မင်း မိဘတွေ လိုက်ရှာနေတယ်...ငါကတော့ သူများအိမ်ထဲ ခိုး၀င်လာတဲ့သူဆိုပြီး ရဲလက်အပ်မယ်...”
“ဖေဖေ....လုပ်ပါအုံး...ကိုကို့ ကို ပြောပါအုံး ဖေဖေရယ်...”
အဖေ က သက်ပြင်းတစ်ချက် ချပြီး မို့ ကိုယ်လေးကို ကိုင်ပြီး ခုံမှာ ထိုင်ခိုင်းသည်..။
“သမီး...မိဘတွေ စိတ်ပူနေတယ်ဆိုတော့...”
“ဟင့်အင်း...မို့ မပြန်ဘူး...မေမေ ပြန်လာမှ.....မေမေ့ ကို တိုင်ပြောမယ်...ကိုကို ကို တိုင်မယ်..သိလား...”
မျက်ရည်တွေကို အကြမ်းပတမ်း သုတ်ပစ်ပြီး ဆန်နီ့ ကို စောင်ပေပေ ကြည့်ပြီး ပြောတော့ အကြည့်လွဲပစ်လိုက်ရသည်..။
“မင်း ကို လူလို ပြောနေတယ်...လာစမ်း..”
ခုံ ပေါ်က ဆွဲထူတော့ ခုံကို ဆွဲထားပြန်သည်..။
ဆန်နီ အားထည့်ပြီး လက်ကို ဆောင့်ဆွဲလိုက်တော့ ခုံပေါ် ကနေ ခွေ ခနဲ့ ပြုတ်ကျသွားသည်..။
“ဟာ...ဆန်နီး...မင်း လွန်နေပြီနော်...”
အဖေက ဆန်နီ့ ကို ဆောင့်တွန်းပြီး မို့ ကို ဆွဲထူပေးသည်..။
“အဟင့်...ဟီး....ကိုကို မို့ ကို ခွေးမောင်းသလို မောင်းနေတာ...”
ဆန်နီ့ ရင်ဘတ်ကို သူ့ရဲ့ လက်ကလေးတွေ နဲ့ အားပါပါ တွန်းပစ်ပြီး..
“ကိုကို မှတ်ထား...ပြီးမှ နောင်တ မရနဲ့...ကိုကို အရင် မို့ ကို စွန့်ပစ်တာနော်...”
ချာကနဲ့ လှည့်ထွက်သွားသည့် မို့ ကို အဖေ နဲ့ မန်နီက လိုက်ကြည့်နေတော့ ဆန်နီမျက်ရည် တစ်စ လွင့်ခနဲ့ ပြုတ်ကျသွားတာ ဘယ်သူမှ မမြင်လိုက်ပါ..။
.
“ဘာဖြစ်တယ်...ဆန်နီ...နင် ပြောစမ်း.”
“ဟုတ်တယ်...ကွာရှင်းလိုက်တာ...”
“နှစ်ဦး သဘောတူ ကွာရှင်းရမှာ သူက အိမ်လိုက်လာတာ ဘာကွာရှင်းတာလည်း...”
“ခဏပါ...နောက်တော့...”
“ဖြန်း..”
ဆန်နီ မျက်နှာ ဘေးလှည့်သွားပေမဲ့ အမေ့ ရှေ့မှာ တည့်တည့် ဖြစ်အောင် ပြန်ကြိုးစားရပ်လိုက်သည်..။
“မိန်းကလေး တစ်ယောက် အိမ်ထောင် ကျပြီးရင် ဘယ်တော့မှ အပျို ဘ၀ ပြန်မရဘူး..ဘယ်လို မှ မပတ်သက်ခဲ့လည်း အပျို ပါလို့ သူ့ကို မသတ်မှတ်ဘူး...တာ၀န်မယူနိုင်လို့ စွန့်ပစ်တဲ့ ခွေးစိတ်....ငါ အမုန်းဆုံး အရွံ့ဆုံး အလုပ်ကို ငါ့သားက လုပ်တာ...အေး...နင့် ကို ငါ မမုန်းချင်ဘူး....ငါ့ အမုန်းက နင့် အတွက်ကျိန်စာ ဖြစ်မှာ...နင် အသေဆိုးရင် ငါ ပဲ စိတ်ဆင်းရဲရမယ်...အဲတော့ နင် ကို ငါ မမုန်းချင်လို့ ရိုက်မယ်..ဆန်နီ နင် ခံနိုင်လား...”
“ဟုတ်...”
“မန်နီ...ရေချိုးခန်းထဲက စတီး အ၀တ်တန်းကို ချွတ်လာခဲ့..”
“ဗျာ...”
“မြန်မြန်...”
အမေရဲ့ တုန်ယင်ပြီး ကုန်းအော်သံကြောင့် မန်နီ က မီးဖိုခန်းထဲ ပြေး၀င်သွားသည်..။
အလယ်တန်းကတည်းက အရိုက်မခံရတော့ ဆန်နီ ....မို့ကြောင့် အသက် အစိတ်မှ အရိုက်ခံရတာ ခဏခဏ ပါပဲလားလို့ တွေးမိရင်း ပြုံးလိုက်မိ၏..။
“ပုဆိုး ပြင်၀တ်...”
ငယ်ငယ် က အမေ ရိုက်ခါနီးတိုင်း လုပ် ခိုင်းနေကျ စကားတစ်ခွန်းကို ပြန်ကြားလိုက်ရတော့ စိတ်ထဲ ကြည်နူးမိသည်..။
ငယ်ငယ် က ဒီ အသံကြားတာနဲ့ တုန်နေအောင်ကြောက်ပြီး စိတ်ထဲက အဖေ မြန်မြန် ပြန်လာပါစေလို့သာ ဆုတောင်းနေမိသည်..။
အခုတော့ အဖေ ပြန်လာလည်း ၀င် ကယ်မယ်လို့တော့ မထင်ပါ...။
“ကဲဟာ...”
ငယ်ငယ် ကလို ကြိမ်လုံး မဟုတ်တော့ ရွန်းခနဲ့ စပ်မသွားပဲ လက်ညိုးလုံးစား စတီးချောင်းက ခြေသလုံးမှာ လာထိတိုင်း အသံမထွက်ပဲ နာအောင့်အောင့် ကြီးသာ ဖြစ်နေသည်..။
“နှမ သားချင်းမစာလို့...”
“ကဲဟာ....လူစိတ် မရှိလို့...”
“ခွေးဦးနှောက် နဲ့ ကောင်...”
“ကဲဟာ.....”
အဆယ် နှစ်ဆယ် လောက် လွဲရိုက်နေတာ ဆန်နီ ဘာမှ မခံစားရလောက်အောင် ထုံနေပြီဆိုတော့ အမေ လက်တော့ တော်တော် နာ နေပြီလို့ တွေးမိသည်..။
“အမေ တော်တော့...မန်နီ မင်း လာရိုက်စမ်း..”
“မရိုက်နဲ့...ငါ မကျေနပ်သေးဘူး..”
“တာ၀န်မယူချင်တဲ့ကောင်...”
“အတ္တသမား...”
“အခွင့်အရေးသမား...”
“တစ်ကိုယ်ကောင်း သမား...”
“မိန်းမတစ်ယောက်ကို တာ၀န် မယူနိုင်လို့ ကွာရှင်းတဲ့ သတ္တိ မရှိတဲ့ကောင်...”
‘လူဖျင်း...ယောင်္ကျား မဟုတ်ဘူး”
“ပေါ့ပေါ့နေ ပေါ့ပေါ့စား..လမ်းဘေးက ခွေးကတောင် နင့်ထက်သာမယ်ဟဲ့...”
“အမေ....အမေ...တော်ပါတော့...အကို့ ခြေထောက်ကိ်ျုးတော့မယ်..ဗျ...”
“ဟဲ့...ဖယ်စမ်း...ငါကျေနပ်အောင် ရိုက်ပေးနေတာ..ကျေးဇူးတင်ရမှာ...”
“မိဘ ငြိုငြင်ရင် ဒင်း ဒီတစ်သက် လူ ဖြစ်မှာ မဟုတ်ဘူး...နင်လည်း ကြည့်ထား...ဒါ မိဘ စကားကို အစကတည်းက နားမထောင်လို့....ကဲဟာ....”
“ကဲ..”
“အမေ....သားကို ရိုက်ပါ...အကို ခြေထောက်တွေ သွေးထွက်နေပြီ...”
မန်နီ က အော်ငိုပြောပေမဲ့ ဆန်နီ သတိမထားမိပါ..ရင်ထဲမှာ ထုံကျင်လွန်းလို့ ဦးနှောက်က ခံစားမှု အာရုံတွေ အလုပ် မလုပ်တော့ဘူးထင်ပါသည်..။
“ဟင်း...”
“အမေ ကျေနပ်မှ ရပ်ပါ...”
ဆန်နီ ရယ် ပြီး လှည့်ပြောပေမဲ့ မန်နီ က မျက်ရည်သုတ်ပြီး စောင်ပေပေ ကြည့်ခါ အမေ့ လက်ထဲက စတီးချောင်းကို ယူပြီး မီးဖိုခန်း ၀င်ပြေးသည်..။
“ကျေနပ်ရဲ့လား..”
ဆန်နီ မျက်ခုံးပင့် ပြောလိုက်တော့ အမေ က ရှေ့တိုးလာခါ ဆန်နီ့ ပါးကို ကိုင်ပြီး...
“....”
“ငိုလိုက်ပါလား...သားရယ်...”
အမေရဲ့ နူးညံ့တဲ့ ခေါ်သံကြောင့် ဆန်နီ ခေါင်းရမ်းပြုံးပြပြီး...
“ကျွန်တော် မငိုချင်ပါဘူး..”
“မငိုချင်တာလား...အမေ ဒီလောက်ရိုက်တာတောင် အကြောတင်းပြနေတာ မငိုမချင်းရိုက်မယ်...”
အမေ က ကျောကို တစ်အုံးအုံး နဲ့ ထပ်ထုတော့ ဆန်နီ ခြေထောက်တွေ ခွေပြီး ဒူးထောက်ကျသွားမှ ခြေသလုံးတွေ အထိမခံနိုင်အောင် စပ်နေမှန်းသိလိုက်သည်..။
“သြော်..ဒုက္ခ...ဒီ မိသားစုထဲ လူလာဖြစ်ရတယ်လို့...”
“ကျွန်တော့်ကို..ဒီမိသားစုထဲခေါ်ပေးလို့ ကျေးဇူးတင်ပါတယ် အမေ...”
“မို့ကို အခုလို အဝေးတွန်းပို့လိုက်ပြီး...နင် ခံစားရလို့ သေသွားရင်ကော....”
“သူကောင်းဖို့ပါ....ဒါပေမဲ့...”
အမေရဲ့ နှလုံးသားအထိ ဖောက်ကြည့် နိုင်တဲ့ မျက်၀န်းတွေ နဲ့ အကြည့်ဆုံသွားချိန်မှာ...
အမေ့ ပေါင်ပေါ် ခေါင်းမှောက်ချပြီး ဆန်နီ ချူပ်တည်း ထားသမျှ စိတ်တွေလျော့ခါ ကလေးတစ်ယောက်လို ငိုပစ်လိုက်သည်...။☆━━━━━━━━━━━━━━━☆
😭💔😭
အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်Love U all ❤
#စပိုက်ကာ
YOU ARE READING
နန်းထိုက်ပန်းမို့
Romance"..မုန်းလို့ပေါ့ကွာ....မင်းရဲ့ပုံစံကိုမုန်းတာ.. မင်းရဲ့ ဖြစ်တည်မှုကို မုန်းတာ.. မင်းမို့လို့ ..မုန်းတာကွာ ရှင်းပလား..." ခေါင်းငုံ့ လမ်းလျှောက်နေတာ တွေ့တော့ ကားမပါလို့များလား တွေးမိပြီး ရပ်မေးလိုက်ဖို့ စီစဉ်ထားပေမဲ့ အနားရောက်မှ ခြေထောက်က အလန့်တကြား အ...