နန်းထိုက်ပန်းမို့
အပိုင်း (၁၈)
#နန်းထိုက်ပန်းမို့“မို့....”
“မို့...ဘယ်မှာလည်း..”
“အပေါ်မှာပါ အကို..”
“ကျစ်..”
မန်နီက ပြူးကြောင်ကြောင်ကြည့်နေပေမဲ့ ဆန်နီ လှေကားတွေကို ပြေးတက်လာလိုက်သည်..။
“မို့...”
“ကိုကို..” တံခါးဖွင့် ၀င်လိုက်တော့ နားကြပ်ထိုးပြီး ကနေတာ ဆန်နီ့ကို တွေ့တာနဲ့ အံသြပြနေသည်..။
“လာအုံး..”
လက်ဆွဲပြီး ခေါ်ထုတ်လာတော့ နောက်က ပါလာပေမဲ့ တာ၀န်ကျေရုန်းနေသေးသည်..။
“ကိုကို နာပြီနော်..”
“မင်း ကို မမကြည်ပြာ ဖုန်းဆက်တာ ဘာလို့ ငါ့ကို မပြောတာလည်း ဟမ်..”
“မင်း ငါ့ဖုန်းကဒ်တွေကို လဲယူထားတယ်..ဟုတ်လားမို့..”
“ဟုတ်တယ်...”
လက့်ကိုဆောင့်ဖြုတ်ပြီး အသံခပ်မာမာ နဲ့ ခေါင်းမော့၀န်ခံတော့ ဒေါသ ပိုထွက်ရသည်..။
“ဒါ ဘာရူးတာလည်း ဟမ်..”
“ရူးတာ မဟုတ်ဘူး..ချစ်တာ..ကိုကို့ ကို စိတ်မချလို့ စစ်ကြည့်တာ..”
ဆန်နီ ပြောစရာစကား ပျောက်ခါ မျက်လုံးတွေ ပြူးကျယ်ပြီး မယုံနိုင်အောင် ဖြစ်ရသည်..။
“ဘယ်လို..”
“ကိုကို မို့ ကို မချစ်ဘူး..ကိုကို အရင်လို မဟုတ်ဘူး..ပုံစံတွေ ပြောင်းနေတယ်..မို့ ငတုံးမဟုတ်ဘူး သိရဲ့လား..”
ဆန်နီ ရင်ထဲမှာ ဆောင့်တက်သွားတဲ့ ဝေဒနာကြောင့် အနားမှာ လူတစ်ယောက်သာ ရှိရင် ငါ့မျက်ခွက်ကို ထိုးပါလို့ ပြောမိမှာအမှန်...။
မနက် ၅နာရီ ထပြီး ကားထွက်တယ်..နေ့ခင်း ထမင်းမစားဘူး..အခုညပိုင်းတွေပါ ကားဆက်ဆွဲနေရတယ်..
ဘာတွေကြောင့် အသည်းအသန် ငွေမှငွေ ဖြစ်နေတာလည်း မေးမဲ့သူရှိရင် ကျွန်တော် သူ့အတွက်ဂါ၀န်လေး တစ်ထည်တောင် ၀ယ်မပေးနိုင်ရတဲ့ အဖြစ်ကို မုန်းလို့ပါလို့ ဖြေမိမှာပါ...။
“ငါ ဘာတွေ လုပ်နေတာတွေ့လည်း..ပြောပြပါအုံး..”
“မိန်းမတကာက အထပ်ထပ် ဖုန်းတွေခေါ်တယ်...မောင်လေး ဆိုတာက တစ်မျိုး အကို ဆိုတာတစ်မျိုးနဲ့ မောင်နှမ သံယောဇဉ်တွေ ထုတ်ဖော်နေကြတာလေ...”
“မို.းး”
ဒေါသကြောင့် အသံတွေ မြင့်တက်သွားရတာ မန်နီက အခန်းအ၀ကို ရောက်လာသည်..။
“မို့ မင်းဘာဖြစ်နေတာလည်း ဟမ်...ရူးသွားတာလား..ငါ့ စီးပွားရေးကွ..စီးပွားရေး..ကားမောင်းစားနေတာ သဌေးသားမဟုတ်ဘူး..လူတိုင်းနဲ့ အဆင်ပြေအောင်အောက်ကျို့ဆက်ဆံနေရတာ...မင်းကအရင်လို မဟုတ်ဘူးပြောရအောင် ငါ က အရင်က ဘယ်ပုံစံ နေပြခဲ့လို့လည်း..”
“မသိဘူ...မသိဘူး....ကိုကို မို့ ကို လုံး၀ ဂရုမစိုက်တော့ဘူး..မနက် မိုးမလင်းခင်ကတည်းက ထွက်သွားတယ် ညနက်မှ ပြန်လာတယ်..ကိုကို ဘယ်သူနဲ့ သွားနေတာလည်း..ဟမ်”
“တောက်...စော်ကားတာ များနေပြီနော်...မင်းနဲ့ စတွေ့ကတည်းက စိတ်ကူးယဉ်ရွက်လွင့်ပြီး နှစ်ယောက်အတူ လက်ချင်းချိတ်လျှောက်ပြေးနေခဲ့တာ မဟုတ်ဘူး..အခုလည်း ဒီတိုင်းပဲ ဘာမှ မပြောင်းလွဲဘူး ငါ က လက်တွေ့သမား ... အချစ်ကို ရိုမက်တစ်ဆန်ဆန် လုပ်ပြဖို့ အတွက် အချိန် မရှိဘူး..”
“မင်း အချိုးတွေကို ပြင်နော် မို့...ငါ့ရဲ့ ကိုယ်ရေးကိုယ်တာတွေကို ၀င်စွပ်ဖက်တာ ဒါနောက်ဆုံးဖြစ်ပါစေ...ဒီအလုပ်နဲ့ ပိုက်ဆံရှာနေတာ ..ငါ့ စီးပွားရေးကို လိုက်မဖျက်စီးနဲ့ မင်း အတွက်ရှာနေတာ...”
လက်ညိုးထိုးပြီး လက်ထဲက ဖုန်းကို ဆောင့်ဆွဲယူသွားချိန် မို့ ရင်ထဲ နာကျင်စွာ အောင့်မျက်သွားရသည်..။
မို့ လိုချင်တာ ပိုက်ဆံမဟုတ်ဘူး ကိုကိုရဲ့...ပိုက်ဆံလိုချင်ရင် ကိုကို့ ဆီ လိုက်လာပါ့မလား...။
ကိုကို ရှာနေပါတယ်ဆိုတဲ့ ပိုက်ဆံက မို့ ခြေသည်း အလှပြင်တဲ့ အဖိုးလောက်ပဲ ရှိတာပါ...။
ကိုကို ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေပြီ...။
.
ဆန်နီ ကားကို ပုံမှန်အချိန် အတိုင်း ပြန်သိမ်းခဲ့လိုက်တာ စိတ်ထဲမှတော့ နမျောနေသည်..။
မနက်ကလည်း မမကြည်ပြာ တစ်ယောက် ဒေါသပုန်ထပြီး ကိုအာကြီးဆီ ဖုန်းဆက်မှ သိရတော့သည်..။
ဆန်နီ တမနက်လုံး ဖုန်းမ၀င်တာ ဒင်းလေးက ဖုန်းကဒ် ချိန်းထားတာကိုး..။
ညဆိုဇီးကွက်မလေးလို သူများအိပ်လည်း မအိပ် မနက်ဆို လည်းမထ...။
မနက်က ဆူထားတာ သနားမိလို့ချော့ဖို့ရန် စောစော ပြန်လာခဲ့ရသည်..။
“ကျွန်တော် ရောက်ပြီ..”
‘သြော်..ကိုကို...”
နောက်ကကြည့်ပြီး ဘယ်သူ ဘယ်ဝါမှန်း မသိလို့ အိမ်မှာ ဧည့်သည်ရောက်နေတယ်ထင်ပြီး နှုတ်ဆက်လိုက်တာ..
ဆန်နီ ခြေလှမ်းကြဲနဲ့ အနားရောက်သွားပြီး ဆံပင်တွေကို လက်နဲ့ ဆွဲယူလိုက်တာ နှစ်စက္ကန့် အတွင်း ဆံပင်က လက်ထဲက ပြန်ကျသွားပြီ..။
မျက်လုံးပြူးဖြင့် မယုံနိုင်ခြင်းတဲ့ အတူ လည်ဂုတ်မှာ ဖောင်းဖောင်းလေးဖြစ်နေတဲ့ ဆံပင်တွေကို ထပ်ခါထပ်ခါ ဆွဲကိုင်မိသည်..။
“ကိုကို ကလည်း..လူကြီးတွေရှေ့မှာ..”
ဆန်နီ အသိပြန်၀င်ပြီး မှ မို့ကို ပြန်မြင်ပြီး..
“မင်း..မင်း...ဆံပင်တွေကော...ဘာလုပ်လိုက်တာလည်း..”
“ညှပ်ပစ်လိုက်တာပါ ကိုကိုရဲ့...”
“ဘာလို့လည်း...ဘာလို့လည်းလို့..”
ဆန်နီဆောင့်အော်လိုက်တော့ ကိုယ်လေး တုန်တက်သွားပြီး မော့ကြည့်တာ မျက်ရည်ပြည့်နေတဲ့ မျက်၀န်းတွေစူးလဲ့လဲ့ ဖြစ်လို့....
“မအော်ပါနဲ့...ခေါင်းလျှော်ရည် စျေးပေါပေါတွေကြောင့် ဆံပင်တွေ ပျက်စီးရတယ်..ဖွာလန်ကြဲပြီး ခေါင်းဖြီးရင် သေအောင်နာလို့ ညှပ်ပစ်လိုက်တာ...”
“ဘာ...”
“ကဲ...တော်တော့..ဆံပင်ဆိုတာ ပြန်ရှည်လာမှာပဲ...”
အမေ က ၀င်ပြောတော့ မို့က ချာကနဲ့ လှည့်ပြီး အပေါ်တက်သွားချိန် ဆန်နီ အမေ့ဘက်ပြန်လှည့်လိုက်သည်..။
“အမေ သူ ဘယ်အချိန် ဆံပင်သွားညှပ်တာလည်း..”
“မနက်က ထမင်းစားပြီးတော့လေ...”
“ဟာ..အမေရှိတာပဲ..သူအခုလို လျှောက်လုပ်နေတာ ဘာလို့ကြည့်နေတာလည်း အမေ့ ချွေးမလေ သမီးလို သဘောမထားနိုင်ဘူးလား...”
အမေ က ခေါင်းရမ်းပြပြီး ဆန်နီ့ ကို ဆိုက်ကြည့်ခါ..
“ငါမပြောချင်ဘူး..သူမှန်တယ်ထင်တယ်..”
“ဗျာ..”
“သူ့ဘ၀က ငါ့လိုဖြစ်နေပြီ ..အချစ်တစ်ခု ကြည့်ပြီး လျှောက်ခဲ့တဲ့လမ်းမှာ ဝိုးတဝါးဖြစ်နေပြီ..သူစိတ်ပျက်နေပြီ..စိတ်ဓာတ်ကျနေပြီ..”“အမေ...”
“နင်လည်း နင့် အဖေနဲ့ ပုံစံတူ ဖြစ်လာပြီ..”
“အမေ့...မပြောပါနဲ့..မပြောပါနဲ့..အမေရယ်... ကျွန်တော် ရူးသွားတာ မြင်ချင်လို့လား..ကျွန်တော့်ခေါင်းထဲ တာဝန်မကျေဘူးဆိုတာတွေးမိတိုင်း ရုးလောက်အောင် ခံစားရတယ်..ကျွန်တော် သူ့ကို အရင်ဘ၀လို မပြောနဲ့ အဆင်ပြေပြေတောင် မထားနိုင်တာ ခံပြင်းတယ်..ကိုယ့်ကိုယ်ကို ဒေါသ ထွက်ရတယ်..တကယ်တော့ ကျွန်တော် သူ့ဘ၀ကိုဖျက်စီးမိတာပါ သူ့ကို လွတ်လပ်ခွင့် ပေးသင့်နေပြီ..”
“ဖြန်း..”
အမေရဲ့ မထင်ထားတဲ့ ရိုက်ချက်ကြောင့် ဆန်နီ ခေါင်းစောင်းသွားပြီး ပါးလည်း ပူထူသွားရသည်..။
အမေ ဘယ်တော့မှ ပါးကို ရည်ရွယ် မရိုက်ခဲ့ဖူးပါ...။
“အမေ..”
“ငါ့သားလို့ ပြောရမှာရှက်လိုက်တာ လူမဆန်တဲ့ စကား နင့်ပါးစပ်က ထပ်ထွက်ကြည့်...”
“အမေ..မသိတာ..”
“တော်...တိတ်...”
အမေ့ အသံကို တိမ်၀င်သွားပြီး အခန်းတခါးကို ဆောင့်ပိတ်သွားတော့ ငိုပြီဆိုတာ သိလိုက်ပါသည်..။
ဆန်နီ ဆိုတဲ့ လူမဟုတ်တဲ့ အကောင်ကြောင့် အခုတော့ အမေပါ ငိုနေရပြီ...။
အိမ်ရှေ့ လှေကားမှာ ငူငူ ကြီး ထိုင်နေမိတာ အဖေ ပြန်လာတဲ့အထိ..။
နေ့တိုင်း ဒီအချိန်ဆို တီဗီရှေ့ လူစုထိုင်နေပေမဲ့ အခုတော့ တီဗွီလည်း ပိတ်လျက်သား..။
“ဟေ့ကောင်...ဆန်နီ..”
“ဗ်..”
“မင်းတော်တော် အသုံးမကျတာပဲကွ..”
“ကျွန်တော်လည်း သိပါတယ်..ခု စဉ်းစားနေတာ..”
အဖေက အိမ်တွင်းရေး အခြေအနေ မသိပဲ နဲ့တောင် ဆန်နီကို တပ်အပ် စွပ်စွဲပြီး အိမ်ထဲ ၀င်သွားသည်..။
ဆန်နီ သက်ပြင်းရှည် တစ်ချက်ချပြီး လမ်းမကိုသာ ပြန်ငေးနေလိုက်ရ၏..။
အဖေက ရှပ်အကျီ င်္ ကို အခန်းထဲ ၀င်ထားပြီး တီရှပ်၀တ်ခါ ပြန်ထွက်လာသည်..။
“မင်း အမေ ငါ့ အခန်းထဲ အိပ်နေတာပဲ..”
“ငိုပြီး အိပ်သွားတာ..”
“ဟ..ငါ့မိန်းမက ဘာလို့ ငိုတာလည်း..”
“ကျွန်တော့်ကို ပါးရိုက်ပြီး ငိုတာ...”
“မင်းတော်တော်ကွာ...ငါတောင် ငါ့ မိန်းမကို ငိုအောင် ဘယ်တော့မှ မလုပ်ဘူး..”
“ကျွန်တော် အဖေ နဲ့ မတူလို့ ဖြစ်မယ်...”
“ကဲကွာ..ဗိုက်ဆာတယ်..မန်နီ သွားခေါ်..”
ဆန်နီ အခန်းရှေ့ကို ဖြတ်ပြီး မန်နီ ဆီသွားတော့ ဆရာလေးကလည်း စာအုပ်ကို မေးတင်ပြီး ဖုန်းကြည့်နေသည်..။
“သွား မို့ ကို ထမင်းစားဖို့ သွားခေါ်..”
“စားပြီးပြီ..”
“မင်းရောလား..”
“အင်း..”
“ဖုန်းနှိပ်မနေနဲ့ စာကျက်...”
ခေါင်းညိတ်ပြီး ဖုန်းပိတ်လိုက်ပေမဲ့ ၅မိနစ်ကြာရင် ပြန်ကိုင်မှာပါပဲ...။
“စားပြီးပြီတဲ့ အဖေ..”
“လာကွာ ပန်းကန်ဆေးရတာ ရှုပ်တယ် ငါခွံမယ်..”
“ကောင်းတယ်..ကျွန်တော်လည်း လက်မဆေးချင်ဘူး..”
အဖေက သူ့လက်ကြီး အပြည့် ထမင်းလုပ်ထိုးသိပ်တော့ ထမင်းစားမြန်တဲ့ ဆန်နီတောင် တော်တော်ကြာအောင် ဝါးယူရသည်..။
“မကုန်သေးဘူး..”
“သြော်အေး..”
မြတ် အဖေ့ ကို ဖုန်းဆက်တဲ့ ကိစ္စမေ့နေတာ တော်တော်ကြာပြီဆိုတာ သတိရသွားတော့..
“အဖေ့ ကို မြတ် ဖုန်းဆက်တယ်..”
“ဘယ်တုန်းကလည်း..”
“နှစ်ပတ်လောက်ရှိပြီ..”
အဖေက ဘယ်လက်နဲ့ နားကိုလိမ်လိုက်တော့ ဆန်နီ ခေါင်းစောင်းသွားရသည်..။
“အဲဒါ အခုမှ ပြောရလားကွ..”
“ကျွန်တော်နဲ့ အဖေ မှ မတွေ့ဖြစ်တာကြီးကိုး..”
“သြော်အေး..ငါက မင်းပထွေးဆိုတော့..”
“ဟုတ်လား..တကယ်လား..”
“ခွေးကောင်”
“နေပါအုံး မြတ်က ကျွန်တော်နဲ့ သိတာပါ အဖေနဲ့ ဘာလို့ ဖုန်းဆက်သွယ်တာလည်း..နောက်ပြီး မြတ်အဖေနဲ့ သိလို့လား..”
“သိတယ်...သူ နေမကောင်းလို့ ငါ တစ်ပတ် နှစ်ခါလောက် သွားတွေ့ဖြစ်ပါတယ်..”
ဆန်နီ ရေခွက်ခပ်ပေးရင်း သဘောပေါက်သလို ခေါင်းညိတ်ခါ
“ဒါဆို အဖေ့ သူငယ်ချင်းပေါ့လေ..”
“ငါ့ညီ..မင်း ဦးလေး..”
“ဗျာ..”
ဆန်နီ မယုံနိုင်လို့ အဖေနောက်များနေတာလားတွေးရင်း မျက်နှာကို လိုက်ကြည့်နေမိသည်.။
“အဖေပြောတော့ တစ်ကောင်ကြွက်ဆို..အမေနဲ့ စျေးမှာတွေ့တာဆို...”
“မဟုတ်ပါဘူး..ငါ့ မိဘတွေက မင်းအမေ နဲ့ သဘောမတူဘူး..ငါ့ကို သားအဖြစ်ကစွန့်မယ်တဲ့လေ..ဒါပေမဲ့ သူသူ ကိုချစ်တယ်..မခွဲနိုင်ဘူး..ဒီကြားထဲ ခြင်းရောင်းတဲ့ အုံးကျော်ဆိုတဲ့ ကောင်ကလည်း ရီသဲ့သဲ့ ဆိုတော့ ငါ က စိတ်မချနိုင်ဘူး ဒါနဲ့ မင်းအမေ အိမ်မှာ လိုက်နေပြီး လက်ထပ်ဖြစ်သွားကြတာ..”
ဆန်နီ ဝါးလက်စ ထမင်းတွေ အမြန် မြိုချ ပစ် လိုက်ရသည်။
“ဟမ်..အဖေက သဌေးသားဆိုတာ အမေက မသိဘူးလား..”
“သိတယ်...ဒါပေမဲ့ ငါ့ဘက်က သူ့ကို လက်မခံတာ သိရင် သူ့မာနနဲ့ ငါ့ကို ကန်ချမှာပေါ့လေ...ပြီးတော့ ငါ့လို့ သဌေးသားကို သူ့ဆီမှာ ဒုက္ခခံခိုင်းမှာမဟုတ်ဘူး..စိတ်ညစ်အောင် လုပ်ပြီးကို ကန်ထုတ်တော့မှာလေ...ဒီတော့ ငါက သဌေးယောင်ဆောင်ထားတဲ့ တစ်ကောင်ကြွက်ပါလို့ လိမ်လိုက်တော့ စိတ်ဆိုးပေမဲ့ လက်ခံထားတယ်ကွ...”
“ဒါကြောင့် အဖေ နဲ့ အမေ က စရိုက်မတူတာ..”ဆန်နီ တစ်သက် လုံး လွဲလာခဲ့တဲ့ အမြင်တွေရှင်းသွားရသည်..။
“အချိန်တွေကို ပြန်တွေးကြည့်ရင် ခက်လိုက်တာကွာ...ငါ သူ့ကို ချစ်လို့ မလုပ်ဖူးတဲ့ ပန်းရံ အလုပ်တွေ လျှောက်လုပ်ကြည့်တယ်..လက်တွေပေါက်ပြဲတာပဲ အဖတ်တင်တယ်..ငါ့ကို အလုပ်လုပ်တာ ကြာလို့ ဆိုပြီး အလုပ်မပေးကြတော့ဘူး..”
“နောက် ဆိုက်ကားနင်းတယ်..ငွေ ၂၀၀ ရပြီး မင်းအမေက ပြန်နှိပ်နေရတာနဲ့ သုံးရက်စျေးမထွက်ရလို့ မနင်းနဲ့တော့တဲ့...ဟား..ဟား...ဒါကြောင့် မင်းတို့အပေါ်မှာ အဖေ တာ၀န်မကျေနိုင်ဘူး..ငါက ဘွဲ့ရပေမဲ့ သူသူက စာမတက်တော့ စိတ်မကောင်းဖြစ်မှာစိုးလို့ ၈တန်းကျထားတာလို့ လိမ်ထားရတယ်...ဟား..ဟား..မင့်အမေကလည်း သူရှာတဲ့ ပိုက်ဆံ နဲ့ သုံးနေရရင် ဂုဏ်ယူနေတာပဲလေ..”
“ဘယ်မှာ ဂုဏ်ယူလို့လည်း..ဒီလောက်မှိုချိုးမျှစ်ချိုးပြောနေတာကိုပဲ အဖေမနာဘူးလား..”
ဆန်နီ ဒီ တစ်ခါတော့ အဖေရဲ့ စွန့်လွှတ်မှုကြီးကိုသိပြီးချိန် အဖေ့ ဘက်က လုံးလုံးလျားလျား ဖြစ်သွားပြီ..။
“မင်းတို့က အပေါ်ယံပဲ မြင်တာကိုးကွ..ငါနဲ့ သူသူက နှလုံးသားချင်းနီးတော့ သူ့ခံစားမှုကို ငါမြင်ရတယ်..”
“တယ်ဟုတ်ပါလား..”
“တစ်ယောက်နဲ့ တစ်ယောက် ချစ်ရုံ နဲ့ မပြီးဘူး..တစ်ယောက် နှလုံးသားကို တစ်ယောက် နားလည်ဖို့ အရေးကြီးတယ်...”
ဒါကတော့ ကိုယ်တွေ့ဖြစ်နေတာဆိုတော့ ခေါင်းညိတ်ထောက်ခံမိသည်..။
“မြတ်အဖေ က ဘာဖြစ်လို့လည်းဟင်..”
“နေမကောင်းဘူး..မင်းလည်း ကြုံရင်သွားတွေ့လိုက်ပါ သူ သိပ်၀မ်းသာသွားမှာ...ပြီးတော့ အမွေကိစ္စပြောလာရင်တော့ လက်မခံပါနဲ့...”
“ဟင်...အမွေ..”
“ဟုတ်တယ်...ညီညီက ငါ့ကို အမွေ တစ်၀က်ခွဲပေးချင်တယ်..ဒါပေမဲ့ မိဘတွေကိုတိုင်တည် သစ္စာပြုထားတာပဲ ပြီးတော့ ဒီလို အခြေအနေ ရောက်ဖို့ သူပဲဦးဆောင်ခဲ့ရတာ..ငါက မလိုင်မကြိုက်ဘူး..ငါ နဲ့လည်း မထိုက်ပါဘူး..ငါ လက်မခံတော့ မင်းကို ရအောင်ပြောလိမ့်မယ်..”
“အဖေကလည်း..ပိုက်ဆံကို ရန်သူကျနေတာပဲ ယူပြီး အမေ မျက်လုံးပြုးအောင် လုပ်ပစ်လိုက်ပေါ့..”
ဆန်နီ မျက်ခုံးပင့်ပြီး အကြံပေးလိုက်ပေမဲ့ အဖေက ပခုံးကို လှမ်းရိုက်ပြီး
“ဟား..ဟား..မင်းက လေ မိန်းမသာရတယ်..အချစ်အကြောင်းဘာမှ နားမလည်ဘူး...ငါ့လို့ အလုပ်အကိုင်မရှိ တစ်ကောင်ကြွက်ကို ချစ်လို့ အိမ်ခေါ်တင်ကျွေးထားရတဲ့သူက ငါ့မှာ ငွေတွေ ရှိပါတယ်ဆိုရင်ကော စိတ်ပြောင်းမယ်ထင်လား ဝေးသေးတယ်..အဲတော့မှ လိမ်ထားတယ် ဆိုပြီး ကန်ချမှာ...ပြီးတော့ မင်းအမေ မသိအောင် အရိပ်စံဘောဒါ မှာ ငါ စာသင်နေတာ ကြာလှပြီ..”
“ဟမ်..”
အဖေက ရိပ်စံက ကျူရှင်ဆရာလား တစ်ရပ်ကွက်ကျော်လေးကို ဘာလို့ ဆန်နီတောင် မသိရပါလိမ့်...။
“ဟုတ်တယ်လေ...တစ်နေ့ကုန် မင်းအမေ က စျေး မင်းတို့ က ကျောင်း နဲ့ အလုပ် ဆိုတော့ ငါ့မှာ အလုပ်မှ မရှိတာ အဲတော့ ကိုတက်တဲ့ ပညာပြန်မျှတာပေါ့...စေတနာနဲ့ ကူညီရင်း နောက်တော့ ပိုက်ဆံရတယ်..အသုံးမလိုတော့ ငါစုထားတယ်...မင်း အမေ ဆေးရုံတက်ရတုန်းက ဒီငွေလေးတွေ ရှိလို့ တော်သေးတာပေါ့ကွာ..”
“နေပါအုံး...အလှူရှင် တစ်ဦးဆိုတာ အဖေ လား..”
“အေးလေ..မဟုတ်ရင် သူသူ က သိရင် ငါ့ သတ်မှာ..”
“ဒုက္ခပါပဲ အဖေရာ..” ဆန်နီ အဖေ့ရဲ့ အချစ်မေတ္တာ တိတ်တိတ်ပုန်းတွေကြောင့် ခေါင်းကိုသာ တပြင်းပြင်း ဆွဲကုတ်မိပြီး ပို စိတ်ညစ်ရသည်..။
အမေဆေးရုံတက်တုန်းက ငွေမလောက်လို့ ဆန်နီ့မှာ ကိုယ့်ကိုယ်ကို ဒေါသထွက်လိုက် အလှူရှင်ကို ကျေးဇူးတင်လိုက်နဲ့ ရင်တွေ ပူလောင်ခဲ့ရတာ...။
“အခုလည်း နိုင်ဦးတို့ လက်ဖက်ရည်ဆိုင်ကို ငါ ၀ယ်လိုက်တယ်...”
“ဗျာ...”
“ဟုတ်တယ်...ဟိုကောင်တွေဘောပွဲ စွပ်လောင်းပြီး လျော်စရာမရှိလို့ရောင်းတာ ငါ၀ယ်လိုက်တော့ သူ့တို့လည်း ပြန်အလုပ်လုပ်လို့ရတာပေါ့..”
“ဟ..အဖေက သဌေးပဲဗျ......အမေက အိမ်မှာပဲ နေသင့်နေပြီ...”
အဖေက ခေါင်းညိတ်ပြီ့းခါမှ ခေါင်းပြန်ခါရင်း..
“မိုးတွင်းပဲ အိမ်မှာထားမယ်..နားညီးတယ်..”
“ကောင်းတယ်..ဟုတ်တယ်...”
ဆန်နီ လည်း ဒီတစ်ခုလေး ခေါင်းညိတ်ထောက်ခံမိတာ
“အ...”
ခေါင်းကို ပိတ်ရိုက်ခံရလို့ နောက်ကို လှည့်ကြည့်တော့ အမေက အခန့်သားရပ်နေသည်..။
“ကျူပ်က နားညီးစရာကြီးပေါ့လေ...”
“အမေ...”
“မိန်းမ...”
“အမေ ဘယ်တုန်းက ရောက်နေတာလည်း..”
“ကြာလှပြီ...မသိရင် ငါကပဲ ငွေမက်နေသလိုလို ..မြတ်ကိုယ်တိုင် ငါ့ကို အရင်လာပြောတာ ပါ “
ဘာမှမသိရတဲ့ သားကြီးအဖြစ်ကို မကျေနပ်နိုင်လို့ မျက်မှောင်ကြုတ်ပြီး
“..ဘာမှ မသိရတဲ့.ကျွန်တော်က ဒီအိမ်ရဲ့ ဘာလည်း.”
“သားကရော ဘာလည်း...”
“ဟင်...ဘယ်တုန်းက နောက်ရောက်နေကြတာလည်း..”
အမေက အခန်းထဲ ပြန်၀င်သွားတော့ အဖေက ချော့ဖို့ လိုက်၀င်သွားရသည်..။
“အမေ ဒီနေ့ အဲမှာ အိပ်လိုက်နော်...ကျွန်တော် မိန်းမနဲ့ စိတ်ကောက်ထားလို့ အောက်မှာ အိပ်မလို့...”
“ဟဲ့..ဆန်နီ..တံခါးဖွင့်စမ်း..”
‘ထားလိုက်ပါကွာ..”
“အိုး...ရှင်က ဘာဖြစ်နေတာလည်း. လွှတ်စမ်း.ကိုကျော်ဖေ...ဆန်နီး....မန်နီ..သားလေး အမေ့ကို တံခါးဖွင့်ပေးစမ်း...”
မန်နီက အမေ့ချစ်သားမို့ တံခါးဆီ လက်ရွယ်ချိန် ဆန်နီ လက်သီးထောင်ပြလိုက်တော့ မှနောက်ဆုတ်သွားသည်..။
ဆန်နီ အိမ်ရှေ့ တံခါး ဂျက်ထိုးပြီး အမေတို့ အခန်းက ဂျက်ကို အသံမကြားအောင် ပြန်ဖြုတ်ခါ အပေါ်တက်လာခဲ့လိုက်သည်..။
အခန်း၀မှာ တံခါးဟပြီး ကြည့်လိုက်တော့ ငိုနေမယ် ထင်တဲ့သခင်မလေးက ပက်လက်အိပ်ပြီး ခြေထောက်ကို မိုးပေါ်ထောင်ခါ အိပ်လိုက်ထလိုက်လုပ်နေပြန်ပြီ...။
အမှတ်မရှိတာ ပြီးရင် ဗိုက်အောင့်လို့ သေရပါတော့မယ် ဆိုတဲ့ အသံကြားရအုံးမည်..။
“တီ...တီ....တီ.....”
“ဟလို ..”
“စီစီလား...”
“ဟမ်..မို့..”
“အင်း..”
“ငါ နင့်ဖုန်းနံပါတ်မှန်း မသိလို့ကိုင်လိုက်တာ...”
ဆန်နီ ဖုန်းကို တစ်ချက်ကြည့်လိုက်တော့ အမေ့ဖုန်း ဖြစ်နေသည်..။
“နက်ဖြန် မို့မွေးနေ့လေ..ယူတို့ လိုက်ကျွေးရမယ်နော်...”
“မအားဘူး..တီနာ ပါတီ ဖိတ်ထားတယ်...”
“စီ ပြောတော့ တီနာ့ကို ကြည့်မရဘူးဆို..”
“ဘယ်တုန်းကပြောလို့လည်း...”
“..ဒါဆိုလည်း နောက်နေ့ တွေ့ကြမယ်နော်...သူငယ်ချင်းလေးတွေကို သတိရလို့ပါ...”
“ငါတို့ မအားဘူး ဆိုင်ကိစ္စ နဲ့ အလုပ်တွေ ရှုပ်နေတယ်...မလာပါနဲ့...”
“ဟင်...”
ဖုန်းကို လက်တစ်ဖက်က ဆွဲယူသွားချိန် မို့ ပက်လက် အနေအထားနဲ့ မျက်ရည်စီးကျနေတာပါ ကိုကိုတွေ့သွားပြီ..။
“ဟာ..ဘာလို့ ချပစ်တာလည်း ကိုကို..”
“မင်းသူငယ်ချင်းတွေရဲ့ စိတ်ဓာတ် မင်း မသိသေးဘူးလား..ဘာလို့ လိုက်တွယ်ကပ်နေတာလည်း..မင်းမှာ အရှက်တို့ မာန တို့ မရှိတော့ဘူးလား..ဟမ်...”
“ဟုတ်တယ် မရှိဘူးလေ..ကိုကို ပိုသိပါတယ်...”
“မို့...”
ခေါင်းအုံးကို နေရာပြန်ချပြီး မျက်နှာကျက်ကို ငေးခါ ပြုံးယဲ့ယဲ့ နဲ့ မျက်ရည်ကျနေတဲ့ သူမကြောင့် ဆန်နီ ၀မ်းနည်းရသည်..။
ဘေးမှာ အတင်းတိုး၀င်လှဲအိပ်လိုက်တော့ နောက်ဘက်ကို ဆုတ်သွားပြန်သည်..။
ဆန်နီလည်း လိုက်တိုးနေတော့ ဆောင်ပေပေ လေး ပြန်ကြည့်နေတာ အသည်းနာစရာ...။
“မို့ရယ်...မို့သိလား...ကိုကို လေ မို့ရဲ့ ဆံပင်ရှည် ပျော့အိအိလေးတွေကို တအားလွမ်းတာပဲကွာ...”
“အဟွင့်..”
ဟင်..မို့ က ခနဲ့တဲ့ မဲ့ပြုံးတစ်ခုတောင် ပြုံးတက်နေပြီဆိုတော့ ဆန်နီ တုန်လှုပ်သွားရသည်..။
“ဘာဖြစ်လို့လည်း...မယုံတာလား..”
“ဆံပင်ရှည်တာ မို့ မဟုတ်ဘူး..မနွေးနွေး..”
“ဘယ်လို...”
“ဟုတ်တယ်လေ....မို့ ဆံပင်က ကျောလယ်ပဲ ရှိတာ ကိုကို က ဆံပင်တွေငေးရတာများလို့ ဘယ်သူ့ဘယ်ဝါမှန်း ရောထွေးကုန်ပြီထင်တယ်..’
ဆန်နီ ဒေါသထွက်မိပေမဲ့ အထင်အမြင်လွဲနေတဲ့ ကောင်မလေးကို ကြိုးစားရှင်းပြချင်ပါသေးသည်..။
အဖေ ပြောသလို နှလုံးသားချင်းသာ နားလည်ရင် အဆင့်အတန်းတွေ ဆိုတာ အလကားဖြစ်သွားမှာပါလို့လည်း မျှော်လင့်မိသည်..။
“ကိုကို အလုပ်မှာတွေ့သမျှ မြင်သမျှ မိန်းကလေးတွေကို လိုက်ကြည့်ပါ့မလား..”
“မသိဘူးလေ...”
“မို့ အဲလိုတွေ ပြောနေတာ ကိုကို့ သိက္ခာကို စော်ကားနေသလိုပဲကွ..”
“မကြိုက်ဘူးဆိုလည်း မပြောတော့ပါဘူး..”
“ဟင်...”
ကိုကိုလည်း ကြိုက်သလိုနေပါ တော့....မို့လည်း ပျော်သလိုနေပါ့မယ်...။
မန်နီ့ အတွက် စာအုပ်၀ယ်ဖို့ လိုက်သွားပေးရင်း လမ်းမှာ ကိုကို နဲ့ ကောင်မလေး တစ်ယောက်ရယ်မော စကားပြောနေကြတယ်...မို့ မယုံနိုင်ခဲ့ဘူး...နောက် ကိုကို ၀င်သွားတဲ့ ကားကို တွေ့မှ ကိုကို ဆိုတာ ပိုသေချာသွားတယ်..။
ကိုကို ပြောသလို အလုပ်သဘောအရဆိုတာ အိတ်တစ်ခုကို တူတူကိုင် တစ်ယောက်မျက်နှာ တစ်ယောက်ငေးပြီး ရယ်မောရင်း လမ်းလျှောက်တာကိုပြောတာလား...။
ကိုကို ဘာပဲပြောပြော မို့ မယုံချင်တော့ဘူး..။
ဟုတ်ပါတယ်..မို့ က တဖတ်သက် ချစ်ခဲ့ရသူပါပဲလေ...ကိုကို ရဲ့ အနီးအပါးမှာ နေခွင့်ရတာလေးနဲ့ ပဲ မို့ ကျေနပ်ပါတယ် ကိုကိုရယ်...။
မျက်လုံးထဲမှာ စီစီ မွေးနေ့ ရီလေး မွေးနေ့ မှာ လေးယောက်တူတူ ပျော်ခဲ့ရတာတွေ မြင်ယောင်လာသည်..။
ပိုင်ဆိုင်မှုတွေစွန့် မိဘကိုစွန့်ပြီး ချစ်ရသူနဲ့ နီးဖို့သာကြိုးစားမိခဲ့တာ...။
မို့ မွေးနေ့ကျတော့ရော....။
သိပ်ချစ်ရတဲ့ လူတစ်ယောက်ဆီက ဥပက္ခာတွေဒေါသတွေ စိမ်းကားမှုတွေ ရက်စက်မှုတွေ အိုး.. ဓားသွားလို ထက်မြ မနှစ်မြို့ ဖွယ်ရာ စကားတွေ နဲ့ပဲ ဖြတ်သန်းရမှာပါလေ...။
မို့ မျက်လုံးကို စုံမှိတ်ပစ်လိုက်ချိန် မျက်ရည် တွေ နားထင်မှ တစ်ဆင့် ဖြတ်သန်းစီးဆင်းခါ နားသပ်ဆီသို့ ရောက်သွားသည်..။
ဆန်နီ သက်ပြင်းချရင်း မို့ လက်ကလေးကို ကိုင်တော့ ခါချပစ်လိုက်တာ ရင်ထဲ ဟာသွားရသည်..။
မငိုပါနဲ့တော့ မို့ရယ်...ကိုကိုလည်း နာကျင်ရပါတယ်...။
တီ..တီ...တီ..
ဖုန်းသံနဲ့ အတူ နိုးထလာပြီး နေရာပျောက်ခါ ဆန်နီခြေထောက်ဖက်အိပ်နေသော ကောင်မလေးကြောင့် ငုတ်တုတ်ထထိုင်မိသည်..။
ဒီလောက်ငြင်းတာ ရမလား..ဆန်နီ ဘေးက ဖုန်းယူပြီး ခြေထောက်ဖက်ထားရင်း အိပ်ပျော်နေတဲ့ ကြောင်မလေးကို ဓာတ်ပုံရိုက်ပစ်လိုက်သည်..။
အိပ်ရာပေါ် ပြန်ချပြီး ခေါင်းအုံးထည့်ပေးလိုက်တော့ ဆံပင်တိုလေး နဲ့ မျက်နှာနုနုလေးက ပိုပြီး ကလေးဆန်နေသည်..။
ဘာအရောင်ကာလာမှ မခြယ်သထားပါပဲ နီစို့စို့လေး ဖြစ်နေသည့် နှုတ်ခမ်း ကို အကြည့်ရောက်တော့ နှလုံးတွေ ဆောင့်ခုန်လာပြီး မနက်စောစော ချွေးပြန်လာရသည်..။
စောင်ပါးလေး ခြုံပေးပြီး လွယ်လွယ်ကျော မခိုင်းနိုင် ဖြစ်ရပြန်၏..။
“ ကိုကို့ အသက်ကလေး မွေးနေ့မှ စလို့ ပျော်ရွှင်ပါစေ....”
ဆုတောင်းစကားနဲ့ အတူ နဖူးလေးကို အနမ်းပေးပြီး အိတ်ယူခါ ထွက်လာခဲ့လိုက်သည်..။
.
“တီနာလား..”
“ဟုတ်တယ်...”
“ မို့ ပါ...”
“အိုး..မို့....ယူသတင်းတွေကြားရတာ အားကျစရာပဲကွာ...အချစ်သူရဲကောင်းကြီးပဲကွ...”
“အဟွင်း ထင်သလောက် ပျော်ဖို့ မကောင်းတော့ဘူး...မို့ အကူအညီတောင်းစရာရှိလို့ပါ...”
“ဘာလည်းပြောလေ...”
“တီနာတို့ အက အဖွဲ့ထဲပါချင်လို့ပါ...”
“အိုး....ရဲလ်လီိ ...မယုံနိုင်စရာပါပဲလား..တစ်ကိုယ်တော် စူပါစတားက တို့ အဖွဲ့ထဲ ၀င်မယ်ဆိုတော့ ၀မ်းမြောက်စွာ လက်ခံပါတယ်ရှင်...”
“ဒါနဲ့ အကြောင်းအရင်းလေးကော သိခွင့်ရှိမလား..အဖွဲ့ရဲ့ လုံခြုံမှု အရ...”
“မို့ ပိုက်ဆံလိုလို့ပါ...”
“အိုး...ဆောရီး...”
“ရပါတယ်...”
“ဒါဆို ယူလာရမဲ့ အချိန်ကို ဖုန်းဆက်လိုက်မယ်နော်...”
“မနက် စောစောကနေ နေ့လည်ထိဆို ပိုအဆင်ပြေလို့ပါ ကူညီပါနော်...”
“အိုကေ..”
မို့ ဖုန်းချလိုက်ပြီး အိမ်ရှေ့ဘက်ကို အကြည့်ရောက်တော့ ကိုကို က မနက်ပိုင်းကြီး ပြန်လာသည်..။
တော်ပါသေးရဲ့ ဖုန်းပြောနေရင်း ပြန်လာရင်တော့ ဆူအုံးမှာပါ..။
“မို့...”
မျက်နှာမှာ အပြုံးတစ်ခုနဲ့ အတူ လက်ထဲက အိတ်ကို ရမ်းပြီး ၀င်လာသည်..။
လက်ထဲက အထုတ် တစ်ခုကို မီးဖိုခန်းဘက်ယူသွားပြီး ပြန်ထွက်လာတော့ မို့ အပေါ်တက်ဖို့ ခြေလှမ်းပြင်လိုက်သည်..။
“မို့..နေပါအုံးကွ...စိတ်ဆိုးတုန်းလား....”
“စိတ်မဆိုးပါဘူး ..”
“မဆိုးတဲ့ရုပ်ကြီး..နေပါအုံး ညက ဘယ်လိုအိပ်တာပါလိမ့်..”
ဆန်နီ ညတုန်းက ခြေထောက်ဖက်အိပ်နေတဲ့ ပုံကို ပြလိုက်တော့ မျက်လုံးပြူးပြီး ဖုန်းကိုသေချာ ယူကြည့်သည်။
“ဒါ....မို့...”
“မဟုတ်ဘူးလား.. ဘယ်က ကြောင်မလေးလည်းမသိပါဘူး...ခြေသလုံးဖက်ပြီး တောင်းပန်နေတာ..”
“အား...ကိုကိုနော် မို့ စိတ်ဆိုးချင်လာပြီ..”
“မို့...မွေးနေ့မှာ ပျော်ပျော်ရွှင်ရွှင်နေရမယ်လေ...ကိုကို ကိတ်မုန့် ရေခဲဘုံးထဲ ထည့်ထားတယ်...ညကျမှ ခွဲမယ်...အင့်...မွေးနေ့လက်ဆောင်..”
မို့ ကို လှမ်းပေးနေတဲ့ အိတ်ကို မယူတော့ ကိုကို ကလက်ရုတ်လိုက်ပြီး ပြန်ထိုင်ခါ အိတ်ကို ဖွင့်လိုက်သည်..။
“ဟင်..ဖိနပ်လေး..”
“အင်း...ကြိုက်ရဲ့လား...စီးကြည့်ပါအုံး..”
မို့ ပျာပျာသလဲ နာမည်ဖတ်ပြီး နှာခေါင်းရှုံ့လိုက်မိခါ ခေါင်းရမ်းပစ်လိုက်သည်..။
“ဘာဖြစ်လို့လည်းဟင်..”
“ဒီဖိနပ်က မို့ နဲ့ မတည့်ဘူး..ဖိနပ်ပေါက်တယ်..”
“စ၀တ်တုန်းပါ...”
“မဟုတ်ဘူး..အဖျားကော့တော့ ခြေထောက်လည်း အရမ်းနာတယ်..အိမ်မှာဆို ဒီ တံဆိတ်စီးတာ မြကြာဖြူရယ် ပပရယ် နှစ်ယောက်ပဲ ရှိတယ်..သူတို့က ခြေဖျားကြီးတယ်လေ...”
“ကိုကိုက မမေးပဲ ဝယ်တာကိုး..ခုတော့ စီးမရတာကြီး....”
ဆန်နီ ခေါင်းတရမ်းရမ်းနဲ့ ငြင်းဆန်နေသည့် မို့ စကားကြောင့် ရင်ထဲ လှိုက်ဟာသွားရသည်..။
ဆုံးပါပြီ ငွေခြောက်သောင်းတောင် ဘယ်လို လုပ်ရပါ့မလည်း..။
ကားခကို ဘာကြေးမှ မနှုတ်ပဲ ရက်ရက်ရောရော ၀ယ်ပစ်လိုက်တာ
ဆန်နီ စီးတဲ့ ဖိနပ်ဆိုတာ ၁သောင်းကျော်မှာ အကောင်းဆုံးသာ..။
မိန်းကလေးစီး စျေးအမြင့်ဆုံးမေးပြီး အတုမိမှာစိုးလို့ ဆိုင်ကြီးမှာ တစ်ခါ သွား၀ယ်ခဲ့ရတာ..
အခုတော့ ရင်၀ကို ဆောင့်ကန်လိုက်သလို ပါပဲလား..။
မို့က ခုံမှာ ထိုင်ပြီး ဖုန်းနှိပ်နေတော့ ဆန်နီ ဖိနပ်ဆီ အကြည့်ပြန်ရောက်သွားသည်..။
တစ်ဖက်ထောင် တစ်ဖက်လှဲနေတဲ့ ဖိနပ် အဖြူလေးကို ကောက်ပြီး ဘူးလေးထဲ ပြန်ထည့်လိုက်သည်..။
သူမှ မစီးနိုင်တာလေ..ရွှေပေါ်မြတင် မင်းသမီးလေးကို ကိုကို အပြစ်မမြင်ပါဘူး..။
မို့ ပြောသလို ကိုကို့ ကြောင့် ပါပဲကွာ...။☆━━━━━━━━━━━━━━━☆
အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်Love U all ❤
#စပိုက်ကာ
YOU ARE READING
နန်းထိုက်ပန်းမို့
Romance"..မုန်းလို့ပေါ့ကွာ....မင်းရဲ့ပုံစံကိုမုန်းတာ.. မင်းရဲ့ ဖြစ်တည်မှုကို မုန်းတာ.. မင်းမို့လို့ ..မုန်းတာကွာ ရှင်းပလား..." ခေါင်းငုံ့ လမ်းလျှောက်နေတာ တွေ့တော့ ကားမပါလို့များလား တွေးမိပြီး ရပ်မေးလိုက်ဖို့ စီစဉ်ထားပေမဲ့ အနားရောက်မှ ခြေထောက်က အလန့်တကြား အ...