နန်းထိုက်ပန်းမို့
အပိုင်း (၁၅)
#နန်းထိုက်ပန်းမို့“တူ.....တူ.....တူ.....”
“ဟွင့် ကိုင်ပြန်ဘူး..”
မို့ ဖုန်းကို ပြန်ချပြီး သစ်သားခုံပေါ် ဒူးပိုက်ပြီး ထိုင်နေလိုက်သည်..။
“ကိုကို အခုဆို ဘယ်ရောက်နေပြီလည်း..”
ဖုန်းပြန်ကောက်ခါ မက်ဖွင့်ပြီး နာရီတွက်ကြည့်မိသည်..။
“မနက် ငါးနာရီဆိုတော့ အခုက ဆယ်နာရီ..ငါးနာရီကြာတော့.....”
မို့ ဖုန်းစကရင်မ်ကို ချဲ့ပြီး မြို့ နာမည်တွေ လိုက်ဖတ်နေရင်း...
“တောင်ငူရောက်ပြီပေါ့လို့...ကျော်နေပါပြီ..လိုင်းမရလို့နေမှာပေါ့....”
ခုံပေါ် ခြေထောက် ပြန်တင်ခါ ဒူးပိုက်ထိုင်နေရင်း ဖုန်းခေါ်ချင်လာပြန်သည်..။
နာရီကြည့်တော့ ဆယ်နာရီ ဆယ့်ငါး ....
လိုင်းမိမှာပါ တွေးရင်း ပြန်ခေါ်မိပြန်သည်..။
“တူ....တူ......တူး....လူကြီးမင်းခေါ်ဆိုသော...”
“တီ..”
ဖုန်းကို ခုံပေါ်တင်ရင်း ငိုင်ကြည့်နေမိတာ ပါးပေါ် မျက်ရည်ပူတွေ လိမ့်ဆင်းလာရသည်..။
“ကိုင်လိုက်လေ...ဆန်နီရဲ့...”
“နောက်မှ ကိုင်မယ်..နောက်ကားကို ကြည့်ရတာ ရန်စနေသလိုပဲ...”
ဆန်နီ ဘေးကြည့်မှန်က ကြည့်လိုက်တော့ ညာကျောယူလိုက် ဘယ်ကျော ပြေးလိုက်နဲ့ ကျော်ဖို့ဆိုပြီး အရှိန်လျော့ပေးပြန်တော့လည်း နှေးချလိုက်ပြန်သည်...။
“ဟုတ်တယ်...အကို....အဲဒီ့ကားက ညီမတို့ မုန့်၀င်စားပြီး ထွက်လာကတည်းက ပါလာတာပဲ...”
“ဒါဆို တော်တော်ကြာပြီပဲ...” ဆန်နီ မိုင်တိုင်ကို တစ်ချက်ကြည့်လိုက်တော့ ၁၉ ကျော်နေပြီ..။
ကားအမြင့်နဲ့ ရန်စသလို လုပ်နေတာ ကိုယ့်ဘက်က မှန်လည်း တစ်ခုခု မဖြစ်စေချင်ပါ..။
ဆန်နီ ကားမီးတောက်ရုံသာ မက လက်ပါ ထုတ်ပြီး အချက်ပြလိုက်တော့ ကားခေါင်းကို ဘယ်ညာရမ်းပြတာ...ကားနောက်ပိုင်းထိမှာစိုးလို့ ယောင်ပြီး တစ်ခုခုသာလုပ်မိရင် လမ်းဘေးကျနေပြီ...။
“မူးနေတာလားလို့..”
“ဟုတ်မယ်...”
ဆန်နီ ဘေးဘက် ကပ်ယူပြီး အရှိန်လျော့ခါ လုံး၀ ထိုးရပ်ပစ်လိုက်သည်...။
“မသွားနဲ့လေဟဲ့..”
နွေးနွေးက ဆန်နီ့ လက်မောင်းကို ဆွဲပြီးပြောတော့ ဘာလုပ်ရင် ကောင်းမလည်း စဉ်းစားမရဖြစ်ရသည်..။
ကားထဲမှာလည်း မိန်းကလေးချည်း ၆ယောက်ပါလာတာ..တစ်ခုခုဖြစ်ရင် ကိုယ်က အကြောင်းမဟုတ်တောင်...သူတို့ အတွက်က စဉ်းစားရသည်..။
“ခဏပါ..ငါဆင်းပြီး အခြေအနေကြည့်လိုက်မယ်..”
ဆဖ် အနက်ရောင်က ကားဘေးနောက်ဖျားရောက်ဖို့ လက်မနည်းနည်းလေးအကွာမှာ ရပ်လိုက်ချိန် ဆန်နီတွေးမိတာ တိုက်ကုန်ပြီပဲ..။
“တီ...တီ...တီ...”
ကားထဲက ဖုန်းမြည်သံကို ကြားလိုက်ပြီး ဆန်နီ ပထမဆုံး အကြိမ် အဖြစ် မို့ ကို စိတ်ပျက်မိသည်..။
ဖုန်းသံတိတ်သွားမှ နောက်ကား တံခါး အနားသွားရပ်လိုက်ပြီး..
“အကိုတို့ ဘာလိုလို့လည်း..”
“အဟဲ...ဘာမှ မဟုတ်ပါဘူး..ဆော်လေးတွေ လန်းလို့..”
မျက်ခွက်ကို ပိတ်ထိုးချင်လောက်အောင် စပ်ဖြဲဖြဲလုပ်ပြီး ယမကာ အနံ့နဲ့ တဏှာ စရိုက်ပါတွေ့ရတဲ့ ကားမောင်းသူက အဖေထက်တောင် အသက်ကြီးပါလိမ့်မည်..။
“သြော်..ဟုတ်ကဲ့...အကိုတို့က ဘယ်လည်း..”
“ပြင်ဦးလွင်...အဆင်ပြေရင် တစ်ခင်းလောက် ကျင်းပေးစမ်းပါဗျာ..”
“အကို ပြောသလို မဟုတ်ဘူးဗျ...အဖွဲ့လိုက်ခရီးထွက်ကြတာပါ နောက်မှာ မင်္ဂလာကားကလည်း သူတို့အဖွဲ့တွေပဲ...ကျွန်တော့်ကားထဲ ကျောင်းဆရာမ တွေပဲပါတယ်..”
“ဟူး..မရဘူးပေါ့..”
“ဟုတ်ကဲ့..”
“ပြင်ဦးလွင်မှာကော အချိတ်ရှိလား..”
“ကျွန်တော် မရောက်ဖူးဘူး ခင်ဗျ...ဒါပေမဲ့ ဟိုတယ်မှာပြောလိုက်ရပါတယ်...”
“အိုကေ...သိုင်းကျူး..”
“ဟုတ်ကဲ့...”
“ဒိုးပြီ ဘော်ဘော်ရေ...”
“ဟုတ်...”
လက်ထုတ်ပြပြီး လက်တစ်ဖက်တည်းမောင်းခါ ကားကို အရှိန် ဘယ်လောက်တင်ထားလည်း မသိ..တစ်ခဏ အတွင်း ရှေ့က ကားတွေကိုပါ ကွေ့ရှောင်ကျော်တက်သွားပြီ...။
“ဟဲ့...ဘာတွေဖြစ်သေးလည်း..”
ကားထဲရောက်တာနဲ့ နွေးနွေး က အလန့်တကြားမေးတော့ ဆန်နီ ရယ်ပြီး ခေါင်း၇မ်းရင်း..
“ဘာမှမဟုတ်ပါဘူး..မူးပြီး လူမှားနေတာ..”
“သေနာတွေ...”
“ကဲ..အစ်မတွေ ခွင့်လွှတ်လိုက်ကြပါဗျာ...”
“သြော်...အကို့ မိန်းမ ဖုန်းဆက်သေးတယ်..”
ဆန်နီ စယာတိုင်ကို ပြန်ပတ်ပြီး ကားကို လမ်းပေါ် ပြန်ယူရင်း ခေါင်းညိတ်ပြလိုက်သည်..။
“ပြန်ခေါ်လိုက်အုံး..ငါ ကိုင်လို့ စိတ်ဆိုးသွားပြီလား မသိဘူး..”
“ရပါတယ်..”
“နင်ကလည်း ဘယ်လိုကံလည်း မသိပါဘူး..နင့်လိုကောင်က အရုပ်မလေးရတယ်လို့..”
“အရုပ်လေးရတော့ ဘာဖြစ်...”
“မတန်လို့ပေါ့..”
‘အောင်မယ်..ငါက ရုပ်ဆိုးအကျဉ်းတန် နူဝဲနေလို့လား..”
“အေးလေ..မမနွေးကလည်း တို့ အကိုကြီးက မင်းသာလိုချောတာပါနော်..မတန်တာမရှိပါဘူး..”
“ဟား..ဟား..တွေ့တယ်နော်...ဘက်တော်သားတွေ.. ထောက်ခံနေပြီ...”
ဆန်နီ လက်က ဖုန်းကိုရောက်သွားပြီး မစ်ကောပေါင်းများစွာဖြစ်နေသည့် နံပါတ်ကို ပြန်ခေါ်ချင်ပေမဲ့ မြိုသိပ်လိုက်ရသည်..။
စိတ်ဆိုးလက်စနဲ့ ဆိုးပါစေ..အဲဒါမှ ဖုန်းခေါ်တာ ရပ်သွားတာ မဟုတ်ရင် တစ်မိနစ် တစ်ခါခေါ်နေရင် ခက်ရချည်...။
.
“ဟယ်...ထမင်းမစားလို့ရမလားဟဲ့...”
“ဗိုက်မဆာလို့ပါ မေမေ...”
“ဘာစားချင်လည်း..”
“ဘာဖြစ်လို့လည်း အမေ မမ နေမကောင်းလို့လား..”
မန်နီကပါ လွယ်အိတ်လွယ်ပြီး အနားရောက်လာတော့ မို့ ခေါင်းသာရမ်းပြလိုက်ရသည်..။
“မမ ကြေးအိုးသောက်မလား..”
“အေးအေး...နင် ကြိုက်တယ်လေ...”
“သွား၀ယ်ပေးလိုက်...”
မန်နီက မေမေ့ ပိုက်ဆံအိတ်ထဲက ထောင်တန် နှစ်ရွက်ထုတ်ပြီး ပြေးထွက်သွားပြီ...။
ဗိုက်ဆာတာမှ မဟုတ်တာ..ကိုကို့ကြောင့် မေမေရဲ့....။
“မေမေ..”
“မို့ အပေါ်မှာ ခဏသွားအိပ်နေမယ်နော်..”
“အင်း...ခဏပဲအိပ်နော် ညနေစောင်းတော့မယ်..”
“ဟုတ်ကဲ့..”
မို့ လှေကားတွေကို မျက်တောင် ပုတ်ခတ်လုပ်ရင်း တက်လာခဲ့ပြီး အခန်းထဲရောက်တာနဲ့ ဂျက်ထိုးပြီး ငိုမိတော့သည်..။
ကိုကို့ ဖုန်းကို ဘယ်သူက ကိုင်ရတာလည်း..နွေးနွေးဆိုတဲ့ တစ်ယောက်ပဲနေမှာပေါ့...
သူက ကိုကို့ဘေးမှာ တစ်လျှောက်လုံး တူတူ ထိုင်ရမှာ...မိန်းကလေးချောချောလေးတွေက အနောက်မှာရံပြီး ..
“အဟင့်..ကိုကို ....မို့ ကို မချစ်တော့ဘူး...မေ့သွားပြီ မလား..”
လက်ထဲက တိတ်ကပ်လေးပါသည့် စက္ကူအပိုင်းလေးကို ပြန်ဖြန့်ကြည့်ချိန် မျက်ရည်တွေနဲ့ ဝါးနေလို့ မျက်ရည်သုတ်လိုက်ရသည်..။
“ကဲ..ကိုကို့ရဲ့ နဂါးမလေး..အိပ်တာလည်း သိုးလို့...ပြောတော့ ကိုကို သွားတော့မှာ မြန်မြန်ထရပါမယ်ဆိုကွ...ကတိမတည်လို့ ပါးလေးကို သုံးချက် နဖူးလေးကို သုံးချက် နဲ့ တကွ စုစုပေါင်း ၇ချက် အပြစ်ဒဏ်ခတ်ခဲ့ပါသည်..ပုံ...လူဆိုးမလေးရဲ့ ကိုကို...”
မို့ အိပ်ရာက အလူးအလဲထပြီး ဘေးမှာ ကိုကို မရှိတော့လို့ ငိုချင်နေတာ နဖူးမှာ ကပ်နေတဲ့ စာရွက်ကို ဆွဲခွါကြည့်ပြီး ပြုံးလိုက်မိသည်..။
ကိုကို ကလည်း မရှင်းမရှင်း ဘာလုပ်တယ်လည်း ထည့်မရေးဘူး..ဟိ...ရင်တွေခုန်လိုက်တာ...
မနက်ခင်းတွေထဲမှာ မင်္ဂလာအရှိဆုံးလို့ သတ်မှတ်မိတာ မိန်းကလေး တစ်ယောက် ကိုကို့ ဖုန်းကို မကိုင်ခင် အချိန် အထိပေါ့လေ...။
“မမရေ..ကြေးအိုး ပူပူလေး...”
မန်နီ အော်သံကြောင့် မနက်ကတည်းက ဘာမှမစားရသေးသည့် ဗိုက်က ပိုဆာလာရသည်..။
“မမ မစားရင် ကျွန်တေ်ာ ကျူရှင် ယူသွားမလို့ပါ..”
“သောက်ကလေး..”
မို့ မကျေမနပ်ရေရွတ်ပြီးမှ ပါးစပ်ကို လက်နဲ့ အုပ်လိုက်မိသည်...။
တစ်ခါမှ မပြောဖူးသည့် စကားတွေနဲ့ မေမေ့ သံယောင်တွေ လိုက်နေတက်ပြီ...။
မာမီတို့သာသိရင်တော့......။
“လာပြီး..”
“သိတယ်လေ...ဟဲ..ဟဲ...”
မို့ မျက်စောင်းထိုးပြီး အားလုံးထမင်းစားနေကျနေရာ ဘာစားပွဲ ကုလားထိုင်မှ မရှိပဲ ပျဉ်ပြားပေါ်ချစားရသည့် တီဗီရှေ့ကို လျှောက်လာခဲ့လိုက်သည်..။
“ဝါး...အသားတွေ အများကြီးပဲ...”
“မမ ကြိုက်တယ်မလား..”
“အင်း..”
မို့ ခေါင်းကို ခပ်မြန်မြန်ညိတ်ပြီး တူကို ကောက်ကိုင်လိုက်တော့ မန်နီကလည်း ပန်းကန်တစ်ခုနဲ့ ၀င်ထိုင်ပြီ..။
အဲဒါတွေ အမြင်ကပ်တာ ပြီးရင် အသားတွေချည်း အလုအယက် ကောက်စားတော့မှာ မို့လည်း သူ့လို အမြန်ကောက်စားပေမဲ့ ဘယ်တော့မှ မမှီနိုင်အောင် သူ့ပါးစပ် ဘီလူး သရဲ လောက် ကြီးလို့ဖြစ်မည်..။
“မမ က မှိုကြိုက်လား..”
“မကြိုက်ဘူး..နင်စား..”
“ကျေးဇူး..”
မှိုကို ဇွန်းနဲ့ ကောက်စားပြီး အသားဖက်တွေပါ ဇွန်းအပြည့် ခပ်စားပစ်လိုက်တော့ မို့ နှုတ်ခမ်းစူမိသည်..။
“မမ ပဲပြားကော.”
“မကြိုက်ဘူး..”
“ဒါဆို သား စားလိုက်မယ်နော်..”
“ဟဲ့..နင် ပဲပြားပဲစား..အသားမခပ်နဲ့...”
“ဟမ်..အမ်းပါ..မမရဲ့ ဇွန်းက ကြီးတော့ သူ့ဟာသူ ပါလာတာ..”
ရုပ်ကို စပ်ဖြဲဖြဲ လုပ်ပြီး ကလိမ်ကကျစ် ဆင်ခြေတွေပေးနေတာ အမြင်ကပ်လို့ အသားတွေကို တူနဲ့ မို့ဘက်ကပ်ဆယ်ထားပြီး ပဲပြားရွေးခါ သူ့ဘက်ပို့ပေးလိုက်သည်...။
ဇွန်း နဲ့ တူ ပန်းကန်ထဲမှာ ရန်ဖြစ်နေရချိန် ကိုကို့ ကို မေ့သွားရတော့သည်...။
ကြေးအိုးစားပြီးကတည်းက မေ့မေ့ပျောက်ပျောက် ဖြစ်နေသည့် လွမ်းစိတ်က
ည ၈နာရီ ကျော်လာတော့ တစ်ခါ သတိရပြန်ပါပြီ...။
တစ်မိသားစုလုံး စားသောက်ပြီး ကိုရီးယားကားကြည့်နေချိန် မို့မှာတော့ လမ်းဘက်ကို ကြည့်ရင်း မျက်ရည်ဝဲလာရသည်..။
“မမ..အင့်..”
“ဘာလည်း..”
“ကျောင်းက ၀ယ်လာတာ မရမ်းပေါင်း...”
“စားဘူး..အဲဒါတွေက ဆိုးဆေးတွေ ဆေးသကြားတွေ အရောင်မှုန့်တွေ နဲ့ နယ်ထားတဲ့ မရမ်းသီး ပုတ်တွေ...”
“အော့...”
စားနေလက်စ မန်နီက မျက်နှာရှုံ့မဲ့ပြီး လျှာပါထွက်လာခါ အိမ်ရှေ့ ရေတိုင်ဂီ ကို ဆင်းပြေးတော့သည်..။
“တီ...တီ...တီ...”
မေမေ့ အိတ်ထဲက ဖုန်းမြည်လာတော့ ကိုကို မှန်းသိလိုက်ပြီး စိတ်ဆိုးနေသည့်ကြားက ရင်ခုန်မိသည်..။
မို့ ဖုန်းကို ခေါ်နေတာ သိသားပဲ အမြင်ကပ်လို့ မကိုင်တာ...မနက်က အကြောင်းကို ပြန်တွေးရင် နည်းနည်းမှမကျေနပ်...။
“ဟလို..”
“အမေ ကျွန်တော်ပါ...”
“အေးပြော.အခု ဘယ်ရောက်ပြီလည်း.”
“အခု မန္တလေးမှာ အမေ...မနက်ဖြန် ညနေ ပြင်ဦးလွင်တက်ပြီး သဘက်ခါ ပြန်ထွက်လာမယ်တဲ့...”
“သြော်အေး..ကားကော လူကော အဆင်ပြေလား..”
“ဟုတ်...”
“နေအုံး..နင့် မိန်းမနဲ့ ပြောလိုက်အုံး..”
မေမေက ဖုန်းလှမ်းပေးနေပေမဲ့ မို့ တွန့်ဆုတ်နေမိတော့ အတင်းထိုးထည့်ပေးသည်..။
“ဟလို...”
“မို့လား...”
ဖုန်းအသံတွေက အပြင်က အတိုင်းသားကြားနေရတာ နားအူလို့ ခပ်ခွါခွါ ထားပြီး
“ဟုတ်တယ်...”
“ကိုကို ဖုန်းခေါ်နေတာ ဘာလို့ ဖုန်းမကိုင်တာလည်းကွ...”
“စိတ်ဆိုးလို့...”
“ကိုကို ဘာလုပ်လို့လည်း..”
“ကိုကိုရော မို့ ဖုန်းခေါ်တာကိုင်လား..”
“ကိုကို ကားမောင်းနေတာ ဘယ်လို ကိုင်မလည်း..”
“မသိဘူး...ဒါပဲ...”
“ဟေး...”
ကိုကို အသံရဲ့ နောက်ဆက်တွဲတွေ မလာခင် မို့ ဖုန်းချပစ်လိုက်သည်..။
မေမေ ကတော့ မျက်နှာ ပြုံးစေ့စေ့ နဲ့ ဖုန်းကိုယူပြီး တီဗီ ပြန်ကြည့်နေသည်..။
တီဗီ ကြည့်ပြီး အားလုံး အိပ်ဖို့ ပြင်တော့ မို့ တစ်ယောက်တည်း အခန်းထဲ ရောက်လာရပြန်၏..။
တစ်ယောက်တည်း အိပ်ရမှာကြောက်သလို ကိုကို့ ကို ပိုလွမ်းခါ မျက်ရည်ကျလာပြန်ပြိ..။
ခေါင်းရင်း ထောင့်မှာ ကပ်နေတဲ့ ကိုကို့ ခေါင်းအုံးကိုယူပြီး ဆွဲဖက်လိုက်ပေမဲ့ အလွမ်းမပြေပါ....။
တော်တော်ရက်စက်တဲ့ ကိုကို ဖုန်းဆက်တာမရလည်း ခဏခဏေ ခ်ါပါလား မနက်က မို့ အခါ တစ်ရာလောက် ခေါ်တာ အခု ကိုကို ငါးခါခေါ်ပြီး ထပ်မခေါ်တော့ဘူး...။
ကိုကို့ ကို စိတ်ဆိုးလို့ မျက်ရည်နဲ့ အတူ နှာရည်တွေပါ ခေါင်းအုံးမှာ သုတ်ပစ်လိုက်သည်..။
ကိုကိုက မို့ မရှိလည်း နေနိုင်ပါတယ်လေ...မို့ ကသာ မနေနိုင်သူပါ..
ဖုန်း ပြန်ခေါ်ဖို့ ရည်ရွယ်ပြီး ဖုန်းဖွင့်လိုက်ပေမဲ့ အင်တာနက်ဖွင့်သုံးမိတာ ည တစ်ချက်ထိုးသည် အထိပင်...။
အိပ်ရာနိုးချင်း မျက်လုံးက အိပ်မှုံ စုန်ဝါးဖြင့် ဖုန်းယူကြည့်မိတာ မနက် ၅နာရီ...။
ဗိုက်က တရစ်ရစ် ဖြစ်လာလို့ အောက်ထပ်ဆင်းလာရင်း ကိုကို နဲ့ အိပ်ရင် တစ်ခါမှ ၅နာရီမနိုးသည့် .မို့ အဖြစ်ကို စိတ်တိုမိသည်..။
ကိစ္စအားလုံးပြီးစီးပြီး တံခါးဂျက်ဖွင့်တော့မှ မျက်လုံးပြူးပြူး နှင့် ထို သတ္တဝါက ကိုယ်ကို့ ကြည့်နေတာ သတိထားမိသည်...။
“အား....”
“ဖေဖေ....မေမေ....မန်နီ.....လုပ်ကြပါအုံး..ဟီး....”
“ဟဲ့...ဟဲ့...ဘာဖြစ်တာလည်း...”
မို့ အသည်းထဲအတိယားကျိကျိ ဖြစ်ခါ ခြေတွေကို ဆောင့်နင်းပြီး ခုန်နေမိသည်...။
မေမေက အသံအရင်လာပြီး ရေဖလားကြီး ကိုင်ရားသား ၀င်လာခါ
မန်နီ နဲ့ ဖေဖေကလည်း .မို့ အနားရောက်နေပြီ...။
“ဘာ...ဘာဖြစ်တာလည်း..”
“ဟီး...မသိဘူး..မသိဘူး...အား...ကြောက်လိုက်တာ...အထဲမှာ မျက်လုံးပြူးပြူးကောင်ကြီး...”
“ဟင်...”
မန်နီက တံခါးကို ခြေနဲ့ ဆွဲယူဖွင့်ပြီး တံခါးရှေ့က ခေါင်းပြူကြည့်သည်..။
“ဘာတွေ့လည်း ဟေ့ကောင်..”
“ဟင့်အင်း...မမ ဘယ်နားမှာလည်း..”
“ရေဘုံးဘေးမှာ..”
မန်နီက ရှေ့ပြန်တိုးပြီး ကြည့်ခါ
“သြော်..ဖားပါ မမရဲ့...အခင်းက အပေါက်ဖြစ်နေတော့ သူတို့ ၀င်နေတာပါ မကြောက်ပါနဲ့...”
“အူး...အွတ်....”
မို့ မျက်နှာ တစ်ခုလုံး ရှုံ့မဲ့ တက်သွားတော့ မန်နီက အားပါးတရ ရယ်နေတာ ညက သူ့ကို မရမ်းပြားမကောင်းကြောင်း ပြောလိုက်လို့ ကလဲ့စားချေနေသလိုပင်...။
“ကဲ...ကဲ...မန်နီ...သတ္တဝါဆိုလည်း သူနေရာသူနေပေါ့...သွား..တစ်ခါတည်းထုတ်ပြီး ကျင်းထဲ သဲဖြည့်လိုက် ...ညရေးညတာ မမြင်မစမ်းနဲ့ တက်နင်းမိရင် သူတို့ကလည်း ရန်သူမိတ်ဆွေ ခွဲမှာ မဟုတ်ဘူး..”
ဖေဖေ့ စကားကြောင့် ဒီတစ်ခါ နှုတ်ခမ်းစူသွားရတာ မန်နီ ဖြစ်နေသည်..။
ရေချိုးခန်းက အမှိုက်ပေါက်ဆယ်တဲ့ ညှပ်ကို ယူခါ တွင်းထဲက ဖားကို ဂုတ်က ဆွဲထုတ်ပေးမဲ့ ၀၀တုတ်တုတ်ဖားက တစ်ခံနေသည်..။
ဆွဲထုတ်လို့ရပြီး ပါလာပြန်တော့ မျက်လုံးပိုပြူုးပြနေသလို ခြေလက်တွေကလည်း လှုပ်နေပြန်တာ..အသည်းယားစရာကြီး...။
သတ္တဝါပေါင်းစုံ နဲ့ နေရတဲ့ အိမ်မှာ .မို့
ဘယ်လို အခြေအနေ ဘဝရောက်နေရပြီလည်း မသိပေမဲ့ ကိုကို့ကြောင့် ဆိုတာတော့ ကိုကို သိသင့်ပါသည်..။
“မန်နီ ရှင်းလက်စနဲ့ အပေါ်က ပင့်ကူအိမ်တွေပါ ရိုက်ချသား..မီးလုံးမှာလည်း မှိုင်းကပ်ပြီး မွဲနေပြီ ဖြုတ်ပြီး သုတ်လိုက်အုံး..”
“ဖေဖေ မနက်မှ ဘိလပ်မြေ တစ်ထောင်ဖိုး ၀ယ်ပြီး လိုက်ပိတ်ပေးမယ်..”
“ကဲသွားပြန်အိပ် စောကြီး ရှိသေးတယ်...”
မေမေက မို့ ပခုံးကို ရုတ်တရက် ပုတ်လိုက်တော့ လန့်ပြီး ခုန်မိသည်..။
“တော်တော် ကြောက်နေတာပဲ...အိပ်ရဲလား..”
“ဟုတ်..”
“မအိပ်ရဲရင် အောက်က အခန်းမှာပဲအိပ်..”
“ရတယ်..မေမေ....မို့...အပေါ်တက်တော့မယ်..တာတာ့နော်..”
“နေအုံး....ဘာ၀ယ်လာရမည်း..”
မို့ လက်ညိုးထောင်ပြီး ရှာကြံ စဉ်းစားရင်း
“ဟိုတစ်ခါ မေမေ ၀ယ်လာတဲ့ မဲမဲ နဲ့ စားရတဲ့မုန့်လေ...”
“သြော် အညာ ဇီးယို ပါ အင်း ၀ယ်လာမယ်..”
မို့ လှေကားတွေကို ပြေးတက်ရင်း အခန်းထဲရောက်တော့ စောင်ခေါင်းမြီး ခြုံထားလိုက်သည်..။
အား ...ဖားကြီး...နှာဘူးကောင်ကြီး...အော့ ကြောက်လိုက်တာ....။
ကြွက်တွေ ခဏခဏ ထွက်လာသည့် အောက်က အခန်းထက် စာရင် အပေါ်က အခန်းကမှ တော်ပါသေး၏..။
ခေါင်းပေါ်က စောင်လေး အသာပြန်ချပြီး ကိုကို့ ခေါင်းအုံးလေးကို ပွေ့ပိုက်ခါ ပြန်အိပ်ပျော်သွားရတော့သည်..။
.
“ဟင်...”
တီဗီ ကြည့်နေရင်း ကားသံကြားလို့ လည်ပင်းရှည်ပြီး ကြည့်မိတာ ကိုကို့ ကားဖြစ်နေသည်..။
မို့ လက်ထဲက မုန့်ထုတ်ကိုင်ရက်သားဖြင့် ထခုန်မိတာ မုန့်တွေ ပြုတ်ကျကုန်ပေမဲ့ မို့ ဂရုမစိုက်မိပဲ ပြေးထွက်လာမိသည်..။
အိမ်ဝရောက်တော့မှ..ကားထဲက မိန်းမတစ်သိုက်နဲ့ စကားပြောနေသည့် ကိုကို့ကို တွေ့ရတော့ မို့ ကိုယ်လေး နောက်သို့ရုတ်လိုက်မိပြီး ကားပေါ်က ဆင်းနေကြတာတွေ့တော့ အပေါ်ပြေးတက်ရင် မမှီလို့ ဖေဖေ့ အခန်းထဲ ၀င်ပြေးလိုက်ရသည်...။
“အဟဲ...အားနာစရာမလိုပါဘူးဗျာ..”
“ကိုဆန်နီကြီးနော်..နောက်တစ်ခါ လန့်သွားပြီ လိုက်မပို့တော့ပါဘူး မလုပ်ရဘူးနော်..”
“မဟုတ်တာ...အကို အော်ဒါတွေ ကြောင့်ပါ မဟုတ်ရင် လိုက်တာပေါ့..အခုလို နှစ်ရက်သုံးရက်လောက်ပဲရတယ်...”
“အို ...တို့ကတော့ ကိုဆန်နီနဲ့ ခရီးသွားရတာအပျော်ဆုံးပဲ..”
“ဒါတော့ ထောက်ခံတယ်...မျက်နှာကြီး စူပုတ်နေတဲ့ သူတွေ နဲ့ သွားရတာ တကယ် စိတ်ညစ်ဖို့ ကောင်းတယ်..”
“အနောက်ခန်း ညီမ...”
“၀င်သွားရတာလား..”
“အင်း..ဟိုမှာ ဆေးအနီသုတ်ထားတာ...”
“ကန်တော့နော်..အကို...”
ခြေသံတွေက အိမ်ထဲကို တဖြည်းဖြည်း ၀င်လာပြီး အနောက်ဘက်ကို ရွေ့သွားခါ ရေချိုးခန်း တံခါးဖွင့်သံကြားရသည်..။
“ကိုဆန်နီက တကယ်လူချောပဲ..”
“အေးလေ..သူ့မိန်းမလည်း တော်တော်ချောတယ်တဲ့လေ...”
“ဟွန့်...ပိုင်ရှင်သာမရှိရင်တော့လား..”
“ဘာလည်း ကောင်မရဲ့...”
“မြောင်...မြောင်..”
“ကြောင်တစ္ဆေမ..”
“ဟား...ဟား...”
မို့ ကြားနေရတဲ့ တိုးလျလျ အသံတွေကြောင့် ရင်တွေဆောင့်ခုန်ရသည်..။
ကိုကို့ ကို စိတ်ချပါတဲ့လေ...မို့ ဘယ်လို စိတ်ချရမလည်း ကိုကို...ကိုကို ချောတာ ကိုကို့ အပြစ်သိရဲ့လား...။
“ကို ဆန်နီကြီး ပြန်လာတာနဲ့ အိပ်ပြီမလား..”
“အင်းမရတော့ဘူး...”
“အိပ်ရေးပျက်တာ ဆက်တိုက်ကိုး အားနာတယ်..”
“ရပါတယ်...ညီမရဲ့ အကိုတို့က ခံနိုင်ပါတယ်...ညီမတို့အတွက် စိတ်ပူနေရတာ..”
“ကဲကဲ...မြန်မြန်လာပါ ..”
အသံစာစာ နဲ့ တစ်ယောက်က လှမ်းအော်ပေမဲ့...အသံတွေက မပျောက်သွားသေးပါ...။
“ညီမတော့ အကို့ကို သတိရနေတော့မှာပဲ ညီမကို ကယ်ခဲ့တာ ဘယ်တော့မှ မမေ့ဘူးသိလား..”
“အဟား...ဒီလောက်လည်း မဟုတ်ပါဘူး..ညီမရယ်...”
“ကဲ..လာ...အော်နေကြပြီ...”
နူးညံ့ ညင်သာလွန်းတဲ့ အသံလေး နဲ့ ကနွဲ့ကလျ ပြောနေတာ .မို့ နားထဲ ပူလောင်ပြင်းရှပြီး နှုတ်ခမ်းတစ်စုံက တုန်တုန်ယင်ယင် ဖြစ်လာရသည်...။
အသံတွေတိတ်သွားတော့ အခန်းပြင်ထွက်ပြီး ကြည့်တော့ ကားလေး မရှိတော့ပါ...။
ကလေး တစ်ယောက်လို တဟီးဟီး အော်ငိုတက်သည့်.မို့က အခုတော့ အသံမထွက်ပဲ ရှိုက်ငိုတက်နေပါပြီ ကိုကိုရယ်...။
.
“အမေ...”
“ဟမ်...ပြန်ရောက်ပြီလား..”
“အင်း...”
“တစ်ညလုံး မအိပ်ဘူးမလား..ဘာလို့ လိုက်လာလည်း...မို့လည်း နင့်ကို မျှော်နေတာ..”
“မျှော်မမျှော်တော့မသိဘူး ကောင်မလေးတွေ အိမ်၀င်တာ မတွေ့ခဲ့ဘူး..”
“ဟင်..မနိုးသေးတာလည်း မဖြစ်နိုင်ပါဘူး..”
“မနိုးသေးတာလည်း ကောင်းတယ်...ကျွန်တော် တအားပင်ပန်းနေပြီ...သူအိပ်နေတော့ အိပ်ရေး၀၀အိပ်ရတာပေါ့...”
“ခွေးကောင်လေး အခုတော့ ဒီစကားပြောပြီလား..မရရင် သေပါမယ်ဆို..”
“ဟီး..ဟီး...ဒါကြောင့်..ကျောပူတာ ခံနိုင်တယ်..နားပူတာ မခံနိုင်ဘူးဆိုတဲ့ စကားပုံကို မိန်းမ စိတ်နာနေတဲ့ ယောင်္ကျားတစ်ယောက်က ထွင်ခဲ့တာဖြစ်မယ်...”
ဆန်နီ အမေ့ဘေးမှာ ဆောင့်ကြောင့်ထိုင်ရင်း မျက်လုံးစပ်စပ်ဖြင့် ဟာသထ ိုင်ပြောနေမိသည်...။
“အမေ...အင့်...”
“ဘာလည်း...”
“နွေးနွေးက..ဆီဖိုးလမ်းကြေးထုတ်ပြီးတာတောင် သုံးသိန်းပေးတယ်..”
“အဲဒါ..”
“အရင်အတိုင်းပဲပေါ့ အမေ့ပေးတာလေ...”
“ငါမယူဘူး..”
“ဟာ..ဘာလို့...”
“နင့် မိန်းမကိုပေးလိုက်..”
“ဟာ..ဒါက...”
“မလိုပါဘူး..ဒီတိုင်းလောက်နေတာပဲ...ဒါ ဒီလ အပိုဆု ရတာပဲလေ..ပေးလိုက်ပါ ခမျာ အ၀တ်တစ်ထည် ကိုယ် တစ်ခုနဲ့ ရောက်လာရတာ...သူ့ဘက်ကကြည့်တော့လည်း စွန့်လွှတ်ထားရတာ အများကြီး..”
“ပြောတော့ဘူး..”
ပိုက်ဆံတွေကိ်ု ဘေးလွယ်အိတ်ထဲ ပြန်ထည့်ပြီး အမေ့ မျက်နှာကို အချိန်အကြာကြီး ငေးနေမိသည်..။
တကယ်ဆို ဖက်ထားချင်တာပါ...စျေးထဲမှာ ဒီလို လုပ်ရင် အမေ က ဆန်နီကို ပါးချဖို့သေချာနေပြီလေ...။
“အမေ သိလား..”
“ဘာတုန်း..”
“ကျွန်တော်လေ...ဒီနေ့ အမေကို တွေ့ရတာ တကယ်ပျော်လိုက်တာ အမေရယ်...”
“အိပ်ရေးပျက်တာများပြီး ရူးသွားရှာပြီ...သွားပြန်အိပ်တော့ ကားကို ဂရုစိုက်မောင်းအုံး မငိုက်နဲ့..”
“ဟုတ်...”
ပြန်ခါနီး ဖိနပ်စီးပြီးခါမှ အမေ့ရှေ့ခေါင်းထိုးပေးလိုက်တာ ခေါင်းခေါက်မှာ သိပြီးပေမဲ့ ခေါင်းခေါက်ခံရဖို့ကို လိုလားနေလို့ပါ...။
“အ...နာလိုက်တာ...”
“ပြန်..”
“ပြန်ပြီ..ဒေါ်သူသူ..ဒီနေ့ အရမ်းချောနေတယ်...မွ..”
လက်ကိုနှုတ်ခမ်းမှာတပ်ပြီး ထောင်ပြခဲ့လို့ အမေရဲ့ ဆဲဆိုသံရေးရေးကိုကြားလိုက်ရသည်..။
“ဟား..ဟား...”
ကားထဲရောက်တာနဲ့ သက်ပြင်းရှည်တစ်ခုနဲ့ အတူ စက်နှိုးလိုက်ရသည်..။
“အမေ သိလား ကျွန်တော် သေမလို့ နှစ်ခါတောင် ဖြစ်ခဲ့တာ အမေရဲ့...”
ကားမောင်းနေချိန် ပြန်မတွေးဘူးတွေးထားပေမဲ့ ပြန်ပုံပေါ်လာတော့ ခြေထောက်က အလန့်တကြား ဘရိတ်မှေးမိလို့ နောက်ကားခေါင်းနဲ့ ဆန်နီ ကားနောက်ထိမလို့ ဖြစ်သွားပြီ ဆဲသံတွေ ကြားလိုက်ရသည်..။
အသိတွေကို အာရုံက ကြိုးစားဖျောက်ပြီး လမ်းထဲရောက်တော့မှ သက်ပြင်းရှည် ပြန်ချရသည်..။
ပြင်ဦးလွင် အဆင်းမှာ ဘီးချောပြီး ဘရိတ်လည်း လုံး၀ အလုပ်မလုပ်လို့ ဆန်နီ ကားမောင်း သက်တမ်း တစ်လျှောက် မကြောက်ဖူးတဲ့ အကြောက်မျိုးနဲ့ နဖူးက ချွေးတောက်တောက် ကျလာရသည်..။
နောက်ခန်းက ကောင်မလေးတွေကတော့ သီချင်း အော်ဆိုပြီး တဟီးဟီး တဟားဟား..ပျော်နေပေမဲ့ ကိုယ့်မှာ အရှိန်ပါပြီးသားကား အကွေ့ ကားမထပ်ဖို့ ဆုတောင်းလိုက်ရတာ အမော...ရှေ့ကို ဘေး ကားများ ဖြတ်တက်ရင် ရင်တွေ ထိတ်ခနဲ့ ဖြစ်သွားရသည်..။
အရင်ကတည်းက ဘရိတ်ကလည်း ခပ်လေးလေးကို ဂရုမစိုက်မိလို့ ကိုယ့်ကိုယ်ကို ကျိန်ဆဲတာလည်း စုံလို့ပါပဲ...။
ကားဘီး ရေထိုးပြီးတာတောင် မိုင်တင် မမောင်းရဲသေးပဲ ဖြည်းဖြည်းသာ မောင်းခဲ့ရတာ မန္တလေး ရောက်မှ သက်မ ချနိုင်သည်။
တစ်ခါ နေပြည်တော် အကျော် မှာ ကားဘီးပေါက်လို့ ချိန်းနေတာကို အစ်မတော်တို့ တစ်သိုက်က မှောင်မှောင်ထဲ လူလုံးထွက်ပြ ရှိုးလျှောက်နေတာ..အန္တရယ် ဘာမှန်းမသိ...။
ဆန်နီ ပြောမလို့ ကြံသေး ကားတစ်စီးက တိုးရပ်ပြီး အရက်သမားအုပ်စုဆင်းချလာသည်..။
“ဟေး...ဘာလိုလည်း ဘာရှာလည်း..”
“ရှင်...”
“ဟိုး..တောင့်တယ် ဖြောင့်တယ်...”
“လာပါ ညီမ...”
“မဟုတ်ဘူး..မဟုတ်ဘူး..”
ဖြစ်ပြီဆိုမှ ပြူးတူးပြာတာဖြင့် အာခေါင်ခြစ်အော်တော့သည်...။
“ညီလေး..မှားနေပြီ...အကို တို့က ခရီးသွားတွေပါ..”
“ဟ..မိန်းမတွေချည်းပဲ လူကုန်ကူးတာလား..”
“ဒါဆို ဘာလို့ လမ်းမထွက်ပြီး ခေါ်နေတာလည်း..တော်တော်အားယားနေလား..ဟမ်..”
အရက်သမားတစ်ကောင်က ခါးထောက်ပြီး ရန်စောင်နေပေမဲ့ ခပ်ယိုင်ယိုင် တစ်ကောင်က အစွန်က ကောင်မလေးကို လက်ဆောင့်ဆွဲပြီး ဖက်သည်..။
“ဟေ့ကောင် လူစကားပြောနေတာ..”
ဆန်နီ ဆောင့်တွန်းလိုက်တော့ လွင့်ကျသွားခါ..ကောင်မလေးက ကားဘေး ပြန်ပြေးပေမဲ့ ဘေးက တစ်ကောင်က ဆန်နီကို ပြန်တွန်းပြီး...
“ဘာလည်းကွာ...သေချင်နေလား..မင်းက ဘာ -င်၀င်ကျိန်းနေတာလည်း..-ာခေါင်းရဲ့..”
“ခွေးသူတောင်းစား..”
ဒေါသ မရှိသင့်ပေမဲ့ မူးနေတဲ့ကောင်ကို ရှင်းပြရလောက်အောင် စိတ်မရှည်တော့လို့ ပိတ်ထိုးလိုက်မိသည်..။
“ဟ...ဘလိုင်းကြီး..”
နောက်က နှစ်ယောက်က ကားဆီပြန်ပြေးပြီး နောက်ခန်းထဲက ဆွဲထုတ်လာတာ ဘေ့စ်ဘော ရိုက်တံ နှစ်ချောင်း..။
ရှေ့ဆုံးက ကောင်က လှမ်းဖမ်းပြီး လွဲရိုက်တာ ပထမ တစ်ချက်ကို ရှောင်လိုက်ချိန် ပါးနားက လေအေးအေးဖြစ်သွားတာ ဆန်နီ အသည်းထဲ အေးကနဲ့ ဖြစ်သွားရသည်..။
နောက်တစ်ချက်ဆို ရှောင်နိုင်ပါ့မလား..မရှောင်နိုင်ခဲ့ရင်...။
နောက် တစ်ယောက်က အနားရောက်လာပြီး အနီးကပ် တစ်ချက်ထိုးတာ မရှောင်နိုင်ပဲ ဗိုက်အောင့်သွားရသည်..။
တစ်ယောက် တစ်ချက် ဝိုင်းသမတောင် လူ ၆ယောက်ရဲ့ အားနဲ့ လဲမှာပါပဲ...။
နွေးနွေးက အရင်အော်တော့ ကျီးကန်း ဆရက် အသိုက်လို ဝိုင်းအော်ကြတာ ဆန်နီတောင် နားအူသွားရသလို..အရက်သမားတွေလည်း အမူးပြေပြီး တစ်ချိုးတည်း လစ်ပြေးတော့သည်..။
သူတို့သာကြောက်လန့်ပြီး နှုတ်ပိတ်နေရင် ဆန်နီ အခုချိန်ဆို ...။
“ဟူး..”
ကားက အိမ်ရှေ့ရောက်တော့ သက်ပြင်းတစ်ချက် မှုတ်ထုတ်ရင်း ကားစက်ပိတ်ခါ ဆင်းလိုက်သည်..။
“မို့ရေ...”
“မို့...”
“ဟ...ဘယ်သွားနေတာလည်း..”
“သြော်...ဒီမှာကိုး..”
ခုံပေါ်မှာ ဒူးကို လက်ပိုက်ပြီး ထိုင်နေတာ ဘေးတိုက်ဖြစ်နေလို့ သတိမထားမိပဲ ကျော်သွားပြီးမှ ပြန်လှည့်လာရသည်..။
“ကိုကို့ မိန်းမ ကလည်းကွာ..ထွက်ကြိုဖို့နေနေသာသာ ပြန်ထူးဖော်တောင် မရဘူး..”
“ဒီမှာ .မို့ အတွက် ထိုးမုန့်နဲ့ မက်မွန်သီး ၀ယ်လာတယ်..နေကြာစေ့က အစစ်ဗျာ...အရက်သမားလေး အတွက် ဝိုင်လည်း ပါသေးရဲ့..”
ဆန်နီ လက်ထဲက အိတ်တွေကို စားပွဲပေါ်က စာအုပ်တွေပေါ်တင်ပေးလိုက်ပေမဲ့ .မို့ကတော့ မလှုပ်မယှက်ပင်..။
“မို့ စိတ်ကောက်နေတုန်းလား...ဆောရီးပါကွာနော်...”
ဆန်နီ စပ်ပြီး နီကျင့်ကျင့် ဖြစ်နေတဲ့ မျက်လုံးတွေကို မျက်တောင်ကစားပြီး နောက်ကျိ ရှုပ်ထွေးနေတဲ့ စိတ်ကို ဟန်ဆောင်က အပြုံးဖြင့် ချော့နေရတာ လူကတော်တော် ခွေချင်နေပြီ..။
“ယောင်္ကျားက မောမော နဲ့ ပြန်လာတာ တကယ် နှုတ်ခမ်းကြီး စူနေတော့မှာလား..ကိုကို့ ကို ပိုမောစေချင်တာလား..”
“ကိုကိုက တခြား မိန်းမတွေနဲ့ ဆို မမောဘူးနော်...”
“ဘာ...”
“မင်း ဘယ်လိုပြောလိုက်တာလည်း...မို့..”
ဘာမှ မပြောတော့ပဲ နှုတ်ခမ်းကိုက်ခါ မျက်ရည် တစ်ပေါက်ချင်း ကျနေတဲ့ ချစ်ရသူကြောင့် ဒေါသတွေ ပြန်ပျောက်ခါ နူးညံ့ခြင်းဘက်သို့ ကြိုးစားကူးရသည်..။
“မို့ရယ်..ကိုကို က မို့ အတွက် ငွေရှာနေတာလေနော်...ကိုကို မသွားခင်ကလည်း ပြောပြခဲ့ပါတယ်...ဒါကိုကို အလုပ်ပဲ အလုပ်ကို အလုပ်သဘောပဲထားတယ်...မို့လည်း လိုက်မတွေးနေနဲ့ ပင်ပန်းလိမ့်မယ်.....ကဲရော့...အမေကပြောတယ် မိန်းမဆီမှာပဲ ငွေအပ်ရတော့မယ်တဲ့ အဲတော့ မို့ က ပိုက်ဆံကိုင် ကိုကို ကတောင်းသုံးမယ်...ဟုတ်ပြီလား...“
ဆန်နီ အိတ်ထဲက ငွေတွေကို ယူပြီး လက်ထဲထိုးထည့်ပေးတာ မယူတော့ စားပွဲပေါ်တင်လိုက်ရသည်..။
ဟုတ်သားပဲ ငွေသုံးသိန်းဆိုတာ သူ့အတွက် သူငယ်ချင်း မုန့်ဖိုးပဲ ရှိပါလိမ့်မည်...။
“မငိုပါနဲ့တော့ မို့ရယ်...ကိုကို ပင်ပန်းနေလို့ နားချင်ပြီကွယ်...လာ..ကိုကို ကို လိုက်ပို့ပါလား..”
“ဟင်..လိုက်ပို့ပါလို့...”
“ကိုကို လှေကားပေါ်က ပြုတ်ကျရင် ဘယ်နဲ့လုပ်မလည်း..”
ဆန်နီ လက်ကိုဆွဲပြီးထူတော့ လက်ကို အတင်းပြန်ရုန်းနေတာနဲ့ လွှတ်ပေးလိုက်ရသည်..။
လေးကန်တဲ့ ခြေလှမ်းတွေနဲ့ လှေကားကို တက်လာချိန် မျက်ရည်စတွေနဲ့ မို့ကို ထားခဲ့ရတာ တာ၀န်မကျေသလို ခံစားရပေမဲ့ စိတ်သွားတိုင်း ကိုယ် မပါနိုင်တော့လို့ တွန့်လိမ်နေတဲ့ ဂွမ်းစောင်ကို ဆွဲပစ်ပြီး ဖျာပေါ်မှာ ခေါင်းအုံးချခါ အိပ်လိုက်ရသည်...။
ကျစ်..ခေါင်းကိုက်လိုက်တာ...မဖျားပါစေနဲ့...။
.
မို့ ရှေ့က ပိုက်ဆံတွေကို ကြည့်ရင်း အမြင်တွေက ပိုပိုဝါးလာသည်..။
မိန်းကလေးတွေနဲ့ စကားပြောဖောင်ဖွဲ့နေရရင် မပင်ပန်းပဲ အော်ရယ် နိုင်သည့် ကိုကို က မို့အတွက်ဆို ပင်ပန်းနေပြီလား...။
အပြင်မှာ လုပ်ချင်တာလုပ်ပြီး မိန်းမကို ငွေပေးချော့ထားတက်တဲ့ ယောင်္ကျားတွေထဲ ကိုကို ပါတာ တကယ် မယုံနိုင်...။
ကိုကို လည်း တူတူပါပဲ...။
တစ်သောင်းတန် ခပ်ပါပါး အထပ်ကလေးကို ကြည့်ပြီး မျက်ရည်တွေ စွပ်စိုနေပေမဲ့ ၀မ်းနည်းစိတ်ပျောက်ခါ နှုတ်ခမ်း တစ်ဖက်မဲ့ ပြီး မထီလေးစား ပြုံးလိုက်မိသည်..။
ကိုကို ဖြစ်စေချင်သလို ဖြစ်ရမှာပေါ့.....။☆━━━━━━━━━━━━━━━☆
ဒီနေ့ လည်း စာတွေရှည်သွားပြန်ပြီ 😆
ဆောရီး 🙏အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်Love U all ❤
#စပိုက်ကာ

YOU ARE READING
နန်းထိုက်ပန်းမို့
Romance"..မုန်းလို့ပေါ့ကွာ....မင်းရဲ့ပုံစံကိုမုန်းတာ.. မင်းရဲ့ ဖြစ်တည်မှုကို မုန်းတာ.. မင်းမို့လို့ ..မုန်းတာကွာ ရှင်းပလား..." ခေါင်းငုံ့ လမ်းလျှောက်နေတာ တွေ့တော့ ကားမပါလို့များလား တွေးမိပြီး ရပ်မေးလိုက်ဖို့ စီစဉ်ထားပေမဲ့ အနားရောက်မှ ခြေထောက်က အလန့်တကြား အ...