Part 12

3.3K 159 2
                                    

နန်းထိုက်ပန်းမို့
အပိုင်း (၁၂)
#နန်းထိုက်ပန်းမို့

“လာနော်...စျေးသိမ်းမှာမို့ လျော့ပေးမယ်..”
“ငွေပေါ် အရင်းပြုတ်...လာထားနော်..”
ဆန်နီ ကားထားခဲ့ပြီး အမေ့ ဆိုင် နောက်လမ်းကို ဦးတည်ပြီး ၀င်လာသည်..။
အမေကတော့  စျေးသိမ်းချိန်မို့ ရှေ့ဘက်က ဟင်းရွက်တွေကို ကောက်ပြီး ခြင်းထဲ စီရီ ထည့်နေတာ ပတ်၀န်းကျင်ကို စိတ်၀င်စားပုံမပေါ်...။
“အစ်မကြီး မုန့်ညှင်း တစ်စည်းလောက်...”
“ဟုတ်ကဲ့...အယ်....မုန့်ညှင်း မရှိတော့ဘူးရှင်..”
“ဒါဖြင့် ချဉ်ပေါင်...”
အမေက အသံကို သတိထားမိသွားပြီး နောက်ကို ရုတ်တရက် လှည့်ကြည့်လာသည်..။
“ခွေးကောင်...”
“ဟား..ဟား...ဒေါ်သူသူ ၀ယ်သူကို ဒီလိုပြောစရာ..ရောင်းကောင်းအုံးမယ်..”
“နွားလေး...အမေ ကို စနေတယ်..”
ဆန်နီ အမေ့နောက်က စျေးခန်းမှာ ဘာမှ မရှိလို့ ကျော်တက်ပြီး အမေ့ အခန်းဆီ သွားလိုက်သည်..။
“ဒီနေ့ တော့ ချဉ်ဖတ်များအုံးမယ်..”
“ဟဲ့...ဒါ အိမ် မှာ မဟုတ်ဘူးနော်..”
“ဟား..ဟား...ကြောက်တယ်ပေါ့..”
“မုန်လာဥနီ ကို ခြင်းထဲ မထည့်နဲ့ အကောင်ရဲ့ ဘေးက အိတ်ကို ထည့်..”
“ဘာလို့လည်း...ဥနီ ချဉ်ဖတ် မရှိပါဘူး အမေရာ..”
“သောက်စကားများလိုက်တာ..နင့် မိန်းမဖို့ဟဲ့...ယုန်မလေး ကျနေရောပဲ အခွံခွါပြီး  တစ်နေ့ကုန် ဒီတိုင်းကို ကိုက်စားတာ...”
“ဟား...ဟား..ချွေးမ ကို သိတက်လ ိုက်တာ..”
ဆန်နီ မုန်လာဥနီ ၅ခု ကို အိတ်ထဲထည့် ပြီး ခြင်းပေါ် ပစ်တင်လိုက်ရသည်..။
“ဟယ်တော့ သိမ်းနေပြီလား..”
ဆံပင်ရှည်တွေကို ဖြန့်ချထားပြီး  မျက်နှာလုံးလုံး နဲ့ ကောင်မလေး တစ်ယောက်...
လက်ကောက် နှစ်ကွင်း က  ရင်ဖုံးအကျီ င်္ လက်ရှည် အောက်မှာ ပေါ်နေတော့ အခုလို မိန်းမမျိုး ရှားသွားပြီလို့သတ်မှတ်ရင်း ဆန်နီ ခဏ ငေးကြည့်နေမိသည်..။
“ဘာယူမလည်း..သမီး...”
“ဟိုနေ့က မုန်လာချဉ် ကောင်းလို့ပါ..ကျန်သေးလားဟင်..”
“ကျန်တယ်..ကျန်တယ်...”
“ဟုတ်ကဲ့...တစ်ထောင်ဖိုးလောက်..”
“မကောင်းဘူး မယူနဲ့ ညီမ...”
ဆန်နီ ကန်စွန်းရွက်တွေ ကောက်ထည့်ရင်း ပြောလိုက်တော့ ကောင်မလေးက ဆန်နီ ကို မော့ကြည့်လာတာ သိပေမဲ့ ကိုယ့် အလုပ်သာ ကိုယ် ဆက်လုပ်ပြနေလိုက်သည်..။
“ဟဲ့ကောင်..အလကား သမီး..”
‘ဟာ..တကယ်ပြောတာ...”
“ဆန်နီ...”
အမေ့ အော်သံ မြင့်လာတော့ ဆန်နီ ရယ်လိုက်ပြီး ဘူးရွက် တစ်စီးကို ကောက်သိမ်းပေးလိုက်ရသည်..။
“ဆန်နီလား...”
ကိုယ့်နာမည်က ကောင်မလေး နှုတ်က ထွက်လာတော့ ပြန်ကြည့်လိုက်မိသည်..။
“ငါပါ နွေးနွေးလေဟာ...မှတ်မိလား...”
“နွေးနွေး...”ဆန်နီ ပြန်တွေးလိုက်ချိန်  ဆံပင်တိုတိုနဲ့ ကျောင်းနောက်ကျတက်တဲ့ ကောင်မလေး ပေါ်လာရသည်..။
“ဟာ..နွေးနွေး...အေးဟာ..ငါမမှတ်မိဘူး..ဖြစ်သွားတယ်...”
ငယ်ငယ် ကတည်းက သူ့ချိုင့်ကိုချည်း တစ်နှစ်လုံး ကျွေးနေသည့် နွေးနွေးဆိုတဲ့ သူငယ်ချင်းကောင်းမလေး ကို ချက်ချင်းမမှတ်တာ အားနာမိသည်..။
“နင့်ကိုလည်း မမှတ်မိပါဘူး...ငါသိတာ ဆန်နီက ပိန်ပိန်သေးသေးပုပုလေး..”
“အောင်မယ်..နင်ကျတော့ကော..နှာခေါင်းတရှုပ်ရှုပ် လုပ်နေရတဲ့ ဘဲချေးရုပ်လေးပါ..”
“ဟား..ဟား...ဟုတ်တယ်နော်...”
ဆန်နီ နဲ့ စကားပြောနေတဲ့ နွေးနွေးဆိုတာ တကယ်မယုံနိုင်လောက်အောင်ပင်...
မိန်းကလေးတွေက  အသက်ရလေ ပိုလှလာလေပါလား တွေးမိသေးသည်..။
“အမေ ဒါ ကျွန်တော့် သူငယ်ချင်း နွေးနွေးလေ...အမေ မန်နီကို မွေးတုန်းက ထမင်းချိုင့်ထည့်မပေးနိုင်လို့ နွေးနွေးဆီကပဲ ကပ်စားရတယ်..”
‘ကျေးဇူးတင်ပါတယ်..သမီးရယ်..ဒီအငတ်ကတော့ အမြဲပြောတယ်...”
“နင်ကလည်း မှတ်ထားတာပဲ..”
“မှတ်ထားတာပေါ့..တစ်လုပ်စားဖူးသူ့ ကျေးဇူးတဲ့လေ...”
“ဟုတ်ပါပြီရှင်..နင် အခု ဘာတွေလုပ်နေလည်း..”
‘အမေ့ကူတယ်လေ...” အမေ့ကို ကြည့်ပြီး ပြုံး ပြ ရင်း ပြောလိုက်တော့ အမေက မျက်စောင်းထိုးပြီး..
‘ဘာကူတာလည်း...ခုမှ ရောက်လာပြီး...”
‘အမေကလည်း လူရှေ့မှာ မွှန်းပါဗျ..”
“နင့် အကြောင်းမသိတာ မှတ်လို့...”
“ငါ အခု ကားမောင်းတယ်.....”
“ကောင်းပါတယ်...”
“နင်ကော..”
“ငါလား...အထည်ဆိုင််လေး ဖွင့်ထားတယ်..”
“တယ်ဟုတ်ပါလား...ယောင်္ကျားကောင်းလို့ဖြစ်မယ်..”
“ဟဲ့...ငါ ယောင်္ကျားမရှိပါဘူး..”
အမေ က ဆန်နီ ပခုံးကို ဖြတ်ခနဲ့ လှမ်းရိုက်တော့ လက်နဲ့ ပွတ်ရင်း ရယ်ကြဲကြဲဖြင့်
“ဆောရီး...နင်ကလည်း ...၇တန်းကတည်းကပျောက်သွားတာနော်....”
“ဟုတ်တယ်... အဖေ တာ၀န်ကျတဲ့နယ်ဘက်လိုက်သွားရတာကိုး..”
ဆန်နီ ဘေးလွယ်အိတ်ကို ရှေ့ဆွဲယူပြီး ကဒ်ထုတ်ခါ လှမ်းပေးရင်း..
“ရော့ ဒါ ငါ့ဖုန်းနံပါတ် ကားလိုရင်ခေါ်နော်...”
“အေး..ငါ နောက်ကျနေလို့ ပြန်တော့မယ်....ဟဲ့..နင်ဖုန်းသေချာပါတယ်နော်...”
“သေချာပါတယ်ဟ..ဖုန်း တစ်လုံး မရှိတဲ့ကောင်မှတ်နေလား..”
“မဟုတ်ပါဘူး..နင်က အမြဲ ပရုတ်သုတ်ခ လုပ်နေတာကိုး...”
အမေ လှမ်းပေးတဲ့ အထုတ်ကို ယူပြီး ခြင်းပန်းရောင်ထည့်ခါ သူ့ ခေါက်ပိုက်အိတ်ကိုဖွင့်တော့
“ပိုက်ဆံမယူတော့ပါဘူး..သမီး..”
“ဟယ်..အားနာ စရာကြီး..”
“ဟဲ့.ငါစေတနာနဲ့ပြောတာ တကယ်မကောင်းလို့ အလကားပေးနေတာ..”
“တွေ့လား..ငါမပြောဘူးလား အမြဲတမ်း ပြောင်ချော်ချော် အဲဒါတော့ မပြောင်းဘူးသလား..”
“ဟား..ဟား...နင်ကလည်း မျက်စောင်းကလွဲရင် အားလုံးပြောင်းသွားတယ်..”
“သွားပြီ...အန်တီ...”
“အေး..သမီး...”
“သွားတော့ နွေးနွေး..”
ဆန်နီ့ အပြောကြောင့် နွေးနွေးက မျက်စောင်းထပ်ထိုးပြီး ပြုံးပြခါ ကျောခိုင်းထွက်သွားသည်...။
“အမေ..နွေးနွေးက တော်တော်ချောလာတာ...ငယ်ငယ်က နှာချေးပေတူးလေး..”
“ယောင်္ကျားတွေများ အူဝဲကစပြီး သချိုင်းရောက်ခါနီးထိ တူတူပါပဲ..”
“ဟမ်...”
“နှာဘူးတွေ...”
“အမေ....နှာဘူး မဟုတ်ဘူးဗျ...အလှအပကို ခံစားတက်တာ..အနုပညာ အမြင်ရှိတာ...လောက အလှတရားကို ပုံဖော်တက်တာ...သဗ္ဗလောက..”
“တော်...”
အမေရဲ့ လက်သံကြောင့် ဆန်နီ စကားတွေ ထပ်မထွက်နိ်ုင်ပဲ မျက်နှာပဲ ၇ှုံ့သွားရသည်..။
“ပေး..ငါ တစ်ခြင်းကိုင်မယ်..”
“ရတယ်..ရတယ်...လူတွေရှေ့ဆို မိဘ မကူတဲ့ သားမိုက်လို့ပြောသလား..အခု ဘယ်သူသယ်ပေးတာလည်း..”
“အဲလို သောက်ကြီးသောက်ကျယ် ပြောမှာသိလို့ တောင်းနေတာ..”
“လာပါ...ဒီနေ့တစ်ရက်တော့ လက့်ကို အနားပေးလိုက်...”
အမေ က ဆန်နီကို မစောင့်ပဲ လက်ကိုင်အိတ်ကို လက်ချိတ်ခါ ခပ်ကျော့ကျော့ထွက်သွားတာ နည်းနည်းမှ မစောင့်တော့...။
“အမေ....”
“အမေ...စောင့်အုံး...”
“ဟေး...ဒေါ်သူသူ....အား...လက်ကျိုးပြီ...”
“အမေ...”
“သားက မွေးစားသားမို့ ဒီလောက် ခိုင်းစားနေတာလား...ဟမ်...”
နောက်ကနေ အသံမျိုးမျိုး လုပ်အော်နေတဲ့ ဆန်နီ့ကို စျေးသူစျေးသားတွေက သိပြီးသားမို့ ပြုံးစေ့စေ့ ကြည့်နေပေမဲ့ စျေး၀ယ်သူ တစ်ယောက်နှစ်ယောက်ကတော့ ပြူးကျယ်ကျယ်ဖြင့် ကြည့်နေကြသည်..။
“နင် ဒီနေ့ ကားမဆွဲရဘူးမလား..”
အမေက ကားရှေ့ကြည့်ပြီး ပြောနေတော့ ဆန်နီ ကားမောင်းရင်း ပြုံးလိုက်ပြီး...။
“အထင်သေးတာ...တိုင်းရင်းသားကျေးရွာက ပြန်လာပြီ..”
“တစ်နေ့ တစ်ခေါက်ပဲ ဆွဲဖို့ သတ်မှတ်ထားတာလား..”
“အမေကလည်း...ဟား..ဟား...ဟုတ်တယ်...ကျွန်တော် လိုက်ပို့ရတဲ့  မိသားစု မှာ မိန်းမကြီးက အမေ နဲ့ တကယ်တူတယ်..”
“ဘာ...”
“ဟုတ်တယ်..တစ်ယောက်ကို ၁၀၀၀ တွက်ယူလိုက် အဒေါ်တို့က လူလည်းများတာပဲတဲ့..”
“အဲတော့နင်က...”
“ဟဲဟဲ...သိတဲ့ အတိုင်းပဲလေ...အမေချင်း ကိုယ်ချင်းစာလို့....”
“၅၀၀၀ ပဲ ယူလိုက်တယ်ပေါ့လေ...”
“သနားလို့ပါ...”
“လူတကာ လိုက်မသနားနေနဲ့..အခု နင်က မိန်းမရနေပြီ အရင်လို ပေါ့ပျက်ပျက် လုပ်မနေနဲ့ ဖိဖိစီးစီး ရှာမှတော်ရာကျမှာ.နင့်မိန်းမက သဌေးသမီး..သူ့မိဘအိမ်ကို မမှီရင်တောင် စိတ်ချမ်းသာအောင်တော့ထားသင့်တယ်...”
အမေဟောပြတဲ့ အမှန် တရားများကြောင့် ဆန်နီ ရယ်လက်စ အပြုံး တစ်ခုပျောက်သွားရသည်..။
မို့ အိမ်ကို ရောက်လာတာ  ၁၀ရက်ကျော်လာပြီ....။
ကလေးနဲ့တူတဲ့ မို့ အဖို့ ဆန်နီတို့ အိမ်က ကစားကွင်းလို ဖြစ်နေတာများလား...။
ကလေး တစ်ယောက် ကစားကွင်းမှာ ဘယ်လောက်ပျော်ပျော် အချိန်တန်ရင် အိမ်ကိုသာ တမ်းတပြီး ငိုယိုတက်သည်ပဲလေ...။
အရာရာ ကွာခြားလွန်းတဲ့ ဆန်နီတို့ အိမ်မှာ မို့ ဘယ်အချိန်ထိပျော်နိုင်မှာလည်း..။
“ဟဲ့ ကြားလား...”
“ဗျာ..”
“အမေ က ဒီဘက်ကပြော နင်က ဟိုဘက်နားက ထုတ်လိုက်တာလား..”
“မဟုတ်ပါဘူးအမေရယ်....ကျွန်တော် အမေ ကိုပြောစရာရှိတယ်..”
“ဆင်ခြေ ဆင်လက်တွေလာတော့မယ်...”
“မို့ အကြောင်းပြောမလို့ပါ...”
ဆန်နီ ကားမောင်းနေရင်း အမေ့ဘက်ကို တစ်ချက်လှည့်ကြည့်ပေမဲ့ အမေကတော့ ရှေ့ကိုသာ ခပ်တွေတွေ ဆိုက်ကြည့်နေသည်..။
“မို့က ကလေးလိုပဲ..အမေမျက်လုံးထဲမှာ အဆင်မပြေဖြစ်နိုင်တယ်...အမေ့စိတ်နဲ့ မတိုက်ဆိုင်တာတွေလည်း ရှိမှာပဲ..အမေ သည်းခံနေရတာ ကျွန်တော်သိပါတယ်...ချွေးမရခါမှ တာ၀န်တစ်ခုပိုလာပြီး တစ်ယောက်စာ ပိုရှာရတာပဲ အဖတ်တင်နေပြီ..ဒါပေမဲ့ အမေရယ်..သူ့အဆင့်အတန်း သူ ကြီးပြင်းလာတဲ့ ပတ်၀န်းကျင် သူ့ကို လူတွေ ဆက်ဆံပုံက   ကြည့်ဖူးတဲ့ ရုပ်ရှင်ကားတွေထဲက သဌေးသမီးလေး အတိုင်းဖြစ်နေတယ်..ကလေးတစ်ယောက်လို  အလိုလိုက်အကြိုက်ဆောင် နှုတ်က ထွက်သမျှလိုရာရစေ ဖြစ်ခဲ့တဲ့ မိန်းကလေးနဲ့ ဘ၀ကို ရုန်းကန်ပြီး စိတ်ဆင်းရဲသောကတွေနဲ့ မိသားစုတာ၀န်ကို ထမ်းထားရတဲ့ အမေ သဘောထားမတိုက်ဆိုင်လည်း ခွင့်လွှတ်ပေးပါနော်...”
ဆန်နီ စကားဆုံးတော့ မိန်းမဘက်က ကူလျှောက်ပေးတာ လွန်ရာများကျနေပြီလားတွေးရင်း အမေ့ကို သနားမိပြီး ငဲ့ကြည့်ပေ့မဲ့အမေက စိတ်မဆိုးတဲ့ အပြင် ပြုံးပါနေလိုက်သေးသည်..။
“ငါကတော့ နှစ်ယောက်စလုံးကို ကန်ချမှာ..”
“အဲဒါသိလို့ကြိုတောင်းပန်နေရတာပေါ့....အမေ ကန်ချရင် ကျွန်တော်တစ်ယောက်တည်းဆို အဆောင်သွားနေလို့ရတယ်..အခုက ဘေးတွဲကြီးနဲ့ ဆိုတော့ အိမ်ငှားရတော့မယ်..ကျွန်တော့်မှာ စပေါ်တင်ဖို့တောင် ပိုက်ဆံမရှိတာ အမေကောင်းကောင်းသိပါတယ်...မရက်စက်ပါနဲ့ အမေရယ်...”
“ခွေးလေး....လာကြိုတာ အကောင်းမှတ်လို့ သောက်ကြောင်းလေးတွေ ရှိနေလို့...”
“အကြောင်းမရှိပဲ အမေဆီလာရင် ကားဘယ်သူဆွဲမလည်း..”
“ဟား..ဟား...ငါစိတ်က တော်တော်လေး ကိုးလို့ကန့်လန့်နိုင်တယ်....သားအရင်းထက် ချွေးမကို ပိုချစ်တာ...နင့်မိန်းမ ချစ်မွေးပါလို့ဖြစ်မယ်...သူ့နေရာမှာ တစ်ခြားတစ်ယောက်သာဆို ပါးချည်းရိုက်မိမယ် ထင်တယ်...ငါအိမ်ပြန်ရောက်တာနဲ့ ဆွဲခြင်းတွေမွှေရှာပြီး  မေမေ  ဘာပါလည်း မေးတာ..သူစားဖို့ချည်းရှာနေတာ...ကလေး တစ်ယောက် ကောက်ရလို့ မွေးစားလိုက်ရသလိုပါပဲ...ချစ်ဖို့တော့ကောင်းသား...”
အမေ့ဆီက မထင်ထားတဲ့ စကားကြားလိုက်ရတော့ ဆန်နီ စိတ်ဒုက္ခပေးနေတဲ့ ပူပင်မှု ကြီး လျော့သွားရတော့သည်..။
ကားမောင်းလည်း ဒီစိတ်..ကားနားလည်း ဒီစိတ် အိပ်တာတောင် ဒီစိတ်ကြီး ဖြစ်နေတာ မသက်သာပါ...။
အမေ့လို စိတ်မရှည်တက်သူနဲ့ မို့ လို အရစ်စိန် ဘယ်နေ့များ ပြသာနာတွေ ထ တက်မလည်းတွေးပြီး ရင်ပူခဲ့ရတာ ၁၀ရက်တောင်ရှိနေပြီ...။
“အမေသွားပါ..ကျွန်တော် သယ်လာမယ်...”
ခြံတံခါးစေ့ထားတာကို အမေက လက်နှိုက်ဖွင့်ပြီး အထဲ၀င်သွားတော့ တံခါးလေးတောင် ဖွင့်မပေးတဲ့ မို့ ကို စိတ်ထဲ မကျေနပ်ဖြစ်ရပြန်သည်..။
“ဟယ်..မေမေ..ပြန်လာပြီ...”
အမေ့ဆီကို ပြေးလာပြီး လက်ချိတ်ခေါင်းမှီလျှောက်နေတာ သူ့အမေအရင်းကို ချွဲနေသလိုပင်...။
“မေမေ့ ခြင်းတွေ နောက်မှာလား..”
“အင်း...”
ခြင်းထဲမှာ သူ့အတွက် ဘာပါလာလည်း စပ်စုချင်စိတ်နဲ့ ပြန်ပြေးထွက်လာမှန်းသိနေသည်လေ...။
“ဟယ်...ကိုကို....အိုး..ကိုကို ပြန်လာတယ်..မေမေ..”
အမေက ဘာမှ မပြောပဲ အခန်းထဲ တန်း၀င်သွားပေမဲ့ သူကတော့ ပြေးလာပုံက သခင်ပြန်လာရင် ပျော်တဲ့ ခွေးပေါက်ကလေးနဲ့ ခပ်ဆင်ဆင်ရယ်..။
“ကိုကိုး....”
“ဟေး...ခြင်းတွေ ပြုတ်ကျမယ်လေ....”
“ကိုကို့ ကို လွမ်းနေတာ...”
“အောင်မယ်....တွေ့မှာပါကွာ....အခုလည်း ဆွဲခြင်း စိတ်၀င်စားတာမလား..”
“ဟုတ်ပါဘူး..ကိုကို ကလည်း...မို့ အိပ်ရာနိုးတိုင်း ကိုကို က မရှိဘူး..တစ်နေ့ကုန်မတွေ့တော့ဘူး..ညကြီးမိုးချူပ်မှ ကိုကိုက မို့အနားပြန်ရောက်လာတာ...တစ်ခါတစ်ခါ ကိုကို ဆိုတာ မို့ အတွက် အိမ်မက်မင်းသား များလားတွေးမိတယ်...ဒါမှမဟုတ်..ကိုကိုက ညမှလူပြန်ဖြစ်တဲ့ သရဲများလားလို့တွေးမိပြီး ကြောက်ရသေးတယ်..”
ခါးကိုလက်နဲ့ဖက်ပြီး ဆွဲခြင်းထဲက အိတ်တွေ လှန်လောကြည့်ရင်း ပြောနေတဲ့ အရုပ်မလေးကို အသည်းယားလာလို့...
“အ...”
“ဘယ်လိုလည်း..အိမ်မက်လား..”
“အ...တကယ်နာသွားပြီ....အဟင့်..”
ပါးလေးကို ခပ်ဖွဖွ လိမ်လိုက်ပေမဲ့ သူ့ပါးလေး နီရဲထွေးသွားတော့ ဆန်နီ ပျာပျာသလဲဖြစ်ရသည်...။
ခြင်းထောင်းတွေချပြီး မျက်နှာလေးကို ဆွဲယူမော့ကြည့်ရင်း ရင်ထဲမောရ၏..။
မို့ရယ်....မင်းလေး သိပ်နုတာပဲ...ကိုကို လို လူကြမ်း ဘဝြကမ်းဆီ ဘာလို့ များ မျက်စိလည် လမ်းမှားရောက်လာရတာလည်းကွာ....။
“ကိုကိုး..”
“ဟင်...”
“မနာတော့ဘူးလို့..လွတ်တော့လေ...”
သူ့မျက်နှာက နီရဲရဲ လေး အရောင်လျော့သွားတာ တွေ့တော့မှ ဆန်နီ ပြုံးရင်း သူ့ မေးဖျားလေးကို လွတ်ပေးလိုက်ရသည်..။
“ကိုကို လူဆိုးကြီး...ဖေဖေ လာရင် တိုင်မယ်..”
“မတိုင်ပါနဲ့ကွာ...မို့က လိမ်မာပါတယ်..”
“လိမ်မာဘူး..တိုင်မှာပဲ..”
“တကယ်လား...ကိုကို အရိုက်ခံရရင် မို့ ပျော်မှာလား..”
စဉ်းစားသလို တွေဝေသွားတဲ့ မျက်နှာလေးနဲ့ အတူ လျှောက်နေတဲ့ ခြေလှမ်းတွေကိုပါ ရပ်ပစ်လိုက်သည်...။
“ဟင့်အင်း...မပျော်ပါဘူး...ကိုကို အရိုက်ခံရရင် မို့လည်း နာတယ်...”
“ဟား..ဟား...”ဆန်နီ ကြည်နူးစွာ သူ့ပခုံးလေးကို ဆွဲဖက်ပြီး အိမ်ထဲလျှောက်လာခဲ့လိုက်သည်..။
မို့ မဟုတ်တဲ့ မိန်းမ တစ်ယောက်သာဆို မိန်းမမာယာ အလိမ်အညာတွေလို့ တွေးလို့ရပေမဲ့ မို့ရဲ့ ဖြူစင်တဲ့ စိတ်... မုသားမပါတဲ့ အကြင်နာမျက်၀န်းတွေက သက်သေခံနေပြီလေ...
ကိုကို ကံကောင်းတာလား...မို့ ကံဆိုးတာလား.....မသိပေမဲ့  မို့ကို ကိုကို  အရမ်းချစ်လို့ပါ မို့ရယ်....။
“မေမေ ဘာပါလာလည်းမသိဘူး..”
“ယုန်မလေးအတွက် မုန်လာဥ...”
ဆန်နီ ခြင်းတောင်းထဲက မုန်လာဥနီထုတ်ကို ဆွဲထုတ်လိုက်တော့ နှာခေါင်း ရှုံ့ပြီး ခေါင်းရမ်းခါ..
“အဲဒါနေ့ခင်းမှ စားချင်တာ...အခုက မုန့်စားချင်တာ...”
“ဘာမုန့်လည်း..”
“ပီဇာ..”
“အိုကေ..သွားမယ်...အ၀တ်အစားလည်း ၀ယ်ပေးရအုံးမယ်..ကိုကို့ ရှပ် အကျီ င်္တွေ .မို့ယူ၀တ်တာ ကုန်ပြီ...”
“ဟုတ်တယ်..အတွင်းခံလည်း အရင်၀ယ်ရမယ်...မေမေ ၀ယ်ပေးတာတွေ .မို့ ၀တ်ရတာ မသက်သာဘူး.”
ဆန်နီ မျက်နှာတွေပူပေမဲ့ ကလေး တစ်ယောက်လို ပြောနေတဲ့သူကတော့ ဘာမှထူးဆန်းပုံမရ...။
“တကယ် သွားရမှာလား..”
“အင်းပေါ့...”
“ဒါဆို အကျီ င်္သွားလဲအုံးမယ်...”
“ကိုကို့ ကားနဲ့နော်...”
“အမ်းပါ...”
နှုတ်ခမ်းစူ ခေါင်းညိတ်ပြီး လှေကား နံရံ့ ကပ်ဆီ ပြေးတက်သွားတော့မှ  ဆန်နီ ခြင်းထဲက အရွက်တွေ ထုတ်ပြီး  ရေတစ်ခါတည်း ဆေးထားလိုက်သည်..။
“ရပြီ..”
မို့ က အပြင်သွားဖို့ ပြင်ဆင်ပြီးပြီးလို့ ပြောလိုက်ချိန် ဆန်နီ မော့ကြည့်မိပြီး ရင်ထဲ အောင့်သပ်သွားရသည်..။
သူ ဘယ်လို အပြင်သွားလည်း..သူ ဘယ်လိုတွေ ပြင်ဆင်လည်း..သူ ဘယ်လို ပုံစံ လည်း ဆိုတာ သိခဲ့ပြီးပြီ။
ကိုယ့် ဆီ ၁၀ရက်ကျော်ရောက်လာပြီး တစ်ခေါက် အပြင်သွားဖို့ကို သူ့အိမ်က ၀တ်လာတဲ့ အဖြူရောင် ဂါ၀န်လေးနဲ့ အတူ ဖြီးလိမ်း ပြင်ဆင် ခြယ်သထားခြင်း မရှိတဲ့ ပကတိ မျက်နှာပြောင်လေးရယ်..
စုစုစည်းစည်းဖြစ်အောင် ချည်နိုင်ဖို့ ခေါင်းစီးကွင်း မရှိလို့ ဖါးလျားလေး တလွင့်လွင့် ဖြစ်နေတဲ့  ဆံပင်လေးရယ်ကြောင့် ဆန်နီ စိတ် မကောင်းဖြစ်ရသည်..။
“မို့...”
“အင်...”
“ရှင် ထူးပါဗျ...”
“ရှင်း..”
“လိမ်မာတယ်....မို့  ဆံပင် ဒီလိုကြီး ချသွားမှာလား..လာ ကိုကို ကျစ်ဆံမြီး ကျစ်ပေးမယ်...”
“ဟင့်အင်း..မကျစ်ချင်ပါဘူး..ဆံပင်ပြင်ထားရတာ..ပျက်စီးသွားလိမ့်မယ်..”
“ခဏလေးပါကွာ ဘာမှ မဖြစ်ပါဘူး..လာ..လာ...”
ခေါ်လည်း အနားရောက်မလာလို့ ဆန်နီ ပဲ ထသွားလိုက်ရသည်..။
“ကိုကို တအားကြီး ကျစ်အောင် မလုပ်နဲ့နော်..”
“ဖွဖွလေးပါ...”
မိန်းကလေး မရှိတဲ့ အိမ်မို့ ကျစ်ဆံမြီး အဆုံးသတ်ကို ချည်ဖို့ ဘာမှ လွယ်လွယ် ကူကူ ရှာမတွေ့...
သရေကွင်းရှာကြည့်ပြီးမှ သတိရခါ တီဗီခုံမှာတင်ထားတဲ့ လက်ကိုင်ပုဝါ အပြာနလေးကို ဖဲပွင့်ပုံလေးချည်ပေးလိုက်ရသည်..။
“ရပြီ...”
“လှရဲ့လား...ဘာကြီးနဲ့ ချည်ထားလည်း..”
ဆန်နှီ နှုတ်ခမ်းတွန့် ပြုံးပြီး ပခုံးကို ရှေ့ပြန်လှည့်ပေးလိုက်ခါ ဓာတ်ပုံရိုက်ပြလိုက်သည်...။
“ဟင်..နားရွက်လေး နှစ်ဖက်ထောင်နေတယ်..”
“ယုန်မလေးဆိုတော့ နားရွက်ရှည်လေးတွေ ရှိရမှာပေါ့...ဟုတ်ဘူးလား..”
“ကိုကို က အရမ်းတော်တာပဲ...”
ပခုံးကို မမှီပဲ လှမ်းမှီတော့ စောင်းချပေးလိုက်ရင်း ဆန်နီ ရယ်လိုက်မိသည်..။
“ဒီဆိုင်လား....မို့...’
“ဟုတ်....ဒီဆိုင်က မို့စားနေကျပါ..လာ..ကိုကို...”
ကိုကို ကတော့ တစ်ခါမှတောင် မရောက်ဖူးပေမဲ့ စျေးကြီးတဲ့ အစားအစာတွေပဲ ရောင်းမှန်းတော့သိပါတယ်..မို့ရယ်...။
“ရီကူလာ ပဲ...”
“ဟုတ်ကဲ့...”
မို့ ကို တွေ့တော့ ရင်းနှီး ဖော်ရွေအပြုံးနဲ့ အတူ ခေါင်းညိတ်ပြတဲ့ ၀န်ထမ်းကြောင့် .မို့ ဒီကို ဘယ်လောက်လာထားမှန်း သိသာသည်..။
“ကိုကို ဘာစားမလည်း..”
“ကိုကို မျကိုက္ဘူး..”
“ဗီဇာ မကြိုက်လို့လား..ဆင်းဒဝှစ် စားမလား...ပါစတာ...”
“အိမ်ရောက်ရင် ထမင်းစားချိန်ဖြစ်သွားမှာလေ...စားချင်ဘူး..”
“ဟုတ်သား...မို့ ဆီက ပဲ နည်းနည်း ယူမြည်းကြည့်...”
“ကောင်းတယ်..”
ဆန်နီ ခေါင်းညိတ်ပြီး အဖြေပေးလိုက်တော့မှ မျက်နှာက အပြုံးဝြေပီး ဆိုက်ကြည့်နေပြန်ပြီ..။
အရုပ်မလေး ရဲ့ ရဲလွန်းတဲ့ အကြည့်လား အကြင်နာမျက်၀န်းလား မသေချာခင် ကိုကို့ နှလုံးသားကျဆုံးခဲ့တာ ကြာလှပါပြီ...။
“ကိုကို့ စားလေ..”
လာချပေးတဲ့ ခေါက်ဆွဲ ပန်းကန် သေးသေးကို ခက်ရင်း နဲ့ လိပ်ယူပြီး ခွံပေးနေတော့ ဆန်နီ မချိပြုံြးုဖင့် ခေါင်းရမ်းလိုက်ရသည်..။
“ကိုကို တကယ်မကြိုက်တာ..”
“မို့ က ဘယ်လို မြိုကျမလည်း..”
“ဒီမှာ သောက်လိုက်မယ်..အိုကေ..”
ရှေ့မှာချထားတဲ့ အအေးကို ဆွဲယူပြီး သောက်ပြလိုက်တော့မှ ရွှေစိတ်တော် ဘ၀င်ကျတော့သည်..။
“စားလေ မို့ရဲ့..”
“တကယ်ဝနေပြီ..”
“ဟင်..တစ်၀က်တောင် မကျိုးဘူး..”
ပန်းကန် ထဲမှာ တစ်၀က်ကျော်ကျော်စီ ကျန်နေတာ ဆန်နီ မျက်လုံးပြူးနေရသည်..။
“အရင်က အဖော်တွေနဲ့မို့ စားကောင်းတာ...ကိုကို က တူတူမှ လုစားမပေးတာ..”
ပန်းကန်ထဲက တစ်၀က်ကျော်ကျော် တွေကို နှမျောတဲ့စိတ်နဲ့ ကြည့်ပြီး လက်ရွယ်တော့..
“သွားမယ်လေ..ကိုကို..”
“ဒါတွေ...”
“ဟင်...ဘာဖြစ်လို့လည်း..”
နားမလည်သလို ပြူးကြောင်ကြောင် ပြန်ကြည့်နေတဲ့ ချစ်ရသူကို ဆန်နီ ခေါင်းရမ်းသာ အဖြေပေးလိုက်ပြီး ပိုက်ဆံရှင်းလိုက်ရတာ သုံးသောင်း တစ်ထောင် အတိအကျ...။
“ကိုကို ဘယ်ကိုမောင်းနေတာလည်း..”
“ဂျန်းရှင်းလေ...”
“မဟုတ်ဘူး..မို့ ၀ယ်တဲ့ ဆိုင်က သပ်သပ်ရှိတယ်...”
“သြော်...ကိုကို မှ မသိတာ...”
“ရှေ့သာဆက်သွားတော့...ပြီးရင် .မို့ ပြမယ်..”
“ဟုတ်ကဲ့ပါဗျာ...သခင် မလေး အမိန့်တော် အတိုင်းပါပဲ..”
“ဟီ..ကိုကို က လိမ်မာလိုက်တာ...”
လက်မောင်းကို လက်ညိုးနဲ့ ဘယ်ညာ အမြန်ထိုးနေတော့ အသည်းယားလာလို့ ပြုံးလိုက်မိရပြန်သည်..။
“ဟာ..မို့...ကိုကို အပြင်ကပဲ စောင့်မယ်လေ...”
“ဟာ..ဘာလို့လည်း..”
“ဒီဆိုင်ကြီးထဲ ကိုကို မ၀င်ချင်ပါဘူး....ရှက်ဖို့ကောင်းတယ်..”
အမျိုးသမီး အတွင်း၀တ်တွေချည်း တစ်ဆိုင်လုံး ပတ်ချိတ်ထားတဲ့ ဆိုင်ထဲ မျက်နှာပြောင်တိုက်မ၀င်ရဲပါ...။
“လာပါ ကိုကိုကလည်း..ရိုမဆန်လိုက်တာ...သူများတွေဆို ဆိုဒ်က အစသိပြီးရွေးပေးနေတာ..ကိုကိုက ဘာကို ရှက်နေတာလည်း .....မို့ နဲ့ ကိုကို က လင်မယားတွေကိုပဲ..တကယ်ပဲ...ဘာဖြစ်နေမှန်းကို မသိဘူး..”
“မို့ ရယ်..လိမ်မာပါတယ်ကွာ...သွားလိုက်နော်..ဒီမှာ အိတ်ယူသွား လိမ်မာတယ်လေ...”
“ဟွန့်...”
“ကိုကို တကယ်ရှက်လို့ပါ..”
“ဘယ်လို လူတုံးကြီးမှန်းကို မသိဘူး..”
ကလေး မုန့်ပေး ကြိုက်မိသလို ဘာမှကို မစဉ်းစားပဲ ဇွတ်ချည်းပဲမို့ ဆန်နီ သက်ပြင်းနဲ့ အတူ ရယ်လိုက်မိသည်...။
မို့ အရွယ်ဆိုတာ တစ်ချို့ဆို လုပ်ငန်းတွေတောင် ဦးဆောင်ပြီး လုပ်နေပါပြီ...သူကျမှ တကယ့်ကလေး..။
ကားထဲမှာ ၁၅မိနစ်လောက်စောင့်လိုက်ရပြီးနောက်တော့ မိရွှေချောက အိတ်ကလေးတွေ လှုပ်ရမ်းရင်း လှေကားတွေကို ပြေးဆင်းလာတွေ့လိုက်ရလို့ ဆန်နီ ကားတစ်ခါတည်း စက်နှိုးထားလိုက်ရသည်.။
“အင့် ကိုကို့ အိတ်..”
“ဘယ်လိုလည်း လုံလုံလောက်လောက် ၀ယ်ခဲ့လား..နောက်တစ်ခါထွက်ဖို့ မလွယ်ဘူးနော်..”
“ဘယ်လို လုံလောက်အောင် ၀ယ်မလည်းကိုကိုရဲ့..တစ်ထည် လေးသောင်းကို..”
“ဟမ်..လေးသောင်း..”
“အင်းလေ...ဒါတောင် မို့ ယူနေကျ ဘရန်းက ပစ္စည်းပျက်သွားလို့...အဲဒါဆို ၇သောင်း..”
ဆန်နီ ခေါင်းက ဆံပင်တွေတောင် ထောင်ထကုန်လောက်အောင်ကို မယုံနိုင်ဖြစ်ရသည်..။
မိန်းမတွေ ပေးသမျှ ငွေမလောက်တာ ဒါတွေ၀ယ်နေရတာကြောင့်များလား..
မဟုတ်ပါဘူး...မဆွေတို့ဆီ အထည်ပို့နေကျပဲ..ကောင်မလေးတွေ ဘေးဆိုင်မှာ တစ်ခါတစ်ခါလာ၀ယ်ရင် ကြားနေရတာ..တစ်ထည် သုံးထောင်ပါ....ဟူး..ဘာတွေများကွာလို့ပါလိမ့်...
“ကိုကို့..”
“အ..”လက်မောင်းကို အလိမ်ခံလိုက်တော့မှ အတွေးစပျက်သွားရသည်။
“ကိုကို ကလည်း စကားပြောနေတာ နားထောင်မနေဘူးလား..”
“ဟင်..မို့ ဘာပြောတာလည်း..”
“ဘာတွေစဉ်းစားနေတာလည်း..”
အမျိုးသမီးအတွင်း၀တ် စျေးနှုန်းတွေ နှိုင်းယှဉ်သုံးသပ်နေတာပါဆို နှာဘဝရောက်အုံးမည်..။
“မို့ ဘယ်သွားချင်သေးလည်းလို့..”
“အကျီ င်္၀ယ်တာနောက်မှပေါ့....အခုတော့ ဖုန်းလေး တစ်လုံး အရင်သွားကြမယ်...ရှေ့မှာ ဆမ်ဆောင်းကောင်တာရှိတယ်..”
“ဟာ..ကိုကို့မှာ ပိုက်ဆံများများ မကျန်တော့ဘူး..”
“ရမှာပါ .မို့ စျေးကြီးတာမယူပါဘူး..အိမ်မှာနေရတာ ပျင်းလို့ပါ ကိုကိုရဲ့...”
“အင်းပါ..အင်းပါ...မို့မှာ ဘယ်လောက်ကျန်သေးလည်း..”
“မကျန်တော့ပါဘူး...၉ထောင်လိုလို့ ကိုကို့ အိတ်ဘေးဇစ်ထဲကထောင်တန် အသစ်တွေပါညှပ်ပေးလိုက်ရတယ်..အောက်လိုက်တာ...”
“ဒါဆို အိတ်ထဲမှာ တစ်ထောင်တန် အသစ်တစ်ရွက်ပဲကျန်တာလား..”
“အင်း..”
ဖုန်းဆိုင်ရှေ့ရောက်ခါနီးလာလို့ ထိုင်ခုံမှာ မြှောက်ကြွကြွ ထကြည့်ပြီး ခေါင်းညိတ်ပြပေမဲ့..ဆန်နီကတော့ ကားမရပ်ဖြစ်တော့ပါ...။
အိတ်ဆောင် တစ်သောင်းတောင် ကုန်နေပြီပဲလေ...။
“ကိုကိုး..ကျော်သွားပြီ..”
“ကိုကို မှာ ပိုက်ဆံမကျန်တော့ဘူး မို့ရဲ့..နောက်တော့မှ ၀ယ်ကြမယ်လေ...”
“ဟာ..ကိုကိုပြောတော့ မို့ လိုအပ်တာ လိုက်၀ယ်ပေးမို့ဆို ဘာလို့ ပိုက်ဆံထည့်မလာတာလည်း..”
“ကိုကို နှစ်သိန်းခွဲတောင် ထည့်လာတယ်လေ...”
“နှစ်သိန်းခွဲ..”
နှာခေါင်းလေး ရှုံ့ ပြီး အသံမြှင့်ပြောတော့ ဆန်နီ လေးကန်စွာ ခေါင်းညိတ်လိုက်ရသည်...။
“ဘယ်လိုလောက်မလည်း ကိုကိုရဲ့....နက်ဖြန် အကျီ င်္ နဲ့ ဖုန်း ၀ယ်ရမှာ ပိုယူနော်...”
“ကိုကို စုထားတာ ကုန်ပြီ.မို့ရဲ့...”
“ပိုက်ဆံမရှိတော့ဘူးပြောတာလား..အိမ်မှာလည်း မကျန်တော့ဘူး..ကိုကို့ ဘီဒိုထဲက ပိုက်ဆံထည့်တဲ့ ဘူးလေးထဲမှာလည်း မကျန်တော့တာလား..”
“အင်း အကုန်ပဲ..”
“ဒါဆို ဘဏ်မှာကော..”
ဆန်နီ ရှေ့ကို တည့်တည့် သာကြည့်နေနိုင်ပြီး အဖြေကို နှုတ်က မထွက်နိုင်လို့ ခေါင်းသာ ရမ်းပြလိုက်သည်..။
“ဟွန့်..အကျီ င်္ ကတော့ အိမ်မှာနေတာပဲဟာ..ကိုကို့ အ၀တ်တွေ ယူ၀တ်ပြီး မေမေ ၀ယ်ပေးတဲ့ ပုံဆိုးဆိုး ဘောင်းဘီတွေ ၀တ်နေလို့ရပါတယ်..ဒါပေမဲ့ ဖုန်းလေးတစ်လုံးလိုချင်လို့ပါ...”
“မို့ က ကိုကို့ ကို လွမ်းရင် ဖုန်းဆက်ချင်တာ..”
“ကိုကို ပိုက်ဆံရတော့ ၀ယ်ပေးမယ်လေ...အခု အိမ်မှာ အဖေ ရယ် အမေ ရယ် မန်နီ ဆီမှာကော ဖုန်းရှိတယ်...သုံးလုံးတောင်လေ....အဲတာ..မို့လိုချင်တဲ့ အချိန် ယူသုံးလို့ ရတာပဲ...ဟုတ်ဘူးလား..”
“မို့ ဖုန်းလေးကို သတိရလိုက်တာ...အဲ အထဲမှာ ကိုကို့ ပုံတွေအားကြီးပဲ သလား..”
ဆန်နီ စကားလမ်းကြောင်းပြောင်းဖို့ အခွင့်အရေးရသွားလို့ လမ်းဘေးဘက်ချရပ်ပြီး မီးပြထားလိုက်ခါ..
“ကဲကြည့်..”
“ဟင်..”
“ဒီမှာ ကိုကို အစစ်ရှေ့ရောက်နေပြီလေ..ပုံပါတဲ့ ဖုန်းကို လွမ်းမနေနဲ့တော့..”
“ဟာ..”သူ ထင်သလို မဟုတ်တဲ့ အဖြေတစ်ခုကြောင့် စိတ်ပျက်သလို တံခါးဘက် ခေါင်းလှည့်သွားတော့ ဆန်နီ ဆွဲဖက်လိုက်သည်...။
“မို့ “
“ဟင်..”
“ချစ်လားဟင်..”
“ဖုန်းမှ ၀ယ်မပေးတာ..”
အလယ်မှာ ဂီယာတိုင်ခြားနေပေမဲ့ ခါးကိုင်းပြီး တိုးဖက်ထားလိုက်မိသည်..။
“ကိုကို မုန့်လည်း..၀ယ်ကျွေးရသေး..”
“အင်းပါ...ချစ်သယ်....လမ်းမကြီးမှာ အရင်က လူကို ကဲတယ်ပြောတာ ဘယ်သူလည်း...အခုတော့..ဘယ်သူကဲနေတာလည်း..”
“ကိုကို မကဲပါဘူး..”
ဆန်နီ သူ့ ကိုယ်လုံးလေးကို ပြန်လွှတ်ပေးလိုက်ပြီး ကားပြန်မောင်းလိုက်သည်..။
ရင်ဘတ်ထဲမှာတော့ သက်ပြင်းများစွာ ရှိုက်ရင်း...သူမလေး ကို လှည့်ပြုံးပြလိုက်ရ၏။

☆━━━━━━━━━━━━━━━☆

ဒီနေ့စောတယ်နော် စပိုက်ကာ တစ်မှတ် 😜
စာတော်တော်ရှည်သွားတယ် ဆောရီးပါ 🙏

အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်

Love U all ❤
#စပိုက်ကာ

နန်းထိုက်ပန်းမို့Where stories live. Discover now