နန်းထိုက်ပန်းမို့
အပိုင်း (၂၆)
#နန်းထိုက်ပန်းမို့“ကိုကို...မသွားပါနဲ့...”
“ကိုကို...”
“အင်း....အင်း....ရှိတယ်....”
ကျော်ကျော် ညီမဖြစ်သူရဲ့ လက်ကို ဖွဖွလေး ကိုင်ပြီး ပုတ်ပေးလိုက်တော့ လက်ကို ဆုပ်ကိုင်ပြီး ပြန်အိပ်ပျော်သွားသည်..။
မာမီ ဘက်ကို ကြည့်လိုက်တော့ မျက်နှာငယ်နဲ့ သက်ပြင်းတွေချည်း ချနေပေမဲ့ စိတ်ဆိုးချင်လာသည်..။
ညီမလေး အိပ်ပျော်သွားမှ စောင် အသာ ပြန်ခြုံပြီး မာမီကို လက်ဆွဲပြီး အပြင် ဧည့်ခန်းကို ခေါ်လာရသည်..။
“မာမီ..ဒီတိုင်းပဲ ကြည့်နေမှာလား...”
“မာမီ က ဘာလုပ်ရမှာလည်း...သားငယ်ရယ်...”
“ညီမလေး ဘာကို တောင့်တနေလည်း မာမီလည်း ကြားနေသားပဲ...”
“ဟဲ့....သူ့လင်က လာကြည့်ဖော်တောင် မရတာ..မာမီ က ဘာလုပ်ပေးရမှာလည်း..”
ကျော်ကျော် ခေါင်းသာ တွင်တွင်ရမ်းပြီး မာမီ့ ဘေးက ခုံမှာ ၀င်ထိုင်လိုက်သည်..။
“မာမီ..ဒီလောက် ပြောဆိုထားတာ..ဘယ်ယောင်္ကျားက ခံနိုင်မှာလည်း မာမီရဲ့...သား.. သိရသလောက် ဆန်နီ က လူကောင်းတစ်ယောက် တာ၀န် ယူချင်စိတ်ရှိတယ်..ဒီစိတ်ကို မာမီ အသုံးချပြီး မို့ ကို အိမ် ပြန်ခေါ်ထားတာ...ဟုတ်တယ်မလား..”
“သားငယ် မသိလို့နော်...ဒင်းက လေ...မာနကလည်းမိုးတိုးနေတာ မာမီ့ ဘက်က အလျော့ပေးတောင် သူ တင်းခံနေအုံးမှာ...”
“မို့ လည်း ပြတ်တာ မဟုတ်ဘူး..မာမီရယ်...ညီမလေးကို ဒုက္ခမပေးပါနဲ့တော့...”
“မာမီနဲ့ အဲကောင် မျက်နှာကြောကို မတည့်ဘူး..အန်တီ...အန်တီ နဲ့ နားကြားမြင်ကပ်စရာ...စကားပြောရင်လည်း...ပြန်မပြော နားမထောင်..ငါ က စကား အဖြစ် ခြောက်လိုက်တာ...မနက်ဖြန် ကျတော့ သမီး နဲ့ စာချုပ် အိမ်လာပို့သွားတယ်လေ...တောက်...တော်တော်ရိုင်းစိုင်းတဲ့ကောင်...”
“သားဆိုလည်း..ဒီလို လုပ်မှာပဲ...သူက မို့ အတွက် လည်း စဉ်းစားပေးလိုက်ပုံပါ...မာမီ...စကားကိုပြန်ပြင်ပေးလိုက်...မဟုတ်ရင် မို့ ရူးသွားတော့မယ်..”
“ဟုတ်ပါတယ်...ရူးနေတာမှ...လူကြားမကောင်းအောင်...လင်တရူးနေတာ...ငါ့ စိတ်နဲ့များကွာလိုက်တာနော်...”
“ညနေ..ဆရာ၀န်ထပ်လာလို့ မသက်သာရင်...ဆေးရုံတင်လိုက်တော့မယ်...ကိုကြီး ကိုလည်း ပြန်ခေါ်ရမယ်...သူ ဖုန်းချည်းဆက်နေတာ လိမ်နေရတာ ပင်ပန်းလာပြီ..”
“ဟဲ့..မဖြစ်ဘူးလေ...သူ့ မိန်းမ က မွေးခါနီး ဖွားခါနီး..”
“ကိုကြီး ပဲ မာမီ့ကို နားချလို့ရမှာ..”
“ကျစ်....စိတ်ညစ်စရာပါလား..မို့မို့ဖြူရယ်....ဒင်းကြောင့် ငါ့မှာ ကားဒါရိုင်ဘာကို ခြေထောက်ကိုင် တောင်းပန်ရတော့မယ်...”
“မာမီ အဲလို တွေးကတည်းက မှားနေတာ...”
“ဟုတ်ပါပြီ...မို့ အနားမှာနေ...”
“မာမီ...လျော့ပြောနော်..”
“အေးပါဆို...”
သားဖြစ်သူကို စိတ်တိုတို နဲ့ ဆောင့်အော်ပစ်ခဲ့ပြီး ကားကို ကိုယ်တိုင်မောင်းခါ ထွက်လာခဲ့လိုက်သည်..။
ငါရဲ့ တစ်ဦးတည်းသောသမီးလေးကို မင်း လက်ထဲ မပေးလိုက်ချင်တဲ့ အတ္တစိတ်အကြောင်းတွေ မင်း နားလည်ပေးဖို့ ကောင်းတယ်...ဆန်နီ...။
ဒေါ်ရွှေစင် သက်ပြင်းတစ်ခုချရင်း ပြောဖို့ စကားလုံးတွေ ကြိုတင် စဉ်းစားကြည့်မိသည်..။
သူနဲ့နေရင် သမီးလေး ပင်ပန်းမယ်..ကိုယ်ကလည်း ပိုင်ရင် ပိုင်ရမှ မပိုင်ရဘူးဟေ့ဆိုလည်း စွန့်ပစ်ဖို့ ၀န်မလေးတက်တဲ့ ဗီဇ အခံလေးကြောင့် တင်းရင်းနဲ့ ပြတ်ကုန်ရပြီ..။
ယောင်္ကျားလေးဆိုပြီး ဘာမှ မဖြစ်ပေမဲ့ ကိုယ့်သမီး မှာတော့ အလူးအလဲ...။
သားသမီး ဝေဒနာဆိုတာ မိခင်သွေးနဲ့ ဆက်နေတော့ ဘယ်တက်နိုင်ပါ့မလည်း...။
စိတ်တင်းရင်း မျက်မှန် ကောက်တပ်ခါ ကားတံခါးဖွင့် ဆင်းလိုက်သည်..။
ဆိုင်ထောင့်ဘက် စားပွဲ ဝိုင်းမှာ ထိုင်နေတဲ့ တီရှပ်နဲ့ အိတ် စလွယ်သိုင်းထားတာ ဒင်းမှန်း အဝေးကြီးကတည်းက ခန့်မှန်းနိုင်သည်..။
မိုးကောင်းတုန်းတော့ ရွာထားအုံးပေါ့လေ...။
သူ့ဘက်မှာချည်း အမြဲကောင်းနေတဲ့ မမို့မို့ဖြူကို လည်း အမြင်ကပ်လာရင်း ခြေထောက်ကို ခပ်ဖိဖိ နင်းခါ လျှောက်လာခဲ့လိုက်သည်..။
“စောင့်နေတာ ကြာသွားလား..”
“ရပါတယ် ..အန်တီ..”
ခေါ်သံကြောင့် နားထဲ ကိုးလို့ ကန့်လန့် ဖြစ်ရပြန်သည်...။
ကိုယ့် အဆင့်အတန်း အခြေအနေ အရ သားသူငယ်ချင်းတွေ သမီး သူငယ်ချင်းတွေ အားလုံးက မာမီ..မာမီ နဲ့ အလိုလိုက်ခေါ် ကြပေမဲ့...ဒင်း တစ်ကောင်ထဲ ထွင်းပြီး အန်တီ ဖြစ်နေတာလေ...။
“မို့ ဘယ်လို နေသေးလည်း.”
“ဟင်း....နေမကောင်းသေးတော့ စိတ်မချလို့ စောင့်နေရတာနဲ့ ထွက်လာဖို့ နောက်ကျသွားတယ်...”
မို့ နေမကောင်းသေးဘူးဆိုတော့ ဆန်နီ စိတ်လှုပ်ရှားသွားရသည်..။
သုံးရက်တောင်ကြာနေပြီ..မိသားစု ဆရာ၀န်နဲ့ ပြနေတော့..မြန်မြန်နေကောင်းသွားပြီ ထင်ခဲ့တာ...
“ရိုးရိုးဖျားတာလား...”
ဆန်နီ အအေးခွက်က ပိုက် နီနီ ကို ကြည့်ရင်း မေးလိုက်တော့ စားပွဲကို လက်နဲ့ ရိုက်လိုက်သံကြောင့် မော့ကြည့်မိသည်..။
“ရိုးရိုးဖျားတာ မဟုတ်ဘူးဟေ့...လင်တရူးဖျားတာ..”
“ခင်ဗျာ...”
“ကယောင်ကတမ်း မင်း ကိုပဲ တနေတယ်...အဖျားကလည်း ကျလိုက် တက်လိုက်ပဲ...သူ့အကိုကတော့ ညနေ စောင့်ကြည့်ပြီး မနက်ဖြန် ဆေးရုံတင်ရမယ် ပြောတယ်...မင်းလည်း နေနိုင်လိုက်တာ တစ်ချက် လာကြည့်ဖော်မရဘူး..”
အပြစ်တင်လေသံ နဲ့ ပြောလိုက်ပေမဲ့ ဆန်နီ့ အာရုံ ထဲမှာ မို့ တော်တော်နေမကောင်းဖြစ်နေတယ် ဆိုတာသာ လွမ်းမိုးသွားသည်..။
“မနေ့ညက ဖုန်းဆက်ခေါ်အုံးမလို့...”
“ကျွန်တော် က မို့ နေကောင်းသွားပြီ ထင်တာ.”
“ဆန်နီ...”
“ခင်ဗျာ...”
“မင်း မို့ ကို တကယ်ပြတ်လား..”
“ဗျာ...”
“င့ါ သမီးကတော့ မပြတ်ရှာဘူး...”
“အဲဒါက...”
“မင်းလည်း မပြတ်သားပါဘူး..ငါ့ကို ကလဲ့စားချေချင်လို့ ငါ့သမီးကို ခုထုံးလုပ်လိုက်တာ...”
“ဟာ...မဟုတ်ပါဘူး....တကယ်မဟုတ်ပါဘူး..”
ဆန်နီ ပျာပျာ သလဲ ငြင်းလိုက်ရသည်...။
ဒီလိုသာ မို့ ထင်သွားရင် ဆန်နီ သေရပါလိမ့်မည်...။
“ငါ့ အမှားလည်း မကင်းပါဘူး..မင်းသိက္ခာကို စော်ကားပြီး မင်း အခက်တွေ့အောင် လုပ်ခဲ့တာပဲ တကယ်တော့ ကိုမြတ်ဖေ ကို ကူညီချင်တာလည်း ပါတယ်...မင်း အဖေ က အမွေလက်မခံဘူး ဒါကို ကိုမြတ်ဖေ က တအားခံစားနေရတယ်..ဒါကြောင့် မင်းမှာ သာ အခက်တွေ့ရင် ငွေကို လက်ခံမယ် ထင်လိုက်တာ ငါ မှားတယ်..မင်း က ငါ့ သမီးကို စွန့်လိုက်တာပဲ...”
“ကျွန်တော် မို့ ကို မစွန့်ပါဘူး...”
“ဒါဆို ကွာရှင်းစာချူပ်က ဘာလည်း...ငါ့စကားအတိုင်း အကောင်အထည်ဖော်ပြလိုက်တာပဲလေ...ငါ့ပြောလိုက်တဲ့ စကားတစ်ခွန်း ကို မင်းက လွယ်လွယ် ကူကူ လုပ်နိုင်ကြောင်းပြလိုက်ပြီး ငါ့ ကို စိန်ခေါ်တာလေ....”
ဆန်နီ့ စိတ်ထဲ မကျေနပ်မှု ထပ်ပေါင်းသွားရသည်..။
သူ့ကို စိန်ခေါ်ရအောင် ရွယ်တူတန်းတူ ရန်သူ မှ မဟုတ်တာ....။
“ဒီစကားတွေက အန်တီ စွပ်စွဲနေတာပါ...မို့ ကို ဒါမျိုးစကားတွေ
ပြောမပေးပါနဲ့လို့ ကျွန်တော် ကြိုတောင်းပန်ပါရစေ...”
“ဘာကို စွပ်စွဲနေလို့လည်း..”
“ကျွန်တော် မို့ ကို အိမ်ပြန်ပို့တာ မို့ကို မုန်းနေလို့မဟုတ်ဘူး..ဒါကို အန်တီလည်း သိမှာပါ..ပြီးတော့ အန်တီ ကျွန်တော့်ကို ပြောထားလို့ မကျေနပ်ပြီး ပြန်ကလဲ့စားချေတာလည်း မဟုတ်ဘူး...အန်တီ အကြပ်ကိုင်လိုက်လို့ ကျွန်တော် အခက်တွေ့သွားတာ ၀န်ခံပါတယ်...ဒါပေမဲ့ မို့ အတွက် စဉ်းစားမိလို့ အခွင့်အရေးတစ်ခု ကို အသုံးချပြီး အိမ်ပြန်ပို့လိုက်တာပါ....အန်တီ မပြောခင် ကတည်းက မို့ ကျွန်တော်နဲ့ နေရတာ အရမ်းပင်ပန်းရတယ်...ဒါကို ကျွန်တော် သိလေ...မို့ကို သနားရလေပဲ...မို့လို နူးညံတဲ့ မိန်းကလေးတစ်ယောက်က ကျွန်တော့်လို ဘဝြကမ်းသမား ဆီမှာ နေဖို့ မလွယ်ဘူး..ဒါကြောင့် ကျွန်တော့် နှလုံးသားတွေ နာကျင် ကြေကွဲ ရပေမဲ့ လက်လွတ်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တာပါ...ကျွန်တော် အတ္တတွေကို စွန့်လိုက်ရတာပါ...”
မျက်လုံးနီနီ ကို မျက်တောင် ပုတ်ခက် ပြီး အကြည့်လွဲသွားတော့ ဒေါ်ရွှေစင် စိတ်မကောင်းဖြစ်သွားရသည်..။
“ဒါပေမဲ့ မို့ က မင်းကိုပဲ လိုအပ်နေတာ...”
“ဒါတွေက ကျွန်တော်မပြတ်သားလို့ မို့ ပိုခံစားနေရတာပါ...ဒီအတွက် ကျွန်တော် မာမီ့ ကို တောင်းပန်ပါတယ်..”
“မင်းက ဘာလုပ်ချင်တာလည်း..”
‘ကွာရှုင်းပြီးသား...မို့ ဘ၀ ကောင်းစားတာလေးပဲ မြင်ချင်ပါတယ်...ကျွန်တော်တို့ကလည်း ငွေထုတ်ကောက်ရပြီး ချမ်းသာလာမှာ မဟုတ်ဘူး....ကျွန်တော်နဲ့ နေရင် မို့ တစ်သက်လုံး ပင်ပန်းဆင်းရဲနေရမှာပါ...။
မို့ ကို ကျွန်တော် ဘ၀ထဲ ဆွဲချမိတာ မှားမှန်းသိပါပြီ...ကျွန်တော့်ကြောင့် မို့ ဘ၀ လေး ကျွန်းထိုးမှောက်ခုံဖြစ်ရတယ်...မာမီ ပြောတာ မှန်တယ်...ကျွန်တော် သာ ကျောခိုိင်း နိုင်ခဲ့ရင် မို့ ဘ၀အခုချိန်ဆို အတည်တကျဖြစ်နေတော့မှာ....ကျွန်တော် အမှားတစ်ခုကြောင့်ပါ...”
“ဒါပေမဲ့ မို့ က စွဲလမ်းကြီးတယ်..”
“အစွဲအလမ်းကြီးသလို အငြိုးလည်း ကြီးပါတယ်...ကျွန်တော်ဘက်က မပြတ်သားပဲ ဆက်နွယ်နေလို့ မို့ခမျာ ပိုခံစားနေရတာ...ကျွန်တော် ပြတ်သားပါမယ်...”
“မာမီ က မင်း တို့ နှစ်ယောက်ကို ပြန်ပေါင်းစေချင်တာ..”
ဘ၀မှာ အကြားချင်ဆုံး စကားလေး တစ်ခွန်းကို ကြားလိုက်ရပေမဲ့ အကုန်လွန်သွားပြီမှ ထိုစကားက ခါးသပ်နေသည်..။
“ကျွန်တော် ပိုသိပါတယ်...မို့ က ကျွန်တော်နဲ့ မတန်တဲ့ နန်းထိုက်ပန်းမို့ ကျွန်တော် စွန့်လိုက်တာပါ...”
“တော်စမ်းကွာ... ကျော်မကောင်း ကြားမကောင်း ကလေး တွေ ဘာတွေ ရှိနေရင်...”
“ကျွန်တော် မို့ကို ချစ်တဲ့ စိတ်က ဖြူစင်ပါတယ်...
ကျွန်တော့်ဆီကို ချစ်တဲ့စိတ် တစ်ခုတည်းနဲ့ ရောက်လာပေမဲ့ တစ်ချိန်ချိန်ကျရင် ပြန်သွားမဲ့
ကလေး တစ်ယောက်လိုပဲ ချစ်ခဲ့တာပါ.. လင်မယားပတ်သက်မှုမျိုး မရှိခဲ့ပါဘူး...”
“ဘာ...”
“မင်း...တော်တော်....”
“မို့က ...မနက်မုန့်ကို ကိတ်စားနေကျ...ကျွန်တော့်ဆီရောက်မှာ ပဲပြုတ်ထမင်းကြမ်းစားရတယ်...အပြင်သွားခါနီးရင် မာမီ့ ဆီက ၀တ်လာတဲ့ ဂါ၀န်က သူ့ဆီမှာ အသားနားဆုံး ရှိတဲ့ တစ်ထည်တည်းသော ဂါ၀န်ပဲ..အလှပြင်ပစ္စည်းတွေ ၀ယ်လို့ ကျွန်တော် ဆူမိသေးတယ်..သူ့ အတွင်း၀တ်ကလေးတွေ အရောင်မွဲနေပြီ....ခေါင်းလျှော်ရည် ကောင်းကောင်းမ၀ယ်နိုင်လို့ သူ့ ဆံပင်တွေ ညှပ်ပစ်လိုက်တယ်..ဖုန်းမ၀ယ်နိုင်လို့ သူငယ်ချင်းဆီ အောက်ကျခံပြီး ၀ယ်ပေးခိုင်းရတယ်...သူ စားချင်တဲ့ မုန့်ကိုတောင် ဝအောင်မစားခဲ့ရဘူး.. သူ့မျက်နှာလေး နွမ်းပြီး အပြုံးပျောက်ခဲ့ရတယ်...မာမီ ပြောတုန်းက ကျွန်တော် မယုံခဲ့ဘူး..ဟုတ်ပါတယ်...မို့ ကျွန်တော့် ကြောင့် အကြိမ်ကြိမ် ငိုခဲ့ရတယ်...သူ ငိုရတိုင်း ကျွန်တော်လည်း ခံစားရတယ်...သူ့ မျက်ရည်တွေကို သုတ်ပေးပေမဲ့ ထပ်ငိုအောင် လုပ်မိတယ်...အကြိမ်ကြိမ်ပါပဲ...ကျွန်တော့် အနားမှာ ရှိနေသရွေ့ မို့ က အရင်မို့ ပြန်မဖြစ်နိုင်ပါဘူး.....”
“မာမီ့ ဆီရောက်မှ မို့ရဲ့ တောက်ပ တဲ့ အသွင်ပြင်လေး ပြန်ပေါ်လာတယ်...ကျွန်တော် ဝမ်းသာပါတယ် ...အခုက စပြိး ပြတ်သားပါမယ်...ကျွန်တော့်ကို သွားခွင့်ပြုပါအုံး..”
ခုံတွန်းပြီး ရုတ်တရက် ထွက်သွားတဲ့ သူကို ကြည့်လိုက်တော့ ကျောကိုသာ မြင်လိုက်ရသည်..။
မလွယ်ပါလားနော်....တစ်ချို့ကျတော့လည်း ငွေကြေးကို မက်လို့ ကပ်လာတယ်...တစ်ချို့ကြပြန်တော့ လူမက်လို့ ကပ်တယ်...သူကျမှ ချစ်လို့ စွန့်တယ်...အချစ်သူရဲကောင်းကြီး တယ်လည်း လုပ်ချင်နေပါလား ဆန်နီရယ်....စိတ်ညစ်လိုက်တာနော်...။
“ဟိုဟာမလေး....ကိုကိုတကြည့် ဒုတိယ အကြိမ် လိုက်ပို့ ပစ်လိုက်မယ်..”
ဒေါ်ရွှေစင် ခုံက ထပြီး ငွေရှင်းတော့ ရှင်းပြီးသွားပြီဆိုတဲ့...မရှိမာနမင်းသားကို ဒေါသထွက်မိသေးသည်..။
.
“အဟမ်း..”
“ချမ်းသေးလား..”
“ချမ်းပါဘူး..မာမီရယ်..”
“ပြန်ဖျားမှာ စိုးလို့...နေကောင်းတာနဲ့ ဒီဂါ၀န် အပါးတွေပဲ ၀တ်တာပဲ..”
“လှပါတယ်..မာမီရဲ့...ဒီလို ဂါ၀န်၀တ်လိုက်ရင် မို့ က နတ်သမီးလေးနဲ့ တူသွားရော...”
“ဟွင်း...”
ဆိုဖာပေါ်မှာ တီဗွီ ကြည့်နေတဲ့ သမီးဖြစ်သူကို မျက်စောင်းခဲရင်း ရင်ခွင်ထဲ ဆွဲထည့်လိုက်သည်..။
“မာမီ က..မို့ နေမကောင်းတော့ စိတ်ပူသွားတယ်မလား..”
“စိတ်ပူတာပေါ့..ဖျားချည်းနေတော့ ကိုယ်၀န်တွေဘာတွေ ရှိနေမှာ စိုးလို့...”
“အိုး...မာမီကလည်း...”
“ဘာလည်း...”
မို့ မာမီ့ ပါးလေးကို လက်ညိုးနဲ့ ထိုးလိုက်ပြီး ရယ်မိသည်..။
“မာမီက မြေးချီရတော့မှာပါ ကိုကြီး မိန်းမ မွေးတော့မယ်လေ...”
“မာမီ သိလား...ကိုကို က ဂေးကြီး ...”
“ဟေ...”
“ဟုတ်တယ်....မို့ ကို တစ်ခါပဲ နမ်းတယ်..ပြီးတော့...ဆက်ကိစ္စလား လုံး၀ ပဲ...အိုး..သေချာပါတယ်..ကိုကို က ဂေးကြီး ...မို့ စတွေ့ကတည်းက ထင်တော့ ထင်သား...သူ့မှာ လူသိမခံနိုင်တဲ့ လင်တွေ ဘာတွေ ရှိလို့ ဖြစ်မယ်...”
“ဟား..ဟား...မို့မို့ဖြူရယ် တွေးတက်လိုက်တာ...”
“ဟုတ်တယ်...မာမီကလည်း...မို့လို မိန်းကလေးကိုတောင် ကိုကို က စိတ်ိမ၀င်စားဘူးလေ..”
“ဒါက ယူ့မှာ ဆွဲဆောင်မှု မရှိလို့ဖြစ်မှာပေါ့..”
“အား..ဟုတ်ဘူး...”
“တီဗွီပဲ ကြည့်နေတော့မှာလား...”
“မဟုတ်ရင် ဘာလုပ်ရမလည်း..”
“မာမီ..ဆန်နီ တို့ ဘက်ကို သွားမလို့ လိုက်မလား..”
မို့ နာရီမော့ကြည့်လိုက်တော့ ၁၀နာရီပဲ ရှိသေးတာ..မေမေ မရောက်သေးရင် နေပူထဲ စောင့်ရအုံးမည်..။
ကိုကို ရှိရင်လည်း ရှိနိုင်တာပဲလေ...။
မို့ ြ့ပုံး လိုက်ပြီး ခေါင်းညိတ်ခါ အပေါ်ပြေးတက်ခဲ့လိုက်သည်..။
ဂျင်း ဂျာကင် တစ်ထည် ဖြုတ်ပြီး ကျောပိုးအိတ်ယူခါ ထွက်လာပြီးမှ မှန်ဘောင်သွင်းထားသည့် ကိုကို့ ပန်းချီကားလေး ကို တစ်ခါတည်း ယူလာလိုက်သည်..။
“လက်ထဲက ဘာကြီးတုန်း..”
မာမီက မေးငေါ့မေးပေမဲ့ မို့ ရယ်ကြဲကြဲလုပ်ပြီး ခေါင်းသာရမ်းလိုက်သည်..။
စက္ကူညိုနဲ့ ပတ်ထားတဲ့ ပန်းချီ ကားကို ကားနောက်ခန်းထဲ ထည့်လိုက်ရတာ ပြုတ်ကျမှာ စိုးမိသေးသည်..။
“လမ်းထိပ်ထိပဲနော်...”
“ငိုချင်တယ်...မာမီ အဲမှာ မို့ ကို စွန့်ပစ်သွားတာလေ...”
“ဆောရီးပါကွာ...နောက်ဆို ဘယ်တော့မှ မပစ်တော့ဘူး...”
“အာ့ကြောင့်ချစ်တာ...”
“မို့ အခုလို သွားနေတာ ဆန်နီ အမေ က စိတ်မဆိုးဘူးလား..”
‘ဆိုးပါဘူး..မေမေ က မို့ ကိုချစ်ပါတယ်...”
“ဟွန့်..မေမေ...မေမေ...နဲ့...မာမီ ကို တော့ မချစ်တော့ဘူးမလား..”
“ဟုတ်ပါဘူး...မာမီ..အလုပ်လုပ်နေချိန်ဆို မေမေ က မို့ ကိုချစ်ပေးတယ်လေ....မာမီတို့က အလုပ်ချိန်လည်း မတူဘူး..မို့ သာ ကိုကို နဲ့ နေဖြစ်ချိန် မာမီ လည်း ခွင့်ပြုရင် မနက်စောစော မာမီဆီ မှာ လာနေမယ်...မာမီ အလုပ်သွားတဲ့ ၁၀နာရီ ဆို မေမေ က အိမ်ပြန်လာပြီ...အဲတော့မှ ဒီအိမ်ပြန်လာပြီး အချစ်ခံရင် အချစ်တွေ အားလုံးရမှာနော်...”
“လောဘကြီးလိုက်တာ..”
“ဟီး...လောဘကြီးပါဘူး..မို့ က ချစ်ဖို့ကောင်းလို့ပါ...”
မာမီက ကားမောင်းရင်း ခေါင်းကို ပုတ်လိုက်တော့ မို့ စိတ်ထဲ ကြည်နူးမိသည်..။
မာမီ ဘက်က အများကြီး လျော့လာပြီ..ကိုကို သာ လျော့လိုက်ရင် အ၇မ်းပျော်ဖို့ ကောင်းမှာပါ.။
ကိုကို ဘာကို မုန်းတာလည်း...မို့ဆွဲထားတဲ့ ပန်းချီလေးသာတွေ့သွားရင် ကိုကို အရမ်းခံစားသွားရမှာ သေချာတယ်...သိရဲ့လား ကိုကို.. အဲတော့မှ မို့ရယ် ဆိုပြီး မဖက်နဲ့ သေအောင် ကိုက်ပစ်လိုက်မယ်..ဟွန့်...။
.
“ဆန်နီ ရေ...”
“ဟေ...”
ဆန်နီ ကားရေဆေးပြီး ရေဆက်ချိုးနေတုန်း ခြံရှေ့က အော်သံကြားကတည်းက နွေးနွေးမှန်းသိလိုက်သည်..။
“ဟဲ့...အန်တီကော...”
“မရှိဘူးဟ...၀င်အုံးမလား...”
“အောင်မလေး...၀င်ရမှာပေါ့..နင့်ဆီလာတာပဲဟ...”
“မသိဘူးလေ...အမေ့ ကိုမေးနေတာကိုး..”
ဆန်နီရဲ့ ရွဲ့တဲ့ စကားကို နွေးနွေးက တာ၀န်ကျေ မျက်စောင်းထိုးပြီး အိမ်ထဲ ၀င်သွားသည်...။
“အိမ်မှာတော့ ဘယ်သူမှ မရှိဘူး ထိုင်အုံး..”
“နင် ရေချိုးနေတာမလား..သွားပြီးအောင်ချိုးလေ...ငါစောင့်မယ်...”
“အေး...ခဏ..ငါ အစိုနဲ့ ကြာနေပြီ...”
နွေးနွေး တစ်ယောက် တည်း ခုံမှာ ထိုင်စောင့်နေရတာ အားနာလို့ ရေခွက်နဲ့ လေးငါးဆင့် လောင်းချိုးပြီး ရေလဲ ၀တ်ခါ အိမ်ပေါ် ပြန်တက်ခဲ့လိုက်သည်..။
မန်နီ့ အခန်းထဲ က ရေသုတ်၀တ် ယူပြီး ခေါင်းကို ရေခါရင်း ပြန်ထွက်လာခဲ့ရသည်..။
“ပြော မိနွေး...ဘာကိစ္စ...”
“ဟူး...ငါ့ မင်္ဂလာဆောင် လာဖိတ်တာဟေ့...”
“ဟေ...”
“ဘာဖြစ်တာတုန်း...”
“နင့်လို နှာချေးပေပွကို ဘယ်ကောင်က ယူလည်း..အံသြလို့ မဆုံးဘူး...”
“ခွေးကောင်...စလာပြီ...”
“ငါ့ သူငယ်ချင်းလေး မင်္ဂလာဆောင် ကို ငွေအားမတက်နိုင်ပေမဲ့ ဘာကူညီပေးရမလည်းပြော...”
“ဟုတ်တယ်...ငါ့ သူငယ်ချင်းတွေ အဆက်အသွယ်ပျက်နေတာ အများကြီးပဲဟာ...ငါ့ မင်္ဂလာဆောင်မှာ ငယ်ငယ်က သူငယ်ချင်းတွေကို ပြန်တွေ့ချင်တယ်...ပြီးတော့ ငါ့ဘက်က မိတ်ဆိုလို့ သူငယ်ချင်းတွေပဲ ရှိမှာ..ကူညီပါလား..”
“ဟား..ဟား...ငါ့လို ပေတူးကို ယူမဲ့ယောင်္ကျားရှိတယ်လို့ ခေါ်ကြွားမယ်ဆိုပါတော့..”
“ဟာ..နင်ကလည်း...”
နွေးနွေးက မျက်နှာ ရှုံ့မဲ့သွားတော့ ဆန်နီ ရယ်တာရပ်လိုက်ပြီး..ခေါင်းညိတ်ခါ
“အေးပါ...ငါ သိသလောက်ရှာမယ်..”
“ငါ့ သူငယ်ချင်းတွေ နင်သိပါတယ်...ခိုင်ခိုင်စိုးလို့...အေးငြိမ်းတို့ ကို ပိုတွေ့ချင်တာ...”
“သြော်...အေးငြိမ်းဖုန်း နံပါတ် ငါ့ဆီမှာ ရှိတယ်...ခဏ...”
ဆန်နီ အပေါ် ပြေးတက်ပြီး အခန်းထဲ ၀င်မွှေရှာတာ စာအုပ်ကို မတွေ့..။
လှေကားကို ပြန်ဆင်းလာပြီး လှေကားခြေရင်းက အိတ်ထဲ လက်နှိုက်မွေရှာရပြန်သည်..။
“ဟော..နင့် မိန်းမ ပြန်လာပြီ...”
“ဟင်..”
ဆန်နီ မယုံလို့ ရှေ့တိုးကြည့်လိုက်တော့ ခြံတံခါးကို လက်နှိုက်ဖွင့်နေပြီ...။
နွေးနွေးကို တွေ့ရင် ဒုက္ခပါပဲ...။
ဆန်နီ ညီးလိုက်ရင်း ခေါင်းထဲ အရိပ်တစ်ခု ၀င်လာသည်..။
“နွေး...”
“ဟင်..”
“လာ..လာ..”
“ဟေ...ဘာဖြစ်လို့လည်း..”
ကြောင်တောင်တောင်ဖြစ်နေသည့် နွေးနွေးလက်ကို ဆွဲပြီး လှေကား ဘက် ခေါ်ခဲ့လိုက်သည်..။
“ငါ့ကို ကူညီပါဟာ...”
“အေး..ဘာဖြစ်လို့လည်း..”
“နင်..ခဏ ငြိမ်နေပါ..ဘာမှ မပြောပါနဲ့..”
“ဟင်...”
“ခဏပါပဲ...နင့်ကို ငါ စော်ကားချင်တဲ့ စိတ်မရှိပါဘူး..”
“အေးပါ...ဘာဖြစ်လို့လည်း..နင့် မိန်းမ..”
“ရှုး...”
ဆန်နီ သံဇကာပေါက်က တစ်ဆင့် ကြည့်လိုက်တော့ မို့ က ကျောပိုးအိတ်ကို ဆုပ်ကိုင်ပြီး ကားကို တစ်ချက်ရပ်ကြည့်သည်..။
ပြီးနောက် အိမ်ဘက်ကို ခြေလှမ်းနှေးနှေး နဲ့ မှန်မှန်လေး လျှောက်လာနေပေမဲ့ ဆန်နီ ရင်တွေ မှာ တဒိတ်ဒိတ့် ...။
တွေဝေသွားတဲ့ ဆုံးဖြတ်ချက်တွေကို ပြန်တင်းလိုက်ပေမဲ့ စိတ်က မရေမရာဖြစ်နေဆဲ...။
“ကိုကို ဘယ်မှာလည်း..သိဘူး..”
မို့ ကားရေဆေးထားတာတွေ့လို့ ရေချိုးခန်းဘက် ၀င်လာတော့လည်း မတွေ့ဘူး..။
“အပေါ်မှာနေမှာပေါ့...”
“လိုက်သွားပေးလိုက်မယ်...”
မို့ လက်ထဲ ပန်းချီကားကို ရင်ခွင်မှာ ပိုက်ပြီး မန်နီ့ အခန်းထဲ တစ်ချက် ကြည့်ခါ ထွက်လာလိုက်သည်...။
“နွေးနွေး...”
“ဟင်...”
“လာ...”
နွေးနွေးကို နံရံမှာ ကပ်နေခိုင်းလိုက်ပြီး ပခုံးကို ကိုင်ထားရင် မို့ လာပြီလား ခေါင်းထုတ်ကြည့်လိုက်သည်..။
ခြေသံ နဲ့ အတူ ဂါ၀န် အဖြူစလေး မြင်တော့မှ ရင်တွေခုန်ရင်း
ကိုယ်ကို ရှေ့တိုးလို့ အထင်မှားလောက်တဲ့ မြင်ကွင်းမျိုးဖြစ်အောင် ဖန်တီးလိုက်သည်..။
“ဟဲ့..”
“ခဏပါ..”
နွေးနွေးက မော့ကြည့်နေတော့ နွေးနွေး မျက်နှာကို တစ်ဖက်လှည့်ခိုင်းလိုက်ပြီး ဆံပင်တွေ ဆွဲချပေးလိုက်သည်..။
“ဟင်...”
“ဘုတ်...”
တစ်စုံတစ်ရာ ပြုတ်ကျသံနဲ့ အတူ အိမ်ထဲက ပြေးထွက်သွားတဲ့ ခြေသံလေး...ဝေးလို့ သွားတဲ့ ဖိနပ်သံလေး...ခြံတံခါးချင်း ဆောင့်တိုက်သည့် အသံနောက်မှာ ဆန်နီ မျက်ရည်တစ်စက် ကျသွားပြီး လူက ထိုင်ကျသွားရသည်..။
“ဟင်..ဆန်နီ...”
“ရပြီ...နင် ငါ့ကို ပါးရိုက်ချင်လည်း ရိုက်ပါဟာ....ငါ တောင်းပန်ပါတယ်...”
“မဟုတ်ဘူး..ဘာမှ ဖြစ်တာမှ မဟုတ်တာ...ဒါပေမဲ့ နင့် မိန်းမ အထင်လွဲသွားပြီ...”
“အေး..ကျေးဇူးပါပဲ”
“ဟင်...”
နွေးနွေးက ဆန်နီ့ ဘေးမှာ ဆောင့်ကြောင့်ထိုင်ပြီး နားမလည်သလို ငိုင်နေသည်..။
“ငါ နဲ့ သူ ကွာရှင်းပြီးသား...သူ့ က မပြတ်တော့ ခံစားနေရလို့ပါ...”
“နင်ကရော...”
“မြင်တဲ့ အတိုင်းပဲ...”
ဆန်နီ ရယ်ကြဲကြဲ လုပ်ပြီး တုန်ယင်နေတဲ့ လက်တွေကို ငုံ့ ကြည့်နေမိသည်...။
“ဘာဖြစ်လို့လည်းဟယ်...”
“သူ ပင်ပန်းတာ မကြည့်ရက်လို့...”
“ဟင်း...”
နွေးနွေးရဲ့ သက်ပြင်းချသံကြောင့် ဆန်နီ အားနာရပြိး လှေကားဘေးက အိတ်ကို ပြန်ဆွဲမွလိုက်သည်..။
“ရပြီ...အင့် စာအုပ်က အာစရိယ ပူဇော်ပွဲတုန်းက ရခဲ့တဲ့ ဖုန်းနံပါတ်တွေ ..နင့် ကို ကျေးဇူးတင်ပါတယ်...”
“ငါတော့ လိပ်ပြာမလုံဘူး..”
“နင် ငါ့ကို ကူညီတာပါဟာ....နင် လိုက်ဖိတ်ရအုံးမယ်မလား..သွားတော့လေ...”
“အေး...ဟဲ့...နင် အ၀တ်၀တ်အုံး အအေးပတ်လိမ့်မယ်...”
ဆန်နီ ပြုံးရင်း ခေါင်းညိတ်လိုက်ပေမဲ့ ရင်ထဲမှာ မွန်းကြပ်လွန်းနေပြီ..။
နွေးနွေးရဲ့ ကရုဏာ မျက်၀န်းတွေကို အတက်နိုင်ဆုံး အပြုံး နဲ့ တုန့်ပြန်လိုက်ပြီး နွေးနွေး ခြံပြင်ရောက်မှ အရုပ်ကြိုးပျက် ထိုင်ချလိုက်ရသည်..။
မို့ရယ်...ကိုကို့ ကို မုန်းသွားပြီနော်...။
လှေကား မရောက်ခင် နေရာမှာ ကျနေတဲ့ စက္ကူထုတ်လေးကို ကောက်ယူပြီး ကြိုးဖြည်ခါ စက္ကူကိုဖြန့်လိုက်တော့ ကြေမွနေတဲ့ မှန်စတွေ အောက်မှာ ဆန်နီ့ ပုံရိပ်တစ်ခု....။
ဆန်နီ နှုတ်ခမ်းတွေကို သွေးစို့သည်အထိ ဖိကိုက်ထားရင်း မျက်ရည်တစ်စ လွင့်ကျသွားရသည်။
မို့ရယ်...ကိုကို သနားလိုက်တာ...ကိုကို ရူးတော့မယ်...မို့...မငိုပါနဲ့နော်....မုန်းလိုက်ပါ....။
.
“မို့...”
မျက်ရည်စတွေ ေ၀၀ါးနေတဲ့ ကြားက ကြည့်လိုက်တော့ နေမျိုးက ကားမှန်ချပြီး ခေါ်သည်..။
“ဘာဖြစ်လို့လည်း.”
မို့ ခေါင်းရမ်း အဖြေပေးလိုက်ပေမဲ့ နေမျိုးက ကားပေါ်က ဆင်းလာပြီ...။
“လာ...တက်...”
“ဟင့်အင်း...”
“မို့...”
မို့လက်ကိုဆွဲထူပြီး ကားနောက်ခန်း တံခါး ဖွင့်ပြီး တက်ခိုင်းသည်..။
မျက်ရည်တွေကို လက်ခုံနဲ့ ဖြစ်သလို သုတ်ပစ်ရင်း ရှေ့ခန်းမှာပဲ ၀င်ထိုင်လိုက်သည်..။
“အိမ်ပြန်မလား..”
“ဟင့်အင်း.... ကန်ထဲ သွားချင်တယ်...”
“အိုကေ...”
နေမျိုးက ကားကို ပြန်ပတ်ပြီး ကန်ဘက်ကို ဦးတည်မောင်းရင်း မို့ဘက်ကို တစ်ချက် တစ်ချက် လှည့်ကြည့်နေသည်...။
ကားကို ရေကန်စပ် အပင်အောက်မှာ ထိုးရပ်လိုက်ပေမဲ့ မို့ အတွေးတွေထဲ အိမ်မက်ဆိုးတွေ ခြောက်လန့်နေဆဲ..။
ကိုကို့ကို မုန်းလိုက်တာ...ဒီလို အကြောင်းလေးတွေ ရှိလို့ အဝေးကို နှင်ခဲ့တာပဲလေ...။
မ်ိန်းမတစ်ယောက်နဲ့ လှေကားပေါ်မတက်နိုင်အောင် ဖြစ်နေကြတာ..
ရွံ့ဖို့ ကောင်းလိုက်တာ...သစ္စာဖောက်ခံရခြင်းနဲ့ အတူ ရင်ထဲမှာ နာကြည်းမုန်းတီးစရာတွေက ပုံပေါ်လာသည်..။
“မငိုပါနဲ့တော့ မို့ရယ်...”
မို့ မျက်ရည်တွေကို တစ်ရှုးစ ဖြင့် လိုက်တို့ပေးနေတဲ့ နေမျိုးဆီ အကြည့်ရောက်သွားတော့ ရင်နာရသည်..။
ကိုကို့ ကို မသိခင်ကတည်းက နေမျိုးက ချစ်ခဲ့တာ...အခုချိန်ထိလည်း သစ္စာရှိစွာ မေတ္တာထားနေဆဲပင်...။
မို့ ရင်ထဲ မွန်းကြပ်လွန်းလို့ စိတ်ထွက်ပေါက် တစ်ခုအဖြစ် ရှေ့ကို တိုးလိုက်မိသည်..။
မျက်နှာချင်း နှစ်ခု ထိလုခင် အထိတိုးတော့ နေမျိုးကလည်း ရှေ့ကို ငိုက်လာသည်..။
“မို့ရယ်...”
“မပြောနဲ့..”
မို့ ရှေ့ကိုထပ်တိုးပြီး အနမ်းတစ်ပွင့် ရဲ့ ချိုမြိန်ခြင်းကို အပြည့်အ၀ခံစားချင်ပါသည်..။
ကိုကို မဟုတ်တဲ့ ယောင်္ကျားတစ်ယောက်ဆီကပေါ့...။
မို့ မမှားပါဘူးနော်...။
“တော်တော့ မို့..”
“ဟင်..”
နေမျိုးက နောက်ကို ဆုတ်သွားပြီး အပြင်ဘက်ကိုသာငေးကြည့်နေသည်..။
“မို့ ကို မချစ်တော့ဘူးလားဟင်..”
“ချစ်တယ်..”
“ဒါဆို..ဘာလို့...”
“မို့ဆီက အခွင့်အရေးမလိုချင်ဘူး..ကိုယ် ယောင်္ကျားပီသချင်တာ...အချောင်နှိုက်ချင်တာမဟုတ်ဘူး..”
“ဒါဆို မို့ကို လက်ထပ်မလားဟင်..”
“ကို့ မာမီတို့က ခွင့်ပြုမှာ မဟုတ်ဘူး..”
“အင်းပေါ့လေ...”
မို့ ကန်ရေပြင်ဆီ အကြည့်လွဲပြီး တိုးလျလျဖြင့် သက်ပြင်းချလိုက်သည်..။
တစ်ခုလပ် က ဘယ်လို အရင် မို့မို့ဖြူ ပြန်ဖြစ်ပါတော့မလည်း...။
“ဒါပေမဲ့ ကိုယ် လက်ထပ်မယ်...”
“ဟင်...”
“ပွဲကြီး မလုပ်နိုင်တောင် လက်ထပ်ချင်ပါတယ်...”
“ဟာ..တကယ်လား..”
“အင်း..”
နေမျိုးဆီက လက်ထပ်ချင်ပါတယ်ဆိုတဲ့ စကားကြောင့် မို့ မာန လေးပြန်ပေါ်လာရသည်။
ချစ်ရတာ ပင်ပန်းနေပြီ မို့ အချစ်ခံချင်တာပါ...မချစ်ချင်တော့ပါဘူး ကြောက်သွားပါပြီ....။
“နှစ်ဦး သဘောတူ လက်ထပ်စာချူပ်ပဲ လိုတယ်လေ...သဘက်ခါ လုပ်ကြမယ်နော်...”
“မို့ တကယ်ပြောနေတာလား..”
“အင်းပေါ့...”
“ကိုယ် မယုံနိုင်ဘူး ဖြစ်နေတယ်...”
“တကယ်ပါဆို..”
မို့ ညူနွဲ့နွဲ့လေးပြောလိုက်တော့ နေမျိုးက ဆံပင်တွေ သပ်တင်ပြီး ရယ်နေသည်..။
.
“မို့...”
“ဟင်...မြတ်...”
မို့ လက်စွပ်ကလေးတွေ ကြည့်နေတုန်း နောက်က ပခုံးပုတ်လိုက်တာ မြတ် ဖြစ်နေသည်..။
“ဘာလည်း...လက်စွပ်ဆင်တူ ရွေးနေတာလား..”
“အင်း...”
“ကိုဆန်နီကော မပါဘူးလား..”
“ဟင့်အင်း...ဒါ နေမျိုးနဲ့ မို့ အတွက်ပါ...”
“ဟင်..”
မြတ်က နားမလည်သလို မျက်ခုံးတွန့်သွားတော့ မို့ ပြုံးလိုက်မိသည်..။
“မြတ် ဘယ်တုန်းက ပြန်ရောက်တာလည်း..”
“သုံးရက်လောက်ပဲ ရှိသေးတယ်..ဒက်ဒီ နေမကောင်းလို့ပြန်လာတာ...”
“ဟယ်..ဘယ်လိုနေလည်း..”
“ခွဲစိတ်တာ အောင်မြင်ပါတယ်...ဒါပေမဲ့ စောင့်ကြည့်နေတုန်းပေါ့လေ...”
“မို့ မသိလို့...”
“အင်း...ရပါတယ်....မို့ လည်း မြတ်ကို ပြောစရာတွေ ရှိနေတယ်မလား..လာကွာ..ကော်ဖီ ဆိုင်သွားရအောင်..”
မြတ်က ဆွဲခေါ်နေတော့ မို့ ရွေးလက်စ လက်စွပ်ကို ပြန်ချပြီး မြတ်နောက်ကို လိုက်သွားရသည်..။
“ပြောပါအုံး..ဘယ်က နေမျိုး ပါလာတာလည်း..”
“သူနဲ့ လက်ထပ်မှာလေ...”
‘နေပါအုံး..မြတ်သတင်း ကြားထားတာ..မို့...ကိုဆန်နီနဲ့ လိုက်သွားလို့ အိမ်ကတောင် သဘောမတူဘူးဆို..”
“အင်းလေ...”
မို့ ဂရုမစိုက်သလို ခေါင်းညိတ်ပြီး ကော်ဖီကို တစ်ချက် စုပ်သောက်လိုက်သည်..။
“ကိုဆန်နီ နဲ့ ဘယ်လိုဖြစ်ပြီး..”
“သူက လူယုတ်မာဆိုတာ သိသွားလို့လေ...”
“ဟင်...”
“ဟုတ်တယ်...”
“ဘာတွေလုပ်လို့လည်း..”
‘မို့ကို သူ့အိမ်က မောင်းချတယ်..ကွာရှင်း စာချူပ် တစ်ခုထည့်ပေးပြီး မောင်းချတာ..မို့ကလည်း အချစ်ရူးမဆိုတော့ အမှတ်မရှိ ပြန်သွားတာ မိန်းမတစ်ယောက်နဲ့ အိပ်နေတာမိတာပဲ...”
မို့ ပြန်ပြောနေရတာ ရင်ထဲမှာလည်း တဆစ်ဆစ်နာကျင်ပြီး ကြိုးစားမေးထားတဲ့ဒဏ်ရာဟောင်းတွေ အသစ်ဖြစ်ရသည်..။
‘ဟယ်..”
“ဒါပဲ..”
“ဒါပေမဲ့...မြတ်က ဒက်ဒီကြောင့်လို့ ထင်နေတာ...မို့ မာမီကလည်း တော်တော်လေး ပြောထားတော့ ကိုဆန်နီက စိတ်ဆိုးပြီး ပြန်လုပ်တယ်ထင်မိတယ်...”
“မာမီက ဘာပြောလို့လည်း..”
‘ဟောတော့ သိဘူးလား..”
“အင်း..”
မြတ်က စကားတစ်ခုကို ပြောဖို့တွန့်ဆုတ်နေတော့ မို့ ပိုပြီး စိတ်၀င်စားလာရသည်..။
“ဘာပြောလို့လည်းဟင်...”
“မို့ တို့ ပြသာနာနဲ့ ဆိုင်လားတော့ မသိဘူး..မို့ ကလပ်မှာ က တာလေ...တီနာဆီမှာမလား..တီနာက မို့မာမီဆီမှာလျော်ကြေးတောင်းတယ်တဲ့..အဲဒါ အန်တီ က မြတ်ဒက်ဒီကို ကူညီချင်တာနဲ့...”
“မာမီ နဲ့ မြတ်ဒက်ဒီက..”
“သြော်..ဟုတ်သား..ပြောရမှာ ရှုပ်လိုက်တာ..အစကရှင်းပြမယ်...မြတ်ဒက်ဒီ့ရဲ့ အကိုက အိမ်က သဘောမတူတဲ့ မိန်းမကို ယူပြီး ထွက်သွားရတာ..ဒက်ဒီက သူ့အကိုကြီး ကို အရမ်းချစ်လို့ အမြဲလိုက်ရှာခဲ့တာ မတွေ့ဘူး..အဲ..မို့ နဲ့ ကိုဆန်နီ တွေ့ပြီး စီစီ တို့ အိမ်မှာ မြတ်ဖုန်းနဲ့ ဓာတ်ပုံရိုက်တဲ့ ပုံရှိတယ်လေ...အဲဒါ မြတ်အိမ်ကိုရောက်တော့ ဒက်ဒီအကိုကြီး ငယ်ငယ် က ပုံနဲ့ တအားတူနေတာ သတိထားမိတာ..အဲဒါနဲ့ ကိုဆန်နီ အိမ်ကို စုံစမ်းပြီး လိုက်သွားတော့ မြတ်ဦးလေးနဲ့ ပြန်တွေ့ရတော့တယ်..ဒက်ဒီက တအားပျော်တာ.....ဒက်ဒီ က သူ့အကိုကြိးကို ပိုင်ဆိုင်မှုတွေတစ်၀က်ခွဲပေးချင်တယ်...အဘိုးအမွေတွေကို ဦးလေးလည်း ဆိုင်တယ်...မြတ်တို့ကလည်း ခွင့်ပြုပါတယ်...ဒါပေမဲ့ ဦးလေးဖေက လုံး၀လက်မခံဘူး..စိတ်လည်းဆိုးတော့..ဒက်ဒီ က ဦးလေးဖေ အိမ်မှာ အခက်ဖြစ်ရင် အမွေယူမှာပဲလို့ ကလေးအတွေးနဲ့ မို့ မာမီကို ပူဆာတော့တာပဲ...”
မြတ် က အကြာကြီး ရှင်းပြလိုက်ရတော့ မောသွားသလို သက်ပြင်းမှုတ်ခါ ကော်ဖီကို မော့ချနေပေမဲ့ မို့လည်း သဘောမပေါက်နိုင်သေး..။
သူ့ အဖေ...ဖေဖေ က..မြတ်ရဲ့ ပျောက်ဆုံးနေတဲ့ ဦးလေး...မြတ် ဒက်ဒီ က သူ့အကို ကို အမွေပေးချင်လို့ မာမီ့ကို အကူအညီတောင်းတယ်...အိုး ရှုပ်နေတာပဲ...။
မို့ တွေးနေရင်း စိတ်တွေရှုပ်လာလို့ မျက်မှောင်ကြုတ်ပြီး နှုတ်ခမ်းစူလိုက်လို့ မြတ်က ပါးကိုဆွဲပြီး ရယ်နေသည်..။
“အဲ ဒါနဲ့ မို့ ဘာဆိုင်လည်း..”
“ဆိုင်တာပေါ့ရှင့်...မို့က တီနာဆီမှာ ကနေရင်း ရပ်ပစ်လိုက်တော့တီနာက မို့မာမီဆီမှာ လျေ်ာကြေးတောင်းတယ်...တို့ကြားရသလောက် ငါးရာ ၀န်းကျင်ပဲ..”
“ဟင်...ဒါမို့ မသိဘူး..”မို့ မျက်လုံးပြူးဖြင့် ခေါင်းရမ်းပြောတော့ မြတ်က မို့ကို သနားကရုဏာနဲ့ ကြည့်ပြီး ခေါင်းညိတ်ပြသည်..။
“ဘယ်သိမလည်း..မို့ မာမီ က ဆိုက်ပေးလိုက်တာ..ပြီးတော့ ဒီတိုင်းမထားပါဘူးရှင်...အစ်ကိုဆန်နီကို ခေါ်ပြီး မို့ ကို ပြန်ပို့မလား ငါးရာပေးမလား..အမွေလက်ခံမလားရွေးခိုင်းတယ်..ပြီးတော့ မြတ်အထင် ကိုဆန်နီ က မို့ ကို ပြန်ပို့လိုက်တာပဲ...”
“ဟွန့်...မို့ က သူ့အတွက် အပေါဆုံးဆိုတော့ စွန့်လိုက်တာပေါ့...ဒါမှ တရားဝင် ထပ်ယူလို့ရမှာလေ..”
“အဲလို လည်း ဟုတ်မယ် မထင်ပါဘူး...မို့တို့ ကွဲသွားတာ စိတ်မကောင်းလိုက်တာ...ဒက်ဒီ သိရင်လည်း စိတ်ကောင်းမှာ မဟုတ်ဘူး..”
“အစကတည်းက လူသိရှင်ကြား လက်ထပ်ထားတာမှ မဟုတ်တာ မြတ်ရယ်...ဘာမှ မဖြစ်ပါဘူး..”
မြတ် က မျက်ရည် စို့ရင်းပြောလာလို့ မို့ အားပေးစကား ပြောလိုက်ရပေမဲ့ စိတ်ထဲမှာ ဇဝေဇ၀ါတွေ ဖြစ်ရပြီး ဒင်း ကို ပိုမုန်းချင်လာသည်..။
"သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ပါ မို့ရယ် မြတ်အမြင်မှာ ကိုဆန်နီ က မို့ကို တော်တော်ချစ်ခဲ့တာပဲ..”
“မို့ ပင်ပန်းနေပြီ မြတ်ရယ်....”
“စီစီ နဲ့ ရီလေး တို့ မပါဘူးလား..”
“ဟွင်း...သူတို့က မို့ကို ချစ်တာမဟုတ်ဘူး...ငွေကိုချစ်တာ..”
မြတ်က မို့ လက်ကို ဆုပ်ကိုင်ပြီး အပြုံးနဲ့ အတူ
“အစကတည်းသိပါတယ်...ဒါပေမဲ့ မို့ က အရမ်းခင်နေတော့ မပြောတော့တာပါ...”
“မြတ် သိပ်ဆိုး...ငယ်သူငယ်ချင်း မပီသဘူး..”
“တီ...တီ..”မြတ် နာရီလေးက အသံထွက်လာတော့ မြတ်က ကပျာကယာ ထပြီး...
“ဆောရီး ပါကွာ...ကော်ဖီ သောက်ချင်လို့ ထွက်လာတာ..ဒက်ဒီကိုဆေးထိုးချိန် ရောက်နေပြီ...မြတ်ပြန်တော့မယ်နော်..မို့ ကို ည ကျ ဖုန်းဆက်လိုက်မယ်...အရင်နံပါတ်မလား....”
“အင်း....ဘိုင်...”
မို့ လက်ပြတာကို လက်ပြန်ပြတော့ မြတ်က တံခါးဝရောက်နေပြီ...။
သူငယ်ချင်းအစစ်လေး တစ်ယောက်ရှိတာ ဝမ်းသာစရာပါပဲလေ...။
မို့ လက်စွပ်ရွေးပြီးထွက်လာတော့ နာရီကြည့်လိုက်တာ ဆယ်နာရီ မနက်ပိုင်း အိမ်မှာ မရှိလည်း သေချာပြောပြီး ပေးခဲ့ရမယ်..။
မို့ လက်ထဲက ဖိတ်စာကဒ်လှလှလေးကိုကြည့်ပြီး ဂုဏ်ယူစွာပြုံးလိုက်မိသည်။
.
“အကိုရေ...မမမို့လာတယ်...”
မန်နီ့ အော်သံကြောင့်ဆန်နီ အိပ်ရာထဲ ခွေနေရာက ရုတ်တရက် ထထိုင်လိုက်တော့ ခေါင်းတွေ ထိုးကိုက်သွားရသည်..။
လှေကားကို တက်လာတဲ့ ခြေသံဖွဖွလေးကြောင့် ဆန်နီ စောင်တွေကို ထိုးကန် ဖယ်ရှားပစ်လိုက်ရ၏..။
“၀င်လာမယ်...”
“ပြော ဘာကိစ္စ...”
မို့ က အခန်းထောင့်က ပန်းချီ ဆီ ရောက်သွားတော့ မျက်မှောင်ကြုတ်မိလျက်သားဖြစ်သွားရသည်..။
“သြော်...ပန်းချီကား အတွက် ကျေးဇူးတင်ပါတယ်...ဒီ ပန်းချီကားကြောင့် အခန်းက တင့်တယ်သွားတယ်..”
“ဟွန့်...ငါလည်း ပန်းချီ ကားကို ကျေးဇူးတင်နေတာ...ခွေးစရိုက်ကို သိခွင့်ရလို့လေ...”
“ဒီလိုပါပဲ....”
တစ်ချိန်က ရူးလောက်အောင် ချစ်ခဲ့ရသည့် လူတစ်ယောက်ရဲ့ မျက်နှာကို ရွံ့ရှာမုန်းတီးစွာ ဆိုက်ကြည့်ပစ်မိသည်..။
မိန်းမတစ်ယောက်ကို အိမ်ခေါ် ဖောက်ပြန်ပြီး ပခုံးတွန့်ခါ ဒီလိုပါပဲ ပြောရလောက်အောင် အရှက်မရှိတဲ့ မျက်နှာမျိုးကို ဘာလို့ စွဲလမ်းခဲ့ပါလိမ့်...။
“ဆိုလေ...အမိ...ဘာကိစ္စလည်း...ဒီလိုပဲ ကြည့်နေတော့မှာလား...”
“တောက်...ရွံလို့ ကြည့်ရင်း အန်ချင်လာပြီ...”
“နင့်လို ခွေးစရိုက် ရှိတဲ့သူကို အချိန်မှီ လမ်းခွဲနိုင်လို့ အခုလူကောင်း တစ်ယောက်ကို ပိုင်ဆိုင်ရတော့မယ်...”
“အိုး...ဂုဏ်ယူပါတယ်....ငါလည်း မင်းလို ဇနီးမယား အရည်အချင်း မရှိတဲ့ မိန်းမတစ်ယောက်နဲ့ ဝေးရလို့ ကျေးဇူးတင်ပါတယ်...”
“တောက်...”
“ဒီမှာ...ကိုယ်တိုင်လာခဲ့ပါ...”
ဆန်နီ ထိုင်နေရာကို လွင့်ပစ်ပေးတဲ့ ဖိတ်စာကဒ်ကလေးကို ဆွဲဖွင့်ပြီး ဖတ်ကြည့်လိုက်ချိန်
နေမျိုး ဆိုတဲ့ နာမည်တွေ့လိုက်ကတည်းက မို့ နဲ့ တန်းတူ ချမ်းသာသည်ဆိုတာ သိလိုက်သည်။
ဒီလိုဖြစ်စေချင်ခဲ့တာပဲလေ...
“လက်မှတ်ထိုးရုံပဲ ငါလာစရာမလိုပါဘူး..”
“လိုတာပေါ့ နင်နဲ့ ကင်းကင်းရှင်းရှင်း ဖြစ်တဲ့ အကြောင်း ငါ့ ယောင်္ကျားသိသင့်တယ်...ဒါကြောင့် အသိ သက်သေနေရာမှာ နင်လက်မှတ်ထိုးရမယ်...”
“ကြိုးစားကြည့်အုံးမယ်လေ....လာခဲ့မယ်...”
“မလာလည်း မရဘူး...ငါ ကိုယ်တိုင် လာခေါ်မယ်..”
လက်ညိုးထိုး ကျိန်းပြီး ထွက်သွားတော့မှ တုန်ယင်နေတဲ့ လက်တွေနဲ့ ဖိတ်စာကို ကောက်ကြည့်ရင်း အမြင်တွေ ေ၀၀ါးလာသည်..။
"..မို့...”
ဆန်နီ အခန်းထဲက ထပြေးပြီး လှေကားတွေကို ပြေးဆင်းလိုက်သည်..။
အိမ်တံခါး အ၀အရောက်မှာ အိမ်ရှေ့က ကားလေးက ဝေါခနဲ့ မောင်းထွက်သွားပြီ..။
လက်လွတ်လိုက်ရတော့မှာ သေချာသွားခဲ့ပြီ ....ဒါပေမဲ့....။
“ဟာ...အကို...”
အိမ်တံခါး၀မှာ ခြေမခိုင်ပဲ ထိုင်ကျသွားတော့ မန်နီက အနားကို ပြေးရောက်လာသည်..။
“မန်နီ...”
“ဗျာ...”
“မို့ ....အပြီးပြန်သွားပြီ....”
“ဗျာ...”
“ဘယ်တော့မှ ပြန်မလာတော့ဘူး..”
“အကို...အဖျားကျရုံပဲ ရှိသေးတယ်...အပေါ်ပြန်တက်နေပါ အကိုရာ...အမေပြန်လာရင် ဆူလိမ့်မယ်..”
မန်နီ က တွဲထူပေးပြီး အပေါ် ပြန်လိုက်ပို့သည်..။
ဆန်နီ လှဲချအိပ်လိုက်တော့ စောင်ယူပြီး သေချာခြုံပေးနေတဲ့ မန်နီကို ငေးကြည့်နေမိသည်။
“အကိုသာ လက်ခံရင် မမ ပြန်လာမှာပါ...”
“မလာပါဘူးကွာ...”
“အကိုက နှင်ချည်းလွှတ်နေတာကိုး...အခုတော့ မနှင်ပဲနဲ့ ပြန်သွားပြီ...”
မန်နီ့ရဲ့ ကလေး အတွေးစကားကြောင့် ရင်ထဲမှာ အောင့်သက်နာကျင်သွားရသည်...။
မို့လို တော်ဝင်နန်းထိုက် ပန်းလေး ကန္တာရလိုရင်ခွင်မှာ မညိုးနွမ်းစေချင်လို့ပါ..မို့ရယ်။☆━━━━━━━━━━━━━━━☆
💔🤧 မနက်ဖြန် ဇာတ်သိမ်း လိုက်တော့မယ်နော်💔🤧😭
ဒီနေ့ စာ အရမ်းရမ်း ရှည်သွားတာ ဆောရီးပါနော်...🙏
အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်Love U all ❤
#စပိုက်ကာ
YOU ARE READING
နန်းထိုက်ပန်းမို့
Romance"..မုန်းလို့ပေါ့ကွာ....မင်းရဲ့ပုံစံကိုမုန်းတာ.. မင်းရဲ့ ဖြစ်တည်မှုကို မုန်းတာ.. မင်းမို့လို့ ..မုန်းတာကွာ ရှင်းပလား..." ခေါင်းငုံ့ လမ်းလျှောက်နေတာ တွေ့တော့ ကားမပါလို့များလား တွေးမိပြီး ရပ်မေးလိုက်ဖို့ စီစဉ်ထားပေမဲ့ အနားရောက်မှ ခြေထောက်က အလန့်တကြား အ...