"အာ့...ကျွတ်....ကျွတ်...."
ဆောင့်ကြောင့်လေးထိုင်ချကာ
မှုန်ကုပ်ကုပ်မျက်နှာကလေးနဲ့ ခပ်ကြာကြာလေးစဉ်းစားငေးငိုင်ပြီးပါမှ မတ်တပ်ထရပ်လာသည့် Luhan က
ခြေထောက် ကျဉ်ကနဲ ဖြစ်သွားသည့် ထင်သည်။ဘေးသို့ ယိုင်ကနဲ ဖြစ်သွားတာမလို့ ဝရံတာလက်ရန်းကို
မှီရပ်နေသည့် Sehun က ပိုက်ထားသည့် လက်ကိုပါ
ဖြည်မိကာ ဆွဲပြေးဖမ်းမိတော့မလို လက်တွေဆန့်မိသေး၏။"အဲ့တော့လေ....."
Sehun ကို လက်ညှိုးကလေးထိုးလို့ Luhan စကားစသည်။
"မဟုတ်....မဟုတ်သေးပါဘူး။"
ခေါင်းကို တဗျင်းဗျင်းကုတ်ကာ Luhan ဆတ်ကနဲခုန်လိုက်လျှင် Sehun က သဘောတကျရယ်မိလေသည်။
"လူကို.....စိတ်ရှုပ်အောင်လုပ်ထားပြီး လာရယ်မနေနဲ့။"
တင်းကနဲ ကြည့်လာတဲ့ မျက်စောင်းကြောင့်
Sehun က မျက်ခုံးနားကို လက်ဖြင့်ကုတ်လိုက်ကာ
ရယ်ချင်တာကို မြိုသိပ်၍ ရယ်တာကိုလည်း ဖုံးရလေ၏။Luhan ကတော့ လက်သီးလေးကျစ်နေအောင်ဆုပ်ကာ
Sehun အရှေ့နားမှာ ဟိုဘက်ဒီဘက် လမ်းခပ်သွက်သွက်
လျှောက်လို့ အတွေးများနေလေသည်။"အဲ့တော့....ဦးလေးကြီးရဲ့ အဖွားဆိုတာက
ကျွန်တော် ဒီအိမ်ကို ခေါ်လာပေးဖူးတဲ့ အဖွား?"သူ့ဟာသူ ရေရွတ်ကာ Sehun ဘက်ကို ဆတ်ကနဲလှည့်လို့
"ဟုတ်တယ်နော်???"
Sehun က ခေါင်းညိတ်ပြလိုက်တော့ Luhan က
ခေါင်းတဆတ်ဆတ်။"ဒါက ....ဒါက ဇာတ်လမ်းတွဲတွေထဲကလိုပဲဆိုတော့
နားလည်ပါတယ်....ကျွန်တော်နားလည်တယ်။
နည်းနည်းမျက်နှာပူသလိုဖြစ်ပေမယ့်
အဖွားက ကျွန်တော့်ကို တစ်မျိုးမမြင်ဘူးဆိုတော့
ဒီကိစ္စကို ခဏလေး ဘေးကပ်ထားလိုက်မယ်။"လက်ကလေးနှစ်ဖက်ကို ထပ်လို့
Sehun ကို မော့ငေးဆိုနေသည့်
Luhan ၏ မျက်လုံးလေးတွေက ရဲရဲတောက်လေ၏။"ဦးလေးကြီးကရော....ဦးလေးကြီးကရော....
ကျွန်တော့်ကို ဘာလို့ စိတ်မဆိုးလဲ??
ဘာလို့ စိတ်မဆိုးတာလဲ??"