အချစ်စစ်၏ တည်နေရာ
Season (1)
အပိုင်း -(1)
နှင်းထန်သည် ကြည့်လက်စအစီရင်ခံစာမှအကြည့်ကို ဖယ်ကာ မိမိရှေ့ခုံတွင် ထိုင်ကာ အလုပ်ကို သဲသဲမဲမဲလုပ်နေ သော မိန်းကလေးကို တိတ်တခိုးငေးနေမိသည်။ သွယ်ကာကျော့ရှင်းသောကိုယ်ဟန်၊ အပြစ်ဆိုဖွယ်မရှိ ကြည်လင်သန့်ရှင်းသော အသားအရည်၊ မြင်သူကို ယုံကြည်စိတ်ဝင်စေသော တည်ကြည်သည့်မျက်နှာ၊ နှင့် စိုက်ကြည့်ခံရတိုင်း ရင်ထဲတွင်နွေးထွေး သွားစေသော ရိုးသားသောမျက်ဝန်းတစ်စုံကိုပိုင်ဆိုင်ထားသည့် မိန်းကလေးသည် မိမိသတိထားရှောင်သည့်ကြားမှ မိမိရင်ကို မသိမသာနှင့် သိမ်းပိုက်သွားလေပြီ။
မိုးပွင့်ဟူသောမိန်းကလေးကို စတွေ့စဉ်က နှင်းထန်လုံး၀ သဘောမကျပေ။ အိမ်ထောင်ရေးကို စိတ်မဝင်စားပဲ အလုပ်ကို ဖိလုပ်နေသော မိမိအတွက် ဒက်ဒီက သတို့သမီးလောင်းများစွာနှင့် ချိတ်ဆက်ပေးပြီး အားလုံးကိုလည်း နှင်းထန်က ငြင်းဆန် ပြီးဖြစ်သည်။ နောက်ဆုံး ဒယ်ဒီက ဗျူဟာတစ်မျိုးဖြင့် မိမိအလုပ်များကို ကူပေးရန် ကိုယ်ရေးအတွင်းရေးမှူးတစ်ဦးကို ဥက္က္ကဌ တစ်ဦး၏ ဗီတိုအာဏာကို သုံးပြီးခန့်အပ်ခဲ့သည်။ သူ့မိတ်ဆွေဟောင်း၏ သမီးတစ်ဦးဖြစ်သူ မိုးပွင့်ဖြူကို မိမိဘေးသို့ပို့ခဲ့ သည့် ဒယ်ဒီ့ အကြံကို ရိပ်မိကာ တိတ်တခိုးပြုံးမိသည်။ မိုးပွင့်ကို မိမိနှင့်နီးစပ်စေရန် အပြင်ဆောင်တွင်နေရတာ စိတ်မချဟူသော အကြောင်းပြချက်ဖြင့် အိမ်ပေါ်ခေါ်တင်ထားခဲ့သည်။ နှင်းထန်သည် မိုးပွင့်ကို အနုနည်းဖြင့် သူ့ဖာသာ အလုပ်ထွက် သွားအောင် လုပ်ရန်ဆုံးဖြတ်ထားသဖြင့် မိုးပွင့်ကို အသာတကြည် အနားခေါ်ထားရန်သဘောတူလိုက်၏။
ဦးမင်းထန်သည် သားဖြစ်သူ ခါးခါးသီးသီးမငြင်းသဖြင့် အနည်းငယ်စိတ်အေးသွားသော်လည်း သား၏ အကျင့်ကိုသိသူပီပီ မိုးပွင့်ဖြူကို သေချာစွာမှာထား၏။ ဦးမင်းထန်သည် ဇနီးသည်ဆုံးသွားပြီးသည့်နောက် သားလေးကို အရိပ်တကြည့်ကြည့်နှင့် ပြုစု ပျိုးထောင်လာခဲ့သည်။ သားလေး စီးပွားရေးဘာသာဖြင့် ပါရဂူဘွဲ့ရပြီးသော် အထူးကုဆေးရုံကြီးတစ်ခုကို ဖွင့်လှစ်ကာ သားကို ဦးစီးခိုင်းထား၏။ သားက အနေထိုင်တည်ကြည်ပြီး အလုပ်ကိုစွဲလွန်းသောအခါ အိမ်ထောင်ပြုပေးရန် အကြိမ်ြကိမ် ကြိုးစားခဲ့ သော်လည်း နည်းအမျိုးမျိုးဖြင့် ငြင်းပယ်ခဲ့သောကြောင့် အခက်တွေ့နေစဉ် မြစ်ကြီးနားတွင် အခြေချသော ငယ်သူငယ်ချင်း သက်ထွန်းထံမှ သမီးဖြစ်သူကို အမြင်ကျယ်စေရန် ရန်ကုန်လွှတ်ပြီး အလုပ်လုပ်ခိုင်းမည့် အကြောင်းကိုကြားသောအခါ အကြံရလာ၏။ သူငယ်ချင်း၏ သမီးလေးကို သားဘေးတွင်ထားပေးပြီး အိုးချင်းထားအိုးချင်းထိမည့် အစီအစဉ်ကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်သည်။
သက်ထွန်းမှာ မိမိ၏ ငယ်သူငယ်ချင်းကောင်းဖြစ်ပြီး ရိုးသားအေးဆေးသူတစ်ဦးဖြစ်သည်။ မြစ်ကြီးနားသူနှင့် အကြောင်းပါပြီး မြစ်ကြီးနားတွင် အခြေချလိုက်သူဖြစ်သည်။ သက်ထွန်း၏ ဇနီးသည်မှာ သွက်လက်ကာ ပျော်တတ်ရွှင်တတ်သော မိန်းမကောင်း လေးဖြစ်သဖြင့် သူငယ်ချင်းအတွက် ဝမ်းသာမိသည်။ သက်ထွန်း၏ ဇနီးသည် သည်အမွှာသားနှင့်သမီး နှစ်ဦးကိုမွေးပြီး ဆုံးသွား ပြီဟုကြားရစဉ် အသုဘကို မိမိအပြေးအလွှားသွားခဲ့သေးသည်။ သက်ထွန်းသည် ကလေးနှစ်ဦးကို ပွေ့ကာ မိမိရှေ့ မျက်ရည်ကျစဉ် မိမိလည်း ရောပြီးမျက်ရည်ကျခဲ့သေးသည်။ ကလေးနှစ်ဦးကို ကြည့်ကာ ဦးမင်းထန် ရင်နာမိသည်။ ဖြစ်နိုင်လျှင် တနေ့ ကလေးမ လေး ကို မိမိသားနှင့် ပေးစားမည်ဟု တိတ်တခိုးလေးတွေးမိခဲ့သည်။
ဦးမင်းဟန်သည် သူငယ်ချင်းကို အကူညီပေးရန်ကမ်းလှမ်းခဲ့သော်လည်း မာနကြီးသော သက်ထွန်းကာ ကျေးဇူးတင်စွာ ငြင်းဆန် ကာ သူ့အလုပ်ကိုသာ ဆက်လုပ်နေခဲ့သည်။ မိမိလည်း ရန်ကုန်သို့ပြန်ရောက်ပြီး လုပ်ငန်းတိုးချဲ့ခြင်းနှင့်အလုပ်ရှူပ်ကာ သက်ထွန်း နှင့် သိပ်မတွေ့ဖြစ်တော့ပေ။ နှစ်ပေါင်း နှစ်ဆယ်ကြာပြီးမှု သက်ထွန်းက ရန်ကုန်လာရင်း မိမိကို လာတွေ့ကာ သူ့သမီးလေး အတွက် အကူအညီလာတောင်းခဲ့သည်။ ဦးမင်းထန်သည် ယခင်ကမိမိ၏ စိတ်ကူးကို ပြန်သတိရပြီး ဝမ်းသာအားရဖြင့် အစစ အရာရာစောင့်ရှောက်ပေးမည်ဟု ကတိပေးကာ မိမိထံလွှတ်လိုက်ရန် မှာကြားလိုက်သည်။
'သမီးက နည်းနည်းတော့ဆိုးတယ်။ သူက သူ့အကိုလိုမလိမ္မာဘူး။ သူငယ်ချင်းသွန်သင်ပေးပါ။ အားလုံးမင်းကိုအားကိုးပါတယ်'
'အော် မင်းရဲ့သားလေးရော ဘယ်မှာလုပ်သလဲကွ။ '
'သားက သူ့သူငယ်ချင်းနဲ့ အရောင်းအဝယ်လုပ်တယ်။ သမီးက ငယ်ငယ်က သိပ်ချူချာတော့အလိုလိုက်ရင်း နည်းနည်းပြောရ ခက်လာတယ်။ သားလေးမိုးစက်ကလည်း သူ့ညီမကိုဆိုရင် မျက်နှာ အညှိုုးမခံအောင် ကရုစိုက်တော့ မိုးပွင့်ကဆိုးတယ်။ ကလေး ဆန်တယ်။ ဒါ့ကြောင့် မင်းဆီလာအပ်ရတာပါ။ သမီးကို ရင့်ကျက်လာအောင် သင်ပေးပါ။ ငါ့မှာ အကူအညီတောင်းစရာဆိုလို့ မင်းပဲရှိတော့တယ်။'
ဦးမင်းထန်က သက်ထွန်း၏ ပုခုံးကို အသာပုတ်ကာ လှိုက်လှဲစွာပြောလိုက်သည်။ သူငယ်ချင်း ယခုလိုပြောသည်ကို ကြားတော့ ဦးမင်းထန် စိတ်ထဲ မကောင်းသလိုပင်ဖြစ်သွားမိသည်။ သက်ထွန်းခမျာ မုဆိုးဖိုဘဝနှင့် ဒီသားနှင့်သမီးလေးကို အရွယ်ရောက် အောင် မည်မျှပျိုးထောင်ခဲ့ရမည်ကို ကိုယ်ချင်းစာမိသည်။ မိမိတောင် သားလေး အထက်တန်းပြီးမှ ဇနီးသည် ဆုံးသွားသည့်တိုင် အရိပ်တကြည့်ကြည့်နှင့် သားကို ပျိုးထောင်ခဲ့သည် မဟုတ်လား။
'မင်းကလည်းကွာ။ စကားပြောတာ သူစိမ်းဆန်လိုက်တာ။ မင်းနဲ့ငါ့ကြားမှာ ဒါတွေပြောစရာလိုလို့လားကွာ။ မင်းရဲ့သမီးက ငါ့သမီးပဲပေါ့ကွ။ ဘာမှမပူနဲ့။ လုပ်ငန်းခွင်ထဲရောက်သွားရင် မင်းသမီး အလိုလိုရင့်ကျက်သွားလိမ့်မယ်။'
'အေးပါကွာ။ မင်းစကားကြားတာနဲ့တင် ငါ စိတ်အေးသွားပါပြီ။ ငါ မြစ်ကြီးနားကိုရောက်တာနဲ့ သမီးကိုလွှတ်လိုက်ပါ့မယ်'
ဦးမင်းထန်သည် သားကို အကျိုးအကြောင်းပြောထားပြီး လေဆိပ်သို့ ကိုယ်တိုင်လာကြို၏။ မိုးပွင့် ကိုတွေ့သောအခါ ခေတ်မှီမှီနှင့် လုံခြုံစွာ ဝတ်ဆင်ထားသဖြင့် ဦးမင်းထန် သဘောကျသွားသည်။ကျောလယ်ခန့် ဆံပင်ကို စည်းနှောင်ထားသည့် မိုးပွင့်သည် သူ့အမေထံမှ အလှအပများကိုရထားသူပီပီ ချစ်စရာကောင်းလှသဖြင့် သားဖြစ်သူ သဘောကျ မည်ကို သိကာကြိတ်ပြီး ဝမ်းသာသွား၏။ မိုးပွင့်ကို လမ်းမှာကတည်းက ဦးမင်းထန် ကြိုတင်မှာထား၏။
'ဦးက အလုပ်ကိစ္စနဲ့ခရီးထွက်စရာရှိသေးတယ်။သမီးကို ဦးရဲ့သားဘေးမှာ အတွင်းရေးမှူး အဖြစ်ထားပြီး အလုပ်သင်အဖြစ်ထား ထားတယ်။ သားက သိသင့်တာတွေ သင်ပေးလိမ့်မယ်။ သားစိတ်ရင်းကောင်းပေမယ့် စကားပြောမတတ်ဘူး။ သမီးဒီအချက်ကို သည်းခံပေးပါလို့ ဦး ကြိုပြောထားပါရစေ။ သား ဘယ်လိုပြောပြော စိတ်မပျက်ပါနဲ့။ '
'ဟုတ်ကဲ့ပါ ဦး။ သမီး အတတ်နိုင်ဆုံးကြိုးစားသင်ယူပါ့မယ် '
ဦးမင်းထန် သည် မိုးပွင့်၏ ရိုးသားသောအကြည့်နှင့် ယဉ်ကျေးသောအပြောအဆိုကို သဘောကျကာပြုံးမိသည်။ သက်ထွန်းက တော့ သူ့သမီးကို နှိမ့်ချကာပြောသွားတာပါလား။ ဒီလောက် လိမ္မာသောမိန်းကလေးကို ချွေးမအဖြစ်ရအောင်တော် မည်ဟု ဆုံးဖြတ် လိုက်သည်။
နှင်းထန် သည်အိမ်သို့ပြန်ရောက်သောအခါ ဖေဖေ့ကားကိုတွေ့သဖြင့် ကောင်မလေးကိုကြိုပြီး အိမ်ရောက်နေကြောင်းသိလိုက် သည်။ အိမ်ထဲရောက်သည်နှင့် ဧည့်ခန်းတွင် ဖေဖေ နှင့် ကောင်မလေးတစ်ယောက်ကိုတွေ့လိုက်သည်။ မိုးပြာရောင်ဖျော့ဖျော့ ဝမ်းဆက်ဝတ်ထားပြီး ဆံပင်ဖြောင့်ဖြောင့်စင်းစင်းလေးများကို ကျောလည်တွင်စည်းထားသော မိန်းကလေး၏ နောက် ကျောပြင်ကို တွေ့သည်နှင့် သက်ပြင်းကို တိတ်တခိုးလေးချမိသည်။
'သား... လာထိုင်ဦး။ ဖေဖေ မိတ်ဆက်ပေးဦးမယ်။ သမီးက မိုးပွင့်ဖြူတဲ့။ သားရဲ့ အတွင်းရေးမှူးအသစ်။ သူက ဖေဖေ့မိတ်ဆွေရဲ့ သမီးလည်းဖြစ်တယ်။ မင်းညီမ လိုသဘောထားပြီး အလုပ်ကိစ္စသိသင့်တာ စိတ်ရှည်ရှည်သင်ပေးပါ။ '
နှင်းထန်သည် ဖြူသွယ်သွယ်မိန်းကလေးကို တချက်ကြည့်ကာ မျက်နှာထားတည်တည်ဖြင့် ခေါင်းတစ်ချက်ညိမ့်ပြီးလေသံပြတ်နှင့် မိတ်ဆက်လိုက်သည်။
'ကိုယ်က နှင်းထန်ပါ။ '
ဦးမင်းထန်သည် သား၏ မျက်နှာထားကို မကြိုက်သော်လည်း ပြီးမှ ပြောမည်ဟုတေးထားပြီး မိုးပွင့်ကို ပြုံးကာ ဆက်ပြောလိုက် သည်။
'သမီး ... ဒါ ဦးရဲ့သား....မောင်နှင်းထန်။ ကိုယ့်အကိုလို သဘောထားပြီး မသိတာမေးလို့ရတယ်။'
'ဟုတ်ကဲ့။ ကျွန်မကို သင်ပြပေးပါ။'
မိုးပွင့်သည် ဒေါက်တာနှင်းထန်ကို တချက်မော့ကြည့်ကာ မည်သည့်ခံစားချက်မှမပြပဲ အေးချမ်းစွာ နူတ်ဆက်လိုက်သည်။ သူမ၏ အသံလေးသည် တိုးသော်လည်း ပြတ်သားသည်။ ကြားနေကျ မိန်းကလေးများ၏ အသံတို ချွဲပစ်ပစ် မဟုတ်သဖြင့် နှင်းထန် အတော်ကြီး စိတ်သက်သာရာ ရသွားခဲ့သည်။ အလုပ်များရသည့်ကြားထဲ ဒယ်ဒီ့ မိတ်ဆွေဆိုသည့် ကလေးမက အိစိအိစိ အသံနှင့် တောက်လျောက်ကပ်ပါလာမည်ဆိုရင် နှင်းထန် ရူးသွားလောက်သည်ဟု တွေးမိသည်။ ယခုတော့ တော်သေးသည်။
' သားက အလုပ်များလွန်းလို့ အစားမမှန်၊ အအိပ်မမှန်ဖြစ်လို့ သမီးက ဘေးကနေပြီး သတိပေးပေါ့။ ဦး ခရီးသွားလို့ မရှိရင်လည်း သမီးလိုတာ အားလုံး သားကိုပြောလိုက်နော်။ သားကလည်း မင်းညီမကို အစစအရာရာ ကူညီပေးပါ။ ဒယ်ဒီ စိတ်ချမယ်နော်။ '
'ဟုတ်ကဲ့ပါ .. ဒယ်ဒီ။ ကျွန်တော် ကရုစိုက်လိုက်ပါ့မယ်။ စိတ်ချပါ။'
နှင်းထန်သည် ဖခင်ကြီး၏ သတိပေးသော အကြည့်ကြောင့် နောက်နေ့မှ အနုနည်းဖြင့် ပညာပေးလိုက်မည် ဟုတွေးကာ
မလွှဲသာပဲ ကတိပေးလိုက်ရသည်။
'ကောင်းပြီလေ။ ကဲ ... သမီး ...သွားနားတော့။ ဒေါ်ပို ... သမီးလေးကို အရှေ့ဘက်ထောင့်ခန်းကို လိုက်ပို့ပေးလိုက်။ သမီးစားချင်တာကိုလည်း မေးပြီး ချက်ပေးလိုက်နော်။'
'ဟုတ်ကဲ့ပါ .. သူဌေး။ မမလေး.. ကြွပါ။'
ဤသို့ဖြင့် မိုးပွင့်ဟုခေါ်သောမိန်းကလေးမှာ နှင်းထန်၏ အိမ်ပေါ်သို့အခန့်သားရောက်ရှိခဲ့သည်။ နှင်းထန်သည် ဖခင်ခရီးထွက် သည်နှင့် မိုးပွင့်ကို အလုပ်ခွင်တွင်မောင်းတော့သည်။ အလုပ်ကို သင်ပြပြီးသည်နှင့် နောက်တနေ့တွင် မိမိတွင်ပုံနေသော အလုပ် ဖိုင်များစွာကိုပေးကာ အပြီးလုပ်ခိုင်းသည်။ လုပ်မှားကိုင်မှားလျှင် မညှာမတာဆူသည်။
မိုးပွင့်သည် မိမိမှားသဖြင့်အဆူခံရလျှင် ခေါင်းလေးငုံ့ကာတောင်းပန်ပြီး နောက်တနေ့တွင် အလုပ်ကိုချက်ချင်းအမှားပြင်ကာ ပြီးအောင်လုပ်သည်။ ပေးသည့်အလုပ်များကို နားမလည်လျှင် ထပ်မေးပြီး ညစာကြည့်ခန်းထဲတွင် ပြီးအောင်လုပ်သည်။ မိုးပွင့်ကို မိမိ မျက်နှာသာမပေးပဲ တည်တင်းစွာဆက်ဆံသော်လည်း အလကားဖြစ်ရလေပြီ။ အဘယ့်ကြောင့်ဆိုသော် မိုးပွင့်ကမိမိထက်ပင် မာနကြီးသူ တစ်ယောက်ဖြစ်နေသည်ကို အတူနေလာတာကြာလေ ပိုသိလာလေဖြစ်သည်။
ဒါက နည်းနည်းတော့ နှင်းထန်ကို မခံချင်သလိုဖြစ်စေသော်လည်း အခုရှုပ်မှ နောင်ရှင်းမည်ဖြစ်လို့ အရှည်ကို တွေးကာ စိတ်သက်သာရာပင်ရသွားတော့သည်။ မိမိထင်ထားသည်နှင့် တခြားစီဖြစ်လို့ အနည်းငယ်တော့ အံ့သြမိသည်။ မြစ်ကြီးနားမြို့မှ လာသည့် မိန်းကလေးသည် မထင်ထားစွာဖြင့် မိမိ မောင်းသမျှ၊ ဆူသမျှကို မျက်ရည်မကျပဲ ခံနိုင်ပြီး အချိန်တိုအတွင်း မိမိအတွက် အထောက်ကူများစွာရလာသည်ကိုတော့ ဝန်ခံမိသည်။
ရုံးပိတ်ရက်တစ်မနက်တွင် နှင်းထန်အိပ်ယာမှ နိုးလာသည်နှင့် ပြတင်းတံခါးကိုဖွင့်ပြီး ခြံထဲကိုကြည့်မိစဉ် ပန်းချီကားတစ်ချပ်ကို တွေ့လိုက်ရသည်။ အစိမ်းနုရောင် ပေါ့ပေါ့ပါးပါး အိမ်နေဝတ်စုံကို ဝတ်ထားပြီးပန်းခြံလေးထဲတွင် အပင်ကို မြေဆွပေါင်းတင်ရင်း မာလီ ဦးသောင်းနှင့် စကားပြောရင်း အလုပ်လုပ်နေသော မိုးပွင့်ကို ငေးကြည့်ရင်း နှင်းထန် မေမေ့ကို မြင်ယောင်လာမိသည်။
အစိမ်းနုရောင်ဝတ်စုံနှင့် ပန်းခြံထဲ မာလီနှင့် အတူပန်းပင်များကို ပြုစုယုယသော မေမေ့ပုံရိပ်ကို မမြင်မိသည်မှာ ဆယ့်ငါးနှစ်ပင် ကြာခဲ့လေပြီ။
'မေမေ..'
နှင်းထန် နူတ်မှ တီးတိုးရေရွတ်ကာ ရင်ဘတ်ထဲမှ မေမေ့ကို လွမ်းဆွတ်သည့်စိတ်ဖြင့် နာကျင်လာ၏။ နှင်းထန်မည်မျှငေးနေမိ သည်မသိတော့ပေ။ ဖျတ်ခနဲ သူမအပေါ်ကိုမော့ကြည့်မိခိုက် နှင်းထန်နှင့် အကြည့်ခြင်းဆုံသွား၏။ သူမလေးက အသိအမှတ်ပြု ဟန် မော့မကြည့်တော့ပေ။နှင်းထန်ကသာ သူမလေးကို မျက်စိတစ်ဆုံးငေးနေမိသည်။
'ထူးဆန်းတဲ့ကောင်မလေးပဲ။သူဒီလိုပဲနေတတ်တာလား ဒါမှမဟုတ် ငါစိတ်ဝင်စားအောင် တမင်များလုပ်နေတာလား။'
နှင်းထန် သံသယဖြင့် တွေးလိုက်သည်။ မည်သည့်မိန်းကလေးကိုမှ မိမိ မယုံကြည်ပါ။ မေမေဆုံးပြီးနောက်ပိုင်း ဒယ်ဒီ သည် မိမိကို ငဲ့ညှာကာ နောက်အိမ်ထောင်မပြုသော်လည်း မိန်းမလှလေးများစွာကို ခေါင်းခေါက်တွဲခဲ့သည်။ မိမိနှင့် ရွယ်တူများ၊ မိမိထက်ပင် ငယ်သောသူများ သည် ငွေမျက်နှာဖြင့် သူဌေးကြီး ဦးမင်းထန်၏ အိပ်ယာထဲသို့ အလုအယက်ခုန်ဝင်ချင်ကြသည်ကို တွေ့ပြီးနောက် မိန်းကလေးများကို တိတ်တခိုး အထင်သေးကာ ဝေးဝေးရှောင်ခဲ့ခြင်းဖြစ်သည်။ ပြီးတော့ မိန်းကလေးနှင့်ပတ်သတ်ပြိး နှင်းထန် အတွက် အထိတ်တလန့်ဖြစ်ဖူးသည့် အတွေ့ကြုံလည်းရှိခဲ့သည် ဆိုတော့ မိန်းကလေးများကို ဝေးဝေးရှောင်ကာ အလုပ်ထဲ ခေါင်းစိုက်ပြီး ဘဝကို တိတ်ဆိတ်စွာ ဖြတ်သန်းလာခဲ့သည်။
နှင်းထန် ကိုယ်လက်သန့်စင်ပြီး မနက်စာစားရန် ထမင်းစားခန်းသို့ဆင်းလာသောအခါ ထမင်းချက်ဒေါ်ပိုကို ကပ်ကာပြုံးချိုစွာ စကားပြောနေသော သူမလေး၏ အပြုံးကိုတွေ့မိစဉ် ထိုအပြုံးက အတော့်ကို ဆွဲဆောင်မှူရှိသည်ကို သတိပြုမိလိုက်သည်။
ပြီးမှာ သူမနှင့် ပတ်သတ်ပြီး မိမိသတိပြုမိတာ အတော်များနေပြီဟု ကိုယ့်ဖာသာ တွေးမိသည်။
'ဒေါ်ပို မနက်စာ ဘာချက်ထားလဲ။'
'ဒီမနက် တရုတ်မြီးရှည်လုပ်စားတယ် မောင်နှင်းထန်။ မောင်နှင်းထန် မစားချင်ရင် ပေါင်မုန့်မီးကင်လုပ်ပေးပါ့မယ်။'
'ရတယ်။ မြီးရှည်ပဲပြင်ပေးပါ။ ဘလက်ကော်ဖီပေးပါ။'
မိုးပွင့် သည် သူ့အတွက်နှပ်ထားသော ကော်ဖီအိုးနှင့်ကော်ဖီခွက်ကို လင်ဗန်းဖြင့်သယ်ကာသူ့ဘေးတွင်လာချပေးစဉ် မိန်းကလေး များသုံးတတ်သော ချိုအီနေသောရနံံ့မဟုတ်ပဲ မိမိနှစ်သက်သော HUGO BOSS တံဆိပ် လတ်ဆတ်သောသစ်ရွက်နံ့ ရေမွှေးနံ့ နှင့် အတူ မေမေ့ ထံမှရနေကျ LAVENDER POWDWER နံ့ သင်းသင်းလေးကိုရလိုက်စဉ် နှင်းထန် ရင်တစ်ချက်လှုပ်ခါသွား၏။
ထို့ကြောင့် အမှတ်တမဲ့ဟန်ဖြင့် သူမလေးကို စကားပြောလိုက်သည်။
'စားပြီးပြီလား မိုးပွင့်'
ထူးထူးဆန်းဆန်း အဖက်လုပ်ကာ စကားပြောသော သူဌေးလေးကြောင့် ဒေါ်ပို ပင် အံ့သြကာ စူးစမ်းဟန် လှမ်းကြည့်လိုက်၏။
'ဟုတ်ကဲ့။ စားပြီးပါပြီ။ ဖြည်းဖြည်းသုံးဆောင်ပါ၊'
မိုးပွင့် သူ့အမေးကိုယဉ်ကျေးစွာဖြေပြီး နှင်းထန် ဘာမှမပြောရသေးခင် ချက်ချင်းခွင့်တောင်းကာ ထမင်းစားခန်းထဲမှထွက်သွား၏။
'မိုးပွင့်လေးက ဒီမှာလာနေရလို့ အားနာနေတာ။ မောင်နှင်းထန်ကို အနှောက်အယှက်ပေးမိမှာစိုးလို့တဲ့။ မောင်နှင်းထန် မကြိုက် တဲ့ အပြုအမူတွေကို လာမေးနေတာကွဲ့။'
'ဟုတ်လား။ ကျွန်တော်က သူရှိမှန်းကို သတိမထားမိတာ။'
ဒေါ်ပိုက အားရပါးရပြုံးကာ
'ဘယ်သတိထားမိမှာလဲ။ မောင်နှင်းထန် ပိတ်ရက် အိမ်မှာရှိတဲ့အချိန်ဆိုရင် မိုးပွင့်လေးက အခန်းထဲကကို မထွက်ရှာဘူး။ ထမင်းစားတာတောင် မောင်နှင်းထန် စားပြီး အပြင်ထွက်သွားမှ ဒေါ်ပိုတို့နဲ့စားတာ။'
'အဲလိုသိတတ်တဲ့သူမို့ တော်သေးတာပေါ့။ သူ့အဖေက သူ့ကိုဆိုးတယ်လို့ပြောထားလို့ ဟော့ဟော့ရမ်းရမ်းလေးလို့ ထင်ထားတာ။ သူ့အဖေနဲ့ ဒက်ဒီက ငယ်သူငယ်ချင်းတွေဆိုတော့ သူ့ကို လိုအပ်တာလုပ်ပေးလိုက်ပါ။'
'မိုးပွင့်လေးကိုမေးပါတယ်။ သူလေးက ဘာမှမလိုအပ်ဘူးပဲပြောတယ်။ စိတ်ချပါ။ မိုးပွင့်တစ်ခုခုစားချင်တာရှိရင် ဒေါ်ပိုချက်ကျွေး လိုက်ပါ့မယ်။'
နှင်းထန်သည် အလုပ်သင်ကာလတွင် မိုးပွင့်ကို အသေမောင်း၏။ သုံးလပြည့်သောအခါ မိုးပွင့်သည် မိမိစိတ်တိုင်းကျ ဝန်ထမ်း တစ်ဦး ဖြစ်လာခဲ့လေပြီ။ ဒယ်ဒီကတော့ မိုးပွင့်ကို သဘောအကျကြီးကျနေသည်။ မိုးပွင့်သည် အလုပ်ကိစ္စမှလွဲပြီး မိမိကို အရောတဝင်မနေပေ။ အပိုစကားလည်းမပြောသည့်အပြင် မိမိကို အရယ်အပြုံးမရှိ တည်တည်သာဆက်ဆံသဖြင့် စိတ်ထဲ နည်းနည်းတင်းလာ၏။
မိမိက သူမကို ခါရန်ကြံထားပြီး သူမက သူ့ကိုအရင်ခါသလိုဖြစ်နေတော့ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် အဖြစ်အနေကြာလာသည့် မိမိ မာနကို ထိခိုက်လာလေပြီ။ သူမက မျက်နှာထားတင်းသလား ဆိုတော့လည်းမဟုတ်ပေ။ အလုပ်ခွင်တွင် လိုအပ်လာပါက အပြုံး မျက်နှာလေးဖြင့်လည်း ချိုသာစွာပြောတတ်သေးသည်။ သူမ၏ အပြုံးလေးက အရမ်းကို အပြစ်ကင်းပြီး ချစ်စရာကောင်းသည် ကိုတော့ မိမိတိတ်တခိုးဝန်ခံမိသည်။
ဘာလိုလိုနှင့် သူမ မိမိဘေးတွင်ရောက်နေခဲ့သည်မှာ ခြောက်လပြည့်လေပြီ။ အနေတည်သော်လည်း ဝန်ထမ်းများကို ကရုစိုက် ကာကူညီတတ်သူဖြစ်လေတော့ ဝန်ထမ်းများက မိုးပွင့်ကို ချစ်ကြသည်။ ပိတ်ရက်များတွင် လုပ်ဖော်ကိုင်ဖက်များ၏ အိမ်ကိုသွား လည်ပြီး ကလေးများ နှင့်ကစားတတ်သဖြင့် ဝန်ထမ်းများက ချစ်ကြခြင်းဖြစ်သည်။ အထူးသဖြင့် အောက်ခြေဝန်ထမ်း များ၏ ကလေးများကို ပိုကရုစိုက်ပြီး ကလေးကျောင်းစားရိတ်ကိုလည်းပေးတတ်သဖြင့် သူမလေး၏ ကြင်နာတတ်သောစိတ်လေး ကို နှင်းထန် နှစ်သက်သဘောကျမိသည်။
နှင်းထန်သည် သူမလေးကို တဖြည်းဖြည်းစိတ်ဝင်စားလာပြီး တရင်းတနှီးနေရန်ကြံသော်လည်း သူမက မိမိကို ရှောင်လို့သာနေ၏။ အိမ်တွင် မိမိကလွဲလို့ တအိမ်လုံးက ဝန်ထမ်းများနှင့် စကားပြောတိုင်း ပြုံးကာ စိတ်ပါလက်ပါ ပြောလေ့ ရှိသော သူမလေးကို အူယားမိသည်။
ယခုလည်း ည ၁၁ နာရီကျော်နေပြီ။စာဖတ်ခန်းထဲရှိ ကွန်ပြူတာတွင် သူမစာရိုက်နေသဖြင့် နှင်းထန် အခန်းတံခါးကိုအသာခေါက် လိုက်ပြီး သူမမော့ကြည့်လာသောအခါ နှင်းထန် ရုပ်တည်ကြီးနှင့်ပြောလိုက်သည်။
'မိုးပွင့် ညနက်နေပြီ။ မနက်ဖြန်မှ ဆက်လုပ်တော့လေ။ '
'ဟုတ်ကဲ့။ ဒီ တစ်မျက်နှာရိုက်ပြီးရင် ပြီးပါပြီ အကိုနှင်းထန်။ မနက်ဖြန် ဆိပ်ကမ်းကို ဆေးရုံအတွက်မှာထားတဲ့ပစ္စည်းတွေရောက် လိမ့်မယ် အကို။ ငွေလွှဲဖို့ ဘဏ်ကိုသွားစရာရှိပါတယ်။ ဒါကြောင့် မနက်စောစော ကျွန်မ အဲ့ဒါတွေကို လုပ်ဖို့ အလုပ်ကို အရင်သွားနှင့်လိုက်မယ်နော်။ ပြီးတော့ Top One company က ညစာစားပွဲဖိတ်ထားတာ တက်စရာရှိ တယ်နော်။ အကိုမေ့နေမှာစိုးလို့ အသိပေးတာပါ။'
မိုးပွင့်သည် သူမကို မိမိငေးစိုက်ကြည့်နေသည်ကို သတိမထားမိပဲ အလုပ်အကြောင်းကိုသာ တောက်လျောက်ပြောသွားသဖြင့် နှင်းထန် သက်ပြင်းကို ခိုးချမိသည်။ ယောကျ်ားတစ်ယောက်ရဲ့စိတ်ဝင်စားမှူကို သတိမထားမိအောင် မင်းကညံ့လွန်းတာလား၊ ဒါမှ မဟုတ် မင်းရင်ထဲမှာ ချစ်မိသူရှိလို့ မတုန်လှူပ်တာလား ဟု စိတ်ထဲမှ အသံတိတ်မေးနေမိသော်လည်း လက်တွေ့တွင် လေသံတင်းတင်းနှင့်သူမကို ပြောလိုက်မိသည်။
'အလုပ်အကြောင်း မနက်မှ ဆက်ပြောတော့။ အခု ဘယ်အချိန်ရှိပြီလဲ။ အခုချက်ချင်း ကွန်ပြူတာကို ပိတ်ပြီး သွားအိပ်တော့။'
နှင်းထန် ခပ်တင်းတင်း အမိန့်ပေးလိုက်တော့မှ သူမ အလုပ်ကို လက်စသတ်ကာ အခန်းထဲမှ ထွက်သွားတော့၏။ သူမလေး မိမိ ဘေးမှ ဖြတ်လျှောက်သွားစဉ် သစ်တောထဲမှ လာဗင်ဒါ ပန်းနံ့မှာ မိမိနှာခေါင်းမှတဆင့် နှလုံးသားထဲထိ ရောက်ရှိသွား၏။
ထိုရနံ့လေးကို တရှိုက်မက်မက် ရှုသွင်းမိစဉ် သူမလေးကို မိမိစိတ်ဝင်စားနေပြီဖြစ်ကြောင်း ကိုယ်ဖာသာ သေချာသိလိုက်ပြီ။
'မိုးပွင့်...မိုးပွင့် ...'
နှင်းထန် သူမလေး၏ အမည်ကို အိပ်မက်ထဲထိပင် ရေရွတ်နေမိသည်။ အိပ်မက်ထဲတွင် သူမလေးကို မိမိတင်းကျပ်စွာဖက်ကာ နူတ်ခမ်းပါးလေးကို အကြင်နာပေးနေမိသည်။ မနက်နိုးလာသောအခါ တကယ်နမ်းခဲ့မိသလို ခံစားရပြီး ကျေနပ်စွာဖြင့် မိမိ တယောက်တည်းပြုံးနေမိသည်။ အပြင်မှာ သူမလေးကို အကြင်နာပေးမိလျှင် သူမ ဘယ်လိုတုန့်ပြန်မည်ကိုလည်း သိချင်မိ သည်။
နှစ်ပေါင်းများစွာအတွင်း မိန်းကလေး တစ်ယောက်ကို ပြန်လည်စိတ်ဝင်စားမိခြင်းဖြစ်သည်။ သူမသည် သာမန် မိန်းကလေး မဟုတ်ပေ။ မေမေ့လို အနေအေးပြီး တည်ငြိမ်သည့် မိန်းကလေး။ သူမကိုတွေ့တိုင်း မေမေ့နားကို ရောက်နေသလို စိတ် တည်ငြိမ်မှုကို ပေးနိုင်သည့် မိန်းကလေးဖြစ်သောကြောင့် နှင်းထန် သူမကို ပိုပိုပြီး တွယ်ငြိလာမိသည်ဟု ထင်သည်။
နှင်းထန် ရေချိုးပြီးအပေါ်ထပ်မှဆင်းလာသောအခါ သူမ မနက်စာစားပြီး ရုံးသွားရန်ပြင်ဆင်နေလေပြီ။
'အကို နှင်းထန် ကျွန်မ ဂိုဒေါင်ကိုသွားစစ်ရင်း ဆိပ်ကမ်းကို တန်းသွားလိုက်တော့မလို့ သွားနှင့်တော့မယ်နော်။'
'နေအုံးလေ။ ကိုယ်တခါတည်း ပတ်ပို့ပေးလိုက်မယ်လေ။'
'အကိုနှင်းထန် ဒီမနက် marketing manager နဲ့ချိန်းထားတာရှိသေးတယ်။ ကျွန်မ Taxi နဲ့သွားလိုက်ပါ့မယ်။ လိုအပ်တဲ့စာရွက် တွေအားလုံး အိတ်ထဲထည့်ပေးထားတယ်နော်၊'
သူမလေးက မုန်တိုင်းတိုက်သလို ဆက်တိုက်ပြောပြီး မိမိကို နူတ်ဆက်ပြီးထွက်သွားတော့သည်။နှင်းထန်သည် သူမလေးကို ငေးကာ ကျန်ရစ်ခဲ့သည်။ သူမလေး၏ ဟန်ပန်လေးက မိမိမျက်လုံးထဲတွင် ချစ်စဖွယ်ကောင်းလွန်းလှသည်။
နှင်းထန်သည် မိုးပွင့်ကို တဖြည်းဖြည်း တွယ်တာလာသော်လည်း သူမကိုဖွင့်ပြောရန် မကြိုးစားပဲ မျက်စိအောက်တွင်ထားကာ တစိမ့်စိမ့်ကြည့်ကာ ကြည်နူးနေစဉ် ရုံးပိတ်ရက် တစ်မနက်တွင် အတူမနက်စာစားရင်း သူမ၏ လက်ကိုင်ဖုန်းလေးမြည်လာ၏။
သူမထံ ဖုန်းလာခဲသဖြင့် နှင်းထန်အံံ့သြနေစဉ် ဖုန်းနံပါတ်ကိုကြည့်ပြီး မျက်လုံးများတောက်ပသွားပြီး မိမိကိုခွင့်တောင်းကာ ခြံထဲ ဆင်းပြီးဖုန်းသွားပြောနေသော သူမလေးကိုကြည့်ပြီး တစုံတခု မရိုးသားတော့သည်ကို ရိပ်မိလိုက်သည်။
YOU ARE READING
Romanceအချစ်စစ်၏တည်နေရာ- Season (1) Author _ May King Genre _ Romance , Boy Love, Family, Couple Both Zawgyi + Unicode font (Zawgyi font chapter အောက်မှာ Unicode font နဲ့ Chapter ထပ်ထည့်ပေးထားပါတယ်။ အောက်ကို ဆွဲချပေးပါ။) ေပးဆပ္အနစ္နာခံတတ္တာ အခ်စ္စစ္လား။...