Season - 1 အပိုင်း (4)

1.4K 110 0
                                    


အချစ်စစ်၏ တည်နေရာ

Season - 1 အပိုင်း (4)

နှင်းထန်သည် မိုးပွင့် နှင့် တစ်ပတ်လျှင် ၂ ကြိမ်ခန့် အပြင်ထွက်စားသည်။ သူမလေးက အစားအများကြီး မစားသလို အဝတ်အစား များ၊ အသုံးအဆောင်များဝယ်ပေးမည် ပြောသော်လည်း လက်မခံပေ။ သူမကို ဝယ်ပေးမည့် ပမာဏကို မေးကာ ဘိုးဘွား ရိပ်သာများ၊ ဆွံ့အ နားမကြားကျောင်းများ၊ မျက်မမြင်ကျောင်းများ၊ မိဘမဲ့ကလေးကျောင်းများ ကို တစ်ခုပြီး တစ်ခု ခေါ်သွားကာ လှူဒါန်းခိုင်းသည်။ မိမိ နှင့် အပြင်ထွက်တိုင်း ထိုသို့လှူဒါန်းရလျှင် သူမလေး ပျော်နေသည်ကိုကြည့်ပြီး နှင်းထန် လည်းပျော်သည်။ ဆိုင်တွင် စားသောက်စဉ် စကားနည်းသလောက် လှူဒါန်းပြီး ပြန်လာစဉ် သူမလေး ပြုံးပျော်ကာ ကလေးများအကြောင်း ပြောနေတော့သည်။ သူမလေး၏ အမူအယာလေးကို နှင်းထန် တနေ့တခြား မြတ်နိုးလာမိသည်။

ယခုတလော သူမ၏ သူငယ်ချင်း ဝသုန် လာမခေါ်သဖြင့် နှင်းထန် စိတ်ချမ်းသာနေ၏။ မိုးပွင့် နှင့်ယခုလို အတူသွားရသည်ကိုလည်း ပျော်နေမိသည်။ မိုးစက်လည်း ညီမကိုကတိပေးထားသည့်အတိုင်း ဒေါက်တာနှင်းထန် မရိပ်မိအောင် အတတ်နိုင်ဆုံး ဟန်ဆောင် နေရင်း တဖက်မှလည်း သူ ခိုးနမ်းမည့်ဘေးကိုလည်း ရှောင်ရသေးသည်။

နှင်းထန်က သူမလေး ဘာကြောင့် မိမိကို အရမ်းသတိထားရှောင်သည်ကိုသိသော် သနားသဖြင့် ထပ်နမ်းရန် မကြိုးစားပဲ သူမလေးကို ဘေးမဲ့လွှတ်ထားလိုက်သည်။ လက်ထပ်ပြီးမှ သူမလေးကို အတိုးနှင့်တကွ နမ်းမည်ဟုတေးထား၏။ နောက်နှစ်ဦးတွင် သူမလေးကို လက်ထပ်မည်ဟု ဆုံးဖြတ်ထားသည်။ ထို့ကြောင့် ယခု ၃ လအတွင်း သုူမလေးကို မတို့မထိပဲ အရိပ် တကြည့်ကြည့်ဖြင့်သာနေလိုက်တော့ သည်။

မိုးစက်သည် ကျော်သက်ထွန်း၏ မွေးနေ့သို့သွားရန် ချောင်းနေ၏။ထိုနေ့ အကိုနှင်းထန် သူ့သူငယ်ချင်းနှင့် အပြင်သွား သဖြင့် ရှေ့ဆင့်နောက်ဆင့် မိုးစက် လစ်ထွက်လာ၏။ Taxi ဖြင့် ဝသုန့်အိမ်သို့ထွက်လာပြီး ဝသုန့်အဝတ်အစားများကို ယူဝတ်ကာ နှစ်ဦးသား ထွက်ခဲ့သည်။

ကျော်သက်ထွန်း၏ မွေးနေ့ကျင်းပရာ Pandar Bar သို့ရောက်သော် ဘော်ဒါများစုံနေသည်ကိုတွေ့ရသဖြင့် မိုးစက် ပျော်သွား၏။ မိန်းကလေး ဘဝဖြင့် ငြိမ်သက်စွာနေရသည်ကိုလည်း ငြီးငွေ့လှပြီ။ ထို့ကြောင့် ကျော်သက်ထွန်းကိုနူတ်ဆက် ပြီး အပေါင်းသင်း များဖြင့် လွတ်လွတ်လပ်လပ်ကဲနေတော့သည်။

ယခုလို လူငယ်များလာသည့် နေရာကို အကို နှင်းထန်လာစရာမရှိသောကြောင့် မိုးစက် စိတ်ချလက်ချကဲတော့သည်။ သူငယ်ချင်း ဟောင်းများဖြင့် အပြိုင် ဘီယာမော့နေ၏။မိုးစက်သည် ကျောလည်ခန့်ဆံပင်ကို မြင်းမြီးှပုံချည်ထားပြီးအဝတ်အစား စတိုင်ကလည်း လည်းမိုက်၊ ရုပ်ကလည်းချောသဖြင့် ကောင်မလေးများက မွေးနေ့ရှင်ထက် သူတို့နှစ်ဦး ကို ပိုဝိုင်းသောအခါ ကျော်သက်ထွန်း ကပင် လာပြောတော့သည်။

'မင်းတို့နှစ်ယောက် လန်းလှချည်လားကွ။ မဒီလေးတွေ ကိုယ့် ကိုမမြင်တော့ဘူးကွ'

'ဆောရီးကွာ၊ ကိုယ်တို့ မရည်ရွယ်ဘူး။ ကောင်မလေးတွေလာရောရင် ကိုယ်ခါလိုက်ပါ့ မယ်ကွာ။ စိတ်ချ၊'

'ကျေးဇူးပဲ မိုးစက်။ အဝသောက်နော်။ဒီည ဘားကိုဖွင့်ထားတယ်။ မမူးရင် ဘယ်သူမှ မပြန်ရဘူး။'

ကျော်သက်ထွန်းကို အလိုက်အထိုက်ဖြေလိုက်သဖြင့် မွေးနေ့ရှင်ကျေနပ်သွားပြီး စေတနာ ဗလပွဖြင့် လောကွတ်ပြုသွား၏။ ဝသုန်က ဘီယာပုလင်းကိုမော့ပြီး ကျိတ်ရယ် နေ၏။ မိုးစက်၏ ဆက်ဆံရေးကို မိမိ စိတ်ချပြီးသား။ ကျော်သက်ထွန်းက စိတ်ရင်း ကောင်းသော်လည်း စော်နဲ့ပတ်သတ်လာလျှင် နဲနဲဂျေဝင်တတ်သဖြင့် မိမိကသိပ်စကား မပြောသော်လည်း မိုးစက်နှင့်တော့ လေပေးဖြောင့်သည်။

'ဟေ့ ဘယ်သူ ဘီယာပြိုင်သောက်မလဲကွ။'

ဝသုန်ကြောင့် သူငယ်ချင်းများ ဘီယာသောက်ပြိုင်ပွဲ တစ်ခုဖြစ်သွား၏။မိုးစက်က ဒိုင်လုပ် ပေးရသည်။ ပြိုင်ပွဲလုပ်လို့အရှိန်ရနေခိုက် ကျော်သက်ထွန်းနှင့် စကားပြောနေသော လူနှစ်ဦးကို တွေ့သောအခါ မိုးစက် မျက်လုံးပြူးသွား၏။ ကျော်သက်ထွန်း၏ အကို ကျော်ခိုင်ထွန်း နှင့်ပါလာသူမှာ မိုးစက်လုံး၀ မမျှော်လင့်ထား သော ဒေါက်တာနှင်းထန်ဖြစ်နေသည်။

'ဟိုက်.... ဝသုန်... ငါလစ်တော့မယ်။ ဟိုမှာ...'

ဝသုန် သည်မိုးစက်ပြသည့်ဘက်ကို ကြည့်မိသော် သောက်လက်စ ဘီယာပင် ပြန်ထွက်လာ၏။

'အေး.... လစ်တော့... မြန်မြန်...'

မိုးစက် ဝိုင်းမှ ရုတ်တရက် ထပြေးသောအခါ သူငယ်ချင်းများက ဆူညံစွာတားကြ၏။

'ဟေ့ကောင်... မိုးစက်.... ဒါ ဘယ်ပြေးတာလဲ။ မင်းက ဒိုင်လေကွာ။ ခု အနိုင်အရှုံးပေါ် တော့မှာ။ မသွားရဘူး။'

ဘေးမှ သူငယ်ချင်းများက လက်ဆွဲထားပြီး တားသဖြင့် ဆူညံနေ၏။ မိုးစက်သည် ဒေါက်တာနှင်းထန် ကြားသွားပြီလားဟု စိုးရိမ်ကာ လှမ်းအကြည့် ဒေါက်တာနှင်းထန် ကြည့်ခိုက်နှင့် ကြုံသွားပြီး အကြည့်ခြင်းဆုံသွား၏။

'ဟင်....'

နှင်းထန် အံ့သြလွန်းသဖြင့် စကားပင်မဆိုနိုင်တော့ပေ။ မိုးပွင့်ကို ယောကျ်ားလေး အဝတ်အစားဖြင့် ယောကျ်ားလေးဘီယာဝိုင်း အလည်တွင် တွေ့လိုက်ရသည်က နှင်းထန်ကို ရှော့ရသွားစေသည်။ ထိုဝိုင်းတွင် ဝသုန်ကိုလည်းတွေ့ သဖြင့် နှင်းထန်၏ ရင်ထဲ သွေးပွက်ပွက်ဆူသလို ခံစားလိုက်ရသည်။

မိမိနှင့် မိုးပွင့် အကြည့်ခြင်းဆုံသွားပြီးနောက် မိုးပွင့်က ဖြတ်ခနဲအကြည့်လွှဲကာ လက်ဆွဲ ထားသည့် လူငယ်လေးကို တစုံတခု ငုံ့ပြော လိုက်သဖြင့် နှင်းထန် ဆက်ပြီး သည်းမခံနိုင် တော့ပေ။ သူငယ်ချင်း၏ ညီ မွေးနေ့ရှင်ကို ခဏခွင့်တောင်းကာ ထိုလူငယ်ဝိုင်းသို့ လာခဲ့ သည်။

သောက်စားပျော်ပါးနေသော လူငယ်များကို ရှောင်ပြီး ထိုဝိုင်းသို့ နှင်းထန်ရောက်သွား သောအခါ မိုးပွင့် မရှိတော့ပေ။ ထို့ကြောင့် ဝသုန်၏ ပုခုံးကိုပုတ်ကာ ဒေါသကို ထိန်းပြီး မေးလိုက်သည်။

'ညီလေး... မိုးပွင့် ဘယ်ထွက်သွားတာလဲ...'

ဝသုန်က သူ့ကို ခပ်တည်တည်ဖြင့် မော့ကြည့်ကာ အံ့အားသင့်ဟန်ဖြင့် လိမ်ခဲ့သည်။

'မိုးပွင့် မရှိဘူး အကို။ ကျွန်တော်တို့ ဝိုင်းမှာ ကောင်မလေး တစ်ယောက်မှ မရှိပါဘူး။'

'ခုလေးတင် အကို မိုးပွင့်ကို တွေ့လိုက်တယ်။ ညီ မငြင်းပါနဲ့။ အကို သူ့ကို တွေ့လိုက် တယ်။ အကိုနဲ့အတူ ပြန်ခေါ်သွား မလို့ပါ။ သူ့ကို ထွက်လာခိုင်းလိုက်ပါ။'

ဝသုန်က အတင်းငြင်းနေသည်။ ဒါကို နှင်းထန် ပိုပြီး စိတ်တိုလာခဲ့သည်။သို့သော် မွေးနေ့ပွဲတွင်ဖြစ်သောကြောင့် စိတ်ကို ထိန်းကို ထပ်မေးလိုက်သည်။

'ကျွန်တော်က ဘာကြောင့် အကို့ကိုလိမ်ရမှာလဲ။ အစကတည်းက ဒီဝိုင်းမှာ မိုးပွင့်မှ မရှိတာ အကိုရ။'

နံဘေးမှ သူငယ်ချင်းများကလည်းထောက်ခံ၏။ သူတို့အားလုံး၏ မျက်ဝန်းများအရ အမှန်ပြောနေမှန်း သိလိုက်သည်။

'မိုးပွင့်က မိုးစက်ရဲ့ညီမ မဟုတ်လား။ သူ မလာဘူးအကို။ ဝသုန်က မိုးစက်နဲ့ အတူလာတာပါ။ ဟိုကောင် မိုးစက် ဗိုက်နာလို့တဲ့၊ ခုလေးတင် အိမ်သာထွက်သွားတာ။ အကိုတွေ့ တာ မိုးစက်ဖြစ်ပါလိမ့်မယ်။'

'ဟုတ်တယ် အကို။ ကျွန်တော်တို့ဝိုင်းမှာ ဘယ်ကောင်မလေးမှ မရှိဘူး။'

နံဘေးမှ လူငယ်များက တစ်ယောက်တစ်ပေါက်ဝိုင်းပြောသဖြင့် နှင်းထန် မကျေမနပ်ဖြင့် လှည့်ထွက်လာခဲ့သည်။

ဝသုန်သည် ဟန်မပျက်ဆက်သောက်နေသော်လည်း ရင်တထိတ်ထိတ်ဖြစ်နေသည်။ အကိုနှင်းထန် ကျော်သက်ထွန်း အကို နှင့် ပြန်ထွက်သွားတော့မှ သက်ပြင်းချမိ သည်။

'တော်ပါသေးရဲ့။ မိတော့မလို့။ ကပ်လွဲလေး။ '

မိုးစက်မပြောနှင့် ဝသုန်ပင် ရင်တုန်သွားသည်။စိတ်ထဲမှလည်း မိုးပွင့်ကို ကြိတ်ဆဲနေမိ သည်။

မိုးစက်သည် အိမ်သို့အကိုနှင်းထန် ထက်စောအောင် ပြန်လာပြီး ဒေါ်ပိုကို ခေါင်းကိုက်သဖြင့် အိပ်ပြီဟုပြောကာ အိပ်ခန်းတံခါး ပိတ်ကာ အိပ်ယာဝင်လိုက်သည်။ နောက် နာရီဝက်ခန့်ကြာသော် သူအိမ်ပြန်ရောက်လာပြီး မိမိအခန်းပေါက်ဝတွင်လာရပ်ကာ တံခါးကို အသာခေါက်သည်။ မိုးစက် တံခါးကိုမဖွင့်ပေးပဲ ငြိမ်သက်စွာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ နှင်းထန်သည် ည ၁၀ နာရီထိုးခါနီးဖြစ်သောကြောင့် သူမ၏အခန်းတံခါးကိုဆက်မခေါက်တော့ပဲ ထမင်းစားခန်းဘက်ထွက်လာ၏။ ဒေါ်ပို ကိုတွေ့သော် မေးလိုက်သည်။

'မိုး ဘယ်အချိန်ပြန်ရောက်သလဲ ဒေါ်ပို။'

'၉ နာရီခွဲပြန်လာတာ မောင်နှင်းထန်။ ခေါင်းကိုက်လို့တဲ့ စောစောနားတော့မယ်လို့ ပြောသွားတယ်။'

'ဟုတ်လား...'

နှင်းထန်၏ အထင်ခိုင်မာသွားသည်။ မိုးပွင့်သည် မိမိမသိအောင် ဝသုန်နှင့်တိတ်တဆိတ် ဆက်သွယ်နေတာပါလား။

'ခုတလာ သူ့သူငယ်ချင်းလာခေါ်တာ မတွေ့ရဘူးနော်။ ကောင်လေး သူ့မြို့ပြန်သွား တယ် ထင်တယ်'

'မပြန်သေးဘူး မောင်နှင်းထန်။ခုတလော အလုပ်မအားလို့ မသွားဖြစ်တာလို့ပြောတယ်။ ဘာခိုင်းစရာရှိသေးလဲ မောင်နှင်းထန်။ '

'ရပြီ ဒေါ်ပို၊သွားနားတော့လေ။'

နှင်းထန် တယောက်တည်း ထမင်းစားခန်းတွင် ကျန်ရစ်ခဲ့ကာ မိုးပွင့် အကြောင်းကို ထိုင်စဉ်းစားနေမိသည်။ မိုးပွင့်ကို မိမိ လွတ်လပ်ခွင့် ပေးထားတာ သိပ်များသွားပြီဟုထင်သည်။ မနက်မှ သူမလေးကို ရှင်းရမည်ဟုတေးထားကာ အိပ်ယာဝင် လိုက်သည်။ အိပ်မက်ထဲတွင် သူမလေးကို အနမ်းများဖြင့် ဒဏ်ခတ်သည်ဟုမက်ကာ ကျေနပ်စွာပြုံးနေမိသည်။

နံနက် သူမလေး မိမိကိုရှောင်သွားမည်စိုးသဖြင့် စောစောထက အဆင်သင့် ပြုလုပ်ထား သည်။ ထင်သည့်အတိုင်း နံနက် ၇ နာရီခွဲသာရှိသေးသည် သူမအိမ်ပေါ်မှ တိတ်တဆိတ် ဆင်းလာပြီး ဒေါ်ပိုကို မှာကြားနေသည်။ ထို့ကြောင့် နှင်းထန် ကားထဲ တစ်ခါတည်း ဝင်နေလိုက်သည်။

'ဒေါ်ပို...မိုး ဒီနေ့ ဆိပ်ကမ်းကိုသွားရမှာမို့ အရင်သွားနှင့်တော့မယ်။ အကိုနှင်းထန် နိုးလာရင် ပြောပေးပါဦးနော်။'

'မောင်နှင်းထန်က ကားထဲမှာစောင့်နေပြီ မိုးရဲ့....မောင်နှင်းထန်လည်း အလုပ်ကို စောစောသွားစရာရှိလို့တဲ့'

မိုးစက် ရင်လေးသွားသည်။ သူ တမင် မိမိကို စောင့်နေခြင်းဖြစ်သည်။ မိုးစက် သက်ပြင်း ကို အသာရှိုက်ပြီး စိတ်ကို တင်းက အိမ်ရှေ့ထွက်လာ၏။ ကားထဲတွင် အကိုနှင်းထန်ကို ပြုံးထေ့ထေ့ဖြင့် အသင့်စောင့်နေသည်ကိုတွေ့သော် မိုးစက် မလုံမလဲပြုံးကာ နူတ်ဆက်လိုက်သည်။

'အကို ....အစောကြီးရှိသေးတယ်။ မိုး Taxi နဲ့သွားပါ့မယ်။ အကို နောက်မှ အေးအေး ဆေးဆေးလာခဲ့ပါလား'

'ကိုယ်က မိုးနဲ့ မနက်စာ အပြင်မှာသွားစားချင်လို့စောင့်နေတာ။ လာ... ကားပေါ်တက်'

မိုးစက်ငြင်းမရသောကြောင့် ကားပေါ်တက်လိုက်လာ၏။ ဆက်ငြင်းလျှင်လည်း သဘာ၀ မကျနေတော့ပေ။ သူက စကားတလုံးမှ မပြောပဲ ကားကို တရှိန်ထိုးမောင်းထွက်လာသဖြင့် မိုးစက်လည်းငြိမ် ပြီးလိုက်လာ၏။ သူ ဘာများပြောမလဲဟုတွေးကာ တထိတ်ထိတ်ဖြစ်နေ၏။ သူက ကားကိုရုတ်တရက် ရပ်လိုက်သဖြင့် ကြည့်လိုက်သော် လူရှင်းသည့် အင်းယား ကန်စောင်းဖြစ်နေ သဖြင့် သူ့ဘက်လှည့်ကာမေးမည်အပြု သူက ထိုင်ခုံခါးပတ်ကိုဖြုတ်ပြီး မိုးစက်ကို သူ့ရင်ခွင်ထဲဆွဲဖက်လိုက်၏။မိုးစက် လန့်သွားပြီး သူ့ရင်ဘတ်ကိုတွန်းကာ ပြောလိုက်သည်။

'အကို မိုးကိုလွှတ်ပါ။ '

'မိုး မနေ့က ဘာလို့ ဝသုန်နဲ့သွားရတာလဲ။ မင်း ဝသုန်နဲ့ချစ်သူဖြစ်နေပြီလား။ ဘာကြောင့် ကိုယ့်ကွယ်ရာမှာ သူနဲ့ သွားတွေ့တာလဲ။'

'အကို ဘာတွေပြောနေတာလဲဟင်....မိုးက သူငယ်ချင်းနဲ့သွားတွေ့တာပါ။ ဝသုန်နဲ့ မသွားပါဘူး။'

နှင်းထန်သည် ဇွတ်ငြင်းနေသော မိန်းကလေးကို မိမိဆုံးဖြတ်ထားသည့်အတိုင်း ဒဏ်ခတ်လိုက်သည်။

'အွန်း......'

မိုးစက်သည် မထင်မှတ်သော အကိုနှင်းထန်၏ အပြုအမူကြောင့် မျက်လုံးများပြာဝေသွားသည်။ ရုတ်တရက် ဦးနှောက်များက အလုပ်မလုပ်နိုင်အောင်ဖြစ်သွားပြီး ကျောက်ရုပ် ပမာဖြစ်သွား၏။ ထို့နောက် ဒေါသသွေးများက တကိုယ်လုံးကို လှည့်ပတ်လာပြီး သူ့ကို အတင်းဆောင့်တွန်းကာ ရုန်း၏။ သူက ဒီလိုလုပ်မည်ကို ကြိုသိထားသည့်နှယ် မိုးစက်ကို အတင်းချူပ်ထားပြီး နှစ်ဆတိုးကာ ဒဏ်ခတ်နေ၏။ မိုးစက်သည် ငြင်းမရပဲ သူနှိပ်စက်သမျှခံနေရသဖြင့် မျက်ရည်များစီးကျလာ၏။ ဝမ်းနည်း မျက်ရည်တော့မဟုတ်။ ဒေါသမျက်ရည်များသာဖြစ်သည်။

နှင်းထန်သည် မိုးပွင့်၏ မျက်ရည်များကိုတွေ့သော် သတိဝင်လာပြီး အသာလွှတ်ပေး လိုက်စဉ် မိုးပွင့်က ကားတံခါးကိုဖွင့်ပြီး အပြင်ပြေးထွက်ဟန်ပြင်နေသဖြင့် အနောက်မှ သိုင်းဖက်ထားပြီး မေးလိုက်သည်။ သူမလေး ဒေါသအရမ်းထွက်သွားသည်ကို နှင်းထန်သိလိုက်သည်။ မိုးပွင့်လေး၏ မျက်နှာသာမက နားရွက်များပါ နီလာသည် မဟုတ်လား။ ဒီတစ်ခါ မိမိနမ်းလိုက်သည်က ပါးပြင်ကို မဟုတ်ပဲ အတင်းငြင်းနေသည့် အိထွေးသည့် နူတ်ခမ်းပါးလေးကို နမ်းလိုက်သောကြောင့်ဖြစ်သည်။

'မိုး..... ဘယ်သွားမလို့လဲ'

'အခွင့်ရေးယူတတ်တဲ့ရှင့်လိုလူနဲ့ ကျွန်မ ကားအတူမစီးနိုင်ဘူး။ လွှတ်... '

နှင်းထန်သည် ဒေါသထွက်နေသော သူမလေးကို မျက်နှာချင်းဆိုင်ဆွဲလှည့်ကာ မျက်လုံးတည့်တည့်စိုက်ကြည့်ကာ ခပ်ဆတ်ဆတ် ပြောလိုက်သည်။

'ကိုယ့်နောက်ကွယ်မှာ ကောင်လေးနဲ့ အတူထွက်ကဲတဲ့ သူကို ကိုယ်ဒီလိုပဲ ဒဏ်ခတ် မှာပဲ မိုး။ ကိုယ် မင်းကိုချစ်တယ်။ မင်းကို ချစ်လို့ ဘာအခွင့်အရေးမှ မယူပဲအလှကြည့် ထားတာ။ ကိုယ့်စိတ်တွေ ပေါက်ကွဲလာအောင် မဆွနဲ့နော် မိုး.... ကိုယ်မင်းကို သတိပေး နေတာ။ နောက်တခါဆိုရင် မလွယ်ဘူး ....'

မိုးစက်သည် သူ၏ စကားများနှင့် အပြုအမူကြောင့် ဒေါသပိုထွက်လာပြီး သူ့ကိုပြောလိုက်သည်။ ဘယ့်နှယ် ရတောင်မရသေးပဲ ဒီလို လိုက်ပြီးချုပ်ချယ်သည်ကို မိမိမကြိုက်ပါ။ မိမိညီမ မိုးပွင့်သာဆိုလျှင် ဒီလိုချုပ်ချယ်သည်ကိုကြိုက်မည် မဟုတ်သည်ကို သိလို့ မိုးစက် သူ့ကို အပြတ်ပြောလိုက်သည်။

'ကျွန်မကို ဒီလို မချူပ်ချယ်နဲ့။ ကျွန်မ မကြိုက်ဘူး။ ကျွန်မက မဟုတ်တာ လုပ်ထားတဲ့သူလည်း မဟုတ်ဘူး။ အခုဖယ်.... ကျွန်မ ပြန်တော့မယ်။ ဒီလိုပုံမျိုး ဆက်ဆံမယ်ဆိုရင် လက်ထပ်ဖို့ကို ကျွန်မ ပြန်စဉ်းစားရလိမ့်မယ် အကိုနှင်းထန်....'

နှင်းထန်သည် မိမိ ကို ဒေါသနှင့် စိုက်ကြည့်နေကာ ခွဲခွာမည့် စကားဖြင့် ခြိမ်းခြောက်နေသည့် မျက်ဝန်းလှလှကိုတွေ့သော် နောက်တကြိမ် စကားမဆိုနိုင်အောင် လုပ်လိုက်ပြန်သည်။

မိုးစက်သည် သူ့ရင်ဘတ်ကို အတင်းထုရိုက်သော်လည်း သူလုံးဝလွှတ်မပေးပဲ သူလိုသည်ကိုသာ ဇွတ်ယူနေတော့သည်။ နောက်ဆုံး မိုးစက်သူ့နူတ်ခမ်းကိုကိုက်လိုက်၏။ မိမိနူတ်ခမ်းထဲ သူ့သွေးများဝင်လာသောအခါ မိုးစက် သတိဝင်လာသည်။ မတော်လို့ ရောဂါတခုခုများရှိလျှင် ဆိုပြီးတွေးကာ စိတ်မသက်မသာဖြစ်သွားသည်။ နိုင်ငံခြားတွင် ကျောင်းတက်လာသည့် သူက မပွေမရှုပ်ပဲ နေမည် မဟုတ်ပေ။ တွေးပြီး မိုးစက် စိတ်ထဲ မသိုးမသန့်ဖြစ်နေမိသည်။

'အ....'

နူတ်ခမ်းကို သူမလေး သွေးထွက်အောင်ကိုက်လိုက်သဖြင့် နှင်းထန်လွှတ်ပေးလိုက်ပြီး ဒေါသမျက်ဝန်းလေးကို စိုက်ကြည့်ကာ မထိ တထိပြောလိုက်သည်။ ဒေါသထွက်နေသည့် မိုးပွင့်ကို ကြည့်ပြီး ဘာကြောင့်မှန်းမသိ နှင်းထန် စချင်စိတ်တွေပေါ်နေမိသည်။ ဒေါသ ထွက်နေသည့် သူမလေးက ခါတိုင်းလို အေးတိအေးစက် ကျောက်ရုပ်လေးထက် မိမိကို ပိုဆွဲဆောင်နေသလို ခံစားမိသည်။

'ကိုယ်က လူမလေးမှတ်နေတာ ပါပီလေးဖြစ်နေပါလား.... ကိုယ့် ခင်ပွန်းလောင်းကို ဘာကြောင့် ဒီလောက်တွန့်တိုနေတာလဲ ပြောစမ်းပါဦး မိန်းကလေး။ '

'ကျွန်မ အခွင့်အရေးယူတတ်တဲ့ယောကျ်ားကို မုန်းတယ်။'

မိုးစက်သည် သူ့ကို စိုက်ကြည့်ကာ ဒေါသနှင့် ပီသစွာပြောချလိုက်သည်။ မိမိမျက်ဝန်းထဲတွင်ထွက်နေမည့် ဒေါသ အရိပ်ယောင် များကိုလည်း မထိန်းနိုင်တော့ပေ။ ယခုအချိန်တွင် မိုးစက် စိတ်ထဲ ရှိနေသည်က မိမိကို အတင်းချုပ်ကာ နမ်းလိုက်သည် ဆိုတာ ပဲဖြစ်သည်။ မိုးပွင့်သေလုအောင် ချစ်ကာ လိုချင်သည့် ယောကျာ်းဆိုသည့် အသိလည်း မရှိတော့ပေ။

နှင်းထန်သည် သူမ၏ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ သေချာစွာထပ်မေးလိုက်သည်။ မိုးပွင့် စွပ်စွဲသည့် အချက်က နှင်းထန်၏ နားထဲ ကန့်လန့်ကြီးဝင်လာခဲ့သည် မဟုတ်လား။ အခွင့်ရေးယူတတ်သည့် ယောကျာ်းဆိုတော့ မိမိက သူမကို မဟားဒယား တခုခု လုပ်နေသည့် ပုံပေါက်နေသည် မဟုတ်လား။

'ဘာပြောတယ်။ အခွင့်ရေးယူတတ်တဲ့ ယောကျ်ားကိုမုန်းရအောင် ကျူပ်က မင်းကို ဘာအခွင့်ရေးယူနေလို့လဲ။'

'ကျွန်မကို ဘာကြောင့်နမ်းတာလဲ။'

မိုးစက်သည် မိမိကို မခံချင်စွာပြန်မေးနေသည့် သူ့ကို ဒေါသနှင့်ထပ်မေးလိုက်သည်။ ဟုတ်သည်။ မိန်းကလေး တစ်ယောက်ကို စေ့စပ်ထားသည်ဖြစ်ပါစေ။ ခွင့်မတောင်းပဲ အတင်းနမ်းသည်ဆိုကတည်းက ဒေါက်တာနှင်းထန်သည် သူ့စိတ်ထဲရှိသည်ကို ဇွတ်တရွတ်လုပ်တတ်မည့် လူဖြစ်သည်ကို သတိပြုမိလိုက်သည်။ မိုးစက် ဒေါသထွက်ရသည့် အဓိက အချက်က ယောကျာ်းချင်း အနမ်းခံလိုက်ရခြင်းဖြစ်သည်။ နမ်းတာမှ ပါးပြင်ကိုမဟုတ်။ နူတ်ခမ်းကို ပိုင်စိုးပိုင်နင်း နမ်းနေသည် မဟုတ်လား။ မိုးစက်သည် နူတ်ခမ်းကို လက်ခံနှင့်အထပ်ထပ် ပွတ်ကာ သူ့ကို ဒေါသတကြီးမေးနေခြင်းဖြစ်သည်။

သူမလေး၏ စကားကြောင့် နှင်းထန် အတော့်ကို တင်းသွားသည်။ ဘယ့်နှယ် မိမိအိမ်ပေါ်တွင်ရှိနေသည့် စေ့စပ်ပြီးသည့် မိန်းကလေးကို နမ်းလိုက်မိသည်နှင့် စွပ်စွဲခံလိုက်ရသည့်အချက်က မသိလျှင် သူက မုဒိန်းကောင်ကြီးအတိုင်းပင်။ ချစ်လွန်းလို့ လက်ဖျားနှင့်မထိပဲ အလှကြည့်ထားမိသည်ကိုပင် နောင်တရသွားမိသည်။

'သြော်.... ဒါကိုအခွင့်ရေးယူတယ်လို့မင်းထင်နေတာလား။ ကောင်းပြီလေ မင်းဒီလိုထင်မှတော့ အခွင့်ရေးယူတတ်တဲ့ ယောကျ်ားက ဘယ်လိုဆိုတာ လက်တွေ့ပြရတာပေါ့...'

နှင်းထန် ပြောပြောဆိုဆို သူမထိုင်ခုံကို နောက်သို့လှန်ချလိုက်ပြီး ရန်တွေ့ကောင်းသော နူတ်ခမ်းလေးကို အတိုးနှင့်အပြစ်ပေးရင်း လက်များက သူမအကီၤျ ကြယ်သီးကို ဖြုတ်ရန် ကြိုးစားလိုက်စဉ် မိုးစက် မျက်လုံးပြူးသွားပြီး ခေါင်းမှ ဆံပင်များပင် ထောင်ထသွား သလို ခံစားလိုက်ရသည်။ မိမိ အဖြစ်မှန်ကို သူသိသွားလို့မဖြစ်ပေ။ သူ့မာနကို မိမိထိပါးမိ သည်ကို ချက်ချင်းသိလိုက်သည်။ သူ့ကို အပျော့ဆွဲနှင့် ချော့မှရမည်ကို တွေးလိုက်မိပြီး သူ့လက်များကို အတင်းဆုပ်ကိုင်ကာ အသည်းအသန် တောင်းပန်လိုက်သည်။

'အွန်း ...အကို...အကို မိုးတောင်းပန်ပါတယ်။ အကို့ကို မိုး ဒီလို ပြောတာမဟုတ်ပါဘူး။'

နှင်းထန် သည် သူမလေး၏ အရမ်းကို လန့်နေသည့် အမူယာနှင့် တောင်းပန်စကားကြောင့်စိတ်ပြေသွားပြီး ယခုအချိန် သူ လိုချင်တာကို တောင်းမှဖြစ်မည်ဆိုတာ သိလိုက်သည်။ နှင်းထန် ထိုအခွင့်ရေးကို အလွတ်မခံနိုင်ပေ။

'ပြော.... ဒါဆို မိုး ဘာကြောင့် ကိုယ့် အနမ်းကိုငြင်းရတာလဲ.... ကိုယ်က မိုးရဲ့ခင်ပွန်းလောင်း၊ ကိုယ် မိုးကို နမ်းခွင့်တောင် မရှိဘူးလား။ မင်း ဝသုန်ကိုတော့ ပုခုံးဖက်ခွင့်ပေး ပြီး ကိုယ့်ကို ဖက်ခွင့်တောင် မပေးဘူး။ မင်း .... ဝသုန်ကိုများ ချစ်နေတာလား။'

မိုးစက်ပြာသွားသည်။ သူ သံသယဝင်လို့မဖြစ်ပေ။ မိုးပွင့် နှင့်လက်ထပ်ပြီးလျှင် အိမ်ထောင်ရေး အဆင်မပြေဖြစ်လိမ့်မည်ကို စိုးရိမ်ပြီးသူ့ကို ပြန်ချော့လိုက်သည်။

'အကို ကျွန်မကို ဘာကြောင့် မယုံရတာလဲဟင်.... ကျွန်မ နဲ့ ဝသုန်က ဖြူစင်တယ် ဆိုတာ သစ္စာဆိုရဲပါတယ်. အကို သံသယကင်းအောင် ကျွန်မ ဘယ်လိုလုပ်ပေးရမလဲ။ အကို ကျွန်မကို မယုံကြည်ဘူးဆိုရင် စေ့စပ်ပွဲကို ဖျက်ချင်ဖျက်လိုက်ပါ။ '

'ဘာပြောတယ်။ မင်းက တမင် စေ့စပ်ပွဲဖျက်ဖို့ အကြောင်းရှာတာလား မိုး။ မင်းကို ကိုယ် ချစ်လွန်းလို့ သဝန်တိုနေတယ်ဆိုတာ သိရဲ့လား။ ကိုယ်မင်းကို စိတ်မချတာ မင်းကိုယ့်ကို ချစ်တယ်လို့ မပြောလို့ပဲ။ '

မိုးစက် သူ့သံသယကိုသိလိုက်ရတော့မှ စိတ်အေးသွား၏။ ရယ်လည်းရယ်ချင်၊ ဝမ်းလည်းသာသွားသည်။ မိုးပွင့်ကို သူချစ်နေမှဖြစ် မည်။ မိုးပွင့်က အရမ်းဆိုးသည်။ သူ အရမ်းကိုချစ်နေမှ မိုးပွင့်အတွက် မိမိစိတ်အေးရမည်ဖြစ်သည်။ ထို့ကြောင့် မိုးစက် သူလက်ခံမည့် အဖြေကို ပေးလိုက်သည်။

'သြော် ...အကိုရယ်။ ကျွန်မက အကို့ကို မချစ်ပဲ စေ့စပ်ပါ့မလား။ အကို့စည်းစိမ်ကို မက်မောလို့ စေ့စပ်ဖို့ သဘောတူတယ် ထင်လို့လားဟင်....'

'အဲ့လို မထင်ပါဘူး။ ဒါပေမယ့် ချစ်တယ်သာပြောတယ် မိုးက ကိုယ့်ကို ဘာတစ်ခုမှ မလိုက်လျောဘူး။ ကိုယ် ဘယ်လို ယုံရမလဲ။'

မိုးစက်၏ မျက်နှာနီသွားပြီး တိုးတိုးမေးလိုက်သည်။ သူဘာတောင်းဆိုမည်ကို မိမိအနည်းငယ်တော့ ရိပ်မိလိုက်သည်။ သို့သော် ညီမလေးအတွက် မိမိ မေးမှဖြစ်မည်။

'အကို့ကို ဘာလိုက်လျောရမှာလဲ.....'

'ကိုယ့်ကို နမ်းပါ။ ပြီးတော့ သမီးရည်းစားလို ကိုယ့်ကို နေထိုင်ခွင့်ပြုပါ။'

မိုးစက် မျက်လုံးပြူးသွားသည်။ သူလိုချင်သည်က မလွန်ဘူးဆိုတာ သိပေမယ့် လက်ပွန်းတသီး ထိခွင့်ပေးလျှင် မိမိ ထည့်ထားသည့် အတုများကို သူရိပ်မိသွားပေလိမ့်မည်။ ထိုအခါ မည်သို့ဖြစ်မည်ကို မိုးစက် ဆက်မတွေးရဲတော့ပေ။

'ဟင့်အင်း ....မဖြစ်ဘူး။'

'ဘာမဖြစ်တာလဲ ပြော...မပြောရင် ကိုယ် မင်းကို ဒီနေ့ရအောင်ယူပြီး အမြန်ဆုံး လက်ထပ်မယ်။'

မိုးစက် စိတ်အိုက်သွားသည်။ လက်ရှိ အခြေနေကို အကောင်းဆုံးဖြေရှင်းမည့်နည်းကို အမြန်စဉ်းစားလိုက်သည်။ နောက်ဆုံး တစ်နည်းပဲရှိတော့သည်ကို သိလိုက်သည်။ ထို့ကြောင့်သက်ပြင်းရှိုက်ကာ သူ့လည်ပင်းကို သိုင်းဖက်ပြီး ပါးပြင်ကို ဖွဖွနမ်း လိုက်သည်။ ပြီးတော့ တိုးတိုးပြောလိုက်သည်။ အဖြစ်မှန်တွင် မုသား အနည်းငယ်ရောစွတ်လိုက်သည်။ အဓိက သူယုံသွားဖို့ အရေးကြီးသည်။ မာန်ဖီနေသည့် ကျားဆိုးကို ထိန်းဖို့အချိုသပ်ရမည်။

'မိုး အကို့ကို ချစ်ပါတယ်။ မိုး ရှစ်နှစ်သမီးကတည်းက ဖေဖေ့ဆီကနေ အကို့ပုံကိုမြင်ဖူးခဲ့တယ်။ အဲ့ကတည်းက အကို့ကို ချစ်ခဲ့တာပါ။ ဒါကြောင့် အကို့ဘေးကို လာခဲ့တာ။ အကို တမျိုးထင်မှာစိုးလို့ အကို့ကို မိုးခပ်ခွာခွာနေမိတာပါ။ အကို အခု မိုးကို အထင်သေးသွားပြီလားဟင်.... '

နှင်းထန်သည် မိုးပွင့်၏ ဖွင့်ဟဝန်ခံစကားကြောင့် ကျေနပ်သွားပြီး သေချာပြန်မေးလိုက်သည်။ မိုးပွင့်ပြောသည့် အကြောင်းကို မိမိဘာမှ မမှတ်မိတော့သဖြင့် အသေချာပြန်မေးနေခြင်းဖြစ်သည်။ မိမိ သဘောကျမိသည့် မိန်းကလေးကို ဆုံခဲ့ဖူးတာကို သေချာသိ ချင်နေမိသည်။

'ဒါဆို လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ကိုကို နဲ့ မိုးဆုံခဲ့ဖူးတယ်ပေါ့။ ကိုကို မမှတ်မိတော့ဘူး၊ ဘယ်မှာဆုံခဲ့တာလဲ။'

'မြစ်ကြီးနားကို ကိုကို့ဖေဖေနဲ့ လိုက်ခဲ့တုန်းကလေ။ ကိုကို ကျွန်မတို့မောင်နှမ နဲ့အတူ ဆော့ကြသေးတယ်။ အဲ့ကတည်းက မိုး ကိုကို့ကို ချစ်ခဲ့တာပါ။'

'ဒါနဲ့များ ကိုကို နမ်းတာကို ဘာလို့ငြင်းရတာလဲ မိုးလေးရယ်။'

နှင်းထန် ၏ မှတ်ဉာဏ်ထဲ ဝါးတားတားမှတ်မိလာသလိုပင်။ သူ အလယ်တန်းကျောင်းသားဘဝက မြစ်ကြီးနားကို ဒယ်ဒီနှင့် လိုက်သွားဖူးသည်။ ဒယ်ဒီ့ သူငယ်ချင်း၏ သားနှင့်သမီး နှစ်ဦးနှင့် မိမိ ဆော့ကစားဖူးသည်ကို ပြန်အမှတ်ရလာသည်။ ထိုစဉ်က မိုးပွင့်သည် စူပုပ်ပုပ်နှင့် အမြဲစိတ်ကောက်နေသည့် ကလေးမလေးဖြစ်သည်မှာ မယုံနိုင်ချင်စရာကောင်းလှသည်။ သူမငယ်စဉ်က ဆိုးသလောက် ကြီးလာတော့ အတော့်ကို ချစ်စရာကောင်းလှသည်။ ဒါကြောင့် လူကြီးတွေက ငယ်စဉ်မှာ ဆိုးတဲ့ကလေးက ကြီးရင် လိမ်မာသည်ဟု ပြောကြသည်မလား။ သူမလေးသည် ယခုလို တည်ငြိမ်အေးဆေးကာ အလုပ်ကြိုးစားသည့် မိန်းကလေးဖြစ်လာ သည်က မိမိအတွက် ကံကောင်းခြင်းဖြစ်သည်။

လက်ထပ်ပြီးလျှင် မိန်းမကို ခိုင်းစားမည် မဟုတ်သော်လည်း အလုပ်ကို ကြိုးစားသူကို နှင်းထန် သဘောကျသည်။ အစွမ်းစ ရှိသူကို လေးစားသည်။ ထို့ကြောင့် အနေထိုင် တည်ကြည်လွန်းသည့် ချစ်မိသော သူမလေး၏ နဖူးလေးကိုငြင်သာစွာ နမ်းလိုက်သည်။ သူမလေးကို နှင်းထန် ပိုပြီးသဘောကျလာမိသည်။

မိုးစက်သည် အကိုနှင်းထန်၏ စိတ်တို့ တည်ငြိမ်သွားသောအခါမှ အနုနည်းနှင့် ချော့ရတော့သည်။ သူ့အိမ်တွင် မိမိနေနေရသော ကြောင့် သူ့စိတ်ကို ထိန်းနိုင်ရန် စကားလုံးနှင့်ချုပ်ရန် ကြိုးစားရတော့သည်။ အနည်းဆုံး ညီမလေး ပြန်လာသည်အထိ သူ့ကို ထိန်းထားနိုင်လျှင်ရလေပြီ။ ထို့ကြောင့် မိုးစက်က သူ့ကို မော့ကြည့်ကာ လေအေးလေးနှင့် ပြောလိုက်သည်။ ရင်ထဲတွင်တော့ သူ့ရင်ခွင်ထဲ အဖက်ခံထားရသဖြင့် အူယားလှပြီ။ အနေလည်းခက်လှသည်။ သို့သော် မိုးပွင့်အတွက်ဆိုသည့် စိတ်ကြောင့် မိုးစက် တောင့်ခံနေနိုင်ခြင်းဖြစ်သည်။

'မိုးလေ မင်္ဂလာဦးညမှ ကိုကို့ကို တကိုယ်လုံးပေးချင်တယ်။ ကိုကိုက ရုတ်တရက် နမ်းတော့ မိုး အရမ်းရှက်သွားတယ်။ မိုး... တခါမှ အနမ်းမခံဖူးတော့ ရှက်ဒေါသနဲ့ပြောမိတာပါ။ မိုးကို ခွင့်လွှတ်ပါနော် ကိုကို့ကို မိုး တမင်ရိုင်းတာ မဟုတ်ပါဘူး။ '

မိုးစက် ခပ်တည်တည်နှင့် သူကြွေလောက်သည့် စကားလုံးများဖြင့် ချွဲလိုက်ရသည်။ ရယ်ချင်ရိပ်ကို သူတွေ့သွားမည်စိုးသဖြင့် ပြောပြီး သည်နှင့် မျက်လွှာချထားခြင်းဖြစ်သည်။ သူ့စကားကို ကြားသောအခါ အကိုနှင်းထန် ကျေနပ်သွားဟန်တူသည်။ ခပ်တင်းတင်း ဖက်ထားသည်ကို လျော့ပေးကာ လေအေးလေးနှင့် ပြောခဲ့သည်။

'သြော်... မိုးလေးရယ်... ကိုကို့ အချစ်လေးရယ်.... ကိုကို မိုးကို အရင်ကထက် ပိုချစ် သွားပြီ။ ကောင်းပါပြီ။ မင်္ဂလာဦးညအထိ ကိုယ်စောင့်ပါ့မယ်။ ဒါပေမယ့် ကိုကို အနမ်းကို တော့ မငြင်းရဘူးနော်။ '

မိုးစက် သူ့ကို မျက်လွှာပင့်ကြည့်ကာ ရှက်ရိပ်နှင့် ပြောလိုက်သည်။ မိုးစက်၏ မျက်နှာ တစ်ခုလုံး အငွေ့ထွက်တော့မလား ထင်မိအောင် တရှိန်းရှိန်းပူလို့နေသည်။ ယောကျာ်းလေးခြင်းကို ဒီလိုပြောနေရတာ အင်မတန်ကို အူယားစရာ၊ မျက်နှာပူ စရာ ကောင်းလှသည်။ မတတ်နိုင်တော့ပေ။ မိုးပွင့်အတွက် အကိုဖြစ်သူ မိမိက ဒီလောက်တော့ လုပ်ပေးရမည်ဟု စိတ်ကို ဒုံးဒုံးချထားလိုက်သည်။

'အင်း... မြန်မာလိုပဲ နမ်းရမယ်နော်။'

နှင်းထန်က ရယ်ချင်ရိပ်ဖြင့် မျက်နှာ့ တပြင်လုံး ရဲရဲနီနေသော မိုးပွင့်လေးကို ကျီစယ်လိုက်သည်။ ဒီမိန်းကလေး ရှက်နေလျှင် ဘယ်လိုကို ချစ်စရာကောင်းသည်ကို သူမဖာသာ သိမည့်ပုံမပေါ်ပေ။ ဒါကို နှင်းထန် အူယားမိသည်။ သူမလေးကို ဖျစ်ညစ်ကာ ကိုက်ပစ်ချင်လာမိသည်။

'မြန်မာလိုက ဘယ်လိုနမ်းတာလဲ ..ပြော။'

'ကိုကိုနော်။ သိရဲ့သားနဲ့။ ပြီးတော့ လူရှေ့မှာ မဖက်ရဘူး။ '

'ကောင်းပါပြီ။ ကိုကို လူမမြင်မှ နမ်းမယ်။ ဖက်ပါ့မယ်.. ကဲ ကျေနပ်ပြီလား။'

မိုးစက် သူ့ကို အသာလေး ထပ်ပြောလိုက်သည်။ မိမိ၏ တဦးတည်းသော သူငယ်ချင်းလေး ဝသုန်နှင့် မိမိကို သံသယကင်းဖို့ သူ့ကို ပြောရသည်။ မပြောလို့လည်း မဖြစ်ပေ။ မိုးပွင့်လာသည်အထိ ဝသုန့်ကို မိမိမတွေ့ရဘူးဆိုလျှင် မိုးစက် ဘယ်လိုမှ သည်းခံနိုင်မည် မဟုတ်ပေ။ ဝသုန်က မိမိ၏ ကိုယ်ပွားဆိုလည်းဟုတ်၊ ညီအစ်ကိုဆိုလည်းဟုတ်။ ဝသုန့်ကို အထင်လွဲတာကိုလည်း မိုးစက် လုံး၀ မမြင်ချင်ပေ။

'ပြီးတော့ မိုးကို ဝသုန်နဲ့ ဘယ်တော့မှ သံသယ မဝင်ရဘူးနော် ကိုကို။ ဝသုန်ကလေ မိုးအတွက် အကိုတစ်ယောက်လိုပါပဲ။ သူက အခု ရန်ကုန်ကို သီချင်းခွေအတွက် လာတာ။ မိုးက သူ့ကို လိုတာ ကူညီပေးချင်ရုံလေးပါ။ ပြီးတော့ ဝသုန့်ကို ကိုကို သံသယဝင် တာ မိုး စိတ်မကောင်းဘူး။ မိုးရဲ့ ကိုယ်ကျင့်တရားကို ကိုကိုမယုံသလို ခံစားရလို့ပါ။'

'အင်း .... အဲ့ဒါတော့ မိုး အပေါ်ပဲ မူတည်တယ်။ သူနဲ့ တရင်းတနှီး ဖက်လားပြုလား မနေရဘူးနော်။ ကိုယ် မကြိုက်ဘူး။ အရင်က မိုးနဲ့သူက မောင်နှမလို ဘယ်လောက်ပဲနေခဲ့ပါစေ။ အခု မိုးက ကိုယ့် ဇနီးလောင်းဖြစ်နေပြီလေ။ ပြီးတော့ မောင်နှမစိတ် ဘယ်လို ထားထား တကယ် မောင်နှမ ဖြစ်လာတာ မဟုတ်ဘူးလေ။ ကိုယ်က မိုးကို ကိုကိုက လွဲရင် ဘယ်သူမှ ထိတာကို မကြိုက်ဘူး။ ကိုကိုတောင် မထိရက်၊ မကိုင်ရက် အမြတ်တနိုးထားခဲ့တာလေ။ ဒါကြောင့် ဝသုန်ပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် မိုးကိုထိတာ ကိုကို မကြိုက်ဘူး။ ကိုယ်မကြိုက်တာ ထပ်လုပ်ရင် မိုး ကိုယ့်ကို အဆိုး မဆိုနဲ့။'

မိုးစက် တစ်ချက်ငြိမ်သွားပြီး ခေါင်းငြိမ့်လိုက်သည်။ သူကျေနပ်သွာတော့မှ မိုးစက်၏နဖူးလေးကို တချက်နမ်းကာ လွှတ်ပေး လိုက်သည်။ နဖူးပဲ နမ်းလို့တော်သေးသည်ဟု တွေးလိုက်မိသည်။ သို့သော် သူ့နူတ်ခမ်းနှင့် ထိလိုက်သည့် နေရာက ပူသွားသလို ခံစားလိုက်ရသည်။ ကြာလျှင် ရူးတော့မည်ဟု မိုးစက်တွေးမိသည်။




အချစ်စစ်၏ တည်နေရာSeason (1)Donde viven las historias. Descúbrelo ahora