Season - 1အပိုင်း (7)

1.4K 108 0
                                    


အချစ်စစ်၏ တည်နေရာ

Season - 1

အပိုင်း (7)

'မိုး ...ဒီမှာ လူတွေ နဲ့။ အိမ်ကျမှ လွတ်လွတ်လပ်လပ် နေကြတာပေါ့။'

နှင်းထန် သူမလေးကို နှစ်သိမ့်ကာ အိမ်ကို ပြန်ရန် ဘီလ်တောင်းလိုက်သည်။ မိုးပွင့်သည် ဒေါက်တာနှင်းထန်၏ အပြုအမှုကြောင့် စိတ်ထဲထင့်သွားသည်။ မိုးစက် နှင့် မိမိ နေပုံ အရမ်းကွာခြားသွားပြီလားဟု တွေးလိုက်မိသည်။ ထို့ကြောင့် ကိုကို့ကို ခွင့်တောင်းကာ Toilet ထဲဝင်ပြီး မိုးစက်ကို အကျိုးကြောင်းမေးလိုက်သည်။

'ဟာ ... နင် သူ့ကို ချက်ချင်း အဲ့လို သွားမလုပ်လိုက်နဲ့။ သူ နင့်ကို သံသယ ဝင်သွား လိမ့်မယ်။ သူက အရမ်းရဲတင်းတာ မကြိုက်ဘူး။ '

'ကျွတ် .... ကိုကို က အရမ်းအောက်တာပဲ။ အင်းပါ။ ငါ့ အမူအရာပြင်ပါ့မယ်။ နင် သူ့ရှေ့ပေါ်မလာနဲ့နော်။ သူ ရိပ်မိသွား လိမ့်မယ်။'

'စိတ်ချပါ။ နင်သာ ပိပိရိရိ ဆက်နေလိုက်။လက်ထပ်ပြီးရင် သူနင့်ကို လက်ခံသွားမှာပါ။'

'အေးပါ။ မိုးစက် ...'

'ဘာလဲ ..'

'ကျေးဇူးပဲ...'

'ok ငါ လစ်ပြီနော်။ အိမ်ကလူတွေကို နာမည်လွဲမခေါ်နဲ့ဦးနော်။'

'အင်း ...'

မိုးပွင့် အကိုနှင့် ဖုန်းပြောပြီးမှ သူ့ထံထွက်လာခဲ့သည်။ အပြန်တွင် သူ့ကို အရမ်းမကပ်ပဲ ခပ်တည်တည် ခပ်အေးအေးသာ နေလိုက် သည်။ ဒေါက်တာနှင်းထန်သည် အိမ်သာမှပြန်လာပြီး ပုံစံပြောင်းသွားသော သူမကြောင့် အံ့သြ ရပြန်သည်။ သူမ မိမိကို စိတ်ဆိုး သွားပြီလားဟု ထင်မိသော်လည်း အနည်းငယ် စိတ် သက်သာရာ ရသွားသည်။ ယခင်က မိမိကို တရင်းတနှီး နေစေချင်သော်လည်း ယခုလို သူမ၏ လက်ပွန်းတသီးနေဟန်ကိုတွေ့သော် သူမလေး၏ ယခင်ပုံစံကိုသာ မိမိ မြတ်နိုး မိသည်ကို ကောင်းစွာသိ လိုက်လေပြီ။

ခေတ်မှီသော်လည်း လုံခြုံသော ဝတ်စုံနှင့် မိမိ မျက်စိယဉ်နေခဲ့ရာမှ ယခုလို တကိုင်းကြိုး ဂါဝန်အတိုလေးနှင့် ရှိသမျှ ရှိုက်ကြီးဖိုငယ် ကိုမြင်ရသော သူမသည် ပိုပြီး sexy ကျသော် လည်း နှင်းထန် ကြည့်ရသည်မှာ အမြင်ရိုင်းနေသည်။ တွေ့သမျှ ယောကျ်ားလေးတိုင်း က သမင်လည်ပြန်ကြည့်သည်ကို တွေ့သော်လည်း နှင်းထန် ယခင်လို မနာလိုစိတ် ထွက်မလာပဲ စိတ်အနှောက်အယှက်သာ ဖြစ်နေမိသည်။ သူမ ဘာစိတ်ကုူးပေါက်ပြီး ယခုလို ဝတ်ထားသည်ကို စဉ်းစားလို့ မရပေ။

အိမ်သို့ရောက်သောအခါ အလုပ်သမားအားလုံး ထွက်သွားစဉ်နှင့် ကွဲပြားခြားနားသော မမလေးကို အံ့အားသင့်ကာ ကြောင်ကြည့်နေမိသည်။

'အို ... မိုးလေး..... ဆံပင် ပုံစံနဲ့ အဝတ်အစားက သွားတုန်းကနဲ့ မတူပါလား။ '

ဒေါ်ပိုက သူမလေးကို အံ့အားသင့်ကာ ပြောလိုက်သည်။ မိုးပွင့်သည် အိမ်တော်ထိန်း အလုပ်သမား အဖွားကြီး၏ စကားကြောင့် ဒေါသထွက်သွားသည်။ သိူ့သော် ဒေါသကို ထိန်းကာ လေသံချိုချိုဖြင့် ပြန်ဖြေလိုက်သည်။

'ဟုတ်တယ် ဒေါ်ပို။ ကိုကို့ကို အံ့သြသွာစေချင်လို့ အပြင်မှာသွားပြင်လိုက်တာ။ မိုးရဲ့ အထုပ်တွေကို အပေါ်ထပ် ပို့ပေးပါဦး။'

ဒေါ်ပိုသည် မိုးပွင့်၏ ထူးထူးဆန်းဆန်း ခိုင်းစေမှူကြောင့် အံ့အားသင့်သွားသော်လည်း ဘာမှ မပြောပဲ သူမ အမိန့်အတိုင်း အထုပ်များကို အပေါ်ထပ်သို့ ပို့ပေးလိုက်သည်။ မိုးပွင့်၏ အကြည့်များက ယခင်လိုရင်းနှီးမှူမရှိသည်ကို သတိထားမိလိုက်သည်။

မိုးပွင့် အိမ်သို့ရောက်သည်နှင့် မိုးစက်ပို့ထားသော email ကိုဖတ်ကာ ပြောဆိုပုံကို တတ်နိုင်သလောက် ထိန်းကာ ပျော့ပြောင်းစွာပြောကြည့်သည်။ ဒေါက်တာနှင်းထန်က မိမိကို အသည်းအသန်ချစ်သည်ကို သိသော် တဖြည်းဖြည်း စိတ်ချလာသည်။

အိမ်ကို မိမိစိတ်တိုင်းကျ ပြင်ဆင်တော့သည်။ လက်ထပ်ရေးကို တက်ကြွစွာ ကိုယ်တိုင်ပါဝင် လုပ်ဆောင်သည်။

လက်ထပ်ရန် နီးလာလေ မိုးပွင့်က ပျော်ရွှင်သလောက် ဒေါက်တာနှင်းထန်က စိတ်ရှူပ် ထွေးလာသည်။ မိုးပွင့်၏ စကားပြောပုံတို့ကပြောင်းလဲမှူမရှိသော်လည်း သူမ၏ စိတ်နေ စိတ်ထားနှင့် အမူအကျင့်တို့က လုံးဝကွဲပြားသွားတော့သည်။

မိုးပွင့်သည် အလှအပကို ပိုမိုစိတ်ဝင်စားလာပြီး မိမိကို ချွဲနွဲ့လာသည်။ သူမ၏ အထိအ တွေ့ကို လုံးဝရင်မခုန်သဖြင့် မိမိကိုယ်ကိုလည်း ဒေါသထွက်မိသည်။ ယခင်လို အရှက် အကြောက်ကြီးသော သူမလေးကို မိမိလွမ်းနေမိသည်။

တနေ့တွင် မိုးပွင့်ကို Spa သို့လိုက်ပို့ပြီးပြန်အလာ ဝသုန့်ကားပေါ်တွင် မိုးပွင့်လိုက်ပါ သွားသည်ကို မြင်လိုက်သဖြင့် ရင်ထဲ ဒေါသတို့ ဆူဝေလာ၏။ သို့သော် မိမိ ယခု လိုက်ပို့ခဲ့သော ဆံပင်အညိုရောင်ဖြင့် ကောက်ထားသော မိုးပွင့် မဟုတ်ပဲ နက်မှောင် သောဆံပင် ဖြောင့်ဖြောင့်စင်းစင်းကို ကျောတွင် မြင်းမှီးပုံခြည်ထားသော မိုးပွင့်ဖြစ်နေ သဖြင့် ရင်တဒိတ်ဒိတ်ခုန်လာပြီး ချက်ချင်း ထိုကားနောက်သို့ အမှီလိုက်ခဲ့သည်။တခါက မိမိ လိုက်ချောင်းသော တင်းနစ်ကွင်းတွင် ကားရပ်သွားသဖြင့် နှင်းထန် ကားကို စက်သပ်ကာ သေချာစွာစောင့်ကြည့် နေလိုက်သည်။

'ဟာ...'

ကားပေါ်မှ ဆင်းလာသော သူသည် မိမိထင်သလို မိန်းကလေးမဟုတ်ပဲ ဆွဲဆောင်မှုရှိ ကာ ရုပ်ချောသည့် ယောကျ်ားလေး တစ်ယောက်ဖြစ်နေသည်။ ထို ကောင်လေးက မိမိ ဇနီးလောင်း မိုးပွင့်နှင့်လည်း ခွဲမရအောင် ရုပ်ခြင်းတူနေသေးသည်။

'မိုးစက်...'

ဒေါက်တာနှင်းထန် အံ့အားသင့်ကာ ရေရွတ်လိုက်မိသည်။ ဒက်ဒီပြောပြဖူးသော မိုးပွင့်၏ အကို မိုးစက်ဖြစ်ကြောင်း တန်းသိ လိုက်သည်။ ကိုယ်နှင့်ကွက်တိ ခေတ်မှီမှီချုပ်ထားသော အဝတ်ကြောင့် ယောကျ်ားလေးဖြစ်ကြောင်း မိမိ သေချာသွားသည်။ နှစ်ဦးသား ရယ်ရယ်မောမောဖြင့် ကားပါကင်မှ တင်းနစ်ကွင်း ဘက်သို့ ထွက်သွားကြသည်။ နှင်းထန်သည် စူးစမ်းလိုစိတ်ဖြင့် သူတို့နောက်သို့ လိုက်လာခဲ့သည်။

ဝန်ထမ်းကောင်လေးက နှင်းထန်အနားသို့လာပြီး လေးစားစွာမေးသဖြင့် ဖြေရသေးသည်။

'အကို တင်းနစ် ကစားမှာလား။ ရေကူးမှာလား ခင်ဗျ'

'ကိုယ့် အသိတွေကို လာရှာတာပါ။'

'ဘယ်သူများလဲ အကို'

'ဝသုန် နဲ့ မိုးစက်ပါ။'

'သြော် ကိုဝသုန်တို့က တင်းနစ်ကွင်းမှာပါ အကို။ ဒီနေ့ သူတို့ချိန်းပွဲရှိတယ်။ ဒီဘက် မှာပါ အကို။ ကျွန်တော် လိုက်ပို့ပေးရမလား ခင်ဗျာ။'

'ရတယ် ညီလေး။ အကို့ ဖာသာပဲသွားမယ်.'

နှင်းထန် သည် ဝန်ထမ်းကောင်လေးကို ပြန်လွှတ်ပြီး တင်းနစ်ကွင်းဘက် ထွက်လာခဲ့ သည်။ ကွင်းထဲတွင် မိုးစက်နှင့် ဝသုန်က တစ်ဖက်၊ ကောင်လေးနှစ်ယောက်က တစ်ဖက် ဖြင့် သဲသဲမဲမဲ ကစားနေကြပြီ။ ကွင်းထဲ ပြေးလွှားကာ ခုန်ခုန်ပြီး ကစားနေသော မိုးစက် ၏ ပုံလေးကို ငေးကြည့်ရင်း ရင်ဝတွင် တစ်ဆို့နေသော အလွမ်းတို့ တဖြည်းဖြည်းပြိုကျ လာသလိုခံစားရသည်။

တက်ကြွသော၊ ရှင်သန်အားရှိသော၊ရိုးရှင်းသော မျက်နှာလေးသည် အနီရောင်ပြေးကာ မိမိရင်ခွင်ထဲရောက်တိုင်း နီသွားသော မျက်နှာလေးနှင့် တသွေမတိမ်းတူနေသဖြင့် ရင် တထိတ်ထိတ်ခုန်လာသည်။ လေထဲခုန်ပျံကာ တက်ကြွစွာဖြင့် ဝသုန်နှင့် အချိတ်ဆက် မိမိကစားနေသော မိုးစက်ကို ကြည့်ရင်း နှလုံးသွေးများပူနွေးလာသဖြင့် နှင်းထန် ထိတ်လန့်သွားသည်။

'နိုင်ပြီ။ ငါတို့ နိုင်ပြီ။ ဟေ့ကောင်တွေ ကတိအတိုင်း ဆူရှီလိုက်ကျွေးပေတော့။'

မိုးစက်၏ ဝမ်းသာစွာ အော်ပြောနေသော ဟန်လေးကို မက်မက်မောမော ငေးကြည့် နေမိသည်။

'အေးပါကွာ။ ဒီနေ့တော့ စားထားဦးပေါ့။ နောက်ရက်ကျရင် ငါတို့စားရမယ့် အလှည့်'

ရှုံးသောကောင်လေးက ကြုံးဝါးသည်။

'အေးပါကွာ .. မင်းသာ နိုင်ရင် ကြိုက်တဲ့ဆိုင်ရွေးပါ။ ခုတော့ ငါတို့ စားရတော့မယ်။ ဝသုန် ဘယ်ဆိုင်သွားမလဲ။ '

'Hana ပဲ သွားကြတာပေါ့။ ငါတော့ Kobay Beef စားမှာနော်။ ပိုက်ဆံ မပါရင် ပြန်ယူ ထား။ '

ဝသုန်က ညစ်ကျယ်ကျယ်ပြုံးကာ ခြိမ်းခြောက်သည်။

'ဟာ ... မိုးစက်ပြောတော့ ဆူရှီဆိုပြီး...မင်း ဈေးကြီးတာ မမှာနဲ့လေကွာ။ ငါတို့ သိပ်မပါဘူးကွ။'

ရှုံးသည့်ဘက်မှ ကောင်လေးက အလန့်တကြားပြောသည်။ ဝသုန်က အောင်နိုင်သူပြုံးပြုံး ကာပြောလိုက်သံကို ကြားလိုက်ရသည်။

'ဘယ်ရမလဲ... ဟို တနေ့က မင်း Western ဆိုင်မှာ ကင်းပုစွန်စားတုန်းက ဒီရုပ်လား။ မရဘူးနော် ဟေ့ကောင် ငွေမလောက်လို့ ကတော့ မင်းတို့ နေခဲ့တော့ပဲ...'

'အေးပါကွာ .... လုပ်ထားပေါ့... မင်းတို့က အောင်နိုင်သူကိုး။'

မိုးစက်က သူငယ်ချင်းများ ပြောနေသည်ကို ချွေးသုတ်ရင်း တပြုံးပြုံးဖြင့် နားထောင် နေသည်။

'ကဲ ... စကားပြောမှာလား။ ရေကူးမှာလား။ ငါ သွားနှင့်တော့မယ်...'

'ငါတို့လည်း လိုက်မယ်။ '

လေးယောက်သား ရေကူးကန်ဘက်သို့ထွက်သွားသဖြင့် နှင်းထန် နောက်မှ လိုက်ခဲ့ပြန် သည်။ ရေတဝမော့သောက်ကာ အဝတ်စားချွတ်ပြီး ရေကူးဘောင်းဘီဖြင့် ရေပန်းအောက် ရေလောင်းချိုးနေသော မိုးစက်၏ သွယ်သွယ်ကျစ်ကျစ် ခန္ဓကိုယ်ကို စိုက်ကြည့်ရင်း သက်ပြင်းချမိသည်။ မိုးစက်သည် ယောက်ျားစစ်စစ် ဆိုတာ လက်မခံချင်လို့မရတော့ပေ။ ရေကန်ထဲခုန်ဆင်း ကာ သူငယ်ချင်းများနှင့် ဗြောင်းဆန်အောင် ဆော့ကာ ပြုံးပျော်နေသော ချာတိတ်လေး၏ မျက်နှာထက်မှ မိမိ မြတ်နိုးခဲ့သော အပြုံးများ ရှိနေသည်က ထူးဆန်းလွန်းလှသည်။

အားရပါးရပြုံးလိုက်လျှင် နူူတ်ခမ်းဖျားနှစ်ဖက် ကော့တက်သွားပုံက မိမိ အိပ်မက်ထဲထိတိုင် လွှမ်းမိုးနိုင်လွန်းသော အပြုံးလေး ဖြစ်သည်။ နှင်းထန်သည် ရင်ခုန်လွန်းသဖြင့် ရင်ဘတ်ကိုပင် လက်နှင့်ယောင်မှားကာ ဖိထားမိသည်။

'လွမ်းလိုက်ရတာ မိုးရယ်။'

ဒေါက်တာနှင်းထန်သည် ရေထဲတွင် ကလေးများပမာ လုံးထွေးကစားနေသော လူငယ်လေးများကို ငေးကြည့်ရင်း စိတ်တို့ ရှုပ်ထွေးလာသည်။ မိမိချစ်ရသောမိန်းကလေးကို ရုတ်တရက် သွေးအေးသွားပြီး သူမ၏ ရုပ်ချင်းတူလှသည့် အမွှာအကိုကို ရင်ခုန်နေမိသည့် မိမိ အဖြစ်ကိုလည်းရှက်မိသည်။ ယောကျ်ားလေးတစ်ဦးကို မိမိဘာကြောင့် ချစ်သောမိုး ဟုထင်မိသည်ကို ကိုယ့်ဖာသာ မသိတော့ပေ။ သေချာတာကတော့ မိမိဘေး တွင် ရှိသော မိုးသည် ဆွဲအားပြင်းကာ စူးရှသောအလှကို ပိုင်ထားသည်။ ရေထဲမှ ကောင်လေးက အေးချမ်းကာ ရိုးသားသောအလှကို ပိုင်ထားသည်။ သူက မိန်းကလေး မဟုတ်သည်ကလွဲရင် မိမိချစ်မိသော မိန်းကလေးနှင့် တထေရာတည်း တူနေသည်။

ဒေါက်တာနှင်းထန် သက်ပြင်းကို ၁၀ ကြိမ်မြောက်ချလိုက်မိစဉ် ရေထဲမှ ကောင်လေးများထဲမှ တစ်ယောက်က မိုးစက်ကို လှမ်းမေးလိုက်သည်။

'ဟေး... မိုးစက် ... မင်း ညီမ စင်္ကာပူက ပြန်လာပြီလား။'

'အေး ... '

'သူ့သင်တန်း ပြီးသွားပြီလား။ ဝသုန်ပြောတော့ နောက်လမှ ပြန်လာမယ်ဆို'

'သင်တန်းဆင်းပွဲကို မတက်ပဲ ပြန်လာလိုက်တာ။ သူက လက်ထပ်တော့မှာ။ ဒါကြောင့် စောပြန်လာတာ။ မင်းတို့ နောက်ကျသွား ပြီပေါ့ကွာ။ နောက်ဘဝမှ ငါ့ယောက်ဖ လုပ်ကြတော့။'

ဝသုန် နှင့် အခြားကောင်လေးက ရေကူးပြိုင်နေပြီး မိုးစက်နှင့်သူငယ်ချင်းတစ်ယောက်က ကန်ဘောင်ကိုမှီကာ စကားပြော နေခြင်းဖြစ်သည်။ နှင်းထန်သည် ခပ်လှမ်းလှမ်း ပန်းပင်အကွယ်ရှိ ခုံတန်းတွင်ထိုင်ကာ နားထောင်နေလိုက်သည်။ သူတို့ ပြောနေသည့် အကြောင်းအရာကို ရုတ်တရက် နှင်းထန် နားမလည်နိုင် ဖြစ်နေသည်။ သူတို့ပြောစကားအရ မိုးပွင့် ပြန်ရောက်သည်မှာ မကြာသေးပေ။ မိုးစက်က တောက်လျှောက်ရှိနေပုံဖြင့် ပြောနေကြသည်။

'ဟာ.... မိုးပွင့် လက်ထပ်တော့မှာ တကယ်လား။ ပျော်လိုက်တာကွာ။'

'မင်းစကားက ဘယ်လိုကြီးတုန်း။'

'ဟဲ...ဟဲ အမှန်တိုင်းပြောရင် ငါတို့ မိုးပွင့်ကို ကြောက်တယ်ကွ။ သူက အရမ်းတဇွတ်ထိုးလုပ်တတ်တယ်။ သူ့ကို မနိုင်ဘူး။ သူနဲ့မင်းက ပြောင်းပြန်ဖြစ်နေတယ်။ မင်းကမိန်းကလေး ဖြစ်ပြီး သူက ယောကျ်ားလေးဖြစ်ရမှာ။ဒါဆို ငါပြေးပြီး မင်းကို လက်ထပ်မှာပေါ့။'

မိုးစက်သည် သူငယ်ချင်းကို လည်ပင်းဖက်ကာ ရေထဲဆွဲနှစ်ရန်လုပ်ကာ ကျီစယ်သည်။ ချာတိတ်လေးကို ကြည့်ရတာ သူ့ညီမကို အရမ်းချစ်ပုံရသည်။ နုပျိုသောမျက်နှာလေးက ချစ်ခြင်းနှင့် နူးညံ့လို့နေသည်။

'လဒ ... အကောင်းမှတ်လို့ နားထောင်နေတာ။ မင်းက ငါ့ကို မိန်းကလေး ဖြစ်စေချင်နေ တာကိုး။ တွေ့မယ်။ လာ...'

'ဟ..ဟ.. သဘောပြောတာပါကွ... ဝသုန်... ကယ်ပါဦး..'

ဝသုန် နှင့် အခြားကောင်လေး အနားရောက်လာတော့ ရယ်မောကာ ဝိုင်းဆွဲကြသည်။

'မင်းက သူ့ညီမကို သွားထိတာကိုး။ သူက အဲ့တချက်ကလွဲရင် မင်းတို့ဘာပြောပြော သည်းခံတယ်။ '

'မဟုတ်ပါဘူးကွာ။ မိုးလေးဆိုးတယ်ပြောတာ ငါလက်ခံပါတယ်။ သူ့ကိုဒဏ်ကို ငါက အကိုမို့ အများဆုံးခံရတာပါ။ဒီကောင်က ငါ့ကို မိန်းမဖြစ်ရင် လက်ထပ်မယ်ဆိုလို့ပါကွာ'

ဝသုန်က ရယ်မောကာ

'ဒါကတော့ အမှန်ပဲ။ မင်းသာ မိန်းကလေးဖြစ်ရင် ယောကျ်ားတွေ ဝိုင်းနေမှာပဲ။ အဲ့ထဲမှာ ငါတို့တွေလည်းပါနိုင်တာပဲ။

'မင်းပြောမှ ပိုတောင်ဆိုးနေပါပြီ လဒရာ။ တော်ပြီ။ တက်တော့မယ်။ '

ထိုစဉ် ဝန်ထမ်းလေးက ရေသန့်ဗူးလာပို့ရင်း

'အကိုတို့ဆီ ဧည့်သည်လွှတ်လိုက်တယ်။ တွေ့သွားရဲ့လားခင်ဗျာ။ '

ဝသုန်က အလုပ်ကိစ္စဖြင့် သူ့ထံလာသူ ထင်သောကြောင့် ပုံစံ ကိုမေးလိုက်သည်။

'ဟုတ်လား။ ဘယ်လိုပုံစံလဲ။ အသားလတ်လတ်၊ မျက်မှန်နဲ့လား။'

'မဟုတ်ဘူး အကို။ အရပ်မြင့်မြင့် အသားဖြူဖြူနဲ့ပါအကို။ သူ့ဖာသာလာမယ်ဆိုလို့ တင်းနစ်ကွင်းဘက်ကို ညွှန်လိုက်တာပါ။'

ဝသုန် စဉ်းစားလို့မရသဖြင့် မိုးစက်ကို လှည့်မေးလိုက်သည်။

'ငါ့ မိတ်ဆွေထဲမှာ ဒီပုံစံ မရှိဘူး။ မိုးစက် မင်း မိတ်ဆွေကို ချိန်းထားသေးလား။'

'NO ဘာဖြစ်လို့။'

'ငါတို့ကို လာရှာတဲ့သူ ရှိလို့တဲ့။'

နှင်းထန်သည် ခြုံနောက် ခုံတန်းမှ ထလာပြီး သူတို့ထံသို့ ထွက်လာခဲ့သည်။

'ဒီအကိုပဲခင်ဗျာ။ အကိုတို့ တွေ့ပြီးပြီ အောက်မေ့နေတာ။'

ဝန်ထမ်းလေးပြောပြီး ထွက်သွားသည်။

ဝသုန်နှင့် မိုးစက်သည် ဘွားခနဲပေါ်လာသော သူ့ကို ငေးကြည့်ကာ စကားမဆိုနိုင် အောင် ဖြစ်မိသည်။ မိုးစက်သည် အလိမ်ပေါ်သွားပြီလားဟု တွေးကာ ညီမအတွက် စိုးရိမ်သွားသည်။ ဝသုန် အခြေနေကို ထိန်းလိုက်သည်။

'အကို ... ဒီကို ဘာလာလုပ်တာလဲ။ '

'ကိုယ် လမ်းမှာ မင်းတို့ကို တွေ့လိုက်လို့လိုက်လာခဲ့တာ။ မင်းက မိုးစက်လား။'

ဒေါက်တာနှင်းထန် မိုးစက်ကို ဦးတည်မေးလိုက်သည်။ မိုးစက် သည် အလိမ်မပေါ်သေးသဖြင့် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

'ဟုတ်ပါတယ် အကို။ ကျွန်တော် မိုးစက်ပါ။ ညီမလေးက အကို့အကြောင်းပြောပြထား ပါတယ်။ ကျွန်တော်တို့နောက်လိုက်ခဲ့တာ ဘာကိစ္စရှိလို့လဲ အကို။ ညီမလေး တစ်ခုခု ဖြစ်လို့လား။'

နှင်းထန် သည် မိုးစက် စကားပြောပုံလေးကိုကြည့်ကာ မိမိချစ်ခဲ့သော မိန်းကလေး၏ အမူယာလေးများကို ပြန်မြင်ယောင်ကာ သူ ဘာပြောလိုက်သည်ကို မကြားလိုက်ပေ။

'ဟင်... ညီ ဘာပြောလိုက်တာလဲ။'

'မိုးပွင့် တစ်ခုခုဖြစ်လို့လား အကို။'

'မဖြစ်ပါဘူး ညီ။ ညီ့ကို တွေ့တော့ အကိုက မိုးပွင့် အောက်မေ့လို့ လိုက်လာခဲ့တာပါ။ ညီတို့ မောင်နှမက တူလှချည်လား။ မင်းသာ မိန်းကလေးလို ဝတ်ထားရင် ကိုယ်မင်းကို မိုးပွင့်လို့ထင်မိမှာပဲ။'

သူ့စကားကြောင့် မိုးစက် ရင်ထိတ်သွားသော်လည်း ဟန်မပျက်ပြုံးကာ ပြန်ဖြေလိုက်သည်။

'ဟုတ်တယ်အကို။ ကျွန်တော်တို့ကို ဖေဖေတောင် မခွဲနိုင်ဘူး။ အကို့ကို နုတ်ဆက်ဖို့ ကျွန်တော် လာခဲ့ပါအုံးမယ် ခင်ဗျာ။ စေ့စပ်ပွဲတုန်းက ခရီးလွန်နေလို့ မလာဖြစ်တာ တောင်းပန်ပါတယ်။'

'ညီဘယ်မှာတည်းတာလဲ။ရန်ကုန်ရောက်တာ ကြာပြီလား။ကိုယ့်အိမ်မှာလာတည်းလေ'

'ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဝသုန့်တိုက်ခန်းမှာ တည်းပါတယ်အကို။ ရန်ကုန် ရောက်တာကြာပါပြီ။ ဒီလိုပဲ သွားလိုက်၊လာလိုက်နဲ့ပါပဲ။'

ထိုအချိန်တွင် ဝသုန်ရေထဲမှ ကန်ဘောင်ပေါ်တက်သွား၏။

'မင်းတက်တော့မှာလား ဝသုန်။'

'ငါချိန်းထားတာရှိလို့..ဒီနေ့ စောစောသွားရမယ်။ ဟိုကောင်တွေ ကျွေးတာလည်း လိုက်စားရအုံးမယ် ။ မင်းတို့ မတက်သေးဘူးလားကွ။ အကို ကျွန်တော့်ကို ခွင့်ပြုပါဦး။ သွားစရာလေး ရှိလို့ပါ။'

ဝသုန်က သူတို့အားလုံးကို ပြောရင်း တစ်လက်စတည်း အကိုနှင်းထန်ကို ပြောလိုက်သည်။ ဒီလိုစကားစဖြတ်မှ။ မဟုတ်လျှင် အားလုံးပေါ်ကုန်မှာစိုးရသည်။

'တက်မှပေါ့ကွ။ မင်းကလည်း ငါ့ကို စောင့်ပါအုံး။ ဟေ့ကောင်တွေ ...တက်တော့။ အကို ကျွန်တော် သွားတော့မယ်။ နောက်ရက် အိမ်ကို လာခဲ့ပါဦးမယ် ခင်ဗျ'

ဝသုန် မျက်မှောင်ကြုတ်ကာ ပြောလိုက်သဖြင့် အကိုနှင်းထန် ရောက်နေသည်ကို သဘောမကျကြောင်း ရိပ်မိကာ မိုးစက် ရယ်ကျဲကျဲဖြင့် နှင်းထန်ကို နူတ်ဆက်ကာ ရေထဲမှ တက်ကာ ဝသုန်နောက်သို့ပြေးလိုက်ခဲ့သည်။ ကောင်လေးနှစ်ယောက်က နှင်းထန်ကို သနားဟန်ဖြင့် ကြည့်ကာ အသီးသီးလိုက်သွားကြသည်။

ဒေါက်တာနှင်းထန်သည် ရေကူးဘောင်းဘီသာဝတ်ထားသော ကောင်လေး၏ ကျောပြင် ကို ငေးကြည့်ကာ ကျန်ရစ်ခဲ့သည်။မိုးစက်သည် ယောကျ်ားစစ်စစ်ဖြစ်လျှင် မိမိချစ်မိသော မိုးပွင့်က အိမ်တွင်ရောက်နေသော မိန်းကလေးဖြစ်ရမည်။

အဘယ့်ကြောင့်ဆိုသော် သူမလေးကို မိမိဖက်ကာ နမ်းမိစဉ် အိထွေးသော အထိအတွေ့ များအရ သူမ သည် မိန်းကလေး စစ်စစ်ဖြစ်သည်။ ယောက်ျားလေးသာဆိုလျှင် အိစက်သော အထိအတွေ့ ကို ပိုင်ဆိုင်မည် မဟုတ်ပေ။ ပြီးတော့ သူမလေးကို နမ်းလိုက်စဉ် နူတ်ခမ်းလေးများက နူးညံ့ချိုသာလှသည်။ ယောကျ်ားလေးနူူတ်ခမ်းက ဒီလောက် ချိုမြိန် နိုင်ပါ့မလား။

'ငါ ဘာတွေ တွေးနေမိတာပါလိမ့်။ ဘာကြောင့် ယောက်ျားလေး တစ်ယောက်အနမ်းကို တွေးနေမှာလဲ။ ငါချစ်မိခဲ့တာ မိန်းကလေး တစ်ယောက်ပါ။ ဘယ်လိုအကြောင်းနဲ့ပဲ ဖြစ် ဖြစ် ငါ မိန်းကလေးတစ်ယောက်ကိုပဲချစ်ပြီး လက်ထပ်မှာပါ။ငါနမ်းခဲ့တာ မိန်းမစစ်စစ်ပါ။'

ဒေါက်တာနှင်းထန် စိတ်ဒုံးဒုံးချကာ ခေါင်းကိုခါပြီး မဟုတ်ကဟုတ်က အတွေးများကို ခေါင်းထဲမှ ထုတ်လိုက်သည်။ အလုပ်သို့ တန်းသွားပြီး မိုးပွင့်ကို ကြိုရန် Driver နှင့် အခြားကားကို သာလွှတ်လိုက်သည်။ မိုးပွင့်ကို မိမိ စိတ်တိုင်းမကျသည်မှာ တစ်ပတ်ကြာလေပြီ။ လေဆိပ်တွင် တွေ့သည့်နေ့ မှ စပြီး သူမ၏ ပုံစံ တမျိုးဖြစ်နေသည်။ သူမ၏ မျက်ဝန်းအကြည့်က မာကျောကာ အိမ်ရှိ အလုပ်သမားများကို ပြောဆိုပုံက ယခင်လို ပျော့ပျောင်းမှူမရှိပေ။ အသိသာဆုံးမှာ ဒေါ်ပို ကို ဆက်ဆံပုံဖြစ်သည်။ ယခင်က ဒေါ်ပိုကို အဒေါ်တစ်ဦးလို ပြောဆိုဆက်ဆံရာမှ ယခု အလုပ်သမားတစ်ဦးလို ပြောဆိုနေသဖြင့် ဒေါ်ပိုပင် မျက်နှာသိပ်မကောင်းပေ။

သူမ၏ အမှုအကျင့်များက ရုတ်တရက်ပြောင်းသွားသည်။ နေ့စဉ် ဈေးပတ်ခြင်း၊ အဝတ် အစားများဝယ်ခြင်းကို ပိုပြီးလုပ်လာသည်။ အဝတ်အစားများကလည်း ယခင်ပုံနှင့် လုံး၀ ကွဲပြားကာ နောက်ဆုံးပေါ် အတို၊အဟိုက်၊အပါးများဖြစ်လာသည်။ ယခင်လို လုံခြုံသော အဝတ်များကို လုံးဝမထိတော့ပေ။ ယိုးဒယားမင်းသမီးလေးများရှုံးအောင် ပြင်ဆင်လေ့ရှိ သဖြင့် သူမနှင့် တွဲသွားလျှင် ယောကျ်ားတိုင်းက လည်ပြန့် ကြည့်သွားခြင်းကိုခံရသည်။

ယခင်က သူမကို လက်ဆောင်ဝယ်ပေးလျှင် လုံးဝလက်မခံပဲ မိဘမဲ့ဂေဟာတွင် လှူခိုင်း ခဲ့သည့်သူမသည် ယခုတော့ သူမလိုချင်သည်ကို လက်ညှိုးထိုးကာ ပူဆာနေတော့သည်။ နောက်ဆုံး နှင်းထန်က သူမအတွက် ATM card တစ်ခုပေးကာ စိတ်ကြိုက်ဝယ်ခွင့်ပြု တော့မှ နားအေးတော့သည်။

ညနေတိုင်း အပြင်ထွက်စားသည်ကို သူမ ပိုမိုနှစ်သက်လာသည်။ သူမ စားသော အစားအစာများကလည်း ယခင်နှင့် မတူတော့ပေ။ အနောက်တိုင်း အစားအစာများကို ပိုကြိုက်ကာ ကော့တေးများလည်း သောက်တတ်လာသည်။ မိမိကို ချွဲနွဲ့ကာ ပွတ်တီးပွတ်တာ နေတတ်လာသည်။ သူ တောင်းဆိုစရာမလိုအောင် အနမ်းများလည်း ဖောဖောသီသီ ပေးလာသည်။ ပြီးတော့ ယခင်နှင့် လုံး၀ ကွဲပြားသော အချက်မှာ သူမသည် အရမ်း ကျွမ်းကျင်စွာ နမ်းတတ်လာခြင်းဖြစ်သည်။

လူ၏စိတ်က အတော်ကို ဆန်းကြယ်သည်။ နမ်းခွင့်မရှိစဉ်က သူမလေးကို နမ်းချင်သည်။ ယခုလို ဖောဖောသီသီရတော့ သူမ အနမ်းကို မလိုချင်တော့ပေ။ မြင်ခွင့်မရစဉ်က သူမ၏ ဖုံးကွယ်ထားသော အလှကမိမိကို ဆွဲဆောင်နေသည်။ ယခုတော့ သူမ၏ ရှိုက်ကြီးဖိုငယ် အသွယ်သွယ်က မိမိကို မဆွဲဆောင်နိုင်တော့ပေ။

လက်ထပ်ပွဲနီးလာလေ နှင်းထန်၏ စိတ်တို့ မတည်မငြိမ်ဖြစ်လာတော့သည်။ အရာရာ တွင် အကောင်းဆုံးသာ သုံးချင်သော မိုးပွင့်ကို သူမစိတ်ကြိုက် လုပ်ခွင့်ပြုထားခြင်းဖြင့် မိမိနားမကပ်စေရန် ဆောင်ရွက်ထားသည်။ လူရှေ့သူရှေ့ မရှောင် နမ်းတတ်သော မိုးပွင့် ကြောင့် မိမိ ဝန်ထမ်းများရှေ့ အရှက်ရပေါင်းများလှပြီ။

မိမိနံဘေးတွင် သူမ မရှိတော့မှ ယခင်ကမိမိမြတ်နိုးရသော မိုးပွင့်အကြောင်းကို အသေးစိတ် ပြန်တွေးရင်း ရင်ထဲ ဆွေးဆွေးမြည့်မြည့်ခံစားလာရသည်။ မိုးပွင့်ကို သူမအလှ ကြောင့် မိမိချစ်ခဲ့ခြင်းမဟုတ်ပေ။ သူမထက်လှသော မော်ဒယ်မိန်းကလေးပေါင်းစုံကို မိမိ ခေါင်းခေါက်ကာ တွဲနိုင်ခဲ့သည်။ သူမလေးကို မေမေ နှင့်တူသော အေးချမ်းသောအပြုံး ကို ပိုင်ဆိုင်သောကြောင့် မိမိချစ်ခဲ့သည်။ အားနည်းသူကို ဖေးမကူညီတတ်သောကြောင့် သူမလေးကို မိမိမြတ်နိုးခဲ့ခြင်းဖြစ်သည်။ အလုပ်ကြိုးစားသောကြောင့် သူမလေးကို မိမိ လေးစားခဲ့သည်။ ယခုတော့ မိမိချစ်သူကို အိပ်မက်ထဲမှာပဲ ရှာဖွေရတော့သည်။ ချစ်သူ ကိုလွမ်းတိုင်း အိပ်မက်မက်ရန်သာ ကြိုးစားရတော့သည်။

နှင်းထန်သည် မိုးစက်ကို မျှော်နေသော်လည်း လုံးဝပေါ်မလာခဲ့ပေ။ ရေကူးကန်သို့သွား ရှာသော်လည်း ထိုလူငယ်အဖွဲ့ကို လုံးဝမတွေ့ရတော့ပေ။

'ကိုဝသုန် တို့အဖွဲ့မလာတာ တစ်ပတ်လောက်ရှိပြီ အကို။ '

ရေကူးကန်ဝန်ထမ်းလေး၏ စကားကြောင့် မောကာပြန်လာခဲ့သည်။ ခြေရာဖျောက်ကာ မိမိကို တမင်ရှောင်နေသလားဟု ပင်ထင်လာသည်။ မိုးစက်နှင့်တွေ့ပြီးသည့် နောက်ပိုင်း ဒေါက်တာနှင်းထန် သက်ပြင်းကိုသာ အဖော်ပြုနေရသည်။ အိမ်ထဲ ဘယ်နေရာကို ကြည့် ကြည့် ကြည်လင်စွာပြုံးတတ်သည့် သူ့အပြုံးကိုသာ မြင်ယောင်လာသည်။ အမှတ်တမဲ့ ယောင်ယမ်းကာ ပြုံးမိပြီးမှ ခေါင်းကာသာ ခါလိုက်ရသည်။

'ငါ ချစ်တာ မိုးပွင့်၊ မိန်းကလေး စစ်စစ်ကို ငါချစ်တာ။ '

နှင်းထန် ထိုစကားကို ဂါထာရွတ်သလို ရွတ်နေမိသည်။ နောက်ဆုံး ဘယ်လိုမှ အောင့် ထားလို့မရအောင် မိုးစက်၏ မျက်နှာလေးကို တွေ့ချင်လွန်းလှသဖြင့် မိုးပွင့်ကို မေးလိုက်ရသည်။

'မိုး ... မိုးရဲ့ အကို မိုးစက်ကို ဘာကြောင့် အိမ် အလည်မခေါ်တာလဲ။ ခေါ်လိုက်ပါ။ ကိုကို နဲ့ သူက ဆွေမျိုးတော်ရတော့မှာ။ ကိုကို သူနဲ့ စကားပြောကြည့်ချင်တယ်။'

မိုးပွင့်သည် သူ့ကို ဆတ်ခနဲ ကြည့်ကာ

'ကိုကို မိုးစက်ကို ဘယ်မှာတွေ့ခဲ့တာလဲ။'

'ကိုကို သူ့ကို ရေကူးကန်မှာ တွေ့ခဲ့တယ် မိုး။ သူက အိမ်ကို အလည်လာမယ်ပြောပြီး မလာသေးလို့ပါ။ ကိုကိုတို့နဲ့ ညစာ အတူစားဖို့ ဖိတ်လိုက်ပါ။ ကိုကို့ ယောက်ဖလောင်း ကို တွေ့ချင်တယ်။'

ဒေါက်တာနှင်းထန်၏ လေသံက ပြတ်သားနေသောကြောင့် မိုးပွင့် မငြင်းနိုင်တော့ပေ။ မိမိငြင်းလိုက်လျှင် သူ သံသယ ဝင်သွားနိုင်သည်။ထို့ကြောင့် သူ့ကို တစ်ချက်စိုက် ကြည့်ကာ မိုးစက်ထံ ဖုန်းခေါ်လိုက်သည်။

တဖက်မှ ဖုန်းကိုင်ရန် စောင့်နေစဉ် အချိန်တခဏလေးကို နှင်းထန် ရင်ခုန်စွာ စောင့်နေမိ သည်။ မိုးပွင့်၏ စူးစမ်းသောအကြည့်ကို မသိဟန်ဆောင်နေလိုက်သည်။

'ဟယ်လို ... မိုးစက် .... ကိုကို က နင်နဲ့ စကားပြောချင်လို့တဲ့။ ခဏလေးနော်။'

မိုးပွင့် သူ့ထ ံဖုန်းကိုကမ်းပေးလာသဖြင့် နှင်းထန် လှမ်းယူကာ ရင်ခုန်စွာ ပြောလိုက် သည်။

'ဟယ်လို .... မိုးစက်လား။ ကိုယ် နှင်းထန်ပါ။ '

'ဟုတ်ကဲ့ အကို ။ အမိန့်ရှိပါ ခင်ဗျာ။'

'မင်းကို ညစာအတူစားဖို့ ခေါ်မလို့ပါ။မင်း အိမ်လာမည်မယ် ပြောလို့ ကိုယ်မျှော်နေ သေးတယ်။ ဒီညနေ အားရင် လာခဲ့ပါလား။'

'ဆောရီးပဲ အကို။ ကျွန်တော်နဲ့ ဝသုန် ဘန်ကောက်ရောက်နေလို့ပါ။ ကျွန်တော်တို့ နည်းနည်းကြာဦးမယ် အကို။ ပြန်ရောက်ရင် အကို့ဆီကို လာခဲ့ပါ့မယ်။ ညစာစားဖိတ်လို့ ကျေးဇူးတင်ပါတယ် အကို။'

'အလုပ်ကိစ္စ္စ္စနဲ့လား ညီလေး။ ခု ဟိုတယ်မှာ တည်းတာလား။'

'အလုပ်ကိစ္စ္စ္စနဲ့ပါ အကို။ ဝသုန့် ဦးလေး အိမ်မှာတည်းပါတယ်။ အကို ဘာမှာဦးမလဲ။ ကျွန်တော်ဝယ်လာပေးပါ့မယ်။'

'ကျေးဇူးပဲ ညီ။ ဘာမှ မမှာတော့ပါဘူး။ ကျန်းမာရေးကို ကရုစိုက်နော်။ အကူညီလိုရင် ဖုန်းလှမ်းဆက်လိုက်ပါ။ ညီ ပြန်ရောက်ရင် တွေ့ကြမယ်။'

'ဟုတ်ကဲ့ပါ အကို။ ညီမလေးကို သတိရတယ်ပြောပေးပါ အကို။'

'ကောင်းပါပြီ။ Bye ညီ။'

နှင်းထန်သည် မိုးစက်နှင့် ဖုန်းပြောပြီး စိတ်လက်ပေါ့ပါးသွားသည်။ ဖုန်းကို မိုးပွင့်အား လှမ်းပေးပြီး

'ကျေးဇူးပဲမိုး။ မိုး အကိုက သတိရကြောင်းပြောခိုင်းလိုက်တယ်။'

မိုးပွင့်သည် အကိုနှင်းထန် ဖုန်းပြောနေသည့် တချိန်လုံး အကဲခတ်နေသည်။ သေချာသွားလေပြီ။ သူ မိမိ အမွှာအစ်ကို မိုးစက် ကို ချစ်မိသွားပြီ။ မိုးပွင့်ရင်ဝယ် ဒေါသ တို့ဆူဝေလာသည်။ နောက်တစ်ခါ ဖြစ်ပြန်ပြီ။ မိုးပွင့် သည် မိမိ ချစ်သူကို အကိုနှင့် ပြိုင်လုရမည့် အဖြစ်ကို ခံပြင်းဒေါသထွက်မိသည်။ ငယ်စဉ်ကတည်းက ငယ်သူငယ်ချင်း ဝသုန်သည်လည်း မိမိထက် မိုးစက်ကို ပိုချစ်သည်။ ကျောင်းတွင် အတန်းဖော် ကောင်မလေးများကလည်း စာတော်ကာ ကူညီတတ်သော မိုးစက်ကို ဝိုင်းဝိုင်းလည်သကဲ့သို့ ကောင်လေးများကလည်း မိုးစက်ကိုသာခင်ကြသည်။

ငယ်ကတည်းက မိမိနဲ့ယှဉ်လျှင် မိုးစက်က စိတ်ထားပျော့ပြောင်းသည်။ မည်သူ့ကိုမဆို တည့်အောင်ပေါင်းတတ်သည်။ ယောကျ်ားလေးတန်မယ့် မျက်နှာက အမြဲပြုံးနေတတ် သည်။ မိမိကို အနွံတာခံတတ်လွန်းသည်ကို သဘောကျသော်လည်း သူများကို လုပ်ပေး တတ်လွန်းသည်က မုန်းသည်။ မိုးစက်၏ ကရုစိုက်မှုကို မိမိတစ်ဦးတည်းသာ ပိုင်ဆိုင်ချင် သောကြောင့် သူ့သူငယ်ချင်းများကို မိမိမုန်းသည်။ သူ့သူငယ်ချင်းများကလည်း မိုးစက် မှ မိုးစက် ဖြစ်သည်။ မိုးစက်နှင့် မိမိ ရုပ်ချင်းတထေရာတည်း တူသည့်တိုင် မိုးစက်ကိုသာ ချစ်ကြသည်။

မိုးပွင့် ငယ်စဉ်ကတည်းက မိုးစက်ကို မိမိထက် လူများပိုချစ်၊ ပိုကရုစိုက်သည်ကို တွေ့ သော် ရင်ဝယ်တိတ်တိတ်လေး မိုးစက်ကို မုန်းလာသည်။ ဖေဖေကလည်း မိုးစက်ကို အမြဲ အကောင်းမြင်သည်။ ဆရာ၊ဆရာမ များကလည်း မိုးစက်ကို မျက်နှာလိုက်သည်။ သူငယ်ချင်းများကလည်း မိုးစက်ကို ပိုခင်သည်။ ဝသုန်ပင်လျှင် မိုးစက် အတွက်အသက် ပင်ပေးဝံ့သည်။ မိမိက သူ့ညီဝမ်းကွဲကို အသည်းခွဲမိသဖြင့် စကားပင်ဟဟ မပြောတော့ပေ။

မိုးစက် မိမိကို အရမ်းချစ်ကာ အလိုလိုက်သည်ကို သိသော်လည်း အသက်ကြီးလာသော အခါ တဖြည်းဖြည်းနှင့် မိမိက အပယ်ခံလူသား တစ်ဦးလိုဖြစ်လာသည်။ မိမိနှင့် ရုပ်ချင်းတူလှသည့် အမွှာအကို သာမရှိလျှင် လူအားလုံး အချစ်ကို မိမိသာ ပိုင်ဆိုင်နိုင်မလား ဟု တခါတလေတွေးမိရင်း မိုးစက်ကို ချစ်လည်းချစ် မုန်းလည်းမုန်းလာသည်။

၁၀ တန်းဖြေပြီး မိမိတို့မြို့တွင် ဖက်ရှင်ရှိုးတစ်ခုလျှောက်ရန် ဝသုန်က လာခေါ်သဖြင့် လက်ခံခဲ့သည်။ ပြိုင်ပွဲအတွက် လေ့ကျင့်စဉ် ဝသုန်နှင့် စကားများပြီး မိုးပွင့် ထွက်သွား ခဲ့သည်။ မိုးစက်က မိမိကို လိုက်ချော့သော်လည်း မိုးပွင့်ပြန်မလာခဲ့ပေ။ နောက်ဆုံး မိုးစက်က မိမိ အစားဟန်ဆောင်ပြီး ဝသုန် နှင့် ပြိုင်ပွဲတွင် ဝင်ပြိုင်ခဲ့သည်။ဝသုန်ကို ဆုမရစေရန် ဆုတောင်းသော်လည်း မိုးစက် ကူညီသောကြောင့် ပထမဆုရခဲ့သည်။

မိုးပွင့် တစ်ယောက်တည်း ဒေါသဖြင့် အိမ်သို့ပြန်ခဲ့သည်။ ထိုနေ့က မိုးစက် မုန့်ဝယ်ကာ လာချော့သော်လည်း မိုးပွင့် စိတ်ကောက် ကာ အားလုံးလွှင့်ပစ်ခဲ့သည်။ နောက်တနေ့ နေ့လည် အိမ်သို့ မိမိတို့ထက် ခြောက်နှစ်၊ခုနှစ်နှစ်ခန့် ကြီးဟန်တူသော အကိုကြီး တစ်ဦး မိမိကိုလာရှာသည်။ မိုးစက်က ပျာပျာသလဲ အခန်းထဲ ပြေးဝင်လာပြီး မိမိကို အကူအညီတောင်းသည်။

'မိုးပွင့်.... နင် အဲ့ အကိုကြီးကို ထွက်တွေ့ပြီး တစ်ခုခု ပြောလိုက်စမ်းပါ။'

'ငါ ဘာကြောင့်ပြောရမှာလဲ။ သူ့ကို ငါမှ မသိတာ။'

'အဲ့ဒါ မနေ့က ဆုပေးတဲ့ company က လူဟ။ ငါ့ကို နင်အောက်မေ့ပြီး အိမ်လိုက်လာ တာနေမှာ။ တခုခု ကြည့်ပြော လိုက်စမ်း ပါဟာ။'

'အကောင်းပြောရမှာလား။ အဆိုးပြောရမှာလား။'

'နင်ကြိုက်သလိုပြော။ သူ ငါတို့ကို သံသယ မဝင်ပဲပြန်သွားရင်ပြီးရော။'

'ငါလုပ်ပေးရင် နင်ငါ့ကို ဘာပေးမှာလဲ။'

'နင် ကလည်းဟာ။ နင်လိုချင်တာ ပြော။ ငါဝယ်ပေးမယ်။ အခု မြန်မြန်လေးသွားစမ်းပါ။'

'တကယ်နော် မိုးစက်။ ပြီးမှ နင်ကတိ မဖျက်ရဘူး။'

'အေးပါ။ ငါ ဘယ်တုန်းက ကတိဖျက်ဖူးလို့လဲ။'

မိုးပွင့် ပြုံးရွှင်စွာဖြင့် ကိုရန်နိုင်ဆိုသည့် အကိုကြီးကို ကောင်းကောင်း မွန်မွန် ထွက်တွေ့ လိုက်သည်။ ကိုရန်နိုင်က ပထမ မိမိကို ကောင်းမွန်စွာ စကားပြောနေသော်လည်း ခဏ ကြာသောအခါ စကားစဖြတ်ကာ နူတ်ဆက်ပြီးထွက်သွားသည်။ သူ့ပုံစံ ကြည့်ရ သည်မှာ မိမိ ကို မိုးစက်မဟုတ်မှန်းသိသွားပုံရသည်။ မိုးပွင့်စိတ်ထဲ ဘယ်လိုမှ မခံစားရသေးပေ။ မိုးစက်ကို သူပြန်သွားကြောင်း ဝင်ပြောကာ မိမိလိုချင်သော ဖိနပ်ဝယ်ပေးရန်ပြောလိုက် သည်။ မိုးစက် က ဝယ်ပေးမည် ကတိပေးပြီး ဝသုန်နှင့်ချိန်းထားသော လက်ဖက်ရည်ဆိုင် သို့ထွက်သွားသည်။ လက်ဖက်ရည်ဆိုင်မှ အပြန် အိမ်သို့ ကိုရန်နိုင် ပါလာသော အခါ မိုးပွင့် သိသွားသည်။ ကိုရန်နိုင်က မိမိကို လာရှာတာမဟုတ်။ မိုးစက်ကို လာရှာခြင်း ဖြစ်သည်။

ထိုအချိန်တွင် မိုးပွင့် စိတ်ထဲ တမျိုးတမြည်ဖြစ်လာသည်။ အပျိုလေး ပီပီ ကိုရန်နိုင်ကိုတော့ စိတ်ကူးယဉ်မိသည်။ မိမိကို စိတ်ဝင်စား ကာ အရေးပေးစေချင်သည်။ မိုးပွင့် ကိုရန်နိုင်ကို အရေးပေးသော်လည်း သူက မိမိထက် မိုးစက်ကို ပိုခင်တွယ်သည်။ နောက်ဆုံး သူက မိုးစက်ကို ယောကျ်ားလေးမှန်း သိလျက်နှင့် ချစ်ကြောင်းဖွင့် ပြောသည်ကို မိမိသိသောအခါ မိုးပွင့် အရမ်းရှက်သွားသည်။ မိမိ ရှုံးနိမ့်သူမှာ မိမိနှင့် ရုပ်ချင်းစွပ်ခွျှတ်တူသည့် အမွှာ အကိုဖြစ်သည်ဆိုသည့် အချက်က မိုးပွင့်ကို အကြီးအကျယ် ထိုးနှက်လိုက်သည်။

ထိုအချိန်ကစပြီး မိုးပွင့် ရင်ထဲတွင် မိုးစက်သည် အကိုနေရာထက် ပြိုင်ဖက်တစ်ယောက်သဖွယ်မြင်လာမိသည်။ ညတိုင်း မိုးစက် အိပ်ပျော်နေချိန် အခန်းထဲဝင်ကြည့်ပြီး မိုးပွင့် တယောက်တည်း မကျေမချမ်းဖြစ်မိသည်။ မိမိ နှင့် တစ်ရုပ်တည်းမွေးဖွားလာသော မိုးစက်ကို တဖြည်းဖြည်း မုန်းလာသည်။ သို့သော် မိုးပွင့်သည် ထိုခံစားချက်ကြောင့် မိမိကိုယ်ကို အပြစ်ရှိသလို ခံစားနေရသည်။ ထို့ကြောင့် မိုးစက်နှင့် နီးနီးကပ်ကပ် သိပ်မနေတော့ပဲ ရန်ကုန်တွင် ကျောင်းတက်ရန် ဖခင်ကို ပူဆာကာ ကျောင်းပြောင်းလာ ခဲ့သည်။ မိုးစက်၏ အရိပ်အောက်မှ မိမိ ထွက်ပြေးလာခဲ့သည်။




အချစ်စစ်၏ တည်နေရာSeason (1)Where stories live. Discover now