အချစ်စစ်၏ တည်နေရာ
Season - 1
အပိုင်း (5)
'အခုမှ စိတ်ချမ်းသာသွားတော့တာပဲကွာ။ ကဲ မနက်စာ သွားစားပြီး အလုပ်သွားမယ်'
မိုးစက်သည် သူ့ကို ထိန်းလိုက်နိုင်သောကြောင့် သက်ပြင်းလေးခိုးချလိုက်မိသည်။ မိုးပွင့် ပြန်ရောက်လာသည်အထိ သူ့ကို မိမိ ထိန်းနိုင်မှဖြစ်မည်။ ၂ လခန့်သာကျန်တော့သည်။ မိမိဒုက္ခခံရလျှင်လည်း မကြာတော့ပေ။ မိုးစက် သူ့နံဘေးတွင် ဆက်လက်ပြီး ပိပိရိရိ နေနိုင်မှဖြစ်မည်။ မိုးပွင့်အတွက် ခင်ပွန်းကောင်းကို မိမိ ရအောင်ရှာပေးနိုင်ရန် မိုးစက် ဆက်လက်အပင်ပန်းခံရန် ဆုံးဖြတ် လိုက်သည်။ မိမိ အနမ်းခံရသည်ကို ဝသုန်မသိအောင် ဖုန်းကွယ်ထားရမည်။
သူသာသိလျှင် မိမိကို ရအောင်ခေါ်ထုတ် သွားပေ လိမ့်မည်။ ဝသုန်က မိမိအတွက် ညီအစ်ကို ကောင်းတစ်ဦးဖြစ်သည်။ မိမိ ဒီလောက် ဒုက္ခ္ခနေမှန်းသိလျှင် မိမိကိုထိုးမှာ သေချာသည်။ ဘာကြောင့်လည်းဆိုတော့ ဝသုန်က မိမိကို တကယ့် ညီအရင်းလို ချစ်သည်မဟုတ်လား။ ငယ်စဉ်ကတည်းက မိုးပွင့်ကြောင့် မိမိ နစ်နာတိုင်း ဝသုန်က မိုးပွင့်ကို ပိုပိုမုန်းလာသည်။ ဒီလို ညီမနှင့် သူငယ်ချင်း အပြန်လှန်ရန်စောင်နေသည်ကို မိုးစက်မလိုလားပေ။ ထို့ကြောင့် မိမိ အကိုနှင်းထန်၏ အဖက်၊ အနမ်းကို ခံနေရသည့်တိုင် ဝသုန့်ကို နည်းနည်မှ ဖွင့်ပြောလို့ မဖြစ်ပေ။
နှင်းထန်သည် မိုးပွင့်၏ ကိုကိုခေါ်သံကြောင့် ပျော်တပြုံးပြုံးဖြစ်နေသည်။ မိုးပွင့်ကို တရားဝင် ဖက်ခွင့်၊နမ်းခွင့်ရသွားသဖြင့် ကျေနပ်နေ၏။ နောက်ဆုံး ကျောက်ဆစ်ရုပ်လို မိန်းကလေးက မိမိကို ကိုကိုခေါ်ခဲ့လေပြီ။ ရှက်ရိပ်ဝဲ၀ဲနှင့် သူမလေး၏ အနမ်းကိုလည်း ရခဲ့ဖူးလေပြီ။ နှင်းထန် သည် မိုးပွင့်၏ အနမ်းကို ပြန်ပြန်တွေးကာ တနေကုန် ပြုံးတုံ့တုံ့ဖြစ်နေသဖြင့် အလုပ်မှ ဝန်ထမ်းများပင် မသိမသာ ဝိုင်းအကဲခတ်နေကြသည်။ မိုးစက်ကတော့ မိမိနှင့် မသက်ဆိုင်သလို သူ့ကို လှည့်ပင် မကြည့်ပဲ အလုပ်ကိုသာ ကုန်းလုပ်နေမိသည်။
မိုးစက်သည် ညီမအတွက် အရှက်ကို ဘေးချိတ်ကာ သူ့ကိုအလိုက်အထိုက် ဆက်ဆံ နေလိုက်၏။ အလုပ်ခွင်ထဲတွင် မိုးစက် သူ့အကြောင်းခေါင်းထဲမှ ထုတ်ကာ အလုပ်ကို တစ်ခုပြီး တစ်ခု ဆက်တိုက်လုပ်နေ၏။ နှင်းထန်သည် သူမလေး ဒီလောက်တည်ငြိမ် နေနိ်ုင်သည်ကို အံ့အားသင့်နေမိသည်။ သူမလေး၏ တည်ငြိမ်ပုံကိုကြည့်ကာ မိုးပွင့် မိမိကို တကယ်ချစ်ရဲ့လားဟုပင် သံသယ ဝင်လာမိပြန်သည်။ မိုးပွင့်က ချစ်သည်ပြောသည့်တိုင် တည်ငြိမ်လွန်းသည့် နေထိုင်ပုံက မိမိကို စိတ်မအေးနိုင်အောင်ဖြစ်မိသည်။
---------------------------------------------------------------------------------
မိုးစက်သည် ညီမလေးအတွက်ဟန်ဆောင်ရင်း တဖြည်းဖြည်းနှင့် အခက်ကြုံလာရသည်။ အကိုနှင်းထန်ကို တကယ့်စေ့စပ်ထား သူလို လက်တွဲခံနေရပြီ။ တခါတရံ ပါးပြင်ကို သူ ဖြတ်ခနဲနမ်းလိုက်တိုင်း ကြက်သီးမွေးညှင်းများထောင်ထ သွားတတ်သည်။ ထိုအခါတိုင်း ဘယ်သူမှမမြင်သော်လည်း မိုးစက်၏ မျက်နှာ ရေနွေးနှင့် ပက်ခံရသည့်နှယ် ရှိန်းခနဲ ပူပူ သွားတတ်သည်။
နှင်းထန်သည် သူမလေးအရှက်ကြီးတတ်ပုံကို တွေ့တိုင်းပိုပိုပြီး မြတ်နိုးလာသည်။ အရှက်တရားကြီးကာ ကြင်နာတတ်သည့် မိန်းကလေးကို မြင်တိုင်း မေမေ့ကို သတိရစမြဲ ပင်ဖြစ်သည်။ မိုးပွင့်ကို မေမေနှင့်တူသောကြောင့် မိမိချစ်မိခြင်းဖြစ်သည်ကို သူမလေး ကတော့ သိမည်မဟုတ်ပေ။
နှင်းထန်သည် သူငယ်ချင်းတစ်ဦး၏ ဧည့်ခံပွဲကိုသွားစဉ် မိုးပွင့်ကို အတူခေါ်သွားပြီးကြွားသည်။ ဖြစ်ချင်တော့ ထိုပွဲတွင် သီချင်းဆို ဖိတ်ထားသူမှာ ဝသုန်ဖြစ်သောကြောင့် သူနှင့် တည့်တည့်တိုးတော့သည်။ ဝသုန်ကလည်း နှင်းထန်၏ လက်မောင်းကို တွဲထားသော မိုးစက်ကို တွေ့သော် မျက်မှောင်ကြုတ်လိုက်သည်။ မိုးစက်ပုံစံက လူကြားထဲ အနည်းငယ်နေရခက်နေပုံပေါ်သည်။ ကျော်သက်ခိုင် မွေးနေ့တွင် မိုးစက်ကိုတွေ့သွားပြီး ဘာဆက်ဖြစ်သည်ကို မိုးစက်က မိမိကို မပြောခဲ့ပေ။ အဆင်ပြေသည်ဟူသော စကားကို မိမိ ယုံခဲ့ပြီး အေးဆေးနေခဲ့မိသည်။
မိုးစက်သည် ဝသုန့်ကိုတွေ့သော်တွဲထားသော အကိုနှင်းထန်၏လက်ကိုမသိမသာဖြုတ်လိုက်သည်။ သို့သော် နှင်းထန်က သူမ လက်ကိုပြန်တွဲထားပြီး လုံးဝမလွှတ်တော့ပေ။ ဝသုန့်ကို မြင်သောကြောင့် မိမိနှင့် လက်တွဲတာ ဖြုတ်စရာမလိုဟု နှင်းထန် ယူဆ သည်။ ထို့ကြောင့် သူမလေး၏ လက်ကို မိမိလက်မောင်းတွင် ချိတ်ကာ မိတ်ဆွေများနှင့် ဆက်စကားပြောနေလိုက်သည်။
မိုးစက် သည် ဝသုန့်၏မျက်နှာကိုပင် မကြည့်ရဲအောင်ရှက်နေမိသည်။ အကိုနှင်းထန်က မိမိလက်ကို မလွတ်တမ်း တွဲထားသဖြင့် သူ့ သူငယ်ချင်းများက ပြုံးပြီးကြည့်သည့်တိုင် လုံးဝလွှတ်မပေးပေ။ မိုးစက်သည် အကို့သူငယ်ချင်း လုပ်ငန်းရှင်များ၏ မျက်နှာကို မကြည့်ရဲအောင် ဖြစ်မိသည်။ ပြီးတော့ မျက်နှာလည်း ပိုပိုပူလာခဲ့သည်။ ဝသုန်က မိမိကို စင်ပေါ်ကနေ စိုက်ကြည့်နေသည်ဟုချည်း စိတ်ထဲထင်နေမိသည်။
မိုးစက်၏ မျက်နှာနီနေသည်ကိုတွေ့သော် နှင်းထန် အနည်းငယ် ကျွဲမြီးတိုသွားသည်။ ထို့ကြောင့် ပြန်ခါနီးတွင် သူငယ်ချင်းကို နူတ်ဆက်ရင်း သူငယ်ချင်းကို တမင်မေးလိုက်သည်။
'မင်းငှားထားတဲ့ အဆိုတော်က အသံကောင်းသားပဲ။ အသစ်လား။'
'ဟုတ်တယ် နှင်းထန်။ ခုငါစာချုပ်ချုပ်ထားတဲ့ အဆိုတော်အသစ်လေ။မင်းနဲ့မိတ်ဆက် ပေးမယ်။ '
တေးသံသွင်းပိုင်ရှင် ကျော်စွာထက်က သူ့အဆိုတော်အသစ်လေးကို လှမ်းခေါ်လိုက်စဉ် မိုးစက် သက်ပြင်းရှိုက်မိသည်။ အကိုနှင်းထန် တမင်လုပ်သည်ကို သိသောကြောင့် နည်းနည်း စိတ်တိုသွားသည်။ သူနှင့်တွဲထားသော လက်ကိုဖြုတ်လိုက်စဉ် သူကလုံး၀ အဖြုတ်မခံပေ။ ကိုကျော်စွာထက် လှမ်းခေါ်လိုက်သဖြင့် ဝသုန် မိမိတို့နားကို လာခဲ့လေပြီ။ မိုးစက် မျက်လွှာချ ထားလိုက်မိသည်။ သူငယ်ချင်း၏ အကြည့်ကို ရင်မဆိုင်ရဲပေ။
'ဝသုန်ရေ.... ဒါ အကိုရဲ့ သူငယ်ချင်း ထန် စီးပွားရေးအုပ်စုက မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာနှင်းထန်။ဒါက ကိုနှင်းထန်ရဲ့ ဇနီးလောင်း မိုးပွင့်၊ နူတ်ဆက်လိုက်ပါဦး။'
ဝသုန်သည် အလုပ်ရှင် အကို့မျက်နှာကြောင့် ပြုံးကာ နူတ်ဆက်လိုက်သည်။ ဒေါက်တာနှင်းထန်၏ မျက်နှာက မိုးစက်၏ လက်ကို တွဲထားပြီး အင်မတန်ကို ဂုဏ်ယူနေဟန်ပေါ်သည်။ မိုးပွင့်မှတ်ပြီး သူပျော်နေသည်ကို မိမိ အပြစ်မတင်ပါ။ သို့သော် ဟိုကောင် မိုးစက် သူ့ညီမအတွက် ဒီလောက် အနစ်နာခံနေသည်ကို တွေ့တော့ မိုးစက်ကိုတော့ နည်းနည်းစိတ်တိုမိသည်။ မတော်လို့ အဖြစ်မှန်ပေါ်သွားလျှင် မိုးစက် မည်မျှ အပြောဆိုခံရမည်ကို တွေးမကြည့်ရဲတော့ပေ။
'တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျာ။ကျွန်တော်က ဝသုန်ပါ။'
'ညီ သီချင်းဆိုတာ အရမ်းကောင်းလို့ နုူတ်ဆက်ချင်လို့ခေါ်လိုက်တာပါ ညီလေး။ မိုးရဲ့ သူငယ်ချင်းက ဒီလောက်တော်တယ် ဆိုတာ ကိုကို့ကို မပြောဘူးကွာ။'
နှင်းထန်သည် ဝသုန့်ကို ချီးကျူးစကားပြောရင်း မိုးပွင့်ဘက်လှည့်ကာပြောလိုက်သည်။ သူငယ်ချင်းဖြစ်သူ ကျော်စွာထက်က အံ့အားသင့်ကာ မျက်ခုံးပင့်ကာ မေးလိုက်သည်။
'မင်း ဝသုန့် ကိုသိတယ်ပေါ့။'
'အင်း... ကိုယ့် ဇနီးလောင်းနဲ့က အချစ်ဆုံး သူငယ်ချင်းတွေလေ။'
'ဟုတ်လား။ ဝသုန်က ဘာမှ မပြောပါလား။ သူငယ်ချင်းကို နူတ်တောင်မဆက်ပါလား။'
ကျော်စွာထက်က ဝသုန်ကို အပြစ်တင်၏။ ဝသုန်က ပြုံးပြီးတောင်းပန်လိုက်သည်။
'တောင်းပန်ပါတယ် ခင်ဗျာ။ ကျွန်တော်က အလုပ်ခွင်မှာဖြစ်လို့ နူတ်မဆက်တာပါ။'
'ရပါတယ်ကွာ။ အကိုတို့ နားလည်ပါတယ်။ မိုးနဲ့ ဝသုန်က ပြောနေရမယ့်လူမှ မဟုတ်တာ။ ဝသုန် အသံကောင်းလို့ အကို တမင်ခေါ်တွေ့တာပါ။ သူငယ်ချင်း မင်း လူကောင်းတစ်ယောက်ရထားတာပဲ။ သူ့အခွေပေါက်မယ်ဆိုတာ ငါ အာမခံတယ်။ ကဲ ငါတို့ပြန်ပြီနော်။'
နှင်းထန် နုူတ်ဆက်ပြီး မိုးပွင့်ကို တွဲကာ ထွက်လာခဲ့သည်။ မိုးစက် ထိုအခါမှ သက်ပြင်းချ မိသည်။ သူတလမ်းလုံး တိတ်လာပြီး အိမ်သို့ရောက်မှ စိတ်ဆိုးစွာမေး၏။
'ဘာလဲ.... သူ့ရှေ့မှာ မိုး ကိုယ့်လက်ကို တွဲရမှာရှက်တာလား။'
မိုးစက်သည် စိတ်ဆိုးနေသော သူ့ကိုမျက်လွှာပင့်ကြည့်ကာ တိုးတိုးဖြေ၏။ ခုချိန် သူနှင့်အတိုက်ခံလုပ်လို့မဖြစ်ပေ။ အတတ်နိုင်ဆုံး ငြိမ်နေမှ တော်ကာကျမည်ဖြစ်သည်။
'မဟုတ်ပါဘူး ကိုကို ထင်လို့ပါ။'
'ဒါဆို ဘာကြောင့် မိုးကိုယ့်လက်ကိြုဖုတ်ဖို့ကြိုးစားရတာလဲ။ကိုယ်နဲ့တွဲရတာမိုးအတွက် ရှက်စရာဖြစ်နေလား။ ဒါကို ကိုယ်လုံး၀ မကျေနပ်ဘူး။ သူငယ်ချင်းနဲ့တွေ့လို့ ကိုယ့်လက်ကို လက်တွဲဖြုတ်တယ်ဆိုတာ ဘာကို ဆိုလိုတယ်ဆိုတာ မိုး သိတယ် မဟုတ်လား။'
မိုးစက် သူ့မျက်နှာကို စိုက်ကြည့်ကာ အတတ်နိုင်ဆုံးရှင်းပြလိုက်သည်။ အကိုနှင်းထန် ဘာကြောင့် ဝသုန်နှင့် မိမိကို စိုးရိမ် မကင်းဖြစ်သည်ကိုသိသည်။ မိုးစက် သူ့ကို ဒါ မိုးပွင့်ကို ချစ်လို့ သဝန်တိုတာဖြစ်လို့ မိုးစက် သည်းခံနေခြင်းဖြစ်သည်။
'မိုး အကိုနဲ့တွဲရလို့ ရှက်တာမဟုတ်ပါဘူး။ ဝသုန်နဲ့တွေ့လို့ အကို့လက်ကို မိုး လက်တွဲဖြုတ်တာလည်း မဟုတ်ပါဘူး။ မိုးနဲ့ အကိုက တရားဝင်စေ့စပ်ထားတာပဲလေ။ လူကြားထဲ လက်တွဲပြီး အကြာကြီးမနေတတ်လို့ပါ။'
'ဒါဆို ဘာကြောင့် လက်တွဲဖြုတ်ရတာလဲ။'
မိုးစက် နူတ်ဆိတ်သွား၏။ သူကျေနပ်အောင် ဘယ်လိုဖြေရင်ကောင်းမလဲ ဟု ငြိမ်ပြီး တွေးနေစဉ် နှင်းထန် သူမလေးကို ရင်ခွင်ထဲဆွဲဖက်ကာ ပြောလိုက်သည်။
'လက်ထပ်ကြစို့.....'
မိုးစက် တွန့်သွားပြီး မျက်လုံးအဝိုင်းသားနှင့် မေးလိုက်သည်။ အကိုနှင်းထန်၏ ဒိန်းဒလိန်းနတ်က အတော်ကြမ်းနေပုံရသည်။ မိုးပွင့် ပြန်မလာမချင်း လက်ထပ်လို့ မဖြစ်သေးပေ။
'ဟာ..... ဘယ်ဖြစ်မှာလဲ ကိုကို ကလဲ...'
'ဘာလို့မဖြစ်မှာလဲ.... ကိုယ်မင်းကို စိတ်မချတော့ဘူး။ လက်ထပ်ကြစို့နော်.... မနက်ဖြန် တရားရုံးမှာ လက်မှတ်ထိုးပြီး လက်ထပ်မယ်။ ပြီးမှ ဧည့်ခံပွဲလုပ်မယ်။'
နှင်းထန် သည် မိုးပွင့်၏ ပါးပြင်ကို နမ်းကာ ပြောလိုက်သည်။ ဘာရယ်မဟုတ်။ နှင်းထန်၏ စိတ်ထဲတွင် မိုးပွင့်က မိမိထက် ဝသုန့်ကို အရမ်းကို ဂရုစိုက်လွန်းသည်ကို ခံစားမိသည်။ စေ့စပ်ထားသည့် ခင်ပွန်းလောင်း တစ်ယောက်မယှဉ်နိုင်အောင် မိုးပွင့်နှင့် ဝသုန့်ကြား သံယောဇဉ်ကြိုးက နက်ရှိုင်းလွန်းလှသည်ကို အကြည့်တချက်နှင့်ပင် နှင်းထန် ခံစားမိသည်။ ဒါကြောင့် မိုးပွင့်ကို လက်ထပ်ကာ အပိုင်သိမ်းထားချင်စိတ်သာ ဖြစ်နေမိသည်။
'ကျွန်မ ကိုယ်ကျင့်တရားကို မယုံကြည်ဘဲနဲ့ လက်ထပ်ထားရင်လည်း ဘာထူးမှာလဲ။ အကို နောက်လည်း ဝသုန်နဲ့တွေ့တိုင်း ကျွန်မကို ရန်လုပ်နေမှာပဲ။ ဒီပုံစံနဲ့ ကျွန်မ လက်မထပ်နိုင်ဘူး။'
'ဘာပြောတယ်။ ကိုယ်နဲ့လက်မထပ်နိုင်ဘူး.. ဟုတ်လား။ မင်းက ဝသုန်ကြောင့် ကိုယ်နဲ့လက်ထပ်ဖို့ငြင်းတာလား။ ဝသုန်နဲ့ ရိုးသားပါတယ် ပြောပြီး သူ့နာမည်ပါလာရင် အထိမခံနိုင်အောင်ဖြစ်နေတာ ဘာသဘောလဲ။ ကိုယ်ပြောရင် အဆိုးဖြစ်ဦးမယ်။'
နှင်းထန်သည် မထင်မှတ်ပဲ တင်းမာစွာ တုန့်ပြန်လာသည့် မိုးပွင့်ကြောင့် မိမိအထင်ပိုလို့ ခိုင်မာလာခဲ့သည်။ မဖြစ်တော့ပေ။ မီးဆိုတာ မလောင်ခင်တားရမည်။ ယခုတောင် ဝသုန့် အကြောင်းစလိုက်သည်နှင့် မိုးပွင့်သည်နူးညံံ့စွာပြောနေရာမှ ကျွန်မ ဆိုသည့် အသုံးနှုန်းဖြစ်လာခဲ့သည်။ မိမိကို ကိုကိုခေါ်နေရာမှ အကို ဖြစ်လာလေပြီ။ ဒါကိုလည်း နှင်းထန် သဘောမကျပါ။
'ဟုတ်တယ်။ အကို ကျွန်မ သိက္ခာကို မယုံဘူးဆိုရင် စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်ရအောင်။ တယောက်ကိုယ်တယောက် ယုံကြည်မှုမရှိပဲ အိမ်ထောင်တစ်ခုကို ကျွန်မ မတည်ဆောက်နိုင်ဘူး။'
မိုးစက် အိမ်ပေါ်ပြေးတက်သွား၏။ သူ့ကို အပြတ်ပြောပြီး မိမိထွက်သွားတော့မည်။ သိပ်အလျှော့ပေးလွန်းလျှင် နောင် မိုးပွင့်ကို သူအနိုင်ကျင့်လိမ့်မည်။ အတ္တကြီးသော ယောကျ်ားနှင့်တော့ မိမိ ညီမနှင့် မပေးစားနိုင်ပါ။ မိုးစက် ဝသုန်ထံ ဖုန်းဆက်ကာ လာခေါ် ခိုင်းလိုက်သည်။
'ဝသုန်လား။မင်း မနက်ဖြန် မနက် ငါ့ကို ဝင်ခေါ်လိုက်။ ငါ ဒီမှာ မနေတော့ဘူး။'
'ဘယ်လိုဖြစ်တာလဲ။'
'မင်းနဲ့ ငါ့ကို သံသယဝင်လို့ စကားများကြတာ။ ဒီလောက် သဝန်တိုတတ်တဲ့ သူနဲ့ လက်ထပ်ရင် တသက်လုံး စိတ်ညစ်ရ လိမ့်မယ်။ တော်ပြီကွာ။ ငါ နောက်မှပြောပြ မယ်။ မနက်ဖြန် ဆက်ဆက်လာခေါ်လိုက်။ '
မိုးစက် ဖုန်းချလိုက်ပြီး နောက်လှည့်လိုက်စဉ် တိတ်ဆိတ်စွာရပ်ကာ ဒေါသမျက်ဝန်းဖြင့် စိုက်ကြည့်နေသော သူ့ကို တွေ့လိုက်စဉ် မျက်နှာပျက်သွား၏။ သူ မိမိ နှင့် ဝသုန် ပြောသည်ကို အားလုံးများကြားလိုက်ပြီလားဟု တွေးကာ စိုးရိမ်သွားသည်။
'အကို ဘာကြောင့် ကျွန်မ အခန်းထဲ ဝင်လာခဲ့တာလဲ'
နှင်းထန် ဘာမှမဖြေပေ။ သူ့ကို စိုက်ကြည့်ကာ သိချင်တာကိုမေးလိုက်သည်။
'မနက်ဖြန် ကိုယ့်အိမ်ကနေ ထွက်သွာတော့မယ်ပေါ့လေ... '
မိုးစက် သူ့ကို ပြန်စိုက်ကြည့်ကာ ပြန်ဖြေလိုက်သည်။ အခုရှုပ်မှ နောင်ရှင်းမဟုတ်လား။ မိုးပွင့်ကို ချစ်သော်လည်း လက်ထပ်ပြီး တစ်သက်လုံး သဝန်လိုက်တိုပြီး ရန်လုပ်နေမည့် ယောကျာ်းနှင့်တော့ လက်ထပ်မပေးချင်ပါ။ အကိုတစ်ယောက်အနေနှင့် မိမိ တားဆီးရမည်ဟု မိုးစက် တွေးမိပြီး ပြောလိုက်ခြင်းဖြစ်သည်။
'ဟုတ်တယ်။ ကျွန်မကို မယုံကြည်တဲ့ အကိုနဲ့ လက်မထပ်နိုင်တော့ဘူး။'
နှင်းထန် သည် မိုးပွင့်၏ အဖြေကိုကြားပြီးနောက် ဘာလုပ်ရမည်ကို ရှင်းရှင်းလင်းလင်း သိသွားသည်။ တံခါးကို လော့ချလိုက်ပြီး မိုးစက်နား တိုးကပ်လာကာ စိတ်ပိုင်းဖြတ်ထားသည်ကိုပြောလိုက်သည်။
'ကိုယ် မင်းကို လက်လွှတ်မခံနိုင်တော့ဘူး မိုး။ မင်းကို အဆုံးရှုံးမခံနိုင်ဘူး။ မင်းကို ကိုယ် ရအောင်ယူမှပိုင်ဆိုင်နိုင်မယ်ဆိုရင် ကိုယ် ရအောင်ယူမယ်။ ကိုယ်လုပ်သမျှက မင်းကို ချစ်လို့၊ လက်လွှတ်မခံနိုင်လို့ဆိုတာ မြဲမြဲမှတ်ထားပါ။'
မိုးစက် သူ့ရည်ရွယ်ချက်ကို သိလိုက်ရစဉ် ရင်ထဲဒိတ်ခနဲဖြစ်သွားပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော် နှင်းထန်သည် မိုးစက်ထက်ပိုမြန်သည်။ မိုးစက်၏ ကိုယ်လေးကို သိမ်းဖက်ကာ ပွေ့ချီပြီး အိပ်ယာထက်သို့ခေါ်လာသဖြင့် မိုးစက် အသည်း အသန်ရုန်း၏။ သို့သော် သန်မာသော နှင်းထန်၏ လက်မှ လွတ်အောင်မရုန်းနိုင်ပေ။
'မင်းကို ကိုယ် ဒီည အရယူမယ်'
မိုးစက် သူ့စကားကြောင့် ကြောက်သွား၏ မိမိ ဘယ်သူဆိုတာ သူသိသွားလျှင် ဖေဖေ မျက်နှာပျက် အရှက်ရလိမ့်မည်။
'အကို အွန်း ....အကို....လွှတ်ပါဦး...'
မိုးစက်၏ စကားကို သူနားမထောင်တော့ပေ။ ဒိန်းဒလိန်းပူးနေသည့် ယောကျ်ားသည် မိမိထက် နှစ်ဆ သန်မာနေသည် မဟုတ်လား။ သေးသွယ်သော မိုးစက်၏ ကိုယ်လေးသည် ဒေါက်တာနှင်းထန်၏ ရင်ခွင်အောက်တွင် နစ်မြှု့ပ်သွားတော့သည်။
X.................X............................X.......................
မိုးစက်သည် ခေါင်းကိုဘယ်ညာရမ်းကာ သူ့အနမ်းများကို ရှောင်သောအခါ မိုးစက်၏ မျက်နှာကို လက်နှင့် ညှပ်ကာ ဇွတ်ပင် အနမ်းပင်လယ်ထဲသို့ ဇွတ်ခေါ်ဆောင်သွားတော့သည်။ သူ့အနမ်းများက ခါတိုင်းလို မငြင်သာပါ။ ကြမ်းတမ်းသည်။ ရိုင်းပြသည်။ မိမိ နူတ်ခမ်းများကို ထူပူပြီး နာကျင်သွားစေသည်။ မိုးစက် သူ့ကို ကိုက်ရန်လည်း သတိမရတော့ပါ။ သူ့လက်မှ လွတ်ရန် အသည်းသန် ကြိုးစားနေရသည်။
'အွန်း.... အစ်ကို ... အွန်း..'
မိုးစက် စကားပြောရန်ကြိုးစားသော်လည်း သူက ခွင့်မပြုတော့ပေ။ သူ့လက်များက ကြယ်သီးကို ဖြုတ်ရန်ကြိုးစားသောအခါ မိုးစက် အားကုန်သုံးကာ သူ့ကိုတွန်းလိုက်ပြီး ရှက်ဒေါသဖြင့် မျက်ရည်ဝဲကာ တုန်တုန်ယင်ယင်နှင့် ပြောလိုက်သည်။
'အကို ..တော်ပါတော့။ အလိုမတူပဲ မိန်းကလေး တစ်ယောက်ကို အနိုင်ကျင့်တတ်တဲ့ ယောက်ျားကို ကျွန်မ မုန်းတယ်။ အကို့ကို လူကြီး လူကောင်းစိတ်ဓါတ်ရှိလို့ ကျွန်မက လေးစားခဲ့တာပါ။ အကို့ကို ကျွန်မ မမုန်းပါရစေနဲ့။ '
နှင်းထန်သည် အချစ်နတ်ပူးနေရာမှ မိုးပွင့်၏ စကားကြောင့် အသိဝင်လာ၏။ မိုးပွင့်သည် မျက်နှာဖြူဖျော့ကာ သူ့ကို ကြောက်နေ ဟန်ဖြင့် စိုးရိမ်စွာစိုက်ကြည့်ရင်း ကိုယ်မှာ အနည်းငယ် တုန်နေသဖြင့် နှင်းထန် သူမလေးကို သနားသွား၏။မိမိ အိမ်တွင် နေသော မိမိချစ်သော မိန်းကလေးကို ဒီလိုနည်းဖြင့်လည်း နှင်းထန် အရ မယူချင်ပါ။ သူမလေးကို ရမ္မက်ကြောင့် မိမိ လက်ထပ်ချင်ခဲ့သည် မဟုတ်ပေ။ သူမလေး ကို လေးစားသောကြောင့် လက်ထပ်ချင်ခဲ့ခြင်းဖြစ်သည်။ နှင်းထန် သည် သူမလေးကို တာင်းပန်လိုက်သည်။
'ဆောရီး.... မိုး။ ကိုယ် ဒီလို မရည်ရွယ်ပါဘူး။ မင်းကို ပိုင်ဆိုင်ခွင့် မရသေးတော့ ကိုယ့် ရင်ထဲ ပူလောင်နေပြီး မတည်မငြိမ် ဖြစ် နေတယ်။ မင်း ကိုယ့် စိတ်ကို မဆွပေးပါနဲ့။ ကိုယ် မင်းကို အနိုင်ကျင့်ချင်လို့မဟုတ်ပါဘူး။ မင်းကို ပိုင်ဆိုင်ချင်လို့ပါ။ မင်းကို့ ကို ထားပြီး ထွက်သွားမယ်လို့ထပ်ကြားရင် ကို့စိတ်ကို ထိန်းနိုင်မှာ မဟုတ်တော့ဘူး။ ကိုယ့်ဘေးက နေဘယ်မှ မသွားနဲ့တော့နော် မိုး...ကိုယ့်ကို ကတိပေးပါ။'
မိုးစက် သူ့ပုံစံကို ကြည့်ကာ သူအတည်ပြောမှန်းသိလိုက်သည်။ သူ့ရင်ခွင်ထဲရောက် သွားသည့် တစ်ခဏကို ပြန်သတိရကာ ကြက်သီးတဖြန်ဖြန်းပင်ထမိသည်။ ဘုရား...ဘုရား... မိမိ အဝတ်သာ ကျွတ်သွားလျှင် ဆိုသည့်အတွေးနှင့် မိုးစက် ခေါင်းကြီး နေမိသည်။ သူ အသိစိတ် ပြန်ဝင်လာသည်ကို ကျေးဇူးတင်မိပြီးဘာပြန်ပြောရမှန်းမသိ ဆွံ့အနေမိသည်။
နှင်းထန်သည် နူတ်ဆိတ်ကာ ငြိမ်နေသောသူမလေးကို ရင်ခွင်ထဲ ပွေ့ဖက်ကာ သေချာရန် သူမထံမှ ကတိထပ်တောင်းလိုက်သည်။
'မိုး ... ကိုယ့်ကို ဘယ်တော့မှ မခွဲဘူးလို့ ကတိပေးနော်။ '
မိုးစက် သူ့စကားကို ကြားမှ စိတ်အေးသွားပြီး သက်ပြင်းကို ခိုးချကာ တီးတိုးကတိပေးလိုက်သည်။ သူက မိမိကို ဖက်ထားသည့် တိုင် အလန့်မပြေသေးပေ။ တကယ်လို့ မိမိသာ ယောကျာ်းလေးဖြစ်သည်ကို သူသိသွားခဲ့လျှင် ဖေဖေ ဘယ်လောက်အရှက်ရ မည်နည်း။ ပြီးတော့ လက်ထပ်ပွဲလည်း ပျက်မည်။ မိုးပွင့်လည်း စိတ်ဆိုးမည်။ မိုးစက် သက်ပြင်းရှိုက်ကာ သူ့ကိုလေသံပျော့လေးနှင့် ဖြေလိုက်သည်။
'ဟုတ်ကဲ့။ မိုး... ကတိပေးပါတယ် အကို.'
'ဘာအကိုလဲ။ ကိုကို လို့ခေါ်...'
မိုးစက် မျက်နှာနွေးခနဲ ဖြစ်သွားပြီး သူ့ရင်ခွင်ထဲ မျက်နှာအပ်ကာ သူ့အလိုကျပြန်ခေါ်လိုက်သည်။ လောလောဆည် ကျားဆိုးကြီး စိတ်ကြည်နေဖို့ အရေးကြီးသည်။
'ဟုတ်ကဲ့... ကိုကို။ မိုး ကိုကို့ကို ခွဲမသွားပါဘူး။ မိုး ကိုကို့ကိုပဲ လက်ထပ်မှာပါ။ မိုးကို သံသယနဲ့ မကြည့်ပါနဲ့နော်။ မိုးလေ... ကိုကို့ မျက်နှာနဲ့ ဒီမှာနေရတာပါ။ ကိုကို မယုံကြည်မှတော့ မိုး ဒီမှာ ဘယ်လို ဆက်နေနိုင်တော့မှာလဲ။ ကိုယ် လက်ထပ်မယ့် ခင်ပွန်းလောင်းကိုယ်တိုင်က မိုးကို မယုံကြည်ရင် ဘယ်သူက မိုးကို ယုံကြည်မှာလဲ ကိုကိုရယ်။'
နှင်းထန်သည် သနားစဖွယ်ပြောနေသော မိုးပွင့်၏ စကားကြောင့် ရင်ထဲမှ အစိုင်အခဲများ ကျေပျက်သွားတော့သည်။
'မိုးရယ်။ ကိုယ့်ကို ခွင့်လွှတ်ပါ။ ကိုကိုလေ .. မိုးကို ချစ်လွန်းလို့ ဖြစ်သွားတာပါ။ '
နှင်းထန် သည် မိုးပွင့်၏ မျက်နှာလေးကို ပင့်မကာ နူတ်ခမ်းအစုံကို ကြင်ကြင်နာနာ နမ်းရှိုက်လိုက်သည်။ ထိုအခါမှ မိုးစက် မျက်လုံးပြူးရတော့သည်။ သူ့အနမ်းကို ဖယ်လည်း မဖယ်ဝံ့ပဲ မျက်လုံး ကို မှိတ်ထားလိုက်တော့သည်။ သူ့အနမ်းကို ငြင်းဆန်လျှင် သူ သံသယ ဝင်တော့မည်။
နှင်းထန်သည် မျက်နှာ ရဲရဲနီနေအောင် အရှက်ကြီးလှသော မိန်းကလေးကို စိတ်ကြိုက်နမ်းပြီးမှ လွှတ်ပေးလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
'အရှက်အကြောက်ြ့ကီးလို့ ကိုယ် မိုးကို ပိုချစ်မိတာ သိရဲ့လား။ လက်ထပ်ပြီးရင်တော့ ဒီလို အရှက်ကြီးနေလို့မရဘူးနော်။ ကိုယ်က အချစ်သည်းတယ် သိရဲ့လား။ လက်ထပ်ပြီးရင်တော့ ကိုယ့်ကို ပြန်ချစ်ရမယ်နော်။ ကိုယ်က မိုးတစ်ကိုယ်လုံးကို ငုံထားမတတ်ကို ချစ်တယ် သိလား။'
မိုးစက် သူ့ကို ရှက်ကိုးရှက်ကန်းကြည့်ကာ သူ့ကို အသာလေးနှင်လိုက်ရသည်။ လောလောဆည် သူကမိမိ အိပ်ခန်းထဲ ရောက်နေသည်။ မတော် စိတ်ဖောက်လာပြန်လျှင် ခက်ကုန်တော့မည်။
'ဟာ... ကိုကို ဘာတွေ လာပြောနေမှန်း မသိဘူး။ တော်ပြီ။ မိုး နားတော့မယ်။ ကိုကို ပြန်တော့နော်။ ဒေါ်ပိုတို့မြင်သွားရင် မကောင်းဘူး။ '
နှင်းထန်သည် မိုးပွင့်၏ မျက်နှာလေးကို ချစ်စနိုးကြည့်ကာ ထပ်ပြီးသတိပေးလိုက်သည်။ နောက်တခါ မိမိစိတ်ကို လာဆွလျှင် မိုးပွင့်ကို အလျော့မပေးတော့။ အရယူကာ ဇနီးအဖြစ်သိမ်းပိုက်တော့မည်ဟု တေးထားသည်။
'ကောင်းပါပြီ။ မိုးကို ချစ်လို့ ကိုကို ဒီတစ်ခါ လွှတ်ပေးလိုက်တာနော်။ နောက်တစ်ခါ မိုးကိုယ့်ကို ဘယ်လောက် စိတ်ဆိုးဆိုး ကိုကို ရအောင်ယူမှာ။'
မိုးစက်သည် သူ အခန်းထဲမှ ထွက်သွားတော့မှ အိပ်ယာထက်သို့ အရုပ်ကြိုးပြတ် လဲကျ သွားတော့သည်။ အိပ်ယာထက်တွင် ရင်တဒိတ်ဒိတ်ခုန်နေသည်မှာ တော်တော်နှင့် မရပ်တော့ပေ။ သူ၏ သည်းမည်းလှသော အနမ်းများက မိုးစက်ကို လေဖြတ်ချင်သလို ခံစား လိုက်ရသည်။ မိမိ သူ့ အနမ်းများ၊ သူ့အထိအတွေ့များကို လန့်လာလေပြီ။တဖြည်းဖြည်း နှင့် သူ့အပွေ့အဖက်၊ သူ့အနမ်း များက ပိုကြမ်းလာလေပြီ။
မိုးစက် သည် ရင်ဘတ်ကို ဖိကာ အသက်ကို မနည်းမှန်အောင်ရှူနေရသည်။ဘာပဲဖြစ် ဖြစ် သူ မိုးပွင့်ကို ဒီလို ချစ်သည်ဆိုလျှင် အိမ်ထောင်ရေး အဆင်ပြေလိမ့်မည်ဟု မိုးစက် မျှော်လင့်မိသည်။ မိမိ ညီမလေးကို အချစ်ကြီးချစ်သည့်လူကောင်း တစ်ဦးဖြင့်သာ အိမ်ထောင်ကျစေချင်သည်။ ဒါကတော့ အကို တစ်ဦး၏ အတ္တပဲဖြစ်သည်။
'ကျွန်တော့်ကို ခွင့်လွှတ်ပါ အကိုနှင်းထန်။မိုးလေးက နည်းနည်းဆိုးတာကလွဲရင် သိပ်ကို ချစ်စရာကောင်းတဲ့ မိန်းကလေးပါ။ အကို ကျွန်တော့်ညီမလေးအပေါ်ကို ခုလိုပဲသည်းခံပြီး ချစ်ပေးပါနော်။ ကျွန်တော် အကို့ကို အမြဲကျေးဇူးတင်နေမှာပါ။'
မိုးစက် သူ့ကို ဦးတည်ကာ ပြောနေမိသည်။ မိန်းကလေးများနှင့် အရှူပ်အရှင်းကင်းကာ တည်ငြိမ်သလောက် အချစ်ကြီးသော သူ့ကို မိမိယောက်ဖ တော်ချင်ပါသည်။ မိုးစက် သက်ပြင်းရှိုက်ကာ မိုးပွင့်ထံသို့ ဖုန်းခေါ်လိုက်သည်။
'ငါ သူ့ကို ဆက်မထိန်းနိုင်တော့ဘူး မိုးပွင့်။ နင် ပြန်မလာချင်နေ။ ငါ မနက်ဖြန် ဒီအိမ် ကနေ ထွက်သွားတော့မယ်။ '
'မိုးစက် ကလည်းကွာ။ ဘာဖြစ်လို့လဲ။ ငါ တစ်လထဲ လိုတော့တဲ့ဟာကို... ကျွတ်... နင် ကတော့ဟာ ....သူ့ကို နင်ဘာလို့ ထိန်းမထားနိုင်ရတာလဲဟာ။ နင်က မိုးစက် မဟုတ်တဲ့အတိုင်းပဲ။ တကယ် အရစ်ပဲ။ နင့်ကို ယုံမိတာ ငါတော့မှားပြီထင်တယ်။ နင့်ကြောင့် ငါ့အစီစဉ်အားလုံး ပျက်ကုန်တော့မယ်။ '
မိုးပွင့် ဒေါပွကာ ပြောလိုက်သည်။ မိမိ နှစ်ကုန်ပြန်လာမည် ပြောထားလျက်နှင့် ဒီအမွှာ အကို တစ်ခါတစ်လေ ဂျီကျတာ အတော့်ကို ရိုက်ပစ်ချင်စရာကောင်းလှသည်။ ယခုလည်း မိမိ စီစဉ်ထားတာ အားလုံးလွဲကုန်တော့မည်ဖြစ်လို့ မိုးစက်ကို အကြီးကျယ် စိတ်ဆိုးသွားမိသည်။
'ငါ နဲ့ ဝသုန်ကို သူ သဝန်တိုပြီး အတင်းကြံနေလို့ ...'
မိုးစက်၏ စကားကြောင့် မိုးပွင့် မျက်လုံးပြူးသွားသည်။ ဟိုက်...အဖြစ်မှန်ပေါ်သွားပြီလားဟု မိုးပွင့်ပူသွားသည်။ ပေါ်လို့မဖြစ်ပေ။ ပေါ်သွားလျှင် သူ့ကို မိမိဒီတစ်သက်မရနိုင်တော့ပေ။ မိုးပွင့် အမွှာအကိုကို အလောတကြီးဖြင့်မေးလိုက်သည်.။.
'နင့်ကို ယောကျ်ားလေးမှန်း သူ သိသွားပြီလား......သူ အားလုံးသိသွားပြီလား...သိလို့မဖြစ်ဘူးနော်။ ငါ သူ့ကို လက်ထပ်မှာ...'
'ဘယ် အသိခံပါ့မလဲ။ ဒါပေမယ့် ဒီမှာ ဆက်နေရင် သူသိတော့မယ်။ သူ့ကို ငါ မထိန်း နိုင်တော့ဘူး။ နင် မလာချင်လဲ နေတော့။ ငါတော့ ဒီမှာ ဆက်မနေတော့ဘူး။ မနက်ဖြန် သွားပြီ။'
မိုးပွင့် ပျာသွားသည်။ အမြွှာအကို ကို ပျာပျာသလဲ တောင်းပန်လိုက်သည်။ မိုးစက်အကြောင်းပေါ်မသွားသေးဟု ကြားတော့ မိုးပွင့် အားတက်သွားသည်။ မိမိပြန်မှ ဖြစ်တော့မည်ဟု ဆုံးဖြတ်ကာ ပြန်ပြောလိုက်သည်။
'ဟာ ... မိုးစက်ကလည်းကွာ။ မနက်ဖြန်တော့ မသွားပါနဲ့။ ငါ တစ်ပတ် အတွင်းပြန်လာပါ့မယ်။ ၇ ရက်ပဲ စောင့်ပေးပါနော်။ ငါ ဆက်ဆက်ပြန်လာပါ့မယ်။ ငါ သင်တန်းဆင်းပွဲကို မတက်တော့ပါဘူး။ ငါ ပြန်လာပါ့မယ် နော်။ ငါ ရောက်တဲ့အထိ စောင့်ပေး ပါနော်... နော်... နင်က လိမ်မာပါတယ်ဟာ။ ငါလာတဲ့အထိ စောင့်ပေးပါ။ ရှိခိုးဆို ခိုးပါ့မယ်.....'
မိုးစက် စိတ်အေးသွားသည်။ နှစ်လ၊ သုံးလထက် တစ်ပတ်အတွင်းပြန်လာမည်ဆိုတော့ အများကြီး အသက်ရှုချောင်သွားသည်။ ဒီတစ်ပတ်အတွင်း အကိုနှင်းထန်ကို မိမိကောင်းစွာထိန်းနိုင်မည်ဟု မျှော်လင့်မိသည်။ ထို့ကြောင့် မိုးပွင့်ကို အင်တင်တင်နှင့် ပြန်ဖြေလိုက်သည်.။
'ကောင်းပြီလေ။ ငါ တစ်ပတ် စောင့်ပေးမယ်။ တစ်ပတ်အတွင်း နင်ပြန်မလာရင် ငါ့ကို အဆိုးမဆိုနဲ့။ ငါမသိတော့ဘူး။ ဝသုန်နဲ့ ဒိုးပြီ။ '
'ကျေးဇူပဲ မိုးစက်။ ဒါကြောင့် နင့်ကို ချစ်ရတာ...'
မိုးပွင့် ပျော်ရွှင်စွာရယ်မောကာ ပြောလိုက်သည်။ မိုးစက် မိမိအတွက် လုပ်ပေးမည်ကို သေချာပေါက်သိသည်။ ထို့ကြောင့် မိုးစက် နှင့် ဖုန်းပြောပြီးနောက် မိမိ လက်ရှိတွဲနေသည့် ချစ်သူကို ဖုန်းဆက်လိုက်သည်။ ဒီက ဇာတ်လမ်းကို ဖြတ်ထားခဲ့မှ ဖြစ်မည်။ မဟုတ်လျှင် မြန်မာပြည်အထိ တန်းလန်းတန်းလန်းပါလာမည်ကို စိုးရသည်။
မိုးစက် ဝသုန်ထံကို ဆက်ကာ မနက်ဖြန် လာမခေါ်ရန် ပြန်ပြောလိုက်ရသည်။ မိမိ၏ ချစ်ညီမလေး တစ်ပတ်အတွင်း ပြန်လာမည်ဖြစ်ကြောင်းလည်း ပြောရသေးသည်။ မဟုတ်လျှင် အဖေက အိမ်ထိလိုက်လာပြီး မိမိကို ဆွဲချသွားနိုင်သည်။
'မင်း ဒုက္ခရောက်မယ်နော် မိုးစက်။ အကိုနှင်းထန် သိသွားရင် ငါတော့ မတွေးရဲဘူး။'
'အေးပါကွာ။ မိုးပွင့်က နောက်တပတ်ဆိုရင် ပြန်လာပြီ။ သူ့ကို ငါ ရာဇသံ ပေးလိုက်လို့ ပြန်လာမှာလေ။ သူပြန်လာရင် ငါတို့ အစီအစဉ် အတိုင်း ဆက်လုပ်ကြတာပေါ့ကွာ'
'အေးပါကွာ... မင်း အဆင်ပြေရင်ပြီးရော။ ငါက မင်းကို စိုးရိမ်လို့ပါ။'
'မင်း စေတနာကို ငါသိပါတယ်ကွာ။ ကျေးဇူးပဲ ဟေ့ကောင်။'
မိုးစက် ဝသုန်နှင့်ပြောပြီး ရေချိုးကာ အိပ်ယာဝင်ခဲ့သည်။ အိပ်မက်ထဲအထိ အကိုနှင်းထန်၏ အနမ်းက လိုက်နှောက်ယှက်နေသဖြင့် ရင်တုန်စွာ နိုးထလာခဲ့သည်။ မိုးစက်သည် အိပ်မက်မှန်းသိတော့မှ သက်ပြင်းရှိုက်ကာ ရေထသောက်ပြီး ပြန်အိပ်ရန် ကြိုးစား သော်လည်း တော်တော်နှင့် ပြန်အိပ်မရတော့ပေ။
'ခင်ဗျား တော်တော် ကြောက်ဖို့ကောင်းတဲ့လူပဲ အကိုနှင်းထန်။ ကျွန်တော့်ကို အိပ်မက်ထဲထိ လိုက်ခြောက်တယ်ဗျာ.'
ယောကျ်ားတစ်ယောက်၏ အနမ်းက ဒီလောက် ခြောက်ခြားစရာကောင်းလိမ့်မည်ဟု မိုးစက် လုံး၀ မသိခဲ့ပေ။ မိမိ အနမ်းဦးကို ယူသွားသူက ယောကျ်ားတစ်ယောက် ဖြစ်လိမ့် မည်လို့လည်း ယောင်မှားလို့ပင် မစဉ်းစားဖူးခဲ့ပေ။
ŞİMDİ OKUDUĞUN
Romantizmအချစ်စစ်၏တည်နေရာ- Season (1) Author _ May King Genre _ Romance , Boy Love, Family, Couple Both Zawgyi + Unicode font (Zawgyi font chapter အောက်မှာ Unicode font နဲ့ Chapter ထပ်ထည့်ပေးထားပါတယ်။ အောက်ကို ဆွဲချပေးပါ။) ေပးဆပ္အနစ္နာခံတတ္တာ အခ်စ္စစ္လား။...