အချစ်စစ်၏ တည်နေရာ
Season - 1
အပိုင်း (13)
ဒေါ်ပို ကပြုံးရွှင်စွာတူယှဉ်ဆင်းလာသော စုံတွဲကို ကြည့်ကာ ကြည်နုူးနေမိသည်။ မိုးပွင့်လေး၏ မောင်နှင်းထန်အပေါ် ကရုစိုက်မှုကို ကျေးဇူးတင်မဆုံးဖြစ်နေသည်။ လက်ထပ်ခါနီး မိုးပွင့်လေး တမျိုးဖြစ်ကာ စကားပြောဆို ဆက်ဆံပုံပြောင်းလဲသွားစဉ်က မိမိ ဝမ်းနည်းကာ မောင်နှင်းထန်နှင့် အဆင်ပြေပါ့မလားဟု တွေးကာ စိတ်ပူခဲ့မိသည်။ ကားမှောက်ပြီး မောင်နှင်းထန်မျက်စိကွယ်တော့ မိုးပွင့်လေးက ထွက်မသွားပဲ လက်ထပ်ကာ ကိုယ်ဖိရင်ဖိပြုစုပေးသည်ကို တွေ့သော် ဝမ်းသာလွန်းလို့ အကွယ်ကကြည့်ပြီး မျက်ရည်ပင် ကျမိသည်။ မိုးပွင့်လေး၏ မေတ္တာကြောင့် မောင်နှင်းထန် မျက်လုံးပြန်မြင်လာပြီး ပျော်ရွှင်နိုင်သဖြင့် ဒေါ်ပိုမှာ မိုးပွင့်ကို အရိပ်တကြည့်ကြည့်ဖြင့် အချစ်ပိုရနေရသည်။
နှင်းထန်သည် ကော်ဖီသောက်ရင် Company သို့ မိုးစက်လိုက်ရန်ခေါ်သည်။
'မိုး Company ကို လိုက်ခဲ့ကွာ။ ကိုယ်သွားလေရာ မိုးကို လိုက်စေချင်တယ်။'
မိုးစက်သည် ဒေါ်ပိုကမ်းပေးသော သီးစုံထမင်းကြော်ကို လှမ်းယူကာ သူ့အတွက်ထည့် ပေးရင်း ငြင်းလိုက်သည်။
'အကိုကလည်း။ ဒီနေ့ Board အဖွဲ့ အစည်းအဝေးရှိတယ်မဟုတ်လား။ ဒယ်ဒီနဲ့လည်း အလုပ်ကိစ္စဖြတ်စရာ အများကြီး ရှိသေးတယ် ။ မိုး မလိုက်ပါရစေနဲ့။ ပြီးတော့ ဒီနေ့ မိုးသူငယ်ချင်းနဲ့ တွေ့မလို့ ချိန်းထားလို့ ။'
သူက မျက်ခုံးကို ပင့်မပြီး
'ဘယ်က သူငယ်ချင်းလဲ၊ ယောက်ျားလား၊ မိန်းကလေးလား။'
မိုးစက်သည် သဝန်တိုကာ စစ်ဆေးနေသော သူ့ပုံစံကိုပြုံးမိကာ
'ဝသုန် နဲ့ပါ အကို။ ဘာလဲ။ အကိုက စိတ်မချလို့လား။'
'အင်း စိတ်မချဘူး။ '
သူတဲ့တိုးဖြေလိုက်သည်။ မိုးစက်က တချက်ရယ်ကာ
'အကိုကလဲနော်... ဘာလဲ... မိုး အကို့နောက်မှာ ဖောက်ပြန်မယ်ထင်လို့လား။'
'အဲ့လို မထင်ပါဘူး။ဒါပေမယ့် သံယောဇဉ်ခြင်းယှဉ်ရင် ဝသုန့်အပေါ်ထားတဲ့ သံယောဇဉ် က ကိုယ့်ထက်သာနေ တော့ စိတ်ပူတာပေါ့။ '
မိုးစက် သူ့လက်ကို ဆုပ်ကိုင်ကာ
'အကိုရယ် စိတ်ချပါ။ မိုး အကို့ကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး။ ကဲ ကျေနပ်တော့နော်။ '
'ကောင်းပါပြီ ခင်ဗျာ။ ကိုယ့် ဇနီးလေးစကားကို ကိုယ် အကြွင်းမဲ့ယုံလိုက်ပြီနော်။'
မိုးစက်သည် အကို့ရှားရှားပါးပါး နောက်တောက်တောက်ပြောပုံကြောင့် သဘောကျကာ ရယ်မိသည်။
ဒေါ်ပိုသည် ကွယ်လွန်သွားသော မောင်နှင်းထန်၏ မိခင် မမသဇင်ကို တိုင်တည်ကာ စိတ်ထဲမှ တကိုယ်တည်းပြောနေမိသည်။
'မမသဇင်ရေ... မမသားကို စိတ်ချလိုက်ပါတော့။ မမနဲ့တူတဲ့ မိန်းကလေးနဲ့ လက်ထပ် ပြီး မမသားလေး ပျော်ရွင်နေရပြီ။ မမဆုံးပြီး ကတည်းက ပျောက်သွားတဲ့ အပြုံးလေးတွေ ကိုပြန်မြင်နေရပြီ။ တမလွန်ကနေ စိတ်ချမ်းသာပါတော့။'
အကိုနှင်းထန် အလုပ်သွားပြီးနောက် မိုးစက် ဒေါ်ပိုကို နေ့လည်စာ ပြန်မစားတော့မည့် အကြောင်းပြောကာ ဝသုန်နှင့်တွေ့ရန် ထွက်လာခဲ့သည်။ဝသုန် သည် မိုးစက်ကို တွေ့သော် ခြေဆုံးခေါင်းဆုံးကြည့်နေသောကြောင့် မိုးစက် မလုံမလဲဖြစ်ကာ
'ဘာကြည့်တာလဲကွ မင်းကလည်း။ ငါ့ကိုယ်ပေါ် ဂျိုပေါက်နေတယ် ထင်လို့လား။'
ဝသုန် သက်ပြင်းချလိုက်ကာ
'မင်း ဘယ်တော့ သူ့ဘေးက ခွာမှာလဲ။ သူ့ကြောင့် မင်းဘဝလည်း ပျက်ရပြီ။ မင်းကြောင့် သူမျက်စိကွယ်သွားတယ်၊ မင်းညီမ စွန့်ခွာသွားလို့မင်းဖေဖေ အရှက်မကွဲ အောင်လို့ မင်းသူ့ကို ပေးဆပ်တာဆိုလို့ ငါဘာမှ ဇွတ်မပြောခဲ့တာ။ ခု မင်းဘယ်လို ဆက်လုပ်ဖို့ စိတ်ကူးထားလဲ။ မင်း သူနဲ့ နေရတာကို သာယာမသွားပါဘူးနော် မိုးစက်။'
ဝသုန် သူငယ်ချင်း၏ သနားအားနာစိတ်ကို သိသဖြင့် ပွင့်ပွင့်လင်းလင်းမေးလိုက်သည်။ ယောကျ်ားလေးတန်မယ့် ကိုယ့်ဘဝကို အဆုံးခံလိုက်ဖို့အထိ အနစ်နာခံမည်ကို မိမိ လုံး၀ လက်မခံနိုင်ပါ။ အတ္တကြီးတယ်ပြောပြော မိုးစက်ဘက်က မိမိနာသည်။ ယောကျ်ားလေးတန်မယ့် အခြားလူရဲ့ ဇနီးအဖြစ် ဘဝဆုံးသွားမည့်အဖြစ်ကို လုံးဝအဖြစ်မခံနိုင်ပေ။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူငယ်ချင်းကို ဒီဘဝက ရအောင်ဆွဲထုတ်ရမည်။ မိုးစက်တွင် အနာဂတ်အတွက် တက်လမ်းများစွာရှိသေးသည်။
မိုးစက်သည် ဝသုန်၏ စကားကြောင့် ဆတ်ခနဲဖြစ်သွားပြီး တင်းမာစွာစိုက်ကြည့်ကာ မေးလိုက်သည်။
'မင်း ဘယ်လိုပြောလိုက်တာလဲ ဝသုန်။ မင်းငါ့ကို အထင်သေးလှချည်လား။ ငါ့ကို ဂေး တစ်ယောက်လို့ မင်းပြောချင်တာလား။'
'မင်း မဂေး တာ ငါအသိဆုံးပဲ။ အေး... ဒါပေမယ့် အထိအတွေ့ရဲ့ သာယာမှုကို မင်း မလွန်ဆန်နိုင်ပဲ ဒီဘဝမှာ နစ်သွားမှာ စိုးလို့မေးတာ။ ပြီးတော့ သူ့ကို မင်းသံယောဇဉ် တွယ်သွားမှာကို ငါစိုးရိမ်တယ်။ မင်းက အင်မတန် သနားတတ်တဲ့ သူဆိုတာ ငါသိလို့ပဲ သူငယ်ချင်း။'
မိုးစက်သည် ဝသုန့်စကားကြောင့် ဒေါသပြေသွားပြီး ထိုင်ခုံပေါ် ခြေပစ်လက်ပစ်ထိုင် လိုက်ပြီး ပြောလိုက်သည်။
'ငါ ဒီလို ဘလိုင်းကြီး ထွက်လို့မရဘူးလေ။ မိုးပွင့်နဲ့ လူပြန်ချိန်းရမယ်။ '
'မင်း ညီမက ပြန်လာဦးမှကိုး။ သူက အကိုနှင်းထန်ကို တော်တော် ဒေါသထွက်သွား တယ်နော်။ အကိုနှင်းထန်က မင်းအပေါ် သူ့ရဲ့ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောပြီး ကားမှောက်တာက မင်းကို သူခိုးပြေးဖို့ကြိုးစားရင်းဖြစ်တာလို့ ဖွင့်ပြောလိုက်လို့ မိုးပွင့် ပေါက်ကွဲသွားခဲ့တာ။သူ မင်းကို အခဲမကြေအောင်ဖြစ်နေပြီ။ကိုရန်နိုင်နဲ့တုန်းကတခေါက် ခုက တခေါက် သူမင်းကို ရှုံးနိမ့်သွားတာ ဆိုတော့ သူ ပြန်လာမှာ မဟုတ်တော့ဘူး။'
မိုးစက် တခဏစဉ်းစားပြီးနောက်
'ငါ မိုးပွင့် အကြောင်းကို အသိဆုံးပဲ။ သူပြန်လာအောင် ငါပြောနိုင်တယ်။ ဒါပေမယ့် အကိုက ပြန်လက်ခံမှာ မဟုတ်ဘူး။ ငါ လိင်ပြောင်းဖို့ ခွဲစိတ်မယ်လို့ သူ့ကိုပြောလိုက်မယ်။ ဒါဆို သူ ငါနဲ့ မိုးပွင့်ကို လုံးဝခွဲနိုင်မှာ မဟုတ်တော့ဘူး။ မိုးပွင့်သာ ဟန်ဆောင် ကောင်းရင် သူ မသိနိုင်တော့ဘူး။ သူသိတဲ့အချိန်က မိုးပွင့် ကိုယ်ဝန်ရှိတဲ့ အချိန်ပဲဖြစ် မယ်။ အဲ့ဒီအချိန် သူ င့ါအပေါ် သွေးအေးသွားလောက်ပြီ။'
ဝသုန်သည် မိုးစက်ပြောသည်ကို နားထောင်ပြီး အမြန်တိုက်တွန်းလိုက်တော့သည်။ မိုးစက် ထိုလူအနားမှ ခွာနိုင်မည်ဆိုလျှင် ဘာမဆို လုပ်ဖို့တိုက်တွန်းရမှာ မိမိတာဝန်ဖြစ်သည်ဟု ဝသုန်ခံယူထားသည်။
'အေး.. အဲ့အကြံ မဆိုးဘူး။ မြန်မြန် အကောင်အထည်ဖော်လိုက်တော့။ မင်းလိင်ပြောင်း တာ သူလက်ခံလာအောင်ပြောရဦးမယ် မဟုတ်လား။ '
'သူ လက်ခံမှာပါ။ သူလက်ခံအောင် ငါပြောမှာပါ။ '
ဝသုန် သည် မိုးစက်၏ စကားကြောင့် အနည်းငယ် စိတ်ချမ်းသာသွားသည်။
'သူမသိအောင် မင်းဘယ်လိုဖုံးမလဲ။ မင်းတကယ် မခွဲစိတ်ဘူးဆိုတာ သူအလွယ်တကူ သိသွားနိုင်တာပဲလေ။ မင်းတကယ် ဆေးရုံမတက်ဘူး၊တကယ်မခွဲဘူး ဆိုတာ ဘယ်လို လိမ်မလဲ။'
မိုးစက် တွေဝေသွားသည်။ သူ က မိမိထက် အဆက်သွယ်များစွာရှိသည်။ မိမိခွဲစိတ်မည် ကိုသူသဘောတူသည့်တိုင် သူကိုယ်တိုင် အားလုံးလိုက်စီစဉ်ပေးနိုင်သည်။ ဒါဆိုရင် လူ ချိန်းဖို့ မိမိတကယ် ခွဲစိတ်နေရဦးမည်။ ဒီလိုလည်း မဖြစ်သေးပေ။ ယောကျ်ားဘဝကို မိမိ အဆုံးမခံနိုင်ပေ။ နောက်ဆုံး သူ့ဘေးက ခဏထွက်ပြေးပြီး လိင်ပြောင်းပြီး ပြန်လာသည် ဟုပြောလျှင် လက်ခံနိုင်လောက်သည်။
'ငါ... သူ့ကို ချစ်လွန်းလို့ လူတွေရိပ်မိသွားရင် သူနဲ့ခွဲရမှာ စိုးလို့ လိင်ပြောင်းဖို့ ဆုံးဖြတ် လိုက်ပြီလို့ပြောပြီး သူ့ဘေးကနေ ခဏရှောင်နေလိုက်မယ်။ ဒီကာလအတွင်း ညီမလေးကိုရအောင် ပြောပြီး ငါ့အတိုင်း နေပုံထိုင်ပုံကို လေ့ကျင့်ပေးမယ်။ ပြီးရင် သူ့ဘေးကိုပို့ပြီးရင် အားလုံး အဆင်ပြေပြီလို့ မျှော်လင့်ရတာပဲ။'
'အကိုနှင်းထန်က ငအ မဟုတ်ဘူးနော်။ မင်း ထင်သလို သူလက်ခံမှာမဟုတ်ဘူး။ ပြီးတော့ ဦးမင်းထန်က မင်းအိမ်ကထွက်သွားရင် သူ မမေးပဲ နေမှမဟုတ်ဘူး။ မင်း သူ့ကို ဘယ်လို Reason ပေးပြီး ပြန်သွားမလဲ။ ဒါတွေအားလုံးစဉ်းစားထား။'
မိုးစက် ခေါင်းပူလာသည်။
'အာ... စိတ်ရှုပ်လာပြီကွာ။ ဒယ်ဒီ့ိကို ငါအမှန်တိုင်း ဖွင့်ပြောလိုက်တော့မယ်။'
'ဘာ...'
'ဟုတ်တယ်။ အဲ့တနည်းပဲ ရှိတော့တယ်။'
'သူလက်မခံရင် ဘယ်လိုလုပ်မလဲ။'
'သူ လက်ခံလာတဲ့အထိ တောင်းပန်ရမှာပေါ့။ သူ့သား အိမ်ထောင်ရေးကို သူအပြိုကွဲမခံ ပါဘူး။ သူ့သားကို သိပ်ချစ်တယ်ဆိုတာ ငါသိတာပေ့ါ။ သူက အချစ်ကို မဖော်ပြတတ် လို့ပါ။'
ဝသုန် စိတ်ညစ်သွားသည်။
'ဦးမင်းထန် မင်းကို ထိုးကြိတ်ရင် ဘယ်လိုလုပ်မလဲ။'
'ခံရမှာပေါ့ကွာ။'
မိုးစက် စီစဉ်ထားသည့် အတိုင်း ညီမလေးကို လိုက်ရှာပြီး လက်မခံ၊ လက်ခံလာအောင် ပြောသည်။ ညီမလေး လက်ခံပြီးနောက် ဦးမင်းထန် ဆီကိုသွားကာ သီးသန့်စကားပြော ပြီးအားလုံးဝန်ခံလိုက်သည်။ဦးမင်းထန်သည် မိုးစက်ကို ပထမ ဒေါသထွက်ကာ ပြင်းထန်စွာ ပြောသော်လည်း သားဖြစ်သူမျိုးဆက်ကို အပြတ်မခံနိုင်သောကြောင့် နောက်ဆုံး မိုးစက်ပြောသည်ကို လက်ခံ လိုက်သည်။
ဒေါက်တာနှင်းထန်သည် မိုးစက်စီစဉ်နေသည်ကို မသိပဲနေ့တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်း နေသည်။ မိုးစက်လည်း သူ့ကို လိုက်လျောကာ အတတ်နိုင်ဆုံး သူ့ကိုပျော်ရွှင်အောင်ထားသည်။ ဦးမင်းထန်သည် သားကို တစေ့တစောင်းကြည့်ပြီး မိုးစက် ပြောသည်ကိုပိုပြီး လက်ခံလာသည်။ သားဖြစ်သူသည် ညီမဖြစ်သူထက် အကိုဖြစ်သူကို ချစ်နေသည်ကို ရင်မောဖွယ် တွေ့လိုက်ရသဖြင့် မိုးစက်အစီအစဉ်ကို လက်ခံလိုက်ခြင်း ဖြစ်သည်။
နှင်းထန်သည် မျက်လုံးပြန်မြင်ပြီး ချစ်သောမိုးစက်နှင့် အတူနေခွင့်ရသည့် အချိန်များသည် နတ်ပြည် ရောက်နေသလိုပင် ပျော်ရွှင်ခံစားရသည်။ မိုးစက်ကို ချစ်လို့မဝနိုင်အောင်ဖြစ်မိသည်။ မိမိချစ်သလောက် သူက ပြန်မချစ်သောအခါ နှင်းထန် အားမလိုအားမရတော့ဖြစ်မိသည်။ မိမိကို စွဲလန်းအောင် တတ်သမျှ၊မှတ်သမျှ၊ လေ့လာသိရှိသမျှဖြင့်ဆွဲဆောင် သော်လည်း ချာတိတ်လေးက အရှက်ကြီးဆဲပင်။ မိမိကို သူလိုက်လျောသည်က သူ့ညီမ၏ ပျက်ကွက်မှုကြောင့်ဆိုတာ သိသော်လည်း နှင်းထန် လောဘတကြီးဖြင့် မိုးစက်၏ အချစ်ကို ပိုင်ဆိုင်ချင်သည်။
မိမိထက် ဝသုန်ကို သူ သံယောဇဉ်ပိုကြီးသည်ကိုသိသော် စိတ်မချဖြစ်မိသည်။ သဝန်တိုသော်လည်း မတွေ့နဲ့ဟု မတားရက်သဖြင့် ဒီအတိုင်း လက်ပိုက်ကြည့်နေရသဖြင့် ရင်ထဲမှာပူတလှည့် အေးတလှည့် ဖြစ်နေသည်။ အတူနေတာ ကြာလာလေ မိုးစက်ကို မိမိဘေးက အပျောက်မခံနိုင်အောင်ကို စွဲလန်းစိတ်က ပြင်းထန်လာသည်။ ညအိပ်တိုင်း မိုးစက် ပျောက်သွားမည်စိုးလို့ ဖက်အိပ်နေခြင်းဖြစ်သည်။
တနေ့ မိမိကို ဒယ်ဒီက ဟောင်ကောင်သို့ အလုပ်ကိစ္စဖြင့်စေလွှတ်သည်။ မိုးစက်ကို မိမိခေါ်သွားချင်သော်လည်း မိုးစက်က သူ့ဖေဖေ နေသိပ်မကောင်းသဖြင့် မြစ်ကြီးနားသို့ ပြန်သွားစရာရှိသည်ဆိုသောကြောင့် မိမိတယောက်တည်း ဟောင်ကောင်ကို ထွက်လာခဲ့သည်။ လေဆိပ်တွင် မိုးစက်လက်ပြနူတ်ဆက်သည်ကို ကြည့်ကာ ခွဲခွာခဲ့ရသည်ကို နှင်းထန် သည်းမခံနိုင်အောင် ဖြစ်မိသည်။ ယခုလည်း မိုးစက်မရှိသည့် ည ၃ ညကို လွမ်းမောစွာ ဖြတ်သန်းရဦးမည်။ ထိုနေ့ မိုးစက်လည်း လေယာဉ်ဖြင့် မြစ်ကြီးနားကို သွားမည်ဖြစ်သည်။
ဟောင်ကောင်သို့ရောက်သည်ပြီးနောက်တနေ့ မိုးစက်ကို ဖုန်းခေါ်သည်။ မိုးစက်၏ဖုန်း စက်ပိတ်ထားသဖြင့် နှင်းထန် စိတ်ပူသွားသည်။ မိုးစက်၏ အိမ်ကို ဖုန်းဆက်မေးကြည့် လိုက်သောအခါ ဦးသက်ထွန်းနှင့်တွေ့သည်။ မိုးစက်မလာဟု ပြန်ဖြေသံကြားသော် စိုးရိမ်စိတ် ငယ်ထိပ်တက်ဆောင့်သွားသည်။ ဒယ်ဒီသိမည်စိုးသဖြင့် ချက်ချင်းပြန်မလာနိုင်ပဲ အလုပ် ကိစ္စပြီးအောင် ကြိတ်မှိတ်လုပ်နေရသည်။ အလုပ်ပြီးသည်နှင့် ချက်ချင်းပြန်လာခဲ့သည်။
အရင်ဆုံး ဝသုန့်ထံသို့ဝင်လိုက်စဉ် မိုးစက်ထားခဲ့သောစာကိုသာ လက်ခံရရှိခဲ့သည်။မိမိနှင့် တသက်လုံး အတူနေသွားနိုင်ရန် လိင်ပြောင်းဖို့ နိုင်ငံခြားကိုထွက်သွားသည် ဆိုသော စာကိုဖတ်ကာ နှင်းထန် မယုံကြည်နိုင်အောင်ဖြစ်မိသည်။ မဖြစ်နိုင်ပေ။ မိမိက မိုးစက်ကို မိန်းကလေး အဖြစ်မြင်ချင်သည်ဟု တခွန်းမှ မပြောမိပေ။ ပြီးတော့ မိုးစက်ကို မိုးစက်ဖြစ်သောကြောင့် မိမိက ချစ်နေခြင်း ဖြစ်သည်ကို သူ့ကို အကြိမ်ကြိမ် ပြောပြခဲ့သည်။ ထို့ကြောင့် ယခုလို လုပ်သွားခြင်းက မိမိဘေး သူ့ညီမကို ပြန်အစားထိုးရန် ကြံနေ သည်ဟု သာထင်သည်။ ဝသုန့်ကို မျိုးစုံမေးသော်လည်း ဘုူးသာခံသဖြင့် နှင်းထန် အရူးတပိုင်းလိုဖြစ်ကာ အိမ်သို့ပြန်လာသည်။ မိုးစက်ကို တရားဝင်ပွင့်ပွင့်လင်းလင်းရှာလျှင် သူက ယောကျ်ားလေးဆိုတာ ဖခင်ကြီး သိမည်စိုးသဖြင့် တရားစခန်းဝင်နေသည်ဟု လှည့်ပတ်ပြောကာ လိမ်ထားရသည်။
နှင်းထန်သည် ပူပန်နေသည့် စိတ်ကို ငြိမ်အောင်ထိန်းကာ သေချာစဉ်းစားသည်။ မိမိဘေး မိုးစက်ကို တသက်လုံးခေါ်ထားနိုင်ဖို့ မိုးစက်ကို ချုပ်ကိုင်ထားမှဖြစ်တော့မည်။ မိုးစက် အလေးအထားဆုံးက မိုးပွင့်ပြီးရင် သူ့သူငယ်ချင်းဝသုန်ဖြစ်သည်။ ထို့ကြောင့် သူငယ်ချင်း၏ အသံသွင်း Company တွင် Share များစွာထည့်ဝင်ကာ ဝသုန့်ကို စာချုပ်ထပ်ချုပ်စေသည်။ မိမိလက်ထဲ သူ့ သူငယ်ချင်း ရောက်လာလျှင် မိုးစက်ကို မိမိပြန်ရပါလိမ့်မည်ဟု ယုံကြည်သည်။ ၃ လ ခန့်ကြာသောအခါ မိုးစက်သူ့ထံ ဖုန်းဆက်ခဲ့သည်။
'အကို.. ကျွန်တော့်ကို ချစ်သေးရဲလား။ ပြန်လက်ခံနိုင်သေးလား'
မိုးစက်၏ အသံကိုကြားလိုက်ရသည်နှင့် နှင်းထန်၏ လက်ဝဲဘက် ရင်အုံက ထိန်းမရအောင်ခုန်သွားခဲ့သည်။ ချာတိတ်လေးက မိမိကို သေလုအောင် ပြုစားနိုင်လွန်းလှသည်။ နှင်းထန်သည် ဖုန်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး မိုးစက်ကို ပြန်ဖြေလိုက်သည်။ မိုးစက်လေး၏ အသံကိုကြားလိုက်ရုံနှင့် မိမိရင်ထဲမှ အလွမ်းတို့ ဆူဝေတက်လာခဲ့ပြီး ထိန်းမရအောင်ပင် ပွေ့ဖက်ထားချင်စိတ်က ပြင်းထန်လာခဲ့သည်။
'မိုးစက် မင်း ကိုယ့်ဆီပြန်လာပါ။ မင်းဘာပဲလုပ်ခဲ့လုပ်ခဲ့ ကိုယ်ခွင့်လွှတ်တယ် ချာတိတ်...'
'တကယ်လား။ ကျွန်တော် မိန်းကလေးဖြစ်သွားပြီ။ အကို ယောက်ျားလေးကိုပဲကြိုက်ရင် ကျွန်တော့်ကို ငြင်းလို့ရတယ်နော်။'
မိုးစက် သက်ပြင်းရှိုက်ကာ အကိုနှင်းထန်ကို ငြင်သာစွာပြောလိုက်သည်။
'မင်းကိုပဲ ချစ်တယ် မိုးစက်။ အရင်ကတည်းက ပြောပြီးသား။ မင်းကို ယောကျ်ားလေး၊ မိန်းကလေး အနေနဲ့ချစ်တာ မဟုတ်ဘူး။ မိုးစက်ကို မိုးစက်အနေနဲ့ ချစ်မိသွားလို့ ကိုယ်မင်းကို လက်ထပ်ခဲ့တာ။ ဒါကြောင့် ကိုယ့်ဆီပြန်လာပါ။ '
အကိုနှင်းထန်၏ စကားကိုကြားသော် မိုးစက် ရင်ထဲလှိုက်ခနဲဖြစ်သွားခဲ့သည်။ ဘယ်လိုကံကြမ္မာမျိုးလဲဟု တွေးကာရင်မောသွား ခဲ့သည်။ အကိုနှင်းထန် မိမိကို ဘယ်လောက်ချစ်သည်ကို ခံစားမိသည်။ သူ့အချစ်ကို ယုံကြည်သည်။ သို့သော် မိမိနှင့်သူက လိင်တူတွေဖြစ်သည်။ သားသမီးမပွားစည်းနိုင်သည့် လိင်တူအိမ်ထောင်တစ်ခုက မငြီးငွေ့ပဲ ဘယ်လောက်တာရှည်ခံမည်ကို မိုးစက် လည်းမသိပေ။
ပြီးတော့ အမှန်တရားကို ကြာရှည်ဖုံးလို့လည်းရမည် မဟုတ်ပေ။ တနေ့ မိမိက ယောကျ်ားလေးဆိုတာ ဦးမင်းထန် သိသွားလျှင်၊ မိုးပွင့်အစား လက်ထပ်ခဲ့သည်ကိုသာ သိသွားလျှင် မိမိကို မည်သို့ထင်သွားမည်နည်း။ ပြီးတော့ အကိုနှင်းထန်၏ အချစ်ကို လေးစားသောကြောင့် မိမိက သူ့အတွက် အကောင်းဆုံးကို လုပ်ဆောင်ပေးချင်သည်။ ညီမလေး မိုးပွင့်နှင့် အတူနေပြီး ကလေးရလျှင် အကို မိသားစု ဘဝကိုပိုင်ဆိုင်နိုင်လိမ့်မည်။ ဒါကလည်း အစကတည်းက ဖြစ်သင့်သည့် ဇာတ်လမ်းကို မိမိက ဆက်လက်ရေးဆွဲပေးခြင်းသာဖြစ်သည်။ သူနှင့် အတူနေခဲ့သည့် ကာလအတွင်း မိုးစက် တကယ်ကိုပျော်ခဲ့သည်။ ရင်ထိတ်နေသည့် ကြားက၊ ရှက်ရွံသိမ်ငယ်သည့် ကြားက ပျော်ခဲ့ပါသည်။ အကိုနှင်းထန်၏ အချစ်က မိုးစက်ကို လုံခြုံပျော်ရွှင်စေပါသည်။ သို့သော် တနေ့ သူမိမိကို ငြီးငွေ့စွန့်ပစ်သွားခဲ့လျှင်.....။ မိုးစက် ယခုလို စီစဉ်ရခြင်းက ထိုအတွေးကြောင့်လည်းပါသည်။
'ကျွန်တော် မနက်ဖြန်ပြန်ရောက်မယ်။ '
'ကိုယ်မင်းကို လာကြိုမယ်။ လေယာဉ်ဘယ်အချိန်လဲ မိုးစက်..'
'ညနေ ၄ နာရီရောက်မယ် အကို။ '
နှင်းထန် သည် စိတ်လှုပ်ရှားစွာဖြင့် လေယာဉ်ကွင်းတွင် မိုးစက်ကို လာကြိုသည်။ နှင်းထန် သူ့ကို ကြောင်ပြီး ငေးစိုက် ကြည့်နေသည်။ မိန်းကလေးလို ရှိုက်ကြီးဖိုငယ် အသွယ်သွယ်ဖြင့် မိုးစက်သည် အေးဆေးတည်ငြိမ်စွာ မိမိကို စိုက်ကြည့်ကာ လှမ်းခေါ်လိုက်သည်။
'အကို'
ထိုအသံကိုကြားသော် နှင်းထန် မိုးစက်နားကိုအပြေးသွားလိုက်ပြီး တင်းကျပ်စွာပွေ့ဖက်လိုက်သည်။ လွမ်းဆွတ်ခြင်းများစွာနှင့် နွေးသော ကိုယ်လေးကို ဖက်ကာ ဆံပင်များကြား မျက်နှာဖွက်ပြီး တိုးတိုးပြောလိုက်သည်။
'လွမ်းလိုက်ရတာ မိုးစက်ရယ်။ မင်း ဘာကြောင့် ဒီလိုလုပ်ရတာလဲ။'
'ကျွန်တော် အကိုနဲ့ တသက်လုံးနေသွားချင်လို့ပါ။ အကိုသဘောမကျဘူးလားဟင်'
'ကိုယ် က မင်းကို မိုးပွင့်နဲ့ကွဲပြားစေချင်တယ်။ မင်းက ကိုယ်တယောက်တည်းအတွက်ပဲ ဖြစ်စေချင်တယ် မိုးစက်လေး။'
နှင်းထန် သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ စိတ်ထဲရှိသည့်အတိုင်းပြောလိုက်သည်။
'ကျွန်တော် ခုလိုဆုံးဖြတ်လိုက်တာ အကို့ကြောင့်ပါ။ အကို့အတွက် ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ဆိုတာ မရှိအောင်ကို ကျွန်တော် လုပ်ပေးချင်တာ။ ဒါကြောင့်ပါ။ '
နှင်းထန်သည် မိုးစက်ကို စကားဆက်မပြောခိုင်းတော့ပဲ သိုင်းဖက်ကာ အိမ်သို့ခေါ်လာခဲ့သည်။ နှစ်ယောက်သား အခန်းထဲရောက်
သော် နှင်းထန် မိုးစက်ကို အကြမ်းပတမ်းနမ်းတော့သည်။ မိုးစက်သည် သူ့ကို ပြန်ဖက်ကာ တုန့်ပြန် နမ်းသည်။ နှင်းထန်သည် မိုးစက်ကို အိပ်ယာပေါ်တွန်းလှဲကာ တကိုယ်လုံးကို လွမ်းဆွတ်စွာဖြင့် ပွတ်သပ်ကာနမ်းရှိုက်စဉ် လက်ပြင်မှစမ်းမိနေကြမှဲ့သီးလေး ကို မစမ်းမိသည်နှင့် နှင်းထန် ချက်ချင်းအိပ်ယာမှ လူးလဲထကာ အိပ်ယာထက်မှ မိုးပွင့်ကို မီးဝင်းဝင်းတောက်မတတ် စိုက်ကြည့် ကာ ပြောလိုက်သည်။
'မိုးပွင့် မင်း ဘာကြောင့် ကျူပ်ရှေ့ပြန်လာရတာလဲ။ မင်း မျက်နှာပြောင်လှချည်လား။'
'အကို ကျွန်တော် မိုးစက်ပါ။'
'မိုးစက်ရဲ့ ကိုယ်ပေါ်က မှဲ့တွေကို ကျူပ်အလွတ်မရဘူးလို့ ထင်လို့်လား။ ဆောရီးပဲ မိုးပွင့်။ မင်းကို ကိုယ်စိတ်မဝင်စားဘူး။'
နှင်းထန် လှောင်ရယ်ရယ်ကာ ခံပြင်းစွာပြောလိုက်သည်။ ထင်ထားသည့်အတိုင်း မိုးပွင့်က မျက်နှာပြောင်တိုက်ကာ ပြန်လာခဲ့လေပြီ။ မိမိလည်း သံသယဝင်သဖြင့် ယခုလို စမ်းသပ်လိုက်ခြင်းဖြစ်သည်။ မိုးပွင့်သည် အိပ်ယာထက် ပက်လက်အနေထားမှ ထကာ အဝတ်စားကို သပ်ရပ်အောင် ပြန်လည်ပြင်ဆင်ပြီး ဒေါက်တာနှင်းထန်ကို ပြုံးကြည့်ကာ အမှန်တရားကို ပြောချလိုက်သည်။
'ရှင်လက်ထပ်ထားတာ မိုးပွင့်ပါ အကိုနှင်းထန်။ မိုးစက်နဲ့ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မက ရှင့်မိန်းမပါ။ မိုးစက် ရှင့်ဆီကို ပြန်လာတော့မှာ မဟုတ်ဘူး။'
'ကောင်းပြီ။ မင်း ကကျုပ်ရဲ့ ဇနီးအဖြစ်နေပေါ့။ မင်းရှိရင် မင်းအကိုကို ကျူပ်ရအောင်ပြန် ယူနိုင်မှာပါ။မင်းက ကျူပ်အတွက် ပွဲတက် မယားပဲပေါ့။ မိုးစက်လည်း ဒီလိုသတ်မှတ်တဲ့အတွက် ကျေနပ်မှာပါ။ သူက သူ့ချစ်လှစွာသော ညီမကို ကျုပ်မယား ဖြစ်စေချင်တယ် ဆိုလို့ ကျုပ် မင်းကို လက်ခံတာနော်။ အခြား ဘာမှ စိတ်ကူးမယဉ်နဲ့။ မင်းနဲ့ ကျုပ်ကအိပ်မှာမဟုတ်ဘူး။ ကျူပ်ချစ်သူက မိုးစက်ပဲ။ သူကလွဲရင် ဘယ်သူမှ ကျုပ်အိပ်ယာပေါ်တက်ခွင့်မရှိဘူး။'
နှင်းထန် မိုးပွင့်ကို အေးစက်စွာ စိုက်ကြည့်ကာ ဒီကာလအတွင်း မိမိဆုံးဖြတ်ထားသည်ကို ပွင့်လင်းစွာပြောလိုက်သည်။ အခုရှု့ပ်မှ နောင်ရှင်းမည်ဖြစ်သည်။ သူက မိုးပွင့်ကို ရက်စက်စွာပြောကာ အခန်းထဲမှထွက်သွားမည်အပြု မိုးပွင့်က အသားဆတ်ဆတ်တုန် သည်အထိ ဒေါသထွက် ခံပြင်းစွာဖြင့် ပြောလိုက်သည်။ အကိုနှင်းထန် လွန်လွန်းလှပြီဟု ထင်သည်။ မိမိကိုနာအောင်ပြောမှတော့ သူ မေ့ထားချင်သည့်အချက်ကို မိမိထောက်ပြရသေးတာပေါ့ဟု တွေးကာ လှမ်းပြောလိုက်သည်။
'ရှင် မိုးစက်နဲ့ အတူနေလည်း သူကရှင့်ကို သားသမီးမွေးမပေးနိုင်ပါဘူး။ ရှင်လက်လျှော့ လိုက်ပါတော့။ ကျွန်မက ရှင့်ရဲ့မျိုးဆက်တွေကို မွေးပေးနိုင်တယ် ။ ရှင်ကျွန်မဆီကို ပြန်လာပါ။'
နှင်ထန် သူမကို လှည့်မကြည့်ပဲ အခန်းထဲမှ ထွက်လာခဲ့သည်။ တကိုယ်လုံး မီးလောင်နေသလားလို့ ထင်ရလောက်အောင် မိုးပွင့် ဒေါသထွက်ကာ မိုးပွင့် ခံပြင်းစွာ အော်ဟစ်ကာ ကျန်ရစ်ခဲ့သည်။
ဒေါက်တာနှင်းထန်သည် မိုးပွင့်ကို အိမ်မှမောင်းမထုတ်ပဲ အိမ်တွင်နေခွင့်ပေးသော်လည်း အခန်းခွဲကာ အိပ်သည်။ သူမမျက်နှာကို မမြင်ချင်သော်လည်း မိုးပွင့်ရှိမှ မိုးစက်ကို မိမိ အမိဖမ်းနိုင်မည်လို့အောင့်အီးသည်းခံနေခြင်း ဖြစ်သည်။ ဒေါ်ပိုသည် မောင်နှင်းထန် တို့ လင်မယား ခပ်စိမ်းစိမ်းနေသည်ကို နားမလည်နိုင်အောင်ဖြစ်မိသည်။ မိုးပွင့် တလခန့်အိမ်ပြန်ပြးီ ပြန်လာသည့်နောက် မောင်နှင်းထန်က မိုးပွင့်လေးကို အရင်လို ကရုမစိုက်ပဲပြစ်ထား သဖြင့် ဒေါ်ပိုပင်ဘေးမှ ဒေါသထွက်မိသည်။ အပြင်တွင် အသစ်တွေ့နေသောကြောင့် မောင်နှင်းထန် မိုးပွင့်လေးကို စိမ်းကားသည်ဟုထင်ကာ မိုးပွင့်လေးကို သနားပိုနေရသည်။ ထို့ကြောင့် မောင်နှင်းထန် ထမင်းစားချိန် တွင် ဒေါ်ပိုက မိုးပွင့်လေးကို ခေါ်ကာ ထမင်းအတူလက်ဆုံစားရန်ကြံပေးသည်။ မောင်နှင်းထန်က မိုးပွင့်လေးကို အတော့်ကို ခါးခါးသီးသီးဖြစ်နေပုံရသည်။ မိုးပွင့်ဆင်းလာလျှင် ထမင်းဝိုင်းမှ ထသွားသည်။ မိုးပွင့်က ရှက်ဒေါသဖြင့်ကျန်ရစ်ခဲ့စမြဲပင်။
မောင်နှင်းထန်သည် ယခင်လို အိမ်သိပ်မကပ်တော့ပဲ အပြင်တွင် အချိန်ဖြုန်းတာများလာသည်။ ညဉ့်နက်မှ အိမ်ပြန်လာသည်။ နားရက်များတွင် အိမ်မှာမနေတော့ပေ။ ဘာကြောင့် သိပ်ချစ်သည့် လင်မယား ဒီလိုဖြစ်သွားသည်ကို နားမလည်နိုင်တော့ပေ။ နောက်ဆုံး ဒေါ်ပိုသည် ဆရာကြီး ဦးမင်းထန်ကို အသာလေးဖုန်းဆက်ပြောကာ အိမ်ကိုခေါ်ရတော့သည်။
ဦးမင်းထန်သည် ဒေါ်ပို့စကားကို ကြားသော် သားဖြစ်သူ မိုးစက်ကို ကြိတ်ရှာနေသည်ကို သိရှိသွားသည်။ မိုးပွင့်၏ စိတ်နေ စိတ်ထားကို သိပ်မကြိုက်သော်လည်း သား၏မျိုးဆက်ကို မွေးပေးနိုင်သူဖြစ်သည့်အပြင် မိုးပွင့်သည်လည်း သူငယ်ချင်း သက်ထွန်း၏ သမီးဖြစ် သောကြောင့် မိမိဝင်ပါရန် ဆုံးဖြတ်လိုက်သည်။
နှင်းထန်သည် ဒယ်ဒီက ညစာစားရန် နှစ်ယောက်လုံးလာခဲ့ဟု ဆိုသောကြောင့် မတတ်သာပဲ မိုးပွင့်ကို ခေါ်ကာ ထွက်လာခဲ့သည်။ ဒယ်ဒီရိပ်မိမည်စိုးသောကြောင့် မိုးပွင့်ကို ဟန်ဆောင်ကာ ပြုံးရယ်ပြီး ဆက်ဆံရသည်။ မိုးပွင့်သည် ရသည့်အခွင့်အရေးကို လက်လွှတ်မခံပဲ အကိုနှင်းထန်ကို ဟင်းထည့်ပေးခြင်း၊ ချစ်စဖွယ်တီတီတာတာပြောခြင်းဖြင့် တတ်နိုင်သလောက် စွဲဆောင် သော်လည်း သူ့ မျက်ဝန်းများက နူးညံ့ခြင်းလုံးဝမရှိခဲ့ပေ။ ဒယ်ဒီရှေ့တွင် သူမိမိကို ခါးခါးသီးသီး သိပ်မလုပ်ဝံ့သည်ကို သိသောအခါ ဒယ်ဒီ့ကို ပူဆာကာ ညနေစာ အတူစားဖို့ အိမ်ကို ဖိတ်လိုက်သည်။
"ဒယ်ဒီ သမီးတို့အိမ်ကို နေ့တိုင်း ညစာလာစားပါလားဟင်။ မိသားစု ထမင်းအတူစားရတာကို သမီး အရမ်းသဘောကျလို့ပါ။"
"အေး.. ကောင်းသားပဲ။ ဒယ်ဒီလည်း တယောက်တည်းစားရတာ ငြီးငွေ့နေပြီ။"
"ဒေစီတို့၊ အေမီတို့ ငိုကုန်ပါ့မယ် ဒယ်ဒီရယ်။ ညနေတိုင်း ဒယ်ဒီ အားတာလည်း မဟုတ်ပဲနဲ့။ ကျွန်တော်တို့ မနှောက်ယှက် တော့ပါဘူူး။"
နှင်းထန်သည် ဒယ်ဒီကို အိမ်မလာစေချင်သောကြောင့် ပိတ်ပြောလိုက်သော်လည်း ဦးမင်းထန်က ရယ်မောကာ မိုးပွင့်ကိုလှမ်းပြော လိုက်သည့် စကားကြောင့်နှင်းထန် စိတ်ညစ်သွားသည်။
"သူတို့နဲ့သွားရတာကို ငြီးငွေ့လာပြီကွဲ့။ ဒယ်ဒီလည်း အသက်ကြီးပြီဆိုတော့ မြေးလေးတွေနဲ့ ဆော့ချင်ပြီ နှင်းထန်။ မင်းက တဦးတည်းသောသားနော်။ ဒယ်ဒီ့အတွက် မြေးလေးတွေ၊ မြေးမလေးတွေ များများမွေးပေးရမယ်။ သမီးလေး ဘယ်လိုလဲ။ ဒယ်ဒီ့ကို မြေးလေးတွေ ဘယ်လောက်မွေးပေးနိုင်သလဲ။"
"သမီးက ကလေးချစ်တတ်ပါတယ် ဒယ်ဒီ။ ကိုကို လိုချင်သလောက်မွေးပေးပါ့မယ်။"
မိုးပွင့်က ချက်ချင်းပင် မိမိ မိန်းကလေးဖြစ်သည့် အားသာချက်ကို ဂုဏ်ယူဝံ့ကြွားစွာပြောလိုက်သည်။ ဦးမင်းထန်က သဘောကျစွာ ရယ်မောကာ သားဖြစ်သူကိုတိုက်တွန်းလိုက်သည်။
"သား... မင်းတို့က အိမ်ထောင်ကျတာ ၈ လကျော်နေပြီ။ ဘာမှမထူးခြားဘူးလား။ နှစ်ယောက်လုံး ဆေးစစ်ကြကွာ ။ ဘယ်သူက ချို့ယွင်းနေသလဲ .. ဒယ်ဒီ သိချင်တယ်။ ပြီးတော့ ဒီနှစ်အတွင်း မင်းတို့ဆီက သတင်းကောင်းကြားချင်တယ်။ နောက်ဆုံး စကားကုန်ပြောမယ်ကွာ။ မင်းတို့တခုခု ချို့ယွင်းလို့ကလေးကို ကိုယ်တိုင်လွယ်မမွေး နိုင်ရင် နိုင်ငံခြားမှာ အငှားကိုယ်ဝန်ဆောင်ခိုင်းပြီး မွေးမယ်ကွာ။ ဘယ်လိုလဲ။"
နှင်းထန်က ဒယ်ဒီ၏ စကားကို စိတ်မဝင်စားပေ။ မိုးပွင့်နှင့် ကလေးယူဖို့က ဘယ်လိုမှ လက်မခံနိုင်သည့် အကြောင်းရာဖြစ်လို့ ဒယ်ဒီ့ကို လေကုန်ခံပြီး ရှင်းပြမနေတော့ပေ။ မိမိမျိုးဆက် ဒီကမ္ဘာပေါ်ချန်ထားရစ်ဖို့ဆိုသည့် အချက်ကို အရူးမူးဖြစ်သည့်အထဲ နှင်းထန်မပါပေ။ နှင်းထန်က ဘာမှမပြောသော်လည်း မိုးပွင့်က လှိုက်လှိုက်လှဲလှဲထောက်ခံကာ ကတိပေးလိုက်သဖြင့် နူတ်ခမ်းကိုတွန့်ကာ ပြုံးလိုက်ချင်သည်ကို ထိန်းထားလိုက်ရသည်။
"စိတ်ချပါ ဒယ်ဒီ။ သမီးတို့ ဖေဖေ့ဆန္ဒ ကို ဖြည့်ဆည်းပေးပါ့မယ်။"
ဦးမင်းထန်က သားဖြစ်သူ နူတ်ဆိတ်နေသောကြောင့် ခပ်တင်းတင်းကြည့်ကာ မေးလိုက်သည်။ ဒီကောင်ကို ဖိအားပေးကာ သားသမီးပွားစည်းအောင်လုပ်မှဖြစ်မည်ဟု ဦးမင်းထန်တွေးလိုက်သည်။ မဖြစ်နိုင်သည့် စိတ်ကူးယဉ်အချစ်မှ နိုးထစေချင်သည်။
"သား... မင်းဘက်က ဘယ်လိုလဲ။"
"ကျွန်တော် လွတ်လွတ်လပ်လပ်နေချင်သေးတယ် ဒယ်ဒီ။"
"ဟ... မင်းက ကိုယ်ဝန်ဆောင်ရမယ့်လူမို့လား။ မိုးပွင့်လေးကတောင် လိုသလောက် မွေးပေးပါ့မယ် ပြောနေတာ။ မင်းဘာမှ စကားမရှည်နဲ့။ ဒီနှစ်အတွင်းသတင်းကောင်း ကြားချင်တယ်။"
နှင်းထန် ဘာမှပြန်မပြောလိုက်ပေ။ ဖေဖေပြောသည်ကို လုံးဝကိုစိတ်မဝင်စားပါ။ မိမိ စိတ်ဝင်စား သည်က ညတွင်သိရမည့် သတင်းကိုဖြစ်သည်။ မိုးစက်ကို ထိုင်းတွင်ရှိသည်ဟုမိမိယုံကြည်သဖြင့် မိုးစက်တို့သူငယ်ချင်း ကျော်သက်ထွန်းကို စုံစမ်းခိုင်း ထားသည်။ ယခင်က မိမိသွားတွေ့သည့် ဝသုန့်ဦးလေးထံတွင်လည်း မရှိသဖြင့် မိုးစက် ပုန်းနေရာကထွက်လာအောင် မိမိကြိုးစားနေခြင်းဖြစ်သည်။ ယခုလည်း မိုးစက်နှင့် ဝသုန်၏ သူငယ်ချင်း ကျော်သက်ထွန်းလက်ထပ်ပြီး ဘန်ကောက်သို့ ဟန်းနီးမွန်းထွက်ရင်း တွေ့လိုတွေ့ငြား စုံစမ်းခိုင်းလိုက်ခြင်းဖြစ်သည်။ ရေနစ်နေသူအဖို့ ကောက်ရိုးတမျှင်သည်လည်း အဖိုးတန်သည်။ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသည်ပဲ ပြောပြော နှင်းထန်ကတော့သေမှ မိုးစက်ကိုရှာတာ ရပ်ရန်ဆုံးဖြတ် ထားသည်။
အစကတည်းက မိမိရဲ့ အိပ်ပျော်နေသောအချစ်ကို လာမနှိုးမိလျှင် မိမိသူ့ကို ခွင့်လွှတ်နိုင်သေးသည်။ ယခုတော့ အိပ်ပျော်နေသော နှလုံးသားကိုသာမက မိမိသွေးသားဆန္ဒကိုပါ နှိုးသွားသော ချစ်သူလေးကို ဒဏ်ခတ်ရန် သဲသဲမဲမဲ လိုက်ရှာနေရခြင်းဖြစ်သည်။
သွေးသားအလိုဖြည့်ချင်ရုံဖြင့် တခြားသော ယောကျ်ား၊မိန်းမများဖြင့် မိမိ အစားမထိုးချင်ပါ။ မိမိက အလိုရမ္မက်သက်သက်ဖြင့် မိုးစက်ကို ချစ်ခြင်းမဟုတ်ပေ။ ချစ်လွန်းလို့ သူ့ကို အရယူရခြင်းဖြစ်သည်။
သူ့နေရာတွင် သူစိမ်းကို အစားထိုးရန် မပြောနှင့် မိုးပွင့်ဖြင့်ပင် အစားမထိုးနိုင်ပေ။ ဒါကတော့ မိမိရဲ့ သစ္စာတရားဖြစ်သည်။ မိုးစက် တော့ မိမိအချစ်ကို တန်ဖိုးမထားသော်လည်း မိမိကတော့ မိုးစက်ကို တန်ဖိုးထားသည်။ သူ့ညီမအစား အရာရာကို ပေးဆပ်ရဲ သည့် သူ့မေတ္တာကို အင်မတန်လေးစားသည်။မိမိအပေါ် သူချစ်လာမည့်နေ့များကို စောင့်ချင်သည်။မိမိအိုမင်းသွားသည့် နေ့ရက်တိုင်းကို မိုးစက်ဖြင့် ကုန်လွန်ဖြတ်သန်းချင်သည်။
ဦးမင်းထန်သည် စိတ်ဝင်စားပုံမရသော သားကိုကြည့်ကာ သက်ပြင်းချမိသည်။ အစွဲအလန်း ကြီးလွန်းသော သားအကြောင်းကို သိသူပီပီ ရင်မောစွာ သက်ပြင်းရှိုက်မိသည်။ ချစ်ခဲသလောက် အချစ်မြဲသော နှင်းထန်သည် ကွယ်လွန်သွားသော မိမိ၏ချစ်ဇနီး သဇင်၏စိတ်နေစိတ်ထားကို ရထားခြင်းဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဖခင်တယောက် ဖြစ်မှတော့ သားကို သဘာဝမကျသော အချစ်ကို စွဲလန်းနေသည့်အစား မိုးပွင့်လေးနှင့် သားသမီးပွားစည်းကာ ပျော်ရွှင်စေချင်သည်။ မိုးစက်ကလည်း မိမိနှင့် ထပ်တူ ဆန္နရှိ သည်။ ဒါကြောင့် မိုးစက်ကို မိမိအလွယ်တကူခွင့်လွှတ်ကာ ကူညီပေးနေခြင်းဖြစ်သည်။
"သား... မင်းတို့ဆီ ဒယ်ဒီ တပတ် သုံးရက် ထမင်းလာစားမယ်။ ဒယ်ဒီလာတဲ့နေ့တိုင်း မင်းဘယ်လောက် အရေးကြီးတဲ့ ကိစ္စရှိရှိ ဖျက်ပြီးလာခဲ့ပါ။ ငွေ၊အလုပ်ထက် မိသားစု ရင်းနှီးနွေးထွေးမှုက ပိုအရေးကြီးတယ်။"
"ကျွန်တော် ငယ်ငယ်က ဒယ်ဒီပြောတော့ အလုပ်က အရေးအကြီးဆုံးဆို။ ခု ပြောင်းသွားပြီလား။"
နှင်းထန် အတွန့်တက်လိုက်သည်။မေမေဆုံးပြီးစ မိမိငယ်စဉ်ကတော့ ဖေဖေ ဒီစကားကို ပြောခဲ့လျှင် မိမိဘယ်လောက် ဝမ်းသာလိုက်မည်နည်း။ ယခုမှတော့ မလိုတော့ပေ။ ဒယ်ဒီလည်း ပျော်သလိုနေလာခဲ့သလို မိမိလည်း အလုပ်နဲ့ ဘဝကို တည်ဆောက်ခဲ့ပြီးလေပြီ။ ယခု မိမိ အသည်းနင့်အောင်ချစ်သောသူကိုတွေ့ခဲ့ပြီးမှ ဒယ်ဒီက မိသားစုနွေးထွေးမှုအကြောင်းကို ပြန်ပြောနေသည်က ရယ်စရာတစ်ခုလို ခံစားလိုက်ရသည်။
'မင်းပါးစပ်ပိတ်ထား နှင်းထန်။ ငါ့ကို ဘာမှ ပြန်မပြောနဲ့။ မင်းနောင်တချိန်မှ ငါ့စေတနာကို သိမယ်။ ခုတော့ ငါပြောသလိုလုပ်။ သမီးလည်း မပို ကိုပြောလိုက်။ ဒယ်ဒီလာမယ့် ရက်တိုင်း သူအားလုံး စီစဉ်ပေးလိမ့်မယ်။ ကဲ... ပြန်ကြတော့။ မိုးချုပ်နေပြီ။ နှင်းထန်... ဒယ်ဒီ ပြောတာ မမေ့နဲ့။ မိုးပွင့်ကို မင်းချစ်လို့ လက်ထပ်ထားခဲ့တာ။ သူ့ကို စိတ်ဆင်းရဲအောင် မလုပ်နဲ့။ တခုခု အသံကြားရင် ဒယ်ဒီ ခွင့်မလွှတ်ဘူးနော်။'
နင်းထန် ဒယ်ဒီပြောသည်ကို ကရုမစိုက်ပါ။ အိမ်မြန်မြန်ပြန်ချင်ဇောဖြင့် မြန်မြန် ခေါင်းငြိမ့်ကာ ပြန်လာခဲ့သည်။ အိမ်သို့ရောက်သော် ကားရပ်ပြီးသည်နှင့် မိုးပွင့်ကို လှည့်ပင် မကြည့်ပဲ အိမ်ပေါ်ထပ် သူ့အိပ်ခန်းထဲဝင်ကာ လော့ခ်ချလိုက်သည်။
မိုးပွင့်သည် သူ့နောက်ကျောပြင်ကို ပြုံးကြည့်ကာ ကျန်ရစ်ခဲ့သည်။ မိမိဘက် သူ့ဒယ်ဒီ ကိုယ်တိုင်ရှိမှတော့ သူ့ကို ရအောင်ယူရမည်။
'မိုးစက်ရေ နင့်ငါ့ကလေးကို ကူထိန်းပေးဖို့ပြင်ပေတော့။ သူ့ရင်သွေးကို ငါရအောင်မွေးမယ်။'
မိုးပွင့်သည် မိမိအကို မိုးစက်ကိုပြိုင်ဖက်တစ်ဦးပမာ ထင်မြင်ပြီးကြုံးဝါးနေသည်။
ထိုအချိန်တွင် မိုးစက်မှာ မိုးပွင့်နှင့် အကို နှင်းထန် အဆင်ပြေပ့ါမလားဟုတွေးကာ ရင်ပူနေမိသည်။ အကိုနှင်းထန်က အရမ်းကို အစွဲအလမ်းကြီးလွန်းသည့်အပြင် ပါးနပ်လွန်းသဖြင့် မိုးပွင့်လေးမှန်းသိလျှင် တခုခု စိတ်ညစ်အောင်လုပ်မည်ကို စိုးရိမ်မိသည်။ ထို့ကြောင့် ဝသုန်မှတဆင့် မေးမြန်းကာ ရင်တထိတ်ထိတ်ဖြင့် စုံစမ်းနေရသည်။ ဒါကို မိုးပွင့်က ဝသုန်ကနေတဆင့် အကိုနှင်းထန် ခြေရာခံမိမည်ကို စိုးသဖြင့် ဝသုန်ကို အိမ်မလာရန် ပြောလွှတ်ရာမှ ဝသုန်နှင့်စကားများကာ အဆက်သွယ် ပြတ်သွားရပြန်သည်။
မိုးစက်သည် အကိုနှင်းထန် နှင့် အတူရှိစဉ် လင်မယားလိုနေရသည်ကို မနှစ်သက်သော်လည်း ဝေးကွာသောအခါ သူ့အထိအတွေ့ ကို တခါတရံ အိပ်မက်ထဲမက်ကာ စိတ်ရှုပ်စွာနိုးထလာမိသည်မှာ အကြိမ်ကြိမ်ပင်။ သူ့အကြည့်၊ သူ့ရေမွှေးနံ့နှင့်ရောနေသည့် ကိုယ်သင်းနံ့၊ သူ့အနမ်းများ၊ သူ့အထိအတွေ့များ၊ သူ့အကြင်နာများ၊ သူ့အချစ်များ၊ သူခေါ်ဆောင်သွားရာ ချစ်ခရီးများ စသည် တို့ကို မိမိလုံး၀ မမေ့နိုင်သဖြင့် မိုးစက် မိမိ ကိုယ်ကိုယ် ရူးသွားပြီလားဟု တွေးကာ ငိုချင်သလို၊ ရီချင်သလို ဖြစ်နေမိသည်။ ညတိုင်း မိုးစက် ဖက်လုံးကို ဖက်ကာ သူအမှတ်ဖြင့် စကားပြောကာ ရန်တွေ့နေမိသည်။
"ခင်ဗျား သိပ်ဆိုးတယ် အကို။ ခင်ဗျားကြောင့် ကျွန်တော်လည်း ယောကျ်ားအစစ်ကနေ စိတ်တွေဖောက်ပြန်ပြီထင်တယ်။ ခင်ဗျား ကျွန်တော့်ကို မေ့လိုက်ပါတော့ဗျာ။ ကျွန်တော်လည်း ခင်ဗျား ကိုမေ့ပစ်လိုက်ပြီး ဘဝသစ်ကို စချင်လှပြီ။ ကျွန်တော့် အိပ်မက်တွေ ကိုတော့ ချမ်းသာပေးပါတော့ အကိုရာ။ ကျွန်တော် မနက်ဖြန် အလုပ်သွားရဦးမယ်။ ခင်ဗျားကြောင့် ခဏခဏ အိပ်ရေးပျက်ရပြီဗျ။"
မိုးစက်သည် မငြိမ်သက်သောစိတ်ကြောင့် အလုပ်တွင် မကြာခဏ အမှားလုပ်မိကာ အဆူခံရသည်မှာ အကြိမ်ကြိမ်ပင်။ တော်သေး သည်။ ဝသုန့်ဦးလေး၏သူငယ်ချင်း ဆိုင်ဖြစ်သောကြောင့် အလုပ်မပြုတ်ခြင်းဖြစ်သည်။ ဆိုင်ရှင်ကလည်း ရိုးသားကြိုးစားသော မိုးစက်ကို တူသားလို ချစ်သောကြောင့် သည်းခံနေခြင်းဖြစ်သည်။
နောက်ဆုံး မိုးစက်သည် အကိုနှင်းထန်ကို မေ့ပျောက်စေရန် အလုပ်ထဲမှ ခမ်းလောင် ဆိုသည့် မိန်းကလေးကို ချစ်ရေးဆိုကာ ရည်းစားထားလိုက်သည်။ ခမ်းလောင်က မိမိကို တကယ်ချစ်လေလေ၊ မိုးစက်က လိပ်ပြာမလုံလေဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် သူမလေး အား မိမိဒဏ်ရာကို ကုစားရန် အသုံးချမိနေသောကြောင့်ဖြစ်သည်။ ခမ်းလောင်ကို မိုးပွင့်လိုသာ သဘောထား နေမိသည်။ ယခုလည်း ခမ်းလောင် ပူဆာသဖြင့် မိုးစက် သူမနှင့် နိုက်ကလပ်သို့ထွက်လာမိသည်။ ကလပ်မှ ပြန်လာပြီး ဗိုက်ဆာ သည်ဆိုသဖြင့် ညဈေးတန်းတွင် မုန့်သွားစားကြ သည်။ ညဈေးတွင် လူများစည်ကားလို့နေသည်။ လူတန်းစားပေါင်းစုံ နှင့် နိုင်ငံခြားသား ခရီးသွားများစွာဖြင့် ကြိတ်ကြိတ်တိုးနေသည်။
"ဟေ့ကောင် မိုးစက်။ မင်းက ဒီရောက်နေတာလား။ ငါ့ဆီကို မင်းယောက်ဖက လာမေးသေးတယ်။ မင်းဒီမှာရှိတာ မင်းညီမ မသိဘူးလား။"
မိုးစက် ခမ်းလောင် နှင့် အတူစားပြီး စကားပြောနေခိုက် ပုခုံးကိုပုတ်ပြီး နူတ်ဆက်လိုက် သံကြောင့် ခေါင်းကြီးသွားသည်။ လှည့်ကြည့်လိုက်တော့ ကျော်သက်ထွန်းဖြစ်နေသည်။ ကျော်သက်ထွန်း၏ နံဘေးတွင် ခေတ်မှီသည့် မိန်းမလှလေး တစ်ယောက်လက်တွဲကာ ရပ်နေသည်။ မိုးစက်သည် အသိနှင့် တည့်တည့်တိုးသဖြင့် စိတ်ညစ်သွားသည်။
"ကျော်သက်ထွန်း.... မင်း ဒီကို ဘယ်လိုရောက်နေတာလဲ။ "
"ငါ လက်ထပ်ပြီး ဒီကို ဟန်းနီးမွန်းထွက်လာတာ။ သူက ငါ့မိန်းမ သဲသဲရွှေစင်တဲ့။ သဲသဲ ဒါ မောင့် သူငယ်ချင်း မိုးစက်တဲ့။"
မိုးစက်သည် လူမှုရေးအရ နူတ်ဆက်လိုက်ပြီးနောက် အံ့အားသင့်စွာမေးသည်။ မိမိအကြောင်း အကိုနှင်းထန်လာမေးသည် ဆိုသည့် စကားကိုကြားသော် ရင်ထိတ်သည့် ကြားက လှိုက်ခနဲပျော်သလိုဖြစ်သွားမိသည်။ မိုးစက်သည် သတိမထားမိလိုက်ခင် ကျော်သက်ထွန်းဘေးက ထိုင်ခုံတွင် ဝင်ထိုင်ပြီး သူမေးသည်ကို အဆင်ပြေသလို ဖြေလိုက်သည်။
"မင်းငါ့ လက်ထပ်ပွဲကို မလာနိုင်လောက်အောင်ကို အလုပ်များနေတာလား။ ခဏလောက်တော့ ပြန်လာတာ မဟုတ်ဘူးကွာ။ ဟိုကောင် ဝသုန်ကိုတောင်မေးလိုက်သေးတယ်။"
"ဆောရီးကွာ။ ငါက ဒီကို အလုပ်ဝင်ကာစဖြစ်လို့ ခွင့်ယူရတာ အဆင်မပြေဘူးဖြစ်နေလို့ပါ။"
"မင်း ဘယ်မှာ အလုပ်လုပ်တယ်ဆိုတာ ဟိုကောင် ဝသုန်မသိဘူးလို့ပြောတယ်။ မင်းနဲ့ ဝသုန် ရန်ဖြစ်ထားကြတာလား။"
"အင်း ဆိုပါတော့ကွာ။ သူက ငါ့ကို မြန်မာပြည်မှာ လုပ်စေချင်တယ်။ ငါက ဒီကိုထွက်လာလို့ ဒေါကန်ပြီး အဆက်ဖြတ်ထားတာ။"
"အေးကွ။ မင်းရဲ့ယောက်ဖက လုပ်ငန်းအများကြီးကိုပိုင်တဲ့ဟာကိုကွာ။ မြန်မာပြည်မှာ လုပ်ရင်ရရဲ့သားနဲ့။ မင်းက ဘာကြောင့် ဒီမှာအလုပ်လုပ်နေတာလဲ။ ဒါနဲ့သူက မင်းရည်းစားလား။"
"ယောက်ဖချမ်းသာတာ ငါနဲ့ဘာဆိုင်တာ မှတ်လို့ကွာ။ ငါက ကိုယ့်ခြေထောက်ပေါ်ရပ်ချင်လို့ပါကွာ။ ခုက အမျိုးတယောက်စီမှာ လုပ်နေတာ။ သူက ငါ့ဇနီးလောင်းပါ။ ခမ်းလောင်တဲ့။ ခမ်းလောင် ဒါက ကိုကို့ သူငယ်ချင်း ကျော်သက်ထွန်းတဲ့။ "
ခမ်းလောင်က မိုးစက်၏စကားကြောင့် အံ့အားသင့်သွားသော်လည်း အကင်းပါးသူပီပီ ချက်ချင်းပင် မိုးစက်၏ စကားအတိုင်းနင်းကာ ဆက်ပြောသွားသည်။ ကျော်သက်ထွန်းနှင့် အတန်ကြာစကားပြောပြီး သူ အကိုနှင်းထန်ကိုများသွားပြောလေမည် လားဟုတွေးမိ သဖြင့် နူတ်တော့ ပိတ်လိုက်သေးသည်။
"သူငယ်ချင်း ငါနဲ့တွေ့ခဲ့တာ ဘယ်သူ့ကိုမှ မပြောပါနဲ့။ "
"ဘာဖြစ်လို့လဲကွ။ မင်းညီမကတော့ သိတယ်မဟုတ်လား။"
"ဟင့်အင်း မသိဘူး။"
ကျော်သက်ထွန်း မျက်ခုံးပင့်သွားသည်။
"ဘာကြောင့်လဲ။ မင်း ညီမ လင်မယားနဲ့ ပြသနာတက်ခဲ့လို့လား။"
"အင်း... မိသားစု အရေးဆိုပါတော့ကွာ.။ ငါ နဲ့ စကားနဲနဲများလာလို့။ ငါ စိတ်ပြေရင် ပြန်ဆက်သွယ်မှာပါ။ မိုးပွင့် နည်းနည်းဆိုးတာ မင်းတို့လည်း အသိပဲ။ ငါ သူ့ကို စိတ်ဆိုးလို့ ခဏအဆက်ဖြတ်ထားတာ။ အဲ့ဒါကြောင့် မင်း ငါ့ကို တွေ့ခဲ့တာ ဘယ်သူ့ကိုမှ မပြော ပါနဲ့ကွာ ။ အထူးသဖြင့် အကိုနှင်းထန်ကို မပြောပါနဲ့၊ သူကတဆင့် မိုးပွင့်သိရင် ဒီထိလာပြီးသောင်းကျန်းမှာစိုးလို့ပါ။ Please"
ကျော်သက်ထွန်းက ရယ်က ပြန်ပြောလိုက်သည်။
"မိုးပွင့်က နဲနဲတောင်မဟုတ်ဘူး။ အများကြီးဆိုးတာကွ။ အေးပါကွာ မင်းနဲ့ငါက သူငယ်ချင်းတွေပဲ။ မင်း အကျိုးယုတ်အောင် ငါ ဘာမှမလုပ်ပါဘူး။ စိတ်ချပါ။"
ကျော်သက်ထွန်း၏ စကားကြောင့် မိုးစက် သက်ပြင်းချကာ ပြန်လာခဲ့သည်။ မိမိ နေရာကို သူ့ကို တမင်မပြောခဲ့ပေ။ မိုးစက်သည် ကျော်သက်ထွန်းနှင့်တွေ့ပြီး တစ်ပတ်ကြာ သောအခါ စိုးရိမ်စိတ် အနည်းငယ်ပြေလျော့သွားသည်။ တပတ်လုံးလုံး အပြင်မထွက်ပဲ အလုပ်တွင် အောင်းနေရာမှ သူငယ်ချင်းများနှင့် ထွက်လာခဲ့သည်။
ကလပ်မှအပြန် သူငယ်ချင်းများနှင့် လမ်းခွဲပြီး ထွက်လာစဉ် မိမိနေသော အိမ်အနီးသို့ ရောက်သောအခါ ကားတစ်စီး ကပ်လိုက်လာ သည်ကို သတိထားလိုက်မိစဉ် မိုးစက်လည်း ခပ်သုတ်သုတ် လှမ်းလာစဉ် ကားကရှေ့မှပိတ်ရပ်ကာ လူတစ်စုဆင်းလာပြီး မိုးစက်ကို ဝိုင်းချုပ်ကာ ကားထဲဆွဲသွင်းတော့သည်။ မိုးစက် အော်ဟစ်အကူအညီတောင်းစဉ် စူးရှ သောအနံ့ကို ရလိုက်ပြီး သတိလစ်သွား တော့သည်။ သတိမမေ့ခင် သူများရေမြေတွင် မိမိ ကလီစာများ ထုတ်ကာ ခိုးရောင်းခံရပြီး အသက်ဆုံးပြီဟု တွေးလိုက်မိသည်။
ESTÁS LEYENDO
Romanceအချစ်စစ်၏တည်နေရာ- Season (1) Author _ May King Genre _ Romance , Boy Love, Family, Couple Both Zawgyi + Unicode font (Zawgyi font chapter အောက်မှာ Unicode font နဲ့ Chapter ထပ်ထည့်ပေးထားပါတယ်။ အောက်ကို ဆွဲချပေးပါ။) ေပးဆပ္အနစ္နာခံတတ္တာ အခ်စ္စစ္လား။...