အချစ်စစ်၏ တည်နေရာ
Season - 1
အပိုင်း (11)
ဒေါက်တာနှင်းထန်နှင့် ဆန့်ကျင်ဘက်ဖြစ်သူမှာ မိုးစက်ဖြစ်သည်။ ည တော်တော်နှင့် အိပ်မပျော်ပေ။ သူ့ရင်ခွင်ထဲရောက် နေစဉ်ခဏကို ပြန်သတိရတိုင်း ရှက်ရသည်။ သူ့ အနမ်းများ၊ သူ့အထိအတွေ့များကို သတိရတိုင်း တကိုယ်လုံးထူပူလာသည်။ ညဉ့်နက်မှ အိပ်ပျော်သွားပြီး သန်းခေါင်ကျော်တွင် အလန့့်တကြားပြန်နိုးလာသည်။
'ခင်ဗျား တော်တော်ဒုက္ခပေးတဲ့လူပဲဗျာ။ ကျွန်တော့် အိပ်မက်ကိုတော့ ချမ်းသာပေးပါ။'
မိုးစက် ရေရွတ်ရင်း မနည်းအိပ်ပျော်အောင် ကြိုးစားရသည်။ သူ့ကို တကယ်ကြောက် သွားမိသည်။
'မဖြစ်ဘူး။ သူ့ဘေးကနေ ဝေးရာကိုပြေးမှပဲ။ မဟုတ်ရင် ဘဝပျက်သွားနိုင်တယ်။ '
နောက်တနေ့ အိပ်ယာမှနိုးသော် နေရောင်ပင် အခန်းထဲရောက်နေလေပြီ။
'မိုးစက်...မထသေးဘူးလား။ ဒေါ်လေးတို့ကို မြန်မာပလာဇာ လိုက်ပို့ပေးမယ်ဆို။ နင့်ကို စောင့်နေတယ်နော်. '
မိုးပွင့်၏ အသံကြားသော် အိပ်ယာထဲမှ ဒိုင်ဗင်ထိုးထွက်ပြီး ရေချိုးခန်းထဲ ဝင်ပြေးသွား သည်။
'အေး... အေး ... လာပြီ။ရေချိုးနေတယ်လို့ပြောလိုက်။ '
မိုးစက်ပြန်အော်ရင်း ကပျာကယာ ရေချိုးကာ အဝတ်အမြန်ဝတ်သည်။ မှန်ထဲမှ မိမိပုံရိပ် ကိုကြည့်ပြီး မိုးစက် မျက်မှောင်ကြုတ် သွားသည်။ မိမိလည်ပင်းတွင် ဘာကြောင့် အညို အမည်းစွဲနေသည်ကို တွေးလို့မရပေ။ ဘာပေနေသလဲ ဆိုပြီး သေချာကြည့်ကာ လက် နှင့် ပွတ်လိုက်သော်လည်း မပြောင်ပေ။ နောက်မှ သူ မနေ့က နမ်းခဲ့သော အရာများဖြစ် နိုင်သည်ဟု တွေးမိကာ သူ့ကို ဒေါပွသွားသည်။
'လူယုတ်မာကြီး... တမင်သိသိကြီးနဲ့ လုပ်တာဖြစ်မယ်။ '
မိုးစက်သည် လည်ပင်းမှအရာများကို ဖုံးမည့်ကော်လံပါသည့် အဝတ်ကို ရှာဝတ်ရတော့ သည်။ အောက်ထပ်သို့ရောက်သော် အဒေါ်များက ဧည့်ခန်းတွင် စောင့်နေကြသည်။ သူက ထမင်းစားခန်းတွင် ကော်ဖီသောက်နေသဖြင့် မိုးစက် သူနှင့် မျက်နှာချင်းမဆိုင်ချင် သောကြောင့် မနက်စာမစားတော့ပဲ အပြင်သွားရန်ကြံ၏။
'ဒေါ်လေးတို့ သွားရအောင်။'
'မင်း မနက်စာ မစားရသေးဘူး မဟုတ်လား။ အရင်စားလိုက်ပါဦး။ မင်းအကိုက မင်းကို စောင့်နေတာ။ သွာ... သွား စားချည်.'
'မဆာလို့ မစားတော့ဘူး။ ဦးကြီး သွားရအောင်။'
'မစားလို့ မရဘူး။ လာ ခုချက်ချင်းလာစား။ ကိုယ်ပြီးမှ သွားရမှာ။ ကိုယ် ဒီနေ့ ကား မောင်းပို့ပေးမယ်။'
ဒေါက်တာနှင်းထန်က ထပြီး လာခေါ်သည်။ မိုးစက် သူ့ကို မကျေမနပ်ကြည့်ကာ
'အကိုက ဒီနေ့ကုမ္ပဏီသွားမှာ မဟုတ်ဘူးလား။'
'ကိုယ် ဒီနေ့ အလုပ်နားတယ်။ ဒါ့ကြောင့် ဒေါ်လေးနဲ့ ဦးကြီးတို့ကို လိုက်ပို့ပေးမလို့။ လာ... မနက်စာ အတူတူစားမလို့ အကို မင်း ကိုစောင့်နေတာ။'
မိုးစက်သည် ဆွေမျိုးများရှေ့တွင်ဖြစ်သောကြောင့် မငြင်းနိုင်ပဲ လိုက်ခဲ့ရသည်။
'လာ .. မိုးစက်လေး။ ဒေါ်ပို မုန့်ဟင်းခါး ချက်ထားတယ်။ ကြိုက်ရဲ့လားမသိဘူး။ ပေါင်မုန့် မီးကင်လည်းရှိတယ်။ ကော်ဖီလည်းနှပ်ထားတယ်။'
'ကြိုက်တယ် ဒေါ်လေးပို။ ဒေါ်လေးလက်ရာကတော့ အနံ့ရကတည်းက သွားရည်ကျ ချင်စရာပဲ။ '
မိုးစက် စားပွဲတွင် ဝင်ထိုင်ကာ အားပါးတရ စားတော့သည်။ သူက ကော်ဖီသောက်ရင် မိုးစက် တကိုယ်လုံးကို ခြုံကြည့်နေသဖြင့် မိုးစက် မော့ပင်မကြည့်ရဲတော့ပေ။ သူ့ အကြည့်များက မိမိ တကိုယ်လုံးကို ဝါးစားတော့မလိုပင် တောက်ပနေသည်။
'မိုးစက် . ထူးထူးဆန်းဆန်း ကော်လံပါတဲ့ င်္အကျီနဲ့ပါလား။ '
မိုးစက်သူ့ကို ဘုကြည့်ကြည့်ကာ ဒေါ်ပို မမြင်အောင် လက်သီးထောင်ပြလိုက်သည်။ သူက သဘောကျစွာ ရယ်မောလို့ သာနေသည်။ သူလုပ်ချင်တာ လုပ်လိုက်ရတော့ ကျေနပ် နေသည်။
'မိုးလေး ဘယ်သွားလဲ အကို။ သူ မလိုက်ဘူးလား။'
ဒေါက်တာနှင်းထန်က မိုးစက်အတွက် ကော်ဖီဌဲ့ပေးပြီး အေးဆေးစွာဖြေသည်။
'တကိုယ်လုံး ပေါင်းတင်ဖို့ စောစောလေးကတင် ထွက်သွားပြီ။'
'အကို လိုက်မပို့ပေးလိုက်ဘူးလားဗျာ။ သူ့ကို တယောက်တည်း လွှတ်လိုက်ရလား။'
'တယောက်တည်း မဟုတ်ပါဘူး။ Driver ပါတယ်လေ။ ကဲ .. စားမှာဖြင့်စား။ ညနေကျ ရင် ဖေဖေ့ကို လေဆိပ်မှာ သွားကြိုရမယ်။ ညနေ ၆ နာရီ လေယာဉ်နဲ့ ရောက်မယ်။'
မိုးစက်သည် ဖေဖေ လာတော့မည်ကြားတော့ ဝမ်းသာသွားသည်။
'ဟုတ်လား။ ကျွန်တော့်ကိုတော့ ဖုန်းမဆက်ဘူးဗျာ။ '
ဒေါက်တာနှင်းထန်သည် ပြုံးသွားသော ချာတိတ်မျက်နှာလေးကို မြတ်မြတ်နိုးနိုးကြည့် ကာ
'ဒက်ဒီ ကတော့ နောက် ၂ ရက်နေမှ ဥရောပက ပြန်ရောက်မယ်။ '
'ဟုတ်လား။ အန်ကယ်က အလုပ်များတယ်နော်။'
'အင်း။'
ဒေါက်တာနှင်းထန်က စိတ်မဝင်စားသလို ဖြေသဖြင့် မိုးစက်လည်း ဆက်မမေးတော့ပေ။ သူတို့ သားအဖက အနောက်တိုင်း ဆန်သည်။ သားအဖ ခပ်စိမ်းစိမ်းသာ နေသည်။ မိမိတို့ကတော့ သားအဖ တရင်းတနှီးရှိသည်။ တခါတလေ အကို့ဘဝက ငွေကလွဲရင် ဘာမှမရှိသလို ခံစားရလောက်အောင် အထီးကျန်လှသည်။ ညီမလေးကို သေချာမှာကာ သူ့ကို ကရုစိုက်ခိုင်းရမည်။
ဒေါက်တာနှင်းထန်သည် မိုးစက်နှင့်ဆွေမျိုးများကို လိုက်ပို့ပေးရင်း အမှတ်တရ ဓါတ်ပုံ များရိုက်ပေးရင်း မိုးစက်၏ အရယ်မျက်နှာ များစွာကို တိတ်တဆိတ် မှတ်တမ်းတင်ထားသည်။ ကလေးပမာ ဖြူစင်ရိုးသားသော ချာတိတ်လေး၏ အပြုံးများက မိမိရင်မှ ဟာနေသော ကွက်လပ်များကို တဖြည်းဖြည်း ပျော်ရွှင်ခြင်းဖြင့် ပြည့်လာစေသည်။ ဒါကြောင့်လည်း မိုးစက်ကို မိမိ စွဲလန်း နေခြင်းဖြစ်ရမည်။ မိုးစက်သည် မိမိအတွက် ဘုရားပေးသော လက်ဆောင်တစ်ခုဖြစ်သည်။ ပျော်ရွှင်ခြင်း နတ်သားလေးဖြစ်သည်။ မိုးစက်သာ ဘေးမှာ ရှိလျှင် မိုးပွင့်ကိုလည်း မိမိသည်းခံနိုင်ပါသည်။ မိုးစက်သာမရှိပါက မိမိဘ၀ အဓိပ္ပါယ်မရှိ နိုင်တော့ပေ။ ဘာပေးဆပ်ရသည်ဖြစ်စေ မိမိဘေး မိုးစက်ရှိဖို့လိုသည်။
--------------------------------------------
မိုးစက်သည် အကိုနှင်းထန် နှင့် နီးကပ်မှုမရှိအောင် တတ်နိုင်သမျှရှောင်နေရသည်။ ဒါ တောင် သူကအခွင့်ရေးရလျှင် ရသလို လက်ကိုင်ချင်သည်။ မိုးစက်သည် အဒေါ်များ မမြင်ခင် သူ့လက်ကိုပုတ်ချရသည်။အဒေါ်များက လက်ကိုင်အိတ်ကိုရွေးနေခိုက် မိုးစက်သည် မျက်နှာချင်းဆိုင်မှ အဝတ်စား ဒီဇိုင်းသစ်ကို ငေးနေစဉ် သူက အလစ် မိုးစက်၏ ပုခုံးကိုဖက်ကာ ကပ်ပြောလိုက်သည်။
'မိုးစက် ဘာလိုချင်လဲ။ ယူလေ။ ကိုယ် လက်ဆောင်ဝယ်ပေးမယ်။'
'အကို မကဲနဲ့ဗျာ။ ဒေါ်လေးတို့ ရိပ်မိသွားလိမ့်မယ်။ '
မိုးစက်သည် သူ့လက်ကို အသာဖယ်ချကာ မျက်လွှာပင့်ကြည့်ပြီး အသံတိုးတိုးဖြင့် ပြောတော့ သူက ပြုံးကာ ဖြစ်ချင်တာကို ပြောနေပြန်သည်။
'ကိုယ့် ချစ်သူလေးက ကိုယ့်ဘေးမှာ မနေပဲ ပြေးနေတာကိုး။ ကိုယ် မင်းလက်ကိုတွဲထား ချင်တယ် မိုးစက်လေး။'
သူ ပုံစံက အတည်ပြောနေပုံပေါက်သဖြင့် မိုးစက် လန့်သွားသည်။
'ဟာ ... အကိုနော်။ မလုပ်ပါနဲ့ဗျာ။ အားလုံးသိကုန်လိမ့်မယ်။ စိတ်ညစ်ပါတယ်။'
'ဒါဆို ကိုယ်တို့ နှစ်ယောက်တည်း တွေ့ဖို့အချိန်ပေး။ မပေးရင် ကိုယ်စိတ်ထဲရှိတာလုပ်မှာပဲ။'
သူ့စကားကြောင့် မိုးစက် စိတ်ညစ်သွားသည်။ သူက အမျိုးများနှင့် အကျပ်ကိုင်ချင်သောကြောင့် အကြံကြီးဖြင့် လိုက်လာတာကိုး။
'ကောင်းပြီ။ ရှိကြီးခိုးပါရဲ့ဗျာ။ အမျိုးတွေရှေ့ အရှက်တော့ မခွဲပါနဲ့ဗျာ... နော်။ '
သူလိုချင်သည့် ကတိရသွားသဖြင့် ပြုံးကာ ကျေနပ်သွားလေသည်။
'အိုကေ။ ကတိနော်။'
'အင်း'
တော်သေးသည်။ သူထွက်သွားပြီးတော့ ဦးကြီး လှည့်ပတ်ကြည့်နေရာမှ မိုးစက်နားသို့ ရောက်လာသည်။ မိုးစက် သက်ပြင်းကို ကြိတ်ချမိသည်။ မိမိလည်း မိုးပွင့် လက်ထပ်ပွဲ ပြီးလျှင် မြန်မြန်လစ်ရမည်။မဟုတ်လျှင် ဘဝပျက်တော့မည်။
သူ့ပုံက တနေ့ထက်တနေ့ ရှေ့ဆက်တိုးချင်လာပုံပေါ်သည်။မိုးပွင့်ကိုသာ ယခုလိုအချစ်သည်း လျှင် မည်မျှကောင်း မည်နည်းဟု တွေးမိသည်။ လက်ထပ်ပြီးလျှင် သူ မိုးပွင့်ကို ချစ်သွားမည်ဟု မျှော်လင့်မိသည်။သူမိမိကို ဘယ်လောက်ချစ်ပါစေ။ရှေ့ဆက်လို့မှ မဖြစ်နိုင်သည့်နောက် လက်တွေ့ကျသည့် အိမ်ထောင်သည်ဘဝတွင် သူနေသားကျသွားလိမ့် မည်ဟု မျှော်လင့်ရသည်။ ကိုရန်နိုင် လို သူ မိမိကို တဖြည်းဖြည်းမေ့သွားပေလိမ့်မည်။ သူ သားသမီး ရလာသောအခါမှ မိမိပြန်လာနိုင်မည် ဖြစ်သည်။ မိုးစက်သည် ကလေးအဝတ်အထည်များကို ကြည့်ရင်း အတွေးပွားနေမိသည်။ သူ နဲ့ ညီမလေး တို့၏ကလေး မည်မျှချစ်စရာ ကောင်းမည်ကို စိတ်ကူးယဉ်နေမိသည်။
နှင်းထန်သည် မိုးစက်၏ အဒေါ်များကို အိတ်ကူရွေးပေးရင်း ကလေးအဝတ်လေးများကို ငေးကြည့်ကာ ပြုံးတုံ့တုံ့လုပ်နေသည်ကို လှမ်းကြည့်ကာ ကလေးချစ်တတ်သော ချာတိတ်လေးကို ချစ်စနိုးဖြင့် စိုက်ကြည့်နေမိသည်။ ဒေါ်လေးမြနန်းနွယ်က နှင်းထန် ကြည့်သည့်ဘက်ကို လှမ်းကြည့်ကာ တူလေးအကြောင်းကို ပြောပြလိုက်သည်။
'မိုးစက်က ငယ်ငယ်ကတည်းက ကလေး အရမ်းချစ်တတ်တာ။သူသွားလေရာမှ ကလေး တွေ ဝိုင်းနေတာပဲ။ ကလေးတွေက သိပ်ဖြူစင်တယ်။ စိတ်သဘောကောင်းသူတွေကို သူတို့က ချက်ချင်းသိတယ်။ အိမ်နားက ကလေးတွေဆို သူမှသူလေ။'
နှင်းထန်သည် ချစ်သော ချာတိတ်လေးအကြောင်းကို မက်မက်မောမော နားထောင်နေမိသည်။ နှင်းထန် သူ့ကို မျက်ရိပ်ပြကာ မိမိနားခေါ်သော်လည်း မိုးစက်သည် အနားမကပ်ပဲ တတ်နိုင်သလောက် ခွာခွာနေကာ ဒေါ်လေးငယ်လက်ကိုတွဲရင်း ချွဲနေသဖြင့် မချင့်မရဲ ဖြစ်နေမိသည်။
'မင်း သိမယ်။'
နှင်းထန် မိုးစက်နှင့်အကြည့်ခြင်းဆုံစဉ် အသံမထွက်ပဲ နူတ်ခမ်းလှုပ်ကာပြောလိုက်သည်။ ဒါကို မိုးစက်က မချိုမချဉ်ပြုံးကာ ပြောင်ပြသဖြင့် နှင်းထန် အူယားကာ သက်ပြင်းသာ ရှိုက်မိသည်။ တော်တော့်ကို မလွယ်တဲ့ချာတိတ်ပါလား။ မိမိရင်ထဲက မီးတောက်ကို ဓါတ်ဆီ လာလောင်းပေးနေသည်။ သူနှင့် ကြာကြာနေမိလျှင် မိမိစိတ်ကို ထိန်းနိုင်မည် မဟုတ်တော့ပေ။
စားသောက်ဆိုင်တန်းသို့ရောက်သော် ဝယ်ခြမ်းလာသော အထုပ်အပိုးများက အတော် များနေလေပြီ။ ထို့ကြောင့် မိုးစက်က အထုပ်များကို ကားထဲသွားထားရန် သော့တောင်း လိုက်သည်။
'ကိုယ်လည်း လိုက်ခဲ့မယ်လေ။'
မိုးစက် အမြန်ုငြင်းလိုက်သည်။
'ရတယ် အကို။ ကျွန်တော် တယောက်တည်းနိုင်ပါတယ်။ အကို ပင်ပန်းနေလိမ့်မယ်။ ဦးကြီးတို့ကို အဖော်လုပ်ပေးလိုက်ပါနော်။'
နှင်းထန်သည် မိုးစက် မိမိကို ကြောက်လို့ငြင်းသည်ကို သိသောကြောင့် ပြုံးပြီး
'ကောင်းပါပြီ။ မြန်မြန်လာခဲ့နော်။ စားစရာတွေ အေးကုန်လိမ့်မယ်။'
'ဟုတ်ကဲ့ အကို။'
မိုးစက်သည် ယုန်ကလေးလို လှစ်ခနဲပြေးထွက်သွားသည်။ ဦးကြီးက မိုးစက်ကိုလှည့်ကြည့်ပြီး
'တော်သေးတာပေါ့ကွာ။ မိုးစက်ငယ်ငယ်က သူ့ညီမကိုအလိုလိုက်ပြီး သူ့ညီမပူဆာ တိုင်း မိန်းကလေးလို ဆင်တူဝတ်တတ်လို့ ကြီးလာရင် အခြောက်ဖြစ်တော့မလားလို့ ပူလိုက်ရတာ။ '
ဒေါ်လေးဖြူပြာက ရယ်မောကာ
'အကိုက စိုးရိမ်တတ်လွန်းတာကိုး။ ကျွန်မက မိုးစက်တို့မောင်နှမကို ထိန်းလာတာ သူ့ အကြောင်းအသိဆုံးပါရှင်။ ဘယ်ကလာ ကျွန်မတူလေးက ခြောက်ရမှာလဲ။ မိုးစက်လေး မှာ အပြစ်ပြောစရာဆိုလို့ သူ့ညီမပူဆာရင် ဘာမဆိုလုပ်ပေးတတ်တာပါပဲ။ မိုးပွင့်လေး ကလည်း မိုးစက်ကိုဆို အသေနိုင်တာပဲ။'
'အဲ့ဒါ အကိုကြောင့်လေ။ သူ့တူမကို လူအနိုင်ကျင့် မခံရအောင် ငယ်ကတည်းက သင်ပေးထားလို့ မိုးလေးက ဆိုးသွားတာ။'
'နင်တို့ကလည်းဟာ၊ငါ့တူမကို စိတ်မာအောင်သင်ပေးရုံပါ။ မိုးလေး အခုလိမ္မာနေပါပြီ။ ဟုတ်တယ်မလား မောင်နှင်းထန်'
'ဟုတ်ပါတယ် ဦးကြီး'
နှင်းထန်သည် မိုးစက်အကြောင်းကို နားထောင်ရင်း ချာတိတ်လေးကို အရမ်းဖက်ချင်စိတ် ပေါက်လာသဖြင့် ဦးကြီးတို့ကို ခွင့်တောင်းကာ ထွက်လာခဲ့သည်။ ကားပါကင်သို့ရောက်သော် ကားနောက်ခန်းထဲ ပစ္စည်းထည့်နေသော ချာတိတ်လေးကို တွေ့လိုက်ရသည်။ နှင်းထန် ကောင်လေးနားကို တိတ်တိတ်ကပ်စဉ် ဖုန်းလာသဖြင့် မိုးစက် ဖုန်းကိုင်ကာ ထူးလိုက်သည်။
'ဟယ်လို ဖေဖေ။ ဒီညနေ Flight နဲ့လာမှာဆို။ သားကျတော့ ဖုန်းမဆက်ဘူး။ အကိုနှင်းထန် ပြောလို့သိရတာ။ ဖေဖေက ခုကတည်းက သားထက် သားမက်ကို ပိုချစ် နေပြီပေါ့။'
ကောင်လေးက အန်ကယ် ဦးသက်ထွန်းကို စကားနာထိုးနေပုံက ကလေးတစ်ယောက်လိုပင်။ နှင်းထန် ကောင်လေးကို အနောက်မှ ခါးကို ဖက်ပြီး ပါးလေးကို နမ်းလိုက်သည်။
ဖုန်းပြောရင်းတန်းလန်း အနောက်မှ ရုတ်တရက် ဖက်ကာ နမ်းလိုက်သဖြင့် မိုးစက် တုန်လို့သွားသည်။ ပြီးမှ သူမှန်းသိကာ နောက်လှည့်ပြီး သူ့လက်ကြားမှ ရုန်းထွက်ရန် ကြိုးစားသည်။ သို့သော် သူက လုံးဝလွှတ်မပေးတော့ပေ။
'အကို။ ဖေဖေ့ဆီက ဖုန်းနော်။'
မိုးစက် စပီကာကို ပိတ်ကာ သူ့ကို ပြောလိုက်သည်။ သူကပြုံးကာ
'ပြောလိုက်လေ။ တော်ကြာ ဖေဖေက ဘာလဲဆိုပြီး စိတ်ပူနေဦးမယ်။ ချာတိတ်သာ ငြိမ်ငြိမ်နေ။'
သူ့စကားကြောင့် ရုန်းမရမည့်အတူတူ ဖေဖေ့ကို ဖုန်းဆက်ပြောနေလိုက်သည်။ သူက မိမိ၏ လည်ဂုတ်လေးကို ဖွဖွနမ်းနေသဖြင့် တွန့်သွားသည်။အရှေ့ရင်ဘတ်များကို ကျူးကျော်လာသော သူ့လက်များကို ဖြုတ်ချလိုက်ရသည်။ အတော်လို့ သူများမြင်သွား လျှင် ရှက်ဖို့ကောင်းသည်။
'သား...မိုးလေးကို ကောင်းကောင်းထိန်းထားနော်။ မောင်နှင်းထန် စိတ်ပျက်သွားအောင် မလုပ်မိစေနဲ့။ ခုလည်း သူက အလှပြင်ဆိုင်ရောက်နေတယ်ဆို။ မင်းဒေါ်လေးတွေကို ကောင်းကောင်းဧည့်ခံရဲ့လား။ မိုးပွင့် ဆိုးသေးလား။'
'ဟုတ်။ မိုးလေး အခု လိမ္မာနေပါပြီ။ ဖေဖေ ညနေလာရင် သားဗီရိုထဲက အနောက်တိုင်း ဝတ်စုံလေးယူလာ ပေးပါဦး။ '
'သားက အသစ်မဝယ်ဘူးလား။ '
'မဝယ်တော့ဘူး ဖေဖေ။ အဲ့ဒါက တစ်ခါပဲ ဝတ်ရသေးတယ်။ ပြီးတော့ ဝသုန်နဲ့ ဆင်တူ ဝတ်မလို့။'
'အေးပါ။ ဖေဖေ ယူလာမယ်။ ညနေ မောင်နှင်းထန် အလုပ်ရှုပ်နေမှာစိုးလို့ သားပဲလာ ကြိုဖို့ပြောမလို့။'
'ဟုတ်ကဲ့ ဖေဖေ။ '
ဖေဖေထံမှ စကားမပြတ်သေးသောကြောင့် သူမိမိကို ဖက်သမျှ၊နမ်းသမျှကို အသံမထွက်ဝံ့ပဲ ငြိမ်နေသမျှ ဖုန်းချပြီးမှ ဇွတ်ရုန်းကာ စိတ်တိုတိုနှင့် ရန်လုပ်လိုက်သည်။
'အကို ဘယ်လိုဖြစ်နေတာလဲ။ လူကြီးဖြစ်ပြီး ကားပါကင်ကြီးမှာ။ လူတွေမြင်ကုန်ရင် အရှက်ကွဲလိမ့် မယ်ဗျ။'
'မင်းက ကိုယ်ဘေးမှာ မနေပဲ ဘာလို့ပြေးနေတာလဲ ရှင်းစမ်းပါဦး ချစ်သူလေး။'
'ချစ်သူလေးနဲ့ မခေါ်ပါနဲ့ဗျာ။ လူကြီးတွေပါတယ်လေ။ အကို မကဲနဲ့။ အခု သွားကြစို့။ ဦးကြီးတို့ တမျိုးထင်လိမ့်မယ်။'
မိုးစက် သူ့ဘေးမှဖြတ်လျှောက်စဉ် သူက လက်ကို ဆွဲပြီး ကြားလိုက်သည့်အထဲမှ မကျေနပ်သည်ကို မေးလိုက်သည်။
'ဒါနဲ့ ဝသုန်နဲ့ ဆင်တူဝတ်မယ်ဆိုတာ ဘာစကားလဲ ရှင်းစမ်းပါဦး။ ဝသုန်နဲ့ မင်းကရော သူငယ်ချင်းအဆင့်တင် ဟုတ်ရဲ့လား။'
မိုးစက် သည် သဝန်တိုနေသော သူ့ကိုကြည့်ကာ ရယ်လည်းရယ်ချင်သည်။ စိတ်လည်း တိုသည်။
'အကို တော်တော့ဗျာ။ အကိုက ရှိသမျှ ယောကျ်ားတိုင်းနဲ့ ကျွန်တော့်ကို သံသယဝင် နေတာမပင်ပန်းဘူးလား။ အကို့အစား မောလာပြီ။ ဝသုန်နဲ့ ကျွန်တော်က သူငယ်ချင်း စစ်စစ် ရေလုံးဝမရောဘူး။ ပြီးတော့ ကျွန်တော်က အကို့ချစ်သူဆိုတာ မမေ့ပါဘူး။ ဟုတ်ပြီလား။ လာပါ။ သွားကြစို့။ ဒေါ်လေးတို့မျှော်နေတော့မှာ။'
နှင်းထန်သည် မိုးစက်၏ စကားကြောင့် စိတ်ပြေသွားပြီး လက်လေးကို တချက်ဖျစ်ညစ် ကာ အပေါ်သို့တက်လာခဲ့သည်။
'ဒီလိုလေး စိတ်ချမ်းသာအောင် ပြောဦးမှပေါ့ ချာတိတ်လေးရာ။'
မိုးစက်သည် သူ့ကို အနုနည်းဖြင့် နှစ်သိမ့်ကာ အပေါ်သို့ပြန်ခေါ်ခဲ့ရသည်။ အိမ်သို့ရောက်သော် မိုးပွင့်က အရင်ရောက်နေပြီး မိုးစက်ကို ဒေါသဖြင့်ကြည့်ကာ ခပ်တိုးတိုးနှင့် ရန်လုပ်ပြန်သည်။
'နင် ကိုကို့ကို ကားမောင်းပို့ခိုင်းတာလား မိုးစက်။ ကိုကို ပင်ပန်းမှာစိုးလို့ ငါတောင် လိုက် မပို့ခိုင်းဘူး။ '
မိုးစက်သည် ဦးကြီးတို့ကြားမည်စိုးသဖြင့် မိုးပွင့်၏ လက်ကိုဆွဲကာ ခေါ်ထုတ်ရန်ကြိုးစား သည်။
'လာပါ.. အထဲမှာပြောရအောင်။ '
နှင်းထန် ကကြားဖြစ်အောင်ကြားလိုက်ပြီး အိမ်ထဲဝင်လာပြီး
'ကိုယ် တမင်လိုက်ပို့လိုက်တာ မိုးပွင့်။ မင်းကို တန်ဖိုးထားလို့ မင်းရဲ့ဆွေမျိုးတွေကို အလေးထားတယ် ဆိုတာမှတ်ထားပါ။ မင်းရဲ့ အမျိုးတွေကို ကရုစိုက်တာ မကြိုက်လို့ လား။ ဒါဆို ကိုကို သူတို့ကို ပစ်ထားရတော့မှာလား မိုး'
မိုးပွင့်သည် မျက်နှာထားပျော့ပြောင်းလာပြီး လေသံချက်ချင်းပြောင်းသွားသည်။
'မိုးက အဲ့သဘောနဲ့ပြောတာ မဟုတ်ပါဘူး ကိုကို။ ကိုကိုပင်ပန်းမှာစိုးလို့ ပြောမိတာပါ။ကိုကို မိုးလှရဲ့လား ဟင်။ မိုးလေ ကိုကို နဲ့ အတူ အပြင်သွားစားဖို့စောင့်နေတာ။'
နှင်းထန်သည် မိုးပွင့်ကို တချက်ငုံ့ကြည့်ကာ စိတ်မပါသလိုပြုံးပြီး
'လှပါတယ်။ မိုးဘယ်လိုပြင်ထားပြင်ထား ကိုကို့မျက်လုံးထဲမှာ လှပြီးသားပဲ။ နောက်နေ့ မှ အပြင်မှာသွားစားကြတာပေါ့နော်။ ဒီနေ့ ကိုကို အပြင်မှာစားခဲ့ပြီ။ ညနေစာ အိမ်ထမင်း ပဲစားချင်တယ်။ မိုး ကိုကို့ချက်ကျွေးမှာလား။'
'မိုးဟင်းမချက်တတ်ဘူး။ကိုကိုက သိရဲ့သားနဲ့လာပြောနေတယ်။ကိုကို မကောင်းဘူး။'
မိုးစက်သည် သူတို့နှစ်ဦးဘေးမှာ အသာလစ်ထွက်လာခဲ့သည်။အကို မိုးလေးကို သည်းခံ နိုင်ပါစေဟု ကြိတ်ကာဆုတောင်းနေမိ သည်။ ဒေါက်တာနှင်းထန်သည် မိုးပွင့် ဆွဲခေါ်ရာသို့ လိုက်ပါလာသော်လည်း စိတ်က မိုးစက် နဘေးတွင် ကျန်ရစ်ခဲ့သည်။ ချာတိတ်လေးနှင့် အတူတွေ့ခွင့်ရရန် ကြိတ်ကြံနေမိသည်။ ညနေ ၄နာရီခွဲသောအခါ မိုးစက် ဖေဖေ့ကိုကြိုရန် အိမ်မှထွက်လာပြီး ကားငှားရန်စောင့် နေစဉ် သူ့ကားက နံဘေးတွင် ထိုးဆိုက်လာပြီး အမိန့်ပေးခဲ့သည်။
'မိုးစက် ကားပေါ်တက်။ ဖေဖေ့ကိုသွားကြိုမလို့ မဟုတ်လား။'
'ရတယ် အကို။ ဖေဖေက အကိုပင်ပန်းမှာစိုးလို့ Taxi နဲ့ပဲလာခိုင်းတာ။'
'စကားမရှည်နဲ့။ ကိုယ့်ယောက္ခမကို Taxi နဲ့အလာခံပါ့မလား။ တက်မှာဖြင့်တက်။ မတက်ရင်ကိုယ် ပွေ့ချီမှာနော်။'
မိုးစက် သူတကယ်ပြောနေမှန်းသိသဖြင့် သူ့ကားပေါ် အသာတကြည်တက်လိုက်သည်။ သူက ပြုံးပြီး ကားကို မောင်းထွက်လာခဲ့သည်။
'အဲ့ဒီလို လိမ္မာမှပေါ့။'
သူက ကားကို လေယာဉ်ကွင်းမရောက်ခင် လူရှင်းရာတွင် ရပ်လိုက်သဖြင့် မိုးစက် လန့် သွားသည်။ သူ့ကို ကြောက်ကြောက်လန့်လန့်ဖြင့်ကြည့်ကာ မေးလိုက်သည်။
'အကို... ကားကို ဘာလို့ ရပ်လိုက်တာလဲ။'
နှင်းထန်သည် ခါးပတ်ဖြုတ်လိုက်ပြီး မိုးစက်ကို မိမိအနားသို့ဆွဲယူကာ
'ကိုယ့်ချစ်သူနဲ့ အတူဘာလုပ်သင့်တယ်ဆိုတာ ပြောပြရမလား မိုးစက်လေး။ ကိုယ်ပြော ထားပြီးသားလေ။ ချစ်သူလေးကို ပွေ့ချင်၊နမ်းချင်လို့ပေါ့။'
မိုးစက် သူ့ကိုကြောက်လို့ခါးပတ်ဖြုတ်ကာ ကားတံခါးဖွင့်ပြီးဆင်းပြေးရန်ပြင်သော်လည်း သူက မိုးစက်ထက် လက်မြန်သည်။
'ဟာ အကို။ မလုပ်နဲ့ဗျာ။ မလုပ်ပါနဲ့။'
မိုးစက်၏ စကားကို သူနားမထောင်တော့ပေ။ ကားထဲတွင် ရုန်းကန်ရင်း မိုးစက်သူ့ရင်ခွင် အောက်ဝယ်ကျရှုံးသွားရပြန်သည်။ သူက မိုးစက်၏ ထိုင်ခုံကို နောက်သို့လှန်ချပြီး စိတ် တိုင်းကျ အကြင်နာတံဆိပ်ကို ခပ်နှိပ်တော့သည်။ မိုးစက် သူ့ရင်ဘတ်ကို လက်နှင့်တွန်း ထားပြီး ရင်တုန်စွာဖြင့်
'အကို .. တော်တော့ဗျာ။ သွားရအောင်ပါ။ လေယာဉ်ဆိုက်တော့မယ်။'
'ခုမှ ငါးနာရီခွဲပဲ ရှိသေးတယ်။ အချိန်ရသေးတယ်။ ဒါကြောင့် လာ...'
သူ့ကိုထုရိုက်ရင်း မိုးစက် အကြိမ်ကြိမ်ကျရှုံးသွားရတော့သည်။ သူက မိုးစက်၏ နူတ်ခမ်း လေးများကို ညင်သာကြင်နာစွာ နမ်းသည်။ ယောကျ်ားတစ်ယောက်၏ အနမ်းက ဒီလောက် နူးညံ့လိမ့်မည်ဟု မိုးစက် ထင်မထားခဲ့ပေ။ ခါတိုင်းက သူဒေါသတကြီးဖြင့် ကြမ်းတမ်းစွာနမ်းနေရာမှ ယနေ့ တကယ့်ကို နူးညံ့စွာ နမ်းနေခြင်းဖြစ်သည်။ မိုးစက် သူ့ အနမ်းများကို မတုန့်ပြန်သဖြင့် ရန်လုပ်လိုက်သည်။ တကယ်တော့ မိုးစက်၏ တုန့်ပြန်အနမ်းကို နှင်းထန် သေလုအောင်လိုချင်နေမိသည်။
'မိုးစက်...မင်းကိုယ့်ကို ဘာကြောင့် ပြန်မနမ်းတာလဲ။ မင်းက ကိုယ့်ချစ်သူမဟုတ်ဘူး လား။'
မိုးစက် မျက်လုံးဖွင့်ကြည့်ကာ မကျေမနပ်ပြောလိုက်သည်။
'အကို အကျပ်ကိုင်လို့ ချစ်သူလုပ်နေရသူပါဗျာ။ ယောကျ်ားခြင်း ကျွန်တော် ဘယ်လို ပြန်နမ်းရမှာလဲ။ မနမ်းတတ်ဘူး။'
'ဟ.. မင်း မိန်းကလေး ကိုပြန်နမ်းသလို နမ်းပေါ့ကွ။ ညံ့လိုက်တာ။ ဒါလေးတောင် မလုပ် တတ်ဘူးလား။'
'ကျွန်တော်က အကို့လိုငပွေ အောက်မေ့နေလား။ဘယ်မိန်းကလေးကိုမှ မနမ်းဖူးဘူးဗျ'
မိုးစက် မျက်နှာနီသွားပြီး မပွင့်တပွင့်နှင့် ဝန်ခံခဲ့သည်။ ထိုစကားကိုကြားသော် နှင်းထန် ထခုန်ချင်လောက်အောင်ကို ဝမ်းသာသွားခဲ့သည်။
'ဒါဆို ကိုယ်က မင်းရဲ့ ပထမပေါ့.. ဟုတ်လား မိုးစက်။'
မိုးစက် မျက်နှာနီနီဖြင့် ခေါင်းညိမ့်လိုက်သောအခါ သူက ရယ်မောပြီး မိုးစက်၏ လည်ပင်းကို အနမ်းပေးကာ လှိုက်မောစွာပြော လိုက်သည်။
'ကိုယ် အရမ်းပျော်သွားပြီ။ ကိုယ့် ချစ်သူလေးရဲ့ ပထမဆုံး အနမ်းကိုပိုင်ဆိုင်ခွင့်ရလို့။ ချစ်တယ် မိုးစက်ရယ်။ မင်းလေးက အရမ်းကို ဖြူစင်လို့ မင်းကို ကိုယ်ပိုချစ်မိသွားပြီ။ '
မိုးစက်သည် သူ့အနမ်းကြောင့် နေရခက်သွားသည်။ လည်ပင်းကို သူနမ်းတိုင်း အူယား ရသည်။ ရင်ထဲတွင်လည်း တမျိုးကြီးခံစားရသည်။
'အကို လည်ပင်းကို မနမ်းနဲ့ဗျာ။ '
'ဘာကြောင့်...'
သူကပြုံးစနဲ့နဲ့ဖြင့် မေးလာသောအခါ မိုးစက် မျက်နှာနီနီဖြင့် ပြောလိုက်ရသည်။
'မနေ့က အကိုနမ်းထားတာ အရာတွေထင်နေတယ်။ လူတွေမြင်သွားရင် ရှက်စရာကြီးဗျာ။ ပြီးတော့ ညီမလေးတွေ့သွားရင် စိတ်ဆိုးလိမ့်မယ်။ ဒါကြောင့် နောက်တခါ မနမ်းပါ နဲ့ဗျာ'
'ကောင်းပြီလေ။ လည်ပင်းကို မနမ်းတော့ဘူး။လူမမြင်တဲ့ရင်ဘတ်ကိုပဲ နမ်းတော့မယ်။ '
မိုးစက် သူ့စကားကြောင့် ကြောက်ကြောက်နှင့် လက်ကို တင်းတင်းပိုက်ထားပြီး ရင်ဘတ်ကို သူနမ်းလို့မရအောင်ကို ဝှက်ထား လိုက်သည်။ ထိုနေရာကပိုဆိုးသည်။ ထိုနေရာကို သူထိလိုက်တိုင်း မိုးစက် သဘာ၀ မကျစွာ ရင်ခုန်လှိုက်မောလာခဲ့သည်။ မိုးစက်၏ သွေးခုန်နုှုန်းလည်း မြန်လာပြီး စိတ်တို့ ဖောက်လွဲဖောက်ပြန်ဖြစ်ချင်လာသလို ခံစားရသည် မဟုတ်လား။
'တော်ပြီ အကို ။ ဖယ်တော့ဗျာ။ ဘယ်မှ မနမ်းနဲ့။ သွားရအောင်ဗျာ..နော်။ ဖေဖေ စောင့်နေရလိမ့်မယ်။'
နှင်းထန်သည် နာရီကို တချက်ကြည့်ကာ စိတ်လျှော့်လိုက်သည်။
'ကောင်းပြီလေ။ ဖေဖေ စောင့်နေရလိမ့်မယ်။ သွားကြတာပေါ့။ ညကျရင် ခြံထဲဆင်းလာခဲ့နော်။ '
'အကိုနော်။ ဒီနေ့ ဖေဖေနဲ့ စကားပြောစရာရှိတယ်။ခုလည်း အကို စိတ်ကြိုက်လုပ်ပြီးပြီ။ မလာတော့ဘူး။ မနက်ဖြန်ညမှ လာခဲ့မယ်။ '
'ကောင်းပြီလေ။ မနက်ဖြန်ည တွေ့ကြမယ်နော်။'
နှင်းထန် တထစ်လျှော့ပေးလိုက်သည်။ လေဆိပ်သို့ မိုးစက်တို့ရောက်ပြီး ၅ မိနစ်ကြာတော့ လေယာဉ်ဆိုက်လာသည်။
'ဖေဖေ ...'
မိုးစက်သည် ဖေဖေ့ အထုပ်ကို ပြေးယူကာ ဖေဖေ့ကို အားပါးတရ ဖက်ကာ ကြိုသည်။
'သား မိုးစက်။ ဟော... မောင်နှင်းထန်လည်း လာကြိုတာလား။'
'ဟုတ်တယ် ဖေဖေ။ မိုးစက်က တယောက်တည်းတိတ်တိတ်ထွက်လာတာ တွေ့လို့ နောက်က အတင်းလိုက်လာတာ။ '
နှင်းထန်သည် မိုးစက်တို့သားအဖကို ငေးကြည့်ရင်း ဖြေလိုက်သည်။
ဦးသက်ထွန်းသည် တချက်ရယ်ကာ နှင်းထန်ကို ဖက်ကာ နူတ်ဆက်ပြီး
'ဖေဖေက မောင်နှင်းထန် အလုပ်ရှုပ်မှာစိုးလို့ မိုးစက်ကို တယောက်တည်း လာခိုင်းလိုက်တာ။ နေကောင်းလား မောင်နှင်းထန်။ ဖေဖေတို့ အမျိုးတွေရောက်လို့ အလုပ်ရှုပ်နေပြီ ထင်တယ်။'
'မရှုပ်ပါဘူး ဖေဖေ။ မိုးစက်က ဒိုင်ခံ ဧည့်ခံပေးနေတာပါ။ '
'ဟုတ်လား။ အေး..အေး... သား ခိုင်းစရာရှိရင် မိုးစက်ကို ခေါ်ခိုင်းနော်။ အားမနာနဲ့။ '
'ဟုတ်ကဲ့ ဖေဖေ။'
သုံးဦးသား လေဆိပ်မှထွက်လာခဲ့ကြသည်။လမ်းတွင် မိုးစက်က ဖခင်ဖြစ်သူနှင့် ရင်းနှီးစွာ ပြောနေသည်ကို ကြည့်ကာ နှင်းထန် ရင်ထဲ ဟာသလိုလိုခံစားလိုက်ရသည်။ မိမိဖခင် နှင့် မိမိကြား ဒီလို ရင်းနှီးနွေးထွေးမှုမျိုး မရှိခဲ့ဖူူးပေ။ မေမေဆုံးသွားပြီးကတည်းက မိမိကို ယခုလို ဆက်ဆံမည့်သူ မရှိခဲ့တော့ပေ။
မိုးစက်သည် အကိုနှင်းထန် မျက်နှာ သိပ်မကောင်းသည်ကို တွေ့သော် သူ့ရင်ထဲမှာ ဘာဖြစ်နေသည်ကို ရိပ်မိကာ စကားဝိုင်းထဲ သူ့ကိုပါ ဆွဲသွင်းပေးသဖြင့် နှင်းထန် တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာသည်။ မိုးစက်၏ အကင်းပါးကာ မိမိအပေါ်စာနာမှုလေးကို နှင်းထန် အသိအမှတ်ပြုကာ ပိုချစ်လာမိသည်။
အိမ်သို့ရောက်သော် မိုးစက်သည် ဖခင်အတွက်ပြင်ထားသော အခန်းထဲသို့ ခရီးဆောင် အိတ်ကိုပို့ပေးစဉ် ဦးသက်ထွန်းက မိုးပွင့် ၊ မောင်နှမများဖြင့် ဧည့်ခန်းတွင် စကားပြော ကျန်ရစ်ခဲ့သည်။ ညစာစားချိန်တွင် နှင်းထန်၏ အိမ်မှာ မစည်စဖူး စည်ကားလို့နေသည်။ ထမင်းစားဝိုင်းတွင် ရယ်မောသံတို့ ညံကာ စကားသံတို့မြိုင်နေသည်။
နှင်းထန်၏ ဘေးတွင် မိုးပွင့်ထိုင်ပြီး မိုးစက်က ဖခင်ဘေးတွင် ထိုင်ကာ လိုသည်ကိုထည့် ပေးသည်။ ဦးသက်ထွန်းသည် မောင်နှင်းထန် နှင့် မိုးပွင့်၏ အခြေအနေကို အကဲခတ်ကာ အနည်းငယ် စိတ်အေးသွားသည်။ ဘုရားမလို့ သားနှင့် သမီး၏ ဇာတ်ရှုပ်ကြောင့် သူငယ်ချင်းကို မျက်နှာပျက်ကာ အရှက်ကွဲရတော့မလားဟု ထင်မိသည်။ ယခုပုံ အရ မောင်နှင်းထန်က ဘာမှသိပုံမပေါ်ပေ။
ညအိပ်ချိန်ရောက်သော် မိုးစက် ဖခင်အခန်းသို့လာပြီးမိမိ အဝတ်ကိုလာယူစဉ် ဦးသက်ထွန်းက သားကို မေးလိုက်သည်။
'သားလေး... မောင်နှင်းထန် ဘာမှ မရိပ်မိဘူးလား။'
မိုးစက်က ဖခင်စိတ်ပူမည်စိုးသဖြင့်
'မရိပ်မိပါဘူး ဖေဖေ။ သူ ရိပ်မိရင် မင်္ဂလာပွဲကို ဖျက်မှာပေါ့။'
'မင်း ညီမကို သေသေချာချာမှာထားရဲ့လား။ ဖေဖေတော့ စိတ်ပူတယ်ကွယ်'
'စိတ်ချပါ ဖေဖေ။ ကျွန်တော် အားလုံးမှာထားပါတယ်။ ညီမလေးလည်း အကိုနှင်းထန် ကိုတကယ်ချစ်တော့ သည်းခံပါတယ်။ '
'မောင်နှင်းထန်က မိုးပွင့်ကိုချစ်ရဲ့လား။ဖေဖေကြည့်ရတာ နည်းနည်းသွေးအေးနေသလို ပဲနော်။ စေ့စပ်ပွဲတုန်းကတောင် ဒီလိုမဟုတ်ဘူး။ '
'မဟုတ်ပါဘူး။ ဖေဖေ ထင်လို့ပါ။ အကိုက ညီမလေးကို ကရုစိုက်ပါတယ်။ ညီမလေး အတွက် ATM unlimited Card ကိုတောင်ပေးထားတယ်။'
'အေး..အေး... သူတို့ တကယ်ချစ်ကြဖို့ အရေးကြီးတယ်။ လက်ထပ်ပြီးရင် သူတို့ပဲ တစ်သက်လုံး ပေါင်းသင်းသွားရမှာ။ ဖေဖေတော့ မောင်နှင်းထန်ကိုရော၊ မိုးပွင့်ကိုရော ပျော်စေချင်တယ်။'
'သူတို့ပျော်မှာပါ ဖေဖေ။ သား သေချာပေါက်ပြောရဲပါတယ်။'
မိုးစက် တိုးတိတ်စွာ ပြောနေစဉ် တံခါးပွင့်သွားပြီး မိုးပွင့် ဝင်လာသည်။
'ဖေဖေ.. သမီး ဖေဖေ့ကို လွမ်းနေတာ။ မိုးစက် နင် ဖေဖေ့နားကပ်ပြီး ဘာချွဲနေတာလဲ။ ငါ့ အကြောင်းချွန်တွန်း မလုပ်နဲ့နော်။ '
မိုးစက်သည် ရယ်ကာ
'နင်က ငါ့ကိုဆို ဘယ်တော့မှ အကောင်းမမြင်ဘူး။ နင်က ငါ့ရဲ့ တစ်ဦးတည်းသော ညီမ ပဲ။ နင့်ကို ငါဘာကြောင့်ချွန်တွန်း လုပ်ရမှာလဲ။ လာ.. နင့်ကို စိတ်မချလို့ ဖေဖေကမှာမလို့တဲ့။'
မိုးပွင့်သည် ဖေဖေ့ဘေးတွင် ဝင်ထိုင်ကာ နူတ်ခမ်းစူရင်း
'ဖေဖေနော်... သမီးကို ဘာလို့ စိတ်မချရတာလဲ။ သမီး ဘာလုပ်နေလို့လဲ။ ဖေဖေက မျက်နှာလိုက်တယ်။မိုးစက်ကိုဆို အမြဲ အကောင်းမြင်တယ်။ သမီးကိုဆို တွေ့ရင်ဆူဖို့ပဲ'
ဦးသက်ထွန်းသည် သား နှင့် သမီးကို တဖက်စီဖက်ထားကာ
'ဖေဖေ့ သမီးကို ဖေဖေက ပိုချစ်လို့၊ စိုးရိမ်လို့ပါ။ သမီး မိန်းကလေးဆိုတော့ ဖေဖေအမြဲ တမ်းပူနေရတာ။ ခုမှ စိတ်ချရတော့တယ်။ သမီး အိမ်ထောင်ရှင်ဖြစ်ရင် အရင်လို စိတ်လိုက်မာန်ပါ မပြောရ၊ မလုပ်ရဘူးနော်။ကိုယ့်ယောကျ်ားနဲ့ကိုယ့်ကြား လျို့ဝှက်ချက် ဆိုတာ မထားရဘူး။ သူ့ကို အမြဲရိုသေလေးစားရမယ်။ စီးတဲ့ရေ ဆည်တဲ့ကန်သင်း ဆိုသလို ယောက်ျားရဲ့စီးပွားကို ထိန်းသိမ်းနိုင်ရမယ်။ အိမ်ထောင်သည် ဖြစ်သွားရင် သမီးကို ဖေဖေက ဆိုင်သာဆိုင်တော့တယ်။ မပိုင်တော့ဘူး။ ဒါကြောင့် သမီးလည်း လူကြီးစိတ်မွေးပြီး အိမ်ထောင်ရေးကို သာယာအောင်လုပ်ရမယ်နော်။'
မိုးပွင့်သည် ဖေဖေ့လက်မောင်းကို ဖက်ကာ
'ဖေဖေရယ်... စိတ်မပူပါနဲ့။ ကိုကိုက သမီးကိုစိတ်တိုင်းကျ သုံးခွင့်ပြုထားတယ်။ သမီး ကသုံးရုံသာ သုံးတာပါ။ မဖြုန်းပါဘူး။ ဖေဖေ သမီးဆီကို အမြဲလာလည်ရမယ်နော်။ မိုးစက်ကိုတော့ မခေါ်ရဲဘူး။ တော်ကြာ ကိုကိုက သမီးနဲ့ မိုးစက်ကို မှားမှာစိုးလို့။ '
မိုးစက်သည် မိုးပွင့်၏ စကားကြောင့် စိတ်မကောင်းဖြစ်သွားမိသည်။ ညီမလေးက မိမိကို အကိုနှင့် စိတ်မချဖြစ်နေပါလားဟု တွေးလိုက်မိသည်။ ဦးသက်ထွန်းသည် မိုးပွင့်၏ စကားကြောင့် ဟန့်လိုက်သည်။
'မိုးပွင့် ခုလေးတင် ဖေဖေပြောနေတာ။ စကားကို ပေါ့ပေါ့ဆဆ မပြောရဘူး။ ခု သမီး ပြောတဲ့စကားကို မောင်နှင်းထန်ကြားရင် ဘယ်လိုထင်သွားမလဲ၊'
မိုးပွင့်သည် ဖခင်၏ ဆူပူစကားကြောင့် မျက်ရည်ဝဲကာ ဖခင်အခန်းထဲမှ စိတ်ကောက်ကာ ထွက်သွားတော့သည်။
'ဒါကြောင့် သမီးပြောတာ။ ဖေဖေက သမီးဘာပြောပြော ဆူဖို့ချည်းပဲ။ တော်ပြီ။ သွားတော့မယ်။ လက်ထပ်ပြီးရင် မြစ်ကြီးနားကို လုံး၀ လာမလည်တော့ဘူး။'
'ဒီကောင်မလေးကတော့လေ။ ဖေဖေ ရင်လေးပါသေးတယ် မိုးစက်ရယ်။ '
မိုးစက်သည် ဖခင်ကို နှစ်သိမ့်ပေးကာ
'ဖေဖေရယ်.. ညီမလေးက လက်ထပ်ခါနီး စိတ်လှုပ်ရှားနေလို့ပြောမိတာပါ။ သူလည်း အရွယ်ရောက်ပါပြီ။ သူ့အိမ်ထောင်ကို သူအပြိုကွဲမခံပါဘူး။ စိတ်ချပါ။ '
'မဟုတ်ဘူး။ မင်းကို သူပြောသွားတဲ့ စကားကို မကြိုက်လို့ ဖေဖေဆူလိုက်တာ။ မင်းညီမ ကမင်းချစ်သလောက် မင်းကိုပြန်မချစ်တာ သိရတော့ ဖေဖေ ဝမ်းနည်းမိတယ်။'
'ညီမလေးက ငယ်သေးလို့ပြောမိတာပါ ဖေဖေရယ်။ သူ သားကို ချစ်ပါတယ်။ ခဏလေး နော် ဖေဖေ။ သား ညီမလေးကို လိုက်ချော့လိုက်ဦးမယ်။ မဟုတ်ရင် ငိုနေဦးမယ်။'
'အေး.. အေး ... ပြီးရင် ဖေဖေ အိပ်တော့မှာ။ သားလည်း စောစောနားတော့လေ။ '
'ဟုတ်ကဲ့ ဖေဖေ။ '
မိုးစက် သည် မိုးပွင့်၏အခန်းကို ကူူးလာပြီးချော့မော့ကာ မိမိအိပ်ခန်းထဲသို့ ပြန်လာခဲ့ သည်။ ညီမလေး၏ စကားကြောင့် အနည်းငယ်တော့ စိတ်မကောင်းဖြစ်မိသည်။ ဘာပဲ ပြောပြော လက်ထပ်ပွဲပြီးသွားလျှင် မိမိလည်းသွားတော့မည်။ မိုးစက် စိတ်ကိုတင်းကာ ည အိပ်ပျော်အောင် အိပ်လိုက်သည်။
ညအ်ိပ်မက်ထဲတွင် သူ့ရင်ခွင်ထဲရောက်နေသည်ဟု မက်သဖြင့် လန့်နိုးခဲ့ပြန်သေးသည်။ ရွှေယောက်ဖက မိမိကို အိပ်မက်ထဲထိ တောင် လိုက်ခြောက်နိုင်လွန်းလှသည်။ လက်ထပ်ပြီးလျှင် သူမိမိကိုမေ့ကာ ညီမလေးအပေါ် အချစ်သည်းပါလိမ့်မည်။ ကိုရန်နိုင်လိုပင် သူ သားသမီးရလာလျှင် မိမိကို သာမန် ယောက်ဖတစ်ဦးလိုပဲ မြင်လာပါလိမ့်မည်။
'အကိုရယ်.. ကျွန်တော့် ညီမလေးကို သည်းခံပြီး ချစ်ပေးပါဗျာ။ ညီမလေးက ခင်ဗျားရဲ့ မျိုးဆက်လေးတွေကို မွေးပေးလိမ့်မယ်။ သားသမီးရလာရင် ခင်ဗျားရင်ထဲက ကွက်လပ် တွေနေရာမှာ ပျော်ရွှင်ခြင်းတွေ ပြည့်လာပါလိမ့်မယ်။ ခင်ဗျားမေမေရဲ့ ကိုယ်စား ခင်ဗျား ကျွန်တော့်ကို ချစ်ခဲ့တယ်ဆိုတာ ကျွန်တော်သိပါတယ်ဗျာ။'
မိုးစက် သူ့ကိုရည်ညွှန်းကာ တယောက်တည်း တီးတိုးရေရွတ်မိသည်။
-------------------------
မိုးစက်သည် အကိုနှင်းထန် နှင့် ချိန်းသည့်နေရာသို့ မည်သူမှမသိအောင် တိတ်တဆိတ် သွားရသေးသည်။ သူကပန်းခြုံထဲ ဝင်လာသော မိုးစက်ကို ဆီးကာဖက်ပြီး ပါးလေးကို နမ်းပြီး အပြောချင်ဆုံးစကားကို အရင်ပြောလိုက်သည်။
'လွမ်းလိုက်ရတာ ချာတိတ်ရယ်။ ကိုယ်တနေ့လုံး မင်းနဲ့တွေ့ရမယ့် အချိန်လေးကို စောင့်နေရတာ။ မင်း ကိုယ့်ကို သတိရရဲ့လား။'
မိုးစက်သည် သူ့ကို အသာတွန်းဖယ်ကာ စိတ်ညစ်ညစ်နှင့်ပြောလိုက်သည်။ တနေကုန်တွေ့နေလျက်နှင့် လွမ်းသည်ဆိုတော့ နည်းနည်းတော့ ပိုသည်ဟုထင်သည်။
'အကို ကလည်းဗျာ။ ကလေးလဲ မဟုတ်ပဲနဲ့။ အကိုနဲ့ တအိမ်ထဲနေပြီး တနေ့လုံးတွေ့ နေတာ ကျွန်တော်တော့ မလွမ်းပါဘူး။'
'ကိုယ်တော့ ချာတိတ်လေးရဲ့ အသားနုနုလေးနဲ့ ကိုယ်သင်းနံ့လေးကို လွမ်းတယ်။ '
သူကတော့ မိုးစက်ကို သိုင်းဖက်ကာ လည်ပင်းကိုငုံ့နမ်းရင်း လှိုက်မောသံနှင့် တီးတိုးပြောသည်။ မိုးစက် သူ့နူတ်ခမ်းကို လက်နှင့် ကာပြီး တောင်းပန်လိုက်သည်။
'ဟိုး... အကို ... အရာထင်အောင်တော့ မလုပ်ပါနဲ့ဗျာ။ ဖေဖေလည်း ရောက်နေပြီ။ တွေ့သွားလိမ့်မယ်။ စကားထိုင် ပြောရအောင်ဗျာ။ '
နှင်းထန်က ချာတိတ်လေး၏ လက်ကိုဖယ်ကာ လက်ခုံကို နမ်းပြီး လိုချင်သည်ကိုပြောလိုက်သည်။ နှင်းထန်လည်း ယခု ဒီကောင်လေး နှင့်မှ တသက်လုံး မပြောဖူးသည့် စကားကို ပြောနေမိသည်။ တသက်လုံးမဖြစ်ဖူးသည့် ခံစားချက်များလည်း ဖြစ်ထွန်းလာသည်။
'စကားလည်းပြောမယ်။ စကားမပြောခင် အတိုးချပြီး နမ်းပါရစေဦး။ ကိုယ်နမ်းတာ အရာမထင်စေချင်ရင် မရုန်းနဲ့။ ငြိမ်ငြိမ်နေ။'
မိုးစက် သူ့စကားနှင့်သူ ပိတ်မိကာ သူ့အနမ်းများကို မျက်စိမှိတ်ပြီး ငြိမ်သက်စွာ ခံယူနေရသည်။ သူ့အနမ်းများက ပန်းပွင့် ကြွေကျ သလို ငြင်ငြင်သာသာရှိလှသည်။ မျက်လုံး မှိတ်ထားသော်လည်း ပါးပြင်ပေါ်၊ နဖူးပေါ်၊ နူတ်ခမ်းပေါ်၊ ပြီးတော့ လည်ပင်း၊ ထို့နောက် ရင်ဘတ်များထိဆင်းလာသဖြင့် မိုးစက်ရင်တုန်လာသဖြင့် သူ့ကို မျက်နှာနီနီဖြင့်တားကာ တောင်းပန်လိုက်သည်။
'အကို တော်ပါတော့ဗျာ။ ကျွန်တော် မနေတတ်တော့ဘူး။ တော်ပါတော့။ စကားပြောရ အောင်။ ခုံတန်းမှာ ထိုင်ပြောကြမယ်နော်။'
ဒေါက်တာနှင်းထန်လည်း ရင်ခုန်သံဆူညံလာသဖြင့် ကြာလျှင် မိမိစိတ်ကို မထိန်းနိုင်တော့မည်စိုးသဖြင့် မိုးစက်စကားကို လက်ခံပြီး နှစ်ယောက်သား ခုံတန်းတွင် ထိုင်မိစဉ် သူက သူရည်ရွယ်ထားသည့် အစီစဉ်ကို မိုးစက်ကိုပြောပြလိုက်သည်။
'မိုးစက် ကိုကိုတို့ ဟန်းနီးမွန်းထွက်ရင် လိုက်ခဲ့ရမယ်နော်။ ကိုကို စီစဉ်ပြီးပြီ။ '
မိုးစက်က သူ့ကို မျက်လုံးပြူးကြည့်ကာ အလန့်တကြားမေးလိုက်သည်။ ဘုရားလည်းတမိသည်။ ထို့ကြောင့် သူ့ကို တမင် ကန့်လန့်တိုက်ကာ ပြောလိုက်သည်။
'ကျွန်တော်က အကိုတို့လင်မယား ဟန်းနီးမွန်းထွက်တာ ဘာလို့ လိုက်ရမှာလဲ။ ကျွန်တော့်မှာ ကောင်မလေးလဲ မရှိဘူး။ ရှိရင်တော့ ကောင်မလေးနဲ့ လိုက်ခဲ့ပါတယ်။ ချစ်သူနဲ့ အပန်းဖြေခရီး ပိုက်ဆံမကုန်ပဲ ယောက်ဖ ကျေးဇူးနဲ့သွားရလည်း မနည်းဘူးလေဗျာ။'
'ဘာပြောတယ်။ ကောင်မလေး ဟုတ်လား။ မင်းက ရည်းစားထားချင်သေးတယ်ပေါ့လေ။'
မိုးစက်၏ ကောင်မလေး ချစ်သူ ဆိုသည့် စကားကိုကြားသော် နှင်းထန် သူ့လက်ကို ဖျစ်ညစ်ကာ လေသံမာမာနှင့် မေးလိုက်သည်။ တကယ်ဟုတ်သည် ဖြစ်စေ၊မဟုတ်သည်ဖြစ်စေ ထိုအသံကြားရုံမျှနှင့် နှင်းထန်ရင်ထဲ ပူလောင်လာခဲ့သည်။ မိုးစက်က ရယ်ကျဲကျဲဖြင့် ပြန်ဖြေလိုက်သည်။ မိမိ၏ ဖြစ်တည်မှုကို အကိုမမေ့ရန် ရယ်သလို မောသလိုနှင့် ထည့်ပြောရင်း သတိပေးရမည်။ မဟုတ်လျှင် မိမိကို တသက်လုံးသူ့ချစ်သူအဖြစ် သဘောထားနေလျှင်ခက်မည်။ မိမိသည် သာမန်ကောင်လေးတို့ သဘာဝအတိုင်း ချစ်သူတွေ့လျှင် အိမ်ထောင်ပြုချင်ပြုမည်။
'ယောကျ်ားလေးပဲ။ ရည်းစားထားချင်တာပေ့ါဗျာ။ အကိုကျတော့ မိန်းမယူပြီးတော့ ကျွန်တော်ကျတော့ ရည်းစားတောင် မထားရဘူးလား။ ကျွန်တော်လည်း နောက်ဆို သဘောကောင်းတဲ့မိန်းကလေးနဲ့တွေ့ရင် အိမ်ထောင်ပြုမယ်။'
မိုးစက်၏ မှန်ကန်လွန်းသည့် စကားများက ဒေါက်တာနှင်းထန်၏နားထဲ သံရည်ပူလောင်းလိုက်သလို ပူလောင်စွာ ဝင်သွားသည်။ နှင်းထန် ဘယ်လိုထိန်းထိန်း ထိန်းလို့မရတော့ပဲ အတ္တကြီးစွာနှင့် ပြောလိုက်သည်။
'ကိုယ် လက်ထပ်တာ မင်းကြောင့်ဆိုတာ မင်းမမေ့နဲ့ မိုးစက်။ ကိုယ့်ကို မချစ်ချစ်လာအောင် မင်းပဲ လုပ်ခဲ့တယ်။ မင်းကို ချစ်မိတော့ မင်းညီမနဲ့ လူစားထိုးဖို့ကြိုးစားခဲ့တယ်။ အေး... ကိုယ် မိုးပွင့်ကို လက်ထပ်တာ မင်းကိုယ့်ချစ်သူအဖြစ် တသက်လုံးဘေးမှာ နေ ပေးမယ်ဆိုလို့ ကိုယ်သဘောတူခဲ့တာ။ မင်းက ကိုယ်ချစ်သူ၊ မင်းကို ကိုယ်ပဲပိုင်တယ်။ မင်းကိုယ့်ကိုပဲ ချစ်ရမယ်။ ကိုယ်ကလွဲရင် ဘယ်ကောင်လေး၊ ဘယ်ကောင်မလေးကိုမှ မချစ်ရဘူး။ '
အကိုနှင်းထန် တကယ်ကို ပေါက်ကွဲစွာပြောနေသည်ကို သိတော့ မိုးစက် သူ့လက်ကို အသာဖြေကာ လေပြေထိုးလိုက်သည်။
'အကိုကလည်း စိတ်ကြီးပဲ။ အကိုနဲ့ သဘောတူထားတာ ကျွန်တော်မမေ့ပါဘူး။ ကျွန်တော်က သဘောပြောတာပါ။ အကိုနဲ့ ညီမလေး ဟန်းနီးမွန်းထွက်တာ ကျွန်တော် လိုက်မရှူပ်ချင်လို့ပြောတာပါ။ ပြီးတော့ ကျွန်တော်ပါရင် အားလုံးက သံသယဝင်သွား မှာပေါ့။ အကိုက ဘာလို့ ကျွန်တော့်ကို ခေါ်ချင်ရတာလဲ။'
'ကိုယ် ချာတိတ်ကို တရက်လေးမှ မခွဲနိုင်လို့ပေါ့ ကလေးရယ်။ပြီးတော့ ကိုယ်တို့လည်း ဟန်းနီးမွန်းထွက်သင့်တယ် ထင်လို့ပေါ့။'
နှင်းထန်က စိတ်ပြေသွားရပြန်သည်။ ချာတိတ်လေးက လုပ်လည်းလုပ်တတ်သည်။ ထို့ကြောင့် နှင်းထန်သူ့ကို တမင် ညစ်ကျယ်ကျယ် ပြောလိုက်သည်။ မိမိကို ရန်စထားသည့် ကောင်လေးကို ခြောက်ရအုံးမည်။ မိုးစက် သူ့မျက်နှာကို နားမလည်ဟန်ကြည့်ကာ ပြန်မေးလိုက်သည်။
'ဘာဆိုင်လို့ ကျွန်တော်တို့ ဟန်းနီးမွန်း ထွက်ရမှာလဲ။ အကိုနဲ့ ကျွန်တော်က ချစ်သူ အဆင့်ပဲရှိသေးတယ်လေ။'
'ကိုယ်က ချစ်သူအဆင့်ကနေ တဆင့်တက်ချင်တာကို ပြောတာ။ ချာတိတ်နဲ့ ချစ်သူ အဖြစ်နဲ့ တသက်လုံးမနေနိုင်ဘူး။ ချာတိတ်ကို ကိုယ်ပိုင်ဆိုင်ထားချင်တယ်။ ချာတိတ်ကို မပိုင်ရမချင်း ကိုယ် စိတ်မချနိုင်ဘူး။ ဘယ်လိုလဲ... ကိုယ်နဲ့ အတူနေဖို့..'
မိုးစက်၏ မျက်နှာရဲတွတ်သွားပြီး စိတ်ဆိုးသွားသည်။
'အကို မကောင်းဘူး။ ဘာတွေပြောနေတာလဲ။ သဘာဝကို မလွန်ဆန်ချင်ပါနဲ့ဗျာ။'
'ကိုယ်က သဘာဝကို လွန်ဆန်ချင်တယ်ဆိုရင်ကော... ဘယ်လိုလဲ.. မိုးစက်။'
မိုးစက် တကယ်စိတ်ဆိုးသွားပြီး ခုံတန်းမှ ထရပ်ကာ စကားစဖြတ်လိုက်သည်။ အကိုနှင်းထန်ကို စကားလည်း ဆက်မပြောချင်တော့ပေ။ မဟုတ်တာတွေ တွေးလာသည့် လူအနားနေရတာ ကျောချမ်းလာမိသည်။
'တော်ပြီ။ ကျွန်တော်သွားအိပ်တော့မယ်။ အကို ပေါက်ကရတွေပြောနေတယ်။'
နှင်းထန်က မိုးစက်၏ လက်ကိုလှမ်းဆွဲလိုက်စဉ် သူ့ပေါင်ပေါ်လဲကျသွားသည်။ သူက မိုးစက်၏ ကိုယ်လေးကို သိုင်းဖက်ကာ ကျောပြင်တွင်မျက်နှာအပ်ပြီး ကိုယ်သင်းနံ့ကို ရင်ထဲထိရောက်အောင်ရှုသွင်းရင်း တီးတိုးပြောလိုက်သည်။
'ကိုယ် မင်းကို စတာပါ။ ဒါပေမယ့် ကိုယ် မင်းကို စိတ်မချဘူး မိုးစက်လေး။ မင်းကိုယ့်ကို ကတိတခုတော့ပေးပါ။ ကိုယ့်အပြင် ချစ်သူမထားပါနဲ့။ မင်းဖြစ်ချင်တာအားလုံး၊ မင်းရချင်တာအားလုံး ကိုယ်ဖြည့်ဆည်းပေးပါ့မယ်။ မင်းကို ကိုယ်ပြောမပြနိုင်အောင်ကို ချစ်မိပြီ မိုးစက်ရယ်။ ချစ်တယ်။ အရမ်းချစ်တယ်။ '
မိုးစက်သည် သူ့စကားကြောင့် ဝမ်းနည်းသလို ခံစားလိုက်ရသည်။ ငြိမ်သက်နေသော ရေပြင်ကို ကျောက်ခဲဖြင့်ပေါက်လိုက်မိသလို သူ့ဘဝလည်း မိမိကြောင့် ဂယက်ထသွား ရလေပြီ။ သူ၏ ရင်ဖွင့်စကားကို ကြားသော် မိုးစက် ငိုချင်သွားသည်။ သူ့ကိုလည်း သနား သည်။ မိုးစက် သူ့ဘက်လှည့်ကာ သူ့ကို ပြန်ဖက်ထားပြီး စိတ်ရင်းနှင့်တောင်းပန်လိုက်သည်။
'အကိုရယ်... တောင်းပန်ပါတယ်ဗျာ။ ကျွန်တော့်ကြောင့် အကို သဘာဝမကျတဲ့ အချစ်ပေါ်လာခဲ့တာ ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ကျွန်တော်က တကိုယ်ကောင်းဆန်တဲ့သူပါ။ အကို ကျွန်တော့်ကို မုန်းလိုက်တာ အကောင်းဆုံးပါပဲ။'
ဒေါက်တာနှင်းထန်သည် မိုးစက်လေးကို ပြန်ဖက်ထားပြီး ပြတ်သားစွာပြောသည်။
'သဘာဝကျသည်ဖြစ်စေ မကျသည်ဖြစ်စေ ကိုယ်ကရုမစိုက်ဘူး မိုးစက်။ မင်းကို ချစ်မိခဲ့ တာ ကိုယ့်ဘဝမှာ အပျော်ဆုံးဖြစ်ရပ် တစ်ခုပါ။ ကိုယ် မင်းကိုချစ်မိခဲ့လို့ ဘယ်တော့မှ နောင်တမရဘူး။ ကိုယ် မင်းကို ဘယ်တော့မှ မမုန်းဘူး။ မင်းကို မချစ်ပါနဲ့လို့ တား လည်းကိုယ်က ချစ်နေမိမှာပဲ။ ဒါက မင်းနဲ့ကိုယ့်ရဲ့ ကံကြမ္မာပဲ။ ကိုယ်သေမှ မင်းကို ချစ်တာ ရပ်တန့်သွားမှာပဲ။ '
မိုးစက်သည် သူ့မျက်နှာကို လက်ဖြင့် ကိုင်ကြည့်ကာ ငြင်သာစွာ ဖြောင့်ဖျလိုက်သည်။ မိမိအပေါ် စွဲလမ်းသည့်စိတ်ကို ပျောက်သွား စေချင်သည်။ ဒါက သူ့တစ်ဘဝလုံးကို အနှောက်ယှက် အတားဆီး မဖြစ်စေချင်တာ မိုးစက်၏ စိတ်ရင်းပါ။
'အကို... ညီမလေးနဲ့ ကျွန်တော်က ရုပ်ရည်ချင်းအတူတူပါပဲ။ အကို အစွဲအလန်း မထား ပဲ ညီမလေးကို ချစ်ကြည့်ဖို့ ကြိုးစားကြည့်လိုက်ပါ။ အကို သူ့ကို ပိုချစ်မိသွားမယ်ဆိုတာ ကျွန်တော် သေချာပေါက်ပြောရဲတယ်။'
နှင်းထန်သည် မိုးစက်လေး၏ လက်ကို တရှိုက်မက်မက် နမ်းကာ ရင်ထဲက စကားကို ပွင့်လင်းစွာပြောလိုက်သည်။
'မျက်နှာချင်းတူပေမယ့် နှလုံးသားခြင်းမတူဘူးလေ ချာတိတ်လေးရဲ့။ မင်း မချစ်ဖူးတော့ ဒါတွေ ဘယ်သိပါ့မလဲ။ ကိုယ် ချစ်တာက မင်းကိုလေ။ မိုးပွင့်ကို မဟုတ်ဘူး။ သူနဲ့မင်း ရုပ်ရည် တပုံစံတည်းဖြစ်ပါစေ ကိုယ့်နှလုံးသားက လက်မခံဘူး ။'
'အကို တကယ်ခေါင်းမာတယ်ဗျာ။ ကဲ.. ကျွန်တော့်ကို လွတ်တော့။ ကျွန်တော်သွား တော့မယ်။ ဖေဖေ ကျွန်တော့်ကို ရှာနေတော့မယ်။ '
'အင်း... နောက်ရက်လည်း ဒီအချိန်ပဲနော်။'
'အကို ကလည်းဗျာ။ နေ့တိုင်းမတွေ့ပါနဲ့။ လူတွေ ပိုများလာပြီဗျ။'
'မရဘူး။ မင်းမလာရင် မင်းအခန်းကို ကိုယ်လာခဲ့မယ်။ ဒါပဲ။'
'ကောင်းပါပြီဗျာ။ အခန်းတော့ မလာပါနဲ့။'
နှင်းထန် သည် မိုးစက်၏ ကျောပြင်လေးကို ငေးကြည့်ကာ ကျန်ရစ်ခဲ့သည်။ ကောင်လေး က မိမိကိုလုံးဝမချစ်သည်ကို သိသော်လည်း သူ့ညီမကြောင့် မိမိဘေးနေပြီး စကားနား ထောင်နေသည့်အဆင့်ဖြင့် လောလောဆည် ကျေနပ်နေရသည်။ မိမိကလည်း ကောင်လေးကို ချစ်သူလို ရိုးရိုးသားသားချစ်ချင်သေးသည်။ မိမိစလိုက်သဖြင့် မျက်နှာရဲကာ စိတ်ဆိုးသွားသဖြင့် ကောင်လေး၏ ဖြူစင်မှုကို သိလိုက်ရကာ ကျေနပ်သွားသည်။ မိုးစက်သည် မိုးပွင့်နှင့် အစစ အရာရာ ကွာလွန်းလှသည်။ နမ်းလည်းမနမ်းတတ်သလို ချွဲနွဲ့ခြင်းလည်းမရှိပေ။ စိတ်ထားဖြူစင်ကာ လိုချင်တပ်မက်မှုကင်းသော ကောင်လေးကို မိမိ လက်လွှတ်မခံနိုင်သည်မှာ မိမိ အလွန်တော့မဟုတ်ဟု ထင်ပါသည်။
မိမိ သူ့ကိုဒီလောက်ချစ်မိလျှင် သူနှင့်တွေ့ဖူးသည့် အခြားကောင်များကလည်း သူ့ကို ချစ်မိမှာသေချာသည်။ နှင်းထန်တွေးရင်း ကိုရန်နိုင်ကို သတိရသွားပြီး ရင်ပူ သွားသည်။ မိုးစက်ဘက်က ရိုးသားသော်လည်း ကိုရန်နိုင်ဘက်က သံယောဇဉ်မကုန် သေးသည် ကတော့ အထင်းသာပေါ်လွင်နေသည်။ မိုးစက် ကိုရန်နိုင်နှင့် တွေ့သည်မှာ ရိုးမှရိုးရဲ့လားဟု တွေးကာ ပိုပြီး စိတ်ပူလာသည်။ မိမိဘေးမှ ချာတိတ်လေးကို သူများခိုးသွားမည်ကိုပူနေရသည်။ ထို့ကြောင့် ကိုရန်နိုင်နှင့်မိုးစက်၏ပတ်သတ်မှုကို ကျော်ခိုင်ထွန်း ထံမှတဆင့် စုံစမ်းခိုင်းမည်ဟု တေးထားလိုက်သည်။
'မင်း ကိုယ့်ကို မချစ်လို့ ကိုယ့်ရင်မှာ ပူလောင်နေရတယ် ကလေးရယ်။တရားဝင် ပိုင်ဆိုင် ခွင့်မရှိလို့လည်းပိုလို့စိုးရိမ်ရတယ်။ မင်း ကိုယ့်ဘေးမှာရှိဖို့ ဘာမဆိုကိုယ်လုပ်ဖို့ဝန်မလေးဘူး ချာတိတ်လေး။ စိတ်မောလိုက်ရတာ မိုးစက်လေးရယ်။ ဒီလက်ထပ်ပွဲက မင်းနဲ့သာ ဆိုရင် ကိုယ်ဘယ်လောက်တောင်ပျော်လိုက်ရမလဲကွာ။ ခုတော့......'
နှင်းထန်သည် ခုံတန်းရှည်တွင် တစ်ဦးတည်းထိုင်ရင်း အတွေးကမ္ဘာထဲ နစ်နေသည်။ လောလောဆည်တွင် လက်တွေ့ဘဝမှ ထွက်ပြေးရန် ဖြစ်ချင်သည်ကို တွေးနေရုံမှတပါး နှင်းထန် ဘာမှ မတတ်နိုင်တော့ပေ။ ချစ်သော ကလေးလေး အနားတွင် ခေါ်ထားနိုင်ရန် မိမိ လုံး၀ မချစ်သည့် မိန်းကလေးကို လက်ထပ်ရန် မိုက်မိုက်မဲမဲကို ဆုံးဖြတ်လိုက်ပြီ မဟုတ်လား။ အနာဂါတ်သည် စိတ်ပျက်စရာ အတိဖြစ်မှာ ဗေဒင်မေးစရာ မလိုအောင် ထင်ရှားလို့နေလေပြီ။ နှင်းထန် သက်ပြင်းသာ ချနေမိသည်။
ESTÁS LEYENDO
Romanceအချစ်စစ်၏တည်နေရာ- Season (1) Author _ May King Genre _ Romance , Boy Love, Family, Couple Both Zawgyi + Unicode font (Zawgyi font chapter အောက်မှာ Unicode font နဲ့ Chapter ထပ်ထည့်ပေးထားပါတယ်။ အောက်ကို ဆွဲချပေးပါ။) ေပးဆပ္အနစ္နာခံတတ္တာ အခ်စ္စစ္လား။...