Season - 1အပိုင်း (9)

1.5K 108 0
                                    


အချစ်စစ်၏ တည်နေရာ

Season - 1

အပိုင်း (9)

မိုးစက်သည် အိမ်တွင် တစ်ယောက်တည်း TV Channel လိုင်းများဖမ်းကြည့်နေစဉ် ဘဲလ်မြည်လာသဖြင့် ဝသုန်ပြန်လာပြီဟု ထင်ကာ တံခါးဖွင့်ပေးလိုက်စဉ် သံဘာဂျာ တံခါး အပြင်ဘက်တွင် ရပ်နေသော အကိုနှင်းထန်ကိုတွေ့သော် စကားမဆိုနိုင်အောင် ဖြစ်သွားသည်။ သူ့ကို ကြောင်ကြည့်နေမိစဉ် သူကပြုံးကာ ငြင်သာစွာပြောခဲ့သည်။

'မိုးစက်... ကိုယ့်ကို တံခါး မဖွင့်ပေးတော့ဘူးလား။'

ထိုအခါမှ မိုးစက် တံခါးသော့ဖွင့်ကာ သူ့ကို အိမ်ထဲဝင်ရန် ဖိတ်လိုက်သည်။

'တောင်းပန်ပါတယ် အကို။ကျွန်တော် ရုတ်တရက်ဆိုတော့ အံ့သြသွားလို့ပါ။ အကို ဒီအိမ် လိပ်စာကို ဘယ်လိုသိတာလဲ။ မိုးပွင့် တစ်ခုခု ဖြစ်လို့အကို လိုက်လာတာလား'

သူက တစ်ခွန်းမှ ပြန်မဖြေပဲ အိမ်ထဲဝင်ကာ အေးဆေးစွာပြောခဲ့သည်။ သူ့ပုံကလည်း မိမိတွေ့စဉ်နဲ့မတူ ပိန်ကျသွားသဖြင့် သူ တခုခုဖြစ်နေသလားဟုလည်း စိုးရိမ်လာခဲ့သည်။အတူနေလာသည့် ကာလက ရှစ်လ၊ ကိုးလနီးပါး ဆိုတော့ မိုးစက် ၏ စိတ်ထဲ သူ့ကို အကိုလိုလည်း သံယောဇဉ်ရှိသည်။

'မိုးပွင့် ဘာမှ မဖြစ်ပါဘူး။ ကိုယ်တို့ အေးအေးဆေးဆေး ထိုင်ပြီးမှ ပြောပါရစေလား။ ကိုယ် လေယာဉ်ကွင်းကနေ တိုက်ရိုက်လာခဲ့တာ။ '

မိုးစက်သည် မိမိ၏ လောကြီးမှုကြောင့် အားနားသွားသည်။ တံခါးကို သော့ပြန်ခတ်ကာ အကိုနှင်းထန်ကို ဧည့်ခန်း ထဲသို့ခေါ်လာခဲ့သည်။

'ဆောရီးပါ အကို။ အထဲကြွပါ။ '

မိုးစက် သူ့ကို ထိုင်ခိုင်းပြီး ရေခဲသေတ္တာထဲမှ အအေးဗူးကို ဖောက်ကာ ဖန်ခွက်ထဲထည့် ပြီး သူ့ထံသို ကမ်းပေးကာ

'အကို အမောပြေ သောက်လိုက်ပါဦး။ သစ်သီးရည် လတ်လတ်ဆတ်ဆတ် မဟုတ်ပေမယ့် သကြားမပါတဲ့ ဖျော်ရည်ပါ။ '

'မင်းညီမက မင်းလောက် ကိုယ့်အကြိုက်တွေကို မသိသေးဘူး မိုးစက်။ မင်းသူ့ကို သေချာမမှာထားဘူးထင်တယ်။'

နှင်းထန် ဖျော်ရည်ကို မော့သောက်ပြီး အေးဆေးစွာပြောလိုက်သည်။ မိုးစက်သည် သူ့ မျက်နှာကို အလန့်တကြားကြည့်ကာ လက်ထဲမှာ ဖန်ခွက်ကို လွတ်မကျအောင် မနည်းထိန်းလိုက်ပြီး မပိမရိ လိမ်ပြောရန်ကြိုးစားသည်။

'အ...အကို... ဘာပြောလိုက်တာလဲ ။ကျွန်တော် နားမလည်ဘူး။ ကျွန်တော် အကို့ အကြိုက်ကို ညီမလေးလောက် ဘယ်လိုသိနိုင်မှာလဲ ခင်ဗျာ'

နှင်းထန်သည် မိမိနှင့် ရင်းနှီးသော အမှုအရာလေးကို ပြန်တွေ့သောအခါ စိတ်မထိန်း နိုင်တော့ပေ။ မိမိ အိပ်မက်ထဲထိ တမ်းတခဲ့ရသော ယုန်ကလေးလို ဖြူစင်လှသည့် အကြည့်နှင့် ချစ်သူလေးဆီ လှမ်းလာခဲ့ပြီး ရင်ခွင်ထဲ သိမ်းဖက်ထားကာ ချူပ်တည်း ထားသမျှကို ဖွင့်ပြောလိုက်တော့သည်။

'ကိုယ့်ကိုယ်ကို ဆက်မလိမ်နိုင်တော့ဘူး။ ကိုယ် မင်းကို ချစ်တယ် မိုးစက်။ မင်းကလွဲရင် ကိုယ်ဘယ်သူ့ကို မှ လက်မထပ်နိုင်ဘူး။ '

မိုးစက် ဓါတ်လိုက်ခံရသလို ခံစားလိုက်ရသည်။ ဒေါက်တာနှင်းထန်ကို ကြမ်းတမ်းစွာ တွန်းပစ်ကာ မာကျောစွာဖြင့် ပြောလိုက်သည်။ ခေါင်းထဲတွင် အန္တရာယ် အချက်ပြသံများ ဆူညံနေသည်ဟု ခံစားလိုက်ရသည်။သူက မိမိ ဟန်ဆောင်ပြိး သူ့အနားလာသည်ကို သိသည့်အပြင် သူက မိမိကို ချစ်သည်ဟု ပြောနေသည်။ မိမိအကြောက်ဆုံး အရာတစ်ခုဖြစ်လာခဲ့လေပြီ။ ဘယ်လိုမှ မထင်မှတ် ထားသည့် ဝသုန် အမြဲ သတိပေးသည့် အချက် တကယ်ကိုဖြစ်လာခဲ့လေပြီ။ ဒီအခြေနေကို မိမိရအောင်ထိန်းရမည်ဟု တွေးကာ မိုးစက် သူ့ကို တင်းမာစွာပြောလိုက်သည်။

'အကို ရူးနေသလား။ ညီမလေးနဲ့လက်ထပ်ခါနီး ဘယ်လိုကြောင့် ဒီလိုပြောရက်တာလဲ။ အကိုက လိင်တူကြိုက်တဲ့သူဆိုတာ ကျွန်တော် မသိခဲ့ဘူး။ ဒါဆိုရင်တော့ ညီမလေးနဲ့ မင်္ဂလာကိစ္စကို ဖျက်သိမ်းရမှာပဲ။ ကျွန်တော့် ညီမလေးကို Gay တစ်ယောက် နဲ့တော့ လက်ထပ်မပေးနိုင်ဘူး။'

မိုးစက်၏ စွပ်စွဲစကားများကို နှင်းထန် မနာကျည်းနိုင်ပါ။ လောလောဆည်တွင် မိမိချစ်သည်ကို မိုးစက်ကို ဖွင့်ပြောချင်သည်။ ပြီးတော့ မိုးစက် မိမိကို ဘယ်လို သဘောထားသည်ကို သိချင်သည်။ ထို့ကြောင့် မိုးစက်၏ ပုခုံးနှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ ပြောလိုက်သည်။

'ကိုယ် ဂေးလ်၊မဂေးလ်တော့ ကိုယ်မသိဘူး။ ဒါပေမယ့် ကိုယ် အရူးမဟုတ်ဘူး။ ကိုယ် ချစ်ခဲ့တဲ့သူကို မသိရလောက်အောင်တော့ ကိုယ် မတုံးသေးဘူးကွ။ ပြော... မင်း ကိုယ့် အချစ်ကို ရအောင်ယူပြီး ထွက်ပြေးသွားတာ မင်းညီမအတွက်ကြောင့်ပဲလား။ မင်းအဲ့လို လုပ်ခဲ့လို့ မင်းညီမကို ကိုယ် ဆက်ချစ်နေမယ်လို့ မင်းထင်နေသလား ဟင်..... မိုးစက်'

'အကို ... ဘာ တွေပြောနေတာလဲ။ '

မိုးစက် ခြေဖျားလက်ဖျားများ အေးစက်သွားသည်။ သူ ဘယ်လိုသိသွားတာလဲ။ ဒါမှမဟုတ် မိမိကို အစ်နေသလားဟု တွေးမိကာ အတင်းငြင်းလိုက်သည်။

'မင်း အေးအေးဆေးဆေး ဝန်မခံချင်မှတော့...'

သူက မိုးစက်ကို ဆိုဖာရှည်ပေါ်တွန်းလှဲပြီး အပေါ်မှ ဆီးမိုးကာ ဇွတ်ပင် နမ်းတော့သည်။ မိုးစက်သည် သူ့လက်မှ လွတ်ရန် အသည်း အသန်ရုန်းသော်လည်း သူက သန်မာလွန်း လှသည်။ နောက်ဆုံး သူ့နူတ်ခမ်းကို ကိုက်လိုက်မှ သူလွှတ်ပေးလိုက်သည်။

'မင်း ... ကိုယ့်ကို နောက်တစ်ခါ ကိုက်ပြန်ပြီ။ ပြော ... မင်း ကိုယ့်ဘေးကို ဘာကြောင့် မိုးပွင့် အဖြစ်ဟန်ဆောင်ပြီး လာရသလဲ။ '

'ကျွန်တော် ဘာကြောင့် အကို့ဘေးကို ဟန်ဆောင်ပြီးလာရမှာလဲ ...'

မိုးစက် ခေါင်းမာစွာငြင်းလိုက်သည်။ သူ သက်သေမရှိပဲ မိမိကို လာအစ်နေသဖြင့် မိုးစက် သူဘာပြောပြော ငြင်းလိုက်သည်။

'မင်းက အကောင်းပြောနေတုန်း ဝန်မခံချင်ဘူးပေါ့။ ကောင်းပြီလေ။ ပြီးမှ ကိုယ့်ကိုအဆိုး မဆိုနဲ့။'

ဒေါက်တာနှင်းထန် မိုးစက်၏ အဝတ်ကို အတင်းချွတ်ရန်ကြိုးစားသောအခါ မိုးစက် မျက်လုံးပြူးသွားရလေပြီ။

'အကို ရူးနေပြီလား။ ဘာလုပ်တာလဲ။ လွှတ်။ကျွန်တော် မကြိုက်ဘူး။ '

မိုးစက် စိတ်ဆိုးစွာ ပြောသည်။ သူက မျက်လုံးခြင်းဆိုင်ကြည့်ပြီး ပြတ်သားစွာပြောခဲ့သည်။ သူ့အကြည့်ကို မြင်တော့ မိုးစက် ဘာဆက်ဖြစ်မည်ကို ရိပ်မိလိုက်သည်။

'မင်းက အရင်ကတည်းက ကိုယ့်ကို နည်းနည်းမှ မလိုက်လျောခဲ့သူပါ။ ကိုကသာ မင်းကို ချစ်လွန်းလို့ အတင်း နမ်းခဲ့ရတာပါ။ ဒါကို မိုးပွင့်က မသိခဲ့ဘူး မဟုတ်လား။ သူက ကိုယ့် ကို အမြဲတမ်း စနမ်းခဲ့ကတည်းက မင်း မဟုတ်ဘူးဆိုတာ သိခဲ့တယ်။ မင်းတို့ မောင်နှမ ရုပ်ချင်းတစ်ထေရာတည်းတူချင်တူလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ချစ်သူရဲ့ အမူအကျင့်ကို မသိရလောက်အောင် ကိုယ် မတုံးသေးပါဘူး။ ကိုယ် မင်းကို ချစ်တယ်။ ခုလည်း ချစ်တယ်။နောင်လည်း ချစ်သွားမယ်။ ကိုယ့်ချစ်သူကလွဲရင် ကိုယ်ဘယ်သူ့ကိုမှ လက်မထပ်နိုင်ဘူး ချာတိတ်။'

ဒေါက်တာနှင်းထန်၏ စကားကိုကြားသော် မိုးစက်တုန်လှုပ်သွားသည်။ သူ့စကားကိုကြားသော် နားအူသွားအောင်ကို တုန်လှုပ်သွား ခဲ့သည်။

'အကို... ဘာ ...ပြောလိုက်တာလဲ...'

'ကိုယ် မင်းကိုပဲ ချစ်တယ်။ မင်းကိုပဲ လက်ထပ်မယ် '

မိုးစက် သူ့ကိုမော့ကြည့်ကာ တုန်လှုပ်စွာမေးလိုက်သည်။ သူမကြိုက်သည့် စကားလုံးများနှင့် သူ့မာနာကို ထိခိုက်အောင်ပြောပြီး မိမိကို စိတ်ပျက်အောင်လုပ်ရမည်။ မိုးပွင့်ကို သူလက်ထပ်မှဖြစ်မည်။ လက်ထပ်ပွဲလည်း သိပ်မလိုတော့ပေ။ ခုချိန်မှ လက်ထပ်ပွဲပျက် သွားလျှင် မိုးပွင့်သေသွားလိ်မ့်မည်။

'အကိုက အခြောက်လား။ ယောကျ်ားချင်း လက်ထပ်မှာ အကို မရှက်ဘူးလား။ လူတွေ အကုန်လုံးအကို့ကို လက်ညှိုးထိုးကြမှာ မကြောက်ဘူးလား။ '

'ကိုယ်ချစ်တဲ့သူကို လက်ထပ်တာ ဘာရှက်စရာကောင်းရမှာလဲ။ လိင်တူခြင်း ဖြစ်လို့ ချစ်လို့မရဘူး။ လက်ထပ်လို့မရဘူး ဆိုတဲ့ အတွေး ကိုယ့်မှာမရှိဘူး။ မင်းကို ချစ်ခဲ့တာ ယောကျ်ားလေးဖြစ်လို့၊ မိန်းကလေးဖြစ်လို့ဆိုတာကြောင့် မဟုတ်ဘူး။ မင်းရဲ့ စိတ်ထား လေးကို လေးစားလို့ ချစ်ခဲ့တာ။ မင်းဖာသာ ယောကျ်ားလေးမကလို့ ဂြိုလ်သားလေး ဖြစ်ဖြစ် ကိုယ် မင်းကို ချစ်မှာပဲ။ ပြီးတော့ ဒါတွေအားလုံး မင်းကြောင့်ဖြစ်လာတာ။ မင်းသာ ကိုယ့်ဘေးကို မလာခဲ့ရင် ကိုယ်မင်းကို ချစ်မိမှာမဟုတ်ဘူး။ ကိုယ့်ကို ချစ်တတ် အောင် သင်ပေးပြီး ဒီလို ထွက်ပြေးလို့ရမလား။ '

သူ့စကားကို ကြားသော် မိုးစက် တကိုယ်လုံးအေးစက်သွားသည်။ ကိုရန်နိုင်လို အဖြစ် နောက်တစ်ခါ ဖြစ်ပြန်ပြီ။ မိုးပွင့် မိမိကို မုန်းသွားတော့မည်။သူ့ကို မိမိ ဝန်ခံလို့ မဖြစ်ပေ။

'အကို လူမှားနေပြီ။ ကျွန်တော် အကို့ဘေးကို မလာခဲ့ပါဘူး။ ဝသုန်နဲ့ ကျွန်တော် တောက်လျောက်ရှိနေတာပါ။ ကျွန်တော့်ကို လွှတ်ပေးပါ။ အကိုက လိင်တူကြိုက် တစ်ယောက်ဖြစ်တယ်ဆိုရင်လည်း အခြားကောင်လေးကိုပဲ သွားရှာလိုက်ပါ။ကျွန်တော် က ယောကျ်ားစစ်စစ်ပါ။'

နှင်းထန်သည် သက်ပြင်းချကာ မိုးစက်ကိုလွှတ်ပေးပြီး ဆေးဆေးစွာပြောလိုက်သည်။ သူ့စကားသံက အေးဆေးသော်လည်း သူပြောလိုက်သည့် အကြောင်းရာများက နားထဲ သံရည်ပူတွေလို စီးဝင်သွားခဲ့သည်။

'မင်းက သက်သေနဲ့မပြနိုင်ဘူး ထင်လို့ ကိုယ့်ကို ငြင်းနေတာပေါ့။ ကောင်းပြီ။ စင်္ကာပူ မှာ မင်းညီမ ဒီဇိုင်းသင်တန်းတက်ခဲ့တာ အားလုံး ကိုယ့်ဆီမှာ ရှိတယ်။ ဒါကို ကိုယ့်ဒယ်ဒီ ဆီပြလိုက်ပြီး လက်ထပ်ပွဲကို ဖျက်သိမ်းမယ်။ မင်းဖေဖေကိုလည်း ကိုယ် ဖုန်းဆက် ပြောမယ်။ မင်းဖေဖေလည်း ဒီကိစ္စကို သိကိုသိရမယ်။ ဒယ်ဒီကတော့ သူ့သူငယ်ချင်းကို တော်တော်ယုံထားတာ။ သူ့ကို လိမ်တာ ကို လုံးဝခွင့်မလွှတ်တတ်ဘူး။ '

ဒေါက်တာနှင်းထန် ပြောလိုက်မှ မိုးစက် မျက်လုံးပြူးရုံတင်မက ထိုင်ခုံမှ ခုန်ထကာ သူ့လက်ကို ပြေးဆွဲပြီး ငိုမဲ့မဲ့ဖြင့် တောင်းပန် လိုက်သည်။

'အကို ... အကို ... မလုပ်ပါနဲ့ဗျာ။ ကျွန်တော် တစ်ယောက်တည်း လုပ်ခဲ့တာပါ။ ဖေဖေ လုံး၀ သဘောမတူပါဘူး။အကို မကျေနပ်ရင် ကျွန်တော့ကိုသာ သတ်သွားပါ။ ညီမလေးကအကို့ကို စွဲလန်းလွန်းလို့ ကျွန်တော် ကြံမိကြံရာ လုပ်ခဲ့မိတာပါ။ ကျွန်တော့် အပြစ်တွေပါ။ အကို ကျွန်တော့်ကို ကြိုက်သလို ထိုးပါ၊ ရိုက်ပါ။ လက်ထပ်ပွဲကိုတော့ မဖျက်လိုက်ပါနဲ့။ ဖေဖေနဲ့ ညီမလေး အရှက်ရသွားပါလိမ့်မယ်။'

ဒေါက်တာနှင်းထန်သည် ချာတိတ်လေး၏ ဝန်ခံစကားကြောင့် အနည်းငယ် ကျေနပ်သွား သည်။ သို့သော် ချာတိတ်လေး၏ မိမိအပေါ်ထားသော ခံစားချက်ကို သိလိုသဖြင့် ထပ်မေးလိုက်သည်။ ဒီစကားက မိမိအတွက် အရေးကြီးလှသည်။

'ကိုယ်မေးတာ ချာတိတ် မှန်မှန်ဖြေပါ။ မင်း ကိုယ့်ဘေးမှာနေရင်း ကိုယ့်ကို နည်းနည်းမှ ရင်မခုန်သွားဘူးလား။ မချစ်မိသွားဘူးလား။'

မိုးစက် မျက်နှာရဲသွားသည်။ သူ ဘာသဘောနှင့် မေးသည်ကို နားမလည်တော့ပေ။ သို့သော် အရိုးသားဆုံး ပြန်ဖြေခဲ့သည်။

'အကို့ကို ကျွန်တော် လေးစားခဲ့ပါတယ်။ အကို တစ်ယောက်လိုလည်း ချစ်ခဲ့ပါတယ်။ '

'မင်းကို ကိုယ်နမ်းခဲ့တဲ့အချိန် မင်းလုံး၀ ရင်မခုန်ခဲ့ဘူးလား။ '

မိုးစက် နားရွက်များပင် ရဲလာသည်အထိ ရှက်သွားသည်။ သူ့ရင်ခွင်ထဲ ရောက်ခဲ့သည့် အချိန်၊ သူ့အနမ်းများကို လက်ခံခဲ့သည့် အချိန် မိမိ ရင်တုန်ခဲ့ရသည် မဟုတ်လား။

'ရင်တော့မခုန်ဘူး။ ရင်တော့ တုန်တာပေါ့။ ယောကျ်ားခြင်း နမ်းတာခံရတာကိုးဗျ။ အကို တောင်းပန်ပါတယ်။ လက်ထပ်ပွဲကို မဖျက်ပါနဲ့နေုာ်။ မိုးလေးက အကို့ကို တကယ်ချစ် ရှာတာပါဗျာ။'

ဒေါက်တာနှင်းထန် ပြုံးလိုက်မိသည်။ မိမိ အခြေနေမဆိုးလှပေ။ မိုးစက် အချစ်ကို ရနိုင်သေးသည်။

'ကိုယ်က ချာတိတ်ကို တကယ်ချစ်မိတာပါ။ ကိုယ့်ကို မသနားဘူးလား။'

'အကိုရာ... မဖြစ်နိုင်တာတွေ မပြောပါနဲ့။ ယောကျ်ားခြင်း ဘယ်လိုချစ်နိုင်မှုာလဲ။'

'တကယ် မဖြစ်နိုင်တာလား မိုးစက်။'

မိုးစက် သူ့ကို ငေးကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။ ယောက်ျားခြင်းချစ်ဖို့ မိမိ ဘယ်လိုမှ မစဉ်းစားနိုင်ပေ။ သူက အေးစက်စွာ ပြန်ကြည့်ပြီး ပြတ်သားစွာပြောလိုက်သည်။

'ကိုယ့်ရဲ့ အိပ်ပျော်နေတဲ့ အချစ်စိတ်ကို မင်းနှိုးခဲ့တဲ့အတွက် မင်းတာဝန်ယူရမယ် မိုးစက်။'

'ကျွန်တော် အခြောက်မဟုတ်ဘူး အကို။ ဒီစကားကို ထပ်မပြောပါနဲ့။'

'ကိုယ်လည်း မခြောက်ဘူး ချာတိတ်။ ကိုယ် မင်းကိုချစ်တယ်။ ဒီအချစ်စိတ်က ဘယ်လိုကြောင့်မှ ပျောက်သွားမှာ မဟုတ်ဘူးဆိုတာ မင်းမြဲမြဲ မှတ်ထားပါ။ ကိုယ်ပြန်တော့မယ်။'

ဒေါက်တာနှင်းထန် ထရပ်လိုက်သောအခါ မိုးစက်က သူ့လက်ကို ဆွဲကာ စိုးရိမ်သည့်အချက်ကို ထပ်တောင်းပန်လိုက်သည်။

'အကို လက်ထပ်ပွဲကို မဖျက်ပါဘူးနော်။ မိုးပွင့်ကို လက်ထပ်မယ်လို့ ကတိပေးပါ အကို။'

'ဆောရီးပဲ ချာတိတ်။ မင်း ကိုယ့်ကိုပြန်မချစ်မှတော့ ကိုယ်မချစ်တဲ့သူကို ဘာကြောင့် လက်ထပ်ရမှာလဲ။ ကိုယ်နွား မဟုတ်ဘူး။ ကိုယ် ပြန်သွားတာနဲ့ လက်ထပ်ပွဲဖျက်သိမ်း ကြောင်း ချက်ချင်းကြေငြာမယ်။ Goodbye ချာတိတ်။'

မိုးစက် သူဘာလိုချင်သည်ကို သိသွားလေပြီ။ မိုးစက် သူ့လက်ကို လှမ်းဆွဲကာ မျက်နှာပျက်ပျက်နှင့် မေးလိုက်သည်။

'အကို .... ဘာလိုချင်သလဲ... ပြောပါ။ ညီမလေးနဲ့ လက်ထပ်ပွဲကို မဖျက်သိမ်းပါနဲ့။ ကျွန်တော် ဘာလုပ်ပေးရမလဲ ဆိုတာပြောပါ။'

နှင်းထန်သည် မိုးစက်ကို စိုက်ကြည့်ကာ သေချာအောင် ထပ်မေးလိုက်သည်။ စိ်တ်ထဲတွင် အနည်းငယ်ကျေနပ်သွားခဲ့သည်။ မိုးပွင့်က မိုးစက်၏ အားနည်းချက်ဖြစ်သည်ကို သိသွားတော့ စိတ်လည်း အေးသလိုဖြစ်သွားသည်။ မိုးစက်ကို မိမိရပြီးဟု သိလိုက်သည်။

'ကိုယ် ဘာတောင်းဆို တောင်းဆို ပေးမှာလား။'

မိုးစက် အံကြိတ်လိုက်ပြီး အကြည့်ကိုလွဲကာ ခေါင်းငြိမ့်ရင်းပြောသည်။

' မိုးပွင့်ကို အကို လက်ထပ်ရင် အကို ဘာကိုတောင်းဆိုပါစေ ကျွန်တော် လိုက်လျော ပါ့မယ်။'

နှင်းထန်သည် မိုးပွင့် အပေါ်ထားသည့် မိုးစက်၏ အချစ်ကို သိကာ ငိုင်တွေသွားသည်။

'မင်းညီမကို အဲ့ဒီလောက်တောင် ချစ်သလား မိုးစက်။'

'ကျွန်တော့် အသက်ထက်တောင် ပိုချစ်ပါတယ် အကို။ အကိုပြောပါ။ ကျွန်တော် ဘာလုပ်ပေးရမလဲ။'

'ကိုယ် မင်းအချစ်ကို လိုချင်တယ် မိုးစက်။ တသက်လုံး ကိုယ့်ဘေးမှာနေပြီး ကိုယ့်ကို ကရုစိုက်တာ လိုချင်တယ်။ '

'ဒါဆိုရင်အကို ညီမလေးကိုလက်ထပ်ပြီး တသက်လုံး ကြင်ကြင်နာနာ ချစ်သွားမှာလား'

'သူ့ကိုတော့ ချစ်သွားမှာ မဟုတ်ဘုူး။ ဒါပေမယ့် ကိုယ့် ဇနီးအဖြစ် ကိုယ်သူ့ကို ကြင်နာမှာပါ။ သူကမွေးလာမယ့် ကိုယ့်ရင်သွေးလေးတွေကိုတော့ ကိုယ်ချစ်မှာပါ မိုးစက်။ '

မိုးစက် သူ့စကားကို နားထောင်ပြီး နောက် စိတ်ရှုပ်ထွေးစွာမေးသည်။

'ကျွန်တော့်ကို အကို့ဘေးမှာ ဘာကြောင့် ခေါ်ထားချင်တာလဲဗျာ။ ကျွန်တော်မှ အကို့ကိုမချစ်တာ။ တနေ့ ကျွန်တော် သဘောကျတဲ့ မိန်းကလေးပေါ်လာရင် လက်ထပ်သွားမှာပဲ။'

'မင်းကို ချစ်လို့အနားခေါ်ထားတာ။ မင်းသဘောကျတဲ့သူပေါ်ရင် သင့်တော်တယ်ဆိုရင် လက်ထပ်ပါ။ လောလောဆည် မင်းကို ကိုယ်ချစ်တယ်။ ကိုယ့်အနားမှာ မင်းကို နေစေချင်တယ်။ မင်း သေချာစဉ်းစားပါ။ ဒါ မင်းကို လက်လွှတ်မခံနိုင်လို့ ကိုယ် မိုးပွင့် ကို လက်ထပ်ပေးဖြစ်တယ်။ ကိုယ်ချစ်တာက မင်းတစ်ယောက်တည်းပဲ။ အခုချက်ချင်း မင်းကို မဆုံးဖြတ်ခိုင်းဘူး။ မင်း အေးအေး ဆေးဆေး တစ်ညစဉ်းစားပါ။ မနက်ဖြန် ညနေမှာ ကိုယ် မင်းကို ညစာစား လာခေါ်မယ်။ အဲ့ဒီအခါမှ ကိုယ့်ကို အကြောင်းပြန်ပေါ့။ ကိုယ် ပြန်တော့မယ် ချာတိတ်။ '

ဒေါက်တာနှင်းထန် ပြန်သွားသောအခါမှ မိုးစက် ဆိုဖာပေါ် အရုပ်ကြိုးပြတ်လဲကျသွား သည်။ သူနှင့် တွေ့တိုင်း မိမိကို ဗြောင်းဆန်သွားအောင် လုပ်နိုင်လွန်းသော ယောက်ဖလောင်းကို မိုးစက် တကယ်ကို ကြောက်နေမိပြီ။ ယခုမှတော့ ကျားမြှီးဆွဲထားမိသော လူလိုဖြစ်နေပြီ။ လွှတ်ရင် အကိုက်ခံရမည်။ မလွှတ်ရင်လည်း ဒုက္ခရောက်တော့မည်။

ထို့ကြောင့် ရှေ့ဆက်ဘာလုပ်သင့်သည်ကို ထိုင်စဉ်းစားနေမိသည်။ လောလောဆည် သူနှင့် ညီမလေး၏ လက်ထပ်ပွဲ အောင်မြင်စွာ ပြီးသွားဖို့လိုသည်။ သူတောင်းဆိုသည် ကို လောလောဆယ် ကတိပေးထားပြီး နောက်မှ သူ့ဘေးက ခြေရာဖျောက်သွားတာ အကောင်းဆုံးဖြစ်မည် ထင်သည်။

မိုးစက် သည် အကူညီတချို့တောင်းရန် ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်သည်။

'ဟယ်လို ... ကိုရန်နိုင်လား။'

'ပြော ... ညီလေး... ကိုယ် ဘာကူညီရမလဲ။'

မိုးစက် စကားအနည်းငယ်ပြောပြီး ဖုန်းချလိုက်ပြီးနောက် စိတ်အေးသွားသည်။ ဝသုန်ပြန်လာသော အခါ အကြောင်း စုံပြောပြလိုက်သည်။ ဝသုန်ကို မိမိ ဘာမှ ဖုန်းကွယ်ထားစရာ အကြောင်းမရှိပေ။

'မင်းကို ငါကြိုမပြောဘူးလား။ ခု ဘယ်လိုလုပ်ကြမလဲ။ သူက မင်းကို လက်လွှတ်မခံတော့ဘူး။ မင်းညီမသိရင် ဒါကို လက်ခံမယ်ထင်သလား။ မင်းကွာ။ ငါ အတန်တန်တား တဲ့ကြားက ဇွတ်လုပ်ခဲ့တာ။ ခုတော့ ဒုက္ခ္ခ ရောက်ပြီ။ ရှုပ်တယ်။ လက်ထပ်ပွဲသာ ဖျက်လိုက် ဟေ့ကောင်။ မင်း သူတောင်းဆိုတာ လက်ခံလို့မဖြစ်ဘူး။ မင်းအဖေသာသိရင် သွေးတိုး ပြီး ချက်ချင်းအသက်ထွက်သွားမှာ။'

မိုးစက် သူငယ်ချင်း မိမိအတွက် ဒေါသထွက်သည်ကို နားလည်သည်။ ထို့ကြောင့် သူ ပြောချင်တာပြောပါစေဟု လွှတ်ထားပြီး သူငြိမ်သွားမှ မိမိ စီစဉ်ထားသည်ကို ပြောပြ လိုက်သည်။

'မင်း ရူးနေပြီလား။ကိုရန်နိုင်က မင်းကို ဘယ်လိုသဘောထားသလဲဆိုတာ မင်းသိလျက် နဲ့ကွာ။ '

'သူက သူ့အိမ်ထောင်နဲ့ တည်ငြိမ်နေပါပြီ။ သူတို့မိသားစုကို အပြိုကွဲခံပါ့မလား။ သူက ငါ့ကို ဟိုရောက်ဖို့ ကူညီရုံသက်သက်ပါ။ အမေရိကားရောက်ရင် ငါ့ဖာသာ ရပ်တည်မှာ ပါ။'

'ကိုရန်နိုင် မင်းကို ဘယ်လောက်ချစ်တယ် ဆိုတာ မင်းသိလျက်နဲ့ကွာ။ မင်းကို သူတွေ့ ရင် သူ့စိတ်တွေ မဖောက်ပြန်ဘူးလို့ ပြောလို့ရလို့လား။'

'ငါ ရအောင်ရှောင်မှာပါ။ ခု အကိုနှင်းထန် နဲ့ မိုးပွင့် လက်ထပ်ဖြစ်ဖို့က အရေးကြီးတယ်။ နောင်လာခါ နောင်ဈေး ဖြေရှင်းရတော့မှာပဲ။ လောလောဆယ် လက်ထပ်ပွဲပျက်ရင် ဖေဖေလည်း အရှက်ကွဲမှာ ။ ငါ အသက်ပေးရပါစေ။ ဖေဖေ့ကို မျက်နှာမပျက်အောင် အတတ်နိုင်ဆုံး လုပ်ရမှာပဲ။'

'အေး... မင်းထွက်သွားလို့ အကိုနှင်းထန်က မိုးပွင့်ကိုကွာရှင်းလိုက်ရင် ဘယ်လိုလုပ် မလဲ။ '

'အဲ့ဒီအချိန် ကလေးမျက်နှာနဲ့ သူကွာရှင်းမှာ မဟုတ်ပါဘူးကွာ။ သူက မိသားစု ဘဝကို အရမ်းတန်ဖိုးထားတဲ့သူ တစ်ယောက်ပါ။ ကလေးချစ်တတ်တဲ့လူတစ်ယောက်က သူ့ ကလေးတွေကို ရက်ရက်စက်စက် ထားခဲ့မှာမဟုတ်ဘူး။'

ဝသုန် သက်ပြင်းသာချလိုက်တော့သည်။ ခေါင်းမာလွန်းသော မိုးစက်ကို တားလို့လည်း မရနိုင်တော့သည်ကို သိလို့ ရင်လေးမိသည်။

'ငါ ဘာမှ မပြောတတ်တော့ဘူး မိုးစက်။ အကိုနှင်းထန်ရဲ့ စိတ်ကို မင်းအသိဆုံးပဲ။ သူ့ အချစ်ကို မင်းလျှော့တော့ မတွက်နဲ့ ပေါ့ကွာ။ နောက်မှ အားလုံးစိတ်ဆင်းရဲရမှာ စိုးလို့ပါ။ငါကတော့ မင်းကို စိတ်ချမ်းသာစေချင်တယ်။ မင်းညီမကြောင့် မင်းဒုက္ခ္ခရောက်မှာ စိုးတယ် သူငယ်ချင်းရာ။'

မိုးစက် သည် ဝသုန့်ကို ဖက်ကာ တောင်းပန်လိုက်သည်။ မိမိအရှုပ်ထုပ်ကြောင့် ဝသုန်ကို ကူမည်ပြောထားသည်ကိုလည်း ကတိမတည်နိုင်တော့ပေ။

'မင်းစေတနာကို သိပါတယ်ကွာ။ ငါ စခဲ့တဲ့ ဇာတ် ငါသိမ်းမှ ဖြစ်မှာမို့ပါ။ မင်းကို ငါ ဆက်မကူနိုင်တော့တာ တကယ် တောင်းပန်တယ်ကွာ။'

'ထားလိုက်စမ်းပါ။ မင်းအဆင်ပြေရင် ငါ့ကို လက်ဆောင်သာလှမ်းပို့လိုက်။ ဒါဆို ငါကျေနပ်တယ် ဟုတ်ပြီလား။'

ဝသုန်က မိုးစက် စိတ်မကောင်းဖြစ်နေသောကြောင့် အခြေအနေကို ပေါ့ပေါ့ပါးပါးဖြစ်စေရန် ဟာသနှောကာ ပြောလိုက်သည်။ ဖခင်အပေါ်၊ ညီမအပေါ် သိတတ်လွန်းသော သူငယ်ချင်းကို ဝသုန် တင်းကျပ်စွာပြန်ဖက်ထားလိုက်သည်။

'မနက်ဖြန်ညနေ အကိုနှင်းထန်တောင်းဆိုတာ ငါ့ခေါင်းငြိမ့်လိုက်တော့မယ်။ '

'ဒါဆို မင်းသူ့ ချစ်သူအဖြစ် လက်ခံလိုက်တာပေါ့။'

'အင်း'

'မင်း အစား ငါတော့ ကြက်သီးထတယ်ကွာ။ '

'ဘယ် တတ်နိုင်ပါ့မလဲကွာ။ ခဏတော့ သည်းခံရတာပေါ့။ မိုးလေး အထင်လွဲမှာပဲ ကြောက်တယ်။ '

'သူ့ကို ရှင်းပြလိုက်ပေါ့။ သူ့အတွက် မင်း လက်ခံလိုက်တယ်ဆိုတာ.'

'မိုးလေး သိလို့မဖြစ်ဘူး။ သူက အကို့ကို အရမ်းချစ်တာ။ အကို သူ့ကို မချစ်ဘူးဆိုတာ သိရင် သောင်းကျန်းမှာ။ အကို့ကို ကတိတောင်းရမှာပဲကွာ။'

'မင်း လူကို မင်းနိုင်အောင် ထိန်းလိုက်ပေါ့ကွာ။ ငါတော့ ဘာမှကို မပြောချင်တော့ဘူး။'

'သူ ငါ့ စကားကို နားထောင်မယ်လို့ မျှော်လင့်ရတာပဲကွာ။ သူ လက်ခံလာအောင် ပြောရမှာပေါ့။'

'မနက်ဖြန် ညနေ ငါလိုက်လာဖို့ လိုသေးလား'

'ရပါတယ်။ မင်း ပါလာရင် သူ့စိတ်တမျိုးဖြစ်နေဦးမယ်။ '

'ပြီးရော။ စားသောက်ပြီးရင် ဒီကို တန်းပြန်လာခဲ့နော်။ '

'အေးပါကွ။ ငါသိပါတယ်။'

ဝသုန်နှင့်မိုးစက် ဘီယာတစ်ဗူးစီဖောက်သောက်ရင်း စကားပြောကာ မနက်ဖြန် တွေ့ရမည့် အရေးကိုတွေးကာ ရင်မောနေကြသည်။

--------------------------------------------------

ညနေ ၆ နာရီထိုးသော် အကိုနှင်းထန် လာကြိုသည့်ကား ရောက်လာသဖြင့် မိုးစက် လိုက်လာခဲ့သည်။ စားသောက်ဆိုင်သို့ ရောက်သော် နှင်းထန်သည် စတိုင်မိမိဖြင့် ထိုင်းမင်းသားလေး အလားထင်ရအောင် ချောမွေ့သော မိုးစက်ကို ပြုံးကြည့်ကာ ပြောလိုက်သည်။

'ညီက ဒီလိုဝတ်ထားတော့လည်း ဆွဲဆောင်မှုရှိတာပဲ။ ကောင်မလေးတွေ ဝိုင်းဝိုင်းလည် နေတော့မှာပဲ။ '

'ကျေးဇူးပါ အကို။ ဒါပေမယ့် အကိုတို့လို သူဌေးတွေကိုပဲ ကောင်မလေးတွေက ပိုကြိုက်ပါတယ်ဗျာ'

မိုးစက် သူ့ကို ယဉ်ကျေးစွာပြန်ဖြေလိုက်သည်။ နှင်းထန်သည် မိုးစက်၏ စကားကြောင့် ယဲ့ယဲ့ပြုံးကာ အမှန်အတိုင်း ပြန်ပြော လိုက်သည်။

'မိုးပွင့်လို မိန်းကလေးတွေကြိုက်တာ ကိုယ်မလိုချင်ဘူး။ '

မိုးစက် မျက်နှာပျက်သွားပြီး ငြိမ်သွားသည်။ မိမိညီမကို ထိသောကြောင့် မိုးစက် ရင်နာသည်။ ထို့ကြောင့် အကိုနှင်းထန်ကို ပြန်ပြီး ရှင်းပြလိုက်မိသည်။ မိုးပွင့်ကို အကို အထင်လွဲနေရင် အိမ်ထောင်ရေးမသာယာမည်ကို စိုးရိမ်သည်။

'မိုးလေးက အကို့စည်းစိမ်တွေမက်လို့ ကြိုက်ခဲ့တာမဟုတ်ပါဘူး အကို။ သူက အကို့ကို တကယ်ချစ်ခဲ့တာပါ။ မိုးလေးကို အထင်မလွဲပါနဲ့။ ငွေမက်တာက ကျွန်တော်ပါ။ ကျွန်တော်က ချမ်းသာတဲ့ အကို့ကို ယောက်ဖတော်ချင်ခဲ့တာပါ။'

နှင်းထန်သည် မိုးစက်၏ လက်လေးကို လှမ်းကိုင်ကာ ပြောလိုက်သည်။ ဒီချာတိတ် ငွေမမက်တာ မိမိအသိဆုံးပါ။ အတူနေလာသည့် ကာလများအတွင်း သူက ငွေမက်သူလား မမက်သူလားဆိုတာကို မိမိအသိဆုံးဖြစ်သည်။

'ဟုတ်လား။ မိုးစက်က ကိုယ့်ငွေတွေကို မက်သလား။ ကိုယ့်စည်းစိမ်တွေ အားလုံးပေးမယ်။ မိုးစက် ကိုယ့်ကို လက်ထပ်မလား။'

မိုးစက်သည် သူ့လက်မှ မိမိလက်ကို ပြန်ရုန်းကာ ပြတ်သွားစွာပြန်ဖြေလိုက်သည်။ မိမိအဖြေမှန်သမျှ အကိုနှင်းထန် နားထဲ ကန့်လန့် ဝင်သွားပါစေလို့ ဆုတောင်းနေသည်။မိမိကို သူစိတ်ပျက်ပြီး ချစ်စိတ်ပျယ်သွားဖို့ အရေးကြီးလှသည်။

'ဆောရီး အကို။ ကျွန်တော် အကို့ကို လက်မထပ်နိုင်ဘူး။ သဘာဝကို လွန်ဆန်တဲ့ အလုပ်ကို ကျွန်တော် ဘယ်တော့မှ မလုပ်ဘူး။'

'ဟုတ်လား။ ဒါဆို မင်း ကိုယ့် ချစ်သူ အဖြစ်ကို ငြင်းတယ်ပေါ့။ '

မိုးစက် သူ့ကို စိတ်ရှုပ်ထွေးစွာ မော့ကြည့်ကာ ပြောလိုက်သည်။ မိမိဘာပြောပြောသူ စိတ်မပျက်တာက ဆိုးလှသည်။

'မငြင်းပါဘူး။ အကို မိုးပွင့်ကို လက်ထပ်ပြီး ကြင်ကြင်နာနာ ပေါင်းသင်းရင် အကို တောင်းဆိုတာ ကျွန်တော် လက်ခံပါတယ်။ အကိုကျွန်တော့် ညီမလေးကို ငိုအောင်လုပ်ရင် အကို့ကို ကျွန်တော် လုံးဝခွင့်မလွှတ်ဘူး။'

'ကိုယ်တောင်းဆိုတာ ဘာမဆိုလိုက်နာမှာလား။'

နှင်းထန် သူ့ကိုပြုံးကာ မေးလိုက်သည်။ မိုးစက် မျက်လွှာချကာ ခေါင်းငြိမ့်လိုက်သည်။ နှင်းထန်က သူ့ကို နောက်ချင်သောကြောင့် နားနာကပ်ကာ ပြောလိုက်သည်။

'ဒါဆို ဒီည ကိုယ်နဲ့လာအိပ်။ '

'ဟာ... အကို ...'

မိုးစက် မျက်နှာရဲတွတ်ကာ ဆတ်ခနဲမော့ကြည့်ကာ အလန့်တကြားကြည့်လိုက်သည်။နှင်းထန်က မျက်နှာထား တည်တည်ဖြင့် ဆက်နောက်နေလိုက်သည်။

'ဘယ်လိုလဲ... လိုက်နာနိုင်လား။'

'အကိုပြောတော့ အကို့ချစ်သူအဖြစ်ဘေးမှာ နေပေးရမယ်ဆို။ အဲ့ဒါ အိပ်ယာထဲက ကိစ္စမပါဘူး။'

မိုးစက် ဒေါသထွက်သွားသော်လည်း စိတ်ကိုထိန်းကာ လေသံမှန်ဖြင့် ပြန်ပြောလိုက်သည်။ နှင်းထန်သည် မိုးစက် ပုံစံလေးကို သဘောကျစွာ ရယ်မောကာ ပြုံးထေ့ထေ့နှင့် ထပ်မေးလိုက်သည်။

'အိပ်ယာထဲက ကိစ္စကလွဲရင် ချစ်သူလိုတော့ လိုက်လျောနိုင်တယ်ပေါ့ ဟုတ်လား။ '

သူ ဘာဆိုလိုသည်ကို သိသော်လည်း မလွဲသာသည့် အခြေနေမို့ မိုးစက် ခေါင်းငြိမ့်လိုက်သည်။ မျက်နှာရဲရဲနီနေပြီး မျက်ရည်ဝဲနေသဖြင့် နှင်းထန် စိတ် မကောင်းဖြစ်သွားသော်လည်း သူ့ကို လက်လွှတ်မခံနိုင်သောကြောင့် စိတ်ကို တင်းထားလိုက်သည်။

'ကောင်းပြီ။ မင်း ကတိတည်ပါစေ။ မင်း ကတိပျက်ရင် ကိုယ့်ကို အဆိုးမဆိုနဲ့။ ကိုယ်က အချစ်ကြီးသလို အမျက်လည်း ကြီးတယ် ဆိုတာ မင်းသိပါတယ်။ ကဲ ... ခုကစပြီး မင်း ကိုယ့် ချစ်သူဖြစ်သွားပြီ။ ကိုယ့် စကားကိုနားထောင်ပါ။ မင်း မြန်မာပြည်ကို ပြန်လာပါ။ လက်ထပ်ပွဲက ၃ ပတ်ပဲ လိုတော့တယ်။ မင်း လိုအပ်တာ လာပြီး ကူညီလုပ်ကိုင်ပေးပါ။ ပြီးတော့ ကိုယ့်ဘေးမှာ မင်းကို အမြဲ တွေ့ချင်တယ်။'

'ကျွန်တော့် အလုပ်တွေ လက်စသတ်ပြီးရင် လိုက်ခဲ့ပါ့မယ် အကို။၃ ရက် အချိန်ပေးပါ။'

'ကောင်းပြီလေ။ ကိုယ် မင်းကို စောင့်ပါ့မယ်။ ဒီရက် ကိုယ့်ကိုလာပြီး အဖော်တော့ လုပ်ပေးပေါ့။'

မိုးစက် မျက်လုံးပြူးသွားသည်။

'ဟာ ... အကို ပြန်နှင့်လေ။ မိုးလေး အကို့ကို မျှော်နေမှာပေါ့။'

'ကိုယ် အေးအေးဆေးဆေး နေချင်လို့ ထွက်လာတာ။ မင်းညီမမျှော်နေမှာစိုးရင် မင်းအလုပ်ကို မြန်မြန်ဖြတ်ပြီး ပြန်လိုက်ခဲ့လိုက်။'

မိုးစက် ခေါင်းကုတ်လိုက်မိသည်။ အကိုနှင်းထန် မိမိကို မယုံသောကြောင့် အပါခေါ်နေ ခြင်းဖြစ်သည်။

'အကို ကျွန်တော့်ကို မယုံလို့လား။ ကျွန်တော် တကယ် လိုက်လာမှာပါ။'

'မင်းကိုယုံပါတယ်။ ကိုယ် ဒီမှာ နားချင်လို့ပါ။ ကဲ ... စကားများမနေနဲ့။ ဟင်းတွေ အေးကုန်တော့မယ်။ စားတော့။'

မိုးစက် သည် သူမှာထားသောဟင်းများကို ကြည့်လိုက်သော် မိမိ ကြိုက်တတ်သည့် ဟင်းများဖြစ်နေသဖြင့် သူ့ကို ကြည့်ကာ ကျေးဇူးတင်စကားပြောလိုက်သည်။

'ကျေးဇူးပဲ အကို။ ဟင်းတွေက အများကြီးပဲ။ ကျွန်တော့် ကောင်းကောင်းစားပါ့မယ်။'

နှင်းထန်သည် မိုးစက် အားပါးတရ စားနေသည်ကို ကြည့်ကာ ကြည်နူးမှုကို ခံစားလိုက်ရသည်။ မိုးစက်ကို ချစ်လွန်းသောကြောင့် မိမိ မချစ်သော မိန်းကလေးကို လက်ထပ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ မိုးပွင့်ကို မိမိငြင်းလိုက်လျှင် ဒယ်ဒီက တခြားမိန်းကလေး နှင့် လက်ထပ်ရန်ကြံမည့် အတူတူ မိုးစက်ကိုလည်း မိမိဘေး ခေါ်ထားနိုင်မည့် နည်းကို ရွေးလိုက်ရခြင်းဖြစ်သည်။ မိုးပွင့်ကို မိမိ လက်မခံပါက မိုးစက်ကို ထာဝရ လက်လွှတ်ဆုံး ရှုံးရမည်ကို သိသဖြင့် တချို့အရာကို ထိုးကျွေးကာ ကိုယ်လိုချင်သော အရာကို အရယူရခြင်းဖြစ်သည်။

ယခု မိုးစက် ကိုယ်တိုင် မိမိချစ်သူအဖြစ်လက်ခံလိုက်ပြီ။ ထို့ကြောင့် အိပ်မက်ထဲတွင် တမ်းတရသော အနမ်းကို မိမိပိုင်ဆိုင်နိုင် တော့မည်။ ကိုယ့်အတွေးဖြင့် နှင်းထန်ကျေနပ် နေမိသည်။စားသောက်ပြီးသောအခါ မိုးစက်ကပြန်ရန်နူတ်ဆက်သောအခါ သူက မိုးစက် လက်ကို ဆွဲပြီး ဓါတ်လှေကားထဲဝင်ကာ ထပ်တောင်းဆိုလိုက်သည်။ မိုးစက်နှင့် အတူနေချိန်လေးကို တတ်နိုင်သလောက် ဆွဲဆန့်ထားချင်နေမိသည်။ မိုးစက်နှင့် အတူရှိချိန်တွင် နှင်းထန်၏ စိတ်တို့ ငြိမ်းချမ်းလွန်းလှသည်။ထိုအရာကို ပျောက်ကွယ် သွားမည်ကို ကြောက်နေမိသည်။

'ဘားမှာ သွားသောက်ရအောင်။ ပြီးရင် ကိုယ် မင်းကို လိုက်ပို့ပေးပါ့မယ်။'

မိုးစက် ငြင်းလိုက်သည်။ သူသောက်ပြီး မူးလာလျှင် ဘာထပ်တောင်းဆိုမလဲဟု တွေးကာ ရင်မောနေမိသည်။ ဖြစ်နိုင်လျှင် သူ့နံဘေးမှ ထွက်ပြေးချင်နေမိသည်။

'အကို ကျွန်တော် မသောက်ချင်ဘူး။ '

'ကိုယ် သောက်ချင်တယ်။ မင်းကိုယ့်ကို အဖော်လုပ်ပေးပါ ချစ်သူ။'

နှင်းထန် ပြောပြီး မိုးစက်၏ ပါးကို နမ်းလိုက်သဖြင့် မိုးစက်လန့့်သွားသည်။

'အကို...လူတွေဝင်လာရင် ဘယ်လိုလုပ်မလဲ။ လူမြင်ကွင်းမှာ မနမ်းပါနဲ့ဗျာ။'

နှင်းထန်က ရယ်ကာ ပြောလိုက်သည်။ မိုးစက်၏ အမူယာတိုင်းက မိမိမျက်လုံးထဲ ချစ်စရာကောင်းလွန်းလှသည်။

'ကောင်းပါပြီ။ နောက်တခါ လူမမြင်မှ နမ်းပါ့မယ်။ ပါးကိုတော့ မဟုတ်ဘူးနော်။'

သူ့စကားကြောင့် လန့်ပြီး မိုးစက် သူနှင့်ဝေးရာသို့တိုးသော်လည်း သူကရယ်ကာ သူ့ဘေးကိုပြန်ဆွဲယူလိုက်သည်။

'ဒီလို မစိမ်းကားနဲ့လေ။ ကိုယ်က မင်းကို လွမ်းနေတာ ကြာပြီ။ ဖက်ခွင့်လေးတော့ပြုမှ ပေါ့'

'အကို မကဲနဲ့ဗျာ။ ကျွန်တော် မနေတတ်ဘူး။ လွှတ်ပါဗျာ'

'နောက် နေတတ်လာလိမ့်မယ်။ ခု ငြိမ်ငြိမ်နေ။ ကိုယ် အူယားလာရင် လူရှေ့လည်း မရှောင်ဘူးနော်။ ကိုယ့်စိတ်ကို သိတယ် မဟုတ်လား။'

'အကို အရင်က ဒီလို မဆိုးပါဘူး။ ခုမှ ဘာလို့ ပြောရခက်လာတာလဲ'

မလွဲသာတော့ပဲ မိုးစက်သူ့အနားတွင် လက်တွဲကာ ရပ်လိုက်ရသဖြင့် မကျေမနပ်ပြောလိုက်သည်။

'အရင်ကတည်းက ဒီလိုဆိုးချင်နေတာ။ ခင်ဗျားလေး အရမ်းရှက်သွားမှာစိုးလို့ ထိန်းထားတာ သိပြီလား။'

'ခုလည်း ကျွန်တော်ရှက်တတ်တာပဲလေ။ အကို သိပ်မကဲပါနဲ့ဗျာ..နော်..။ပြီးတော့ မိုးလေးရှေ့ ဒီလို မနေရဘူးနော်။ ညီမလေး စိတ်ဆင်းရဲအောင် မလုပ်ပါနဲ့။ ကျွန်တော် တောင်းပန်ပါတယ်။ ရှိခိုးဆို ခိုးပါ့မယ်ဗျာ၊'

နှင်းထန်က ညစ်ကျယ်ကျယ်ပြုံးကာ လိုချင်သည်ကို ဇွတ်ပင်တောင်းဆိုလိုက်သည်။

'ကောင်းပါပြီ။ မိုးပွင့်ရှေ့ ဒီလိုမနေစေချင်ရင် ခုလို သူမရှိတဲ့အချိန် ကိုယ့်ကို ချစ်သူလို ဆက်ဆံပါ။'

'ခုလည်း ချစ်သူလို ဆက်ဆံနေတာပဲလေ။'

'ကိုယ့်ကို ပြန်ဖက်၊ပြန်နမ်းဖို့ပြောတာ။'

'ဟာဗျာ... ရှက်စရာကြီး။ '

နှင်းထန်သည် မိုးစက်၏ အမူအယာလေးကို အူယားကာ နူတ်ခမ်းလေးကို စကားမဆို နိုင်အောင်လုပ်လိုက်သည်။ မိုးစက် သည် သူ့စကားနှင့် သူပိတ်မိကာ မငြင်းဆန်နိုင်တော့ပေ။ ထိုနေ့ည သူအိမ်ပြန် ပို့ပေးမှ သက်ပြင်းချမိတော့သည်။ အိမ်ထဲတွင် ဝသုန်စိုးရိမ်စွာစောင့်နေ၏။

'မိုးစက် ... မင်း ဘာလို့နောက်ကျနေတာလဲ။'

မိုးစက်သည် ဝသုန်ကို အကြောင်းစုံပြောပြကာ သူ့ဘေးမှ အမြန်ဆုံးထွက်သွားမှဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။

'ငါ သူတို့ လက်ထပ်ပြီးတာနဲ့ သူ့ဘေးကနေ ခွာမှဖြစ်တော့မယ်။ သူ တကယ်မလွယ်ဘူး။ ခုလည်း ငါ့ကို ပြန်လာခေါ်တာ။ ငါ အရင်ပြန်ရတော့မယ် သူငယ်ချင်း၊'

ဝသုန် သည် မိုးစက်ကို စေ့စေ့ကြည့်ကာ မေးလိုက်သည်။

'မင်း... သူ့ကို ဘာကတိတွေ ပေးလိုက်တာလဲ။'

'သူ့ ချစ်သူ အဖြစ်နေပေးဖို့ပါ။'

'သူ မင်းကို နမ်းခဲ့တယ်ပေါ့ ဟုတ်လား။'

မိုးစက် မျက်နှာနီသွားပြီး မျက်နှာလွှဲကာ ခေါင်းငြိမ့်သည်။ ဝသုန် ဒေါသဖြင့် နံရံကို လက်သီးဖြင့် ထိုးလိုက်သဖြင့် မိုးစက် လန့်သွားသည်။

'ဝသုန်..'

'မင်းကွာ... ငါ အစကတည်းက ပြောထားရက်နဲ့။ ခုတော့ ကောင်းလား။ ယောကျ်ားခြင်း နမ်းတာခံရတာ။ ငါ ရင်နာတယ်ကွာ။ တောက်...'

'ဝသုန်ရာ .... ဒါ ငါ့အမှားပါ။ သူ့ဘေးကို ငါသွားခဲ့မိတာကိုး။ သူက ယောကျ်ားခြင်း ကြိုက်လိမ့်မယ်လို့ ငါ လုံး၀ ထင်မထားမိဘူး။ ညီမလေးအတွက် နောက်ဆုံး အနစ်နာခံ ပေးရတာပါ။ '

'နောက်ဆုံး... နောက်ဆုံးနဲ့ မင်း သူနဲ့ ညားသွားဦးမယ်။ အဲ့လိုဆိုရင် မင်းကို ငါလာ သတ်မှာနော် မိုးစက်။'

'မင်းကလည်းကွာ။ ငါ အဲ့လို အဖြစ်ခံမလားကွ။ ခုက ဖက်တာ၊နမ်းတာလောက်ပါ။ မင်းကလည်း။ စိတ်မတိုပါနဲ့။ တလလောက် ပါပဲ။ အသားပဲ့သွားတာမှ မဟုတ်တာကွာ'

'အေးပါ။ မင်းသူ့ဘေးကထွက်သွားရင် မင်းယောက်ဖ ချစ်သူက အသာတကြည် နေပါစေဦး။ ငါတော့ ရင်လေးတယ်ကွာ။ မင်းညီမကြောင့် မင်း ထောင်ခြောက်ထဲ တဖြည်းဖြည်း နစ်ဝင်နေမိပြီ ဟေ့ကောင်။'

မိုးစက် ဝသုန်၏ စကားကြောင့် သက်ပြင်းရှိုက်မိသည်။ ဖေဖေပြောခဲ့စဉ်က နောက်ဆုတ်ခဲ့မိလျှင် ကောင်းမည်ဟု တွေးစပြု လာသည်။ ယခုမှတော့ နောက်ဆုတ်လို့မရမည့် အတူ ရှေ့သာ မျက်စိမှိတ်ကာ တိုးရုံသာရှိတော့သည်။




အချစ်စစ်၏ တည်နေရာSeason (1)Donde viven las historias. Descúbrelo ahora