Season - 1အပိုင်း (21)

961 52 1
                                    


အချစ်စစ်၏တည်နေရာ

Season – 1

အပိုင်း (21)

ညစာစားပြီးနောက် ခြံထဲ သူဆင်းကာ လမ်းခဏလျှောက်သည်။ မိုးစက်လက်ကိုဆွဲခေါ်လာသဖြင့် သူ နှင့်အတူပါလာခဲ့သည်။ ခြံထောင့်မြတ်လေးခြုံနားသို့ရောက်သော် သူက ပြုံးကာညွှန်ပြပြီး

"ဒီခြုံလေးထဲမှာ ချာတိတ်လေးနဲ့ ကိုယ်ပိတ်မိခဲ့တာ အမြဲမြင်ယောင်မိတယ် သိလား။ အဲ့လို အချိန် လေး ထပ်ရချင်သေးတယ်ကွယ်။"

"အခုလည်း ခင်ဗျား လူတစ်ယောက်လုံးကို ရနေပြီပဲဗျာ။"

"ချာတိတ်ရဲ့ စိတ်ကို မရသေးလို့ စိုးရိမ်နေရတာပေါ့။ ကဲ ချာတိတ် ဘာပြောချင်တာလဲ ။ ပြောလေ.."

မိုးစက် သူ့ကို မော့ကြည့်ကာ

"ကျွန်တော် ဆောင်းလေးကို ကျန်းမာရေး ပြန်ကောင်းအောင်ပြုစုပေးချင်တယ်။ "

"ဘာကြောင့်လဲ။ သူ့အဖေက သူဌေးပဲ။ ကလေးကို အကောင်းဆုံး ကုသပေးနိုင်ပါတယ်။ ချာတိတ်သွားမှကို ဖြစ်မှာလား။"

"ကလေးက ကျွန်တော် ရုတ်တရက်ထွက်လာလို့ ဒီလိုဖြစ်သွားတာပါ။ အဲ့ဒါ ကျွန်တော် ပြန်ကောင်း အောင် ကူညီချင်လို့ပါ။ပြီးတော့ ဆောင်းလေးကို ကျွန်တော် ချစ်လို့ပါ။ "

"ချာတိတ်ကို မသွားခိုင်းရင်လည်း သွားမှာပဲလား။"

"ဟုတ်တယ်။ အကို တားလည်း ကျွန်တော် မရရအောင် သွားမှာ။"

သူက မိုးစက်၏ ကိုယ်လေးကို ရင်ခွင်ထဲဆွဲဖက်ထားကာ

"ကိုယ်တားရင် ချာတိတ် စိတ်ဆင်းရဲမှာဆိုတော့ ကိုယ် ခွင့်ပြုပါတယ်။ ဒါပေမယ့် ချာတိတ် ကလေး အဖေအပေါ်ကို သံယောဇဉ် မတွယ်မိပါစေနဲ့။ ချာတိတ်ကို ကိုယ်အဆုံးရှုံးမခံနိုင်အောင်ချစ်ပေမယ့် ချာတိတ်ရဲ့ သစ္စ္စာတရားကို ယုံကြည်လို့ ကိုယ်သွားခိုင်းပါ့မယ်။ ကိုယ်ခွင့်ပြုတာ ချာတိတ်ကို ချစ်လွန်း လို့ဆိုတာ ချာတိတ်မမေ့ရင် ကိုယ်ကျေနပ်ပါပြီ။ "

သူ့စကားများက မိုးစက်၏ နားထဲမှတဆင့် နှလုံးသားထဲထိ စီးဝင်သွားသဖြင့် မျက်ရည်တို့ စိမ့်ဝဲလာ ချင်သော်လည်း မိုးစက်ဘာမှ ပြန်မပြောပဲ ငြိမ်နေလိုက်သည်။ ဘာပဲပြောပြော သူ့ရဲ့ လိုက်လျောမှု ကြောင့်မိုးစက် ကျေနပ်သွားသည်။

"ချာတိတ်ပျော်ရင် ကိုယ်လည်းပျော်တယ်။ ကိုယ့်ဘေးမှာသာနေပါ။ အရာအားလုံးကို ချာတိတ်စိတ် တိုင်းကျ ကိုယ်ဆောင်ရွက်ပေးပါ့မယ်။ "

မိုးစက်ဘာမှ ပြန်မပြောသော်လည်း သူ့နောက်ကျောကို ပြန်လည်ဖက်တွယ်ထားလိုက်သည်။ နှင်းထန်က မိုးစက်၏ ကိုယ်လေးကို ဖက်ကာ စိတ်ချမ်းသာသွားသည်။ ဘာပဲပြော ချာတိတ်လေးက သူ့ညီမအတွက် အခဲမကြေသော်လည်း မိမိအပေါ် မုန်းတီးသွားသည်တော့မဟုတ်ပေ။ သံယောဇဉ် လက်ကျန်လေးများက နှင်းထန်ကို အားတက်စေပါသည်။

"ချာတိတ် ကိုယ့်ကို ချစ်ရဲ့လားဟင်။"

"မချစ်ဘူး။"
မိုးစက် တမင်ဘုဖြေလိုက်သည်။ သူကတိုးတိုးရယ်ကာ

"ကိုယ်ကတော့ ချာတိတ်ကို အရမ်းချစ်တယ်။ ကဲ အိမ်ထဲသွားကြစို့။ ကိုယ့်အချစ်တွေကို သက်သေပြ ချင်လို့။ "

"ဟင်...ဘာမှလဲ မဆိုင်ဘူးနော်။"

"ဆိုင်တာပေ့ါ။ ကိုယ့်ဇနီးလေးကို ညတိုင်း အချစ်နဲ့သက်သေပြချင်တာ။ လာ.."

"ဟာ .. မသွားချင်ဘူး။ ခင်ဗျားဖာသာသွား။"

"ကိုယ်တယောက်ထဲ ဘယ်သူနဲ့ချစ်ရမှာလဲ။ ခေါင်းဦးနဲ့လား။ ကိုယ်ကချာတိတ်နဲ့ ချစ်ချင်တာ။"

"ခင်ဗျား တရက်တလေ နားပါဦးလားဗျ။ နေ့တိုင်း ဒါချည်းပဲ စဉ်းစားနေတယ်။ ဆီလီကွန်အရုပ်မ ဝယ်ပေးမှထင်တယ်။"

"ကိုယ့်ရဲ့ စီလီကွန်မလေးက ဒီမှာလေ။ ကဲ... အချိန်ရှိခိုက်လုံ့လစိုက်ကြစို့။ အချိန်နှင့်ဒီရေသည် လူကို မစောင့်တဲ့။ "

"ဟင်...ဘာမှလည်း မဆိုင်ဘူး။"

"ဆိုင်တာပေါ့။ ချာတိတ်နဲ့အတူရှိုတဲ့အချိန်ဆို တစ်မိနစ်တောင် အလကား မဖြုန်းတီးရဘူး ဆိုတဲ့ အဓိပ္ပ္ပာယ်ပဲ။ ကဲလာ..ကိုယ်ပွေ့ချီသွားပေးမယ်။ ကိုယ့်ရဲ့ ဒေဝီဘုရင်မကို စက်ရာ ခန်းမဆောင်စီကို.."

"အကိုကလည်းဗျာ။ အလုပ်သမားတွေ မြင်ကုန်မယ်။ မရှက်ဘူးလား။ ကျွန်တော့်ကို ချပေးပါ။ ကိုယ့်ဖာသာ သွားပါ့မယ်။"

"မြင်ပါစေပေါ့။ မကြည့်ရဲတဲ့သူ မျက်စိမှိတ်ထားလိမ့်မယ်။ ကိုယ့်မိန်းမကို ကိုယ်ချီတာ ဘယ်သူ့ ကရုစိုက်ရမှာလဲ။"

သူကတော့ တကယ့်ကို မျက်နှာပြောင်ပြောင်ဖြင့် မိုးစက်ကို အိမ်ပေါ်သို့ပွေ့ချီသွားသည်။ ဒေါ်ပိုနှင့် လှေကားထောင့်တွင်း တိုးသောအခါ မိုးစက် ရှက်ပြီး သူ့ရင်ဘတ်တွင် မျက်နှာကို ဝှက်ထားမိသည်။ ဒေါ်ပိုကတော့ ပြုံးပြုံးကြီးလုပ်ကာ လှေကားဘေးတွင် ကပ်ပေးရှာသည်။ ဒါကို သူက အရှက်မရှိ ဒေါ်ပို ကို လှမ်းမှာနေသေးသည်။

"ဒေါ်လေးပို ကျွန်တော် နားတော့မယ်။ ဘယ်သူဖုန်းဆက်လာလာ ကျွန်တော်အိပ်သွားပြီလို့ပြော လိုက်ပါ။ "

"ကောင်းပါပြီ မောင်နှင်းထန်။"

"ခင်ဗျား အရှက်ကိုမရှိဘူး။ လူတကာကို လိုက်ကြေငြာနေတယ်ပေါ့လေ ဟုတ်လား။"

အခန်းတံခါးကို သူကိုယ်စောင်းတိုက်ဖွင့်ကာ မိုးစက်ကို ခုတင်ပေါ်ချပေးလိုက်ပြီး င်္အကျီကြယ်သီးကို ဖြုတ်ကာ

"ကိုယ့်မိန်းမနဲ့ အတူနေတာ ဘာရှက်စရာရှိလို့လဲ။ ကဲ မိန်းမ အဝတ်စားမချွတ်သေးဘူးလား။ လုပ်တော့လေ။"

မိုးစက် သူ့ကိုခေါင်းဦးနှင့် ကောက်ထုကာ

"ဘာလုပ်တော့လဲ။ နှာဗူးကြီး။ "

"ဟဲ..ဟဲ.. နာမည်နဲ့လိုက်အောင် ဗူးရချည်သေးရဲ့။ ပြီးမှ မတောင်းပန်နဲ့နော်။ ဒီညတော့ လုံး၀ လျှော့မပေးဘူး။"


မိုးစက် သူ့စကားကြောင့် ရင်ခုန်သွားသည်။ သူ့ကိုစိတ်လှုပ်ရှားစွာမော့ကြည့် လိုက်စဉ် သူ့ကိုယ်က မိမိပေါ် စီးမိုးကျလာခဲ့သည်။သူ့အနမ်းများက မိုးရွာသလိုတဖြည်းဖြည်းသည်းမည်းလာခဲ့သည်။မိုးစက် ကြာကြာဟန်မဆောင်နိုင်တော့ပါ။သူ့အနမ်းကို ပြန်မတုန့်ပြန်သော်လည်း မျက်လုံးမှိတ်ကာ ကြည်ဖြူ စွာ ခံယူလိုက်တော့သည်။သူ့အချစ်များက လှိုင်းစီးရသလို လူကို ရင်တသိမ့်သိမ့် ခုန်စေသည်။

"ချစ် ဘယ်တော့မှ ကိုယ့်ကို စိတ်ဆိုးပြေမှာလဲဟင်"

"တသက်လုံး မပြေဘူး။"

"ကိုယ် နောက်မိန်းမယူသွားရင် မငိုနဲ့နော်။"

"ယူပေါ့။ ခင်ဗျား နောက်မိန်းမယူရင် ကျွန်တော့်ဆီပြန်မလာနဲ့။"

"သဝန်တိုတယ်ပေါ့။"

"ဝေးသေးတယ်။ ပိုတောင် သဘောကျတယ်။ ခင်ဗျားနဲ့ ဝေးရလို့။"

"ပြီးရော။ ချာတိတ် ပြီးမှ ကိုယ့်ကို အပြစ်မတင်နဲ့။"

သူ့စကားကြောင့် မိုးစက် စိတ်ဆိုးကာ တဖက်သို့စောင်းအိပ်သွားသည်။ သူကရယ်ကာ အတင်းဆွဲ လှည့်သော်လည်း မိုးစက်ကပေကပ်ကာ ကျောခိုင်းနေသဖြင့် သူက မိုးစက်၏ပုခုံးလေးကိုအသာနမ်း ကာ နားနားကပ်ကာ တီးတိုးပြောလိုက်သည်။

"ကိုယ်က ချာတိတ်နဲ့ ခုလို ဖက်အိပ်ရတာ ကိုယ့်ကိုယ်ကို အိပ်မက်မက်နေတယ်လို့ ထင်နေတုန်းပဲ။ ချာတိတ်လေးကို ဖက်ထားခွင့်ရလို့ ကိုယ့်ဘဝကို ကိုယ ် အရမ်းကျေနပ်မိတယ်ကွယ်"

"ခုမှ လာပြောနေတယ်။ ခဏကတော့ နောက်မိန်းမယူမယ်ပြောပြီးတော့ ခင်ဗျားစကားကို မယုံဘူး။"

"အင်း .. ဒါဆိုစောင့်ကြည့်လေ။ ကိုယ့်ဘေးကနေ တဖဝါးမှ မခွါပဲနေပြီး စောင့်ကြည့်နော်။"

"ကိုယ့်ဘက် ကိုယ်ယက်တဲ့ လိပ်ကြီး။ တော်ပြီ။ စကား မပြောနဲ့တော့။ကျွန်တေ်ာ အိပ်ချင်ပြီ။"

"အိုကေ။ အိပ်မက်လှလှမက်ပါစေ ချာတိတ်လေး။"

သူ့စကားကို ကြားပြီးမကြာခင် မိုးစက်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

နောက်တနေ့တွင် မိုးစက် ကိုရန်နိုင်ကို ဖုန်းဆက်ကာ ဆောင်းလေးတက်နေသော ဆေးရုံသို့ထွက် လာခဲ့သည်။

"အန်တီ..အန်တီ..မီးလေးကို ခွဲမသွားပါနဲ့။"

"တိတ်ပါ ကလေးရယ်။ အန်တီလာပြီလေ။ သမီးလေး ဘာစားပြီးပြီလဲ။"

"ဟင့်အင်း စားချင်ဘူး။ အန်တီနဲ့ပဲ နေချင်တယ်။"

ကိုရန်နိုင်သည် မိုးစက်ကို အားနာစွာကြည့်ကာ

"သမီးလေးက ဘာမှ ကျွေးလို့မရဘူးဖြစ်နေတယ်။ သူက မိုးကိုပဲ ခေါ်ခိုင်းနေတယ်။"

"ရတယ် အကို။ မိုး သမီးလေးကို ကျွေးလိုက်ပါ့မယ်။"

မိုးစက်သည် ဆောင်းနှင်းဖြူလေးကို စိတ်ရှည်လက်ရှည်ချော့ကာ ကြက်ပေါင်းတစ်ပွဲကုန်အောင် ကျွေး လိုက်သည်။ အစားဝင်သွားပြီး နောက်တဖြည်းဖြည်းနှင့် အိပ်ပျော်သွားတော့မှ မိုးစက် နှင့် ကိုရန်နိုင် ဝရန်တာ ဘက်သို့ထွက်ကာ စကားပြောကြသည်။

"မိုးလာတာ သူခွင့်ပြုရဲ့လား။"

"ဟုတ်ကဲ့။ သူခွင့်ပြုပါတယ် အကို။ မိုးလေ အကို့ကို မျက်နှာပူလိုက်တာ။ သူ့ကြောင့် အကို့ကို အကြောင်းမကြားနိုင်ပဲ ပြန်ခဲ့ရတာ။ ပြီးတော့ မိုးက အခု သူ့ဇနီးနေရာမှာရောက်နေတော့ အကို့ ကို ပေးထားတဲ့ ကတိ မတည်နိုင်လို့ တောင်းပန်ပါတယ်။"

"မိုး သူ့ဇနီးနေရာကို လက်ခံလိုက်ပြီပေါ့။"

ကိုရန်နိုင်၏ အမေးကို မိုးစက်မျက်နှာပူစွာ ခေါင်းငြိမ့်လိုက်သည်။

"မိုးပွင့်ကို သူကွာရှင်းမထားဘူးဆိုတော့ မိုးက အခုသူ့မိန်းမပဲပေါ့။"

ကိုရန်နိုင်က မိုးစက်ပြောသည့် အဓိပ္ပ္ပ္ပာယ်ကို နားလည်လိုက်သည်။ မိုးစက်ကို လက်လွှတ်ဆုံးရှုံးတော့ မည်ကို တွေးကာကြောက်သွားသည်။ မိမိနှင့်သေချာပေါက်လက်ထပ်ရခါနီးမှ ဆုံးရှူံးရမည်ဆိုလျှင် မိမိမျက်နှာကို ဓါးနှင့်လှီးပစ်ရုံသာရှိတော့သည်။ ထို့ကြော့် မိုးစက်ကို စေ့စေ့ကြည့်ကာ

"မိုးပွင့် ခံစားခဲ့ရတာ မိုး သူ့ကို ခွင့်လွှတ်လိုက်ပြီပေါ့ ဟုတ်လား။"

"မိုး သူ့ကို ခွင့်မလွှတ်ပါဘူး ကိုရန်နိုင်။ အဲ့ဒီအတွက် မိုး သူ့ကို ဘယ်တော့မှ အရင်လိုပြန်ချစ်မှာ မဟုတ်ဘူး။"

မိုးစက် နာကျင်စွာပြောလိုက်သည်။ ကိုရန်နိုင်က သက်ပြင်းရှိုက်ကာ

"မိုး သူ့အပေါ် သံယောဇဉ်ရှိသေးတာ ကိုယ်နားလည်ပါတယ်။ မိုးပွင့်နဲ့သူ့ရဲ့ ဖူးစာလို့ပဲ ပြောရမှာပဲ။ အချစ်ဆိုတာ လုပ်ယူလို့လည်း မရဘူး။ တကယ်ချစ်မိသွားရင် ဖျက်ဆီးလို့လည်း မရဘူး။ မိုး သူ့ကို ချစ်နေသေးရင် ကိုယ့်ကိုယ်ကို ဆက်ပြီး မညှင်းဆဲပါနဲ့တော့။ မိုးပွင့်ကိုမေ့လိုက်ပါ။ သူကို မျက်စိစုံ မှိတ်ပြီးချစ်လိုက်ပါ။ မိုးပွင့်လည်း ခံစားခဲ့ရတယ်ဆိုပေမယ့် သူလည်း ဆုံးသွားပြီပဲ။"

ကိုရန်နိုင်၏ စကားများကိုကြားသော် မိုးစက်သည် မိုးပွင့်ကို ပြန်သတိရပြီး အံကြိတ်လိုက်မိသည်။

"ကျွန်တော့် ညီမဘယ်လိုခံစားခဲ့ရတယ်ဆိုတာ မမေ့ပါဘူးဗျာ။"

မိုးစက် ယောကျ်ားလေးလိုအပြောမျိုးပြန်ထွက်လာခဲ့သည်။ ညီမလေး အချိန်မတိုင်ခင် သေဆုံးခဲ့ရ သည်ကို မိုးစက် လုံးဝမကျေနပ်ပါ။ မိုးစက်ရင်ထဲ တင်းကြပ်လို့လာခဲ့သည်။ ကိုရန်နိုင်သည် မိုးစက်၏ လက်ကို အသာဖျစ်ညစ်ကာ အားပေးလိုက်သည်။

"စိတ်လျှော့လိုက်ပါ မိုးရယ်။ မိုးရင်ထဲ အမုန်းတွေနဲ့ ပူလောင်နေမှာ ကိုယ်မမြင်ချင်ဘူး။ ကိုယ်က မိုး ပျော်တာပဲ အမြဲမြင်ချင်ခဲ့သူပါ။"

မိုးစက် အတွေးထဲမှ နိုးလာပြီး သူ့ကို ကျေးဇူးတင်ဟန်ဖြင့်ပြုံးကာ

"ကျေးဇူးပါ ကိုရန်နိုင်။ အကို ညီမလေးကို ကူညီခဲ့တဲ့ ကျေးဇူးကို ကျွန်တော်ပြန်မဆပ်ရသေးလို့ အားနာနေရတယ်ဗျာ။ ပြီးတော့ ကျွန်တော့်ကို အမြဲ အားပေးခဲ့တာကို ကျွန်တော် ဘယ်တော့မှ မမေ့ ပါဘူး။"


"မင်းနဲ့ ကိုယ့်ကြား ဒါတွေပြောဖို့မလိုပါဘူးကွယ်။"

ကိုရန်နိုင်၏ စကားပရိယာယ်ထဲ မိုးစက် သက်ဆင်းသွားခဲ့လေပြီ။ မိုးစက် ကိုရန်နိုင်ကို ခင်မင်ကျေးဇူး တင်စွာ ကြည့်နေသည်ကို အဝေးမှ ကြည့်ပြီး စိတ်မသက်မသာဖြစ်နေသူက နှင်းထန်ဖြစ်သည်။

"မိုးစက်ရေ... မင်းက ကိုယ့်စကားကလွဲရင် ဘယ်သူ့စကားဖြစ်ဖြစ်ရုံတော့တာပဲနော်။ မင်းကို သူများ က အရုပ်လေးလို သဘောထားပြီး လှည့်စားနေတာ မင်းသိအောင် ကိုယ်ဘယ်လိုလုပ်ရပါ့မလဲကွာ။ ခက်တယ် ချာတိတ်ရယ်။"

နှင်းထန်သည် ဆောင်းနှင်းဖြူလေးကို ပုံမှန်သွားပြုစုပေးနေသော ချစ်သူကို မတားပဲလွှတ်ထားသဖြင့် ဝသုန်ကပင် သတိပေးနေပြီ။

"အကို သိပ်လွှတ်မထားနဲ့နော်။ ဟိုကောင်က အအ။ ကိုရန်နိုင်က စကားပြော အင်မတန်ညက်တာ။ အကိုတို့ကို မသိမသာ ရန်တိုက်ပေးမယ်။ "

"ကိုယ်တားလိုက်ရင် မိုးစက် ပိုစိတ်ဆိုးမှာပေါ့။ ပြီးတော့ ကလေးမလေးက မိုးစက်ကို တကယ်ချစ်နေ တာ ဆိုတော့ မိုးစက်ကြောင့် ပြန်သက်သာလာပြီ။ မိုးစက်ကိုယ့်အပေါ်ထားတဲ့ အချစ်ကို ကိုယ်ယုံ ကြည်တယ်။ လောလောဆယ် သူ့ညီမဇောကြောင့်ပါ။ သူ တဖြည်းဖြည်း စိတ်ပြေလာမှာပါ။"

ဝသုန် ပုခုံးတွန့်ကာ

"ပြီးရောဗျာ။ နောက်တော့မှ ကျွန်တော့်ကို ဟိုလိုက်ဒီလိုက် မလိုက်ခိုင်းနဲ့။"

သူက ရယ်လို့သာနေသည်။ သို့သော ်သူ့မျက်ဝန်းထဲမှ စိတ်မချမ်းသာရိပ်တော့ စွန်းထင်းနေသည်။

သူတို့ကြည့်ပြီး ဝသုန် အခြားလူကို ချစ်ရမည်ကိုပင် ကြောက်မိသည်။တကယ်ချစ်မိသူက စိတ်ပင်ပန်း ရသည်မဟုတ်လား။

မိုးစက်သည် ဆောင်းလေးကို သွားသွားပြုစုပေးရင်း အကိုနှင်းထန်ကို အနည်းငယ်ရှောင်ဖယ်နေမိ သည်။ ညတိုင်း သူ့ကို သိပ်မတုန့်ပြန်တော့ပေ။ ရင်းနှီးနွေးထွေးစ အခြေနေလေးက ပြန်လည် အေးစက် သွားတော့သည်။ နှင်းထန် မိုးစက်ကို အတင်းဖိအားမပေးပဲ အသာယာလွှတ်ထားပေး သည်။

တစ်မနက်တွင် နှင်းထန် ကော်ဖီသောက်ရင်း နူတ်ဆိတ်နေသော မိုးစက်ကို ကြည့်ကာ

"မိုး ဒီညနေ ဒယ်ဒီ ပြန်ရောက်မယ်။ ဒယ်ဒီနဲ့အတူ ကိုယ့်ညီမဝမ်းကွဲလည်း ပါလာမယ်။ သူ ကိုယ့်အိမ် မှာ တည်းလိမ့်မယ်။ မိုး စိတ်အနှောက်ယှက်ဖြစ်မယ်ဆိုရင် ကိုယ့်ညီမကို ဟိုတယ်မှာပဲ ထားလိုက် မယ်။ "

"ရပါတယ်။ အကို့ညီမကို ဟိုတယ်မှာပဲ တည်းခိုင်းရင် ဘယ်ကောင်းပါ့မလဲ။ အိမ်မှာပဲ တည်းခိုင်း လိုက်ပါ။"

နှင်းထန်က ပြုံးစေ့စေ့ဖြင့် မိုးစက်ကို စသည်။

"ကိုယ့်ညီမက အရမ်းဆွဲဆောင်မှုရှိတယ်နော်။"

"အင်း...အဲ့တာ ဘာဖြစ်လဲ။"

"ဘာမှ မဖြစ်ပါဘူး။ ကိုယ်က ကြိုပြောထားတာပါ။"

မိုးစက်သည် သူစချင်သည်ကို သိသော်လည်း မသိချင်ယောင်ဆောင်နေလိုက်သည်။မိမိကိုများသဝန် တိုမလားဆိုပြီး သူ တမင်ပြောနေမှန်းသိလိုက်သည်။

"ညနေ မိုးလည်း လိုက်ခဲ့ပါလား။ ဒယ်ဒီ့ကိုသွားကြိုတာ မိုးလည်းလိုက်ချေင်တယ်။ဒယ်ဒီအံ့သြသွား အောင် လို့ပါ။"


"မိုး ဆောင်းလေးဆီ သွားဖို့ရှိတယ်။ "

"နောက်နေ့မှ လာမယ်လို့ ဖုန်းဆက်လိုက်ပါ။ ကိုယ် မိုးကို လိုက်စေချင်တယ်။"

သူ ထပ်ပြောသော စကားကြောင့် မိုးစက် ထပ်မငြင်းတော့ပဲ ကိုရန်နိုင်ထံ ဖုန်းဆက်ကာ တောင်းပန် လိုက်သည်။

လေဆိပ်သို့ရောက်သော် ဦးမင်းထန်နှင့်အတူ နိုင်ငံခြားသူတဦးကဲ့သို့ ကျော့ရှင်းလှပကာ မော်ဒယ် တစ်ဦးလို စွဲဆောင်မှုရှိအောင် ဝတ်စားထားသော မိန်းမလှလေးတစ်ဦးကို တွေ့လိုက်သော အခါ မိုးစက်ပင် ငေးကြည့်သွားမိသည်။ ဒီလောက်စွဲဆောင်မှုရှိသော မိန်းမလှလေးမျိုး မိုးစက်မတွေ့ဖူးခဲ့ပါ။

"ဒယ်ဒီ၊ ညီမလေး "

ဦးမင်းထန်သည် သားကို ပြုံးကာ နူတ်ဆက်ရင်း နံဘေးမှ မိုးစက်ကိုတွေ့သော် မျက်နှာတည်သွား သည်။

"ဒယ်ဒီ "

မိုးစက်နူတ်ဆက်လိုက်သည်ကိုဝတ်ကျေတန်းကျေသာ ခေါင်းဆတ်လိုက်သည်။ ပါလာသော တူမချောဘက်လှည့်ကာ

"ဝတီ သားကိုမှတ်မိရဲ့လား။"

"ဟိုင်း... ကိုကို ။ ကိုကိုက အရမ်းခန့်လို့ ဝတီ့ဖာသာလာရင် မှတ်မိမှာမဟုတ်ဘူး။ မတွေ့တာ ကြာပြီနော် ကိုကို။ ဝတီ ကိုကို့ကို သတိရနေတာ။"

စောမြဝတီက နှင်းထန်ကို ရင်းနှီးစွာ ဖက်ပြီး နူတ်ဆက်လိုက်စဉ် ခဏ မိုးစက်ရင်ထဲ ပူခနဲ ဖြစ်သွားသည်။ စောမြဝတီပုံက လိုသည်ထက် ရင်းနှီးလွန်းသည်ဟုထင်လိုက်မိသည်။

"ဝတီလည်း အရမ်းလှလာတာ။ကိုကိုက နိုင်ငံခြားမော်ဒယ်မင်းသမီး မြန်မာပြည်လာလည်တာလား လို့ထင်နေတာ.။ ဝတီ .. ဒါ ကိုကို့ဇနီး မိုးပွင့်တဲ့။ မိုး..ဒါက ကိုကို့ညီမလေး စောမြဝတီတဲ့။"

စောမြဝတီသည် မိုးစက်ကို မယုံကြည်ဟန် တချက်စိုက်ကြည့်ပြီး ဖော်ရွေစွာပြုံးကာ ဖက်ကာ နူတ်ဆက်ရင်း

"ဟိုင်း... တွေ့ရတာ ဝမ်းသာပါတယ် မိုး။ ဝတီ့ကို ညီမလို သဘောထားပေးပါ။ ကိုကို့အသည်းနှလုံး ကို ပိုင်ဆိုင်ခွင့်ရတဲ့ မိန်းကလေးကို တွေ့ချင်နေတာ ကြာပြီ။မိုးက ယုန်မလေးလို အရမ်းဖြူစင်တာပဲ နော်။"

စောမြဝတီက ရုပ်ချောသလို စကားပြောကောင်းလှသည်ကို မိုးစက်အသိအမှတ်ပြုလိုက်မိသည်။

"ကဲ.. အိမ်ကြမှ ဆက်ပြောကြတော့။ ဝတီလည်း နားချင်ရောပေါ့။ သား ဝတီကို အိမ်ခေါ်သွားလိုက် တော့။"

"ဟုတ်ကဲ့ ဒယ်ဒီ။"


စောမြဝတီ လည်း မိုးစက်တို့နှင့် အိမ်သို့ပါလာခဲ့သည်။ လမ်းတွင် သူတို့မောင်နှမ တွတ်ထိုးနေသည် ကို ကြည့်ပြီး မိုးစက် ရင်ထဲ တမျိုးလေးခံစားလိုက်ရသည်။ နှလုံးသားနေရာက အနည်းငယ် စူုးနေသည်။ ဘာကြောင့်ပါလိမ့်ဟု တွေးလိုက်မိသည်။

သူ့ရဲ့ ချောမောလှပသော ညီမတော်လေးက မိုးစက်ရင်ကို ခံစားချက်တစ်ခုပေးနိုင်ပါလား။ လှပသော မိန်းကလေးတိုင်း ဆူးနှင့် နှင်းဆီလို ဘာကြောင့် တဖက်သားကို ခံစားရစေသည်ကို မိုးစက် စဉ်းစားနေမိသည်.။

-----------------------

မိုးစက်တို့ အိမ်ပြန်ရောက်သောအခါ နှင်းထန်က အထုပ်များကို အလုပ်သမားလက်အပ်ပြီး မိုးစက် ဘက်လှည့်ကြည့်ကာ

"မိုး ကိုကိုတို့ စကားပြောစရာရှိလို့ ခဏနေမှ အပေါ်လိုက်ခဲ့မယ်နော်။"

မိုးစက် နည်းနည်းတော့ တင်းသွားသည်။ မတွေ့တာကြာပြီဖြစ်သော ညီမဝမ်းကွဲဖြင့် တွေ့တွေ့ခြင်း သူတို့ချင်း သီးသန့်စကားပြောစရာရှိသည်ကတော့ ပုံမှန်မဟုတ်တော့ဟု ထင်လိုက်သည်။ မိုးစက် လာမှ ပြန်မပြောပဲ ခေါင်းညိမ့်ကာ အိမ်ပေါ်ထပ်သို့ တန်းတက်သွားတော့သည်။

"လာ ..ဝတီ..စာကြည့်ခန်းထဲ လွတ်လွတ်လပ်လပ်ပြောလို့ရတယ်။"

"OK ကိုကို။"

သူတို့မောင်နှမ နှစ်ဦး၏ လျို့ဝှက်ဇာတ်လမ်းကို မိမိသိလည်း မသိချင်တော့ပေ။ စိတ်အနည်းငယ် ရှုပ်ကာ အိမ်ပေါ်တက်လာခဲ့သည်။ အခန်းထဲရောက်သော မိုးစက်အိပ်ယာထက်လှဲအိပ်လိုက် သော် လည်း နေမထိ ထိုင်မသာဖြစ်နေသောကြောင့် ဝသုန့်ထံဖုန်းဆက်လိုက်သည်။

"မင်း ဆေးရုံမှာလား"

"အိမ်မှာ။ သူ့ညီမနဲ့ပြန်လာလို့ သွားကြိုတာ လိုက်သွားရတာ။ ပြင်သစ်မှာနေတဲ့ညီမတဲ့။"

"ဝမ်းကွဲလား။"

"အင်း ၂ ဝမ်းကွဲတယ်လို့ ပြောတယ်။ ဒါပေမယ့် အရမ်းရင်းနှီးသလိုပဲ။"

"ဟုတ်လား။ ချောလား။"

"ဆွဲဆောင်မှုရှိတယ်။ ငါတောင် ငေးကြည့်မိတယ်ကွာ။"

"အဟဲ မင်းကိုအောင်သွယ်လုပ်ခိုင်းရမယ်။ ငါလည်း ဆွဲဆောင်မှုရှိတဲ့ အလှနတ်ဖုရားမလေးရဲ့ ပြုစား တာကို ခံချင်နေတာနဲ့အတော်ပဲ၊"

"အင်း... နောက်နေ့ အပြင်ထွက် မုန့်ကျွေူးရင် မင်းကို လှမ်းခေါ်လိုက်မယ်။ ဒါနဲ့ မင်းက ခုလက်ရှိတွဲ တဲ့ ကောင်မလေး မရှိဘူးလား။"

"ပြီးခဲ့တဲ့ အပတ်ကမှ ပြတ်သွားတာ။"

"ကောင်မလေးလဲတာ မြန်တာကွာ။"

"IT ခေတ်၊ ဒုံးပျံခေတ်ကွ။ မင်းယောက်မနဲ့ ငါ့ကို မိတ်ဆက်ပေးဖို့သာ မမေ့နဲ့နော။်"

"အင်း"

"ဟေ့ကောင် မင်းအသံက ဘာဖြစ်နေတာလဲ။"

"ဘာမှ မဖြစ်ပါဘူး။"

ဝသုန်မေးလိုက်မှ မိမိအသံပျက်ယွင်းနေသည်ကို သတိပြုမိလိုက်သည်။ အနည်းငယ်လည်း ရှက်သွား သည်။

"ဟေ့ကောင် မင်းနဲ့ငါ ကလေးကတည်းက အတူကြီးလာတာပါကွ။ မင်းငါ့ကိုမှ ရင်မဖွင့်ရင် ဘယ်သူ့ ကို ရင်ဖွင့်မှာလဲ။ မင်း ငါ့ကို မပြောရင် နောင်ဘယ်တော့မှ ဖုန်းမဆက်နဲ့တော့။"

မိုးစက်သည် သက်ပြင်းရှိုက်ကာ မိမိ သံသယကို ဖွင့်ပြောလိုက်သည်။

"သူတို့၂ ယောက် အခု စာကြည့်ခန်းထဲ ဝင်သွားတယ်ကွ။ခရီးအရောက်မဆိုက် ဆွေးနွေးစရာရှိ တယ် ဆိုပြီး ငါ့ကို အပေါ်အရင်တက်ခိုင်းလိုက်တယ်။"

ဝသုန်က တချက်ရယ်ကာ

"မင်းကလည်း စီးပွားရေးကိစ္စလားမှမသိတာကွာ။မင်းသိပ်လည်း မစိုးရိမ်ပါနဲ့။ သူက မင်းတယောက် တည်းကို ချစ်တာပါ။ စောင့်ကြည့်ပါဦး။"

မိုးစက်သည် ဝသုန့်ကို ဖွင့်ပြောပြီးမှ ရှက်သွားပြီး

"သူ နောက်အချစ်သစ်ရသွားလည်း ကောင်းတာပဲ။ ငါသူ့ကို ကွာရှင်းလို့ရသွားတာပေ့ါ။"

"မင်းသူ့ကို တကယ်ခွဲနိုင်လို့လားကွ။"
ဝသုန် သွေးတိုးစမ်းကာ မိုးစက်ကိုမေးလိုက်သည်။

"ခွဲနိုင်တာပေ့ါ။ တော်ပြီကွာ။ ငါနားတော့မယ်။ ခေါင်းစားမခံတော့ဘူး။ Good night ဝသုန်"
မိုးစက်သည် မိမိရင်ထဲမှ ခံစားချက်များအားလုံးပေါ်လာမည်စိုးသဖြင့်စကားစဖြတ်လိုက်သည်။

အကိုဘယ်အချိန်တက်လာမလဲဟု စောင့်ရင်း မိုးစက်အိပ်ပျော်သွားတော့သည်။

"မောနင်း ချာတိတ်.."

ပါးပြင်ပေါ်ကျလာသည့် အနမ်းနွေးနွေးနှင့်အတူ သူ့အသံကိုကြားမှ မိုးစက် အိပ်ယာမှနိုုးလာခဲ့သည်။

"အကို ည ဘယ်အချိန်လာအိပ်တာလဲ.."

မိုးစက် သိလိုစိတ်ဖြင့်မေးလိုက်သည်။

"ညဉ့်နက်တယ် ချာတိတ်။ ကဲ ထတော့ ဝတီနဲ့မနက်စာ အတူစားရအောင်။ "

သူ၏ အဖြေကိုကြားသောအခါ မိုးစက်ရင်ထဲ ကျလိကျလိဖြစ်သွားသည်။

"ဝတီ ခရီးမပန်းဘူးလား။ သူ့ကို စောစောမနားခိုင်းပဲ အကိုက စကားပြောနေရသလား။ အလိုက်ကမ်းဆိုးကို မသိဘူး။"

နှင်းထန်သည် မိုးစက်၏စကားကိုကြားသော် ကျိတ်ပြုံးလိုက်မိသည်။ ဝသုန်ပြောသည့်အတိုင်း မှန်နေ ပြီ။ မိုးစက် မိမိနှင့် ဝတီကို နည်းနည်း သဝန်တိုနေလေပြီ။

"ကိုကို ကအလိုက်မသိတာ မဟုတ်ဘူး ချာတိတ်ရဲ့။ ချာတိတ်ရဲ့ ယောင်းမချောက ကိုကိုနဲ့ ပြောချင် ပါတယ်လို့ပြောလို့။ သိတယ်မဟုတ်လား။ ချာတိတ်ကသာ ကိုယ့်ကို အနားမလာစေချင်တာ။ တခြား လူဆိုရင် ကိုယ်နဲ့စကားပြောချင်လွန်းလို့။ "

မိုးစက် သူ့စကားကိုကြားသော် နှာခေါင်းရှုံလိုက်ပြီး ရေချိုးခန်းထဲပြေးဝင်ရင်း သူ့ကို ပြန်ပြောလိုက် သည်။

"ကိုယ့်ကိုယ်ကို အထင်ကြီးလိုက်တာဗျာ။"

နှင်းထန် ပြုံးလိုက်မိသည်။ ချာတိတ်လေး၏ အချစ်စိတ်ကို မည်သို့နှိုးရမည်ကို သိသွားလေပြီ။

"မောနင်း ကိုကို။ မောနင်း မိုး။"

မိုးစက် သူနှင့်အတူ အောက်သို့ဆင်းလာသောအခါ ထမင်းစားခန်းတွင် ဝတီ အသင့်ထိုင်စောင့်ရင်း ကော်ဖီသောက်ရင်း သတင်းစာဖတ်နေသည်ကို တွေ့လိုက်ရသည်။ ညဉ့်နက်မှ အိပ်သည့်တိုင် လန်းဆန်းတက်ကြွသည့် သူမပုံက နေ့တိုင်း အကျင့်ရှိနေပုံရသည်။ ပြီးတော့ သူမပုံက ယခုမှ ရောက်ဖူးသော ဧည့်သည်ပုံထက် အိမ်ရှင်မပုံ၊အိမ်သားပုံပေါက်ကာ သက်တောင့်သက်သာ ရှိလှသည်

"မောနင်း ဝတီ။ ည က အိပ်ရေးဝရဲ့လား။ "

သူက ဝတီ့ကို နူတ်ဆက်ရင်း စားပွဲတွင်ဝင်ထိုင်လိုက်သည်။ မိုးစက်လည်း စောမြဝတီနှင့် မျက်နှာချင်း ဆိုင်တွင် ဝင်ထိုင်ရင်း သူမ၏ ဝတ်စားပုံကို ငေးလိုက်မိသည်။ ဆင်စွယ်ရောင် ပိုးသား ကော်လံပြားနှင့် ရှပ်င်္အကျီပွပွက သူမကိုယ်ပေါ်တွင် ပျော့အိအိလေးတင်နေပြီး အောက်က ၃ ကွာတား အညိုဖျော့ ဘောင်းဘီအကျပ်လေးက သူမကိုယ်လုံးအလှကို အထင်းသားပေါ်နေစေသည်။ ကြိုးသိုင်း ဖိနပ်မြင့် လေးစီးထားရုံနှင့်သူမပုံလေးက ပေါ့ပါးကာစတိုင်မိမိ ပုံထွက်နေသည်။ဖြူဝင်းသာ ပါးပြင်က ပန်းရောင် သန်းကာ နီပြေပြေနုတ်ခမ်းနီက သူမနှင့် လိုက်ဖက်လှသည်။

အကို့အမေးကို သူမ အလှဆုံးပြုံးကာ ဖြေသည်။

"တရေးပဲ ကိုကို။ ညက ကိုကို အိပ်ယာဝင်နောက်ကျသွားတာ ကိုကို့ကို အားနာလိုက်တာ။ ဆောရီးနော် မိုး။ နောက်ဆို ဝတီ သတိထားပါ့မယ်။"

သူမက ဘာကြောင့် အားနာစကားပြောနေသလဲ၊အားနာလျှင် သူမ အကိုကို ဆွဲမထားပါနှင့်လား ဟု တွေးလိုက်မိသည်။သူမစကားအရ နောက်လည်း အကိုနှင့်အတူအမြဲပြောစရာတွေ ရှိသည့်သဘော ပေ့ါ။

"ရပါတယ် ဝတီ။ ဝတီတို့ မောင်နှမလည်း မတွေ့တာကြာတော့ စကားပြောစရာတွေ အများကြီးရှိမှာ ပဲလေ။ မိုး နားလည်ပါတယ်။ မိုးကို အားမနာပါနဲ့။"

စောမြဝတီက ငွေဆည်းလည်းလေးလို ချိုလွင်စွာရယ်မောလိုက်ပြီး
"မိုးက အရမ်းသဘောထားပြည့်တာပဲနော်။ ဒါကြောင့် ကိုကို ကမိုးကို အရူးအမူးချစ်တာနေမှာ။ "

နှင်းထန်က ကော်ဖီပန်းကန်ထဲသို့ ကော်ဖီဌဲ့ထည့်ပေးပြီး မိုးစက်ရှေ့ချပေးကာ

"သဘောထားပြည့်တာထက် ဟိုဘက်ကိုကျော်နေတယ် ဝတီရေ။ မိုးကို လူတွေအကြောင်း သင်ပေး လိုက်ပါဦး။ လူတိုင်းကို သူ့လိုထင်နေလို့ခက်နေတယ်။သူ ခဏခဏ အလိမ်ခံရလို့ ကိုယ်က ကြားက မခံချင်ဖြစ်ရတာ သေတော့မယ်ဗျာ။"

နှင်းထန်၏ စကားကြောင်း မိုးစက် မကျေမနပ်ဖြစ်သွားသည်။ ယခုမှတွေ့သော ညီမတော်ရှေ့ မိမိကို သူပြောနေပုံက စိတ်ဆိုးချင်စရာကောင်းလှသည်။

စောမြဝတီက သတင်းစာကို ခေါက်ကာ မိုးစက်ကို ပြုံးကြည့်ပြီး

"သဘောထားပြည့်တဲ့သူနဲ့ တွေ့တာ ကိုကို ကုသိုလ်ထူးလို့ပါ။ဒီခေတ်ဒီလို ရိုးသားပြီး တဖက်သားကို နားလည်ပေးတဲ့မိန်းကလေးက အရမ်းကိုရှားသွားပြီလေ။ "

မိုးစက်က မိမိကို ကလေးပမာ သဘောထားကာ ပြောဆိုနေသော သူတို့မောင်နှမ နှစ်ယောက်ကို ကြည့်ကာ နည်းနည်း ကျွဲမြီးတိုချင်လာသည်။

"အကိုနော်။ ဘာတွေလျှောက်ပြောနေတာလဲ။"

မိုးစက် သူ့ကို လှမ်းဟန့်လိုက်သည်။ သူက ရယ်ကာ

"ကဲပါဗျာ။ မပြောတော့ပါဘူး။ ဝတီ ဒီနေ့ ဘယ်ကို သွားချင်သလဲ။ ကိုယ် လိုက်ပို့ပေးမယ်လေ။ "

ဝတီက ကော်ဖီကို တငုံသောက်ကာ ပြန်ချထားပြီး

"ဒီနေ့ ဝတီ ဘုရားသွားချင်တယ် ကိုကို။ ရွှေတံဂုံစေတီတော်ကို မဖူးရတာ နှစ်ပေါင်း ၂၀ လောက်ရှိပြီ။"

"ကောင်းပြီလေ။ ကိုကို လိုက်ပို့ပေးမယ်။"

"မိုးလည်းအားရင် လိုက်ခဲ့လေ။ ၃ ယောက်ဆိုတော့ ပျော်စရာကောင်းတာပေ့ါ။"

စောမြဝတီပြောပုံက အစကတည်းက မိမိမပါဘူးဆိုသည့်သဘောပေါ့။မိုးစက်ပြုံးကာ ငြင်းလိုက်သည်။


"အကိုပါပြီပဲ။ မိုးမလိုက်တော့ဘူးနော်။ မိုး လူနာကြည့်သွားစရာရှိလို့ ခွင့်လွှတ်ပေးပါနော်။"

မိုးစက် အကို့အကြည့်ကို လစ်လျူရှူကာ ဝတီ့ကို ပြုံးကာ တောင်းပန်လိုက်သည်။ ဆောင်းလေး မိမိ ကို မျှော်နေတော့မည်။ သွားတွေ့မှဖြစ်မည်။ ပြီးတော့ သူတို့မောင်နှမ မိမိပါလျှင် ပြောချင်တာ ပြော နိုင်မည်မဟုတ်ပေ။

"ရပါတယ် မိုးရယ်။ တောင်းပန်စရာမလိုပါဘူး။ သူစိမ်းတွေမှ မဟုတ်တာ။ ဒါဆို နောက်နေ့မိုးအားရင် အတူသွားကြတာပေါ့။ ဝတီက တစ်ဦးတည်းသော သမီးလေ။ ငယ်ကတည်းက ညီအစ်မ အရမ်းလို ချင်တာ။ အခု အတော်ပဲ။ မိုးက ဝတီ့ညီမပဲပေါ့နော် ကိုကို.."

မိုးစက်သည် စကားပြောကောင်းလှသော စောမြဝတီကို ငေးကြည့်နေမိသည်။ ဒီလိုအပြောမျိူးနှင့်ဆို တွေ့သည့် ယောကျ်ုားတိုင်းက မကြွေပဲနေမည်မဟုတ်ပေ။

"ဒါပေါ့။ ကဲ ဝတီ စားပြီးရင် သွားကြစို့။ နေမြှင့်နေပြီ။ "

မိုးစက်သည် စောမြဝတီနှင့် တွဲကာ အတူထွက်သွားသော သူ့နောက်ကျောကို ငေးကြည့်ကာ အိမ်ပေါက်ဝတွင် ကျန်ရစ်ခဲ့သည်။

မိုးစက် သက်ပြင်းချကာ ဆောင်းလေးရှိသည့် ဆေးရုံသို့ထွက်လာခဲ့သည်။ ဆောင်းလေးက မိုးစက်ကို တွေ့သော် ချက်ချင်းမျက်နှာပြုံးသွားပြီး ဝမ်းသာစွာနူတ်ဆက်ရှာသည်။ မိုးစက် ကိုရန်နိုင်ကို နူတ်ဆက်ကာ သမီးလေးကို ပွေ့ချီလိုက်သည်။

"အကို အလုပ်ရှိရင်သွားလေ။ မိုး ကလေးထိန်းထားပေးပါ့မယ်.။"

"ရတယ် မိုး။ ကိုယ့် company က မန်နေဂျာက ကောင်းကောင်း စီမံခန့်ခွဲနိုင်ပါတယ်။ မိုးရော အကြာ ကြီးနေလို့ဖြစ်ရဲ့လား။"

"ဖြစ်ပါတယ် ကိုရန်နိုင်။"

"မိုး မျက်နှာ သိပ်မကောင်းပါလား။ ဘာဖြစ်ခဲ့လို့လဲ။"

မိုးစက်သည် ကိုရန်နိုင်၏အမေးကြောင့်လန့်သွားသည်။မိမိခံစားချက်က မျက်နှာပေါ်တွင် အတိုင်း သား ပေါ်နေပြီလားဟုတွေးကာ လန့်သွားသည်။

"ဘာမှ မဖြစ်ပါဘူး အကို။ "

သူက စူးစမ်းဟန်ကြည့်ကာ

"တခုခု ပြောစရာရှိရင် ကိုယ့်ကို မိတ်ဆွေရင်းလို သဘောထားပြီး တိုင်ပင်နိုင်ပါတယ် မိုး။ "

"ဟုတ်ကဲ့ အကို။ မိုး ဘာမှ မဖြစ်ပါဘူး။ အကို သမီးလေး အခြေအနေဘယ်လိုတဲ့လဲ။ ဆရာဝန်ကြီးက ဘာပြောသေးလဲ။"

"တိုးတက်မှုအများကြီး ရှိလာပြီလို့ပြောတယ်။ သမီးကျောင်းနေတဲ့အချိန်ဆို ရင် သူငယ်ချင်းတွေရပြီး အာရုံ အပြောင်းအလဲနဲ့ ပိုကောင်းလာမယ်ပြောတယ်။ ခုလက်ရှိ ကုထုံးက သမီးလေးနဲ့ အတော် ကိုက်ညီတယ် မိုး။"

မိုးစက်သည် ကိုရန်နိုင်ပြောသည့်စကားကို နားထောင်ရင်း အတွေးများက ဘုရားသွားသည့် နှစ်ယောက်ထံသို့ ရောက်ရောက်သွားသည်။ မိုးစက်သည် ရင်ထဲ တစ်ဆို့တစ်ဆို့နှင့် အစာမကြေ သလိုခံစားရသည်။ ဘာကြောင့် ဒီလိုဖြစ်သည်ကို မိမိနားမလည်တော့ပေ။

မိုးစက် ပြန်ရောက်သည့်တိုင် သူတို့နှစ်ဦးပြန်မရောက်သေးပေ။ ညဉ့်မိုးချုပ်မှ သူတို့ပြန်လာခဲ့ကြ သည်။ မိုးစက် အိပ်ခန်းထဲတွင် အိပ်မပျော်ပဲ သူ့ကို စောင့်နေမိသည်။ ည ၁၀ နာရီကျော်မှ သူအပေါ် ကို တက်လာခဲ့သည်။ သူက အိပ်နေသော မိုးစက်ကို အနမ်းဖြင့် နူတ်ဆက်လိုက်စဉ် သူ့ထံမှ အရက် နံ့ရလိုက်သဖြင့် အိပ်ချင်ယောင်ဆောင်မနေတော့ပဲ မျက်လုံးဖွင့်ကြည့်ကာ

"အကို အရက်သောက်ခဲ့တာလား။"

နှင်းထန် ကသူ့နံဘေးတွင် ဝင်ထိုင်ကာ ဖက်ထားပြီး

"အင်း နည်းနည်းပါ။ ဝတီ့ကို အဖော်လုပ်ရင်းသောက်ခဲ့တာ။ ချာတိတ် အိပ်နေပြီမှတ်တာ။ ကိုယ့် ကြောင့်နိုးသွားတာလား။ ဆောရီးပါကွယ်။ ကဲ ချာတိတ် အိပ်တော့နော်. Good night"

မိုးစက်သည် မိမိပါးကို တချက်နမ်းကာ ရေချိုးခန်းဘက်ထွက်သွားသည့် သူ့ကို ကြည့်ကာ ကျန်ရစ်ခဲ့ သည်။ သူနှင် ဝတီ ဘားတွင် အတူသောက်ကာ ပြန်လာခဲ့ပါလားဟု တွေးကာ ရင်ထဲနည်းနည်း ပူလာ သည်။သူတို့အရက်သောက်ရင်း ဘာအကြောင်းများပြောကြပါလိမ့်ဟု တွေးကာ သက်ပြင်းချမိသည်။

သူရေချိုးခန်းမှ ထွက်လာပြီး မိမိဘေးတွင် လှဲအိပ်သွားသောအခါ ရင်ထဲဟာသွားသည်။ ဒါ ပထမဆုံး သူမိမိကိုမချစ်ပဲ အိပ်သွားခြင်းဖြစ်သည်။ မိုးစက် သူအိပ်ပျော်သွားသည့်တိုင် တော်တော်နှင့်အိပ်မရ ပေ။

မိုးစက် နောက်ကျမှ အိပ်ပျော်သည့်အတွက် နေမြင့်မှ နိုးလာခဲ့သည်။ မိုးစက်နိုးလာသောအခါ သူ့ကို မတွေ့တော့ပေ။ ရေချိုးပြီး အိမ်အောက်သို့ဆင်းလာသောအခါ ဒေါ်ပိုက ထမင်းစားခန်းတွင် မိုးစက် ကိုစောင့်နေပြီး သူမှာထားသည်ကိုပြောလိုက်သည်။

"မိုးလေး။ မောင်နှင်းထန်က မိုးလေး အိပ်ရေးပျက်မှာစိုးလို့ မနိုှုးတော့ပဲ ထွက်သွားလိုက်တယ်တဲ့။ "

မိုးစက် ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး မေးလိုက်သည်။

"ဝတီရော ဒေါ်လေးပို။ "

"မောင်နှင်းထန်နဲ့ အတူထွက်သွားကြတယ်။ အကိုကြီးဦးမင်းထန် နဲ့ ချိန်းထားတယ်လို့ပြောတယ်။"

မိုးစက်ရင်ထဲ တမျိုးဖြစ်သွားသည်။ မိမိကို ချန်ထားပြီး ယောက္မကြီးနှင့် သွားတွေ့သည်ဆိုတော့ ဘာများလဲဟု တွေးမိသည်။ စီးပွားရေးကိစ္စဖြစ်မည်ဟု ဖြေတွေးလိုက်သည်။ ရင်ထဲမှာနည်းနည်းတော့ နေလို့မကောင်းသလိုခံစားရသည်။ သူ့ကို ယခုလို စိတ်မချသည့် ခံစားချက်မျိုးကို ပထမဆုံး ခံစားရ ခြင်းဖြစ်သည်။ မိုးစက် သက်ပြင်းကိုလေးလေးကြီးချလိုက်မိသည်။မိမိခံစားချက်ကိုဒေါ်ပိုတို့ ရိပ်မိသွား

မှာစိုးမိသည်။ နောက်ဆုံး မိုးစက် အိမ်ထဲမှာ ထိုင်မနေချင်သောကြောင့် ဆောင်းလေးထံသို့ ထွက်လာ ခဲ့သည်။

"အတော်ပဲ မိုး။ သမီးလေးက ကစားကွင်းသွားချင်တယ်ဆိုလို့ ကိုယ်ဆရာဝန်ကြီးကိုခွင့်တောင်းထား တာ မိုး အားရင် အတူလိုက်ခဲ့ပေးပါလား။"

"ရတယ် အကို။ မိုး အားပါတယ်။ လာ သမီးလေး။ အဝတ်စားလဲရအောင်။ သမီးလေး ဘာဝတ်မလဲ။ "

ကိုရန်နိုင်သည် ကလေးကို အဝတ်လဲပေးနေသည့် မိုးစက်ကို စိုက်ကြည့်ကာ ချစ်သူလေးကို ပိုင်ဆိုင် လို စိတ်က တားမရအောင်ပေါ်လာခဲ့သည်။ ဒီလောက်ကြိုးစားခဲ့ပြီးမှ လက်လွှတ်မခံနိုင်တော့ပေ။

"ကဲ ဒယ်ဒီကြီးရေ သမီးပြီးပါပြီ။ သွားရအောင်လို့ ပြောလိုက်နော်။"

သမီးလေးက မိုးစက်သင်ပေးသည့်အတိုင်းပြောလိုက်သဖြင့် ကိုရန်နိင် မိုးစက်ချီးထားသည့် သမီးကို ငုံ့နမ်းကာ

"ကောင်းပါပြီ မာမီကြီးရေ.. ဒယ်ဒီက အသင့်စောင့်နေတာပါ ခင်ဗျာ။"

မိုးစက်က သူ့ကို တချက်မော့ကြည့်ကာ

"အကိုကတော့ လုပ်ပြီ။ သွားကြစို့ "

တော်သေးသည်။ ကစားကွင်းတွင် ဆောင်းလေးကို အဖော်ပြုပေးနေရသဖြင့် အချိန်ကုန်မှန်း မသိ ကုန်သွားခဲ့သည်။နေ့လည်စာကို မြစိမ်းရောင် ထိုင်းစားသောက်ဆိုင်တွင် သွားစားသောက်စဉ် ဆိုင် ထဲ ဝင်လာသော အတွဲထံသို့ အကြည့်ရောက်သွားခဲ့သည်။

"ဟင်.."

မိုးစက်၏ ရင်အစုံ ဒိန်းခနဲ ခုန်သွားသည်။ စောမြဝတီက အကို့လက်ကို ချိတ်ကာ ဆိုင်ထဲဝင်လာခဲ့ သည်။သူတို့နှစ်ဦး တစုံတခုကို စိတ်ဝင်တစားပြောခဲ့ကြဟန်တူသည်။ပတ်ဝန်းကျင်ကို သတိပင် မထား မိကြပေ။ သီးသန့်ခန်းလေးထဲ တန်းဝင်သွားသည်ကို ကြည့်ရင်း မိုးစက်၏ သွေးများဆူ လာသလို ခံစားလိုက်ရသည်။ သူ့ဒယ်ဒီနှင့်ချိန်းထားသည်ဆိုပြီး ဘာလို့ နှစ်ယောက်တည်း စားသောက်ဆိုင်လာသည်ကို တွေးကာ မိုးစက် ဒေါသထွက်လာသည်။

"ကိုနှင်းထန် နဲ့တွဲလာတာ ဘယ်သူလဲ မိုး။"

ကိုရန်နိုင်၏ မေးသံကိုကြားမှ မိုးစက် သတိဝင်လာသည်။ သူ့ရှေ့ မိမိရုပ်ပျက်လို့မဖြစ်ပေ။

"သူ့ရဲ့ ညီမ ဝမ်းကွဲပါ။ ပြင်သစ်ကနေ လာလည်တာ။ "

"သြော်... သူတို့မောင်နှမ အတော်ချစ်ကြတယ် ထင်တယ်နော်။ ကြည့်ရတာ အရမ်းရင်းနှီးပုံပဲ။ "

"အကို အရင်က ပြင်သစ်မှာ ကျောင်းသွားတက်တော့ ဝတီတို့အိမ်ကနေတက်တာလို့ပြောတယ်။ ဒါကြောင့် ရင်းနှီးတာ ဖြစ်မှာပါ။ သမီးလေး ဘာထပ်ယူဦးမလဲ..သြော်.. ငါးစားမှာလား။ လာ..အန်တီ ခွံကျွေးမယ်နော်။"

မိုးစက်သည် သမီးလေးကို ဟင်းခွံကျွေူးရင်း စကားစကို ဖြတ်လိုက်သည်။ သူတို့အကြောင်း ကိုရန်နိုင် ကို သိပ်မပြောပြချင်ပေ။သူ့ရှေ့ အကိုကအခြားမိန်းကလေးကို ကရုစိုက်ပြနေသည်ကို မမြင်စေချင်ပါ။

သူ့ညီမနှင့်ဖြစ်စေ အခြားသူကို ယုယကြင်နာနေသည့် မြင်ကွင်းက မိုးစက်ကို နာကျင်စေပါသည်။

ကိုရန်နိုင်ကလည်း အလိုက်တသိ စကားမဆက်တော့ပဲ အခြားအကြောင်းအရာကို ဆက်ပြောနေလို့ တော်သေးသည်။မိုးစက်တို့ စားသောက်ဆိုင်မှ ပြန်လာသည့်တိုင် သီးသန့်ခန်းထဲမှ သူတို့မောင်နှမ နှစ်ယောက်က ထွက်မလာသေးပေ။

မိုးစက်သည် ကိုရန်နိုင်တို့ သားအဖနှင့် ဆေးရုံသို့ပြန်သွားပြီး ညနေမှ အိမ်သို့ပြန်လာခဲ့သည်။ အိမ်တွင် မိမိကသာ အရင်ရောက်နှင့်နေသည်။ မိုးစက်သည် အိပ်ခန်းထဲတွင် လှဲရင်း ဘယ်နှစ်ကြိမ် မြောက်မှန်းမသိသော သက်ပြင်းကို ချနေမိသည်။

ဒီနေ့လည်း ၉ နာရီထိုးခါနီးမှ သူပြန်လာခဲ့သည်။ ကားပေါ်မှ ဆင်းလာပြီးနောက် သူတို့နှစ်ယောက် ခြံထဲခဏထိုင်နေသေးသည်။ မိုးစက် အခန်းပြတင်းလိုက်ကာ အကွယ်မှ ချောင်းကြည့်ရင်း ရင်ခုန်လာ သည်။ သူတို့ ခုံတန်းလေးတွင်ထိုင်ကာ စကားပြောနေပြန်သည်။ မိုးစက် မျက်နှာလွဲမည်အပြု စောမြဝတီက အကို့ပုခုံးတွင် ခေါင်းမှီလိုက်သည်ကိုတွေ့လိုက်ရသောအခါ ငယ်ထိပ်သို့ သွေးတက် ဆောင့်သလို ခံစားလိုက်ရသည်။ မိုက်ခနဲဖြစ်သွားသည်။ မိုးစက် လက်သီးကို ဆုပ်လိုက်မိသည်။ အံလည်းကြိတ်လိုက်သည်။ မိမိကိုချစ်လှပါသည် ဆိုပြီး အရယူထားသော သူက သူ့ညီမတော်လေး ကို ကြင်နာနေပုံက မိုးစက်ရင်ကို ပူလောင်သွားစေသည်။ ဝတီ့နေရာမှာ အခြားမိန်းကလေးဆိုရင် ဒီထက် အဆတစ်ရာခံစားရမှာ သေချာသည်။

"တောက်.."

မိုးစက် ခံပြင်းဒေါသထွက်ကာ ပြတင်းပေါက်မှ ဖယ်ခွာလိုက်ပြီး အိပ်ယာပေါ် ဒေါသနှင့် ပစ်လဲလိုက် သည်။ တနာရီ နီးပါးကြာမှ သူအခန်းထဲ ဝင်လာသည်။ မိုးစက် သူ့ကိုကျောခိုင်းကာ အိပ်ချင်ယောင် ဆောင်နေလိုက်သည်။ သူနှင့် စကားပြောချင်စိတ်မရှိပေ။ အချစ်က ဒီလောက်ပူလောင်သည်ကို မိုးစက် ယခုမှသိတော့သည်။

---------------------------------

မိုးစက်ကိုသူအနမ်းတပွင့်ခြွေပြီး အိပ်သွားသဖြင့် မိုးစက်၏ သံသယပိုပြင်းထန်လာခဲ့သည်။ သူ မိမိကို စိတ်ကုန်သွားပြီလား။ ဒါမှမဟုတ် ချောမောလှပသော မိန်းမချောလေးကို အကြင်နာပိုသွားပြီလားဟု တွေးကာ ရင်တွေပူလာသည်။ မိုးစက် သူ့ဘက်သို့လှည့်လာသောအခါ သူအိပ်မပျော်သေးပေ။ မျက်နှာကြက်ကိုငေးကြည့်ကာ တစုံတခုကို လေးလေးနက်နက်တွေးနေသည်။

"ချာတိတ် အိပ်မပျော်လို့လား။ "

"အင်း မီးဖွင့်ထားရင် မအိပ်တတ်လို့။"

မိုးစက်အမှန်တိုင်း မဖြေဝံ့သောကြောင့် လိမ်ပြောလိုက်သည်။တကယ်တော့ ဒီနေ့ သူတို့ဘယ်သွားခဲ့ သည်ဆိုသော ဝန်ခံစကားများပြောလာမလားဟု တိတ်လေးမျှော်လင့်နေမိခြင်းဖြစ်သည်။ သူက မီးထ ပိတ်ပေးကာ

"ဆောရီးနော်။ ကိုယ် မေ့သွားတယ်။ Good Night ချာတိတ်။ အိပ်မက်လှလှ မက်ပါစေကွာ။"
မိုးစက်ကို အနမ်းပေးပြီး သူတဖက်သို့လှည့်ကာ အိပ်သွားသည်။

မိုးစက် အမှောင်ထဲတွင ်သူ့ကျောပြင်ကို ငေးကာ အကြာကြီးနေမှ အိပ်ပျော်သွားသည်။ အိပ်မက်ထဲ တွင် မိုးစက်သည် သူပျောက်သွားသဖြင့် လိုက်ရှာနေသည်ဟု မက်ကာ လန့်နိုးလာခဲ့သည်။ မျက်လုံး ဖွင့်လိုက်သည်နှင့် ရေချိုးခန်းထဲမှ ထွက်လာသော သူ့ကို တွေ့လိုက်ရသည်။ သူက ရှင်းသန့်ကာ ကြည်လင်သော သူ့အသားအရေတွင် ရေစက်တို့ သီးနေသည်။ခါးတွင် တဘက်အဖြူတစ်ထည်သာ

ပတ်ထားသဖြင့် ကျစ်လစ်သော သူ့ကိုယ်လုံးအလှကို တွေ့နေရသည်။ မိုးစက် ရင်ခုန်သွားပြီး တဖက် သို့မျက်နှာလွဲလိုက်ကာ အိပ်ယာမှ ထလိုက်သည်။

"ချာတိတ် နိုးပြီလား။ မောနင်း အိပ်ပုပ်လေး။"

"မောနင်း အကို။"

"လုပ်တော့။ ပြီးရင် မနက်စာ အတူစားရအောင်။ ကိုယ် အရင်ဆင်းနှင့်တော့မယ်နော်။ ဖုန်းချိန်းထား တာ ရှိလို့။"

နဖူးပေါ်ကျလာသော သူ့အနမ်းများက ယခင်လို နွေးထွေးဆဲပါ။ မိုးစက် သည် သက်ပြင်းကို အသာချ ကာ ခေါင်းထဲမှ သံသယကို အတင်းမောင်းထုတ်လိုက်သည်။

"သူတကယ်လို့ ချစ်ရမယ့်သူ တွေ့သွားရင် ငါ သူ့ကို စွန့်လွတ်လိုက်နိုင်မလား။ ဒါဆို ညီမလေးကို ငါ့မျက်နှာပူစရာမလိုတော့ဘူးလေ။ သူ့ရင်ခွင်မှာပျော်နေမှ ညီမလေးကို ငါမျက်နှာပူရမှာ။"

ထိုသို့တွေးလိုက်မိစဉ် မိုးစက်၏ ဘယ်လက်ရင်ဘတ်နေရာက ဘာကြောင့် အောင့်လာသည်ကို မိမိ မသိတော့ပါ။ တကယ်ဆိုလျှင် သူအတင်းခေါ်ဆောင်ခြင်းခံ၇လို့ သူ့အလိုကို မလွဲသာပဲ လိုက်လျော နေရသော မိမိက သူ အခြားချစ်သူပေါ်လာသည်ကို ဝမ်းသာရမည် မဟုတ်လား။ အခုတော့...ဘာ ကြောင့် နာကျင်နေရတာလဲ။

မိုးစက် ရေပန်းအောက်တွင် စိတ်ငြိမ်သည်အထိ ရပ်နေမိသည်။သို့သော် ခေါင်းက နောက်ကျိနေ သေးသည်။ မိုးစက် အောက်သို့ဆင်းလာသောအခါ သူက မိုးစက် နားမလည်သော ဥရောပ ဘာသာ စကားတမျိုးဖြင့် ဖုန်းပြောနေသည်ကို တွေ့ရသည်။ စောမြဝတီက နံဘေးမှ မျက်နှာမကောင်းပဲ ရပ် နေသည်။ သူက ဖုန်းပြောပြီး စောမြဝတီ၏ ပုခုန်းလေးကို ပုတ်ကာ တစုံတခု တိုးတိုးပြောကာ နှစ်သိမ့် နေသည်။ သူတို့ပုံစံက မိမိ မသိသော ဇာတ်လမ်းတခု ရှိပုံရသည်။ မိုးစက် သူတို့ကို အသံမပြုပဲ ငေး ကာကြည့်နေမိစဉ် ဒေါ်ပိုကတွေ့သွားပြီး နူတ်ဆက်လိုက်သည်။

"မိုးလေး....လာလေ။ ဒီနေ့ မိုးလေး ကြိုက်တဲ့ ရှမ်းခေါက်ဆွဲ ချက်ထားတယ်။ "

"ဟုတ်ကဲ့ ဒေါ်လေးပို။ "

ဒေါ်ပိုက မိုးစက်၏ မျက်နှာ သိပ်မကောင်းသည်ကို ရိပ်မိကာ ဖာဖာထေးထေးပြောရှာသည်။

"မောင်နှင်းထန်က သူ့ညီမကို အလုပ်တချို့ ကူပေးနေတာလို့ကြားတယ်။ ဝတီ့ အမေ မမမြသွေးဇင် မဆုံးခင်က ဝတီ့ကို စောင့်ရှောက်ပေးဖို့ မောင်နှင်းထန်ကို အပ်ထားခဲ့တာလေ။ ဝတီလေး အိမ်ထောင်ပြု တုန်းကလည်း မောင်နှင်းထန်ပဲ အကုန်ကူညီခဲ့တာ။ "

မိုးစက်၏ သံသယ အနည်းငယ်ပြေသွားသည်။
"သြော်... ဝတီက အိမ်ထောင်ရှိသလား။ မိုးက အပျိုထင်နေတာ။"

ဒေါ်ပို ၏စကားက မိုးစက်ရင်မှ စူးနေသော ဆူးတချို့ကို ကြေသွားစေသည်။

"ဝတီ့ ခင်ပွန်းက မောင်နှင်းထန်ရဲ့ အချစ်ဆုံးသူငယ်ချင်းပဲ။ သူတို့ကို အောင်သွယ်ပေးတာလဲ မောင်နှင်းထန်ပဲလေ။ အခု ဝတီလေးက အရေးကြီး ကိစ္စရှိလို့ မောင်နှင်းထန်ကို အကူအညီလာ တောင်းနေတာ။ ခဏသည်းခံပေးလိုက်ပါကွယ်။ သူ့နှမက အကူအညီတောင်းတာ ဆိုတော့ မကူညိ လို့ မကောင်းဘူးလေ။"

ဒေါ်ပို၏ စကားကြောင့် မိမိ ရင်မှ ဝေဒနာကို လူသိသွားသဖြင့် မိုးစက် ရှက်သွားသည်။

"ရပါတယ် ဒေါ်လေးပိုရယ်။ "

"ဘာတွေရနေတာလဲ... မိုးရဲ့။"

သူက ထမင်းစားခန်းထဲ ဝင်လာရင်းမေးလိုက်သဖြင့် မိုးစက် မျက်လုံးပြူးသွားပြီး ပျာပျာသလဲဖြင့်

"ဘာမှ မဟုတ်ဘူး။ နော် ဒေါ်လေး။ ဒေါ်လေးက ဘာဟင်းချက်ပေးရမလဲ လို့မေးနေလို့။ မိုးက ဘာ ဖြစ်ဖြစ်ရတယ်လို့ ပြောနေတာ။"

သူက မင်္သကာဟန်ဖြင့် ထပ်မေးလိုက်သည်။

"ဟုတ်လို့လား။"

"ဟုတ်ပါတယ်ဆို ..။ မိုးက ဘာလို့လိမ်ရမှာလဲ။ ကဲပါ.. မိုး ဗိုက်ဆာနေပြီ .. စားရအောင်။ ဝတီလာ လေ.. ရှမ်းခေါက်ဆွဲ ကြိုက်ရဲ့လား။ တခြား စားချင်တာရှိရင် မိုး စီစဉ်ပေးပါ့မယ်။"

စောမြဝတီက မိုးစက်ကို ပြုံးကာ ဖြေလိုက်သည်။

"ကြိုက်ပါတယ် မိုးရယ်။ ကိုကို့ မေမေ ကြီးကြီး အမြဲချက်ကျွေးပေးလို့ ဝတီကြိုက်သွားတာပါ။ "

"ဒါဆို ဝတီ မေမေ့ လက်ရာ စားရပြီလို့သာ သဘောထားလိုက်တော့။ ဒေါ်လေးပိုကို မေမေ ကိုယ်တိုင် သင်ပေးထားတာ။ မေမေ့လက်ရာအတိုင်းပဲ။ ဒေါ်လေးရေ... ပြင်လိုက်ပါတော့။"

မိုးစက်သည် သူတို့ မောင်နှမ၏ ခင်မင်နွေးထွေးမှုလေးကို ငေးကြည့်နေမိသည်။ သူ့မေမေနှင့် တွေ့ခွင့်မရလိုက်သည်ကို မိမိ စိတ်မကောင်းဖြစ်သွားမိသည်။ ဝတီက မိမိထက်စာလျှင် သူနှင့် အမှတ်တရ အဖြစ်များပိုများနေခဲ့သည်။ မိုးစက် သူတို့မောင်နှမစကားပြောသည်ကို ငေးကြည့်ရင်း တိတ်တိတ်လေး အားငယ်လာခဲ့သည်။

"စားလေ...မိုး..ကြိုက်တယ် မဟုတ်လား။"

"ဟုတ်ကဲ့။ စားပါတယ်။"

"ဝတီကတော့ အဝစားပြီနော်။ နေ့လည်စာ လွတ်စားတော့မယ်။ ဒေါ်လေးပို ဝတီ့ကို လိုက်ပွဲ နောက်တစ်ပွဲ ပြင်ပေးပါအုံး။"

သူက မိုးစက်ပန်းကန်ထဲ တိုဟူးကြော်ထည့်ပေးကာ ပြောသည်။

"စားလေ မိုးကြည့်ရတာ သိပ်မလန်းသလိုပဲ။"

သူ့အကြင်နာစကားကိုကြားသောအခါ မိုးစက်မျက်ရည်ပင်ဝဲလာချင်သည်။ သူ့အကြင်နာများက အရင်လိုနွေးဆဲဖြစ်ကြောင်း ခံစားမိလိုက်ရသောကြောင့်ဖြစ်သည်။

"ကိုကိုတို့ ကလေးမယူကြသေးဘူးလားဟင်။ "

"အဟွတ်...အဟွတ်..."

ရုတ်တရက်မေးလိုက်သော စောမြဝတီ၏ စကားကြောင့် မိုးစက် စားလက်စ ခေါက်ဆွဲပင်သီးသွား သည်။
"မိုး ရော့....ရေသောက်လိုက်နော်..."

နှင်းထန် ချက်ချင်း မိုးစက်ကို ရေတိုက်ကာ ကျောကို ပုတ်ပေးသည်။ စောမြဝတီက အံ့သြသွားသည်။ မိမိမေးခွန်းက ဘာများမှားသွားသလဲလို့ တွေးနေမိသည်။

"ဆောရီးနော်။ ဝတီ့ မေးခွန်းက ကိုယ်ရေးကိုယ်တာကို အရမ်းစွတ်ဖက်မိသွားတယ်ထင်တယ်။"

"မဟုတ်ပါဘူး.. ဝတီ။ မိုးတို့က ကလေး မရသေးတာပါ။ "

"သြော်ဟုတ်လား။ ကိုကိုက ကြိုးစားလေ..."

မိုးစက်သည် ဝတီ့စကားကြောင့် မျက်နှာနီရဲသွားသည်။ ပွင့်လင်းလှသော ဝတီ့စကားကြောင့် မိုးစက် ရှက်သွားသည်။

"ဝတီ .."

နှင်းထန်သည် မိုးစက်ရှက်နေမှန်းသိသောကြောင့် ညီမကို ဟန့်လိုက်သည်။

"ရပါတယ် အကို။ ဒါ အကို့ အမှားမဟုတ်ပါဘူး ဝတီ။ မိုးဘက်က ချို့ယွင်းတာပါ။"

"ဆောရီးနော် မိုး။ ဝတီ တမင်ပြောတာ မဟုတ်ပါဘူး။"

နှင်းထန်သည် မိုးစက်၏ လက်လေးကို ဆုပ်နယ်ကာ အားပေးသည်။ မိုးစက်ဘာကို ဆိုလိုသည်ကို မိမိ သိလိုက်သဖြင့် စိတ်မကောင်းလည်းဖြစ်သွားသည်။

နှင်းထန်တို့ မနက်စာစားပြိး အပြင်သို့ထွက်သွားကြသည်။ နှင်းထန်က အပြင်သွားခါနီး မိုးစက်ပါးကို နမ်းကာနုတ်ဆက်ပြီး

"မိုး.... ဒီရက်ပိုင်း ကိုကို့ကိုခွင့်ပြုပေးပါနော်။ မိုးကို အဖော်မပြုပေးနိုင်လို့။ ကိုကို အရေးကြီး အလုပ် လေး ရှိနေလို့ပါ။ နောက်မှ အတိုးချပြီး မိုးကို အဖော်ပြုပေးပါမယ်။"

"ရပါတယ် အကို။ အကို့ အလုပ်တွေကိုသာ ကရုစိုက်ပြီးလုပ်ပါ။"
မိုးစက်ဟန်မပျက်ပြန်ပြောလိုက်သော်လည်း ရင်ထဲတော့ ဟာသွားသည်။ သူ ထွက်သွားသည်ကို အိ်မ် တံခါးဝမှ ရပ်ကြည့်ရင်း အထီးကျန်ခြင်းကို ဘာကြောင့် ခံစားမိသည်ကို နားမလည်တော့ပေ။

မိုးစက် ဆောင်းလေးထံသို့ထွက်လာခဲ့သော်လည်း မိမိစိတ်တို့က သူ့နောက်သို့ပါသွားလေပြီ။

"မိုး... နေမကောင်းဘူးလား။ မျက်နှာလည်း မကောင်းဘူး။"

"ကောင်းပါတယ် ကိုရန်နိုင်။"

"ကိုနှင်းထန်ရဲ့ ညီမဝမ်းကွဲရောက်နေတယ်ဆို။"


"ဟုတ်တယ် ကိုရန်နိုင်။ "

"မိုးက ယောင်းမချောကို အဖော်မပြုပေးဘူးလား။"

"သူ အဖော်လုပ်ပေးနေပြီလေ။ မိုး အဖော်လုပ်ပေးဖို့ မလိုပါဘူး။"

မိုးစက်သည် ငိုချင်ရက် လက်တို့ဖြစ်ကာ စိတ်ညစ်သွားသည်။ သူတို့အကြောင်းမေ့ချင်မှ ကိုရန်နိုင်က လာမေးနေသေးသည်။ မိုးစက် သမီးလေးကို ချီကာ

"ကိုရန်နိုင် မိုး သမီးလေးကို မုန့်သွားဝယ်ပေးဦးမယ်။"

"ကိုလည်းလိုက်မယ်လေ။ကိုယ်တို့ မြန်မာပလာဇာကို သွားကြတာပေါ့။အဲ့ဒီမှာ စားစရာတွေစုံတယ်။"


မိုးစက် သူတို့သားအဖနှင့် အတူ ထွက်လာခဲ့သည်။ ကိုရန်နိုင်က ဘာမှထပ်မမေးသော်လည်း မိုးစက် ကို အကဲခတ်နေသည်ကို မိုးစက်က မသိပေ။

ကိုရန်နိုင်နှင့် သမီးလေး စားစရာရွေးနေစဉ် ဝသုန် မိုးစက်ကို တွေ့သွားသည်။

"မိုးစက် မင်း ဒီကို ဘာလာလုပ်တာလဲ။"

"ဝသုန် ငါ ကိုရန်နိုင်တို့ သားအဖနဲ့ လိုက်လာတာ။ မင်းကရော.."

"ဒီနေ့ ငါဒီမှာ သီချင်းခွေအသစ် မိတ်ဆက်ပွဲရှိတယ်။ မင်းကို လှမ်းခေါ်မလို့။ မင်းတို့ အေးအေး ဆေးဆေး နေပါစေဆိုပြီး ငါမခေါ်တာ။ မင်းရဲ့ ယောင်းမလည်း ရှိနေတာ ဆိုတော့အားနားလို့။"

"ဟုတ်လား။"

မိုးစက် ခြောက်ကပ်ကပ်ဖြေသဖြင့် ဝသုန် မိုးစက် ကို စိုက်ကြည့်ကာ
"မင်းက ဘာဖြစ်နေတာလဲ။ သူတို့နဲ့ လိုက်မသွားပဲ ဒီကို ဘာလာလုပ်နေတာလဲ။"

"သူတို့က အရေးကြီးတိုင်ပင်စရာရှိလို့တဲ့ .. ငါလည်း အားနေလို့ ဆောင်းလေးဆီထွက်လာတာ။"

"မင်း ကြည့်လုပ်ဦးနော်။ ငါ အများကြီး သိပ်မပြောချင်ဘူး။ မောင်နှမဆိုပေမယ့် သွေးဝေးတယ်ဆို။ သိပ်လွှတ်မထားနဲ့လေ။ အချစ်က မျက်စိမပါဘူး။"

ကိုရန်နိုင်တို့ လာနေသဖြင့် ဝသုန် နူတ်ဆက်ကာ ထွက်သွားသည်။ မိုးစက်သည် ဝသုန့်စကားကို စဉ်းစားရင်း ပါလာခဲ့သည်။ လမ်းတွင် မိုးစက် စကားနည်းနေသည်။ သမီးလေးကသာ တီတီတာတာ ပြောနေသည်။ ကိုရန်နိုင်က မိုးစက်ကို လှမ်းကြည့်ကာ

"မိုး... ကိုနှင်းထန်နဲ့ ပြဿနာဖြစ်ထားတာလား။"

"ဟင်... မဖြစ်ပါဘူး ကိုရန်နိုင် ဘာဖြစ်လို့မေးတာလဲဟင်။"

"သြော် မိုး မျက်နှာမကောင်းအောင်လုပ်နိုင်တဲ့သူက ဒီလောကမှ ကိုနှင်းထန်တစ်ယောက်ပဲ ရှိတယ် လေ။"

မိုးစက် ခြောက်ကပ်ကပ်ရယ်မောလိုက်သည်။

"မဟုတ်ပါဘူး။ မိုး နည်းနည်း နေမကောင်းချင်လို့ပါ။"

"စောမြဝတီ နဲ့ ကိုနှင်းထန် တတွဲတွဲလုပ်နေလို့မဟုတ်လား။ "

"ကိုရန်နိုင်ဘယ်လိုသိတာလဲ။"
သူက ပြုံးကာ

"ကိုယ့်မှာ မျက်စိတွေ နားတွေ အများကြီးရှိတယ်ဆိုတာ မိုးမေ့သွားပြီထင်တယ်။သူတို့အခု ဘယ်မှာ ရှိတယ်ဆိုတာက အစ ကိုယ်သိတယ်။"

မိုးစက် အမှတ်တမဲ့ဖြင့် မေးလိုက်မိသည်။
"သူတို့ ဘယ်မှာရှိနေလို့လဲ။"

ကိုရန်နိုင်က မိုးစက်ကို စိတ်မကောင်းဟန်ကြည့်ကာ

"မိုး သူနဲ့ တကယ် ဘာမှ ဖြစ်မထားပါဘူးနော်။"

ကိုရန်နိုင်၏ စကားကြောင့် မိုးစက် ရင်ပူသည်ထက်ပူလာသည်။ သူ့ကို စိတ်မရှည်ဟန်ကြည့်ကာ

"ကိုရန်နိုင်ကို မိုးဘာကြောင့် လိမ်ရမှာလဲ။ သူတို့ဘယ်မှာဆိုတာ ကျေးဇူးပြုပြီး ပြောပြပေးပါ။"

"သူတို့က ကွာရှင်းပြတ်စဲရေးကိုလုပ်ပေးတဲ့ နာမည်ကြီးရှေ့နေကြီးဆီ ရောက်နေတယ် မိုး။"

ကိုရန်နိုင်၏ စကားသံက မိုးစက်နားထဲ ဗုံးလို ပေါက်ကွဲသွားသည်။ ထိုစကားက မိမိနားထဲ ထပ်တလဲလဲကြားယောင်နေသည်။

"သူတို့က ဘာလို့သွားရတာလဲ၊ ကိုရန်နိုင်က ဘယ်လိုသိတာလဲ။"

ကိုရန်နိုင်က မိုးစက်၏ လက်ကို ဆုပ်ကိုင်ကာ အားပေးဟန်ဖြင့် တချက်ဖြစ်ညစ်လိုက်ပြိး ဖြေသည်။

"သူတို့ ဘာကြောင့် သွားသလဲတော့ ကိုယ်လည်း မသိဘူး။ ရှေ့နေကြီးရဲ့ တပည့်တစ်ယောက်က ကိုယ့်တူတစ်ဝမ်းကွဲ ဖြစ်နေလို့သိတာပဲ။"

မိုးစက် တကိုယ်လုံး အားလျော့သွားသလို ခံစားလိုက်ရသည်။ သူက မိမိနှင့် ကွာရှင်းဖို့များကြံနေတာ လား။ ဒါမှ မဟုတ် စောမြဝတီရဲ့ အိမ်ထောင်ရေးကြောင့်လား။ မိုးစက် တွေးကာ ခေါင်းမူးလာသလို ခံစားရသည်။

"ကိုယ် အတိအကျသိရအောင် စုံစမ်းပေးရမလားမိုး။ သိပ်လည်း စိတ်မထိခိုက်ပါနဲ့ဦး။"

"ရတယ် ကိုရန်နိုင်။ မိုးဖာသာပဲ သူ့ကို မေးလိုက်ပါ့မယ်။ ဒီနေ့ မိုးစောပြန်ပါရစေ။ မိုးနည်းနည်း နား ချင်လို့ပါ။ သမိးလေး အန်တီ ခဏနေရင် ပြန်တော့မယ်နော်။ နောက်နေ့မှ အန်တီ ပြန်လာခဲ့မယ်။"


"အန်တီ မပြန်ပါနဲ့ဦး ။ မီးလေး အန်တီနဲ့ ကစားချင်လို့ပါ။"

"သမီး အန်တီနေမကောင်းဘူးလေ။ ဖေဖေ သမီးနဲ့ကစားပေးပါ့မယ်။ အန်တီ့ကို ပေးပြန်လိုက်နော်။"

ဆောင်းလေးက ကိုရန်နိုင်၏ လက်ပေါ်တွင် ငိုမဲ့ငိုမဲ့ဖြင့် ကျန်ရစ်ခဲ့သည်။

အပြန်လမ်း ကားပေါ်တွင် မိုးစက် ငိုချင်စိတ်ကို မနည်းအောင့်ထားရသည်။ ဒေါသလည်းထွက်သည်။ မခံချင်လည်းဖြစ်သည်။ ဝမ်းလည်းနည်းသည်။ တကယ်ပဲ မိမိနှင့်ကွာရှင်းချင်လို့ သူသွားတာလား။ ဒါမှမဟုတ် စောမြဝတီ့အတွက်ပဲ သွားပေးတာလား ဟု အတွေးများချာချာလည်နေသည်။ သူနှင့် စောမြဝတီ တီးတိုးပြောနေသည်က ဒီအကြောင်းဖြစ်နိုင်သည်။

အိမ်ရောက်မှ သူ့ကို အကြောင်းစုံမေးလိုက်တော့မည်။ တကယ်လို့ သူသာ မိမိကို ကွာရှင်းချင်သည် ဆိုလျှင် အသာတကြည်ကွာရှင်းကာ ထွက်သွားတော့မည်ဟု ဆုံးဖြတ်လိုက်စဉ် မိမိပေါင်ပေါ် ရေစက် တချို့ကျလာသဖြင့် မိုးစက် အံ့သြကာ ပါးကိုစမ်းမိစဉ် ဘယ်အချိန်ကတည်းက မျက်ရည်များစီးကျနေ မှန်း မသိအောင် အတွေးထဲနစ်မျောသွားသည်ကို သတိထားမိလိုက်သည်။ မိုးစက် မျက်ရည်ကို သုတ်ကာ အိမ်သို့ လေးလံသောရင်အစုံဖြင့် ပြန်လာခဲ့သည်။

--------------------------------



အချစ်စစ်၏ တည်နေရာSeason (1)Hikayelerin yaşadığı yer. Şimdi keşfedin