အချစ်စစ်၏ တည်နေရာ
Season - 1
အပိုင်း (10)
မိုးစက်သည် မိမိ အလုပ်ကို လက်စသတ်ကာ ဒေါက်တာနှင်းထန်နှင့်အတူ မြန်မာပြည် သို့ပြန်လာခဲ့သည်။ သူက တပြုံးပြုံးနှင့် ကျေနပ်နေသည်။ လေဆိပ်တွင် မထင်မှတ်သော လူတစ်ဦးနှင့် တိုးသဖြင့် မိုးစက် မျက်လုံးပြူးသွားသည်။
'အကို ခဏနော်။ ဝသုန့်အကိုဝမ်းကွဲ နဲ့တွေ့လို့။ သွားနူတ်ဆက်လိုက်ဦးမယ်။'
မိုးစက် အကိုနှင်းထန်ကို ခွင့်တောင်းကာ အပြေးလေးထွက်လာခဲ့သည်။
'ကိုရန်နိုင်... အကို ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ။ အကို့ကို ဟိုမှာ အောက်မေ့ နေတာ။'
ကိုရန်နိုင်က မိုးစက်ကို ရွှမ်းရွှမ်းစားစားကြည့်ကာမေးခဲ့သည်။
'ကိုယ် အလုပ်ကိစ္စနဲ့ ခဏပြန်လာတာ။ လေယာဉ် ချိန်းတာကို စောင့်နေတာ။ ညီက ပြန်မှာလား။'
'ဟုတ်တယ် အကို။ ညီမလေး လက်ထပ်တော့မှာကြောင့် ပြန်မှာပါ။'
'ထန် Group က ဒေါက်တာနှင်းထန် နဲ့ လက်ထပ်မှာဆို။ ဂုဏ်ယူပါတယ်ကွာ။ '
'ကျေးဇူးပဲ အကို။ ကျွန်တော်ပြောထားတာလေးလဲ ကူညီပေးပါဦး အကို။ '
'စိတ်ချပါ။ ကိုယ်စီစဉ်ထားပြီ။ အဆင်သင့်ဖြစ်ရင် ကိုယ် ညီ့ကို ဆက်သွယ်လိုက်ပါ့မယ်။ဒါနဲ့ ညီက ဘာကြောင့် အမေရိကားကို သွားချင်ရတာလဲ။'
'အပြောင်းအလဲရှိချင်လို့ပါအကို။ ပညာလည်း ဆက်သင်ချင်တယ်။ ပြီးတော့ ကိုယ့်ခြေ ထောက်ပေါ်ကိုယ်ရပ်တည်ချင်လို့ပါ။'
'ကောင်းတယ် ညီ။ အဲ့ဒီစိတ်ဓါတ်ကို ကိုယ်အားပေးတယ်။ ဘာမှ မပူပါနဲ့။ကိုယ့်အမျိုး တွေ ဟိုမှာ အခြေချနေတာတွေ ရှိတယ်။ ကိုယ်ကလည်း ဟိုနဲ့ မြန်မာပြည် ကူးနေတာ။'
'အကို့ အမျိုးသမီးက ဘယ်မှာနေသလဲ။'
'သူက ဟိုမှာပဲနေတယ်။ သမီးလေးနဲ့လေ။ ကိုယ့်သမီးလေးက ငယ်သေးလို့ သူလိုက် မလာတာ။ '
'အကို သမီးရနေပြီလား။ အသက်ဘယ်လောက်ရှိပြီလဲ။'
မိုးစက် ကလေးချစ်သူပီပီ ဝမ်းသာစွာမေးလိုက်သည်။ သူက ပြုံးကာ ဖြေသည်။
'သုံးနှစ်ရှိပြီ။ မိုးစက်တို့နဲ့ ကိုယ်မတွေ့တာ လေးနှစ်ကျော်ပြီလေ။ ခဏလေးလိုပဲနော်။ ဒါပေမယ့် ကိုယ် မိုးစက်နဲ့ ဝသုန်ကို တနေ့မှ မမေ့ပါဘူး။ ကိုယ့် ညီတွေကသာ ကိုယ့်ကို သတိမရတာ။'
'မဟုတ်ပါဘူး အကို။ ကျွန်တော်တို့လည်း သတိရပါတယ်။ အကူအညီလိုရင် အကို့ကို အရင်ပြေးပြီး အပူကပ်ရတာ အားနာလိုက်တာ အကိုရယ်။'
'ဟေး...ကိုယ်တို့ကြား ဒီစကားပြောစရာလိုလို့လား။ မိုးစက်နဲ့အကိုက ညီအကိုတွေပဲ မဟုတ်လား။ ကဲ.. ကိုယ် သွားတော့မယ်။ ကိုယ့် လေယာဉ်က အရင်ထွက်မယ်။ ပြီးမှ တွေ့ကြတာပေါ့ကွာ'
'ဟုတ်ကဲ့... အကို။ အကို ကျေးဇူတင်ပါတယ် ဗျာ'
'ကျေးဇူးတင်ရင် ကိုယ့်ကို နောက်မှ ညစာလိုက်ကျွေး ... ဟုတ်ပြီလား။ ကိုယ် ဖုန်းဆက် လိုက်မယ်။'
ကိုရန်နိုင် မိုးစက်ပုခုန်းကို ရင်းနှီးစွာပုတ်ကာ ပြောလိုက်သည်။
'ဟုတ်ကဲ့။ အကို။ ကျွန်တော် အကို့ကို ဆက်သွယ်လိုက်ပါ့မယ်။'
ဒေါက်တာနှင်းထန်သည် မိမိနှင့် ရွယ်တူသာသာ ရုပ်ရည်သန့်သန့်နှင့် လူတစ်ဦးနှင့် ရင်းနှီးစွာပြောနေသော မိုးစက်ကြောင့် မျက်မှောင်ကြုတ်ကာ ကြည့်နေမိသည်။ မိုးစက် ပြန်လာသောအခါ အကို့မျက်နှာထားကြောင့် ဆီးကာ ပိတ်ထားလိုက်သည်။ မဟုတ်လျှင် သူက သံသယ ဝင်နေဦးမည်။
'အဲ့ဒီအကိုက အိမ်ထောင်ကျပြီးကတည်းက မတွေ့ဖြစ်လို့ပါ အကို။ ခုမှ သူက အမေရိကားက ပြန်လာတာ။ ဝသုန်နဲ့တောင် ဖုန်းနဲ့ပဲ ပြောဖြစ်ကြတာ။'
အိမ်ထောင်သည်ဟု ကြားမှ ဒေါက်တာနှင်းထန် စိတ်အေးသွားသည်။
'ကိုယ်က လူပျိုထင်လို့ စိုးရိမ်သွားတာ။ ကိုယ့်ချစ်သူလေးကို သူများနောက်ပါသွားမှာ စိုးရိမ်နေရတယ်လေ။'
'အကိုရာ။ ကျွန်တော်က ဒီလိုလူမှမဟုတ်တာ။ အကို မစိုးရိမ်ပါနဲ့။ '
'ကောင်းပါပြီ။ မိုးစက် စကားကို အကို ယုံလိုက်တော့မယ်နော်။'
လေယာဉ်ပေါ်တွင် ဒေါက်တာနှင်းထန်ကမိုးစက်၏ လက်လေးကို ဆုပ်ကိုင်ထားသည်။ သူက ဘာမှ မပြောသော်လည်း မျက်နှာ အနည်းငယ် နီသွားသည်။ သူ့လက်ကိုအသာ ရုန်း၏။ သူက လုံးဝမလွှတ်ပေးပေ။ မိုးစက်သည် သူ့ကို မော့ကြည့်ကာ ထပ်ပြီးတောင်းပန်လိုက်သည်။
'အကို မိုးပွင့်ရှေ့မှာ ကျွန်တော့်ကို ဒီလိုတော့ မဆက်ဆံပါနဲ့နော်။ ညီမလေး စိတ်ဆင်းရဲ အောင်မလုပ်ပါနဲ့ဗျ။'
ဒေါက်တာနှင်းထန်က ခပ်တည်တည်ဖြင့် အပြတ်ပြောလိုက်သည်။
'မင်းကို ပြောပြီးသားလေ။ မင်းကိုယ့်ချစ်သူအဖြစ် နေပေးရင် မင်းညီမကို စိတ်ဆင်းရဲ အောင်လုပ်စရာ မလိုဘူး။ သူ့ကို ကိုယ် စိတ်မဝင်စားဘူး။ ကိုယ်စိတ်ဝင်စားတာ မင်းပဲ မိုးစက်။ မင်းကြောင့် သူ့ကို ကိုယ်လက်ထပ်တာ ဆိုတာ မင်းမမေ့ရင် ပြီးရော။'
မိုးစက် သူ့စကားကြောင့် ဘာမှဆက်မပြောနိုင်တော့ပေ။ မိမိကိုယ်ပေါ် သူ့ကြိုးများက တရစ်ပြီး တရစ် ချည်နှောင်လို့လာသည်။ သူ့ဘေးမှ ကိုယ်အမြန်ထွက်ပြေးမှဖြစ်မည်။
ဒေါက်တာနှင်းထန်နှင့်အတူ မိုးစက်ပါလာသည်ကို တွေ့သော် မိုးပွင့်မျက်နှာပျက်သွား သည်။
'မိုးစက် ... နင့် အလုပ်တွေပြီးပြီလား။ငါမေးတုန်းက လကုန်မှလာမှာဆို။ဘယ်လိုကြောင့် ကိုကိုနဲ့ အတူပါလာတာလဲ။'
'မိုးစက်ကို ကိုကို အတင်းခေါ်ခဲ့တာ မိုး။ မိုးစက်က ကိုကို့ကိုကူလို့ အလုပ်တွေ လက်စသတ်ပြီးသွားရင်လက်ထပ်ပြီး ဟန်းနီးမွန်း ကို ကိုကိုတို့ စိတ်ချလက်ချ သွားနိုင်တာပေ့ါ။'
ဒေါက်တာနှင်းထန်က မိုးပွင့်ကို ပြုံးကြည့်ကာ ပြောလိုက်သောအခါ မိုးပွင့် ဆက်မပြောရဲတော့ပေ။ သူ့နူတ်ခမ်းကပြုံးနေသော်လည်း မျက်ဝန်းကလုံးဝမပြုံးပေ။ မိမိတို့အကြောင်း ကိုသူသိသွားပြီလားဟု တွေးကာ စိုးရိမ်စိတ်ဝင်လာသည်။
'မိုးပွင့် ... ငါ လာတော့ အကို့အလုပ်ကူပေးနိုင်တာပေါ့။ နင်လိုတာလည်း ငါလိုက်လုပ် ပေးနိုင်တယ်လေ။ ဖေဖေ လည်း နောက်၁၀ ရက်ဆို ဆင်းလာတော့မယ်တဲ့။'
မိုးစက်က အကိုနှင်းထန်နှင့် မိုးပွင့်ကြားဝင်ကာ အမြန်ပြောလိုက်ရသည်။ မိုးပွင့်ကို လည်း မျက်ရိပ်ပြကာ လက်ဆွဲကာ ခေါ်လာ ခဲ့သည်။
'အကို ညီမလေး မှာလိုက်တဲ့ လက်ဆောင်တွေ ပေးလိုက်ဦးမယ်နော်။ ပြီးမှ အကို့ကို လာကူပေးပါ့မယ်။'
'ရတယ်..မိုးစက် ။ ဒီနေ့ နားလိုက်ပါ။ ညစာစားချိန်မှ တွေ့ကြတာပေါ့။ မောင်နှမ နှစ်ယောက် စကားပြောကြပါဦး။'
'ဟုတ်ကဲ့ အကို။လာ မိုးပွင့်.. နင့်အတွက် လက်ဆောင်ပါတယ်။'
မိုးစက်နှင့် မိုးပွင့်ကို ယှဉ်ပြီးအတူတွေ့လိုက်ရသောအခါ နှင်းထန် သူတို့နှစ်ဦး၏ကွာခြားမှုကို ပိုသိမြင်သွားသည်။ ပူလောင်သော အလှ နှင့် ရိုးသားအေးဆေးသော အလှ မည်သူ့ကို မိမိမြတ်နိုးသည်ဆိုတာလည်း ပိုမိုပေါ်လွင်သွားသည်။ မေမေ့လို အေးချမ်းသော အလှပိုင်ရှင်ကို မိမိ မြတ်မြတ်နိုးနိုးချစ်ခဲ့မိသည်။ ထိုသူသည် မိန်းကလေးမဟုတ်သည့် တိုင်မိမိ မြတ်နိုးမိဆဲပင်ဖြစ်သည်။
မိုးပွင့်သည် အိပ်ခန်းထဲရောက်သော် မိုးစက်ကို ဒေါသတကြီးကြည့်ကာ ရန်လုပ်တော့သည်။
'နင် ဘယ်လိုလုပ်လိုက်တာလဲ မိုးစက်။ နင်ပြောတော့ သူ့ကိုရှောင်မယ်ဆို။ သူက နင့်ဆီဘယ်လိုရောက်လာတာလဲ။ ခု သူ အားလုံးသိသွားပြီလား။ လက်ထပ်ပွဲက ဘယ်လို လုပ်မှာလဲ။ '
မိုးစက်သည် ညီမလေးကို ဖက်ကာ အားလုံးရှင်းပြရန်ကြိုးစားသည်။
'မိုးလေး... စိတ်အေးအေးထားစမ်းပါ။ သူ့က နင့်ကို လက်ထပ်မှာပါ။ ငါတို့ အကြောင်း တွေ မပေါ်သေးပါဘူး။ သူက ဘန်ကောက် ကို အလုပ်ကိစ္စလာရင်း ငါ့ကိုတွေ့သွားလို့ အတင်းခေါ်လာတာ။ ငါမလိုက်ရင် သူသံသယဝင်မှာစိုးလို့ လိုက်လာတာ။ နင် စိတ်မပူ ပါနဲ့။ ငါ နင်လက်ထပ်ပြီးရင် အမေရိကားကို အလုပ်သွားလုပ်ဖို့ ကိုရန်နိုင်ကို ငါ အကူညီ တောင်းထားပြီးပြီ။ နင်သာ ဟန်မပျက် နေပါ။ လက်ထပ်ပွဲပြီးသွားရင် သူဘာမှမတတ်နိုင်တော့ဘူး။'
မိုးပွင့်သည် မိုးစက်၏ စကားကိုကြားမှ စိတ်ပြေသွားသည်။ မိုးစက်သာ အမေရိကားကိုထွက်သွားလျှင် အကိုနှင်းထန်လည်း ဘာမှ တတ်နိုင်မည် မဟုတ်တော့ပေ။ ထိုအခါ မိမိစိတ်တိုင်းကျ ဖြစ်တော့မည်ကို တွေးကာ စိတ်အေးသွားခဲ့သည်။
မိုးစက်သည် အကိုနှင်းထန် နှင့် မိမိ၏ သဘောတူညီမှုကို မိုးပွင့်အား မပြောပြတော့ပေ။ ညီမလေးသိလျှင် စိတ်ဆင်းရဲနေလိမ့််မည်။ မိမိ အမေရိကားသို့ထွက်သွားလျှင် အားလုံး အဆင်ပြေသွားလိမ့်မည်။ လောလောဆည် ညီမနှင့် ယောက်ဖကြား အဆင်ပြေအောင် နေရမည်။
ဒေါက်တာနှင်းထန်သည် မိုးစက်ကို အလုပ်သို့ခေါ်သွားပြီး ယခင် သူလုပ်နေကျအလုပ်များကို လုပ်ခိုင်းသည်။ ဝန်ထမ်းများ အားလုံးက မိုးပွင့်နှင့် ခွဲမရအောင်တူသော မိုးစက်ကို အံ့သြစွာ ငေးကြည့်ကာ မိတ်ဆက်စကားပြောကြသည်။ မိုးစက်သည် သူတို့ကို တကယ့် လူသစ်ပမာနူတ်ဆက်နေသဖြင့် နှင်းထန် ကြည့်ကာ ပြုံးမိသည်။
'တော်တော် ဟန်ဆောင်ကောင်းတဲ့ချာတိတ်။ ရုံးမှာ စာရင်းကိုင်ကောင်မလေးတွေနဲ့ မရောရဘူးနော်။ '
'ဘာဖြစ်လို့လဲဗျာ။'
'သူတို့အကြည့်က မင်းကို မျိုချတော့မလိုပဲ။'
'ပဲ့ပါသွားတာမှတ်လို့ အကိုရာ။'
'မရဘူူးနော်။ မင်းက ကိုယ့်ချစ်သူ။ ဘယ်သူ့ကိုမှ မရောရဘူး။ ပြီးမှ ကိုယ့်ကို အဆိုးမဆို နဲ့။ဒါပဲ။'
'အကို အရမ်း အနိုင်ကျင့်တတ်တယ်ဗျာ။'
မိုးစက် သူ့ကို မကျေမနပ်ကြည့်ကာ စူပွပွနှင့်ပြောလိုက်သည်။ အရင်က မိုးပွင့်အနေနှင့် ရှိစဉ်ကထက် အခု သူက မိမိကို သဝန်တိုလွန်းနေသည် မဟုတ်လား။ နှင်းထန်က ထိုအမူအယာကို အူယား ကာဖြတ်ခနဲ ပါးကိုနမ်းလိုက်သည်။
'ဟင်...အကို ရုံးမှာနော်။ လူတွေမြင်သွားလိမ့်မယ်။ ဘာလို့ ဘလိုင်းကြီး လာနမ်းရတာလဲ။'
'ချစ်လို့။ အူယားလို့။'
သူက ပြုံးတုံ့တုံ့ဖြင့်ဖြေကာ ဖတ်လက်စဖိုင်ကို ဆက်ကြည့်နေသဖြင့် မိုးစက် သူနှင့် ဝေးရာသို့ တိုးကာ အလုပ်ကိုကူပေး လိုက်သည်။ သူ့အနားသိပ်ကပ်လို့မဖြစ်ဟု တွေးနေမိသည်။ သူက စိတ်ဖောက်ပြီး လာလာနမ်းနေရင် ခက်တော့မည်။ သူနမ်းတိုင်း မိမိလည်း မျက်နှာတခုလုံး ပူရှိန်းသွားရသည်။ဒါအပြင် ရုံးက ဝန်ထမ်းများတွေ့သွားလျှင် အားလုံး ခွေးလုံးလုံးဖြစ်တော့မည်။
အိမ်သို့ရောက်သော် မိုးပွင့်က မိုးစက်ကို သူ့အနားခေါ်ထားကာ ဒေါက်တာနှင်းထန် မကပ်နိုင်အောင် လုပ်ထားသည်။ ထမင်းဝိုင်း တွင် မိုးစက်၏ပန်းကန်ထဲ နှင်းထန် ဟင်းထည့်ပေးလျှင် မိုးပွင့် မျက်နှာပျက်သွားသည်။ မိုးစက်က ညီမလေး ပန်းကန်ထဲ သူထည့်ပေး သည့် ဟင်းကိုပြန်ထည့်ပေးကာ ပြောလိုက်သည်။
'မိုးလေး ... စား။ အကို့ပန်းကန်ထဲကို ထည့်ပေးလိုက်ဦးလေ။'
မိုးပွင့် ထည့်ပေးလိုက်စဉ် သူက ပြုံးကာ မိုးစက်ကို လှမ်းပြောလိုက်သည်။ သူ့စကားကိုကြားသော် မိုးပွင့် မျက်နှာပုပ်သွားချင်မိသည်။ မိမိထက် မိမိအကိုကို ဂရုစိုက်နေသည်က ခံရခက်လွန်းလှသည်။
'ကျေးဇူး မိုးပွင့်။ ချာတိတ် ကိုယ့်အိမ်လို သဘောထားနော်။ အားရပါးရစားပါ။'
ဒေါ်ပိုသည် မိုးပွင့်နှင့် မိုးစက် တို့နှစ်ဦးကို အတူတွေ့သောအခါ မအောင့်နိုင်ပဲ ပြောထွက်ခဲ့သည်။
'တူလိုက်တာနော်။ မိုးစက်သာ မိန်းကလေးလို ဝတ်ထားရင် ဒေါ်ပိုခွဲနိုင်မှာ မဟုတ်ဘူး။'
မိုးစက်က ရယ်ကာ ခင်မင်စွာပြောပြလိုက်သည်။
'ငယ်ငယ်က ကျွန်တော်တို့ အဝတ်ဆင်တူဝတ်ထားရင် ဖေဖေတောင် မမှတ်မိဘူးဗျ။ ကြီးလာတော့မှ ခွဲနိုင်တာ။'
ဒေါ်ပိုက မိုးစက်၏ ပြုံးပုံကို စိုက်ကြည့်ကာ ဇဝေဇဝါဖြစ်နေသည်။ မိမိနှင့် ခြောက်လခန့် အတူနေခဲ့သော မိုးပွင့်၏ ပြုံးပုံက ယခု မိုးစက်နှင့် တထေရာတည်းတူနေပါလား။ စိတ်ထဲကပါ အူလှိုက်သည်းလှိုက်ပြုံးတတ်သော အပြုံးကို ဒေါ်ပို အကြိုက်ဆုံးဖြစ်သည်။ ယခု မောင်နှင်းထန်ှနှင့် လက်ထပ်မည့် မိုးပွင့်လေး၏ ပြုံးပုံက ရုတ်တရက်ကြည့်လျှင်တုူသော်လည်း အသက်မပါပေ။ မိုးပွင့်လေး ဘာကြောင့် ရုတ်တရက်ပြောင်းလဲသွားသည်ကို စဉ်းစားလို့မရတော့ပေ။
'မောင်မိုးစက် ထည့်စားနော်။ ဘာကြိုက်တတ်လဲ။ပြောထားလိုက်လေ။ ဒေါ်ပိုချက်ကျွေး မယ်။'
'ရပါတယ် ဒေါ်လေးပို။ ကျွန်တော် ဘာမဆိုစားတယ်။'
နှင်းထန်က ပြုံးကာ ဒေါ်ပိုကို လှမ်းပြောလိုက်သည်။
'မိုးပွင့် စားတာမှန်သမျှ မိုးစက်စားတယ် ဒေါ်ပို။ သူတို့မောင်နှမက နှစ်ကိုယ်တစ်စိတ် ရယ်။'
ဒေါက်တာနှင်းထန်က အနှောင့်အသွားမလွတ်ပြောသဖြင့် မိုးစက်က ရယ်ကျဲကျဲဖြင့် လှမ်းပြောလိုက်ရသေးသည်။
'အမွှာတွေမို့ တူတာပေါ့ အကိုရယ်။'
ထမင်းဝိုင်းတွင်း မိုးပွင့်က ဘေးလူပုံစံဖြစ်နေသဖြင့် မျက်နှာပုတ်လာသည်။ မိုးစက်က မိုးပွင့်၏ ခြေထောက်ကို စားပွဲအောက်မှ လှမ်းတို့ကာသတိပေးလိုက်မှ မိုးပွင့် မျက်နှာ ထား ပြင်သွားသည်။ ည TV ကြည့်ချိန်တွင် မိုးပွင့်နှင့် မိုးစက်က ဆိုဖာရှည်ပေါ်အတူ ထိုင်နေသည်။ ဒေါက်တာ နှင်းထန်က မိုးစက်ဘေးမှ ဝင်ထိုင်ကာ ပုခုံးကို လှမ်းဖက်ပြီး
'ကိုယ် မိုးတို့မောင်နှမနဲ့ ဒီလို တရင်းတနှီးနေချင်နေတာကြာပြီ။ မိုးတို့က အရမ်းရင်းနှီး ကြတယ်နော်။ အားကျလိုက်တာ။ ကိုယ်က အမြဲတမ်း အထီးကျန်ခဲ့ရတာ။'
မိုးပွင့်သည် မိုးစက် ၏ ပုခုံးပေါ်မှ သူ့လက်ကိုစိုက်ကြည့်လိုက်စဉ် မိုးစက် သူ့လက်ကို မသိမသာ ဆွဲဖယ်ကာ ဟန်မပျက် စကားဆက်ပြောနေလိုက်သည်။ ညီမနှင့် ထိုလူကြီးကြားရောက်သွားလျှင် မိုးစက် တကယ်ကို စိတ်ညစ်သည်။ မိုးပွင့်ကလည်း ထိမခံ။ ထိုလူကြီးကလည်း မိုးပွင့်ရှေ့ မထိပါနဲ့ဆိုတာကို အခွင့်ရေးက ယူချင်နေသည်။ ဖြစ်နိုင်ရင် ထိုလက်ကို ဆွဲဆိတ်လိုက် ချင်သည်။
'အကိုနဲ့ ကျွန်တော်က ခုဆို ညီအစ်ကို တော်သွားပြီပဲဗျာ။ အကိုမမှတ်မိလို့ပါ။ငယ်ငယ် တုန်းက အကို ကျွန်တော်တို့ မောင်နှမကို မွေးစားချင်တယ်လို့ပြောဖူးတယ်။'
'ဟုတ်လား။ မိုးပွင့် မှတ်မိလား။ ကိုကို့ကို တခါမှ မပြောဖူးပါလား။'
မိုးပွင့်က နားမလည်ဟန်ဖြင့်ပြုံးကာ ရိုးသားအပြစ်ကင်းသည့်ပုံလေးနှင့် ပြန်ဖြေလိုက်သည်။
'မိုးတော့ မမှတ်မိတော့ဘူး ကိုကို။'
ထိုစဉ် ဖုန်းလာသဖြင့် မိုးစက် အသက်ရှူချောင်သွားသည်။
'အကို ခဏနော်။ ဖုန်းလာလို့။'
မိုးစက်သူတို့ နှစ်ယောက်ကြားမှပြေးထွက်လာခဲ့သည်။ ကြာလျှင် မိမိရူးတော့မည်။ ပြီး တော့ဖုန်းနံပါတ်က ကိုရန်ုနိုင်၏ နံပါတ်ဖြစ်သောကြောင့် အိမ်ပေါ်သို့ တက်လာခဲ့သည်။
ဒေါက်တာနှင်းထန်သည် ဖုန်းလာသဖြင့် တန်းနေအောင်ပြေးသွားသော မိုးစက်ကို ငေးကြည့်ကာ ကျန်ရစ်ခဲ့သည်။ မိုးပွင့်သည် သက်ပြင်းကိုခိုးရှိုက်ကာ သူ့ကို စကားပြောနေသော်လည်း သူ့အာရုံက မိုးစက်နောက်သို့ပါသွားလေပြီ။
မိုးပွင့်တို့ဘက်မှ အမျိုးများက တဖွဲဖွဲရောက်လာလေပြီ။ မိုးစက်သည် အမျိုးများသွားချင် သည့်နေရာများကို လိုက်ပို့ပေးနေရသဖြင့် ဒေါက်တာနှင်းထန်ဘေးမှ လစ်ထွက်လာနိုင်ခဲ့သည်။ ထိုညနေ အမျိုးများကို လိုက်ပို့ပေးပြီး ရေချိုးကာ ချိန်းထားသည့်နေရာသို့ လာခဲ့သည်။ ကိုရန်နိုင်က ညနေစာ လိုက်ကျွေးမည်ဆိုလို့ ထွက်လာခဲ့သည်။ အကို နှင်းထန် ရုံးမှ ပြန်မလာသေး သောကြောင့် အသာလစ်ထွက်လာခဲ့သည်။ သူရှိလျှင် စစ်ဆေးနေဦးမည်ဖြစ်သည်။
သို့သော် ကံဆိုးပြီး ကိုရန်နိုင်နှင့် ညစာစားပြီး ပြန်လာစဉ် ကားပါကင်၌ သူနှင့် တည့်တည့်တိုးတော့သည်။ မိမိသည် အကိုနှင်းထန် နှင့် ပတ်သတ်တိုင်း ကံကိုဆိုးနေတော့သည်။ သူ့ကံကိုက မြင့်လွန်းနေသလားတော့ မသိတော့ပေ။ မိမိခိုးလုပ်လျှင် သူ ချက်ချင်း ကိုမိတော့သည်။ ဒေါက်တာနှင်းထန်သည် သူငယ်ချင်း ကျော်ခိုင်ထွန်းနှင့်အတူ ညစာလာစားစဉ် ကားပါကင်တွင် ရပ်စကား ပြောနေသော လူနစ်ဦးကို တွေ့သော် မျက်မှောင်ကြုတ်သွားသည်။ကျော်ခိုင်ထွန်းက မိုးစက် ဘေးမှလူကိုတွေ့သော် အံ့သြ သွားသည်။
'ရန်နိုင်ပါလား။ ဒီကောင် အိမ်ထောင်ကျသွားတာတောင် မိုးစက်ကို သံယောဇဉ်ကြီး တုန်းပါလား။ ဒီပြန်ရောက်တာနဲ့ မိုးစက်ကို ချက်ချင်းလိုက်ရှာတယ်။သူ့မှာလဲ ဒုက္ခပါပဲ ကွာ။'
ထိုစကားကိုကြားသော် နှင်းထန် ဆတ်ခနဲ ဖြစ်သွားသည်။
'အဲ့ဒီလူက ဘယ်သူလဲ ကျော်ခိုင်ထွန်း။ ဝသုန်ရဲ့ အစ်ကိုဝမ်းကွဲ မဟုတ်ဘူးလား။'
ကျော်ခိုင်ထွန်းက ရယ်မောကာ နှင်းထန်ကို အကြောင်းစုံပြောပြခဲ့သည်။
'မင်းကို ဘယ်သူဖြီးလိုက်ပြီလဲ။ အဲ့ဒါ ငါ့ရဲ့ ငယ်သူငယ်ချင်း။ မိုးကုတ်က သူဌေးသား ရန်နိုင်။ မြစ်ကြီးနားကို အလည်သွားရင်း မိုးပွင့်နဲ့ မိုးစက်ကိုမှားပြီး ကြိုက်မိခဲ့တယ်။ မိုးစက်က ယောကျ်ားလေးမှန်းသိသွားတာတောင် စွဲလန်းနေလို့သူ့အိမ်က မိန်းမပေးစား
လိုက်တာ။ ဒါတောင်သူက ချက်ချင်းလက်မခံဘူး။ မိုးစက်က ခါးခါးသီးသီးငြင်းလို့သာ လက်ထပ်လိုက်တာ။ ခု ကလေးတစ်ယောက် ရနေပြီလို့ ကြားတယ်။ နေဦး ငါ သွားနူတ် ဆက်လိုက်ဦးမယ်။ မင်း ခဏစောင့်ပေးကွာ။'
'ရတယ် သူငယ်ချင်း။ ငါလည်း လိုက်ခဲ့မယ်။'
'အေး.. ဒါဆိုလည်း လာခဲ့လေ။'
ကျော်ခိုင်ထွန်းက ကျောင်းနေဘက်ဟောင်း ရန်နိုင်၏ ပုခုံးကို အားပါးတရ ပုတ်ကာ နူတ်ဆက်လိုက်သည်။
'ဟေ့ကောင်ကြီး ရန်နိုင် ..ဘယ်တုန်းက ပြန်ရောက်နေတာလဲ။ ငါ့ကိုဖုန်းတောင် မဆက် ဘူးကွာ။ '
'ဟာ .. ကျော်ခိုင်ထွန်း.. မတွေ့တာကြာပြီ။ငါ့သူငယ်ချင်းက ချောတုန်းပါလား။ ကလေး ဘယ်နှစ်ယောက်ရပြီလဲ။ ငါ ရောက်တာ ၂ ပတ်လောက်ပဲ ရှိသေးတယ်'
'သားချည်းပဲ ၂ ယောက်ကွ။ မင်းရော'
'ငါက သမီးလေးကွ။'
'အေး.. မင်းသမီးကို ငါ့သားနဲ့ ပေးစားမယ်ကွာ...'
'ငါက သမီးရှင်ဆိုတော့ စဉ်းစားဦးမယ်ကွ... ဟား.. ဟား ..'
သူငယ်ချင်းနှစ်ဦး ပွေ့ဖက်နူတ်ဆက်ကာ အလွမ်းသယ်နေစဉ် မိုးစက်က ဒေါက်တာ နှင်းထန် ၏ဒေါသမျက်ဝန်းကို ရင်မဆိုင်ရဲသဖြင့် မျက်နှာလွဲထားလိုက်သည်။
ကျော်ခိုင်ထွန်းက သူငယ်ချင်းကို လွှတ်ပေးပြီး ဒေါက်တာနှင်းထန်နှင့် မိတ်ဆက်ပေး သည်။
'သူငယ်ချင်း ဒါ ငါ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း ထန်အုပ်စုက MD ဒေါက်တာနှင်းထန်၊ နှင်းထန် ဒါငါ့ရဲ့ ငယ်သူငယ်ချင်း ရန်နိုင်။ '
နှစ်ဦးသား ပြုံးကာ ခေတ်ပညာတတ်ပီပီ လက်ဆွဲနူတ်ဆက်ကာ အပြန်အလှန်ကဒ်လဲကြ ပြီး နောက် ဒေါက်တာနှင်းထန်က မိုးစက်ဘက်ကို လှည့်ကာ ပြောလိုက်သည်။
'မိုးစက် အိမ်ပြန်တော့မှာလား။ ကိုယ်နဲ့ အတူလိုက်ခဲ့လေ။'
'ရတယ် အကို။ အကိုတို့က ညစာစားကြမှာ မဟုတ်လား။ ကျွန်တော်တို့ကစားပြီးပြီ။ ကျွန်တော့်ကို ကိုရန်နိုင် ပြန်ပို့ပေးလိမ့်မယ် အကို။အကိုတို့ကျွန်တော်တို့ကို ခွင့်ပြုပါဦး'
မိုးစက်က ကိုရန်နိုင်၏ လက်ကိုဆွဲကာထွက်လာခဲ့သည်။ ဒေါက်တာနှင်းထန်သည် မိမိ စကားကိုငြင်းပယ်ကာ သူစိမ်းယောကျ်ား ၏လက်ကို ဆွဲကာထွက်သွားသည့် မိုးစက်၏ လုပ်ပေါက်ကို ဒေါပွကာကျန်ရစ်ခဲ့သည်။ မိမိသတိပေးထားသည့်ကြားမှ သူက မိမိ မကြိုက်သည်အလုပ်များကိုသာ လုပ်နေသဖြင့် အူယားကာကျန်ရစ်ခဲ့သည်။
'မိုးစက်က အရမ်းစိတ်ရင်းကောင်းတယ် နှင်းထန်။ ဒါကြောင့် လူတိုင်းက သူ့ကိုဆိုရင် အပေါင်းသင်းလုပ်ချင်ကြတယ်။ ရန်နိုင် ကသူ့ကို အရမ်းစွဲလန်းတုန်းက သူက ရန်နိုင် အပေါ်လုံး၀ အခွင့်ကောင်းမယူရှာဘူး။ ကိုယ်တောင်းဆိုလို့ အမုန်းခံပြီး ရန်နိုင်ကို စိတ်ပျက်သွားအောင် သူပဲ ပစ်ပစ်ခါခါ ပြောခဲ့တာ။ အခုမှ ရန်နိုင် သူ့စေတနာကို သိလို့ ပြန်ဆက်သွယ်တာဖြစ်မယ်။'
ဒေါက်တာနှင်းထန် သည် ကိုရန်နိုင်နှင့်ပါသွားသော မိုးစက်ကိုသာ မြင်ယောင်ကာ စိတ်မချ ဖြစ်နေမိသည်။
'မင်း မိုးပွင့်ကို တကယ်ချစ်သလား နှင်းထန်။'
'အင်း... ချစ်ပါတယ်။ ဘာဖြစ်လို့မေးတာလဲ။'
'မင်းချစ်မှ သူ့သည်းညည်းကို ခံနိုင်မယ်။ မိုးပွင့်က တော်တော်ဆိုးတယ်။ တဇွတ်ထိုးနိုင် တယ်။ သူ့အတွက်ပဲ စဉ်းစားတယ်လို့ကြားတယ်။'
'ကိစ္စမရှိပါဘူး။ ငါ အားလုံးစဉ်းစားပြီးသားပါ။'
'အေးပါကွာ။ မင်းသည်းခံနိုင်ရင်ပြီးတာပါပဲ။ မိုးစက်နဲ့ မိုးပွင့်က ပြောင်းပြန်ဖြစ်နေတာ၊ နှမျောဖို့ကောင်းတယ်ကွာ။'
ဒေါက်တာနှင်းထန်သည် သူငယ်ချင်းပြောသည်ကို နားထောင်ရင်း အရက်ကိုသာ ဖိသောက်နေမိသည်။ အိမ်သို့မြန်မြန်ပြန်ပြီး မိုးစက်နှင့် စာရင်းရှင်းချင်လှပြီ။ ဒေါက်တာနှင်းထန်အိမ်သို့ရောက်သော် မိုးစက် အခန်းထဲဝင်သွားလေပြီ။ သူ မိုးစက်၏ အခန်း တံခါးကို သွားခေါက်ကာ ခေါ်လိုက်သည်။ ညနေက တွေ့ခဲ့သည့် အကြောင်း စာရင်းမရှင်းရလျှင် မိမိဘယ်နည်းနှင့်မှ အိပ်ပျော်မည် မဟုတ်ပေ။
'မိုးစက်... ပြောစရာရှိတယ်။ တံခါးဖွင့်ပေး။'
'ကျွန်တော်အိပ်ချင်ပြီ အကို။ ပြောစရာရှိရင် မနက်မှပြောပါတော့။'
မိုးစက် သူနှင့် ရင်မဆိုင်ချင်သောကြောင့် စကားစဖြတ်လိုက်သည်။ သူက တံခါးကို ဆက်တိုက်ခေါက်ကာ ဂျီတိုက်တော့သည်။
'မင်း ထွက်မလာမချင်း ကိုယ်တံခါးကို ထုနေမှာ။ မင်းဆွေမျိုးတွေ အားလုံးနိုးကုန်ရင် ကိုယ်တာဝန်မယူဘူးနော်။ ဖွင့်မလား၊ မဖွင့်ဘူးလား ပြော'
သူတကယ်လုပ်လို့ ဆွေမျိုးအားလုံးနှိုးလာရင် ပြသနာတက်မည်စိုးသောကြောင့် တံခါးဖွင့် ပေးလိုက်စဉ် သူက မိုးစက်၏ လက်ကို ဆွဲခြံထဲဆင်းလာခဲ့သည်။ ခြံထောင့် မြတ်လေးပန်းများဖွေးဖွေးလှုပ်ပွင့်နေသော ပန်းခြုံလေးနားက ခုံတန်းလေးစီကို သူ ဆွဲခေါ်လာ သဖြင့် မိုးစက် တရွတ်တိုက်လုနီးပါး ပါလာခဲ့သည်။
မိုးစက်သည် အကိုနှင်းထန်၏လက်မှ အတင်းရုန်းသည်။ သူ့ဒေါသကို မိမိသိသည်။ ဘာကြောင့်မိမိကို ဒီခေါ်လာသည်ကို သိသောကြောင့်လည်း ထွက်ပြေးရန်ကြိုးစားခြင်း ဖြစ်သည်။ ပန်းခြုံနားရောက်မှ သူကလက်ကိုလွှတ်ပေးလိုက်သည်။ မိုးစက်သည် ယုန်လေးလို လှစ်ခနဲပြေးထွက်သွားသော်လည်း နှင်းထန်က ပိုမြန်သည်။ မိုးစက်၏ခါးကို ဆတ်ခနဲ ဆွဲဖက်ကာ လိမ်ညာတတ် လွန်းသော နူတ်ခမ်းလေးကို ဒဏ်ခတ်လိုက်သည်။ သို့သော် မိုးစက်က သူ့ရင်ဘတ်တွင်မျက်နှာကို အတင်းဝှက်ထားသဖြင့် ဒေါက်တာနှင်းထန်သည် အင်မတန်လည်သော ကောင်လေး၏ လည်ဂုတ်လေးကို အနမ်းပြင်းပြင်းပေးလိုက်သည်။
'အကိုမလုပ်နဲ့ဗျာ... ယားတယ်'
မိုးစက်တွန့်သွားပြီး ပြောသည်။ သို့သော်သူက လည်ပင်းများကိုပါ ပြင်းပြသော အနမ်း ကြမ်းပေးနေသဖြင့် သူ့ရင်ခွင်မှ ရုန်း သော်လည်း သူက မိမိကို ရာဇဝတ်သားကို ချုပ်ထားသဖြင့်လှုပ်လို့ပင်မရပေ။ ဒေါက်တာနှင်းထန်သည် ဒေါသ၊ သဝန်တိုခြင်း၊ အချစ်၊ အရက်တို့ရောကာ ကောင်လေး ကို အတိုးနှင့် အပြစ်ပေးရန်သာကြိုးစားတော့သည်။ မိုးစက်၏ နူတ်ခမ်းလေးကို နမ်းခွင့်မ ရတော့ လည်ပင်းများကို အမှတ်သားပေးရန် နမ်းရင်း လက်တစ်ဖက်က မိုးစက်၏ကိုယ် ကို မချင့်မရဲပွတ်သပ်နေသဖြင့် မိုးစက် ကြောက်လာသည်။ သူ့ထံမှ အရက်နံ့ကြောင့် ပိုကြောက်မိသည်။ မိုးစက်သည် သူ့ဒေါသကို ပြေအောင်လုပ်ရန် ဆုံးဖြတ် လိုက်သည်။
'အကို... ရပ်ပါတော့။ ကျွန်တော့်ကို သိပ်အနိုင်မကျင့်ပါနဲ့။ ကျွန်တော်စိတ်ညစ်လာပြီ'
နှင်းထန်သည် မိုးစက်၏ စကားကြောင့် ခပ်တိုးတိုးရယ်ကာ တိုးလို့နမ်းရင်း မေးလိုက်သည်။
'နေပါဦး။ အဆက်ဟောင်းကို သူငယ်ချင်းအကိုပါလို့ လိမ်ပြောပြီး အပြင်မှာ ချိန်းတာ ဘယ်သူလဲ။ ပြီးတော့ ကိုယ့်ကို ရှင်းမပြပဲ ရှောင်နေတာ ဘယ်သူလဲ။'
မိုးစက် သူ့ကို ရှင်းပြရန် ခေါင်းကိုမော့လိုက်စဉ် အခွင့်ရေးစောင့်နေသော သူက နူတ်ခမ်း ကို နာကျင်သည်အထိ ဒဏ်ခတ် လိုက်သည်။ မိုးစက်သည် မျက်လုံးပြူးကာ သူ့ကို ထု ရိုက်သော်လည်း လုံးဝလွှတ်မပေးပေ။ သူစိတ်ကျေနပ်သည်အထိ နမ်းပြီးမှ လွှတ်ပေးကာ ရီဝေေ၀နှင့်ကြည့်ကာ မေးလိုက်သည်။
'ကဲ... ကိုယ့် ကို ရှင်းပါဦး။ မင်းနဲ့ ကိုရန်နိုင်က ဘာတွေလဲ။'
မိုးစက်သည် သူ့ကို ဒေါသနှင့် ကြည့်ကာ နူတ်ခမ်းကို လက်ခုံနှင့်သုတ်ပစ်ကာ ဒေါသနှင့် ပြန်ဖြေလိုက်သည်။ ဇွတ်တရွတ်နိင်လွန်း သည့် သူ့ကို ဆက်ပြီးစကားမပြောချင်တော့ပေ။
'ဘာမှ မဟုတ်ဘူး။တော်ပြီ။ကျွန်တော့်ကို အနိုင်ကျင့်တယ်။ စကားမပြောချင်တော့ဘူး။'
'မင်းမပြောရင် ဘယ်မှမသွားရဘူး။ '
ဒေါက်တာနှင်းထန် ကခပ်တည်တည်ဖြင့် ခြိမ်းခြောက်သည်။ မိုးစက်သည် သူ့ကို မကျေမနပ်ကြည့်ကာ စိတ်ပေါက်ပေါက်ဖြင့် ဘုတောလိုက်သည်။
'ကိုရန်နိုင်နဲ့ ကျွန်တော် ဘယ်လိုပတ်သတ်ပါစေ။ အကို့ကို ဘာထိခိုက်သွားလို့လဲ။ ဒါ ကျွန်တော့် ကိုယ်ရေးကိုယ်တာပါ။ ပြီးတော့ အခုက ကျွန်တော်တို့ ဘာလုပ်နေလို့လဲ။ မိတ်ဆွေတယောက်နဲ့ညစာလိုက်စားတာပဲ။ အကိုဘာကြောင့် ကျွန်တော့်ကို ပြဿနာ ရှာနေရတာလဲ။ '
မိုးစက်၏ စကားကြောင့် ဒေါက်တာနှင်းထန် ဒေါပွရပြန်သည်။
'ဘာ... မင်း ကိုယ့်ရဲ့ ခံစားချက်ကို မသိတာလား။ မသိချင်ယောင်ဆောင်နေတာလား။ ကိုယ်က မင်းကိုချစ်တဲ့သူလေ။ အဆက်ဟောင်းနဲ့ ညစာသွားစားတာကို ကိုယ်က သဘောထားကြီးကြီးနဲ့ ကြည့်နေရအောင် ကိုယ်ကနွား မဟုတ်ဘူး။ ပြီးတော့ သူနဲ့ မင်းရဲ့ ပတ်သတ်မှုကို အစကတည်းက ပွင့်ပွင့်လင်းလင်း ပြောမထားပဲ ကိုယ့်ကို လိမ် ထားတယ်။ပြောပါဦး။ကိုရန်နိုင်ကို မင်းသံယောဇဉ် မကုန်သေးလို့ ပြန်ဆက်မလို့လား'
ဒေါက်တာနှင်းထန်သည် အားမလိုအားမရဖြင့် မိုးစက်၏ ပုခုံးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ကို်င်လှုပ်ရင်း မေးလိုက်သည်။သူ၏ ခွန်အားကြောင့် မိုးစက်သည် လေကြမ်းတိုက်ခံရသော သစ်ပင်လို လှုပ်ခါသွားသည်။
မိုးစက်သည် သူ့တဖက်သတ် အမြင်ဖြင့် စွပ်စွဲကာ အနိုင်ယူနေသော ယောက်ဖကြောင့် စိတ်ရှုပ်ထွေးလာသည်။
'ကိုရန်နိုင်က အိမ်ထောင်သည်ပါ။ သူများအိမ်ထောင်ရေးကို နှောက်ယှက်ဖျက်ဆီးတဲ့ အထိ ကျွန်တော်အောက်တန်းမကျပါဘူး။ ပြီးတေ့ာ ကိုရန်နိုင်ကို လိုချင်ရင် လူပျိုဘ၀ ကတည်းက ကျွန်တော် အရယူခဲ့မှာပေါ့။ အကို ကျွန်တော့်ကို ယုံကြည်မှုမရှိမှတော့ ကျွန်တော့်ကို စွန့်ပစ်လိုက်ပါ။ ကျွန်တော့်ကို ခေါ်ခေါ် ပြီး မနှိပ်စက်ပါနဲ့တော့။'
'ဘာ မင်းကို ခေါ်ပြီးနှိပ်စက်တယ် ဟုတ်လား။ ကိုယ့်အချစ်က မင်းကို နှိပ်စက်တယ် လို့မင်းမြင်တယ်ပေါ့။ ဟုတ်လား။'
နှင်းထန် မိုးစက်ကို စူးစိုက်ကြည့်ကာ တင်းမာစွာမေးလိုက်သည်။ ကောင်လေး မိမိအချစ် ကိုစော်ကားလွန်းနေပြီ။ ထို့ကြောင့် မိုးစက်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ မာကျောစွာပြောလိုက်သည်။
'ကိုယ်က မင်းကို ချစ်လွန်းလို့ရူးရတော့မယ် သိရဲ့လား။ဒါတောင် မင်းက ကိုယ့်ကိုပြန်ပြီး အပြစ်တင်နေသေးတယ် ဟုတ်လား။ မင်းကွာ။ ငါစိတ်ရှိတိုင်း လုပ်လိုက်ရ ...'
မိုးစက်သည် မိမိလက်ကောက်ဝတ်ကို လိမ်ချိုးမတတ်တင်းကျပ်စွာ ဆုပ်ကိုင်ထားသော ကြောင့် နာကျင်လာသည်။ ထို့ပြင် သူကတဖက်သတ် အနိုင်ကျင့်ပြီး အပြစ်တင်ကြိမ်း မောင်းနေသောကြောင့် ဒေါသမျက်ရည်ဝဲလာသည်။ မိုးပွင့်ကြောင့် သူ့ကို သည်းခံလေ သူက ပိုအနိုင်ကျင့်လေဖြစ်သည်။
'ကျွန်တော့်ကိုချစ်တယ်ဆိုပြီး ကျွန်တော့်ဘဝကိုဝင်စွတ်ဖက်တဲ့သူ၊ကျွန်တော့်လွတ်လပ် ခွင့်ကို ထိပါးလာတဲ့သူတွေကို မုန်းတယ်။'
မိုးစက် ဒေါသဖြင့် သူ့ကို ပြောလိုက်သည်။ ဒေါက်တာနှင်းထန် သည် မိုးစက်၏ စကား ကြောင့် ယမ်းပုံမီးကျ ဒေါသူပုန်ထတော့သည်။
'ဘာ... မင်းက ကျုပ်ကို မုန်းတယ်ပေါ့လေ ဟုတ်လား။'
'ဟုတ်တယ်။ အကို့ကို မုန်းတယ်။ ကျွန်တော့်ကို တဖက်သတ် အနိုင်ကျင့်လို့အရမ်းမုန်း တယ်။ လွှတ် ကျွန်တော့် လက်နာနေပြီ။ '
ဒေါက်တာနှင်းထန်၏ ဆင်ခြင်တုံတရားတို့သည် ဒေါသကြောင့် ပျောက်ကွယ်လုနီးပါး ဖြစ်သွားပြီး အံကြိတ်ကာ နာကျင်စွာ ပြောလိုက်သည်။
'မင်းမုန်းလေ... မင်းကိုပိုချစ်လေပဲ မိုးစက်။ မင်းညီမကို လက်မထပ်တော့ဘူး။ မင်းကိုပဲ လက်ထပ်တော့မယ်။ မင်းကို ကိုယ်ပိုင်ဆိုင်ခွင့်ရမှ စိတ်ချနိုင်မယ်။ မင်းကို ကိုယ်အရယူ မယ် မိုးစက်။ ကိုရန်နိုင်လက်ထဲ မင်းကို အပါမခံနိုင်တော့ဘူး။'
သူ့စကားကြောင့် မိုးစက် မျက်လုံးပြူးသွားသည်။ သူ့စကားများက ဘာအဓိပါ္ပယ်ပေါက် သွားသည်ကို သူသိပါလေစ။ သူ မူးလည်း အရမ်းမူးနေလေပြီ။ ထို့ကြောင့် မိုးစက် သူ့ကို လေသံမာမာဖြင့် သတိဝင်လာအောင်ပြန်ပြောလိုက်သည်။
'အကို ဘာစကားပြောတာလဲ။ ဒါယောက်ျားခြင်းပြောရမယ့် စကားမဟုတ်ဘူး။ အကိုမူး နေပြီ။ သွားအိပ်ပါတော့။ ကျွန်တော်တို့ မနက်မှ စကားဆက်ပြောရအောင်။ ကျွန်တော့် ကိုလွှတ်ပေးပါတော့။ လက်နာလှပြီဗျ။'
ဒေါက်တာနှင်းထန်က လွှတ်မပေးပေ။ သူသိလိုသည်ကိုသာ ဇွတ်မေးနေသည်။
'မင်းနဲ့ ကိုရန်နိုင်ရဲ့ပတ်သတ်မှုက ဘာလဲ။ ဘာကြောင့် သူနဲ့တွေ့တာလဲ မှန်မှန်ပြော'
မိုးစက်သည် မိမိဖြေပြီးသည်ကို ထပ်တလဲလဲမေးနေသဖြင့် စိတ်တိုကာ
'မပြောဘူးဗျာ...လွှတ်..'
'မပြောရင် ကိုယ့်ကို အဆိုးမဆိုနဲ့ ...'
ဒေါက်တာနှင်းထန်သည် ခေါင်းမာလှသောကောင်လေးကို အပြစ်ပေးရန်အကြံဖြင့် ဆွဲဖက်ရန် လုပ်စဉ် မိုးစက်က အတင်းရုန်းကာ ထွက်ပြေးရန်လုပ်သည်။ နှစ်ယောက်သား လုံးထွေးနေစဉ် မိုးစက်၏ အမျိုးများ ခြံထဲဆင်းလာကြသည်။ မိုးစက်၏ အဒေါ်တစ်ဦး၏ အသံကို ကြားလိုက်ရသည်။
'မိုးစက် ခဏက သူ့အခန်းမှာ ရှိပါသေးတယ်။ သူ့ကို စကားပြောမလို့သွားရှာတာ မရှိ တော့ဘူးလေ။ ဒီကလေး ညနက်နေပြီ။ ဘယ်များသွားနေပါလိမ့်။'
ဦးကြီးတစ်ဦးက ပြန်ဖြေလိုက်သည်။
'သူ့ယောက်ဖအလုပ်ခိုင်းစရာရှိလို့ ခေါ်သွားတာထင်တယ်။ မောင်နှင်းထန်က မိုးစက် လေးကို တော်တော်ချစ်ရှာတယ်။ သူတို့ကိုကြည့်လိုက်ရင် ညီအစ်ကို အရင်းလိုပဲနော်။'
နောက် အဒေါ်တစ်ဦးက ထောက်ခံသည်။
'ဟုတ်တယ်။ မိုးပွင့်လေး ကံကောင်းတာပေါ့။ ကောင်မလေး ကို ခုမှစိတ်အေးရတော့ တယ်။ မောင်နှင်းထန်က အနေတည်ပြီး စကားနည်းပေမယ့် မိုးပွင့်လေးကို အလိုလိုက်ပုံ ရတယ်။ တော်သေးတာပေါ့။ '
'ခြံကြီးက ကျယ်သလောက် ပန်းပင်တွေကို စုံနေတာပဲနော်။ မမသဇင်ရဲ့ လက်ရာလေး တွေကို ပြန်မြင်ရတော့ သတိရမိပါ သေးတယ်ရှင်။ လာ.. ဟိုနားက မြတ်လေးခြုံအရှေ့က ခုံတန်းလေးတွေမှာ ထိုင်ပြီး စကားပြောရအောင်။ '
မိုးစက် စိတ်ညစ်သွားသည်။ ခုံတန်း နှင့် မိမိတို့ ပုန်းနေသောပန်းခြုံက ၅ ကိုက်ခန့်သာ ဝေးသည်မဟုတ်လား။ ထိုအဒေါ်နှင့် ဦးကြီးက အင်မတန် လေကြောရှည်သောကြောင့် သူတို့မပြန်မခြင်း မိမိတို့လည်း ပန်းခြုံထဲ ပိတ်မိနေတော့မည်။ မိုးစက်သည် မိမိကို ဆွဲ ခေါ်ပြီး ပန်းခြုံထဲ ဝင်ပုန်းသော ဒေါက်တာနှင်းထန်ကို ဒေါသဖြင့် မော့်ကြည့်ကာ
'ခင်ဗျားကြောင့်....'
သူက ပြုံးကြည်စွာ စိုက်ကြည့်ကာ မိုးစက်၏ နားနားကပ်ကာ တိုးတိုးကျီစယ်သည်။
'ချာတိတ် မနေချင်လည်း အပြင်ထွက်ကြတာပေါ့။ မင်းအဒေါ်တွေမေးရင် ဘယ်လိုဖြေ မလဲ စဉ်းစားထား။'
'ခင်ဗျား...'
မိုးစက် သူ့ကို အမြင်ကတ်ကတ်ဖြင့် လည်ပင်းညစ်ရန်ကြိုးစားစဉ် သူက အသံမထွက်ပဲ တိုးတိုးရယ်ကာ မိုးစက်နှင့် ရင်ခြင်းအပ် အောင် ဖက်ပြီး ငုံ့နမ်းလိုက်သည်။ မိုးစက် ခေါင်း ကိုရမ်းကာ ရှောင်သော်လည်း သူ့လက်တစ်ဖက်က ခါးကို ဖက်ကာ ကျန်တစ်ဖက်က မိမိဂုတ်ကို ချုပ်ထိန်းကာ နမ်းနေတော့သည်။ မိုးစက် အတင်းရုန်းလို့လည်းမရပေ။ ခြုံထဲ မိမိတို့ပုန်းနေသည်ကို အဒေါ်များသိသွားမည်ကိုလည်းကြောက်ရသည်။ ထို့ကြောင့် သူ လုပ်သမျှ မရုန်းဝံ့ပေ။
သူက ထိုအချက်ကိုသိသဖြင့် တဆင့်ပြီးတဆင့် တက်လာသည်။ သူ့လက်များက မိမိ င်္အကျီအောက်လျှိုဝင်ကာ မိမိကိုယ်ကို ပွတ်သပ်နေသည်။ မိုးစက် မျက်နှာရဲရဲနီကာ သူ့ ကို အမူအယာဖြင့် တားသော်လည်း သူနားမထောင်တော့ပေ။ သူတကယ် ဆိုးသော အခါ မိုးစက်ဘာမှ မတတ်နိုင်တော့ပေ။
'ဟင့်အင်း... အကို...'
မိုးစက် အသံ သဲ့သဲ့ဖြင့်တားသော်လည်း သူကရုမစိုက်တော့ပေ။ ကြယ်သီးများကို တလုံး ပြီးတလုံးဖြုတ်နေတော့သည်။ မိုးစက် သူ့လက်ကိုတားသော်လည်းမရပေ။ မိမိတကိုယ် လုံးကို သူ့စိတ်ကြိုက်ပွတ်သပ်ကာ နူတ်ခမ်းနှင့် လည်တိုင်များကို အနမ်း ကြမ်းကြမ်းပေး နေတော့သည်။ သူ့အနမ်းများက တဖြည်းဖြည်း အောက်ကိုဆင်းလာသောအခါ ယား သောကြောင့် မိုးစက်တွန့်ကာရုန်းမိစဉ် ပန်းခြုံအနည်းငယ်လှုပ်သွားသဖြင့် အဒေါ်တစ်ဦး က အလန့်တကြားပြောလိုက်သည်။
'ကိုကျော်စိုး... ဟို ပန်းခြုံက လှုပ်နေတယ်။ အထဲမှာ တစ်ခုခု ရှိတယ်ထင်တယ်။'
အဒေါ်ငယ်၏ စကားကြောင့် မိုးစက်လန့်ကာ အသက်ကိုပင် အောင့်ထားမိသည်။ မတော် မိမိတို့ကို မိသွားလျှင် အရှက်လုံးလုံးကွဲတော့မည်။ မိမိ အဝတ်စားများလည်း သူ့ကြောင့် ဖရိုဖရဲ ဖြစ်နေလေပြီ။ သူကတော့ ဘာမှမကြားသလို ဆက်လက်ကဲနေ တော့သည်။
ဦးကြီးကျော်စိုးက ရယ်မောကာ
'ဖြူဖြူရယ်။ အုတ်တံတိုင်းတွေ ဒီလောက်မြင့်တာ ဘယ်သူမှ မဝင်နိုင်ပါဘူး။ ငှက်တွေပျံ သွားလို့ ပန်းခြုံလှုပ်တာနေမှာပါ။ နင်ကလည်း အသည်းငယ်တတ်လိုက်တာ။'
'အင်း... ဟုတ်မှာပါ။ ဒါနဲ့ ခဏက စကားလေး ဆက်ပါဦး။ '
သူတို့စကားဝိုင်းထဲ အာရုံပြန်ရောက်သွားတော့မှ မိုးစက် အောင့်ထားသော သက်ပြင်းကို အသာချနိုင်တော့သည်။ အရှက်ကွဲမည့် အန္တရာယ်မှ လက်မတင်လေး လွတ်သွားလေပြီ။
'ချစ်တယ်.... ချာတိတ်ရယ်။ '
သူတိုးတိတ်စွာပြောရင်း နားရွက်ဖျားလေးများကို ဖွဖွကိုက်ကာ ကျီစယ်သည်။ သူ့ကြောင့် မိုးစက် ကြက်သီးမွေးညင်းများ ထလာသည်။သူ့လက်များကနေရာအနံှ့ နယ်ချဲ့ကျူးကျော်ကာ မိုးစက်ကို တကိုယ်လုံး မီးလိုပူအောင်လုပ်နေတော့သည်။ မိုးစက်သည် သူ့အထိ အတွေ့၊ သူ့အနမ်းများကြောင့် ရင်တလှပ်လှပ်ခုန်လာသည်။
'အကို... တော်ပါတော့ဗျာ'
မိုးစက် သူ့ကိုတောင်းပန်လိုက်သည်။ သို့သော် သူကပြုံးပြုံးကြီးလုပ်ကာ မိုးစက်ကို ရင်တုန်အောင်လုပ်တော့သည်။
'ဒီမှာ ပိတ်မိမယ့် အတူတူ ကိုယ်တို့လည်း ...'
'အွန်း.... အကို...'
မိုးစက် သူ့အနမ်းထဲ မျှောပါသွားတော့သည်။ အချိန်မည်မျှကြာသွားသည်ကို မသိတော့ ပေ။ မိနစ်အချို့လည်းဖြစ်နိုင်သည်။ နှစ်ဦးသား၏ ရင်ခုန်သံများ ဆူညံလာခဲ့သည်။ ဒေါက်တာနှင်းထန်သည် မိုးစက်၏ ရင်ဘတ်လေးတွင် မျက်နှာကို အပ်ကာ မချင့်မရဲဖြင့် ညည်းတွားသည်။
'မိုးစက်ရယ်။ မင်းသာ မိန်းကလေးဖြစ်လိုက်ပါတော့ကွာ။ '
မိုးစက် အသက်ကို အလုအယက်ရှူကာ သူ့ကို ဖြောင့်ဖြသည်။
'ဒါကြောင့် မဖြစ်နိုင်တဲ့ ဇာတ်လမ်းကို မဆက်ပါနဲ့တော့လား အကိုရာ။ ကျွန်တော့်ကို လွှတ်ပေးပါတော့။ကျွန်တော်တို့က ရှေ့ဆက်ဖို့မှ မဖြစ်နိုင်တော့တာဗျာ။'
'ကိုယ် မင်းကို ချစ်တယ်။ ဘယ်တော့မှမစွန့်လွှတ်ဘူး။'
'အကိုက ကျွန်တော့်ညီမကို လက်ထပ်တော့မယ်ဆိုတာ မမေ့ပါနဲ့ဗျာ။'
'မမေ့ပါဘူး။ ဒါပေမယ့် ကိုယ် မင်းကိုလည်း မစွန့်လွှတ်ဘူး။ ကိုယ်မင်းကို ချစ်လို့၊
လက်လွှတ်မခံနိုင်လို့ မင်းညီမကို လက်ထပ်တယ်ဆိုတာကိုလည်း မင်းမမေ့ပါနဲ့။ '
သူက ပြောရင်း မျက်နှာနှစ်ခု ပူးကပ်သွားပြန်သည်။ မိုးစက်သည် သူ့ထံမှ အရက်နံ့၊ ရေမွှေးနံ့၊ သူ့ကိုယ်သင်းနံ့များဖြင့် မူးလို့နေပြီ။ ယခုည ကံဆိုးလို့ ပိတ်မိပြီး မိမိ တကိုယ်လုံးလည်း သူ့အနမ်းများ ထပ်လို့နေပြီ။ မည်မျှကြာသွားသည်မသိတော့ပေ။ မိမိ အသိဝင်လာသောအခါ ခုံတန်းပေါ်မှ အဒေါ်တို့အဖွဲ့ပင် မရှိတော့ပေ။ မိုးစက် သူ့ ရင်ဘတ်ကိုအားဖြင့်တွန်းကာ အဝတ်အစားများ ကို ပြန်ပြင်ပြီးသူ့ကိုမကျေမနပ်ဖြင့် ပြောလိုက်သည်။
'အကို ခင်ဗျား တကယ်ဆိုးတယ်ဗျာ။'
ဒေါက်တာနှင်းထန်သည် စိတ်တိုင်းကျ နမ်းခွင့်ရလိုက်သဖြင့် စိတ်ပြေသွားပြီး ပြုံးကာ ကြည်သာစွာပြောလိုက်သည်။
'ချာတိတ်က ဘာကြောင့် ဒီလောက် ချစ်စရာကောင်းရတာလဲ။ ကိုယ့်ကိုပဲ အပြစ်မပြော နဲ့လေ။'
မိုးစက် သူနှင့် ဖက်ပြိုင်မပြောနိုင်တော့ပေ။ သူ့ကို ကျောခိုင်းကာ အိမ်ဘက်သို့ထွက်လာ ခဲ့သည်။
'ကျွန်တော် သွားအိပ်တော့မယ်။'
နှင်းထန်သည် မိုးစက်၏ နောက်မှ ခြေလှမ်းကြဲဖြင့် ကပ်လိုက်လာပြီး
'ဟေး... မင်း သူ့အပေါ် ဘယ်လိုသဘောထားတယ် ဆိုတာပြောသွားဦးလေ။'
'ဘာမှပြောစရာမရှိဘူး။ အကို ကြိုက်သလိုယူဆနိုင်တယ်။'
ဒေါက်တာနှင်းထန်သည် အရှက်သည်းကာ ထွက်ပြေးသွားသော ချစ်သုူလေးကိုရပ် ကြည့်ကာ တကိုယ်တည်းပြုံးလို့နေသည်။ ချစ်သူလေးနှင့် အတူရှိခဲ့သည့် တခဏတာ သည် မကြုံဖူးအောင် စိတ်လှုပ်ရှားဖို့ကောင်းလှသည်မဟုတ်လား။ ချစ်သူလေး၏ ကိုယ်ကို မိမိ ထိတွေ့နမ်းရှိုက်ခွင့်ရခဲ့သည်က အိပ်မက်ပမာပင်။ ယခုညတော့ မိမိ စိတ်ချမ်းသာစွာ အိပ်စက်နိုင်တော့မည်ဖြစ်သည်။
ŞİMDİ OKUDUĞUN
Romantizmအချစ်စစ်၏တည်နေရာ- Season (1) Author _ May King Genre _ Romance , Boy Love, Family, Couple Both Zawgyi + Unicode font (Zawgyi font chapter အောက်မှာ Unicode font နဲ့ Chapter ထပ်ထည့်ပေးထားပါတယ်။ အောက်ကို ဆွဲချပေးပါ။) ေပးဆပ္အနစ္နာခံတတ္တာ အခ်စ္စစ္လား။...