Season - 1 - အပိုင်း (3)

1.6K 121 1
                                    


အချစ်စစ်၏ တည်နေရာ

Season - 1 - အပိုင်း (3)

သူမလေး၏ အေးဆေးလွန်းသောပုံစံလေးကိုတွေ့သော် နှင်းထန်ထိန်းထားသော စိတ်တို့ ပွင့်ထွက်သွားတော့သည်။ နှင်းထန် ထိုင်ခုံမှ ထကာ သူမလေးနံဘေးကို ခြေလှမ်းကျဲကြီးဖြင့် လှမ်းသွားပြီးပုခုံးနှစ်ဖက်မှ ဆုပ်ကိုင်ကာ ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး စိုးရိမ်သမျှကို ဖွင့်ပြောလိုက်မိသည်။ ဘာကြောင့်ရယ်မသိ မိုးပွင့်၏ အမူယာတိုင်း၊ စကားလုံးတိုင်းက မိမိကို ဆွဲငင်နေသလို ခံစားနေရသည်။

'ကိုယ် မင်းပြန်မလာသေးလို့ ဘယ်လောက်စိုးရိမ်သွားသလ ဲသိရဲ့လား။ မင်းဘာကြောင့် ကျူပ်ကို ဖုန်းလေး တစ်ကောတောင် မခေါ်ရတာလဲ မိုး'

မိုးပွင့် သူ မထင်မှတ်ပဲ အဖက်ခံလိုက်ရသဖြင့် လန့်ကာ သူ့ရင်ခွင်မှရုန်းထွက်သော်လည်းသူက မလွှတ်ပေးပဲ တင်းတင်း ဖက်ထားကာ မိမိစိတ်ထဲရှိသည်တို့ ကျိုးပေါက်ကာ တရစပ်ပြော ချလိုက်မိသည်။

'ကိုယ်မင်းကို ဘယ်ကောင်လေးနဲ့မှ တွဲသွားတာ မတွေ့ချင်ဘူး မိုး။ ကိုယ် မင်းကို ချစ်တယ်။ မင်းကို ပိုင်ချင်ပြီ။ ကိုယ်တို့ လက်ထပ်ကြစို့။'

မိုးပွင့် သူ့နောက်ဆုံးစကားကြောင့် အတင်းတွန်းကာ ရုန်းထွက်ပြီး သုူ့ကို စူးစိုက်ကြည့်ကာ ပြတ်သားစွာငြင်းခဲ့သည်။

'အကို .... ကျွန်မကို ကတိပေးထားတယ်လေ။ ကျွန်မတို့ နောက်နှစ်မှ လက်ထပ်မယ်လို့ပြောထားပြီး သားလေ။ အကို ဘာဖြစ်လို့လဲ။ ကျွန်မ သိက္ခာကို အကို မယုံလို့လား။ ဒါဆို လက်ထပ်ပြီးလည်း အကို ကျွန်မကို ဘယ်တော့မှ စိတ်ချ ယုံကြည်နိုင်မှာ မဟုတ်ဘူး။ တယောက်ကို တယောက်ယုံကြည် မှူမရှိရင် အိမ်ထောင်တစ်ခုက ရေရှည်ဘယ်လိုမှ တည်တံ့ နိုင်မှာမဟုတ်ဘူး။ စိတ်မချလို့ လက်ထပ်ထားချင်တယ် ဆိုရင် ဒီလက်ထပ်ပွဲကို ကျွန်မ ဘယ်လိုမှ သဘောမတူနိုင်ဘူး အကိုနှင်းထန်'

နှင်းထန်သည် ချက်ကျလက်ကျ တည်ငြိမ်စွာပြန်ပြောသော သူမလေးကြောင့် ဆက်ပြောမည့် စကား ပင်ဆွံ့အသွားတော့သည်။ သူမလေးကို ချစ်သည် ပြောသည့်တိုင် သူမလေးက မျက်နှာတစ်ချက်ပင် မပျက်ပဲ အကျိုးအကြောင်းရှင်းပြနေသည်ကို ကြည့်ကာ သူမလေး မိမိအပေါ် ရင်ခုန်ခြင်းမရှိသည်မှာ သေချာသွားလေပြီ။ နှင်းထန် သူမ မျက်ဝန်းထဲကို စေ့စေ့ကြည့်ကာ တင်းမာစွာ မေးလိုက်သည်။ သူမ မိမိကို ခံစားမှုတစ်စက်လေးမှ မရှိပဲ ဘာကြောင့် စေ့စပ်ခဲ့သလဲဆိုတာ နှင်းထန်ကို ဒေါသထွက်စေသည်။

'မင်း ကျူပ်အပေါ် ခံစားချက်လုံးဝမရှိပဲ ဘာကြောင့် စေ့စပ်ဖို့လက်ခံခဲ့တာလဲ။'

မိုးပွင့် မျက်နှာပျက်သွားပြီး လေသံပျော့လေးနှင့် ပြန်ဖြေခဲ့သည်။

'အကိုက စပြီး စေ့စပ်ဖို့အတင်းအကျပ်ပြောခဲ့တာပါ အကို။ ကျွန်မ အကို့အပေါ်ခံစားချက်ရှိမရှိ မသေချာသေးလို့ မစေ့စပ်ချင် သေးဘူး လို့ပြောတာကို အကိုက ဖေဖေနဲ့ ကိုင်ပေါက်ပြီး ဇွတ်စေ့စပ်ခဲ့တာကို။ အခုလို ဖြစ်မှာစိုးလို့ ကျွန်မက ရင်းနှီးဖို့၊ တယောက်ကို တယောက် လေ့လာဖို့ပြောရတာပါ။ အခုတော့... ကျွန်မ စိုးရိမ်တဲ့အတိုင်းဖြစ်လာခဲ့ပြီ။'

နှင်းထန်သည် သုူမလေး၏ သွေးအေးလွန်းသောပုံကိုကြည့်ကာ ဆုံးဖြတ်ချက်တစ်ခု ခိုင်မာစွာချလိုက်သည်။

'ကောင်းပြီ။မင်းကိုယ့်အပေါ် ချစ်လာနို်င်သလား ချစ်မလာနိုင်ဘူးလားဆိုတာ စမ်းသပ်ဖို့အချိန်ရောက်ပြီ၊မနက်ဖြန်က စပြီး မင်းနဲ့ကျူပ်စေ့စပ်ပြီးတဲ့ သူတွေနေသလိုနေမယ်။ ကျုပ်နဲ့အပြင်ထွက်စားသောက်ရမယ်။ ကျူပ်သွားလေရာ ဧည့်ခံပွဲတိုင်း လိုက်တက်ရမယ်။ '

'ခုလည်း အတူစားနေတာပဲ။ ဧည့်ခံပွဲတိုင်းလည်း ကျွန်မလိုက်တာပဲလေ။'

'အတွင်းရေးမှူး နဲ့သူဌေးလို သွားလာတာ မဟုတ်ဘူး။ စေ့စပ်ထားပြီးသား သမီးရည်စားလို သွားလာတာကို ပြောတာ ကောင်မလေးရဲ့။ အပြင်ထွက်ချိန်းတွေ့မယ်။ ရုပ်ရှင်ကြည့်မယ်။ မင်းကျူပ်အပေါ် လုံးဝခံစားချက်မရှိ ဘူးဆိုရင် ကျူပ်ဘက်က စေ့စပ်တာ ဖျက်သိမ်းပေးမယ်။ ကျူပ် မင်းကို ချစ်ပေမယ့် ခံစားချက်မရှိတဲ့ မိန်းကလေးကို ဇနီးအဖြစ် လက်မထပ်နိုင်ဘူး။ ဘယ်လိုလည်း။ သဘောတူလား။'

မိုးပွင့် သူဆိုလိုသည်ကို သဘောပေါက်သွားပြီး သက်ပြင်းကိုအသာချကာ ခေါင်းငြိမ့်လိုက်သည်။ နှင်းထန် နှူတ်ခမ်းတွန့်ရုံလေး ပြုံးကာ လိုချင်သည့်အချက်ကို ပါအောင် တခါတည်းပြောထားလိုက်သည်။

'လက်ကိုင်တာ၊လက်တွဲတာ၊ဖက်တာ၊နမ်းတာတော့ ပါမယ်နော်။ '

'အဲ့ အဲ့ဒါတော့ မပါဘူးလေ။'

မိုးပွင့် မျက်နှာနီသွားပြီး အလန့်တကြားလေး မော့ကြည့်ကာ ထစ်အထစ်အဖြင့် ကန့်ကွက်၏။ ထိုစဉ်တစ်ခဏ သူမလေးကို ဖက်မနမ်းမိအောင် နှင်းထန် စိတ်ကို မနည်းထိန်းလိုက်ရသည်ကို မိုးပွင့်တော့ သိမည်မထင်ပေ။ နှင်းထန် မျက်နှာထားတင်းတင်းဖြင့် မလျော့တမ်းပြောလိုက်သည်။

'ဒါဆို ကျူပ်တို့အတူတွဲသွားတာ ဘာအဓိပ္ပါယ်ရှိမှာလဲ။ စေ့စပ်ထားသူ တစ်ယောက်အနေနဲ့ကျူပ် ဒီလောက်တော့ အခွင့်ရေး ရှိပါတယ်'

မိုးပွင့် သူ့မျက်နှာကို မော့်ကြည့်ကာ သနားစဖွယ် ပြောရှာသည်။ ဒီလိုဆိုတော့ အေးစက်သည့် ပုံစံပျောက်ကာ ကလေးလေးလို အပြစ်ကင်းလွန်းလှသည်။ သို့သော် သူမ၏ ဆုံးဖြတ်ချက်က ခိုင်မာလွန်းလှသည်။

'လက်တွဲ၊လက်ကိုင်တာတော့ လုပ်ပါ၊ ဒါပေမယ့် ဖက်တာ ၊နမ်းတာတော့ ကျွန်မခွင့်မပြုနိုင်ဘူး။ အကို ဖက်ချင်နမ်းချင်ရင် အခြား မိန်းကလေးကိုပဲ သွားလုပ်တော့၊ မကျေနပ်လို့ စေ့စပ်တာဖျက်ချင်လည်း ဖျက်လိုက်'

သူမလေးဘက်က တင်းမာလာတော့ နှင်းထန် တစ်ထစ်လျှော့လိုက်သည်။ အဓိက ကတော့ သူမလေး လက်တွဲတာ လက်ကိုင်တာ အပြင်ထွက်တာ သဘောတူပြီဆိုတော့ နှင်းထန်၏ အကြံတစ်ဆင့်အောင်လေပြီ။

'ကောင်းပြီလေ။ ကိုယ် သဘောတူတယ်။ ဒါဆို မနက်ဖြန် ရုံးပိတ်ရက် အပြင်ထွက် နေ့လည်စာ စားမယ်။ ၁၁ နာရီ အသင့်ပြင် ထားပါ။ '

မိုးပွင့် ခေါင်းငြိမ့်ရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ပေ။ စေ့စပ်ထားပြီးသည့် ယောကျာ်းတစ်ယောက်အနေဖြင့် သူ တောင်းဆိုတာ မလွန်သည်ကို မိမိအသိဆုံးဖြစ်သည်။ ထို့ကြောင့်စိတ်အိုက်အိုက်နှင့်ပဲ လက်ခံလိုက်ရတော့သည်။

X....................X..............................X..........................

မိုးပွင့် မိမိအိပ်ခန်းသို့ပြန်ရောက်သောအခါ အိပ်ယာပေါ်ပစ်လှဲလိုက်ပြီး သူ့ဘက်ကတောင်းဆိုသည့်အချက်ကို ပြန်စဉ်းစား နေမိသည်။ ထိုစဉ် ဖုန်းသံမြည်လာသဖြင့်ကြည့် လိုက်စဉ် ဝသုန်ဖြစ်နေသောကြောင့် ထူးလိုက်သည်။

'ဘယ်လိုလဲ။ မင်း ချစ်ချစ်ကွိုင်သေးလား။'

'အေး။ ကွိုင်ရုံမကဘူး အတူချိန်းတွေ့မယ်တဲ့။ လက်ကိုင်မယ်။လက်တွဲမယ်။ ဖက်မယ်။ နမ်းမယ် လို့ပြောနေလို့ ဒုက္ခရောက်နေပြီ။ ဒါကြောင့်ပြောတာ။ မင်း သူ့ရှေ့သိပ်မလာပါ နဲ့ဆိုကွာ။ အခု သူ သဝန်တိုပြီးတောင်းဆိုနေပြီ။ ငါ သူ့အပေါ် ခံစားချက်မရှိရင် စေ့စပ်ပွဲ ဖျက်သိမ်းမယ်ပြောနေပြီ။'

'မင်းပဲ သူ့ဆီက အချစ်စိတ်၊သဝန်တိုစိတ်ကို နှိုးလာအောင်လုပ်ချင်တယ်ဆို။ ခု ငါလုပ်လိုက်တာ သူ မင်းကို ချစ်တာ သိသာနေ ပြီလေ။ အဲ့ဒါ ကောင်းတာပဲ မဟုတ်ဘူးလား။ '

'သိသာရုံတင်မကဘူး။ ဒိန်းဒလိန်းပူးသွားလို့ ခက်နေတာဟေ့။ အတူသွားရင်း ဖက်နမ်း လိုက်ရင် ဘယ်လိုလုပ်မှာလဲ။ ကျောချမ်းတာကွာ'

ဝသုန် သည် တဖက်မှ မိုးစက်၏ စကားကိုကြားသော် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ပြန်စလိုက်သည်။ သူငယ်ချင်း အကြပ်တွေ့နေ သည်ကို တွေးကာ ရယ်ချင်နေမိသည်။

'မင်းမှာ ပါးစပ်မပါဘူးလား။ ပြန်နမ်းလိုက်ပေါ့ကွ။ သွေးမကြောင်စမ်းပါနဲ့။'

'လဒ ... ငါဆဲလိုက်ရ....သူများဒုက္ခရောက်လို့ပျော်နေလိုက်တာ သူတောင်းစား။ ငါ့အစား မင်းလာနမ်းလှည့်။ '

'ဟဲ ...ဟဲ...ဒေါက်တာနှင်းထန်က ငါ့ကိုနမ်းချင်တာ မဟုတ်ဘူး၊မင်းကိုနမ်းချင်တာလေ.'

'သေနာ.... သူနမ်းချင်တာ မိုးပွင့် လုပ်ပါကွ။ ဘယ့်နှယ် ငါ့ကိုနမ်းချင်ရမှာလဲ။ ငါမှန်းသိ ရင် နမ်းဖို့နေနေသာသာ သတ်ပစ်လိုက်မှာကွ.'

'မသတ်ပဲ မင်းကိုပဲ လက်ထပ်ချင်ပါတယ် ဆိုဘယ်လိုလုပ်မလဲ'

'ဖွဟဲ့ .....လွဲပါစေ။ဖယ်ပါစေ။ ဟေ့ကောင် ဝသုန် .. ဟာသမလုပ်နဲ့ကွာ။ငါအတည်ပြောနေတာ။ မင်းတစ်ခုခုကြံစမ်းပါ။'

ဝသုန် ပြုံးကာ မိုးစက်ကို ပြောလိုက်သည်။ တကယ်ဆိုလျှင် မိမိတားသည့်ကြားက မိုးစက် ဒီအစီအစဉ်ကို ဆက်လုပ်နေသဖြင့် သိပ်တော့ မကြည်ပါ။ ဘယ့်နှယ်။ ညီမ ကိုယ်စား မိန်းကလေးလိုနေပြီး သူဌေးသားလေး၏ စိတ်ဝင်စားမှုကို ရအောင်လုပ်နေ သည်တဲ့။ ဘုန်းကညာတပါး လုံးရာကပြားပြီး မိန်းကလေးတစ်ယောက်လို ပိပိရိရိနေပြီး ဒေါက်တာနှင်းထန် စိတ်ဝင်စားလာအောင် လုပ်နေသော မိုးစက်သည် မိုးပွင့် ဟူသော တဦးတည်းသော ငရဲဘုရင်မ လောက်နီးနီး ဆိုးသွမ်းသည့် ညီမလေးအတွက် ကြိုးစားနေခြင်းဖြစ်သည်။

'မင်းညီမကိုပြန်ခေါ်လိုက်ရင် ပြီးတာပဲကွာ။ ဘာတွေခက်နေတာလဲ မိုးစက်ရာ'

'မိုးပွင့် ပြန်လာဖို့က လေးလလောက် လိုသေးတယ်ကွ။ သူ့သင်တန်းက ဒီဇင်ဘာမှ ပြီးမှာ။'

မိုးစက် သက်ပြင်းရှိုက်ကာ ဝသုန်ကို အဖြစ်မှန်ကို ဖွင့်ပြောလိုက်သည်။ဝသုန် သည် ညီမကို ချစ်လွန်းသော သူငယ်ချင်းကြောင့် စိတ်မရှည်ဖြစ်လာ၏။

'မင်းကိုက အစကတည်းက မဟုတ်တာ။ မင်းညီမ စင်္ကာပူက ပြန်လာမှ အလုပ်ဝင်ခိုင်း လိုက်ပေါ့။အဲဒါကို မင်းက ဘာကြောင့် သူ့အစား အလုပ်ဝင်ပြီး ကိုနှင်းထန် ဘေးမှာ သွားနေရတာလဲ။ ခုမှတော့ အနမ်းခံလိုက်ပေါ့ကွာ။'

'မင်းကလည်းကွာ။ မိုးပွင့် ကဆိုးလွန်းလို့ သူ့ကို ဖေဖေ စိတ်ပူနေရတာ မင်းလည်းသိ သားနဲ့။ ခုက မိုးပွင့် ရန်ကုန်မှာ အလုပ်သွား လုပ်ချင်တယ်ကနေ စကားစပ်ရင်း ဖေဖေ့သူငယ်ချင်း ဦးမြတ်ထန်က သူ့သားနဲ့ သဘောတူတယ်။ သူ့သား ဘေးမှာ နေပေးပြီး လူငယ်ချင်းရင်းနှီးလာရင် လက်ထပ်ပေးချင်တယ် ဆိုတော့ ဖေဖေ လည်း လက်ခံလိုက်တယ်။ ဖေဖေလည်း ရန်ကုန်ကို ဆင်းသွား ရော Designer သင်တန်း ဝင်ခွင့်လည်းကျလာ တော့ မိုးပွင့်က ငါ့ကို အကူအညီတောင်းလို့ သူ့အစားငါဟန်ဆောင် ပေးနေရ တာပါကွာ။ '

'အဲ့ဒါပြောတာ။မိုးပွင့် က သူ့ဖာသာ သူဌေးနဲ့လက်ထပ်ချင်ရင် သင်တန်းကို လက်လွှတ်လိုက်ပေါ့။ ဒီဇိုင်နာ သင်တန်းက ဘာလုပ်ဖို့ တက်နေဦးမှာလဲ။ သူဌေးနဲ့ရရင် သူလည်းအလုပ်လုပ်ရမှာလည်း မဟုတ်ပဲနဲ့။ မင်းညီမက သင်တန်းတက်ချင်တာထက် ဟိုမှ သွားကဲချင်လို့နေမှာပါကွာ။ '

'ဝသုန်ကလည်းကွာ။ မိုးပွင့်က သူလုပ်ချင်ရင် ဇွတ်လုပ်တတ်တာ မင်းအသိပဲလေ။ သူက အကိုနှင်းထန်ကို တွေ့ကတည်းက သဘောကျတာ။ အကိုနှင်းထန်ကလည်း မာနကြီး၊မိုးပွင့်ကလည်း ခပ်ဆိုးဆိုး ဆိုတော့ သူတို့နှစ်ယောက်တွေ့ကြရင် လက်ထပ်ပွဲ ကဘယ်လိုမှ ဖြစ်လာမှာမဟုတ်ဘူး။ ဒါကြောင့် ငါက မိုးပွင့် အစား သူစိတ်ဝင်စားပြီး ချစ်လာအောင် လုပ်ပေးနေတာပါ ကွာ။'

မိုးစက်သည် သူငယ်ချင်း ဝသုန် မိမိအတွက် စိတ်တိုနေမှန်းသိသောကြောင့် ခဏငြိမ်နေပြီးမှ လေပြေလေးဖြင့် ရှင်းပြ၏။ ဝသုန်သည် အမြွှာညီမကို တုန်နေအောင်ချစ်ကာ ငယ်ကတည်းက အနစ်နာခံလွန်းက အစစအရာရာ လိုက်လုပ်ပေးသော သူငယ်ချင်းလေးကြောင့် သက်ပြင်းချကာ မိမိစိုးရိမ်သည့်အချက်ကိုတော့ ပြောလိုက်သည်။

'မိုးစက်....မင်းကို ငါတစ်ခုတော့ သတိပေးချင်တယ်။ မင်းကြောင့်ပေါ်ပေါက်လာတဲ့ အချစ်က မင်းညီမအတွက် အဆင်ပြေမယ်လို့ ထင်သလား။ သူ့နှလုံးသားက မင်းကိုချစ်မိ သွားရင် မိုးပွင့်ကို သူလုံးဝချစ်မှာမဟုတ်ဘူးနော်။အဲ့ဒီအခါ မင်း အခက်တွေ့လိမ့်မယ်။'

'ဝသုန်ကလည်းကွာ။ အကိုနှင်းထန်က ယောက်ျားစစ်စစ်ကြီးပါကွ။ သူကြိုက်တာ မိန်းမပါ။ သူ့အချစ်စိတ်ကို ငါနှိုးပေးရုံပါ။ သူမိုးပွင့်ကို ချစ်မှာပါ။ ငါသေချာပေါက်ပြောရဲတယ်။'

မိုးစက် တစ်ချက်ရယ်မောကာ သူငယ်ချင်း ဝသုန်၏ စကားကို အလေးမထားလိုက်မိပေ။ တကယ်မဖြစ်နိုင်ဟုလည်း ထင်နေမိသည် မဟုတ်လား။ ဝသုန် သည် မိုးစက်ကို ချစ်ခဲ့ဖူးသော ကိုရန်နိုင်ကိုပြန်သတိရပြီး ထပ်မံသတိပေးလိုက်သည်။ မိမိသူငယ်ချင်းမိုးစက်က အရာရာတိုင်း သူ့စိတ်နှင့်နှိုင်းကာ တွေးတတ်လွန်းသဖြင့် အမြဲလိုလို အားမလို အားမရဖြစ်မိသည်။

'မင်း ကိုရန်နိုင်ကို မေ့သွားပြီလား။ ဒေါက်တာနှင်းထန်က ကိုရန်နိုင်ထက် ပိုဆိုးလိမ့်မယ်နော်။ မင်းဒုက္ခရောက်လိမ့်မယ်။'

'မင်းကလည်းကွာ။ ကိုရန်နိုင်က ကိုရန်နိုင်ပါ။ အခု ကိုနှင်းထန်က ယောကျ်ားစစ်စစ်ပါ။ မင်းစိတ်ချ။ သူငါ့ကို မရိပ်မိအောင် နေမှာပါ။ အခုတော့ သူ့ရန်က လွတ်အောင်အကြံပေးကွာ။ ခေါင်းပူနေပြီ။ ငါတော့ ဘာမှကို မစဉ်းစားတတ်တော့ဘူး။ စေ့စပ်ထားပြီး အပြင်ထွက်စားတာ လက်မခံရင်လည်း သဘာ၀ မကျပြန်ဘူး။သိပ်ကို မိန်းမပီသပြနေပြန်ရင်လည်း မိုးပွင့် အစားထိုးတဲ့အခါ အကျင့်စရိုက်က ပြောင်းပြန်ဖြစ်ပြီး သူ ချက်ချင်းရိပ်မိသွားနိုင်တယ်။ အဲ့ဒီတော့ မိုးပွင့် က သူ့ကို ရှိန်းနေသေးလို့ သိပ်အကပ်မခံတဲ့ ပုံလေးဖမ်းထားရမယ်။ ပြီးရင် မိုးပွင့်ပြန်လာတော့ ရင်းနှီးမှုရှိလာလို့ ချွဲနွဲ့တယ်ဆိုရင် သူ စိတ်ထဲ သံသယဝင်မှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် ငါတော့ ဒီဒဏ်ကို လောလောဆည်ခံရအုံးမယ်။ ငါ့ညီမလေး လင်ကောင်းသားကောင်းရသွားရင် ကျေနပ်ပြီ။'

မိုးစက်သည် အကိုနှင်းထန်နှင့် မိုးပွင့် တွေ့သည့်အခါ ဖြစ်လာနိုင်သည့် အချက်ကိုပါ အသေးစိတ် တွေးပြီး တွက်ချက်နေသည်ဖြင့် ဝသုန် လက်လျော့လိုက်ရသည်။ ဒီကောင်လည်း သူ့ညီမ မြန်မြန်အိမ်ထောင်ကျမှ လွပ်လပ်မည်ဖြစ်လို့ မိမိလည်း ပါဝင်ကူညီရုံမှ တပါး လုပ်စရာမရှိတော့ပေ။

'မင်းဇာတ်ကို မင်းနိုင်ရင်ပြီးရောကွာ။ ဒီလိုလုပ်။ သူနဲ့နေ့လည်စာထွက်စားရင် သီးသန့်ခန်းလုံးဝမယူနဲ့။ ရုပ်ရှင်သွားကြည့်ရင် ယဉ်ယဉ်ကျေးကျေးငြင်းကွာ။ နေ့ခင်း လူမပြတ် တဲ့နေရာမျိုးပဲသွား။ သူ့ကို အရမ်း တရင်းတနှီးလည်းမနေနဲ့။ လက်တွဲတာတော့ လက်ခံ လိုက်ပေါ့။ ငါလည်း မင်းကို သိပ်လာမခေါ်ပဲ အသာလျှိုနေဦးမယ်။ သူစိတ်အေးပါစေဦး'

'အေးပါကွာ။ ဒီလိုပဲလုပ်ရုံပေါ့။'

'ဒါဆို ရှေ့လထဲ ကျော်သက်ထွန်းမွေးနေ့ဖိတ်ထားတာ မင်းမလိုက်တော့ဘူးပေါ့၊'

'အဲ့ဒီအချိန်ဆို သူ စိတ်အေးလောက်ပါပြီ။ ငါ လာခဲ့မယ်။ မင်းလာမခေါ်နဲ့။ '

'OK ... ဒါဆို မင်းနဲ့ငါ ဖုန်းပဲ ဆက်သွယ်ရုံပေါ့ကွာ။ လခွီးပဲ။ မင်းညီမ မွှေတာနဲ့ ဒို့နှစ်ယောက် plan တွေ လုံးလုံးကို လွဲတာပဲ။ တကယ်ပဲကွာ ။ '

'sorry ကွာ...ဝသုန်။ ဒါပေမယ့် မိုးပွင့် လက်ထပ်ပြီးရင် မင်းနဲ့ငါ လုပ်ချင်တာ လုပ်လို့ ရပါပြီကွာ။ ခဏတော့ သည်းခံပါကွာနော်။'

'အေးပါကွာ....ခုမှတော့ သည်းခံရုံကလွဲပြီး ဘာလုပ်လို့ရမှာလဲ။ သတိနဲ့တော့နေကွာ။ မဟန်ရင် ငါ့ကိုသာလှမ်းခေါ်လိုက်။ ငါချက်ချင်း လာရှင်းပေးမယ်။'

'အေးပါကွာ....'

မိုးစက် ဖုန်းချလိုက်ပြီးနောက် ရှေ့ဆက်လုပ်ရမည့် အရာများကို သေချာအစီအစဉ်ဆွဲကာ သက်ပြင်းမောကို ချလိုက်သည်။ မိုးစက်သည် ရုပ်ချင်းတူလှ သည့် မိမိတို့မောင်နှမအကြောင်းတွေးရင်း အိပ်ပျော်သွားတော့သည်။ အိပ်မက်ထဲတွင် ညီမလေးမိုးပွင့် နှင့် ကိုနှင်းထန် လက်ထပ် သည်ကို အိပ်မက်မက်ပြီး ကျေနပ်စွာပြုံးနေမိသည်။ ငယ်စဉ်ကတည်းက ချူချာလှသော ညီမလေးကို မိမိက အလျှော့ပေးကာ သူမဖြစ်ချင်တာကို ရအောင်လုပ်ပေးခဲ့သည်မှာ အကျင့်ဖြစ်နေလေပြီ။ ယခုလည်း ညီမလေး လက်ထပ်ချင်သော ဒေါက်တာနှင်းထန်ကို မိမိရအောင် ယူပေးရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။

နှင်းထန်သည် မိုးပွင့်နှင့် ပထမဆုံး အပြင်ထွက်ချိန်းတွေ့ရသဖြင့် ပျော်နေမိသည်။ ရိုးရိုးလေးနှင့် ခေတ်မှီသော အဝတ်စားများနှင့် သူမလေးသည် မြင်သူငေးရအောင်မလှ သော်လည်း မြင်သူဘဝင်အေးသော မိန်းမချောလေးဖြစ်သည်။ အေးဆေးတည်ငြိမ်သော မျက်နှာ၊ ရိုးသားကြည်လင်သော မျက်ဝန်း၊ မိမိအပေါ် ကရုစိုက်သော်လည်း သိုဝှက်လွန်းသော ဟန်လေးက နှင်းထန်ကို ထူးထူး ခြားခြား ဆွဲငင်နေ၏။

'ဘယ်သွားမလဲ မိုး'

'ဘုရားသွားရအောင် အကို။ ကျွန်မတို့ ဘုရားတစ်ခါမှ မသွားဖူးသေးဘူးနော်။'

'အင်း။ ဘုရားဖူးပြီးမှ နေ့လည်စာ စားကြတာပေါ့။ ဥရောပစာ စားမလား။'

'ဂျပန်ဆိုင်မှာ သွားစားရအောင်။ ကျွန်မ ဆူရှီ စားချင်တယ်။'

'မင်း ဘာလိုချင်လဲ မိုး၊ ကိုယ် မင်းကို တခုခု ဝယ်ပေးချင်တယ်။'

'ကျွန်မ ဘာမှမလိုချင်ဘူး အကို။ အကို့စေတနာကို လေးစားပါတယ်။'

'ကိုယ် အမှတ်တရ တခုခုပေးချင်လို့ပါ။ '

'ဒါဆို ပစ္စည်းဝယ်ပေးမယ့်အစား ကျွန်မကို တစ်နေရာလိုက်ပို့ပေးပြီး အကို တခုခု လှူပေးပါ။'

နေ့လည်စာ စားပြီးသော် မိုးပွင့်၏ တောင်းဆိုမှူကြောင့် အင်းစိန်ပန်းခြံနားရှိ မိဘမဲ့ ကလေး ဂေဟာသို့လိုက်ပို့ခဲ့သည်။ မိုးပွင့် သည် ဂေဟာမှူး ပညာရေးဝန်အုပ်ဟောင်း ဆရာဦးဌေးနှင့် မိတ်ဆက်ပေးပြီး နှင်းထန်က အလှူငွေဆယ်သိန်း ပေးလှူခဲ့သည်။

အပြန်လမ်းတွင် မိုးပွင့် ကျေနပ်စွာပြုံးနေသဖြင့် နှင်းထန်က မေးလိုက်သည်။ မိမိဇနီးလောင်း မိုးပွင့် ယခုလို ပြုံးနေတာက မိမိကို ဖက်နမ်းချင်အောင် ဆွပေးနေသလိုခံစားနေရသည်။ သူမက ဆွတာမဟုတ်ပဲ။ မိမိစိတ်ကိုက ဖြစ်နေသဖြင့် အာရုံလွှဲရန် စကားစ လိုက်ခြင်းဖြစ်သည်။

'ဘာ ပြုံးတာလဲ မိုး...'

'သြော်.... မိုး လက်ထပ်မယ့် ခင်ပွန်းလောင်းက စိတ်ထားကောင်းရှိတာ၊ လူသားခြင်း စာနာတတ်တဲ့စိတ်ရှိတာ သိရလို့ မိုးဝမ်းသာနေတာပါ။ ကျေးဇူးတင်ပါတယ် အကို။'

နှင်းထန် သူမ၏ လက်လေးကို ဖျစ်ညစ်ကာ နူတ်ခမ်းတွင်ထိကပ်လိုက်ပြီး တိုးတိတ်စွာ ပြောသည်။

'ကိုယ်လည်း ကြင်နာတတ်တဲ့ မိန်းကလေးကို လက်ထပ်ခွင့်ရမှာကြောင့် ဝမ်းသာမိတယ်မိုးရယ်။ ကိုယ်မင်းကို ချစ်ရုံတင်မကဘူး လေးစားလာမိပြီကွယ်။'

ဒေါက်တာနှင်းထန်၏ စကားကို ကြားသောအခါ မိုးစက် ညီမလေး အတွက် စိတ်အေး သွား၏။ ကြင်နာတတ်သူသည် သူ့ဇနီးလေး ၏ ဆိုးဒဏ်ကို သည်းခံခွင့်လွှတ်နိုင်မည်ကို တွေးမိကာ စိတ်အေးသွားခြင်းဖြစ်သည်။ မိုးစက် စိတ်ပူရလောက်အောင်ကို မိုးပွင့် က လည်း တကယ်ကို ဆိုးသွမ်းလှသည်။ သူငယ်ချင်းများအပေါ်လည်း ဘယ်တော့မှ အနွံတာခံလေ့မရှိသဖြင့် မိုးပွင့် ကို ခင်မင်သူ ရှားသည်။ ထို့ကြောင့်လည်း မိုးစက်က ညီမလေး ဘာကို ပူဆာပူဆာ ရအောင် လုပ်ပေး နေခြင်းဖြစ်သည်။ မည်သူက ပြစ်ပြောပါစေ ညီမလေးကို မိုးစက် လုံးဝအပြစ်မမြင်ရက်ပေ။ ညီမလေးအတွက် ဓူဝံကြယ်ကိုပင် မိုးစက်ရအောင်ခူးပေးနိုင်ပါသည်။ယခုလည်း မိုးပွင့်အတွက် ဒေါက်တာနှင်းထန် လက်ကိုင်သည်ကို မိုးစက်ခံနေခြင်း ဖြစ်သည်။ မိုးစက်ရင်ထဲတွင် သူငယ်ချင်းချင်း လက်ကိုင်ထား သလိုသာ ခံစားရသည်။ ကိုနှင်းထန်ဘက်ကို မိုးစက်ထည့် မစဉ်းစားမိပေ။

X..............................X....................................X...............................

နှင်းထန်သည် မိုးပွင့်နှင့် အပြင်မှပြန်လာပြီးနောက် အိမ်သို့တန်းပြန်လာခဲ့သည်။ မိုးပွင့် ကားပေါ်မှအဆင်း နှင်းထန် သူမလေး မထင်သည့် အပြုအမှုတစ်ခုကို ရုတ်တရက် လုပ်လိုက်သည်။

'မိုး...'

မိုးစက် သူ့ဘက်ကို လှည့်ကြည့်စဉ် ပါးပြင်နွေးခနဲဖြစ်သွားပြီနောက် မိမိပါးပြင်ကို ခိုးနမ်းလိုက်မှန်းသိလိုက်ကာ ပထမကြောင် သွားသည်။ နောက်မှ ဒေါသထွက်လာသည်။ ယောကျ်ားအချင်းချင်း ခိုးနမ်းခံလိုက်သည်က သေလိုက်ဖို့ သာကောင်းသည်။ ဝသုန်သာ သိလျှင် ဘယ်လောက်များ ဟားတိုက်ရယ်လိုက်မလဲဟုတွေးကာ ဒေါသဖြင့် သူ့ကို စိုက်ကြည့်ကာ မေးလိုက်သည်။

'အကို ... ဘာလုပ်တာလဲ။ ကျွန်မ မကြိုက်ဘူး။'

နှင်းထန်သည် သူမလေး၏ မျက်နှာကို ပြုံးပြုံးနှင့် စိုက်ကြည့်ကာ သူမကို ပြောလိုက်သည်။ သူမ ဒေါသထွက်ကာမျက်နှာလေး ရဲတက်လာသည်က ပိုချစ်စရာကောင်းနေသည် မဟုတ်လား။ ခါတိုင်းလို စက်ရုပ်မျက်နှာမဟုတ်ပဲ ခံစားချက်ဖြင့် အသက်ဝင်လာ သည့် မျက်နှာလေးကို တရှိုက်မက်မက်ငေးနေမိသည်။

'ကိုယ်က ပါးလေးပဲနမ်းတာပါ။ မိုး မကြိုက်ရင် နောက်တစ်ခါ နူတ်ခမ်းကိုပဲ နမ်းရမလား'

'ဟင့်အင်း.... ဘယ်မှ မနမ်းနဲ့။ '

'ကိုယ်တို့က စေ့စပ်ထားပြီးသားလေ။ ဒီလောက်တော့ မတွန့်တိုပါနဲ့လားကွယ်။'

'ဟင့်အင်း..... မရဘူး။ အကို နောက်တစ်ခါ ဒီလိုလုပ်ရင် ကျွန်မ ဖေဖေ့ကို တိုင်မယ်'

'တိုင်ပေါ့။ ဒါမှ အန်ကယ်က သားမက်လေးကို သနားပြီး မြန်မြန်လက်ထပ်ပေးမှာ။'

'ဟာ.... အကို မကောင်းဘူး။ တော်ပြီ။ နောက်တစ်ခါ အကိုနဲ့ အပြင်မသွားတော့ဘူး။'

သူက အပြုံးမပျက်ဖြေနေသဖြင့် မိုးစက် သူ့ကို ဖက်ပြောမနေတော့ပဲ ကားထဲမှ ခပ်မြန်မြန် ထွက်ပြေးသွားတော့သည်။

နှင်းထန်သည် မျက်နှာရဲကာ စိတ်ဆိုးသွားသော မိန်းကလေးကိုငေးကြည့်ကာ ရင်ဝယ် လှိုင်းလေးတစ်ခု အသာလေးလှုပ်ခါသွား၏။ မိုးပွင့်၏ ဖြူစင်မှုလေးကို နှင်းထန်မြတ်နိုး သွားမိသည်။

'မင်း သိပ်ကိုဖြူစင်တာပဲ မိုးရယ်။ '

နှင်းထန် ကျေနပ်စွာဖြင့် အိမ်ပေါ်သို့တက်လာခဲ့သည်။ ဖေဖေနှင့်တွဲသော မိန်းမလှလေးများ၏ ရဲတင်းပြီး အရှက်မရှိပုံကို တွေ့ ထားပြီး မိန်းမများကို အထင်သေးနေရာမှ ပါးလေး အနမ်းခံလိုက်ရရုံနှင့် ပါးနှစ်ဖက်လုံးနီရဲသွားအောင် ရှက်သွားသည့် မိုးပွင့်လို ဖြူစင်ရိုးသားသောမိန်းကလေးရှိသေးသည်ကို ပထမဆုံး သတိပြုမိသွားခြင်းဖြစ်သည်။

နှင်းထန် အိပ်ယာထက်တွင်လှဲအိပ်ရင်း မိမိ ခိုးနမ်းလိုက်သဖြင့် ပထမ ကြောင်အမ်းအမ်း ဖြစ်သွားပြီး နောက်ရှက်သွေးဖြင့် မျက်နှာလေးရဲသွားသည်။ ထို့နောက် ဒေါသမျက်ဝန်း ဖြင့် သူမလေး၏ ခပ်စူးစူးလေး ကြည့်ကာ ရန်ထောင်ပုံလေးက နှင်းထန်၏ ငြိမ်သက်နေ သော အချစ်စိတ်ကို နှိုးပေးနေသလိုပင်။

'ချစ်တယ် မိုးရယ်။ မင်းကို ကိုယ် ချစ်မိနေပြီ။'

နှင်းထန် စိတ်လှုပ်ရှားနေသလို မိုးစက်လည်း စိတ်လှုပ်ရှားနေ၏။ရှက်လည်း အတော်ရှက် သွားသည်။ သတိထားသည့်ကြားမှ ခိုးနမ်းခံရသဖြင့် မခံချိမခံသာဖြစ်နေ၏။

'တကယ့်လူဆိုးပဲ အကိုနှင်းထန်။ ခင်ဗျားကို လူကြီးလူကောင်းအောက်မေ့နေတာ မှားသွားတယ်။ မိုးပွင့်ရေ... နင့်ကြောင့် ငါ့ အနမ်းဦးကို လုယူခံလိုက်ရပြီဟ။ '

မိုးစက် သည် ညီမထံဖုန်းခေါ်လိုက်ပြီး အမြန်ပြန်လာရန် လောဆော်လိုက်သည်။ မဟုတ်လျှင် မိမိလည်း ကြာလျှင် မလွယ်တော့ပေ။

'နင် ဘယ်တော့ပြန်လာမှာလဲ။မြန်မြန်ပြန်လာတော့။ ငါ ဒီမှာ စိတ်ညစ်လှပြီ။ နင့်လူက အပြင်ထွက် ချိန်းတွေ့၊လျှောက်လည် တွေလုပ်ချင်နေပြီ။ကြာရင် အလိမ်ပေါ်တော့မယ်။ ငါ ဆက်မလုပ်ချင်တော့ဘူး။ '

'ဟာ...မိုးစက် ကလည်းကွာ။ ဒီမှာ နောက် ၃ လဆိုရင် ပြီးပြီပဲဟာ။ နင်ကတော်ပါတယ်။ နင်နဲ့ငါ့ကို ဖေဖေတောင် မခွဲတတ်တာ နင်သိရဲ့သားနဲ့။ သူ့ကို ဆက်ထိန်းထားလိုက်ပါ။ အခု ငါတို့က project လုပ်နေရပြီ။ မကြာတော့ပါဘူး နော်။'

မိုးစက် စိတ်မရှည်တော့ပဲ မိုးပွင့်ကို ဒီနေ့အဖြစ်ကို ဖွင့်ပြောလိုက်သည်။ မပြောလို့လည်းမဖြစ်တော့။ သူမ မြန်မြန်ပြန်လာဖို့ အရေးကြီးနေသည် မဟုတ်လား။

'နင့် လူက ငါ့ကို နင်မှတ်ပြီး ခိုးနမ်းတယ်ဟ။'

'ဟင်... နင် ဘာလို့ရအောင် မရှောင်တာလဲ။ နင်သူ့ကိုပြန်မနမ်းနဲ့နော်။ သူ နင့်ကို ကြိုက်သွားလို့မဖြစ်ဘူး။ သူ့ကို ငါလက်ထပ်မှာနော်။'

မိုးပွင့်သည် အကိုဖြစ်သူ၏ စကားကြောင့် ရင်ထဲ ပူခနဲဖြစ်သွားပြီး ကိုရန်နိုင်ကို မျက်စိထဲပြေးဝင်လာခဲ့သည်။ နောက်တစ်ခါ ကိုရန်နိုင်လိုဖြစ်မည်ကို စိုးထိတ်ကာ အလောတကြီး အကိုဖြစ်သူကို ရန်လုပ်လိုက်မိသည်။ မိုးစက်သည် ညီမဖြစ်သူ၏ စကားများကြောင့်ဒေါသထွက်သွားပြီး အပြတ်ပြောလိုက်သည်။

'မိုးပွင့်... နင်ဘာဖြစ်နေတာလဲ။ ငါက ယောကျ်ားလေ။ အကိုနှင်းထန်ကို ငါဘာကြောင့် ပြန်နမ်းရမှာလဲ။ သူက နင်လို့ထင်ပြီး ငါ့ကို နမ်းတာလေ။ ဒါကြောင့်ပြောတာ။နင်ပြန်လာတော့။ ငါဆက်ဟန်မဆောင်ချင်တော့ဘူး။'

မိုးပွင့်သည် မိုးစက်တကယ်စိတ်ဆိုးသွားမှန်းသိတော့ လေပြေလေးနှင့်ပြန်ချော့၏။ မိမိက ချက်ချင်းပြန်လာလို့မဖြစ်သေးပေ။ ယခု လက်ရှိအရှုပ်ကို ရှင်းဖို့လိုသေးသည်။ ဒါကြောင့် တတ်နိုင်သလောက် အချိန်ဆွဲထားရန်ကြိုးစားလိုက်သည်။

'မိုးစက် ကလည်းဟာ။ စိတ်ချည်းပဲ။ ငါ နင့်ကို ယုံလို့ ကိုကို့အချစ်ကို ရအောင်ယူခိုင်း ထားတာပေါ့။ ငါ့မှာ နင့်လို သူငယ်ချင်းလည်း မပေါဘူး။ ငါ့ကို ချစ်တာ နင်တယောက်ဘဲ ရှိတာပါ။ နင်မှ ငါ့ကို မကူညီရင် ငါ ဒီတသက် သူ့ကို လက်ထပ်ခွင့်ရမှာမဟုတ်ဘူး။ ငါ့လေ .... သူ့ကို တကယ်ချစ်တာပါ။ သူကလွဲရင် ငါ ဘယ်သူ့ကိုမှ လက်မထပ်ချင်ဘူး။ သူ့ကို မရရင် ငါ ....ငါ... ဒီ စိတ်နဲ့ သေမှာ...'

မိုးစက် ညီမဖြစ်သူ၏ ဝမ်းနည်းအားငယ်စကားကို ကြားသော် စိတ်ပြေသွားပြီး လေသံလျော့သွားတော့သည်။ ညီမဖြစ်သူ မိုးပွင့်၏ ငိုသံပါသည့် စကားများက မိုးစက်ကို ဘယ်လိုမှ တင်းခံမထားနိုင်အောင် ခံစားရစေသည်။ ဒါနဲ့ပဲ မိုးပွင့်က မိမိကို ခိုင်းစားသညကို သိသော်လည်း မိမိက မလုပ်ပေးပဲ မနေနိုင်ပေ။ တလောကလုံး ပြေးကြည့်လျှင် ဒီမောင်နှမ နှစ်ယောက်ပဲရှိသည် မဟုတ်လား။

'ဒါကြောင့်ပြောတာပေါ့ မိုးပွင့်ရဲ့။ နင် သူနဲ့ ရင်းနှီးမှူရှိအောင် လာခဲ့ပါတော့။ နင်သူနဲ့ လက်ထပ်ပြီးမှ designer သင်တန်းကို ပြန်တက်လဲ ရပါတယ်။လာခဲ့ပါတော့နော်။'

'မလာဘူး။ ငါ ပြီးအောင်ဆက်တက်မှာ။ နင် ငါ့ကို ဆက်ကူညီမလား၊ မကူညီဘူးလား ပြော။ နင်မကူညီဘူးဆိုရင် ငါ မြန်မာပြည်ကို ပြန်မလာတော့ဘူး။ နင်နဲ့ ဖေဖေ့ကိုလည်း ပြန်လာမတွေ့တော့ဘူး။'

မိုးပွင့် ပြောရင်း ဝမ်းနည်းပက်လက်နှင့် ငိုသောအခါ မိုးစက်၏ တင်းထားသောစိတ်တို့ အရည်ပျော်သွားတော့သည်။

'တိတ်ပါ မိုးပွင့်ရာ။ မငိုနဲ့တော့နော်။ တိတ်...တိတ်... ငါ ဆက်ကူပေးပါ့မယ်။ နင် ဆက်ဆက်ပြန်လာရမယ်နော်။ နင်ပြန်မလာရင် ငါ သူ့ကို လက်ထပ်ရတော့မှာဟ။ ဒါပေမယ့် မင်္ဂလာဦးည သူက ငါ ယောကျာ်းလေး ဆိုတာ သိရင် သတ်ပြီး ထောင်ထဲ ဝင်မည့်သူဟ။ နင့်အကို အသတ်ခံရအောင် နင်မလုပ်ဘူးမလား။ မရက်စက်ပါနဲ့ မိုးပွင့်လေးရာ..နော်'

ငိုနေသော မိုးပွင့်သည် ချက်ချင်းပင် အငိုတိတ်ကာ ကလေးပမာ ခိုးခိုးခစ်ခစ်ရယ်ကာပြောခဲ့သည်။

'ပြန်လာမှာပေါ့။ မိုးပွင့်က ကိုယ့်အကို ဒုက္ခရောက်အောင် လုပ်ပါ့မလားလို့။ ပြေးကြည့်မှ ဒီမောင်နှမ နှစ်ယောက်ပဲရှိတာ။'

မိုးစက် သက်ပြင်းရှိုက်ကာ မသက်မသာဖြင့် ဆက်ပြောလိုက်ရသည်။ ငယ်ကတည်းက ခုထိ မိုးပွင့်ကို မိမိ ရအောင် မပြောနိုင်သေးပေ။ မိုးပွင့်လုပ်ချင်သမျှကို လိုက်ဖြည့်ဆည်းပေးတာက မိမိအကျင့်ဖြစ်နေလေပြီ။

'ကောင်းပြီလေ။ ငါ ဆက်ပြီး ဟန်ဆောင်ပေးပါ့မယ်။ မိုးပွင့် လိမ်လိမ်မာမာနေနော်'

'အင်းပါ။ မိုးစက်ရဲ့ ...ဒါဆို ဒါပဲနော်။ မိုးပွင့် သင်တန်းချိန်နီးပြီ။ သွားရတော့မယ်။Bye'

မိုးစက်သည် ညီမထံမှ ဖုန်းကိုချပြီနောက် သက်ပြင်းသာ လှိမ့်ချလိုက်မိသည်။ မိုးပွင့် ကို မိမိ ဘယ်တော့မှ မနိုင်ပေ။ ညီမလေးသည် အိမ်ထောင်ပြုခါနီးအထိ မိမိကို နွဲ့ဆိုးဆိုးနေဆဲပင်။ မိုးစက်သည် ညီမလေးအတွက် အားတင်းကာ ရှေ့ဆက်တိုးရန် ဆုံးဖြတ်လိုက်သည်။




အချစ်စစ်၏ တည်နေရာSeason (1)Tempat cerita menjadi hidup. Temukan sekarang