Season - 1အပိုင်း (8)

1.4K 102 0
                                    


အချစ်စစ်၏ တည်နေရာ

Season - 1

အပိုင်း (8)

ရန်ကုန်တွင် ကျောင်းတက်စဉ် သူငယ်ချင်းကို အဖော်ပြုကာ မွေးနေ့ပွဲတစ်ခုကို သွားစဉ် မိမိ စိတ်ကို လွှမ်းမိုးသွားနိုင်သော ရွှေမင်းသားတစ်ဦးကို တွေ့ခဲ့သည်။ သူကား.... ထန် လုပ်ငန်းစု ပိုင်ရှင်၏ သား ဒေါက်တာနှင်းထန်ဖြစ်သည်။ ရုပ်ချောသော ပညာတတ် သူဌေးသား ကို မိုးပွင့် မြင်မြင်ခြင်း ချစ်သွားပြီး ပိုင်ဆိုင်ချင်ခဲ့သည်။ သို့သော် တည်တင်းကာ အလုပ်သာ စိတ်ဝင်စား သော မာနကြီးလွန်းသည့် သူ့ဘေးကို မိမိ လုံး၀ မကပ်နိုင်ခဲ့ပါ။ နောက်ဆုံး မိုးစက်ကို အတင်းအကြပ် သူ့အချစ်ကို အရယူပေးရန် အကြပ်ကိုင် တောင်းဆိုခဲ့ရသည်။

မိုးစက်သည် အိပ်ယာထဲ တရှုံ့ရှုံ့ငိုနေသော ညီမလေးကို ကြည့်ကာ ခေါင်းစားနေသည်။

'မိုးပွင့် နင်ဒီလို မလုပ်ပါနဲ့။နင့် ရုပ်ရည်နဲ့ သူ့ထက်သာတဲ့သူတွေကို ရနိုင်ပါတယ်။ ဒီလူ က နင့်ကို မချစ်မှတော့ ဇွတ်မတိုးချင်ပါနဲ့ဟာ။တစ်ဘဝလုံး ကိုယ့်ကို မချစ်တဲ့ယောက်ျား မျက်နှာကြည့်ပြီး အသက်ရှင်သွားရမယ့် အဖြစ် ငါ့ညီမကို အဖြစ်မခံနိုင်ဘူး။'

မိုးပွင့်သည် ဆံပင်စုပ်ဖွားဖြင့် အိပ်ယာထက်မှ ထထိုင်ကာ မိုးစက်လက်ကို ဆွဲပြီးအကိုဖြစ်သူကိုအတင်းပင် တောင်းဆိုလိုက်သည်။

'ငါ့ကို သူချစ်လာအောင် လုပ်ပေးပါဟာ နင်လုပ်နိုင်ပါတယ်။ နင်နဲ့ငါက ရုပ်ရည်ချင်းခွဲမရအောင်တူတယ်လေ။ ပြီးတော့ နင်က လူတိုင်း ချစ်လာအောင်လုပ်နိုင်တယ်။ ငါ့အနေနဲ့ သူ့အနားကိုသွားပြီး ချစ်လာအောင်လုပ်ပေးပါ။ နင်လုပ်ရင် သူ သေချာပေါက် ငါ့ကို ချစ်လာမှာပါ...နော်... မိုးစက်... နင် င့ါကို ကူညီပေးပါ...'

မိုးစက် ခါးခါးသီးသီး ငြင်းလိုက်သည်။

'နင် ရူးနေလား။ ငါက တန်ခိုးရှင်မှ မဟုတ်တာ။ နင့်ကို ချစ်အောင် ငါဘယ်လိုလုပ်နိုင်မှာလဲ။ တော်တော့။ နင် စာမေးပွဲလဲ နီးပြီ။ စာကောင်းကောင်းကျက်။ ငါလည်း အလုပ်တွေ ရှိသေးတယ်။ နင်က ငါမလာရင် သေပါတော့မယ်ဆိုလို့ ဘာများဖြစ်တာလဲလို့ ငါပြေး လာရတာ။'

မိုးပွင့်သည် အိပ်ယာထက် ပစ်လှဲကာ လူးလိမ့်နေအောင်ငိုနေတော့သည်။ မိမိကို မိုးစက်ကူညီမှဖြစ်မည်။ မိုးစက်မကူညီလျှင် အကိုနှင်းထန်ကို မိမိဘယ်လိုမှ မရနိုင်သည်ကို သိနေသည်။ ထို့ကြောင့် မိုးစက် မကူညီပဲမနေနိုင်အောင် စကားနာထိုးလိုက်သည်။ စိတ်ထားနူးညံ့သော အမွှာအကိုက ဘယ်လို စကားလုံးကိုဆို မခံနိုင်သည်ကို မိမိအသိဆုံးဖြစ်သည်။

'နင် ငါ့ကို တကယ်မချစ်ပါဘူး မိုးစက်။ နင် ငါ့ကို မုန်းနေတာ မဟုတ်လား။ ဖေဖေက လည်း ငါ့ကို မချစ်ဘူး။ သူငယ်ချင်းတွေက နင်မှနင်။ ငါ မွေးကတည်းက သေသွားခဲ့ရင် ကောင်းမှပဲ။ မေမေရေ သမီးကို လာခေါ်ပါတော့ ဟီး..ဟီး...'

မိုးစက် စိတ်ညစ်သွားသည်။ မိမိအားနည်းချက်က ညီမလေး၏ ငိုသံကို နားမခံနိုင်ခြင်း ဖြစ်သည်။ ငယ်ငယ်ကတည်းက ညီမလေးကို မျက်ရည်မကျအောင် အလိုလိုက်ခဲ့သဖြင့် သူမ ကတဖြည်းဖြည်းဆိုးလာလေပြီ။ ခုလည်း သေသွားသော မေမေ့ကို တနေသဖြင့် မိုးစက် မနေနိုင်တော့ပေ။ ပြီးတော့ မိမိက သူမလေးကို မုန်းနေသည်ဆိုသည့် စွပ်စွဲချက်ကို ဘယ်လိုမှ သည်းမခံနိုင်ပေ။ နောက်ဆုံး မိုးစက် သက်ပြင်းချလိုက်ပြီး

'ပြော... နင် ငါ့ကို ဘာလုပ်စေချင်တာလဲ။ နင့် လူကြီးကို ရိုက်ပြီး ခိုးလာခဲ့ရမလား။ နင် ဖြစ်ချင်တာ အားလုံး ငါလုပ်ပေးမယ်။ '

မိုးပွင့် ချက်ခြင်းထထိုင်ပြီး မိုးစက်ကို ဖက်ကာ ဖြစ်ချင်သည်ကို သေချာတောင်းဆိုတော့သည်။

'နင် ... ငါ့လို ဟန်ဆောင်ပြီး သူ့အချစ်ကို ရအောင်ယူပေးပါ။ သူငါ့ကို အရမ်းချစ်ပြီး လက်ထပ်ချင်လာအောင် လုပ်ပေးပါ။'

'နင် ရူးနေလား။ ငါက ယောကျ်ားလေး။သူ့အချစ်ကို ဘယ်လိုရအောင် ယူနိင်မှာလဲ။ပြီးတော့ သူ့နား ငါဘယ်လိုကပ်ရမှာလဲ။ သူ့အချစ်ကိုရဖို့ တရက်၊နှစ်ရက်နဲ့မရဘူး။ လ ချီ သူ့ဘေးမှာနေမှ ရမှာ။အဲ့လိုဆို အလိမ်ပေါ်သွားမှာပဲလေ။သူက ငအမှ မဟုတ်တာ။ နိုင်ငံခြားမှာ ကျောင်းတက်လာတဲ့သူလေ။'

မိုးပွင့် သည် မိုးစက် ၏ လက်ကို ဆုပ်ကိုင်ကာ မျက်ရည်စက်လက်နှင့် သနားစဖွယ်တောင်းပန်လိုက်သည်။

'ငါ့ကို ချစ်တာ နင်တစ်ယောက်ထဲ ရှိတော့တာပါဟာ။ သူ့ကို ရရင် ဒီတသက် နင့်ကို ငါ ဘယ်တော့မှ အကူအညီ မတောင်း တော့ပါဘူး။ ဒါ နောက်ဆုံးပါ။ နင်မကူညီရင် ငါ ကိုယ့် ကိုယ်ကို သတ်သေလိုက်တော့မယ်။ ငါ့ကို ချစ်မယ့်သူ မရှိတဲ့ဘဝမှာ အသက်မရှင်ချင် တော့ဘူူး။'

မိုးစက်သည် ညီမလေး၏ ပါးစပ်ကို ပိတ်ကာ စိတ်ဆိုးစွာပြောသည်။

'နင် ကိုယ့်ကိုယ်ကိုသတ်သေမယ် ထပ်ပြောကြည့်။ငါ နင့်ကိုရိုက်မှာ။နင့်ကိုငယ်ကတည်းက ပိုးမွေးသလို မွေးလာတဲ့ ဖေဖေ့ကို ပြန်ငဲ့ညှာဦး။ ပြီးတော့ နင်မရှိရင် အထီးကျန်ခဲ့မယ့် ငါ့ကို နင်ထည့်မတွက်တော့ဘူးလား မိုးပွင့်။ နင် အရမ်းကို ရက်စက်တယ်။ နင့်လူကြီး တစ်ယောက်ပဲ နင့် အတွက်အရေးကြီးတာလား။ ငါနဲ့ ဖေဖေကရော?'

မိုးစက် ၏ စကားကိုကြားသော် မိုးပွင့် တအိအိ နှင့် ငိုကြွေးကာ ရှိုက်သံနှင့် ဖြေသည်။

'ငါ မသိတော့ဘူး။ ငါ တကယ်ချစ်တဲ့သူတွေ့တော့လည်း သူက ငါ့ကို လုံးဝသတိတောင် မထားမိဘူး။ နင့်ကို အားကိုးတကြီးနဲ့ အကူအညီတောင်းတော့လည်း ငါ့ကို ဆူတယ်။ ငါ့ ဘဝမှာ ဖေဖေနဲ့ နင်ပဲရှိတာပါ။ မိုးစက် ... ငါနင့်အပေါ် ဆိုးခဲ့တာ သိပါတယ်။ ငါမရှိရင် နင်ပျော်ပျော် နေနိုင်ပြီပေါ့နော်။ ငါတော့ မေမေနဲ့ပဲ အတူနေတော့မယ်။ နင်နဲ့ဖေဖေ့ကို ဒုက္ခမပေးတော့ပါဘူး။ ငါ သေရင် မေမေ့ အုတ်ဂူဘေးမှာ မြှုပ်ပေးပါနော်။'

မိုးစက် ညီမလေး၏ စကားကို ဆက်လက်နားထောင်နိုင်စွမ်း မရှိတော့ပါ။ဘာမှ မစဉ်းစား နိုင်ခင် နူတ်မှ အလိုလျောက် ကတိပေးလိုက်မိသည်။

'ငါ အရှုံးပေးပါပြီ။ နင် ဘာဖြစ်စေချင်သလဲ ပြောပါတော့။ ငါ အားလုံးလုပ်ပေးမယ်။ ပြော.. သူ့ဆီမှာ ငါအလုပ်သွား လျှောက်ရမှာလား။ '

မိုးပွင့်သည် ချက်ချင်း အငိုတိတ်သွားပြီး ပြုံးရွှင်စွာဖြင့် မိုးစက်၏ ပါးပြင်ကို နမ်းကာ ရှိုက်သံတစ်ဝက်နှင့် အကွက်စေ့စေ့ ခိုင်းစေတော့သည်။

'အဲ့ဒါကြောင့် နင့်ကို ငါချစ်ရတာ။ ဒီကမ္ဘာမှာ နင်တစ်ယောက်ပဲ ငါ့ကို ချစ်တယ်ဆိုတာ ငါသိပါတယ်။ ငါစုံစမ်းထားပြီးပြီ။ သူက ဖေဖေ့ မိတ်ဆွေ ဦးမြတ်ထန်ရဲ့သားပဲ။ ဖေဖေ့ကို ပြောပေးပါ။ ငါ သူ့ဆီမှာ အလုပ်လုပ်ချင်တယ်လို့။ ပြီးရင် နင်က ငါ့အစား ဝင်ပြီးအလုပ် လုပ်ပေးပြီး ငါ့ကိုချစ်လာအောင် နင်လုပ်ပေးပါ။ ဖေဖေ့ကိုတော့ နင်က ဝသုန်နဲ့ အတူ အလုပ်လုပ်နေတယ် ပြောပြီး ခရီးထွက်နေတယ်ဆိုပြီး မြစ်ကြီးနားကနေ ထွက်လာခဲ့။ ဖေဖေက နင့်ကိုဆို ယုံတယ်။ ဘယ်တော့မှ သံသယ မဝင်ဘူး။'

'မိုးပွင့် ငါ.. နင့်အစား အလုပ်လုပ်ဆို လုပ်ပေးနိုင်တယ်။ ဒါပေမယ့် ငါ သူချစ်လာအောင် ဘယ်လိုလုပ်ရမလဲ မသိဘူးနော်။'

'နင် ဘာမှလုပ်စရာမလိုပါဘူး။ သူ့ဘေးမှာ သူစိတ်ဝင်စားလာအောင် နည်းနည်းပါးပါး လုပ်ပေးရင် သူနင့်ကို ချစ်လာမှာပါ။ ကိုရန်နိုင်တောင် နင့်ကို ချစ်လာသေးတာပဲ။ သူ နင့်ကို သဘောကျမှာပါ။ '

မိုးစက် သက်ပြင်းရှိုက်လိုက်မိသည်။ ကိုရန်နိုင် ကိစ္စကို သူမ အခဲမကြေသေးပါလား။

'မိုးပွင့်ရယ်... ကိုရန်နိုင် ငါ့ကိုကြိုက်တာနဲ့ ယောက်ျားတိုင်း ငါ့ကို သဘောကျမှာ မဟုတ် ဘူးလေ။ ငါ တတ်နိုင်သလောက် ကြိုးစားပေးပါ့မယ်။ နင် စာမေးပွဲကို အောင်အောင်ဖြေ ပါ။ ငါ ဖေဖေ့ကို ရအောင်ပြောပေးပါ့မယ်။'

မိုးစက်သည် ဖေဖေ့ကို မိုးပွင့် အလုပ်လုပ်ချင်ကြောင်းပြောကာ စိတ်ချစေရန် ဖေဖေ့ သူငယ်ချင်း ဦးမင်းထန် ကုပ္မဏီတွင် အလုပ်သွင်းပေးရန်ပြောလိုက်သည်။

'သား မိုးပွင့်က တကယ်လုပ်နိုင်ပါ့မလား။ ပြီးမှ ဖေဖေ့ သူငယ်ချင်းနဲ့ မျက်နှာပျက်ရမယ် နော်။ မင်းထန် ရဲ့သားက အလုပ် အရမ်းလုပ်တယ်လို့ကြားတယ်။ '

'မိုးပွင့်က ဒီအတိုင်းနေရင် လူအကြောင်းသိမှာ မဟုတ်ဘူး ဖေဖေ။ သူ့ကို လုပ်ခိုင်း လိုက်ပါ။ အလုပ်ခွင်ထဲရောက်မှ သူ ရင့်ကျက်လာလိမ့်မယ် ဖေဖေ။ သားလည်း သူ့ကို ကူထိန်းပေးပါ့မယ်။ '

'ဒါနဲ့ သား စင်္ကာပူမှာ Marketing course သွားတက်မယ်ဆို။ မင်းညီမ ကို ဘယ်လို စိတ်ချပြီးထားသွားနိုင်မှာလဲ။ သား သွားစရာရှိတာ သွားပါ။ မင်းပြန်လာမှ မင်းညီမကို အလုပ်သွင်းပေးလိုက်မယ်။'

'ရပါတယ် ဖေဖေ။ကျွန်တော် နောက် တစ်တန်းဖွင့်မှ သွားလိုက်ပါ့မယ်။ ခု ဝသုန်နဲ့ အလုပ်တွဲလုပ်ရင်း ညီမလေးကို စောင့်ရှောက်ပေးပါ့မယ်။ ညီမလေး လုပ်ချင်တာ ခွင့်ပြုပေးလိုက်ပါ ဖေဖေရယ် နော်။'

'ဖေဖေ တော့ရင်လေးတယ် သားရယ်။ မိုးပွင့်က ဆိုးတာနဲ့ ။'

မိုးစက်သည် ဖေဖေ့ကို သဘောတူရန် မနည်းပြောလိုက်ရသည်။ နောက်ဆုံး ဖေဖေက 'ထန် 'လုပ်ငန်းစုပိုင်ရှင် ဦးမင်းထန်နှင့် သွားတွေ့ပြီး သမီးကို အလုပ်သင်ဖြင့် လက်ခံ ရန်တောင်းဆိုခဲ့သည်။ ဤသို့ဖြင့် မိုးစက်သည် မိုးပွင့် အဖြစ် ဒေါက်တာနှင်းထန်၏ နံဘေး သို့ရောက်ရှိလာခဲ့သည်။

မိုးပွင့်က တစ်မျိုးဖောက်ကာ စင်္ကာပူတွင် ဒီဇိုင်းနာ သင်တန်းသွားတက်ချင်ပါသည် ဟု ပူဆာသဖြင့် မိုးစက်က မိမိ သင်တန်းတက် ရန် စုထားသော ပိုက်ဆံဖြင့် စေလွှတ်လိုက် သည်။ ရန်ကုန်တွင် မိုးပွင့်က ငြိမ်ငြိမ် မနေနိုင်ပဲ လျှောက်သွားနေသဖြင့် အလိမ်ပေါ် သွားပါက ဖေဖေ မျက်နှာပျက်ရမည် စိုးသောကြောင့် သူမကို မလွှတ်ချင်ပဲ လွှတ်လိုက်ရခြင်း ဖြစ်သည်။

မိုးပွင့် စင်္ကာပူထွက်ပြီးမှ ဖေဖေ သိသွားသောအခါ ရန်ကုန်သို့ ဆင်းလာပြီး မိုးစက်ကို ပြင်းထန်စွာ ဆူသည်။ မိုးစက်ကို အလုပ်ထွက်ခိုင်းသည်။ဦးမင်းထန်ကို အကျိုးအကြောင်း ဖွင့်ပြောကာ တောင်းပန်မည်လုပ်နေသဖြင့် မိုးစက်က မိုးပွင့် ဒေါက်တာနှင်းထန်ကို ချစ်နေသောကြောင့် မိမိ ဟန်ဆောင်နေရကြောင်း ဖွင့်ပြောပြလိုက်ရသည်။

ဦးသက်ထွန်းသည် သမီးအပေါ် ချစ်ကာ အနွံတာခံလွန်းသော သားကို စိတ်ပျက် လက်ပျက် ကြည့်ကာ

'မင်း ညီမကို အလိုလိုက်သင့်တာထက် မင်းပို အလိုလိုက်နေမိပြီ မိုးစက်။ မင်းကို မိုးပွင့် မှတ်ပြီး ဟိုသူငယ်က တကယ်ချစ်လို့ လက်ထပ်တော့မယ်ဆိုပါတော့။ မိုးပွင့်က စိတ် ပြောင်းပြီး အခြားတယောက်ကို ကြိုက်သွားရင် ဘယ်လိုလုပ်မလဲ။ မင်း အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်တွေ တော်တော့။ ငါက သမီးတင် ဦနှောက်မရှိဘူးမှတ်တယ်။ သားလဲ အတူတူ ပါလား။ အခုချက်ချင်း အထုပ်ပြင်။ မြစ်ကြီးနားကို ပြန်လိုက်ခဲ့။'

'ဖေဖေရယ်. . သား တောင်းပန်ပါတယ်။ ဒီတစ်ခါ နောက်ဆုံးပါ။ သား ဖေဖေ့ကို မျက်နှာ ပျက်အောင် မလုပ်ပါဘူး။ ညီမလေးက အကိုနှင်းထန်ကို တကယ်ချစ်နေလို့ပါ။ ပြီးတော့ အကိုနှင်းထန်လို လူတော်၊လူကောင်းနဲ့ ညီမလေးကို လက်ထပ်စေချင်လို့ပါ။ ညီမလေး လက်ထပ်ပြီးရင် သား ဖေဖေမကြိုက်တာ နောက်လုံးဝမလုပ်တော့ပါဘူး။သားတောင်းပန် ပါတယ် ဖေဖေ။ သား ခုလိုနေတာ ဘယ်သူမှ မရိပ်မစေရပါဘူး။ ဒီတစ်ခါတော့ ဖေဖေ မသိဟန်ဆောင်ပေးပါ ဖေဖေ။ ညီမလေး သူချစ်တဲ့သူနဲ့ လက်ထပ်နိုင်အောင် သား ကူညီပေးပါရစေ။'

ဦးသက်ထွန်း ဘယ်လိုပြောပြော၊ ဘယ်လိုဆူဆူ တစ်သက်လုံး စကားနားထောင်ခဲ့သော သားက ခေါင်းမာစွာ ငြင်းဆန်နေသောကြောင့် စိတ်ဆင်းရဲသွားသည်။ သို့သော် သူငယ်ချင်း မင်းထန်က သူ၏ သားနှင့် မိမိ သမီးကို သဘောတူကြောင်းပြောလာ သောအခါ ဦးသက်ထွန်း ဘာပြန်ပြောရမှန်း မသိတော့ပေ။ မိုးစက်ကို မိုးပွင့် အောက်မေ့ ကာ သူငယ်ချင်းက ချွေးမတော်ချင်နေသည်။ ဦးသက်ထွန်း ငိုချင်သွားသည်။ မိုးပွင့်က ဘယ်လောက်ဆိုးသည်ကို မိမိ အသိဆုံးဖြစ်သည်။ လက်ထပ်ပြီးမှ မိုးပွင့်၏ ဒဏ်ကို မောင်နှင်းထန် သည်းမခံနိုင်လျှင် ကွဲကြ၊ကွာကြမည်ကို ကြိုပြီး မြင်ယောင်လာသည်။

'ခြောက်လပဲ စောင့်ပေးပါ ဖေဖေ။ ခြောက်လ ပြည့်လို့ အကိုနှင်းထန်က ချစ်မလာရင် သား ပြန်လာပါ့မယ်။ အဲ့ဒီအချိန်ဆိုရင် ညီမလေးလည်း စိတ်ငြိမ်လောက်ပါပြီ။ ခုက သုံးလ ပဲကျန်ပါတော့တယ်။ သားကို အချိန်သုံးလပဲ စောင့်ပေးပါ။'

နောက်ဆုံး သားဖြစ်သူ မိုးစက် အတင်းတောင်းပန်သောကြောင့် ဦးသက်ထွန်း လက်ခံ လိုက်သည်။ သုံးလအတွင်း မောင်နှင်းထန် မိုးစက်ကို သဘောမကျသွားနိုင်လောက် ဟု ထင်သောကြောင့်ဖြစ်သည်။ ဖခင်ပြန်သွားပြီးနောက် မိုးစက်သည် သီချင်းခွေထုတ်ရန် ရန်ကုန်ရောက်လာသော ဝသုန်ကို လှမ်းခေါ်ကာ မိမိ အလုပ်ကို အရှိန်မြှင့်လိုက်သည်။ အကိုနှင်းထန် သဘောကျသည့် အနေအထိုင်၊ ဝတ်စားဆင်ယင်ပုံ တို့ဖြင့် သူ့ရင်ထဲ ရောက်အောင် စွဲဆောင်နေရာမှ နောက်ပြိုင်ဖက် တစ်ဦးဆွဲသွင်းပြီး ပွဲရှိန်ကို မြှင့်လိုက်ရ သည်။ မိမိတွင် အချိန်နည်းနေပြီ။ ပြိုင်ဖက် တစ်ဦးပေါ်လာလျှင် သူ့ရင်ထဲမှ ခံစားချက် အစစ်အမှန်တို့ပေါ်လာလိမ့်မည်။

မိုးစက်တွက်သည့် အတိုင်း ငယ်ရွယ်ကာ ရူပါဖြောင့်သော ဝသုန်ကြောင့် သူ ချစ်ကြောင်း ဖွင့်ပြောကာ စေ့စပ်ထားလိုက်ပြီ။ဖေဖေက စေ့စပ်ပွဲကို လာစဉ် မိုးစက်ကို တိတ်တိတ် ကြိတ်ကာ ဆူသွားသည်။ မိုးစက် ဖေဖေဆူသည်ကို ငုံ့ခံကာ ညီမလေးအတွက် ရှေ့ ဆက်တိုးခဲ့သည်။ မိမိက ဟန်ဆောင်ထားသောကြောင့် စေ့စပ်ပွဲကို အိမ်တွင် အကျဉ်းရုံးပဲလုပ်ရန် ဖေဖေတောင်းဆိုလိုက်ခြင်း ဖြစ်သည်။ မိမိတို့ လုပ်ရပ်ကြောင့် လူကြီးဖြစ်လျက်နှင့် လိမ်ထားရသည်ကို ဖေဖေ စိတ်မချမ်းမသာဖြစ်နေသည်ကို ကြည့်ကာ မိုးစက် ဖေဖေ့ကို အကြိမ်ကြိမ်ရှိခိုးတောင်းပန်မိသည်။

သူ၏ အချစ်ဒီဂရီ မြှင့်တက်လာပြီး အတင်းပွေ့ဖက် နမ်းရှုပ်လာသောအခါ မိုးစက် ကိုယ့် အတတ်ဖြင့် ကိုယ်စူးရလေပြီ။ ထို့ကြောင့် မိုးပွင့်ကို အတင်းလှမ်းခေါ်ကာ အလိမ်မပေါ်ခင် မနည်းလူလဲကာ ခြေရာဖျောက်ခဲ့ရသည်။ သို့သော် ရေကူးကန်တွင် သူ့ကို တွေ့လိုက်ရ သောအခါ မိုးစက် အတော်လေးကို အံ့သြကာ ထိတ်လန့်သွားခဲ့သည်။ မိုးပွင့်၏ အနေအထိုင် အပြောအဆိုကို သူ့အကြိုက်နေရန် ပြန်သတိပေးရသည်။ သူသည် ဟော့ရမ်းကာရဲတင်းသော မိန်းကလေးများကို မနှစ်သက် သဖြင့် လက်မထပ်ခင် မိုးပွင့်ကို သူအချစ်လျော့သွားမှာ စိုးရသည်။

မိမိကို သူကြည့်သော အကြည့်များအရ သူမိမိကို ရိပ်မိသွားပြီလားဟု သံသယ ဝင်ကာ မိုးပွင့်ထံ လုံးဝသွားမတွေ့တော့ပဲ ဝသုန် ဘန်ကောက်သို့သွားစဉ် မိမိတစ်ခါတည်း လိုက်သွားကာ ခြေရာဖျောက်နေလိုက်သည်။ သို့သော် မိုးပွင့်၏ ဖုန်းမှတဆင့် သူဆက်သွယ်လာသောအခါ မိုးစက် စိတ်ထဲ ထင့်သွားသည်။ သူ မိမိ နှင့် မိုးပွင့်ကို ကောင်းစွာ ခွဲခြားနိုင်သွားပြီကို သိလိုက်သည်။ သူနှင့် ဖုန်းပြောပြီးနောက် မိုးပွင့်ကို email ပို့ကာ သူကြိုက်သော ပုံစံပြန်ပြောင်းရန် သတိပေးရသည်။

'သူ ငါ့ကို သဘောမကျဘူး။ နင့်ကို သဘောကျသွားပြီ။ '

'ငါ ယောကျ်ားလေးဆိုတာ သူ ကောင်းကောင်းသိပါတယ်။ နင် သိပ်မဟော့နဲ့လေ။ သူက ဟော့တဲ့မိန်းကလေးတွေကို သဘော မကျဘူး။ ပြီးတော့ နင့် အဝတ်စားတွေ သိပ်ဖော်လွန်းတယ်။ ဗီရိုထဲက ငါ့ အဝတ်တွေကိုပဲ ပြန်ဝတ်ပါ။ သူက ဆံပင် ဆေးဆိုးတာ၊ ကောက်တာတွေ မကြိုက်ဘူး။ နင့် ဆံပင်ပြန်ဖြောင့်ပြီး ဆေးပြန်ဆိုးထားပါ။ ပြီးတော့ ရေမွှေးက လာဗန်ဒါ ပန်းနံ့နဲ့ ရေမွှေးကိုပဲ ဆွတ်ပါ။ အဲ့ဒါ သူ့မေမေ ကြိုက်တဲ့ ရေမွှေး နံ့ပါ။ နင် တခြားရေမွှေး မသုံးနဲ့။ သူ နင့်ကို ပြန်ပြီး စိတ်လည်လာလိမ့်မယ်။'

'စိတ်ညစ်လိုက်တာ ။ နင် ဘယ်လို အဝတ်အစားတွေ ဝတ်ခဲ့တာလဲ မိုးစက်ရယ်။ ပုံတုံး ကြီးတွေ။ အဲ့ဒါတွေ ဝတ်ရင် အဖွားကြီးနဲ့ တူမှာပေါ့။ စိတ်ညစ်ပါတယ်။'

'ငါက ဖော်ဝတ်ရင် ရင်တုတွေ ပေါ်သွားမှာပေါ့ဟ နင်ကလည်း။ ခဏသည်းခံစမ်းပါ။ သူနဲ့ လက်ထပ်ပြီးရင် ပုံစံ ဖြည်းဖြည်းချင်း ပြောင်းလို့ရတာပဲ။ သူလန့်သွားအောင်တော့ မလုပ်နဲ့လေ။ သူ့ကိုချစ်ရင် နင်သည်းခံနိုင်ရမှာပေါ့။ '

'ချစ်တာနဲ့ ပုံတုံးကြီး ဝတ်ရတာ တခြားစီပဲ။ စိတ်ညစ်ပါတယ်။ ကောင်းပြီလေ။ လက်ထပ်ပြီးရင် ငါ့စိတ်ကြိုက်ဝတ်မှာနော်။'

'အေးပါ။ နင့် စိတ်ကြိုက်ဝတ်ပါ။ ခုတော့ ငါ့ အရင်ပုံစံ ပြန်နေ။ ငါ ဖုန်းနံပါတ် ပြောင်းလိုက် တော့မယ်။ ငါ့ဆီ အရေးကြီး ပြောစရာရှိရင် email ပို့ထားလိုက်တော့နော်။'

မိုးပွင့်သည် မိုးစက်နှင့် ဖုန်းပြောပြီး ဆံပင်အနက်ဆိုးကာ ပြန်ဖြောင့်ထားလိုက်သည်။ ထို့နောက် မိုးစက်ဝတ်ခဲ့သော ပုံတုံး အဝတ်အစားများဖြင့် သူပြန်အလာကို စောင့်နေ လိုက်သည်။

'ဟယ် ...မိုးလေး။ ဒီပုံလေးနဲ့ ကျက်သရေရှိလိုက်တာကွယ်။ ဒေါ်ပိုက ဒီလို မဝတ်တော့ ဘူးလို့ထင်နေတာ။'

'မိုးက ကိုကို ကြိုက်မယ်ထင်လို့ ခေတ်ဆန်ဆန်ပြင်ကြည့်တာပါ ဒေါ်ပို။ ကိုကို မကြိုက် လို့ အရင်ပုံပဲ ပြန်ဝတ်တော့မယ်။'

'မောင်နှင်းထန်က ရိုးရိုးရှင်းရှင်း ဝတ်တာကို သဘောကျတာကွဲ့။ ဟော မောင်နှင်းထန် ပြန်လာပြီ။ သူ မြင်ရင် ဝမ်းသာသွားမှာပဲ။'

ဒေါက်တာနှင်းထန်သည် အိမ်ထဲသို့ ဝင်လိုက်စဉ် ဖြောင့်စင်းသော ဆံပင်ကို ကျောလည် တွင်စုစည်းထားသော မိုးပွင့်ကို တွေ့လိုက်စဉ် ရင်ထဲ လှိုက်ခနဲဖြစ်သွားသည်။ မိမိ လွမ်းခဲ့ရသော မိုးကို ငေးကြည့်နေမိစဉ်

'ကိုကို...'

မိုးပွင့်က သူ့ရင်ခွင်ထဲ ပြေးဝင်လာပြီး သူ့ကို ဖက်ရင်း ပါးပြင်ကို ခြေဖျားထောက်ကာ နမ်းပြီးနူတ်ဆက်လိုက်စဉ် ရင်ထဲ ငလျင်တစ်ခုလှူပ်သွားသည်။

'ကိုကို့ ကို မိုးလွမ်းနေတာ။ ကိုကို အလုပ်ပင်ပန်းသွားပြီလားဟင်။ ကိုကို့အတွက် မိုး သံပုရာရည် ဖျော်ခိုင်းထားတယ်။ အမောပြေ အေးအေးလေး သောက်လိုက်ပါအုံးနော်။'

မိုးပွင့် အပြစ်ကင်းစင်သည့် အပြုံးဖြင့် ဒေါ်ပိုလက်ထဲမှ သံပုရာရည်ကို လှမ်းယူကာ သူ့ကို ကမ်းလိုက်စဉ် သူက မိုးကို ငုံ့ကြည့်ကာ

'ကိုယ် ဒီအချိန် သံပုရာရည် မသောက်ဘူးဆိုတာ မိုး မေ့သွားတယ်ထင်တယ်။ ကိုကို အလုပ်က ပြန်လာရင် Black coffee ပဲ သောက်တယ်လေ။'

ထိုစကားကြောင့် မိုးပွင့် ဆတ်ခနဲဖြစ်သွားပြီး ပျာပျာသလဲဖြင့်

'အို ... ဟုတ်ပါရဲ့ ... မိုးမေ့သွားတယ်။ ကိုကိုက ကျန်းမာရေး လိုက်စားတယ်ဆိုတော့ သံပုရာရည်သောက် မှာပဲလို့ စိတ်ထဲစွဲနေတာ။ ခဏလေးနော်။ မိုး ကော်ဖီ ဖျော်ခိုင်းလိုက်မယ်။ ဒေါ်ပို သံပုရာရည် သိမ်းလိုက်တော့။ ကော်ဖီဖျော်ပြီး ချက်ချင်းလာပို့ပါ။ လာ ကိုကို အိမ်ပေါ်ကို သွားကြစို့။'

ဒေါက်တာနှင်းထန်၏ အထင်ခိုင်မာသွားသည်။ ယခင် ဝတ်စားပုံနှင့် တွေ့လိုက်မှ မိမိချစ်ခဲ့သော မိုးပွင့်သည် ယခု မိမိဘေး ရောက်နေသောသူ မဟုတ်ကြောင်းသေချာသွားတော့ သည်။ သူမ၏ စကားပြောသည့် လေသံ၊ သူမ၏ အမူအရာတို့သည် ကွဲပြားနေသည်။ ထို့ပြင် မိမိ ဘာနှစ်သက်သည်ကို သူမ လုံး၀ မသိခြင်းဖြစ်သည်။ လေးလကျော် ငါးလ နီးပါး မိမိကို သံပုရာရည်ဖျော်တိုက်ခဲ့သော ချစ်သူသည် ယခု မိန်းကလေး လုံး၀ မဟုတ်ပေ။ နှင်းထန် အခြေနေကို ခြုံငုံမိသလောက်ရှိ သွားလေပြီ။ ဘာဆက်လုပ်ရမည်ကိုလည်း ပြတ်ပြတ်သားသား သိသွားလေပြီ။ ထို့ကြောင့် မိုးပွင့်ကို ပြုံးချိုစွာ စိုက်ကြည့်ကာ ပြောလိုက်သည်။

'မိုးကို ကိုကို ပြောစရာရှိလို့။ စင်္ကာပူကသူတို့သမီး ဝတ်စုံ ရပြီတဲ့။မိုးသွားပြီးစမ်းဝတ်ရင်း လိုတာရှိရင် တစ်ခါတည်း shopping ထွက်ခဲ့ပါလား။ ကိုကိုက အရေးကြီး Director အစည်းအဝေးတက်ရဦးမှာမို့ မလိုက်ဖြစ်တော့ဘူး။ မိုး တစ်ယောက်တည်းသွားလို့ ဖြစ်လား။'

မိုးပွင့်သည် shopping အသံကြားသောအခါ ပြုံးသွားပြီး ချက်ချင်းကို ပြန်ဖြေလိုက်သည်။

'ဖြစ်ပါတယ် ကိုကို။ ကိုကို မပါတော့ ပျင်းတော့ပျင်းတာပေါ့နော်။ မိုးက ကိုကိုနဲ့ အတူတူ သွားချင်တာ။'

'ဟန်းနီးမွန်း ထွက်တော့မှ အတူတူ သွားကြတာပေ့ါ။ ဒါဆို မနက်ဖြန် နေ့လည် flight နဲ့ မိုး သွားလိုက်နော်။'

'ဟုတ်ကဲ့ ကိုကို။ မိုး အဝတ်စား သွားပြင်လိုက်ဦးမယ်နော်။'

ဒေါက်တာနှင်းထန်သည် မိုးပွင့်ကို လေယာဉ်ကွင်းလိုက်ပို့ပြီးသည်နှင့် တစ်ခါက မိမိ သွားခဲ့ဖူးသော မွေးနေ့ရှင် သူငယ်ချင်း၏ညီ ကျော်သက်ထွန်း ထံသို့ ထွက်လာခဲ့သည်။

'အကို ကျွန်တော် ဘာကူညီပေးရမလဲ ခင်ဗျာ'

ကျော်သက်ထွန်းက ကြိုဆိုကာ ပျာပျာသလဲမေးလိုက်သည်။

'သြော်... ဟို တစ်ခါ ညီ့မွေးနေ့ကို့ အကို့အသိ တစ်ယောက်လာသလားလို့ သိချင်လို့ လာမေးတာပါ'

'အကို့ အသိက ဘယ်သူလဲဗျ'

'မိုးစက်ပါ။ '

'လာတယ် အကို။သူနဲ့အတူ ဝသုန်လည်းပါတယ်။အကို မိုးစက်ကို ဘယ်လိုသိတာလဲ'

'ကိုယ် လက်ထပ်မှာ မိုးပွင့်လေ။'

ကျော်သက်ထွန်း လေတစ်ချက်ချွန်လိုက်မိသည်။

'ဝိုး ... အကို တကယ်ပြောတာလား။ အကို မိုးပွင့်ကို လက်ထပ်မယ်ဆိုတာ..'

'ဟုတ်တယ်။ ဘာဖြစ်လို့လဲ။'

'ဟို ... အကို စိတ်မဆိုးနဲ့နော်။ အကို မိုးပွင့်နဲ့ ဘယ်လိုတွေ့ခဲ့တာလဲ။'

'သူက ဒယ်ဒီ့ မိတ်ဆွေရဲ့သမီးပါ။ ဒါနဲ့ ညီ့ မွေးနေ့ကို လာတဲ့အချိန် မိုးပွင့် လည်းပါလာ တယ် မဟုတ်လား။ '

'မပါဘူး အကို ။ အဲ့ဒီအချိန် မိုးပွင့်က ပြည်ပမှာ သင်တန်းတစ်ခု တက်နေတာပါ။ သူနဲ့ ကျွန်တော့် ညီမဝမ်းကွဲက အတန်းအတူတူဖြစ်လို့ သိတာပါ။ဘာဖြစ်လို့လဲ အကို'

'ဟုတ်လား။ ကိုယ်က မိုးပွင့် လည်း အတူတူ လာတယ်။ မိုးပွင့်နဲ့ဝသုန်က ငယ်ချစ်တွေ လို့ ကြားလို့ပါ။ ကိုယ်နဲ့ လက်ထပ်မယ့် မိန်းကလေးအကြောင်း အသေးစိတ် သိချင်လို့ ပါ ညီ'

ကျော်သက်ထွန်းက ရယ်မောကာ သဘောရိုးနှင့်ထင်ကာ ရှင်းပြခဲ့သည်။

'အကို ကြားတာနဲ့ ဆန့်ကျင်ဘက်ပဲ။ မိုးပွင့်နဲ့ ဝသုန်က လုံး၀ မတည့်ကြဘူးဗျ။ ဝသုန် က မိုးပွင့်ကိုဆို အရမ်းအမြင်ကတ်တာ။ သူက မိုးစက်နဲ့ မှသူငယ်ချင်းစစ်စစ်တွေ။ အကို စိတ်ချပါ။ မိုးပွင့်နဲ့ ဝသုန်က လုံး၀ ကင်းပါတယ်။'

'မင်း သူတို့ မောင်နှမ နှစ်ယောက် အဝတ်စား ဆင်တူ ဝတ်ထားရင်ခွဲနိုင်သလား။'

'မခွဲနိုင်ဘူးဗျ။ ဒါပေမယ့် အကျင့်ခြင်းကတော့ တခြားစီဆိုတော့ ကွဲတော့ကွဲပါတယ်။ သေချာတော့ ကြည့်ရတာပေါ့ဗျာ။ အကိုလည်း သူတို့ကို ခွဲနိုင်လား'

ဒေါက်တာနှင်းထန်က ပြုံးကာဖြေသည်။ ယခုအခါ မိမိနှလုံးသားက ချစ်သည့်သူကို မှတ်မိသွားလေပြီ။ အမြဲ ညအိပ်တိုင်း အိပ်မက်ကို အပိုင်စိုးနိုင်သည့် ချစ်သူလေးကို ဘယ်မမှတ်မိပဲနေပါ့မလဲ။

'အရင်က မခွဲနိုင်ဘူး။ အခုတော့ ခွဲနိုင်ပြီ။ ကိုယ့် နှလုံးသားက ကိုယ့်ချစ်သူကို မှတ်ထားပေးတယ်။ ကျေးဇူးပဲ ညီ။ '

ဒေါက်တာနှင်းထန် ကျော်သက်ထွန်းကို နူတ်ဆက်ပြီး ပြန်လာခဲ့သည်။ မိမိ ရင်ထဲမှ သံသယ လုံးဝရှင်းသွားလေပြီ။ ယခင်က မိမိကို ချစ်သလားဟုမေးတိုင်း ဝေ့လည်ကြောင် ပတ်ဖြေခဲ့သည်ကို သဘောပေါက်လာသည်။

'မိုးစက် မင်းဘာကြောင့် ကိုယ့်ကို လှည့်စားခဲ့တာလဲကွာ။ '

ဒေါက်တာနှင်းထန်သည် အဖြစ်မှန်ကို သိသွားပြီးနောက် စိတ်ဆင်းရဲသွားသည်။ မိမိ မချစ်သော မိန်းကလေးကို မကြာခင် လက်ထပ်ရတော့မည့် အဖြစ်က ရူးချင်စိတ်ပေါက် လာသည်။ လက်ထပ်ပွဲအကြောင်းတွေးရုံနှင့် အာရုံတို့ နောက်ကျိလာသည်။ စိတ်တို့ ရှုပ်ထွေးလာသည်။

ဒေါက်တာနှင်းထန်သည် ရုံးခန်းထဲတွင် ထိုင်ကာ ရှေ့လျောက် ဘယ်လိုလုပ်ရမည်ကို အလေးနက် စဉ်းစားနေသည်။ မိုးစက်နှင့် အတူရှိခဲ့သည့်အချိန်ကိုပြန်တွေးရင်း အမှတ်တမဲ့ ပြုံးနေမိသည်။ ထိုစဉ်က မိမိဘယ်လောက် ပျော်ခဲ့သည်ကို သတိရနေမိသည်။ မိမိရင်ခွင်ထဲရောက်နေစဉ်က ပူနွေးသောကိုယ်လေး၏အတွေ့၊ နူးညံ့သောနူတ်ခမ်းလေးကို နမ်းလိုက်စဉ်က ချိုမြိန်မှူ၊ သူနှင့် အတူရှိစဉ်က စိတ်အေးချမ်းမှုတို့ကို သတိရသောအခါ ရင်ထဲဝယ် ပူတလှည့်၊အေးတလှည့် ဖြင့် စိတ်မတည်မငြိမ်ဖြစ်လာသည်။ မိမိက လိင်တူစုံမက်သူလား ဟုတွေးကာ ကိုယ့်ကိုယ်ကို ထိတ်လန့်လာသည်။

'ဟင့်အင်း .... မဖြစ်နိုင်ဘူး။ ငါ ဒီလိုစိတ်မျိုးဝင်လို့ မဖြစ်ဘူး။ '

ဒေါက်တာနှင်းထန်သည် ဆုံးဖြတ်ချတစ်ခု ခိုင်မာစွာ ချလိုက်သည်။ မိမိ ခံစားချက်ကို ရအောင်ထိန်းချုပ်ရမည်။ နှင်းထန်သည် မိမိ member ဝင်ထားသော Hotel ရှိ Gym Club သို့လာပြီး ညမိုးချုပ်သည် အထိကစားလိုက်သည်။ မိုးစက်မျက်နှာကို မြင်ယောင် လာတိုင်း ခေါင်းကိုခါရမ်းကာ မောပန်းလာသည်အထိ သည်းသည်းမည်းမည်း လေ့ကျင့်ခန်းကို ဖိလုပ်လိုက်သည်။ မဖြစ်သင့်သော စိတ်တို့ပျောက်ကွယ်သွားအောင် အတတ်နိုင်ဆုံးထိန်းနိုင်မည်ဟု မျှော်လင့်ကာ နှင်းထန် အားကစားသာ ဖိလုပ်နေမိသည်။ အိမ်သို့ ရောက်သောအခါ ခြေကုန်လက်ပန်းကျလို့နေပြီ။ ထိုည နှင်းထန် ပင်ပန်းလွန်းကာ တချိုးတည်းအိပ်ပျော် သွားတော့လေသည်။

သို့သော်အိပ်မက်ထဲတွင် မိုးစက်နှင့်အတူ မိဘမဲ့ကလေး ဂေဟာသို့သွားရောက်လှူဒါန်းခဲ့သည်ကို မြင်မက်သောအခါ နှင်းထန် အိပ်ယာမှနိုးလာစဉ် ငိုင်တွေသွားသည်။ သူ့ညီမအဖြစ်ဟန်ဆောင်ကာ မိမိနားလာခဲ့သည်ကို လက်မခံနိုင်ပါ။ မိမိအချစ်ကို နှိုးဆွ ပေးသွားခဲ့သည်ကို ပိုလို့ လက်မခံနိုင်ပါ။ မိမိလို လုပ်ငန်းတစ်ခုကို ဦးစီးနေသူကို မိုးစက်လို ကောင်လေးလွှမ်းမိုးသွားသည်ကို လက်မခံနိိုုင်ပါ။ နှင်းထန် အံကြိတ်လိုက်မိသည်။ မိုးစက်သည် မကောင်းဆိုးဝါးလေးဆိုတာကို စိတ်ထဲ အထပ်ထပ်ရွတ်နေမိသည်။

'မင်း လိုလူလိမ်က ငါ့ စိတ်ကို လွှမ်းမိုးတာ လုံးဝလက်မခံနိုင်ဘူး မိုးစက်။ မင်းကို ငါ့ရင်ထဲ လုံး၀ အဝင်မခံနိုင်ဘူး။'

နှင်းထန် တယောက်တည်းရေရွတ်ကာ အားကစား အဝတ်အစားလဲကာ အပြေးလေ့ကျင့် ရန်ထွက်လာခဲ့သည်။ မနေ့က လုပ်ထားသည့် ဒဏ်မှ တကိုယ်လုံး ညောင်းညာ ကိုက်ခဲနေသော်လည်း မိမိ မိုးစက်ကို သတိမရစေနရန် တခုခု လုပ်နေမှ ဖြစ်မည်ဟု တွေးကာ ဇွတ်တင်းပင် ထကာ ပြေးနေခြင်းဖြစ်သည်။ မောသွားမှ ပြန်လာသည်။ ရေချိုးပြီး အလုပ်ထဲ တန်းလာခဲ့သည်။ အလုပ်များကို တရစပ် ဖိလုပ်လိုက်သည်။ အလုပ်မှ အားကစား ကလပ်သို့တန်းသွား ပြီး လေ့ကျင့်ခန်းလုပ်သည်။

မိုးပွင့်ဖုန်းဆက်တိုင်း သူ အားကစားလုပ်နေသဖြင့် ဖုန်းကို တိုတိုသာပြောသဖြင့် သူမ အံ့အားသင့်နေမိသည်။ ထို့ကြောင့် မိမိ မရှိခိုက် မိုးစက် ကို ဆက်သွယ်နေမည်ကို စိုးရိမ်ပြီး ဖုန်းဆက်ကာ ဒေါက်တာနှင်းထန် ကိုလုံးဝမဆက်သွယ်ရန် ထပ်ပြောရသည်။

'မိုးစက် ... ကိုကို နင့်ကို ဖုန်းဆက်ရင် လုံး၀ မကိုင်နဲ့နော်။သူ့က ငါ့ကို စကားတောင် ကောင်းကောင်းမပြောဘူး။ '

ညီမလေးသည် သူချစ်ရသူနှင့် ပတ်သတ်လာလျှင် အကိုရင်းကိုပင် သံသယဝင်သည်ကို တွေးကာ စိတ်မကောင်းဖြစ်မိသည်။ သို့သော် မကြာခင် သူတို့လက်ထပ်ပြီးလျှင် ထပ်ဖြစ်လာစရာ အကြောင်းမရှိသောကြောင့် မိုးစက် လေအေးလေးနှင့် မိုးပွင့်ကို နှစ်သိမ့်ပေးလိုက်သည်။

'စိတ်ချပါ။ငါ ဖုန်းကို လုံးဝပိတ်ထားတယ်။ နင် ငါ့ကိုတောင် မယုံတော့ဘူးလား မိုးပွင့် ရယ်'

'မယုံတာ မဟုတ်ပါဘူးဟာ။ ငါ ကိုကို့ အချစ်ကို မရမှာစိုးရိမ်လို့ပါ။ လက်ထပ်ခါနီးမှ သူ ဘာဖြစ်နေလဲ မသိဘူး။ ငါ ရူးချင်လာပြီ.။ '

'နင် သူမကြိုက်တဲ့ ပုံစံ မနေနဲ့လေ။ သူက အပေါ်ယံအလှပထက် သူ့အမေလိုပုံစံလေးကို သဘောကျတာ။ အေးတယ်။ ဒါပေမယ့် ထက်မြက်တယ်။ နင်က ထက်မြက်ပြီးသားပါ။ အရမ်းဆိုရှယ်ကျတဲ့ပုံမျိုးမလုပ်နဲ့ဦး။'

'ငါ နင့် ပုံစံအတိုင်းဝတ်ထားပြီးပြီ။ ဒါတောင် သူက ငါ့ကို စိမ်းနေသလိုပဲ။ နင်ငါ့ကို လျှိုထားတာ မရှိပါဘူးနော် မိုးစက်...'

'နင် ဘာစကားပြောတာလဲ မိုးပွင့်။ ငါက နင့်ကို ဘယ်တုန်းက လိမ်ဖူးလို့လဲ။ နင်ငါ့ကိုတောင် မယုံတော့ဘူးလား....'

'မဟုတ်ပါဘူးဟာ.... ငါ့ကိုခွင့်လွှတ်ပါ။ ငါ စိတ်တွေရှုပ်နေလို့ပါဟာ... မိုးစက် နင်ငါ့ကို စိတ်မဆိုးပါနဲ့နော်.... ငါ့မှာ နင်တစ်ယောက် တည်းရှိတာပါ။ ဝသုန်ဆိုရင် ငါ့ကို လှည့်တောင်ကြည့်တာ မဟုတ်ဘူး... နော်...မိုးစက်..'

မိုးစက် စိတ်ဆိုးမိသော်လည်း မိုးပွင့်ပြန်ချော့သဖြင့် စိတ်ပြေသွားသည်။သို့သော် မိုးပွင့်ကို ပိပိရိရိနေရန်သာ ချော့ပြောရ သည်။ သူမ စိတ်ပြောင်းသွားလို့ မဖြစ်ပေ။ လက်ထပ်ပွဲပျက်လျှင် ဖေဖေ မျက်နှာပျက်ရ လိမ့်မည်။

'နင် သူ့ကို ကရုစိုက်ပေးပါ။ သူက သူ့ကို ကရုစိုက်ပေးရင် သိပ်သဘောကျတယ်။ ပြီးတော့ အလုပ်သမားတွေကို စကားပြောရင် ချိုချိုသာသာပြော၊ သြော် မေ့လို့။ မိဘမဲ့ ဂေဟာကို သွားပြီးလှူလိုက်ဦး။ သူ့အကြိုက်တွေကို ပြန်ဖတ်ပြီး သေသေချာချာ လုပ်ပေး လိုက်ဦး။ သူက တကယ်တော်တဲ့ ယောကျ်ားပါ။ သူနဲ့ရရင် နင့်အတွက် ငါစိတ်ချရပြီ။'

မိုးပွင့်သည် မိုးစက်၏ စကားကြောင့် အကိုအပေါ် သံသယဝင်မိသည်ကို နဲနဲ နောင်တရ သွားမိသည်။ မိုးစက် မိမိ အပေါ် တကယ်ချစ်သည်ကို မိမိ သိသော်လည်း ကိုကို မိုးစက် ကိုချစ်မိသွားမည်ကို တွေးမိလျှင် ဒေါသမီးများ တကိုယ်လုံးတောက်လောင် လာသည်။ သူများကြားလျှင် ညီမဖြစ်သူက လက်ထပ်မည့်ခင်ပွန်းလောင်းနှင့် အကိုဖြစ်သူကို သံသယဝင်သည် ဆိုတာကို ရယ်ချင်မည် ထင်သည်။ သို့သော် ကိုယ့်ဝမ်းနာ ကိုယ်သာ အသိဆုံးဖြစ်သည်။ မိမိထက် မိုးစက်က ပိုပြီး လူချစ်လူချင်များသဖြင့် မိုးပွင့် ရင်မအေးနိုင်အောင်ဖြစ်နေမိသည်။

'မိုးစက်ရယ်... နင့်ကို ငါ မမုန်းပါရစေနဲ့။ နင် ကိုကို နဲ့ ဝေးဝေးနေပေးပါဟာ။ နင်နဲ့ပြိုင်ပြီး ကိုကို့ကို ငါမလုပါရစေနဲ့။ နင့်ကို မုန်းရ မှကို ငါကြောက်တယ်။'

မိုးပွင့် တယောက်တည်း ရေရွတ်နေမိသည်။ မိုးပွင့် အိမ်သို့ပြန်ရောက်သော် မျက်နှာချောင်ကျကာကိုယ်ရေစစ်သွားသော ဒေါက်တာနှင်းထန်ကို တွေ့သော်စိုးရိမ်သွားသည်။ သူ့မျက်နှာချောင်ကျသွားသည့်အပြင် မျက်လုံးကလည်း တစုံတခုကို မျိုသိပ်ထား ရသည့်ဟန်ဖြင့် နာကျင်ရိပ်တို့ စွန်းထင်းနေသည်။

'ကိုကို ... မျက်နှာတွေ ချောင်ကျသွားလိုက်တာ ... နေမကောင်းဘူးလားဟင်။ မိုးကို ဘာကြောင့် ဖုန်းမဆက်တာလဲ။ '

မိုးပွင့် သူ့ကိုပြေးဖက်ကာ စိုးရိမ်စွာပြောလိုက်သည်။ဒေါက်တာနှင်းထန်သည် မိုးပွင့်ကို တင်းကျပ်စွာပြန်ဖက်ကာ မထင်မှတ်သည့် အဖြေကိုကြားလိုက်ရပြီး မိုးပွင့် ရင်ထဲလှိုက်ခနဲကိုဖြစ်သွားတော့သည်။ မိုးစက်ကို မကျေနပ်သည့် စိတ်လေးပင် လွင့်သွားသလိုခံစား လိုက်ရသည်။

'မိုးကို လွမ်းလို့ပေါ့။ မိုးကို လွမ်းလို့ ကိုကို အလုပ်ကို ဖိလုပ်လိုက်လို့ပါ။ '

မိုးပွင့် အံ့သြသွားစဉ် သူက မိုးကို မွတ်သိပ်သော အနမ်းကြမ်းများကို ပေးလိုက်သည်။ မိုးပွင့် ဝမ်းသာသွားပြီး သူ့အနမ်းကို ပြန်တုံ့ပြန်လိုက်သည်။ သူ့အနမ်းကို ရသည်မှာ ယခုက ပထမဆုံးဖြစ်သည်။ မိုးပွင့် လိုချင်တောင့်တနေသော အနမ်းများကို ရင်ခုန်စွာဖြင့် တုန့်ပြန်ရင်း ချစ်စိတ်တို့က ဒီကရီမြှင့်တက်လာသည်။ သူ့ကို ဒီထက် တဆင့်တက်စေ ချင်လာမိသည်။

ထိုစဉ် သူက မိုးပွင့်ကို တွန်းဖယ်ကာ လူခြင်းခွါလိုက်ပြီး စိတ်ရှုပ်ထွေးနေဟန်ဖြင့် တောင်းပန်စကားဆိုခဲ့သည်။ မိုးပွင့်မကြားချင်ပါ။ မိမိကြားချင်တာ တောင်းပန်စကား မဟုတ်ပါ။ မိမိကို ချစ်သည်။ လိုချင်သည် ဆိုသည့် စကားသာဖြစ်သည်။

'ဆောရီး ... မိုး... ကိုကို အရမ်းလွမ်းလို့ ကိုကို့စိတ်တွေလွတ်သွားတယ်။ '

မိုးပွင့်သည် သူ့ကို တောက်ပစွာမော့ကြည့်ကာ မချင့်မရဲဖြင့် ပြောလိုက်မိသည်။ မိုးစက်၏ သတိပေးစကားကို မေ့လျော့ကာ ပြောလိုက်မိသည်။ ကိုကိုနှင့် ပတ်သတ်လျှင် မိမိစိတ်တို့ ထိန်းချုပ်ရခက်ခဲလွန်းလှသည် မဟုတ်လား။ ကိုကို့မွတ်သိပ်သည့် စကားလုံးများက မိုးပွင့်ကို လွတ်ထွက်သွားစေသည်။

'မိုးလည်း ကိုကို့ကို အရမ်းလွမ်းနေတာ။ အခန်းထဲ သွားကြစို့နော်။ မိုး ကိုကို့ကို အချစ်တွေ ပြန်ပေးပါရစေ။ '

ရမ္မက်ဖြင့် ပန်းသွေးကြွနေသော မိုးပွင့်၏ မျက်နှာကို စိုက်ကြည့်ကာ နှင်းထန်၏ရင်ထဲ အေးစက်သွားသည်။ သူမသည် မိမိချစ်ခဲ့သောသူ မဟုတ်ပေ။ မိမိချစ်ခဲ့သော မိုးက ဒီလိုစကားကို လုံးဝပြောမည် မဟုတ်ပေ။

'ဆောရီး...မိုး... ကိုကို လောလောဆည် အရေးကြီး ဧည့်သည်တွေ့စရာရှိလို့ ညမှ တွေ့မယ်နော်။ မိုးလည်း ခရီးပန်းလာတာ။ နားလိုက်ဦး။ '

မိုးပွင့်သည် မိမိ၏ အချစ်စိတ်ကိုနှိုးဆွသွားပြီးမှ ထွက်သွားရန်ပြင်နေသော သူ့ကို ဒေါသဖြင့် စိုက်ကြည့်ကာ ခံပြင်းစွာမေး လိုက်သည်။

'ကိုကို မိုးကို တကယ်ချစ်ရဲ့လားဟင်။'

'ကိုကို မိုးကို ဘယ်လောက်ချစ်တယ် ဆိုတာ မိုး အသိဆုံးပါ။ ဒီ ရှစ်လနီးနီး ကာလအတွင်း မိုးကို ချစ်လွန်းလို့ ကိုကို ဘယ်လောက် ထိန်းချုပ်ခဲ့တယ်ဆိုတာ မိုးသိပါတယ်။'

ဒေါက်တာနှင်းထန် သူမ မျက်နှာကို စေ့စေ့ကြည့်ကာ ပြန်ဖြေပြီး လှည့်ထွက်သွားသည်။ သူ့မျက်နှာက ခံစားချက်ကင်းလွန်း လှသည်။ ပြီးတော့သူ့မျက်လုံးထဲတွင် မိမိကို ချစ်သည့် အရိပ်ယောင်လုံးဝမတွေ့ရပေ။ ထိုအချက် မိမိပါးပို့ပိတ်ရိုက်လိုက်သလို ခံစားရစေသည်။ မိုးပွင့် ဒေါသဖြင့် တကိုယ်လုံး တုန်လာသည်။ သူ မိမိ ကို လုံးဝမချစ်သည်ကို ခံစားလိုက် ရသည်။ မိမိကို မချစ်သော်လည်း သူ့ကို မိမိ ရအောင် လက်ထပ်မည်။ လက်ထပ်ပြီးမှ မိမိ နေချင်သလို နေပစ်လိုက်မည်၊မိမိကို နာကျင်စေလျှင် သူ့ကိုလည်း မိမိ နာကျင်အောင်လုပ်မည်ဟု တေးထားလိုက်သည်။

ဒေါက်တာနှင်းထန်သည် ထိုည အိမ်ပြန်မအိပ်ခဲ့ပါ။ ဟိုတယ်တွင် တစ်ညလုံး မိုးစက် အကြောင်းတွေးနေမိသည်။ မိုးစက်ကို မိမိ ချစ်သည်။ မိမိရင်ထဲအိပ်ပျော်နေသော အချစ် စိတ်ကို နိုးကြားလာစေပြီး ချစ်ခြင်းသည် မည်မျှလှပသည်ကို ပြသပေးခဲ့သည်။ ခြောက်သွေ့နေသော မိမိဘဝကို စိုပြေလာစေသည်။ မိုးစက်ကြောင့် မိမိဘဝအသက်ဝင် ရှင်သန်လာသည်။ မိုးစက်မရှိပဲ မိမိဘဝကို မချစ်မနှစ်သက်သော မိန်းကလေးဖြင့် ဖြတ်သန်းရမည်ဆိုဟု တွေးလိုက်ရုံမျှဖြင့် နှင်းထန် ပင့်သက်ကိုသာ ချလိုက် မိသည်။

မိုးစက်သည် သူ့ညီမအတွက် မိမိဘေးကို လာခဲ့ရုံ သက်သက်လား၊ မိမိအပေါ် သူခံစားချက်မရှိဘူးလား ဟုတွေးကာ မျက်နှာချင်းဆိုင်တွေ့ကာ ပွင့်ပွင့်လင်းလင်း မေးချင်စိတ်တို့ ထိန်းမရအောင် ပေါ်လာသည်။ နှင်းထန်သည် ကျော်စွာထက်ထံ ဖုန်းဆက်ကာ ဝသုန်၏ ဆက်သွယ်ရန် လိပ်စာကို တောင်းလိုက်သည်။ ထို့နောက် မိုးပွင့်ကို အလုပ်ကိစ္စဖြင့် ခရီးထွက်စရာရှိ သည်ဟု ပြောကာ ဘန်ကောက်သို့ထွက်လာခဲ့သည်။




အချစ်စစ်၏ တည်နေရာSeason (1)Donde viven las historias. Descúbrelo ahora