Season - 1အပိုင်း (12)

1.4K 86 0
                                    


အချစ်စစ်၏ တည်နေရာ

Season - 1

အပိုင်း (12)

မိုးစက်သည် သူ့ကို ချွေးသိပ်ရင်း တနေ့ပြီးတနေ့ ရင်တဖိုဖိုနှင့် ဖြတ်သန်းလာခဲ့သည်။ ယခု အိမ်တွင် အကိုနှင်းထန်၏ ဖခင် ဦးမင်းထန်လည်း ရောက်လာပြီဖြစ်သဖြင့် အိမ်တွင် လူစည်လို့နေပြီ။ မိုးပွင့်ကတော့ ယောက္ခမလောင်းကို ရိုသေစွာဆက်ဆံပြီး လိုလေသေး မရှိပြုစုသဖြင့် ဦးမင်းထန်က ချွေးမကို အရမ်းသဘောကျနေသည်။

'မိုးပွင့်လေးက အရင်ကထက်ကို ပိုသွက်လာတယ်နော်။ စေ့စပ်တုန်းကထက် ပိုချစ်စရာ ကောင်းလာတယ်။ သားကြောင့် ပြောင်းလဲလာတာထင်တယ် သက်ထွန်း။ ဘယ်လိုလဲ မင်းကို အရင်က ပြောထားသလိုပါပဲ။ မင်းရဲ့ သမီးက နောက်ဆုံး ငါ့သမီးဖြစ်ရမှာဆိုတာ'

ဦးသက်ထွန်းသည် သူငယ်ချင်း၏ စကားကို အပြုံးနှင့်တုန့်ပြန်ကာ ပြန်ကျီစယ်လိုက်သည်။

'အေးပါကွာ... ငါလည်း သားနှစ်ယောက်ရတာပေါ့။ မောင်နှင်းထန်က မင်းနဲ့လုံး၀ မတူပဲ မသဇင်နဲ့တူလို့ထင်တယ် ပို သဘောကောင်းသလိုပဲကွ။'

ဦးမင်းထန်သည် သူငယ်ချင်းစကားကြောင့် တဟားဟားရယ်ကာ ပြောလိုက်သည်။ ယခုလို ငယ်သူငယ်ချင်းနှင့်ဆုံမှ ပြောချင်သည်ကို မငဲ့ကွက်ပဲ လွတ်လပ်စွာပြောနိုင်တော့သည် မဟုတ်လား။

'မင်းက ငါ သဘောမကောင်းဘူးလို့ ပြောတာပေါ့လေ။'

'မင်းနဲ့ မတူတာပဲ ကောင်းပါတယ်ကွာ။ မဟုတ်ရင် မင်းလိုစွံလွန်းလို့ ငါ့သမီး ဓါးထမ်းပြီး နောက်က လိုက်နေရဦးမယ်။'

အဖိုးကြီး နှစ်ဦး လေပေးဖြောင့်ကာ တဟားဟား တဝါးဝါးဖြစ်နေကြသည်။ မိုးပွင့်က ဒေါ်လေး နှစ်ဦးဖြင့် တွတ်ထိုးနေသည်။ မိုးစက်က ဦးကြီးနှင့် အတူ စစ်တုရင်ထိုးနေစဉ် ဒေါက်တာနှင်းထန် အိမ်ထဲဝင်လာခဲ့သည်။ သူ့မျက်နှာကတည်နေပြီး တမျိုးဖြစ်နေ၏။

'မိုးစက်.... ကိုယ် ဖိတ်စာဝေစရာ ကျန်သေးလို့ မင်းကိုယ်နဲ့ အဖော်လိုက်ပေးပါလား။ ဦးကြီး ကျွန်တော် မိုးစက်ကို ခေါ်သွားမယ်နော်။'

သူ့မျက်နှာထားကြောင့် မိုးစက် စိတ်ထဲလေးသွားသည်။ သူမိမိကို ဘာကြောင့် စိတ်ဆိုး နေပါလိမ့်ဟုတွေးကာ သူနှင့် မလိုက်ချင်သဖြင့် ငြင်းလိုက်သည်။

'အကို .... မိုးပွင့်ကို ခေါ်သွားပါလား။ ကျွန်တော် မလိုက်ချင်ဘူး။'

'ဟာ ဒီကောင်လေး.... ဘာမှ အလုပ်မရှိပဲ ကိုယ့် အကိုကို အဖော်လုပ်ပေးတာ မဟုတ် ဘူး။ သွား လိုက်သွားလိုက်။'

ဆက်ပြောနေလျှင် မိုးပွင့် နှင့် ဖေဖေ သိသွားမည်စိုးသဖြင့် သူ့နောက်ကို လိုက်ခဲ့ရသည်။ သူ ဘာစကားမှမပြောပဲ မိုးစက်ကို တင်ပြီး ကားကို တရှိန်ထိုးမောင်းထွက်လာခဲ့သည်။ ကားလေးက မြို့ပြင်သို့ ဦးတည်ပြီး အရှိန်နှင့် ပြေးထွက်လာခဲ့သည်။

ဒေါက်တာနှင်းထန်သည် သူငယ်ချင်းထံမှ ဖုန်းရရခြင်း ဒေါသထွက်လွန်းလို့ ရူးမလိုခံစား ခဲ့ရသည်။ အင်မတန် ရိုးသားဖြူစင်သော မိုးစက်လေးက မိမိကို အကွက်ချကာ အရူးလုပ်ဖို့စီစဉ်ထားခဲ့သည်ကို မယုံနိုင်စရာ သိလိုက်ရသည်။ မိမိ၏ ချစ်သူအဖြစ်နေပေးမည် ပြောပြီး သူ့ညီမကို လက်ထပ်ခိုင်းကာ သူကတော့ အဆက်ဟောင်းအကူအညီဖြင့် အမေရိကားကို အလုပ်သွားလုပ်ရန် စီစဉ်ထား သည်တဲ့လား။

သူ့ညီမကို မိမိလက်ထပ်ပြီးသည်နှင့် သူက မိမိလက်က လွတ်အောင်ပြေးဖို့ကြံထား သည်ကိုသိတော့ ဒေါထွက်သည့်အပြင် ဝမ်းလည်းနည်းသွားသည်။ သူမိမိ အချစ်ကို လုံး၀ တန်ဖိုးမထားပါလား။ မိမိကတော့ သူ့ကို ချစ်လွန်းလို့ နွားကျကျပင် မချစ်သော မိန်းကလေးကိုပင် ဇနီးအဖြစ်ယူရန် ဆုံးဖြတ်ခဲ့သည်။ သူ့ကို ဖက်ရုံ၊နမ်းရုံအပြင် ဘာမှ မလုပ်ပဲ အလှကြည့်နေခဲ့သည်။ ဒါတောင် သူက မိမိကို ပြစ်ပြေးမည်ဆိုတော့ .....

'မိုးစက် ရေ ... မင်း တော့ လွန်သွားပြီလို့ ကိုယ်ထင်တယ်။ ကိုယ်မင်းကို အလွတ်မပေး နိုင်တော့ဘူး။မင်းကိုယ့်ကို မငဲ့တော့မှ ကိုယ်လည်း မင်းကိုမငဲ့နိုင်တော့ဘူး။ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်တော့မယ်။'

ဒေါက်တာနှင်းထန်သည် မေးရိုးကိုတင်းနေအောင် အံကြိတ်ထားလိုက်ပြီး စိတ်ထဲမှ တယောက်တည်းပြောနေမိသည်။

မိုးစက်သည် သူမကြည်သည်ကို ရိပ်မိသဖြင့် ငြိမ်ငြိမ်လေးလိုက်လာခဲ့ရာမှ မြို့ပြင်သို့ ရောက်လာသောအခါမှ မိုးစက် သူ့ကို မေးလိုက်သည်။

'အကို့ သူငယ်ချင်းက ဘယ်မြို့မှာနေတာလဲ။'

'ဘယ်မြို့မှာမှ မနေဘူး။ ကိုယ်မင်းကို ခိုးလာတာ။'

'ဘာ.... အကို ဘာပြောလိုက်တယ်။'

မိုးစက် အလန့်တကြားမေးလိုက်သည်။သူ ဘာဖောက်လာတာလဲ ဟုတွေးမိသည်။

'ဟုတ်တယ်။ မင်း ကတိဖျက်ပြီး အမေရိကားကို ထွက်မသွားခင် မင်းကို ခိုးပြေးလာတာ။ မင်းညီမကို လက်မထပ်နိုင်တော့ဘူး။ ကိုယ်ချစ်တဲ့မင်းနဲ့ပဲ အတူနေတော့မယ်။ '

မိုးစက် တုန်လှူပ်သွားသည်။ သူ ဘယ်လိုသိသွားပါလိမ့်ဟု တွေးမိပြီး ပြဿနာတော့ အတုံးလိုက်တက်ပြီဟု သိလိုက်သည်။ မိုးစက် သူ့ကို ဖြောင့်ဖျရန်ကြိုးစားလိုက်သည်။

'အကို.... ဘယ်က ကြားလာတာလဲ။ မဟုတ်ပါဘူးဗျာ။ ကျွန်တော် အကို့ကို ထားမသွား ပါဘူး။ အိမ်ပြန်ကြစို့နော်... အကို။ လက်ထပ်ပွဲက တပတ်ပဲ လိုတော့တာ။ အားလုံး အရှက်ကွဲ ရလိမ့်မယ် အကိုရယ်။အိမ်ရောက်မှ အေးအေးဆေးဆေး ပြောရအောင်ပါဗျာ'

မိုးစက် သူ့လက်ကို လှမ်းကိုင်ကာ နှစ်သိမ့်ရန်ကြိုးစားသော်လည်း သူက ခါးသီးစွာရယ်မောကာမိုးစက်၏ လက်ကို ပုတ်ထုတ် လိုက်ပြီး ပြောလိုက်သည်။

'တော်တော့ မိုးစက်။ မင်းကို အင်မတန်ရိုးသားတယ် လို့ကိုယ်ထင်ခဲ့တာ မှားတယ်။ မင်းက သိပ်ကို လှည့်စားတတ်တယ်။ မင်းကို ငါ ထပ်မယုံတော့ဘူူး။ မင်းကို ရအောင် ယူမယ်။ ပြီးမှ အားလုံးကို ဖွင့်ပြောပြီး တရားဝင်လက်ထပ်မယ်။ တလောကလုံး ဝိုင်းတား ကြပါစေ။ မင်းကို ကိုယ် ရအောင်လက်ထပ်မယ်။'

မိုးစက် ခေါင်းပေါ်မှ ရေခဲရေ နှင့်လောင်းချခံလိုက်ရသလို ခံစားလိုက်ရသည်။ သွားပြီ။ သူ မိမိကို တကယ် စိတ်ဆိုးသွားပြီ။ သူထင်သလို လုပ်လို့မဖြစ်ပေ။အားလုံးအရှက်ကွဲကာ ဖေဖေလည်း တံတွေးခွက် ထဲ ပက်လက်မျောရလိမ့်မည်။မိုးစက် သူ့လက်ကို လှမ်းဆွဲကာ အတင်းတောင်းပန်သည်။

'အကို... ကျွန်တော် တောင်းပန်ပါတယ်။ အိမ်ကိုပြန်ကြပါစို့နော်။ ကျွန်တော် ဘယ်မှမသွားတော့ပါဘူး။ အကို့ဘေးမှာ တသက်လုံး နေပါ့မယ်။ လက်ထပ်ပွဲကို မဖျက်ပါနဲ့နော်။ ညီမလေးနဲ့ ဖေဖေ အရှက်ကွဲရလိမ့်မယ်။ ကျွန်တော် တကယ်ပြောတာပါ။ ကျွန်တော် ဘယ်မှ မသွားတော့ပါဘူး။'

'နောက်ကျသွားပြီ မိုးစက်။ မင်း စကားကို ကိုယ်လုံး၀ မယုံနိုင်တော့ဘူး။ မင်းကို မပိုင်ရ မခြင်းကိုယ့် စိတ်တွေ မငြိမ်းချမ်းနိုင်တော့ဘူး။ မင်းကို ကိုယ်အရယူမယ်။ ပြီးမှ စကား ဆက်ပြောမယ်။'

နှင်းထန် ခါးသီးစွာပြုံးကာ ကားကို အရှိန်မြှင့်ကာ တဟုန်ထိုးမောင်းထွက်လာစဉ် မိုးစက် မျက်နှာ သွေးဆုတ်ဖြူယော်သွားအောင် ကြောက်သွားမိသည်။ မိုးစက် သွေးရူးသွေးတန်းဖြင့် သူ့ ကားလက်ကိုင်ကို အတင်းဆွဲကာ ပြန်လှည့်ခိုင်းရန် ကြိုးစားသည်။

'ဟင့်အင်း.. အကို အဲ့လိုလုပ်လို့ မရဘူး။ ကားကို ရပ်ပါ။ ကျွန်တော် လက်မခံနိုင်ဘူး။ ကျွန်တော် အကိုနဲ့ မလိုက်နိုင်ဘူး။ ကားကို အခုရပ်ပေး။ကျွန်တော် ဆင်းမယ်။'

'မင်းလက်ခံလည်း မရပ်နိုင်ဘူး။ မင်းကို ကိုယ်ခိုးလာခဲ့တာ။ မင်းကို လက်လွှတ်မခံနိုင်လို့ ကိုယ်ကားတင်ပြေးလာတာ ရှင်းပြီလား။ မင်းကို ကိုယ်တယောက်တည်းပိုင်ရမယ်။'

မိုးစက် ထူပူကာ သူ့ကို ထုရိုက်ကာ လက်ကိုင်ကို အတင်းဆွဲစဉ် သူကအော်သည်။

'မိုးစက် တော်တော့။ ကားမှောက်သေကုန်လိမ့်မယ်။ '

'သေ... သေ... ။ အရှက်တကွဲနဲ့ အသက်ရှင်ရမှာထက် သေတာပိုကောင်းတယ်။ အကို ကျွန်တော့်ကို တသက်လုံးလူတော မတိုးနိုင်အောင်လုပ်နေတာ။ ကျွန်တော် သေချင်တယ်။'

'ကိုယ်ကတော့ မသေချင်သေးဘူး။မင်းကို ပိုင်ဆိုင်ခွင့်ရချင်သေးတယ်။မင်းကို မရမချင်း ကိုယ်မသေနိုင်သေးဘူး။'

မိုးစက် ကားတံခါးကို ဖွင့်ရန်ကြိုးစားသော်လည်း တံခါးက လော့ခ်ချထားသဖြင့် ဖွင့်လို့မရ ပေ။ မိုးစက် ထူပူလို့လာသည်။ သူတကယ် မိမိကို ခိုးပြေးလာသည်ဆိုပါက ဆက်မတွေး ရဲတော့ပေ။

'အကို ကျွန်တော့်က ပြန်ပို့ပေးပါ။ မပို့ပေးရင် အကို့ကို ကျွန်တော်မုန်းမိတော့မယ်။'

ဒေါက်တာနှင်းထန်က ခပ်အက်အက်ရယ်မောကာ

'မင်း ဘယ်တုန်းကမှ ကိုယ့်ကို မချစ်ခဲ့ပါဘူး မိုးစက်။ မင်းညီမအတွက် ဟန်ဆောင်ခဲ့တာပါ။ မင်း အချစ်ကိုမရမယ့် အတူတူ မုန်းချင်လည်းမုန်းလိုက်တော့။ ကိုယ်ကတော့ မင်းကို ရအောင်ယူမယ်။'

မိုးစက် မျက်ရည်စီးကျလာသည်။ ရှက်ခြင်း၊ကြောက်ခြင်းတို့ဖြင့် မျက်ရည်ကတားမရပဲ စီးကျလာခဲ့သည်။

'အကို... အရမ်း အတ္တကြီးတယ်။ ကျွန်တော့်ကို ချစ်တယ်ဆိုပြီး အနိုင်ကျင့်တယ်။ '

ဒေါက်တာနှင်းထန်သည် မိုးစက်၏ မျက်ရည်များကို မြင်သောအခါ စိတ်မကောင်းဖြစ်ပြီး လှမ်းသုတ်ပေးလိုက်စဉ် အရှိန်နှင့် မောင်းလာသော ကားလေးက အနည်းငယ်ယိမ်းခါ သွားသည်။ ထိုတခဏလေးတွင် မျက်နှာခြင်းဆိုင်မှာ ကုန်ကားကြီးတစ်စီးက ကျော်တက် သည်နှင့်ကြုံတော့ မျက်နှာချင်းဆိုင်တိုးမိစဉ် ဒေါက်တာနှင်းထန်က ကားလက်ကိုင်ကို လှည့်ကာ လမ်းဘေးသို့ ဆွဲချလိုက်သည်။ အရှိန်ဖြင့် ကားလေးက လမ်းဘေးလယ်ကွင်းထဲ နှစ်ပတ်သုံးပတ်လိမ့်ကာ ရပ်သွာတော့သည်။

မိုးစက် သိလိုက်ရသည်မှာ မိမိကို အကိုနှင်းထန် ကာပေးလိုက်ပြီး ကားမှောက်သွားခြင်း ဖြစ်သည်။ မိုးစက် သတိပြန်ရ လာသောအခါ ဆေးရုံပေါ်ရောက်နေလေပြီ။

'ဖေဖေ... '

'သား မင်းသတိရပြီလား။ ဆရာ ...ဆရာ.. လူနာ သတိရလာပါပြီ။'

ဖေဖေ့ကို လှမ်းမြင်လိုက်ရပြီး ဆရာဝန်နှင့် သူနာပြု တစ်စု၏ ဝန်းရံခြင်းကိုခံလိုက်ရပြီး မေးခွန်းများစွာကို ဖြေလိုက်ရသည်။ ဆရာဝန်များက သေချာစစ်ဆေးပြီးနောက် ပြောလိုက်သံကိုကြားလိုက်သည်။ မိုးစက် စိတ်မဝင်စားပါ။ မိုးစက်၏ အတွေးထဲတွင် မိမိကို ကာပေးလိုက်သည့် အကိုနှင်းထန် ဘေးကင်းရဲ့လားဆိုတာကို သိချင်နေမိသည်။

'လူနာ အခြေနေ အားလုံးကောင်းပါတယ်။ စိုးရိမ်စရာ မရှိပါဘူး။'

ဦးသက်ထွန်းသည် သားကို ပြေးဖက်ထားပြီး မျက်ရည်များကြားမှပြောလိုက်သည်။

'သားရယ်... မသေကောင်း မပျောက်ကောင်းကွယ်။ ကံကြီးပေလို့။ '

'ဖေဖေ... အကိုနှင်းထန်ကော။ သူ ဘယ်လိုနေလဲ။ သူ သားကို ကာပေးလိုက်တာ။ ကားမှောက်တဲ့အချိန် သူကာပေးလို့သား သက်သာတာနေမှာ။သူ့ အခြေနေဘယ်လို လဲ။ သူ ဘာမှမဖြစ်ပါဘူးနော်။ '

ဦးသက်ထွန်းသည် မျက်နှာပျက်သွားပြီး အဖြစ်မှန်ကို ပြောလိုက်သည်။

'သူ ဘာမှဆိုးဆိုးဝါးဝါးတော့ မထိခိုက်မိပါဘူး။ ဒါပေမယ့် မှန်စတချို့ဝင်သွားလို့ မျက်ကြည်လွှာ ထိခိုက်သွားတယ်လို့ပြောတယ်။ မျက်ကြည်လွှာ အစားထိုးမှ မျက်လုံမြင် ရတော့မယ် သား။'

မိုးစက်သည် ခုတင်ပေါ်မှ အတင်းဆင်းနေသဖြင့် ဦးသက်ထွန်းက မိုးစက်ကို အတင်းဖိထားကာ မေးလိုက်သည်။

'သား.. မင်းဘယ်သွားမလို့လဲ။'

'ကျွန်တော် အကို့ကို တွေ့ချင်တယ် ဖေဖေ။ ညီမလေးကော။ ညီမလေး ဘယ်သွားလဲ'

ဦးသက်ထွန်း၏ မျက်နှာပြိုတော့မယ့် မိုးလိုမည်းသွားသည်။

'မိုးပွင့် တကယ် မိုက်တယ် သား။ မောင်နှင်းထန် မျက်စိမမြင်ရတော့ဘူးလည်းသိရော သူက လက်မထပ်နိုင်တော့ဘူးလို့ ပြောပြီး အိမ်ကထွက်သွားပြီ သား။ ဖေဖေ မင်းထန် ကို ဘယ်လိုပြောရမလဲ မသိတော့ဘူး။ '

မိုးစက် တုန်လှုပ်သွားသည်။ မိမိကြောင့် အကိုနှင်းထန် မျက်စိကွယ်သွားသည်။ မိုးပွင့်က သူ့ကို စွန့်ခွာသွားသည်တဲ့လား။ မိုးစက် မျက်ရည်များစီးကျလာပြီး ဖခင်ကြီးကို ဖက်ကာ ငိုချရင်း ပြောလိုက်သည်။

'ဒါတွေ အားလုံးက ကျွန်တော့်ကြောင့်။ အကို့ဆီကို ကျွန်တော် သွားတွေ့ချင်တယ်. အကို့ဆီကို ပို့ပေးပါ ဖေဖေ။'

'သား ... မောင်နှင်းထန်က ဘယ်သူနဲ့မှ အတွေ့မခံဘူး။'

'ကျွန်တော့်ကို ပို့ပေးပါ ဖေဖေ။ ကျွန်တော့်ကို အကို အတွေ့ခံမှာပါ။'

ဦးသက်ထွန်းသည် တားမရသည့်အဆုံး သားကိုတွဲကာ မောင်နှင်းထန်၏ အခန်းသို့ပို့ပေးလိုက်သည်။ အခန်းထဲတံခါးကို ခေါက်လိုက်စဉ် ဦးမင်းထန် ထွက်လာပြီး မိုးစက်ကိုတွေ့သော ပြောသည်။

'မောင်မိုးစက် ဘာကြောင့်လာခဲ့တာလဲကွာ။ ခုမှ သတိရတာ မဟုတ်လား။ '

'အန်ကယ်.. ကျွန်တော် အကို နှင်းထန်နဲ့တွေ့ချင်လို့ပါ။ ကျွန်တော့်ကို တွေ့ခွင့်ပေးပါ။'

'အေးပါ။ သားကို တွေ့ပြီး မျက်စိခွဲစိတ်ဖို့ နားချလိုက်ပါဦးကွယ်။သားက မျက်လုံးခွဲစိတ်ဖို့ကိုငြင်းနေလို့ အန်ကယ် တော့ ဦးနှောက်ခြောက် နေရတယ်။ '

မိုးစက်သည် ဦးမင်းထန်နှင့် ဖခင်ဘက်သို့လှည့်ကြည့်ကာ

'အန်ကယ် နဲ့ ဖေဖေခင်ဗျာ။ အကိုနဲ့ ကျွန်တော့်ကို နှစ်ယောက်တည်း စကားပြောခွင့်ပေးပါ။ အကို့ကို မျက်လုံးခွဲစိတ်ဖို့ နားချ ချင်လို့ပါ။'

ဦးမင်းထန်နှင့် ဦးသက်ထွန်းက အခန်းထဲမှ ထွက်သွားလိုက်သည်။ မိုးစက်သည် အကိုနှင်းထန်၏ အခန်းထဲသို့ တစ်ယောက်တည်း ဝင်လာခဲ့သည်။ ကျယ်ပြောသည့်အခန်းထဲဝယ် အခန်းတံခါးကို ကျောပေးပြီး ခုတင်ပေါ်ထိုင်နေသော အကို့ကို တွေ့လိုက်ရသည်။ ခန်းစီးများဖွင့်ထားသဖြင့် သူ့ကိုယ်ပေါ် နေရောင်ဖြာကျနေသည်။ သူကအပြင်ကိုငေးကြည့်နေသော်လည်း မြင်ဟန်မတူပေ။

'အကို... အကို... ကျွန်တော်... '

မိုးစက် သူ့နားကိုလျှောက်လာရင်း ဆို့နစ်စွာခေါ်လိုက်သည်။ သူ့ကျောပြင်ကိုကြည့်ရင်း မိုးစက် ငိုချင်စိတ်တို့ ထိန်းမရအောင် ပေါ်လာခဲ့သည်။

'မိုးစက်... မိုးစက်... မင်း ဘာမှမဖြစ်ဘူးနော်။ '

သူက မိုးစက်၏ အသံကိုကြားသော် ဆတ်ခနဲ အနောက်ကိုလှည့်လာပြီး ခုတင်ပေါ်မှ ဆင်းကာ လျှောက်လာစဉ် ခုံနှင့် ဝင်တိုက်မိသဖြင့် လဲကျလုနီးပါးဖြစ်သွားသဖြင့် မိုးစက် အပြေးလေးသွားထူပေးစဉ် သူက မိုးစက်၏ လက်ကိုဆွဲယူကာ ကိုယ်လေးကို သိုင်းဖက် လိုက်ပြီး စိုးရိမ်တကြီးမေးသည်။

'အကို...'

'မိုးစက်.... မင်း ဘာမှ မဖြစ်ဘူးနော်။ မင်း သတိမရသေးဘူးဆိုလို့ ကိုယ်စိုးရိမ်လိုက်ရ တာကွာ။ မင်း ဘယ်နေရာ ထိခိုက် သွားသေးလဲ။ ဘယ်နေရာ နာနေသေးလဲ။ မင်းသာ တခုခုဖြစ်ရင် ကိုယ့်ကိုယ်ကို တသက်လုံးခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။'

မိုးစက်သည် သူမျက်လုံးအမြင်အာရုံဆုံးရှူံးသွားသည်တိုင် သူ့ကိုယ်ကို ကရုမစိုက်အားပဲ မိမိကို စိုးရိမ်နေသော အကိုနှင်းထန်ကို ကြည့်ရင်း မျက်ရည်များ အလိုလို စီးကျလာသည်။ မိုးစက်သည် မမြင်မကန်းဖြင့် မိမိကိုယ်ကို စမ်းသပ်ကာ မေးနေသောသူ့ကို ကြည့်ရင်း မထိန်းနိုင်ပဲ ရှိုက်မိသွားစဉ် သူ မိုးစက်၏ မျက်နှာကို စမ်းကာ စိုးရိမ်စွာမေးခဲ့သည်။

'မိုးစက် မင်း ဘာလို့ငိုတာလဲ။ ဘယ်နေရာ ထိခိုက်သွားလို့လဲ။ ကိုယ့်ကို ပြောပါ။ ကိုယ် မင်းကို မပျောက်ပျောက်အောင် ဆေးကုပေးမယ်။'

မိုးစက် သူ့လက်ကို ဆုပ်ကိုင်ကာ ငိုရှိုက်ရင်း ဝမ်းနည်းပမ်းနည်းပြောသည်။ အကို့ကိုလည်းတင်းကျပ်စွာပြန်ဖက်ထားလိုက်သည်။

'ကျွန်တော် ဘယ်နေရာမှ မထိခိုက်မိပါဘူး အကို။ အကို ကျွန်တော့်ကို ကာပေးထားလို့ ဘေးကင်းပါတယ်။ အကိုသာ ... ကျွန်တော့်ကြောင့် မျက်လုံးထိခိုက်သွားခဲ့တာ။ ကျွန်တော့်ကြောင့်.... အကို... ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့ '

ဒေါက်တာနှင်းထန်သည် မိုးစက်၏ စကားကြောင့် ငြိမ်သွားပြီးနောက် ပြုံးကာ စိတ်သက်သာရာ ရသွားဟန်ဖြင့်ပြောခဲ့သည်။

'တော်သေးတာပေါ့။ ကိုယ်က မင်းတခုခု ဖြစ်သွားပြီလို့ထင်နေတာ။ မင်းသတိမေ့နေတာ ၃ ရက်ရှိသွားပြီဆိုတော့ မင်း ပြန်နိုးမလာမှာ စိုးရိမ်နေတာ မိုးစက်။ မင်းသာ သတိမလည် လာရင် ကိုယ်တသက်လုံး နာကျင်မှုတွေနဲ့ပဲ အသက်ရှင် သွားရတော့မယ်။ '

'အကို.. ကျွန်တော့်ကို မမုန်းဘူးလား။ကျွန်တော့်ကြောင့် အကိုဒီလိုဖြစ်ရတာ။ ကျွန်တော့်ကြောင့်.....'

နှင်းထန်သည် မိုးစက်နှင့် ခုတင်ပေါ် အတူထိုင်ကာ ပြောခဲ့သည်။

'ကိုယ်မင်းကို ဘယ်တော့မှ မမုန်းဘူး မိုးစက်။ မင်း အမေရိကား သွားချင်ရင် ကိုယ် အားလုံး စီစဉ်ပေးပါ့မယ်။ ကိုရန်နိုင် ရဲ့အကူအညီကို မင်းယူစရာမလိုပါဘူး။ ကိုယ်အားလုံး ကိုတာဝန်ယူတယ်။'

'ကျွန်တော် မသွားတော့ဘူး။ အကို့ဘေးမှာပဲနေတော့မယ်။'

သူ တိတ်ဆိတ်သွားပြီး နောက် မိုးစက် ရင်နာစေမည့် စကားလုံးများနှင့်ပြောခဲ့သည်။

'ဘာကြောင့်လဲ။မင်းညီမကို အကန်းတစ်ယောက်နဲ့လက်ထပ်မပေးချင်လို့ သူ့ကိုယ်စား မင်းက ကိုယ့်ဘေးမှာ နေပေးမလို့လား။'

သူ့စကားများကြောင့် မိုးစက်ရင်နာကျင်စွာ ခံစားလိုက်ရသည်။

'မဟုတ်ပါဘူး အကို။ ကျွန်တော့် အဲ့ဒီသဘောနဲ့ပြောတာ မဟုတ်ပါဘူး။ ကျွန်တော့် စိတ်ရင်းနဲ့ ပြန်ပေးဆပ်ချင်လို့ပါ။ '

သူက ခြောက်ကပ်ကပ်ရယ်မောပြီး အေးဆေးစွာပြောလိုက်သည်။ အကိုနှင်းထန်ကိုကြည့်ရတာ ပေါ့ပါးနေပုံရသည်။

'မင်း ညီမက ကိုယ့်ကို လာတွေ့သွားပြီးပြီ မိုးစက်။'

မိုးစက် တုန်လှုပ်သွားသည်။ မိုးပွင့် အကို့ကို ဘာတွေများပြောသွားတာပါလိမ့် ဟု တွေးကာ ရင်ပူလာမိသည်။

'မိုးပွင့် ဘာတွေ ပြောသွားတာလဲ အကို။ '

'သူ မေးလို့ ကိုယ် အမှန်တိုင်းပြောလိုက်တယ် မိုးစက်။ မင်းကို ကိုယ်ချစ်လို့ ခိုးပြေးရင်း ကားမှောက်တယ်လို့ပြောလိုက်တယ်။'

မိုးစက် သူ့လက်ကို လှုပ်ယမ်းကာ ထိတ်လန့်စွာမေးလိုက်သည်။

'အကို ဘာကြောင့်ပြောလိုက်တာလဲ။ဘာကြောင့်လဲ။အကို့ဖေဖေရော သိသွားပြီလား။'

'စိတ်အေးအေးထားပါ။ဒယ်ဒီ မသိသေးပါဘူး။ မိုးပွင့်က အရိုးသားဆုံးပြောသွားခဲ့တယ်'

သူ အေးစက်စွာပြောသည်ကို ကြားသော် မိုးစက် စိတ်မှတ်မဲ့ဖြင့် ခေါင်းကိုယမ်းမိသည်။

'ဟင့်အင်း ... မိုးပွင့် ဘာမှမပြောသွားပါဘူးနော်.'

'သူက သူ့ကို မချစ်တဲ့ အကန်းတစ်ယောက်ကို လင်မတော်နိုင်ဘူးလို့ပြောသွားတယ် မိုးစက်။ ဒါပဲလေ။ မင်းညီမ ကိုယ့်ကို တကယ် မချစ်တာ သိရလို့ ဝမ်းသာပါတယ်။ သူ ထွက်သွားတာ ကိုယ် တကယ်ဝမ်းသာတယ်။ ကိုယ်လည်း ချစ်တဲ့သူကို မရရင် မချစ်တဲ့ သူကို လက်မထပ်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ မင်းကျေနပ်ပြီလား မိုးစက်။'

မိုးစက် ငိုရှိုက်ကာ သူ့ကို သိုင်းဖက်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။ မိုးပွင့်အစား မိမိ အကို့ဘေးတွင် နေပေးမည်။

'ကျွန်တော် အကို့ဘေးမှာ နေပါရစေ။ အကို့ကို ပြန်ပေးဆပ်ပါရစေ။'

'ဘာအတွက်လဲ။ ကားမှောက်တာ မင်းအပြစ်မှ မဟုတ်တာ။ ပြီးတော့ မင်းညီမအစား အားနာလို့၊ ကိုယ့်ကို သနားလို့ဘေးမှာ နေပေးမယ်ဆို မလိုဘူး မိုးစက်။ မင်း ဘဝကို ကိုယ့်လို အကန်းဘေးမှာ အလဟဿအဖြစ်မခံနိုင်ဘူး။'

မိုးစက်သည် သူ့စကားကြောင့် နာကျင်စွာခံစားလိုက်ရသည်။ စိမ်းကားသော စကားများ ကို မိမိ ဆက်နားထောင်နိုင်စွမ်း မရှိတော့ပါ။

'ကျွန်တော် အကို့ဘေးမှာ နေပါရစေ။ အကို မျက်လုံးပြန်မြင်တဲ့အထိ အကို့ကိုပြုစုပေး ပါရစေ။ အကို မျက်လုံးပြန်မြင်တဲ့အချိန် ကျွန်တော့်ကို မတွေ့ချင်၊မမြင်ချင်တော့ရင် ကျွန်တော် ထွက်သွားပါ့မယ်။'

'မင်းညီမကိုယ့်ကို စွန့်ခွာသွားလို့ အလျော်အစားသဘောနဲ့ ကိုယ့်ဘေးမှာ နေပေးမှာ ဆိုရင် ကျေးဇူးပြုပြီး ထွက်သွားပေးပါ မိုးစက်။ မင်းကို ကိုယ် ဘယ်လိုသဘောထားတယ် ဆိုတာ မင်းသိပါတယ်။ မင်းကိုယ့်ကို လက်မခံနိုင်တဲ့နောက် ကိုယ့်ဘေးမှာနေပြီး ကိုယ့် ရင်ထဲက ခံစားချက်တွေကို ပေါက်ကွဲလာအောင် မလုပ်ပါနဲ့တော့။ မင်းမရှိတဲ့ ဘဝမှာ ကိုယ်နေသားကျသွားမှာပါ။ '

'လက်ထပ်ပွဲကို အကိုဘယ်လိုလုပ်မှာလဲ။ မိုးပွင့် မရှိလို့ လက်ထပ်ပွဲပျက်သွားတယ် ဆိုရင် ကျွန်တော့် ဖေဖေ အရှက်ရလိမ့်မယ် အကို။ ကျွန်တော် မိုးပွင့် အစားသတို့သမီး ဟန်ဆောင်ပြီး လက်ထပ်ပါ့မယ် အကို။'

ဒေါက်တာနှင်းထန် စိတ်တိုလာသည်။ မိုးစက်၏ လက်ကို ဖယ်ထုတ်ကာ ပြတ်သားစွာပြောလိုက်သည်။

'မလိုဘူးလို့ ကိုယ်ပြောပြီးပြီ မိုးစက်။ မင်းဖေဖေ အရှက်မကွဲအောင် ကိုယ့်ဘက်ကနေ လက်ထပ်ပွဲကို ဖျက်သိမ်းပေးပါ့မယ်။ ကျေနပ်ပြီလား။ မင်း သွားတော့ကွာ။ ကိုယ့်ဘဝထဲ ကနေ မင်းထွက်သွားတော့။'

မိုးစက်သည် သူ၏ အစွမ်းကုန် လိုက်လျောပေးမှုကြောင့် သူ့ကို အရမ်းကို သနားအားနာသွားသည်။ မိမိ သူ့အပေါ် မတရား လုပ်မိပြီဟု ခံစားမိလာသည်။

'အကိုရယ် အဲ့ဒါတွေကြောင့် မဟုတ်ပါဘူး။ ကျွန်တော် စိတ်ရင်းနဲ့ အကို့ကို ပြုစုပေးချင်လို့ပါ။ ပြီးတော့ နိုင်ငံခြားကို သွားကုရင် အကို့မျက်လုံးပြန်မြင်ရမှာပါ။ ကျွန်တော့်ကို မောင်းမထုတ်ပါနဲ့။ ကျွန်တော့်ကို အကို့ဘေး နေခွင့်ပြုပါ။'

မိုးစက် ငိုရင်းတောင်းပန်သည်။ ဒေါက်တာနှင်းထန်က လှောင်ရယ်ရယ်ကာ ထပ်ပြောလိုက်သည်။ သနားလို့ အနားမှာ သူနာပြုလို နေတာကို မိမိလိုချင်တာ မဟုတ်ပေ။

'မင်း ကို မလိုဘူးလို့ ကိုယ်ပြောပြီးပြီပဲ။ တာဝန်ကြောင့် ကိုယ့်ဘေးမှာ နေတယ်ဆိုတာ ကို ကိုယ်အမုန်းဆုံးပဲ။ ပြီးတော့ ကိုယ့် မျက်လုံးကို ကိုယ်မကုတော့ဘူး။ ကိုယ်မျက်လုံး ပြန်မြင်ရင် ကိုယ့်ဒယ်ဒီက ကိုယ်မချစ်တဲ့ မိန်းမတွေနဲ့ ထပ်စပ်ပေးဦးမယ်။ ကိုယ်ချစ်တဲ့ သူရဲ့ အချစ်ကို မရမယ့်အတူတူ ကိုယ်မချစ်တဲ့သူတွေနဲ့ လက်မထပ်ချင်တော့ဘူး။ ကိုယ် အကန်းဘဝနဲ့ပဲ မင်းအကြောင်းတွေးရင်း ဘဝကို ဖြတ်သန်းသွားတော့မယ်။ မင်း သွားပါတော့ကွာ။ '

မိုးစက်သည် သူ့ရင်ထဲက ခံစားချက်ကို သိလိုက်ရသောအခါ စိတ်မကောင်းဖြစ်သွား သည်။ သူ့အချစ်ကို မိမိလက်မခံသောကြောင့် သူ့မျက်လုံးကို ခွဲစိတ်ခြင်းမလုပ်တော့သည်ကို သိရသောအခါ မိုးစက် စိတ်ကိုဒုံးဒုံးချလိုက်သည်။ သူ့မျက်လုံးပြန်ခွဲစိတ်ရန် မိမိ သူလိုချင်သည်ကို ပေးလိုက်ရန် ဆုံးဖြတ်လိုက်သည်။

'အကို့ကို ကျွန်တော် လက်ထပ်မယ်။ မိုးပွင့်ထွက်သွားလို့ အလျော်အစားကြောင့် မဟုတ်ဘူး။ အကို့ အချစ်ကြောင့် ကျွန်တော် အကို့ဘေးမှာနေချင်လို့ လက်ထပ်မှာပါ။'

ဒေါက်တာနှင်းထန်သည် မိုးစက်၏ မထင်မှတ်သော စကားကြောင့် ငြိမ်သွားသည်။ ပြီးမှသေချာအောင်ထပ်မေးသည်။

'ကိုယ် မင်းကို ဘယ်လို သဘောထားတယ် ဆိုတာ မင်းသိတယ်နော်။ '

'ဟုတ်ကဲ့ သိပါတယ်။'

'ကိုယ်က မင်းကို လက်ထပ်ပြီးရင် အလှကြည့်မနေနိုင်ဘူး။ဒါကို မင်းလက်ခံနိုင်ရဲ့လား။'

သူ့စကားကိုကြားသော် မိုးစက် စိတ်ကိုတင်းပြီး ဒေါက်တာနှင်းထန်၏ ပါးပြင်ကို ဖွဖွနမ်း ကာ ပြောလိုက်သည်။

'ဟုတ်ကဲ့။ ကျွန်တော် လက်ခံနိုင်ပါတယ်။ '

ဒေါက်တာနှင်းထန်သည် မိုးစက်၏ ပထမဆုံးတုန့်ပြန်အနမ်းကြောင့် ရင်ထဲနွေးလာသည်။

'မင်းကိုယ့်ကို ချစ်ရဲ့လား မိုးစက်။မင်း ကိုယ့်ကိုမချစ်ပဲ ကိုယ်နဲ့အတူနေစရာ မလိုပါဘူး'

မိုးစက် သူ့လက်ကို ဆုပ်ကိုင်ကာ မိမိပါးပြင်တွင် အပ်ထားပြီး အမှန်အတိုင်းပြောလိုက်သည်။

'ကျွန်တော် အကို့ကို အခုမချစ်ပေမယ့် နောင်ချစ်သွားမှာပါ။ ကျွန်တော့်အတွက် အစစ အရာရာစဉ်းစားပေးတဲ့ အကို့အချစ်ကို ကျွန်တော် ဘယ်လို လျစ်လျူရှူနိုင်တော့မှာလဲ ဗျာ၊ ကျွန်တော့်ကို အကိုနဲ့ လက်ထပ်ခွင့်ပေးပါ။'

'တကယ်လား မိုးစက်။ အကန်းတစ်ယောက်ကို မင်းလက်ထပ်ချင်တာ သေချာရဲ့လား။'

'ဟုတ်ကဲ့။ အကို ကျွန်တော့်ကို လက်မထပ်ရင် ကျွန်တော်လည်း မျက်လုံးကိုထိုးဖောက် ပြီး မျက်စိမမြင်အောင်လုပ်လိုက်မယ်။ ပြီးရင် အကို့ဘေးမှာ အဖော်လာလုပ်ပေးမယ်။'

မိုးစက် ရိုးသားစွာဖြေလိုက်သည်။ ဒေါက်တာနှင်းထန်သည် မိုးစက်ကို ဖက်ကာ ဟန့်လိုက်သည်။

'မပြောကောင်း မဆိုကောင်း ဘာတွေ လျှောက်ပြောနေတာလဲ ချာတိတ်။'

'ဟုတ်တယ်လေ။ အကို့ဘေးမှာ နေခွင့်ရဖို့ မျက်လုံးကန်းအောင်လုပ်ဖို့ ကျွန်တော် ဝန်မလေးဘူး။ '

ဒေါက်တာနှင်းထန်သည် သူ့မျက်နှာကို စမ်းကာ နမ်းလိုက်ပြီး အနည်းငယ်တုံ့ဆိုင်းစွာပြောလိုက်သည်။

'ချာတိတ်ရယ်. ကိုယ်က မင်းအပေါ် မတရားလုပ်နေမိမှာ စိုးလို့ပါ။ မင်း ဘဝကို အညွန့် မချိုးရက်ပါဘူး။'

'ဟင့်အင်း... ကျွန်တော်ကိုယ်တိုင်က တောင်းဆိုတာပါ။ အကို့မျက်လုံးကို မမြင်မြင် အောင်ကုမယ်။ ပြီးရင် တသက်လုံး မခွဲတမ်း နေသွားကြမယ်နော်။'

မိုးစက်၏ စကားကြောင့် နှင်းထန်၏ ရင်ထဲမှ သောကထုတို့ တဖြည်းဖြည်း လျော့နည်းလာသည်။ ချစ်သော ချာတိတ်လေးက မိမိကို လက်ထပ်ဖို့ ဒီလောက်တောင်းတောင်း ပန်ပန်ပြောနေသည်ကိုကြားတော့ တင်းထားသော စိတ်တို့ပြိုကျသွားရလေပြီ။

'ကျေးဇူးတင်ပါတယ် အချစ်ရယ်။ ကိုယ်နဲ့ လက်ထပ်ခဲ့လို့ မင်းဘယ်တော့မှ နောင်တ မရစေရပါဘူးကွယ်။ ကိုယ့်ကို ပျော်ရွှင်စေသလို မင်းကို နေ့တိုင်းပျော်ရွှင်အောင် ကိုယ် ထားမယ်လို့ကတိပေးပါတယ်။ '

မိုးစက် သူ့ရင်ခွင်ထဲကို တိုးဝင်ကာ ဖက်ထားလိုက်သည်။ နေရောင်နွေးနွေးက သူတို့ နှစ်ဦအပေါ်ဖြာကျနေသည်။ အခန်းထဲတွင် ချစ်ခြင်းသံစဉ်ဖြင့် ထုံမွှန်းနေတော့သည်။

မင်္ဂလာပွဲသည် အောင်မြင်စွာပြီးဆုံးသွားသည်။ နှစ်ဖက်ဆွေမျိုးများက ကားမှောက်သဖြင့် မျက်စိအမြင်ကွယ်သွားသော သတို့သားကို လက်တွဲမဖြုတ်ပဲ လက်ထပ်ခဲ့သော သတို့သမီးလေး မိုးပွင့်၏ သစ္စာတရားကို ချီးကျူးနေကြသည်။ မိုးစက်မှာ ကားမှောက်သောဒဏ်ရာကြောင့် နိုင်ငံခြားတွင်ဆေးကုသွားနေသောကြောင့် မင်္ဂလာပွဲကို မတက်နိုင် ခြင်းဖြစ်သည်ဟုသာ ထင်ကြသည်။

အကိုနှင်းထန်၏ ဖုံးကွယ်ပေးမှုကြောင့် ဦးမင်းထန်က အဖြစ်မှန်ကို မသိလိုက်ပေ။ မိမိ မောင်းထုတ်လိုက်သောကြောင့် မိုးပွင့် ထွက်သွားသည်ဟုသာ ပြောထားသည်။ မိုးစက်က မိုးပွင့်ကို လိုက်ချော့ကာ လက်ထပ်ပွဲအမှီပြန်လာသည် ဟုသာထင်သည်။ သားဖြစ် သူ၏ ပျော်ရွှင်နေသောပုံကို ကြည့်ကာ ကျေနပ်နေမိသည်။

ဦးသက်ထွန်းသည် သမီးဖြစ်သူ၏ လုပ်ရပ်ကို တာဝန်ယူသွားသော သား၏ အနစ်နာခံမှုကို ရင်နာနာဖြင့် လက်မခံချင်ပဲ လက်ခံ လိုက်ရသည်။ မိမိက သူငယ်ချင်းထံ အားလုံး ဖွင့်ပြောကာ တောင်းပန်မည်ဟု ပြောသောအခါမှ မောင်နှင်းထန်နှင့်သူ ချစ်နေ သည်ကို အသိပေးခဲ့သည်။ ဦးသက်ထွန်းသည် သား၏စကားကြောင့် နှလုံးရောဂါရလုနီးပါးဖြစ် သွားသည်။မောင်နှင်းထန် နှင့် တွေ့ကာ ကန့်ကွက်စကားပြောသော်လည်း မောင်နှင်းထန် နှင့် မိုးစက် တို့နှစ်ဦးက ဒူးထောက်ကာ တောင်းပန်သဖြင့် စိတ်ညစ်သွားရသည်။

'မင်း အဖေကို ဦးက သစ္စာမဲ့ရာရောက်နေပြီ မောင်နှင်းထန်။ မင်းထန်က ဒီအကြောင်းတွေကို သိရင် ဦးကို ဒီတသက် စကားပြောတော့မှာ မဟုတ်ဘူး။ မင်းတို့ သဘာဝကို လွန်ဆန်တဲ့ အလုပ်ကို မလုပ်ကြပါနဲ့ကွာ။'

'ဒယ်ဒီ သိသွားရင် ကျွန်တော် အားလုံးရှင်းပြပါ့မယ် ဖေဖေ။ မိုးစက်မရှိရင် ကျွန်တော် အသက်ရှင်ရတာ အဓိပ္ပါယ်မရှိလို့ပါ။ ကျွန်တော်တို့ ချစ်ခြင်းကို မခွဲပါနဲ့ခင်ဗျာ။'

မိုးစက်သည် ဖခင်ကို မျက်ရိပ်ပြကာ တားသဖြင့် ဦးသက်ထွန်း ဆက်မပြောတော့ပေ။ အကိုနှင်းထန် မရှိတော့မှ မိုးစက်က ဖခင်ကို အကြောင်းရင်းကို ရှင်းပြလိုက်သည်။

'အကိုနှင်းထန် မျက်လုံးခွဲစိတ်ဖို့အတွက် ကျွန်တော် ကတိပေးလိုက်တာပါ ဖေဖေ။'

'မင်း ဘဝကို တကယ် သူ့အတွက်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်ပြီလား သား။ သဘာဝမကျတဲ့ အချစ်က ဘယ်လောက်ကြာကြာ ခံမှာလဲ။ တကယ်လို့ မောင်နှင်းထန်က မင်းကို ငြီးငွေ့လာတဲ့တနေ့ ဘယ်လိုလုပ်မှာလဲ။ '

'အကို ကျွန်တော့်ကို ချစ်နေသရွေ့ ကျွန်တော် ပေးဆပ်မှာပါ။ အကို ကျွန်တော့်ကို မချစ်တော့ရင် ကျွန်တော် ထွက်သွားပါ့မယ် ဖေဖေ။ ညီမလေးရဲ့ ကိုယ်စား ကျွန်တော်ပေးဆပ်တာပါ။'

ဦးသက်ထွန်းသည် ဟန်းနီးမွန်းခရီးထွက်သွားသော သားနှင့် သားမက်ကို လေဆိပ်လိုက် ပို့ရင်း အတွေးပွားကာ ကျန်ရစ်ခဲ့သည်။ မောင်နှင်းထန်၏ စကားအရ မိုးစက်ကိုသာ ချစ်ခဲ့သည်ဆိုတော့ သူတို့ အချစ်မြဲမည်ဟု မျှော်လင့်ရင်း ရင်မောစွာ သက်ပြင်းရှိုက် မိသည်။

ခရီးတစ်လျှောက်လုံးတွင် နှင်းထန်သည် မိုးစက်၏ လက်ကို ဆုပ်ကိုင်ထားရင်း မိမိအဖြစ်ကို အိပ်မက်ဟုထင်နေမိသည်။ မထင်မှတ်ပဲ ချစ်သော မိုးစက်ကို ပိုင်ဆိုင်ခွင့်ရလိုက် သည့်ကံကြမ္မာကို ကျေးဇူတင်မိသည်။ ဟိုတယ်သို့ရောက်သော် မိုးစက်ကာ ခရီးဆောင်အိတ်ကို ချပြီး သူ့ကို ခုတင်ပေါ်ထိုင်စေ ပြီး သူအဝတ်လဲနိုင်အောင် ကူညီပေးသည်။

'အကို ခဏနော်။ ကျွန်တော် အဝတ်လဲလိုက်ဦးမယ်။'

မိုးစက် အဝတ်ကို လျင်မြန်စွာလဲပြီး သူ့အပါးသို့တိုးကပ်ကာ မေးလိုက်သည်။

'အကို ဗိုက်ဆာပြီလား။ တခုခု စားမလား။'

'ဟင့်အင်း။ ကိုယ် ချာတိတ်ကို ဖက်ထားချင်တယ်။'

သူ့စကားကြောင့် မိုးစက် မျက်နှာနွေးသွားသော်လည်း နာခံစွာဖြင့် သူ့ရင်ခွင်ထဲသို့ တိုးဝင်လာခဲ့သည်။

'ချာတိတ်... အချစ်.. မင်းကို ပိုင်ဆိုင်ခွင့် မရတော့ဘူးလို့ ထင်ထားခဲ့တာ။ ဘုရားမလို့ မင်းကို ကိုယ် တကယ်ပိုင်ဆိုင်ရတာ။ '

ဒေါက်တာနှင်းထန်က မိုးစက်၏ ပါးလေးကို စမ်းကာ နမ်းရင်းပြောလိုက်သည်။ မိုးစက် သည် သူ့စကားကြောင့် စိတ်မကောင်းဖြစ်သွားရသည်။

'အကို ကျွန်တော့်ကို မမုန်းဘူးလားဟင်။ '

'ဘယ်တော့မှ မမုန်းဘူး။'

'အကိုရယ်။'

မိုးစက်လည်း သူ့အနမ်းကို ပြန်တုန့်ပြန်ပေးလိုက်သည်။ နှစ်ဦးသားနမ်းရှိုက်ရင်း အိပ်ယာ ထက်သို့လဲကျသွားသည်။ အထိအတွေ့ကြောင့် အချစ်ဒီကရီလည်း မြှင့်တက်လာခဲ့ သည်။ မိုးစက်သည် စိတ်ကို လျှော့ကာ သူ့အနမ်း၊သူ့အထိအတွေ့ကို ငြိမ်သက်စွာ ခံယူရင်း ရင်ခုန်သံတို့ ဆူညံလာခဲ့သည်။ ဒေါက်တာနှင်းထန်လည်း ပထမညင်သာ သိမ်မွေ့ ရာမှ အနမ်းတို့ တဖြည်းဖြည်း မွတ်သိပ်ကြမ်းတမ်းလာခဲ့သည်။

မိုးစက်သည် သူ့ကြောင့် အဝတ်တို့ ဖရိုဖရဲ ဖြစ်ကုန်သည်။ သူ့ကိုယ်ပေါ်တွင်လည်း အဝတ်တို့ ကျွတ်ကုန်သည်။ အချစ်တို့ တဖြည်းဖြည်းအရှိန်မြှင့်လာပြီး နှစ်ဦးသား စည်းတစ်ခုကို ဖြတ်ကျော်လိုက်တော့သည်။ မိုးစက် အိပ်ယာမှနိုးလာသောအခါ သူ့ရင်ခွင်ထဲ ရောက်နေသည်ကို တွေ့သော် ရှက်ရွံစွာဖြင့် အသာရုန်းထစဉ် သူလည်း နိုးလာသည်။ သူက မိုးစက်၏ ပါးလေးကို လက်နှင့်စမ်းကာ အသာနမ်းပြီး တိုးတိုးမေး၏။

'နိုးပြီလား ကိုယ့် ကလေးလေး။ ကိုယ်နဲ့ နေရတာ ပျော်ရဲ့လား။'

'ဟာ.. အကို ဘာတွေမေးနေတာလဲ မသိဘူး။ '

'ချာတိတ်လေးက ရှက်နေတာလား။ မရှက်ပါနဲ့။ကိုယ်တို့က လင်မယားတွေ ဖြစ်သွား ကြပြီပဲ။ နောက်ဆိုရင် ရိုးသွားမှာပါ။'

မိုးစက်သည် ဆက်နားမထောင်ဝံ့တော့သဖြင့် သူ့ဘေးမှ အမြန်ထကာ ပြောလိုက်သည်။

'အကို တော်ပြီ။ ရှက်စရာတွေ မပြောနဲ့တော့ဗျာ။ ရေချိုးရအောင်။ ပြီးရင် ညစာ သွားစားမယ်။ ကျွန်တော် ဗိုက်ဆာပြီ။'

'အင်း... အတူချိုးကြမယ်နော်။ '

'အကို ကလည်းဗျာ။ '

သူ့တောင်းဆိုချက်ကို အရှက်ကြီးသော မိုးစက်က လိုက်လျောပေးသဖြင့် နှင်းထန် ပျော် မဆုံးတော့ပေ။ ဒီလိုဆိုတော့လည်း လောကကြီးက သာယာသားပဲဟု တွေးမိသည်။

ဟန်းနီးမွန်း ခရီးမှ ပြန်လာသောအခါ မိုးစက် သည် မိုးပွင့် အဖြစ်ပိရိစွာ ဆက်လက်ဟန်ဆောင်ရင်း သူ့ကို လိုလေသေးမရှိ ပြုစုပေးခဲ့သည်။ မိုးစက်၏တိုက်တွန်းမှုကြောင့် လက်ထပ်ပြီး ၂ လအကြာ မျက်လုံးခွဲရန် သူသဘောတူညီပြီး စင်္ကာပူသို့ ထွက်ခဲ့သည်။

ဦးနှောက်ထဲရှိ အမြင်အာရုံကြောထဲအထိ ထိခိုက်မိသည်ကို ခွဲစိတ်ရသည်ဖြစ်သောကြောင့် သူစင်္ကာပူတွင် အချိန်ကြာမြင့်ခဲ့သည်။ သူ့ကိုယ်စား အလုပ်များကို အုပ်ချုပ်ရန် မိုးစက်က နေရစ်ခဲ့ရသောကြောင့် နှင်းထန် ချစ်သူလေးကို လွမ်းဆွေးစွာဖြင့် နေ့တိုင်းဖုန်းပြောဖြစ် သည်။

ချစ်သူလေးကို သေလုအောင် လွမ်းသော်လည်း ချစ်သုူ့မျက်နှာကို ပြန်မြင်ချင်ဇောဖြင့် နှင်းထန် အောင့်အီးသည်းခံပြီး နေခဲ့ရသည်။ အာရုံကြောများကို အကြိမ်ကြိမ်ခွဲစိတ်ပြီး နောက်ဆုံး အောင်မြင်ခဲ့လေပြီ။ မျက်ကြည်လွှာလည်း အစားထိုးရသည်။

နှင်းထန် မျက်လုံးပတ်တီးဖြည်သည့်နေ့တွင် ဦးမြတ်ထန်က ချွေးမကို လှမ်းခေါ်ထား သည်။ သားကိုတော့ ဘာမှမပြောထားပေ။

နှင်းထန်သည် ပတ်တီးအားလုံးပြေသွားသည်နှင့် မျက်လုံးကို တဖြည်းဖြည်းဖွင့်ကြည့် လိုက်သည်။ စူးရှသောအလင်းရောင်ကြောင့် မျက်လုံးကို ပြန်ပိတ်လိုက်သည်။ ထို့နောက် ဖြည်းဖြည်းခြင်း မျက်လုံးဖွင့်ကြည့် လိုက်စဉ် ပထမ စိုးရိမ်တကြီး ကြည့်နေသော ဒယ်ဒီကို တွေ့လိုက်သည်။

'ဒယ်ဒီ'

'သား မင်း ဒယ်ဒီ့ကို ကောင်းကောင်းမြင်ရရဲ့လား။'

'မြင်ရတယ် ဒယ်ဒီ။'

နှင်းထန်သည် ဒယ်ဒီ့နဘေးမှ ရပ်နေသော သူကို ရင်တထိတ်ထိတ်နှင့် ကြည့်လိုက်စဉ် ပြုံးကာ ကြည့်နေသော မိုးစက်ကို တွေ့လိုက်စဉ် ပျော်သွားသည်။

'မိုး...'

'အကို '

'ကိုယ် မြင်ရပြီ။ မိုး မျက်နှာကို ကိုယ်ပြန်မြင်ရပြီ။'

နှင်းထန် ဝမ်းသာစွာပြောလိုက်မိသည်။ ဆရာဝန်များက နှင်းထန်၏ မျက်လုံးကို အလွန်အကျွံ အသုံးမပြုနိုင်ရန် ပတ်တီး ဖြင့် ပြန်စည်းပေးလိုက်သည်။ နေ့စဉ် မျက်စဉ်းခတ်ပြီး ဆေးဆက်သောက်ရမည်။ တပတ်ပြည့်မှ မျက်လုံးကို ပြန်လာပြခိုင်းသည်။

နှင်းထန် သည် မိုးစက်ကိုဖက်ကာ ဝမ်းသာစွာစကားပြောနေမိသည်။ မိုးစက်လည်း ပျော်နေမိသည်။

တပတ်ပြည့်သောခါ ဆေးရုံတွင် ပြန်ပြပြီး ပတ်တီးလုံးဝဖြည်ပေးလိုက်သည်။ နောက်တလ ပြည့်မှ ပြန်လာပြရန်ချိန်းလိုက်သဖြင့် မြန်မာပြည်သို့ပြန်လာခဲ့သည်။

မြန်မာပြည်သို့ပြန်ရောက်သော် အကိုနှင်းထန်က အတိုးချကာ ကဲတော့သည်။ မိုးစက်သည် သူ၏ အချစ်သည်းမှုကြောင့် အနေခက် လှသည်။ သို့သော် သူ့အချစ်ကို ပိုင်ဆိုင်ခွင့်ရသောကြောင့် ပျော်မိပါသည်။

တဖြည်းဖြည်းနှင့် မိုးစက်လည်း သူ့အချစ်များဖြင့် နေသားကျစပြုလာလေပြီ။ သူ ရက်ချိန်းစေ့သဖြင့် ဆေးပြသွားသောအခါ ဖေဖေ ရန်ကုန်ဆင်း လာမည်ဖြစ်သဖြင့် မိုးစက် လိုက်မသွားခဲ့ပေ။ အားလုံး အိုကေသည်ဟု သူဖုန်းဆက်ပြောသောအခါ မိုးစက် ဝမ်းသာ ရသည်။ သူပြန် လာမည့်နေ့တွင် မိုးစက်ကို လေဆိပ်တွင် လာကြိုရန်မှာထားသဖြင့် မိုးစက်လာကြိုခဲ့သည်။

နှင်းထန်သည် လေယာဉ်ဆိုက်ဆိုက်ခြင်း စစ်ဆေးရေးကောင်တာကို ဖြတ်ပြီးသည်နှင့် သူ့ကို လိုက်ရှာသည်။ တွေ့ပါပြီ။ လှပသော၊ ကျော့ရှင်းသော ချစ်သူလေးက မိမိကို ပြုံးကာ စောင့်ကြိုနေသည်။ နှင်းထန် စိတ်ချမ်းသာသွားသည်။

'မိုး.. '

'အကို.. အကို့ကို သတိရလိုက်တာ။'

'ကိုယ်လည်း သတိရတာပဲ မိုးရယ်။'

နှင်းထန်သည် မိုးစက်ကို ပွေ့ဖက်ရင်း မိမိတို့ပျော်ရာအိမ်ဂေဟာသို့ ပြန်လာခဲ့ကြသည်။

-------------------------------------


မိုးစက်

မိုးစက်သည် အကို့ကိုတွေ့သော် ရင်ထဲလှိုက်ခနဲ ပျော်သွားသည်။ သူ့အပြုံးက အင်မတန် ကိုနှစ်လိုဖွယ်ကောင်းလှသည်ကို ပထမဆုံး သတိပြုလိုက်မိသည်။ သူက စိတ်ရော ကိုယ်ပါ ပြုံးကာ မိမိကို သိုင်းဖက်လိုက်သောအခါ ရင်ထဲလုံခြုံသွားသလို ခံစား လိုက်ရသည်။ သူ့ရေမွှေးနံ့၊သူ့ကိုယ်သင်းနံ့၊ သူ့ကိုယ်၏ ပူနွေးသော အတွေ့များက မိမိရင်ကို နွေးထွေးစေသည်။ သူသာ မိုးစက်၏ အကိုရင်းသာဖြစ်ရင် ဘယ်လောက်ကောင်းမလဲဟု တွေးမိသည်။

'အကို... အကို အခြေနေအားလုံး ကောင်းတယ်နော်။'

သူက ရယ်မောကာ လေဆိပ်လူများအလယ်တွင် မိုးစက်ကိုယ်လေးကို ပွေ့ချီဝှေ့ရမ်း လိုက်သဖြင့် မိုးစက် အံ့သြသွားသည်။

'အားလုံးကောင်းတယ် ချာတိတ်။ လွမ်းခဲ့ရတဲ့ ချာတိတ်မျက်နှာလေးကို တဝကြီးမြင်ခွင့် ရလို့ ပျော်လိုက်ရတာကွာ။ ချစ်တယ် မိုးစက်ရယ်။ မင်းကို အရမ်းချစ်တယ်။'

သူက မိုးစက်ကို ချပေးပြီး ဖက်ကာ နားနားကပ်ကာ ပြောလိုက်သည်။ လူများက ကွက်ကြည့် ကွက်ကြည့်လုပ်နေသောကြောင့် မိုးစက် အနည်းငယ်ရှက်လာပြီး သူ့ကို ပြောလိုက်သည်။

'အကို.... လူတွေကြည့်ကုန်ပြီ။ အိမ်ပြန်ကြစို့နော်။'

သူက ပြုံးစေ့စေ့ဖြင့် နားနားကပ်ကာခပ်ကဲကဲပြောတော့သည်။

'အင်း... ကိုယ်လည်း ချာတိတ်လေးနဲ့ ချစ်ချင်လို့ တပိုင်းသေနေပြီ။ ချာတိတ်လေးရဲ့ ကိုယ်လေးကို ကိုယ်တခုခြင်း မှတ်သားချင်နေခဲ့တာ ကြာပြီ။'

သူ့စကားကြောင့် မိုးစက်မျက်နှာ ရှိန်းခနဲပူသွားသည်။

'ဟာ... အကို ဘာတွေပြောနေတာလဲဗျာ'

'ကိုယ့် မယားလေးကို ချစ်ချင်တဲ့အကြောင်းပြောနေတာလေ။ ဘာလဲ။ ကိုယ် မျက်လုံး မြင် လို့ရှက်တာလား။ မရှက်ပါနဲ့။ နောက်ကျရင် ချာတိတ်ကျင့်သားရသွားမှာပါ။'

'အကို မကောင်းဘူးဗျာ။'

မိုးစက် သူ့ကိုတွန်းကာ ထွက်ပြေးလာခဲ့သည်။ နားရှက်စရာများချည်း သူကပြောနေ သည်။ သူက ရယ်မောကာ နောက်မှ လိုက်ခဲ့သည်။ ကားထဲရောက်သော် သူက မိုးစက်၏ ပုခုံးလေးကို ဖက်ကာ ပါးလေးကို နမ်းနေသဖြင့် မိုးစက် ရှေ့ကို အလန့်တကြားကြည့်ကာ

'အကိုနော်။ Driver ရှိတယ်။ မကဲပါနဲ့'

သူက ပြုံးကာ ရီဝေေ၀စွာကြည့်ကာ

'OK အိမ်ကျမှ ကဲမယ်။ မငြင်းရဘူးနော် ချစ်လေး။'

မိုးစက် သူ့စကားကြောင့် ရှက်သွားသည်။ ယခုညကို ဘယ်လိုဖြတ်သန်းရမည် မသိ တော့ပေ။ ယခင်က သူမျက်လုံးမမြင်သဖြင့် သူနှင့် အတူနေသည်ကို ရှက်ရွံသော်လည်း သိပ်ပြီးမျက်နှာ မပူခဲ့ရပေ။ ယခုတော့ ဘယ်လို မျက်နှာဖြင့်သူ့ကို ကြည့်ရမည် မသိတော့ပေ။ မိုးစက်တွေးရင်း ချွေးတောင်ပြန်လာသည်။ သူ့မျက်နှာကို မကြည့်ဝံ့ပဲ ကားပြတင်း အပြင်ကိုသာ ငေးနေသဖြင့် သူကရယ်ကာ ကျီစယ်ပြန်သည်။

'ကြည့်စမ်း.. မိုး မျက်နှာက ဖြစ်နေလိုက်တာကွာ။ ကိုယ့် ယောကျ်ားကို အဲ့လောက်ရှက်ရလား မိုးလေးရဲ့။'

'အကိုကလည်း။ အဲ့အကြောင်းချည်းပဲ မပြောနဲ့တော့နော်။ မိုး နားရှက်လာပြီ။'

မိုးစက် သူ့ကို မော့်ကြည့်ကာ အတည်ပြောလိုက်မှ သူပြုံးကာ ခေါင်းညိမ့်ပြီး အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။ တကယ်တော့ နှင်းထန်က အရမ်းပျော်နေသောကြောင့် မိုးစက်ကို စနေခြင်းဖြစ်သည်။

'OK OK ကိုယ်မစတော့ဘူးနော်။'

အိမ်သို့ရောက်သော် ဝန်ထမ်းအားလုံးက ဝမ်းပန်းတသာ ကြိုကြသည်။ ဦးမင်းထန် လည်း သားအိမ်ကို လာပြီး စောင့်ကြိုနေသည်။ သားအဖနှစ်ဦး စကားပြောနေကြစဉ် မိုးစက် နူတ်ဆက်ပြီး အိမ်ပေါ်ထပ်သို့ တက်လာခဲ့သည်။ သူတို့သားအဖက အလုပ်ကိစ္စ များပြောနေသဖြင့် မိုးစက် ရှောင်ထွက်လာခဲ့သည်။

အခန်းထဲသို့ရောက်သောအခါ အိမ်နေရင်း အဝတ်အစားလဲပြီး ဝရန်တာတွင် ရပ်ကာ တွေးနေစဉ် ယောက္ခမကြီး၏ ကားပြန်ထွက်သွားသည်ကို တွေ့သော် သူစားသောက်ရန် စီစဉ်ပေးရန် အိမ်အောက်သို့ဆင်းမည်အပြု သူအိပ်ခန်းထဲသို့ ဝင်လာသဖြင့် မိုးစက် ရင်တုန်သွားပြီး သူ့ကိုပြောလိုက်သည်။

'အကို တခုခု စားရအောင် ကျွန်တော် သွားပြင်လိုက်ဦးမယ်။'

သူက ပြန်မဖြေရသေးခင် သူ့ဘေးမှ ဖြတ်ထွက်လာစဉ် သူက မိုးစက်၏ လက်ကို လှမ်းဆွဲကာ ဖက်ထားပြီး ပြောလိုက်သည်။

'အင်း စားမယ်။ ကိုယ် အရမ်းဆာနေပြီ။'

မိုးစက် သူတကယ်ပြောသည်ထင်ပြီး သူ့ရင်ခွင်မှ ရုန်းထွက်ကာ ညနေစာ ပြင်ပေးရန် ပြောလိုက်သည်။

'ဟင်... ဟုတ်လား။ ကျွန်တော် အမြန်သွားပြင်လိုက်မယ်နော်။ အကို အဝတ်လဲပြီး ဆင်းလာခဲ့လေ။'

'ကိုယ် မိုးစက်ကို စားချင်တာ။ ကိုယ့်ကို ကျွေးတော့နော်။ ကိုယ် အဝစားမှာ'

သူက ရယ်မောလိုက်ပြီး မိုးစက်ကို ကလေးတယောက်လို ပွေ့ချီကာ အိပ်ယာပေါ်ခေါ်သွားပြီး ပြောလိုက်သည်။ မိုးစက် သူဆိုလိုသည်ကို သိသွားပြီး ရှက်ရှက်နှင့် ပါသွားတော့သည်။သူက မိုးစက်ကို အိပ်ယာထက်တွင်ချလိုက်ပြီး ချစ်မြတ်နိုးစွာ စိုက်ကြည့်ကာ မချင့်မရဲမေးသည်။

'ယောကျ်ားလေးဖြစ်ပြီး ဘာလို့ အဲ့လောက်ရှက်ရတာလဲကွာ။ ကိုယ်နဲ့ချစ်တာ ပထမအကြိမ် မဟုတ်ပဲနဲ့ကွာ။ ခုထိကျင့်သား မရသေးဘူးလား မိုးစက်လေး။ '

မိုးစက် သူ့ကို ရှက်ရွံစွာကြည့်ကာ မကျေမနပ်ပြောသည်။

'ယောက်ျားလေးမို့ ရှက်တာပေါ့ အကိုရာ။ မိန်းကလေးနဲ့အတူရှိရင် ကျွန်တော် ဒီလောက်ရှက်မှာ မဟုတ်ဘူး။ ပြီးတော့ အကိုက ကျွန်တော့ကို စားမလိုဝါးမလို ကြည့်နေတာကိုးဗျ။ ရှက်တာပေါ့။'

'ကိုယ်က မင်းကို ချစ်လွန်းလို့ ပါးစပ်ထဲကို ငုံထားချင်တာ။ ဒါနဲ့ မင်းက ကောင်မလေးနဲ့အတူနေရင် မရှက်ဘူး ဟုတ်လား။ ဘယ်မိန်းကလေးနဲ့ မှအတူနေဖို့ မကြိုးစားနဲ့နော်။ မင်းကို ကိုယ်တယောက် တည်းပိုင်တယ်။ မင်းရဲ့ နူးညံ့တဲ့ အသားအရေတွေ၊မင်းရဲ့ နူတ်ခမ်းလေးတွေ၊ မင်းရဲ့အပြုံးတွေ အားလုံး ကိုယ်ပဲပိုင်တယ်။'

သူက ပြောရင်း မိုးစက်၏ အဝတ်များကို ဆွဲချွတ်ပစ်လိုက်ပြီး တကယ်ကိုအချစ်သည်းတော့သည်။ မိုးစက်သည် ရှက်ရွံစွာ မျက်လုံးမှိတ်ထားသော်လည်း သူ့အထိအတွေ့ အားလုံးကိုသိကာ မျက်နှာတပြင်လုံး အခိုးထွက်နေသလား ထင်ရအောင် ဖြစ်နေ မိသည်။တကြိမ်ပြီးတကြိမ် အချစ်ခရီးကို ဆက်လျှောက်နေသဖြင့် မိုးစက် မောပန်းစွာ သူ့ရင်ခွင်ထဲ အိပ်မောကျသွားတော့သည်။ မိုးစက်နိုးလာသောအခါ သူအိပ်မောကျ နေဆဲဖြစ် သည်။ သူ၏ ချောမောခန့်ညားသော မျက်နှာကို ငေးကြည့်စဉ် မိမိကို သူတကယ်ချစ်သည်ကို သိကာ သူနှင့် ရှေ့ဆက်မည့် ခရီးကို အလေးနက်ထားပြန်စဉ်းစားနေရသည်။

သူ့အချစ်ကို မိမိယုံကြည်သည်။ မိမိကိုအလေးထားကာ ချစ်လွန်းသော သူ့ကို မိမိလည်း ပြန်ငဲ့ပေးရမည်။ သူ့အနာဂတ်၊ သူ့မျိုးဆက်ပြန့်ပွားမည့်ကိစ္စကို မိမိထည့်စဉ်းစားရမည်။ ဝသုန် မိမိကိုဖုန်းဆက်စဉ် ပြောခဲ့သည်ကိုလည်း ထည့်စဉ်းစားရမည်။ သူနှင့်မိမိ တသက်လုံး ဒီလိုနေမသွားနိုင်ပေ။ သဘာဝကိုလွန်ဆန်သော အချစ်က မည်မျှကြာရှည်ခံမည်ကို ဘယ်သူမှ

အာမ မခံနိုင်ပေ။ ပြီးတော့ မိမိလည်း အိမ်ထောင်ပြုကာ မျိုးဆက်ပြန့် ပွားရဦးမည်။ သူ့အတွက် အကောင်းဆုံးဖြစ်အောင် မိမိစီစဉ်ပေးရမည်။

ပြီးတော့ မိမိကို အထင်လွဲကာ စိတ်နာပြီးထွက်သွားသော ညီမလေးကိုပြန်ခေါ်ပြီး သူမအပေါ် မိမိသစ္စာမဲ့တာမဟုတ်ကြောင်း သက်သေပြရမည်။ ကျော်သက်ထွန်း၏ ညီမထံမှ မိုးပွင့် စင်္ကာပူတွင်တွဲခဲ့သော ကောင်လေးနှင့်ပြန်ဆက်သွယ်နေကြောင်းကြားကာ စိတ်ပူမိသည်။ မိမိကို ရွဲ့ချင်စိတ်ဖြင့် ညီမလေး လမ်းမှားရောက်သွားမည်ကို ကြောက်သည်။မိမိနှင့် မိုးပွင့် ဘယ်လို လူပြန်လဲရမလဲဟု တွေးနေစဉ် သူနိုးလာသည်။သူနိုးလာသည်နှင့် မျက်နှာချင်းဆိုင်ရမှာရှက်လို့ မိုးစက် သူ့ရင်ခွင်မှ ရုန်းထွက်လိုက်စဉ် သူပြန်ဆွဲထားပြီးမေးလိုက်သည်။

'ဘယ်လဲ အချစ်လေး။ '

'အကို Toilet သွားချင်လို့။ ခဏလေးနော်။'

'OK ပြီးရင်ပြန်လာဦးနော်။'

သူအသာတကြည်လွှတ်တုန်း မိုးစက် ချက်ချင်းထကာ Toilet ထဲဝင်ပြီး ကျန်းမာရေးကိစ္စ ပြီးတာနှင့် တခါတည်း ရေချိုးလိုက်တော့သည်။ ရေချိုးခန်းဝတ်ရုံခြုံကာ ထွက်လာသော မိုးစက်ကို ကြည့်ပြီး သူကပြုံးကာ ပြောလိုက်သည်။

'မိုးစက် ရေချိုးလိုက်ပြီလား။ကိုယ်က အတူချိုးမလို့စောင့်နေတာ။'

မိုးစက် သူ့ကို စူပုပ်ပုပ်ကြည့်ကာ

'အကိုနော်.... အရင်က အကို မျက်လုံးမမြင်လို့ အကို့ကိုရေချိုးပေးရင်း အတူချိုးဖြစ်လိုက်တာ။ ခုတော့ အတူမချိုးနိုင်ဘူးနော်။'

'ဘာကြောင့်လဲ။ အတူတူပဲလေကွာ။'

'ဟင့်အင်း အကိုက ကဲမှာ ကျွန်တော်သိတယ်။ ကဲပါ သွားပါတော့။ ကျွန်တော် ဗိုက်ဆာနေပြီ။ အမြန်ချိုးတော့ဗျာ။'

မိုးစက် ဗိုက်ဆာနေသည်လို့ပြောတော့ သူဆက်မရစ်တော့ပဲ ရေချိုးခန်းထဲ အသာတကြည် ဝင်သွားတော့သည်။ သူပြန်ထွက်မလာခင် မိုးစက် မိန်းကလေးနှင့်တူအောင် အတုအခုအခံများဖြင့် အမြန်ဝတ်စားကာ သူ့အတွက် အဝတ်များကို အဆင်သင့်ထုတ် ပေးပြီး မျက်နှာကို ချယ်သနေလိုက်သည်။ မိတ်ကပ်နည်းနည်းလိမ်းကာ နူတ်ခမ်းနီဆိုးနေစဉ် သူရေချိုးခန်းထဲက ထွက်လာသည်။ သူက မိုးစက်ကို အနောက်မှ သိုင်းဖက်ကာ ဆံပင်ရှည်ရှည်ဖြောင့်ဖြောင့်များကို နမ်းပြီး

'ဒီအနံ့လေးကို လွမ်းလိုက်ရတာကွာ။ ချစ်တယ် မိုးစက်ရယ်။ မင်းကို ကိုယ်ဘာကြောင့် ဒီလောက်စွဲစွဲလန်းလန်း ချစ်မိနေတယ် မသိတော့ဘူးကွာ။ '

မိုးစက် သူ့ကို တွန်းလိုက်ပြီး အဝတ်လဲရန်ပြောရသေးသည်။ သူက တကယ့်ကို ကလေးနှင့်တူနေသည်။

'အကို အအေးပတ်လိမ့်မယ်။ အဝတ်ဝတ်တော့နော်။ ကျွန်တော် ဆင်းနှင့်တော့မယ်။'

'မဆင်းရဘူး။ ကိုယ့်ကို အရင်လိုကြယ်သီးတပ်ပေး။'

'အကိုကလည်းဗျာ။ ကလေးကျနေတာပဲ။ ကိုယ့်ဖာသာဝတ်ပါဗျာ။'

'ချာတိတ်လေး ကိုယ့်ကို ကရုစိုက်တာ ခံချင်လို့ပါကွာ။ ဒီနေ့တရက်တည်း လုပ်ပေးပါ Please'

သူ့စကားကြောင့် မိုးစက် မှန်ရှေ့မှထကာ သူ့အဝတ်များကိုကူညီဝတ်ဆင်ပေးသည်။ သူ့ကို ရေမွေးဆွတ်ပေးပြီး အိမ်ပေါ်မှ အတူဆင်းလာခဲ့သည်။



အချစ်စစ်၏ တည်နေရာSeason (1)Tempat cerita menjadi hidup. Temukan sekarang