Season - 1အပိုင်း (19)

1K 62 2
                                    


အချစ်စစ်၏ တည်နေရာ

Season - 1

အပိုင်း (19)

လူရှင်းသည့်နေရာတွင် နေထွက်ချိန်၊နေဝင်ချိန် ရှုခင်းကို အတူကြည့် ကြသည်။.လသာသည့် ညတွင် ကမ်းခြေတွင် အကို့ပေါင်ပေါ် အခေါင်းအုံးကာ ကြယ်များကို ကြည့်ရင်းစကားပြောကြသည်။ မိုးစက် ဘာပြောပြော သူက ပြုံးကာ နားထောင်သည်။ မိုးစက်၏ငယ်ဘဝကို ပြန်ပြောပြခိုင်းသည်။ တခါတရံ သူ့မေမေ မဆုံးခင်က အကြောင်းကို ပြောပြလေ့ရှိသည်။ ထိုအခါတိုင်း မိုးစက် သူ့အထီးကျန် ငယ်ဘဝကို နားထောင်ကာ မျက်ရည်ဝဲမိသည်။

မိမိကမှ မိုးပွင့်နှင့် ဝသုန်ရှိသေးသည်။ သူ့မှာတော့ အိမ်ဖော်များကလွဲပြီး ဘယ်သူမှ မရှိခဲ့ပါ. သူ့ဒယ်ဒီက အမြဲခရီးသွားက သူကတော့ နာမည်ကြီးဘော်ဒါများတွင် ကြီးပြင်းခဲ့သည်။ အထီးကျန် ကာ ခြောက်သွေ့သော သူ့ငယ်ဘဝကြောင့် သူ့ပုံက ဒီလိုမာကျောနေခြင်းဖြစ်ပါလိမ့်မည်။

မိုးစက်သူ့အကြောင်းနားထောင်ရင်း မျက်ရည်ကျသောအခါ သူနောက်တခါဘယ်တော့မှသူ့ငယ်ဘ၀ အကြောင်းမပြောတော့ပေ။ အခြားအကြောင်းအရာများကိုသာ လျှောက်ပြောပြတော့သည်။ နိုင်ငံခြား တွင်ကျောင်းတက်ခဲ့သည့် အကြောင်းများကို ပြောပြသည်။ ပြင်သစ်တွင် သူ ကျောင်းတက်ခဲ့သည်ကို ကြားသော် မိုးစက် ပါးစပ်အဟောင်းသားဖြစ်သည်အထိ အားကျစွာ နားထောင်တတ်သည်။

သူနှင့်စကားပြောလို့ အိပ်ပျော်သွားလျှင် သူဘယ်တော့မှ မနှိုးပေ။ မိုးစက်ကို ပွေ့ချီကာ ဘန်ဂလို ထဲသို့ သယ်လာပေးသည်။ ငပလီတွင် စားလိုက်၊အိပ်လိုက် ချစ်လိုက်နှင့်နေလာတာ ၃ ပတ်ရှိပြီဆို တော့ မိုးစက် ငြီးငွေ့လာလေပြီ။ သူကတော့ ပြန်မည့်ပုံမပေါ်သဖြင့် မိုးစက်သူ့ကို ဖွင့်မေးလိုက်သည်။

"အကို ကျွန်တော်တို့ရောက်တာ ၃ ပတ် ရှိပြီ။ ပြန်ရအောင်။ကျွန်တော်လည်းနေကောင်းနေပြီ။"

"မပြန်ဘူး။ ဒီမှာတလနားမလို့ ဆုံးဖြတ်ထားတယ်။ တလပြည့်မှ ပြန်မယ်။"

"အကို့ Company အလုပ်ကို ပြစ်ထားတော့မလား။"

"ဒယ်ဒီ ကြည့်လိမ့်မယ်။ သူ့ Company ကို သူ့ဖာသာ အုပ်ချူပ်လိမ့်မယ်။ ကိုယ်စိတ်မဝင်စားဘူး။"

သူ့ပြောဟန်ကြောင့် မိုးစက် သံသယ ဝင်လာသည်။

"အကို့ ဒယ်ဒီနဲ့ ရန်ဖြစ်ခဲ့တာလား။"

"မဖြစ်ပါဘူး။ ချာတိတ်က ဘာကြောင့်မေးတာလဲ။"

"အကို ကျွန်တော်နဲ့ထွက်လာတာကို အကို့ဒယ်ဒီကို အသိပေးခဲ့လား။ မိုးပွင့်ကို ဘယ်လိုပြောခဲ့လဲ။"


"ဘယ်လိုမှ မပြောခဲ့ဘူး။ ကိုယ်ဘယ်မှာရှိတယ်ဆိုတာ ကိုယ့်ဒယ်ဒီ သိပါတယ်။ ဘာမှ မပူပါနဲ့။ ကိုယ်က မင်းဒဏ်ရာကို မြန်မြန်သက်သာအောင် ဒီမှာလာနားတာပဲလေ။ "

"အကို ကျွန်တေ်ာ စိတ်ပူလာပြီနော်။ "

ထိုစဉ် ဖုန်းလာသဖြင့် သူနံပါတ်ကြည့်လိုက်ပြီး အခန်းအပြင်ဘက်သို့ထွက်သွားသည်။

မိုးစက် သူ့ပုံကို လုံး၀ မသင်္ကာတော့ပေ။

"အကို အမှန်တိုင်းပြော။ အကို့ဒယ်ဒီနဲ့ ပြဿနာတက်ခဲ့တာလား။ အကိုမပြောရင် ကျွန်တော့်ဖာသာ ပြန်တော့မယ်။"

သူဖုန်းပြောပြီး ဝင်လာသောအခါ မိုးစက် အတင်းမေးလိုက်သည်။ သူူက တွေတွေကြီးကြည့်ကာ အမှန်အတိုင်းဖြေခဲ့သည်။

"ကိုယ်အားလုံးကို အမှန်အတိုင်းပြောပြီး အိမ်ပေါ်ကဆင်းလာတာ။"

မိုးစက်၏ မျက်နှာ ဖြူယော်သွားသည်။

"ကျွန်တော့်ညီမလေးအကြောင်းလည်း အားလုံးပြောလိုက်တာလား။."

"ဒါပေါ့။ အားလုံးပဲပြောလိုက်ပြီ။ ဒါမှ ရှင်းသွားမှာလေ။"

မိုးစက် ညီမလေးအတွက်စိုးရိမ်သွားသည်။

"ညီမလေး ဘယ်ရောက်သွားလဲ။ အကို့အိမ်မှာ ရှိသေးလား။"

"ကိုယ့်ဒယ်ဒီက သူ့မြေးမဟုတ်တဲ့ကိုယ်ဝန်ကို လွယ်ထားတဲ့မိန်းကလေးကို ဆက်ပြီးလက်ခံထားမယ် ထင်လို့လား။ ဒယ်ဒီက ဘယ်လိုလူစားလဲဆိုတာ မင်းအသိဆုံးပဲ။"

မိုးစက်ထိတ်လန့်သွားသည်။ မိုးပွင့်ကို သူတို့ အိမ်ပေါ်က နှင်ချလိုက်ပြီဟု တွေးကာ မိုးစက် ဒေါသ ထွက်သွားသည်။

"အကို ကျွန်တော့်ကို ကတိပေးထားတယ်လေ။ မိုးပွင့်ကို ဘာမှ မလုပ်ဘူးလို့ ကတိပေးထားတယ် လေ။ အကို ဘာကြောင့် ကတိဖျက်တာလဲ။ ဘာကြောင့် ကျွန်တော့် မျက်နှာတောင် မထောက်ပဲ လုပ်ရက်ရတာလဲ။ အကို အရမ်းရက်စက်တယ်။ ညီမလေး ဘယ်ကိုထွက်သွားပြီလဲ။"

နှင်းထန်သည် ညီမဇောဖြင့် မိမိကို ပြောဆိုနေသော မိုးစက်ကိုကြည့်ကာ တင်းမာစွာပြောလိုက်သည်။

"ဘယ်သိပါ့မလဲ။ သူနဲ့ ဖောက်ပြန်တဲ့ကောင် နောက်လိုက်သွားပြီနေမှာပေါ့။ သူက မင်းအသက်ဆက် မရှင်ချင်တဲ့ အကြောင်းရင်းမို့ ကိုယ်သူ့ကို ရှင်းလိုက်တာပဲ မိုးစက်။ မင်း အသက်ကိုရန်ရှာရင် ကိုယ် မညှာဘူးလို့ ကြိုပြောထားတယ်လေ။ ကိုယ့်ချစ်သူကို နာကျင်အောင်လုပ်တဲ့သူကို ကိုယ်ဘယ်လိုမှ ခွင့်မလွှတ်နိုင်ဘူး။"

မိုးစက်၏မျက်နှာမည်းခနဲဖြစ်သွားပြီး အခန်းထဲမှထွက်သွားသဖြင့် နှင်းထန် သူ့ကိုလှမ်းဆွဲသည်။ မိုးစက် ခါတိုင်းလိုငြိမ်မခံပဲ လက်ကိုပြန်ပုတ်ထုတ်ကာ


"ကျွန်တေ်ာ့အသားကို မထိနဲ့။ "

"မင်းဘယ်သွားမလို့လဲ။"

"ညီမလေးကို သွားရှာမလို့။ ပြီးတော့ ကျွန်တော် အကြိမ်ကြိမ်တောင်းပန်လျက်နဲ့ ရက်စက်ရက်တဲ့ အကို့နားမှာ လုံးဝမနေနိုင်ဘူး။"

နှင်းထန်သည် အင်မတန်ကိုနွားကျလောက်အောင် ရိုးအလွန်းသော ကောင်လေးကို အနောက်မှ အတင်းပွေ့ကာ ကုတင်ပေါ်တွန်းလှဲကာ ဖိထားပြီး အဝတ်များကို အတင်းချွတ်လိုက်တော့သည်။ မိုးစက်က သူ့ကို ရုန်းကန်တိုက်ခိုက်ကာ အော်ဟစ်သည်။

"ဖယ် ခင်ဗျားကျွန်တော့်ကို အနိုင်မကျင့်နဲ့။ "

"ကိုယ့် မယားကို ချစ်မလို့၊"

'ဘာမယားလဲ။ ခင်ဗျားလွှတ်.. ကျွန်တော့်ကို လွှတ်ဗျာ။'

'မင်းက ကျုပ်မယားမဟုတ်ရင် ဘာလဲ။ တိတ်စမ်း။ မင်းအစား ကျုပ်က နာလွန်းလို့လက်တုန့်ပြန် တာကို မင်းက ကျုပ်ကို မုန်းတယ်ပေါ့ ဟုတ်လား။'

မိုးစက် မျက်ရည်များနှင့် သူ့ကို စိတ်ဆိုးစွာအော်သည်။ သူက အတင်း ဖိချုပ်ကာ နမ်းသောအခါ မိုးစက် ဒေါသနှင့် ပြောကာ ငိုချလိုက်သည်။

'ဟုတ်တယ်။ မုန်းတယ်။ ယောကျ်ားတန်မယ့် ခင်ဗျား မယားအဖြစ်နေပေးတာ ခင်ဗျားဆန္နကို ဖြည့်ပေးနေတာ ကျွန်တော် သိပ်ခံချင်လွန်းလို့များထင်နေတာလား အကိုနှင်းထန်။ကျွန်တော့် ညီမ အတွက် ခင်ဗျားဘာလုပ်လုပ်ခံနေတာဗျ။မုန်းတယ် ဟီး...ဟီး...ဟီး....ညီမလေးကို ရက်စက်တဲ့ ခင်ဗျားကို မုန်းတယ်။ ကျွန်တော့်ကို ချစ်တယ်ဆိုပြီး ကျွန်တော်စိတ်ချမ်းသာအောင်မထားပဲ ကိုယ့် အတွက်ပဲ စဉ်စားတတ်တဲ့သူကို ကျွန်တော် မုန်းတယ်။'

မိုးစက်၏ စကားကြောင့် နှင်းထန် သူ့ကိုလွှတ်ပေးလိုက်ကာ သက်ပြင်းလေးလေးကိုချပြီး

'မင်း ညီမအတွက် ကိုယ့်ကို တကယ်မုန်းတော့မှာလား မိုးစက်။ မင်းကိုယ့်ကို နည်းနည်းလေးမှ မချစ် ခဲ့ဘူးလား။ '

မိုးစက် မျက်ရည်ကြားမှ သူ့ကို စိတ်ဆိုးစွာ ကြည့်ကာ

'ခင်ဗျားကို ချစ်လို့ ကျွန်တော့်ညီမ ဒီလို ခွေးမောင်းသလို မောင်းထုတ်ခံရတာ။ ခင်ဗျားကို လုံး၀ မကျေနပ်ဘူး။ ကျွန်တော့် ညီမကို မတွေ့တွေ့အောင်ရှာမယ်။ '

နှင်းထန်သည် မိုးစက် တကယ် စိတ်ဆိုးသွားသည်ကိုတွေ့သော် စိတ်မကောင်းဖြစ်သွားပြီး

'ကိုယ်သူ့ကို မောင်းမချပါဘူး။ သူနဲ့ကိုယ်ပြောနေတာတွေ ဒယ်ဒီကြားသွားလို့ သူ့ကိုခေါ်မေးတော့ သူ့ဖာသာစိတ်မလုံလို့ ထွက်သွားတာပါ။ ကိုယ်ချာတိတ်ရဲ့ ညီမကိုမောင်းချတာ မဟုတ်ပါဘူး။ '

မိုးစက် သည်သူ့စကားကြောင့် အနည်းငယ်စိတ်ပြေသွားပြိး မျက်ရည်ကြားမှ တောင်းပန်သည်။

'အကို... မိုးလေးကို ကူရှာပေးပါအုံး။ သူ့ကို အကို ဆက်မပေါင်းချင်လည်း ရပါတယ်။ ဒါပေမယ့် သူ့ကို ရအောင်ရှာပေးပါ။ မိုးလေးက မွေးရာပါ နှလုံးအားနည်းတဲ့ရောဂါရှိတယ်။ အခု ကိုယ်ဝန်နဲ့ အိမ်ပေါ်ကဆင်းသွားတော့ စိတ်ဆင်းရဲပြီး ရောဂါပြန်ဖောက်မှာ စိုးရိမ်ရလို့ပါ။ ညီမလေးကို ပြန်ရှာ ပေးပါ အကို ။ ရှိကြီးခိုးပါရဲ့ဗျာ။ မိုးလေးကို ရှာပေးပါနော်။'

အရူးလေးလို လက်အုပ်ချီကာတောင်းပန်နေသော ကောင်လေး၏ အငိုမျက်နှာကို ဆက်မကြည့်ရက် တော့သဖြင့် နှင်းထန် ဆွဲပွေ့ကာ

'တော်ပါတော့.. မငိုနဲ့တော့နော်။ ကိုယ် မင်းညီမကို စုံစမ်းပေးပါ့မယ်။ ဒီလိုလုပ်ပေးတာ ကိုယ် အရမ်းရင်နာတယ် မိုးစက်။ မင်းကိုသံယောဇဉ်လုံး၀ မရှိတဲ့သူကို ကူညီပေးရတာ ကိုယ်မလုပ်ချင်ဆုံး အလုပ်ပဲ။ ဒါပေမယ့် မင်းအတွက် ကိုယ်လုပ်ပေးမှာပ့ါ။ မင်းကို သိပ်ချစ်လွန်းလို့ လုပ်ပေးတယ်ဆိုတာ မင်း မမေ့ပါနဲ့။ မင်းကို ကိုယ်လိင်ကျွန်အဖြစ် အသုံးချခဲ့တာ မဟုတ်ပါဘူးကွာ။ မင်းကို ချစ်လွန်းလို့ ကိုယ် အတူနေခဲ့တာပါ။ အူတူနေဖို့ ချစ်ခဲ့တာ မဟုတ်ပါဘူး။ ကဲ ခဏစောင့်ပေး။ကိုယ် သူတို့်ကို စုံစမ်း ခိုင်းလိုက်မယ်။'

မိုးစက်သည် ဖုန်းတကောပြီး တစ်ကော ဆက်နေသောသူ့ကို မမှိတ်မသုန် စိုက်ကြည့်နေသည်။ နှင်းထန် တစ်နာရီခန့် ဆက်ပြီးနောက် မိုးစက်ဘက်ကို လှည့်ကြည့်ကာ

'မင်း ညီမရှိတဲ့နေရာသိပြီ။ သူ စင်္ကာပူကို ထွက်သွားခဲ့တာ။ ဟိုမှာနေရာ အတိအကျသိရအောင် ကိုယ် စုံစမ်းခိုင်းထားတယ်။ မနက်ဖြန်ည လေယာဉ်နဲ့ ကိုယ်တို့လိုက်သွားကြတာပေါ့။'

မိုးစက် သက်ပြင်းရှိုက်ကာ

'ကျေးဇူးတင်ပါတယ် အကို။ကျွန်တော် ရိုင်းသွားမိတာတောင်းပန်ပါတယ်။'

'မိုးစက်လေးရယ်။..'

နှင်းထန် မိုးစက်ကို ဖက်ကာနမ်းမည်အပြု မိုးစက်က မျက်နှာလွှဲလိုက်ကာ

'ဆောရိး အကို...ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ဒီညတော့ ကျွန်တော် လုံးဝစိတ်မဝင်စားဘူး။ ကျွန်တော့် ကို နားလည်ပေးပါ။ ဒီည ကိုယ့်ဖာသာ အေးအေးဆေးဆေးအိပ်ပါရစေ.'

သူ့အပြောကြောင့် နှင်းထန် အတင်းမလုပ်တော့ပဲ တဖက်သို့လှည့်ကာအိပ်လိုက်တော့သည်။ နှင်းထန် မိုးစက်၏ နဖူးကို ဖွဖွနမ်းကာ

'Good Night ချာတိတ်။ အိပ်မက်လှလှ မက်ပါစေကွာ။'

နှင်းထန် တဖက်လှည့်ကာ အိပ်သော်လည်း တော်တော်နှင့် အိပ်မပျော်ပေ။ လူးလိမ့်ကာနေသည်။ မိုးစက်လည်း အိပ်မပျော်ပေ။ မိုးပွင့်အတွက် စိုးရိမ်သည်ကတဖက်၊ သူကိုစိတ်ဆိုးတာရော၊ သူက မိမိကို နားလည်စွာ အလျှော့ပေးသည်ကို သိကာ စိတ်မကောင်းသည်က တဖက်နှင့် စိတ်များ ယောက်ယက်ခတ်နေသည်။

နောက်ရက်တွင် သူစီစဉ်သော ခရီးစဉ်ဖြင့် စင်္ကာပူကို ထွက်လာခဲ့သည်။ မိုးပွင့်နှင့်တွဲခဲ့သော ကောင်လေး၏ တိုက်ခန်းသို့လိုက်လာခဲ့သည်။

'မိုးပွင့်...'

ရုတ်တရက် ကောင်လေးက တံခါးဖွင့်လိုက်စဉ် မိုးစက်ကို လူမှားကာ အော်လိုက်ပြီးမှ ယောကျ်ာလေး ပုံစံကိုတွေ့မှ

'သြော် ခင်ဗျားက မိုးစက်ပဲ။ ဒီလောက်တူတဲ့ အမွှာကို ကျွန်တော် ခုမှ မြင်ဖူးတာပဲ။'

ကောင်လေးက စကားများနေသဖြင့် မိုးစက် စိတ်မရှည်တော့ပေ။

'ငါ့ ညီမ ဘယ်မှာလဲ။ ငါ့ညီမနဲ့ တွေ့ချင်တယ်။ '

ကောင်လေးက ပုခုံးကို တွန့်လိုက်ကာ

'ဘယ်သိပါ့မလဲ။ ခင်ဗျားညီမက ကျွန်တော့်ကို ခေါက်ထားတာကြာပြီ။ သူတခြားကောင်နဲ့ ကိုယ်ဝန် ရှိလို့ သူ့ယောက်ျားက နှင်ထုတ်လိုက်တယ်လို့တော့ကြားတယ်။ သူနဲ့ဖြစ်တဲ့အကောင်ဆီ သွားရှာ ပေါ့ဗျာ။ '

'မင်း ဘာစကားပြောတာလဲ။ ငါ့ညီမကိုယ်ဝန်က မင်းနဲ့ မဟုတ်လား။'

ကောင်လေးက ဟက်ဟက်ပက်ပက်ရယ်မောကာ

' ခင်ဗျားနဲ့သူ့ယောကျ်ားကို ခွဲဖို့ တမင်ယူတဲ့ကိုယ်ဝန်ဗျ။ကျွန်တော့်ကိုယ်ဝန် မဟုတ်ဘူး။ '

'မင်းဘာပြောလိုက်တယ်။ '

'ခင်ဗျားနဲ့ ဒေါက်တာနှင်းထန်ကို သူ တော်တော် အခဲမကြေဖြစ်နေတာ။ သူပြောလို့ကျွန်တော့်မှာ နားနဲ့ မဆန့်အောင်ကြားခဲ့ပါတယ်။ကျွန်တော် သူ့ကို တကယ်ချစ်ခဲ့တာပါဗျာ။ သူ့ကိုလက်ထပ်ဖို့ ပြောခဲ့ပေမယ့် မိုးပွင့်က လက်မခံခဲ့တာပါ။ ကျွန်တေ်ာ့ကို ခွဲပြီး မြန်မာပြည်ပြန်သွားကတည်းက ထပ်မတွေ့ဖြစ်တော့တာပါ။ '

'မင်း ဘာလူပါး၀ စကားပြောတာလဲ။ ငါ့ညီမကို ဖျက်ဆီးပြီး ဘာလူပါးဝတာလဲ။ မင်းနွားထက် မိုက်တဲ့ ကောင်။ '

'ခင်ဗျားညီမက ကျုပ်ကို ဖျက်ဆီးခဲ့တာပါဗျ။ ပြီးတော့ ခင်ဗျားညီမက အစကတည်းက အပျိုမစစ်တော့ပါဘူး။ ကျုပ်က သူများအကျကို ပန်ရတဲ့သူပါ။'

မိုးစက်သည် အကိုနှင်းထန်ရှေ့ အပြောခံလိုက်ရသဖြင့် ကောင်လေးကို ဒေါပွသွားသည်။ ကောင်လေး၏ ကော်လံကို ဆွဲကာ ထိုးရန် လက်ရွယ်လိုက်စဉ် အကိုနှင်းထန်က ဆွဲဖယ်ကာ

'တော်တော့ မိုးစက်။ ပြန်ကြစို့။ သူ အမှန်ပြောတွြေုဖစ်မှုာပါ။ အဓိကကတော့ မင်းညီမကို တွေ့ အောင်ရှာဖို့ပါပဲ။ လာ သွားကြစို့။'

မိုးစက် သည် ဟိုတယ်ခန်းသို့ပြန်ရောက်သည်နှင့် ခုတင်ပေါ်လှဲကာ သက်ပြင်းရှိုက်ရင်း ကြိတ်ကာ မျက်ရည်ကျနေမိသည်။

'ချာတိတ်...'

'သွား..ကျွန်တေ်ာ့ကို မထိနဲ့။ ခင်ဗျားကြောင့်... ဒါတွြေုဖစ်လာတာ. '

'ဟောဗျာ။ ဘယ်လိုကြောင့် ကိုယ့်အပြစ်ဖြစ်ရတာလဲ။'

'အကို ကျွန်တေ်ာ့ကို ချစ်လို့ မိုးလေး ဒီလိုဖြစ်သွားတာ။ အစကတည်းက မိန်းကလေးဖြစ်တဲ့ မိုးလေးကို ချစ်လိုက်ရင် ဒီလိုဖြစ်စရာကို မရှိဘူး။ခုတော့ မိုးလေးက ...'

'တော်တော့ မိုးစက်။ မင်းဘယ်တော့မှ ကိုယ့်ကိုအပြစ်တင်တာ ရပ်တော့မှာလဲ။ မိုးပွင့်ကိုပဲ ကြိုက် စေချင်ရင် အစကတည်းက မင်း ကိုယ့်ဘေးကို မလာဘဲ မိုးပွင့်ကို လာခိုင်းပေါ့။ ကိုယ့်ဖာသာ ကိုယ့် ဘေးကို လာပြီးမကြိုက်ကြိုက်အောင် လုပ်ခဲ့တာ ဘယ်သူလဲကွ။ ကိုယ်ချစ်သွားမှ ဟိုတယောက်ကို ချစ်ပါ။ဒီတယောက်ကို ချစ်ပါနဲ့ မင်းစိတ်ကြိုက် အမိန့်ပေးရအောင် ကျုပ်နှလုံးသားက မင်းပိုင်တဲ့ အရာလား။ တော်တော့ ပါးစပ်ပိတ်ပြီးရေချိုးတော့။ ပြိးရင် အပြင်ထွက်စားမယ်။ '

'မစားချင်ဘူး။'

'မစားလို့ ဖြစ်မလား။ ထ.. မထရင် ကျုပ်မင်းကို ပွေ့ချီခေါ်သွားမှာ။ အရှက်ကွဲချင်ရင် စမ်းလိုက်။ '

မိုးစက် သူ့ကို ဘုကြည့်ကြည့်ပြီး မကြည်မသာနှင့် ထကာ ရေချိုးခန်းထဲဝင်သွားသည်။

-------------------------------

မိုးစက်သည် အကိုနှင်းထန်အတင်းခေါ်သောကြောင့် ညစာစားရန်ထွက်လာခဲ့သော်လည်း စိတ်က ညီမလေးထံသို့သာ တဝဲလည်လည်ရောက်နေသဖြင့် အစားကို ဖြောင့်ဖြောင့်ပင်မစားနိုင်ပေ။

"မိုးစက် ဒီဟင်းလေးစားကြည့်ပါဦး။ အရမ်းစားလို့ကောင်းတယ်။"

"တော်ပြီ အကို။ ကျွန်တော် စားချင်စိတ်မရှိဘူး။"

"မင်းဘာမှတောင်မစားရသေးဘူး။ မရဘူး။ ဒီဟင်းတွေကုန်အောင်စား။ "

သူ့လေသံတင်းတင်းကြောင့်နကိုကမှ စိတ်မကြည်သည့်မိုးစက်မှာ ချက်ချင်းထရပ်ကာ အခန်းပြန်ရန် ပြင်လိုက်သည်။

"ဒါက ဘယ်လဲ မိုးစက်။ မင်းချက်ချင်းပြန်ထိုင်စမ်း။"

နှင်းထန် လေသံမာမာဖြင့်လှမ်းပြောလိုက်သည်။

"အခန်းပြန်အိပ်တော့မလို့။ ကျွန်တော် မစားချင်တာ ဇွတ်မကျွေးနဲ့အကို။ ကျွန်တော် အခုအရမ်း စိတ်ညစ်နေတယ်။ ကျွန်တော့်ဖာသာ နေပါရစေဗျာ။ တောင်းပန်ပါတယ်။"

မိုးစက် စိတ်ညစ်စွာဖြင့် သူ့ကိုကြည့်ကာပြောလိုက်သည်။ နှင်းထန်သည် မိုးစက်အရမ်းစိတ်ဆင်းရဲနေ သည်ကို သိသော်လည်း စိတ်အလိုလိုက်ကာ အစားမမှန်နေလျှင် ချာတိတ်လေး၏ ကျန်းမာရေးကို စိုးရိမ်ရသဖြင့် စိတ်ကိုတင်းကာ ထပ်ပြောလိုက်သည်။

"ကိုယ်ပြောတာ မင်းကျန်းမာရေးအတွက်ပြောနေတာ။ မင်းစိတ်ညစ်တိုင်း အစာမစားပဲနေရင်လည်း ဒါတွေအားလုံး ပြေလည်သွားမှာမဟုတ်ဘူး။ မင်း ကျန်းမာမှ မင်းညီမကို လိုက်ရှာလို့ရမှာပေါ့။ ခုချက်ချင်းပြန်ထိုင်။ မင်း ပန်းကန်ထဲက စားစရာတွေ ကုန်အောင်စား။ မစားရင် မင်းကို ကျုပ်ကိုယ်တိုင ်ခွံကျွေးမယ်။"

မိုးစက်ညစ်ကျယ်ကျယ်ပြန်မေးလိုက်သည်။

"ဘာလဲ ဒီခန်းမထဲမှာ အကိုကျွန်တော့ကို ခွံ့ကျွေးမယ်ပေါ့။ အကို မရှက်ဘူးလား။ IT ခေတ်ကြီးဗျ။ ချက်ချင်းကို INTERNET ပေါ်ပြန့်သွားမယ်။"

"ပြန့်ပါစေလေ။ ကိုယ့်ချစ်သူကလေးဆိုးကို ခွံကျွေးတာ ဘယ်သူ့ကို ကရုစိုက်ရမှာလဲ။ လာ.."

သူက မိုးစက်၏ လက်ကို လှမ်းဆွဲကာ ခွံကျွေးမည်အပြု မိုးစက် မျက်လုံးပြူးသွားသည်။ သူက တကယ်လုပ်မည့်ပုံပေါ်သဖြင့် မိုးစက်သူ့ကို မကျေမနပ်ကြည့်ကာ

"ကိုယ့်ဖာသာ စားပါ့မယ်။ ခွံကျွေးရအောင် ကလေးလည်း မဟုတ်ဘူး။"

"အေး ဒီလိုမှပေါ့။ မင်းကိုယ့်စိတ်ကို လာမဆွနဲ့ မိုးစက်။ ကိုယ်ကမင်းအတွက်ပြောနေတာ။ မင်းညီမ ကို မင်းချစ်သလို မင်းကို ကိုယ်အရမ်းချစ်တယ် မိုးစက်။ မင်းအတွက် ကိုယ်မလုပ်ချင်ဆုံး အလုပ်ကို လိုက်လုပ်ပေးနေရတာနော်။ မင်းညီမမျက်နှာကို ကိုယ်မတွေ့ချင်ပေမယ့် မင်းအရမ်းစိတ်ဆင်းရဲနေ တာ မကြည့်ရက်လို့ကိုယ် မင်းကို ဒီအထိလိုက်ပို့ပေးခဲ့တာ မင်း အအိပ်ပျက်၊အစားပျက်တာ ထိုင် ကြည့်ဖို့ထင်နေသလား။"

သူ့စကားကို ကြားသော် မိုးစက် ဝမ်းနည်းပြီး စားရင်းမျက်ရည်များက ပန်းကန်ပြားထဲခုန်ဆင်းကုန် တော့သည်။

"ဟာကွာ ချာတိတ်က ဘာကြောင့် မျက်ရည်ကျရတာလဲ။ စားရင်းနဲ့ မငိုနဲ့လေ။ ကိုယ်က ချာတိတ် အတွက်စိုးရိမ်လို့ဆူမိတာပါ။ တောင်းပန်ပါတယ်ကွာ။ "

နှင်းထန် ချက်ချင်း မိုးစက်ဘေးကိုရောက်လာပြီး တစ်သျှူးဖြင့် မျက်ရည်များကို သုတ်ပေးမည်အပြု မိုးစက်က သူ့လက်ကိုပုတ်ထုတ်ကာ

"တော်ပြီ။ ကျွန်တော့်ကို လာမထိနဲ့။ လူတွေကြည့်နေတယ်။"

မိုးစက် တချက်ရှိုက်ကာပြောလိုက်သည်။ သူက မိုးစက်၏ မျက်ရည်များကိုသုတ်ပေးလေ မျက်ရည် များက ပိုကျလာလေဖြစ်သဖြင့် နှင်းထန် သက်ပြင်းရှိုက်ကာ မိုးစက်၏လက်ကိုလှမ်းကိုင်ကာ မိမိပါး ကို ရိုက်စေသည်။

"အကို ဘာလုပ်တာလဲ။ "
မိုးစက် နည်းနည်းလန့်သွားကာ မေးလိုက်သည်.။

"ချာတိတ်ကို မျက်ရည်ကျအောင်လုပ်မိလို့ ကိုယ့်ပါးကို ရိုက်ခိုင်းတာ။"

မိုးစက် သူ့ကို ကြည့်ကာ သနားသွားသည်။ သူ့စေတနာကို မိမိသိသော်လည်း မိမိစိတ်ညစ်သည်ကို သူ့အပေါ် ဖောက်ခွဲမိလိုက်သလိုဖြစ်သွားသဖြင့် မိုးစက် သူ့ကို ချက်ချင်းတောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ် အကို။ ကျွန်တော်မှားတာပါ။ အခန်းထဲ သွားကြရအောင်နော်။ ကျွန်တော် စားလို့ကုန်ပြီ။"

နှင်းထန်သည် ငွေရှင်းကာ မိုးစက်နှင့်အတူထွက်လာခဲ့သည်။အခန်းထဲရောက်သော် မိုးစက်က ပြတင်း ပေါက်တွင်ရပ်ကာ အပြင်မှရှူခင်းကို ငေးကြည့်နေသဖြင့် နှင်းထန် အနောက်မှ သိုင်းဖက်ကာ လည်ဂုတ်လေးကို ဖွဖွနမ်းပြီး

"ချာတိတ် အရမ်းစိတ်ပူမနေနဲ့နော်။ ကိုယ် အတတ်နိုင်ဆုံး စုံစမ်းပေးပါ့မယ်။ ခု နားလိုက်စို့နော်။ ချာတိတ် စိတ်တွေအရမ်းတင်းကြပ်နေပြီ။ ကိုယ်ဖြေလျှော့ပေးမယ်။"

နှင်းထန် ပြောရင်း ချာတိတ်လေး၏ အဝတ်အောက် လက်ကိုလျှိုလိုက်သဖြင့် မိုးစက် တွန့်ကာ ရုန်းလိုက်သည်။

"ဟင့်အင်း ... အကို ကျွန်တော် အခု စိတ်မပါဘူး။ ကျွန်တော့်ဖာသာ အိပ်ပါရစေ။"

"မရဘူး။ မင်း ဒီပုံဆိုရင် ညအိပ်ပျော်မှာ မဟုတ်တော့ဘူး။ ကိုယ်မင်း ပင်ပန်းပြီးအိပ်ပျော်အောင်လုပ် ပေးမလို့။လာ... "

သူက အတင်းပင် မိုးစက်ကို ခုတင်ပေါ်တွန်းလှဲကာ အပေါ်မှဖိထားကာ အလုပ်နှင့် သက်သေပြတော့ သည်။ မိုးစက် ဘယ်လို ရုန်းကန်သော်လည်း သူ့ရင်ခွင်အောက်ဝယ် အသံတိတ်သွားရတော့သည်။

နှင်းထန်သည် ချုာတိတ်လေးကို လုံးဝအနားမပေးတော့ပေ။ နောက်ဆုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်သွား တော့မှ နှင်းထန် ကောင်လေး၏ နဖူးကိုဖွဖွ နမ်းကာ ချာတိတ်လေးကိုယ်ကို ဖက်ကာ အိပ်လိုက် သည်။

"မောနင်း ချာတိတ်.."

မိုးစက် နိုးလာသည်နှင့် သူ့အပြုံးနှင့် နူတ်ဆက်သံကိုကြားသော် မိုးစက်ပြန်နုူတ်ဆက်လိုက်သည်။

မိမိဖာသာ ဘယ်ရောက်နေမှန်း မသိသေးပေ။ မျက်လုံးဖွင့်လိုက်သည်နှင့် ချစ်သောသူမျက်နှာကိုတွေ့ လိုက်ရသည်မှာ အင်မတန်ကို စိတ်ချမ်းသာစရာကောင်းလှသည် ဟုတွေးမိသည်။ သူက ရှင်းသန့်နေ သည်။ ရေချိုးပြီးပုံရသည်။ ဆိုဖာပေါ်တွင်ထိုင်ကာ သတင်းစာကိုဖတ်နေသည်။

"မောနင်း အကို။ ကျွန်တော်တို့ဘယ်ရောက်နေတာလဲ။"

သူက ရယ်ကာ

"စင်င်္ကာပူမှာလေ။"

"ဟင်... အကို မိုးလေး ဘယ်မှာနေလဲ သိရပြီလား။"

"ဘယ်လိုသိမှာလဲကွ။ ကိုယ့်လူတွေက ဘာမှပြောမလာသေးဘူး"

မိုးစက်အိပ်ယာထက်မှ လူးလဲထကာ သူ့ကို လောလိုက်သည်။

"အကို့လူတွေကို လောလိုက်ပါဦး။ သူတို့ကို မြန်မြန်လိုက်ရှာခိုင်းပါ အကို။"

"အသက်လေးတော့ရှူပါဦး ချာတိတ်ရ။"

"အကို ကျွန်တော်တကယ်ပြောတာ။ကျွန်တော့်ညီမလေး နေကောင်းရဲ့လားမသိဘူး။သူ့ကျန်းမာရေး ကို စိတ်ပူလိုက်တာဗျာ။ သူ့ကို တွေ့အောင်ရှာပေးပါဗျာနော်။ သူ့ကိုတွေ့ရင် ကျွန်တော် အကိုနဲ့ ကွာရှင်းခိုင်းပါ့မယ်။ ညီမလေးကို ဖေဖေ့ဆီပြန်နေခိုင်းလိုက်ပါ့မယ်။ အကို့ဘဝထဲ လုံးဝလာမရှုပ်စေရ ပါဘူး။ ကျွန်တော် အာမခံပါတယ်ဗျာ.။ နော်။ အကို နောက်ဆုံးတခါ ကူရှာပေးပါဦး။ "

မိုးစက် သူ့ထိုင်နေသည့် ဘေးတွင် ဒူးထောက်ကာ တောင်းပန်လိုက်သဖြင့် သူကသတင်းစာကို ပစ်ချ ကာ မိုးစက်ကို သူ့ပေါင်ပေါ်ဆွဲထိုင်စေပြီး

"ဒါနောက်ဆုံး ကိုယ်ကူညီပေးခြင်းပဲနော်။ ကိုယ်တို့ဘဝထဲကို မိုးပွင့်နောက်ထပ်လာနှောက်ယှက်ရင် ကိုယ် သူ့ကို ကိုယ့်လက်နဲ့ အပြတ်ရှင်းလိုက်မှာနော်။ ချာတိတ်ရှင်းအောင် ပြောထားတာ။ ပြီးတော့ ချာတိတ် ကိုယ့်ဘေးကနေ လုံးဝထွက်မသွားရဘူးလို့ ကတိပေးပါ။"

မိုးစက် သူ့မျက်နှာထားနှင့် လေသံကြောင့် ဝမ်းနည်းကာ မျက်ရည်ဝဲလာသည်။

"ကျွန်တော် အကို့နားကနေခွါပြီး ဘယ်ကိုသွားရမှာလဲ။ "

"မင်း အမြဲတမ်း ကိုယ့်ဘေးကနေ ပြေးလွန်းလို့ပြောရနေရတာ။ ပြီးတော့ မိုးပွင့်နဲ့ ပတ်သတ်တဲ့လူ ဆက်သွယ်လာရင် ကိုယ့်ကို အရင်ပြောပါ။ ကိုယ့်ကို အကြောင်းမကြားပဲ ချာတိတ် တယောက်တည်း လုံး၀ မလိုက်သွားရဘူး။ အဲ့ဒါ ကိုယ့်ကို ကတိပေးနိုင်သလားပြော။"


"ဟုတ်ကဲ့။ ကတိပေးပါတယ်။ အကိုသာ မိုးလေးကို ရအောင်ပြန်ရှာပေးပါ။ ညီမလေး ကိုရှာပေးရင် အကို ဘာကိုပဲတောင်းဆိုပါစေ ကျွန်တော် သဘောတူပါတယ်။"

"ကိုရန်နိင်ကသာ မိုးပွင့်ကို ခေါ်လာပေးရင်လည်း သူဘာတောင်းတောင်း ချာတိတ်က သဘောတူမှာ ပဲလား။"

နှင်းထန်၏ စကားကို သူမဖြေပဲ မျက်ရည်ကျလာသဖြင့် နှင်းထန် ဆက်မမေးတော့ပဲ သူ့ကိုယ်လေး ကို လွှတ်ပေးလိုက်သည်။ သူ့လက်မှ လွတ်သည်နှင့် မိုးစက် ယုန်ကလေးလို လှစ်ခနဲ ရေချိုးခန်းထဲ ပြေးဝင်သွားတော့သည်။ နှင်းထန်သည် မိုးပွင့်သေမှ မိုးစက် အေးအေးဆေးဆေးနေရမည်ကို သေချာ သိလိုက်သည်။ ဖြစ်နိုင်ရင် မိုးပွင့်ကို မိမိလက်ဖြင့် သတ်လိုက်ချင်သည်။ သို့သော် မိုးစက်သာ မိမိ ကြောင့် မိုးပွင့်သေတာ သိသွားလျှင် ဒီတစ်သက်မပြောနှင့်ဆယ်သက်ပင် အခဲကျေမည်မဟုတ်ပေ။

နှင်းထန် သက်ပြင်းရှိုက်ကာ ဖုန်းတချက်နှိပ်လိုက်ပြီး မိမိအသိများကို ဆက်ရှာရန် ထပ်ပြောလိုက် သည်။ ငွေကုန်မည်ကို နှင်းထန် ကရုမစိုက်ပါ။ မိမိချစ်သူ မျက်နှာတွင် အပြုံးပန်းဆင်ပေးနိုင်လျှင် မိမိ ကျေနပ်ပါပြီ။

"ကောင်မလေးကို မတွေ့တွေ့အောင် ဆက်ရှာပါ။ ငွေဘယ်လောက်ကုန်ကုန် ကရုမစိုက်ဘူး။"

နှင်းထန်သည် ဖုန်းပိတ်လိုက်ပြီး ထိုင်ခုံပေါ် ခေါင်းတင်ကာ မျက်လုံးကို မှိတ်ထားလိုက်သည်။ မိုးပွင့်ကို ပြန်တွေ့လျှင် မိုးစက်မျှော်လင့်ထားသလို အေးအေးဆေးဆေး ပြီးဆုံးသွားပါ့မလား။ ဒယ်ဒီကလည်း မိမိကိုစကားကုန်ပြောထားပြီးပြီ။မိုးပွင့်သာ မိမိရင်သွေးအစစ်ကိုလွယ်ပေးမည်ဆိုလျှင် ယခုသူမ အပြစ် ကို ခွင့်လွှတ်ပေးမည်တဲ့။ မိုးပွင့်နှင့် ကလေး လုံးဝမယူရန် မိမိဆုံဖြတ်ထားပြီးဖြစ်သည်။ ဒယ်ဒီနှင့် မိမိ စကားများကာ အိမ်ပေါ်မှ တခါတည်းဆင်းခဲ့ခြင်းဖြစ်သည်။ မေမေ့ဘက်မှ လုပ်ငန်းများစွာမှ ဝင်ငွေ များစွာရှိသည့်အပြင် ဦးကြီး၊ဦးလေးများက လုပ်ငန်းကို စနစ်တကျ အုပ်ချုပ်ပေးထားသဖြင့် နှင်းထန် ငွေရေးကြေးရေးကို လုံး၀ ကရုမစိုက်ခြင်းဖြစ်သည်။ မိမိကရုစိုက်သည်က ချာတိတ်လေး ပျော်ရွှင် ဖို့သာဖြစ်သည်။

တရက်မှ နှစ်ရက်ကူးလာသောအခါ မိုးစက် ကနာမငြိမ်ဖြစ်လာသည်။ နင်းထန်ကို ၁၀ မိနစ်တခါ မေး နေသဖြင့် နှင်းထန် စိတ်မရှည်အောင်ဖြစ်လာသည်။မိုးပွင့်နှင့်တွဲခဲ့သောကောင်လေးထံ နောက်တစ်ခါ ပြန်သွားမေးသဖြင့် မိုးစက်သည် သူ၏အမွှာညီမ သူ့အပေါ်မည်မျှမုန်းတီးကာ အငြိုးထားသည်ကို သိပြီးကတည်းက စိတ်မငြိမ်မသက်ဖြစ်ကာ မိမိကိုလည်း အကပ်သိပ်မခံတော့ပေ။ မိုးစက်နားကို မိမိ မကပ်ရတော့ မိမိလည်း စိတ်မကြည်ပေ။

"အကို သတင်းဘာထူးသေးလဲ။ အကို့လူတွေကို ထပ်ပြောလိုက်ပါဦး"

"မိုးပွင့်က ကိုယ့်ကို ဘယ်သွားပါ့မယ်လို့ပြောသွားတာ မဟုတ်ဘူး ချာတိတ်။ ကိုယ်လည်း အတတ် နိုင်ဆုံး ရှာပေးနေတာပဲလေ။ မတွေ့ချင်လို့ပုန်းနေတဲ့သူကို ကိုယ်တို့က လိုက်ရှာနေရတာလေ။ အချိန်တန်ရင်တော့ တွေ့မှာပေါ့။"

"အကို့လူတွေ မရှာနိုင်ရင် ကျွန်တော့် မိတ်ဆွေကို ရှာခိုင်းလိုက်မယ်။"

နှင်းထန် ဆတ်ခနဲဖြစ်သွားကာ မိုးစက်၏ လက်ကို ဖျစ်ညစ်ပြိး

"မင်းမိတ်ဆွေက ဘယ်သူလဲ။"

မိုးစက် မဖြေပဲနေသဖြင့် နှင့်ထန် သူ့ပုခုံးကို ခပ်ကြမ်းကြမ်းဆွဲလှုပ်ကာ တင်းမာစွာမေးလိုက်သည်။

"ဘယ်ကအကောင်လဲ လို့မေးနေတယ်လေ။ မင်း ဘာကြောင့် မဖြေရတာလဲ၊"

မိုးစက် သူ့ပုံစံကို လန့်သွားသည်။သူ့အကြောင်းကိုသိလျက်နှင့် မိမိကစိတ်ပူပြီး လွှတ်ခနဲ ပြောထွက် သွားခြင်းဖြစ်သဖြင့် ကိုယ့်ကိုယ်ကို ဒေါသထွက်မိသည်။

မိုးစက် မဖြေသဖြင့် သူအဘောပေါက်သွားသည်။

"ကိုရန်နိုင်လား။ ဟုတ်သလား။"

မလွှဲသာပဲ မိုးစက် ခေါင်းငြိမ့်လိုက်မိသည်။

"တောက်... မင်းကွာ။ဟိုကမင်းကို ဘယ်လိုသဘောထားတယ် ဆိုတာသိလျက်နဲ့။ သူ့ဆီ အကူအညီ တောင်းဖို့စဉ်းစားရဲတယ်။ မင်းသွားရင် သူက မင်းကို ပြန်လွှတ်ပါ့မလား။"

"ရေနစ်နေသူအဖို့ ကောက်ရိုးတမျှင်လည်း တန်ဖိုးရှိပါတယ် အကို။ကျွန်တော့် ညီမကို ရှာပေးနိုင်မယ် ဆိုရင် ဘယ်သူ့ဆီဖြစ်ဖြစ် ကျွန်တော် အကူအညီတောင်းရမှာပဲ။"

မိုးစက်သူ့ကို အာခံဟန်ဖြင့် ပြန်ဖြေသဖြင့် နှင်းထန် စိတ်တိုသွားသည်။

"သြော်... ဟိုတယောက်က မင်းညီမကို ရအောင်ရှာပေးလို့ မင်းကို သူ့နားခေါ်ထားရင်လည်း နေမှာ ပဲလား။"

မိုးစက် သူ့မျက်နှာကို ပြန်စိုက်ကြည့်ကာ

"ကျွန်တော့်ညီမလေးကို ရအောင်ရှာပေးမယ်ဆိုရင် ကိုရန်နိုင် ဘာပဲပြောပြော ကျွန်တော်နာခံမှာပဲ။"

"အေး... နာခံချင်ဦးကွာ။"

နှင်းထန် မိုးစက်ကို ခုတင်ပေါ်တွန်းလှဲကာ င်္အကျီရင်ဘတ်ကိုဆွဲဖွင့်ကာ မိုးစက်ကို အကြမ်းပတမ်းနမ်း

တော့သည်။ သူဘာလုပ်တော့မည်ကို သိသဖြင့် မိုးစက် အတင်းရုန်းကာ တိုက်ခိုက်သည်။ ခါတိုင်းနှင့် မတူ ညီမဇောဖြင့် မိုးစက်အသည်းအသန်ရုန်းကာတိုက်ခိုက်နေသဖြင့် နှင်းထန် ပိုလို့ဒေါပွကာ မိုးစက် ၏ လည်ပင်းများကို အရာထင်အောင် နမ်းစုပ်လိုက်သည်။ မိုးစက်သည် သူ့အပြုအမှုကြောင့်အော် လိုက်သည်။

"အကို ဘာလုပ်တာလဲ။ အရာထင်ကုန်လိမ့်မယ်။"

"ထင်အောင်ကိုတမင်လုပ်တာ။မင်းမှာပိုင်ရှင်ရှိတယ်ဆိုတာ ကြေငြာမလို့။လာစမ်း။ချစ်သူ တယောက် လုံးရှိလျက်နဲ့ နောက်တကောင်မျှော်ချင်တဲ့သူရော၊ကြာကူလီရိုက်ချင်တဲ့သူရော သိအောင်လုပ်မလို့"

"ဟင့်အင်း အကို မလုပ်နဲ့။ လည်ပင်းမှာ အရာကြီးနဲ့ ကျွန်တော်ရှက်တယ်။ "

"ကိုယ့်ချစ်သူနမ်းတာကို ရှက်တယ်ဆိုတဲ့ သဘောပေ့ါ ဟုတ်လား။ လာစမ်း မင်း လွန်လာပြီ။"

"No... အကို မလုပ်နဲ့..."

"မင်းမလုပ်ခိုင်းတာကိုမှ ကိုယ်က ပိုလုပ်ချင်တာ။"

သူကမိုးစက်၏ လည်ပင်းများကို အရူးအမူး တမင်အရာထင်အောင်လုပ်နေပြီး အဝတ်အားလုံးကို ဇွတ် ဆွဲချွတ်နေသဖြင့် မိုးစက် သူ့ကိုကြောက်လာသည်။ မိမိက ညီမလေးစိတ်နှင့် ပြောလိုက်မိသည်ကို သူက တကယ်ထင်ပြီး မိမိကိုကြမ်းနေသဖြင့် မိုးစက် စိတ်ရှုပ်ကာ ငိုချလိုက်သည်။

"အကိုက အမြဲတမ်းအဲ့လိုချည်းပဲ..... ဟီး..ဟီး..ဟီး...ကျွန်တေ်ာ့ကိုချစ်တယ်ပြောပြီး အမြဲအနိုင်ကျင့် တယ်။ အကိုနဲ့ ဒီလောက် အတူနေလာတာ ကျွန်တော့်စိတ်ရင်းကို အကို မသိသေးဘူးလား။ ကိုရန်နိုင်ကို ကျွန်တော်ကြိုက်ရင် အကိုနဲ့တောင် တွေ့စရာမရှိတော့ဘူး။ ထိုင်းမှာကတည်းက သူ့နောက်ကို လိုက်သွားပြီပေါ့။ အခု ကျွန်တော် ရွဲ့ပြောလို့ ရွဲ့ပြောမှန်းမသိပဲ အနိုင်ကျင့်တယ်။ ဟီး..ဟီး.. ဖေဖေရေ သားကို ကယ်ပါဦး။ "

မိုးစက်စိတ်ညစ်ညစ်နှင့် ဖခင်ကြီးကို 'တ'ကာ ကလေးလို ငိုပစ်လိုက်သည်။ သူက ချက်ချင်းရပ်သွားပြီး မိုးစက်ကို ပွေ့ထူကာ ဖက်ထားပြီး ကလေးလိုချော့သည်။ သူက ချော့လေ မိုးစက် ပိုဝမ်းနည်းလေဖြစ် ကာငိုလို့ မပြီးအောင်ဖြစ်မိသည်။ မိုးစက် အငိုတိတ်သည်အထိ သူက စိတ်ရှည်စွာစောင့်သည်။ ပြီးမှ မျက်ရည်သုတ်ပေးကာ


"Sorry ပါ။ ကိုယ်တောင်းပန်ပါတယ်။ ကိုယ်ပြောပြီးပြီ။ ကိုယ်က ချာတိတ်နဲ့ ပတ်သတ်လာရင် အချစ် ရူးကြီးလို အသိစိတ်ပျောက်သွားတယ်လို့။ ကိုယ် နောက်တခါ ချာတိတ်ကို ဒီလို လုံးဝမဆက်ဆံ တော့ပါဘူးကွယ်နော်။ တိတ်ပါ ကလေးရယ်။ ကိုယ့်အပြစ်တွေပါ။ ကိုယ်မကောင်းတာပါ."

နှင်းထန်သည် နောက်တခါ မိုးစက်ကို စိတ်မကောင်းဖြစ်အောင် မလုပ်ဖို့နှင့် သောကအပေါင်းမှ ကင်းဝေးအောင်ကာကွယ်ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။

"ချစ်တယ် မိုးစက်ရယ်.။ မင်းကို စိတ်ဆင်းရဲစေတဲ့ အရာအားလုံးက ဒါ နောက်ဆုံးဖြစ်စေရမယ်လို့ ကိုယ်ကတိပေးပါတယ်။ "

မိုးစက်လည်း သူ့စကားကြောင့် ဝမ်းနည်းသွားရပြန်သည်။ သူချစ်သလောက် မိမိမှီအောင် မချစ်နိုင်ပါ လားဟု တွေးမိသည်။ သူ့ကို အားနည်းနာမိသည်။ သနားလည်း သနားမိသည်။

--------------------------------

မိုးစက်သည် အကိုနှင်းထန်ကို စိတ်ရှိတိုင်းပြန်မချစ်နိုင်သေးသည့်အတွက် သူ့ကိုအားနာမိသည်။ ည သူအိပ်ပျော်သွားတိုင်း သူ့မျက်နှာကိုငေးကြည့်ကာ မျက်ရည်ကျမိသည်။

"အကိုရာ ကျွန်တော်က မိန်းကလေးဖြစ်ရင် သိပ်ကောင်းမှာပဲဗျာ။အကို့အတွက် ပျော်ရွင်ဖွယ်မိသားစု လေးကို ဖန်တီးပေးမှာပါ။ ချစ်တယ်။ အကိုရယ်။ ကျွန်တော်လေ အကို့ကို အရမ်းချစ်သွားမိပြီ။ ဒါပေမယ့် ....ခုဘဝတော့ ကျွန်တော့်ကို ခွင့်လွှတ်ပါတော့ဗျာ။ အကို့အချစ်ကြွေးကို နောက်ဘဝမှာ ပြန်ဆပ်ပါ့မယ်။ "

မိုးစက် သူ့မျက်နှာကို ငေးကြည့်ကာ တိတ်လေးပြောနေမိသည်။ မိုးစက် သူ့ပါးကိုဖွဖွနမ်းပြီးသူ့ကို ဖက်ကာ အိပ်သွားသည်။ မိုးစက် အသက်မှန်မှန်ရှူပြီး အိပ်ပျော်သွားမှ နှင်းထန် မျက်လုံးပွင့်လာသည်။ ချာတိတ်လေး၏ မျက်ရည်စများနှင့် အိပ်နေသည်ကို တွေ့သော် ရင်ထဲ လူသတ်ချင်စိတ်တို့သာ ပေါ်လာတော့သည်။ မိုးစက်ကို ကငိုအောင်လုပ်သည့် မိုးပွင့်ကို ခါးခါးသီးသီး ပိုလို့ပိုလို့ မုန်းမိသည်။

မိုးစက်၏ အပြစ်ကင်းသည့် ကလေးမျက်နှာလေးကိုစိုက်ငေးကြည့်ကာ ဘာကြောင့် ဒီလောက် ရိုးသား

ပြီး 'အ' ရသည်ကို နားမလည်နိုင်ဖြစ်မိသည်။ မိမိကိုသာ ပုံပြီးချစ်လိုက်ပါတော့လားဟု အားမလိုအားမရ အကြိမ်ကြိမ်တွေးမိသည်။

နှင်းထန်သည် မိုးပွင့်သတင်းကို အစွမ်းကုန်လိုက်ခိုင်းသော်လည်း လုံးဝရှာမတွေ့သဖြင့် နှင်းထန် သံသယဝင်လာသည်။ တမင်များပုန်းနေသလားဟု တွေးမိသည်။ မိုးစက်လည်း တနေ့ထက်တနေ့ မျက်နှာညှိုးနေသဖြင့် နှင်းထန် လည်း စိတ်မချမ်းသာပေ။ တနေ့ နှင်းထန်ရှာခိုင်းထားသူထံမှ ဖုန်းဝင် လာသဖြင့် နှင်းထန် ကရုတစိုက်နှင့် ဖုန်းကိုင်လိုက်သည်။ တဖက်မှပြောသည့် စကားကို သေချာနား ထောင်နေစဉ် မိုးစက်က နံဘေးမှ မျှော်လင့်တကြီးနှင့် လာစောင့်နေရှာသည်။ နှင်းထန်သည် ဖုန်းချပြီး သည်နှင့် မိုးစက်ကို သေချာမှာသည်။

"ကိုယ် အပြင်ကို ခဏသွားဦးမယ်။ ကို်ယ်မရှိတုန်း ဘယ်သူဆက်သွယ်လာလာ လိုက်မသွားပါဘူးလို့ ကိုယ့်ကို ကတိပေးမလား။"

"ဘာဖြစ်လို့လဲ အကို။ ညီမလေး သတင်းကို ရပြီလား။ ကျွန်တော်လည်း လိုက်ချင်တယ်။"

"အင်း။သူအခု ကိုရန်နိုင်နဲ့ အဆက်အသွယ်ရှိတယ်ဆိုတာ သေချာနေပြီ။ကိုယ် သေချာအောင် အရင် သွားစုံစမ်းလိုက်ဦးမယ်။သေချာရင် ချာတိတ်ကိုခေါ်သွားမယ်။ကိုယ်မရှိတုန်း ချာတိတ် ဘယ်မှထွက် မသွားဘူးလို့ ကတိပေးပါ။"

"ကျွန်တော် ကတိပေးပါတယ် အကို။ အကိုသာ ညီမလေးကို ရအောင်ရှာပေးပါ။"

နှင်းထန် ချာတိတ်လေးကို တချက်ဖက်ထားပြီး အရေးတကြီးထွက်လာခဲ့သည်။ မိုးပွင့် ဆေးကုသ သည့် ဆေးရုံကို ခြေရာခံမိခြင်းဖြစ်သည်။ ငွေလာရှင်းသည့်သူက ကိုရန်နိုင်ဖြစ်ကြောင်း ခိုင်လုံသည့် သတင်းရထားသဖြင့် နှင်းထန် ချက်ချင်းလိုက်လာခဲ့ခြင်းဖြစ်သည်။ မိုးစက်နှင့်ကိုရန်နိုင်ကို နှင်းထန် တိုက်ရိုက်မတွေ့စေချင်သောကြောင့် သူ့ကို ဟိုတယ်တွင်ထားရစ်ခဲ့ခြင်းဖြစ်သည်။

မိုးစက်သူထွက်သွားသည်နှင့် အခန်းထဲ ကနာမငြိမ်စွာဖြင့် ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်ရင်း စောင့်နေစဉ် တံခါးခေါက်သံကြားသဖြင့် သူဘာများမေ့ကျန်လို့ပြန်လာသလဲဟုတွေးကာ တံခါးကို ဖွင့်ပေးလိုက်သည်။

"ကိုရန်နိုင်..."

မိုးစက် အံ့အားသင့်စွာဖြင့်ခေါ်လိုက်မိသည်။

"မိုးစက် မင်းညီမလေး နောက်ဆုံးအချိန်ကို ရောက်နေပြီ။ သူ မင်းကို တွေ့ချင်နေတယ်။."

မိုးစက် သူမှာထားသည်ကို သတိရလိုက်သော်လည်း ညီမလေး၏ နောက်ဆုံးအချိန်ဆိုသည့် စကား က ခေါင်းကို မူးဝေသွားမတတ်ခံစားရစေသည်။

"ညီမလေးက ဘာကြောင့် အကို့ဆီရောက်နေတာလဲ။ ဘာကြောင့် အခုမှ ကျွန်တော့်ကို လာဆက် သွယ်တာလဲ။ အကို အမှန်ပြောတာ ကျွန်တော် ဘယ်လိုယုံရမလဲ။"

ကိုရန်နိုင်သည် မိုးစက်ကို စိတ်ဆိုးဟန်မပြပဲ မိမိဖုန်းကိုဖွင့်ကာ video call ခေါ်လိုက်ပြီး မိုးစက်ကို ကမ်းပေးလိုက်သည်။

"မိုးပွင့်"

အောက်ဆီဂျင်ပိုက်များဖြင့် ပိန်ဖျော့သော ညီမလေးက မိုးစက်ကိုလှမ်းကြည့်ကာ

"မိုးစက်... ငါ နင့်ကို နောက်ဆုံးတွေ့ပါရစေ။ ငါ မနေရတော့ဘူး။ ငါ မသေခင် နင့်ကို တောင်းပန်ပါ ရစေ။ နင် ငါ့ကို လာတွေ့ပေးပါ တောင်းပန်ပါတယ်။"

မိုးစက်သည် မိုးပွင့်၏ မျက်ရည်များကိုတွေ့လိုက်သောအခါ ကိုရန်နိုင်ကို မော့ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်

"ကျွန်တော့်ကို မိုးပွင့်ဆီခေါ်သွားပေးပါ အကို။"

မိုးစက် သူ့နောက်ကို လိုက်ခဲ့ပြီ မကြာခင် နှင်းထန် ပြန်ရောက်လာခဲ့သည်။ လမ်းရောက်မှ စိတ်ထဲ ထင့်နေသဖြင့် ပြန်လှည့်လာသောအခါ မိုးစက် မရှိတော့ပေ။

"မိုးစက်... မင်းဘာကြောင့် အ ရတာလဲ မိုးစက်။ မင်းကို တွေ့ရင် မင်းခြေထောက်ကို ရိုက်ချိုးပစ် လိုက်မယ်။"

နှင်းထန် မချိတင်ကင်ရေရွတ်ကာ မိုးစက်ကို မှီလိုမှီငြား အပြင်သို့ပြေးထွက်ကာ လိုက်ရှာသည်။ သို့သော် မိုးစက်သည် ကောက်ရိုးပုံထဲက အပ်ကလေးလို ပျောက်ကွယ်သွားခဲ့လေပြီ။

နှင်းထန် တစ်လတိတိလိုက်ရှာသည့်တိုင် မိုးပွင့်သာမကမိုးစက်ပါ အစရှာမရအောင် ပျောက်ကွယ် သွားတော့သည်။ ရဟန်းဘောင်သို့ဝင်သွားသော မိုးစက်၏ဖခင် ဦးသက်ထွန်းထံသို့ အကျိုး အကြောင်းသွားမေးသောအခါမှ မိုးစက် ကွယ်လွန်သွားပြီဆိုသည့် သတင်းကိုရရှိလိုက်သည်။

"မဖြစ်နိုင်ဘူး။ မိုးစက်က ဘာကြောင့်သေရမှလဲ။ကျွန်တော် မယုံဘူး။ ဖေဖေ ကျွန်တော့်ကိုသနား သောအားဖြင့် မိုးစက် ဘယ်မှာရှိတယ်ဆိုတာပြောပြပေးပါ။ကျွန်တော် မိုးစက်ကိုတကယ်ချစ်လို့ပါ။ မိုးစက်ကို တကယ်ချစ်လို့ပါဗျာ။ "

နှင်းထန် ဦးသက်ထွန်းရှေ့ မရှက်နိုင်ပဲ မျက်ရည်ကျကာ တောင်းပန်သည်။ ဦးသက်ထွန်းသည် သားမက် ကို အားနာစွာဖြင့်ကြည့်ကာ မိမိသိသမျှကိုပြောပြလိုက်သည်။

"သားက သူ့ညီမကို အရမ်းချစ်တာ။ မိုးပွင့်က ငယ်ကတည်းက မွေးရာပါနှလုံးအားနည်းလို့ ညီမကို အမြဲ အလျှော့ပေးတာ အကျင့်ကိုဖြစ်နေတာပဲ။ သူ အသက်ရှင်နေသရွေ့ သူ့ညီမကိုအကာကွယ်ပေး မယ်လို့ ဆုံးဖြတ်ထားတယ်လေ။ ခုက စင်္ကာပူမှာ သူ့ညီမနှလုံးအစားထိုးမှ အသက်ရှင်မယ်လို့တော့ ဦးဆီတစ်ခါက ဖုန်းဆက်တယ်။မကြာဘူး။သားက Accident နဲ့ဆုံးပြီး သားရဲ့နှလုံးကို သမီးအတွက် ပေးခဲ့တယ်လို့ သမီးကပြောတယ်။သမီးလည်း သူ့အကိုအပေါ်ဆိုးခဲ့တဲ့အတွက် နောင်တရနေလို့ မောင်နှင်းထန်ကိုလည်း ဆက်ပြီးဒုက္ခမပေးချင်တော့လို့ ထွက်သွားပြီလို့ပြောတယ်။ သမီးရဲ့ အမှားအတွက် မောင်နှင်းထန်ကို ဦးဇင်း အနူးအညွတ်တောင်းပန်ပါတယ်ကွယ်။"

နှင်းထန်သည် ဘုန်းကြီးကိုယ်တိုင်ပြောသဖြင့် မယုံချင်သော်လည်း ယုံလိုက်ရတော့သည်။ စကား တခွန်းမှ ဆက်မပြောတော့ပဲ ဦးချကာ လှည့်ထွက်ခဲ့တော့သည်။

နောက်ပိုင်း နှင်းထန်၏ဘဝသည် သေဆုံးသွားသလိုခံစားရသည်။ ခံစားချက်ဟူသမျှ မိုးစက်နှင့်အတူ ပါသွားလေပြီ။ တစ်လကျော် တောင်ကြီးမြို့ မိခင်ဘက်မှ အမွေရသော အိမ်တွင်သွားနားပြီးနောက် အေးစက်တည်ငြိမ်စွာဖြင့် ဖခင်ထံသို့ပြန်လာခဲ့သည်။ ဦးမင်းထန်သည် သားကို ကြင်နာစွာစီးကြိုကာ အလုပ်မခိုင်းပဲ အိမ်တွင်နားစေသော်လည်း နှင်းထန်က ငြင်းဆန်ကာ အလုပ်ကို ကြိုးစားစွာလုပ် သည်။

အလုပ်ကိုဖိလုပ်ကာ ရင်ထဲမှ ဝေဒနာကို ကုစားနေသဖြင့် ဦးမင်းထန် ဘာမှ ဆက်မတားတော့ပဲ လုပ် ခွင့်ပြုလိုက်သည်။ မိုးစက်ဆုံးပါးသွားပြီး မိုးပွင့်ကို နှလုံးအစားထိုးပေးလိုက်သည့်အကြောင်းကို ကြား ပြီးဖြစ်သဖြင့် ဦးမင်းထန်ဘာမှ ဆက်မမေးတော့ပဲ သားကို ရင်ထဲမှ အနာကျက်အောင် အသာလေး လွှတ်ထားလိုက်သည်။

နှင်းထန်သည် Company ကို တိုးတက်သည်ထက် တိုးတက်အောင်လုပ်ဆောင်သည်။ သူငယ်ချင်းထံမှ သီချင်းcompany ကိုလွှဲယူကာ ဝသုန်ကို စာချုပ်ဆက်ချုပ်ပြီး အောင်မြင်အောင်

ပံ့ပိုး ပေးသည်။ နှင်းထန်သည် လုပ်ငန်းကို ကြီးသည်ထက်ကြီးအောင် ချဲ့ထွင်သည်။ အဓိက

ပြိုင်ဖက် company က ကိုရန်နိုင်ပိုင်ဆိုင်သည့် Naing Company ဖြစ်သည်။ ဈေးကွက်ထဲ

တွင် Naing Company ကို အဓိကထားတိုက်ခိုက်သည်။ သို့သော် Naing Company ကလုပ်ငန်းခွဲကိုသာ မြန်မာပြည် တွင်ထားသည်။

သူဌေးကိုရန်နိုင်က America တွင်သာနေသဖြင့် နောက်ဆုံး နှင်းထန် ကိုရန်နိုင်နောက်ကြောင်းကို လိုက်ချိန်တန်ပြီဖြစ်သောကြောင့် အမေရိကားသို့ ကိုယ်တိုင်လိုက်လာခဲ့သည်။ အဓိကအကြောင်း ရင်းက မိုးပွင့်က ကိုရန်နိုင်နှင့် အမေရိကားတွင် အတူရှိနေသည်ဆိုသော ခိုင်မာသော သတင်း ကြောင့်ဖြစ်သည်။ မိမိချစ်သူကို မိမိရင်ခွင်အောက်မှ ခိုးသွားသော ကိုရန်နိုင်ကို ကလဲ့စား ခြေ ရအုံးမည်။ မိုးစက်မရှိသော လောကတွင် ထိုလူယုတ်မာကို ဆက်လက်ရှင်သန်ခွင့် မပေးနိုင်ပါ။

ထို့ပြင်မိုးပွင့် ထံမှမိမိ အကြွေးရစရာရှိသေးသည်။ မိမိချစ်သူ၏ နှလုံးသားဖြင့် အသက်ရှင် နေသော သူမရင်ကိုခွဲပြီး မိုးစက်၏ အသည်းနှလုံးကို ပြန်ယူရအုံးမည်။ ပြီးလျှင် မိုးစက်ရှိရာ တမလွန်သို့ ပျော်ရွှင်စွာ လိုက်သွားမည်။

ချစ်သူနှင့်သာ အတူနေရမည်ဆိုလျှင် တမလွန်မပြောနှင့်ငရဲပင် သာယာပါသည်။ နှင်းထန်သည် မိုးပွင့် ရှိနေသည် ဆိုသော ကိုရန်နိင်၏ အိမ်သို့လိုက်လာခဲ့သည်။

"Miss ဧည့်သည်လာပါတယ်။ Mr ရန်နိုင်ကို တွေ့ခွင့်တောင်းနေပါတယ်။ မြန်မာလူမျိုးပါ။"

မိုးပွင့်သည် ကိုရန်နိုင် အရေးတကြီး ဥရောပသို့ခရီးထွက်သွားသဖြင့် အကျိုးအကြောင်းသိရန်ဆင်း လာခဲ့သည်။ ဧည့်ခန်းအလယ်တွင် မတ်တပ်ရပ်နေသော လူတစ်ဦး၏နောက်ကျောကို မြင်လိုက် ကတည်းက မိုးပွင့်၏ နှလုံးသားတို့ ပေါက်ထွက်လုမတတ် ခုန်လာခဲ့သည်။ သူ ဘယ်လိုလုပ်ပြီး မိမိရှိ သည့်နေရာသို့သိသွားသလဲဟု တွေးကာ သူ့ကို မျက်နှာချင်းဆိုင်ရန် စိုးထိတ်နေမိသဖြင့် အပေါ်ပြန် တက်ရန် ဆုံးဖြတ်လိုက်ချိန်တွင် သူ မိမိရှိရာသို့ ဖြတ်ခနဲ မော့ကြည့်လာခဲ့သည်။

"အို....."

မျက်နှာက ခါတိုင်းလိုရှင်းသန့်မနေပဲ မုတ်ဆိတ်၊ပါးသိုင်းများဖြင့် ညှင်းသိုးသိုးသူ့ပုံစံက မိုးစက် အတွက် သူဘယ်လောက်ခံစားနေရသည်ကို ဖော်ပြနေသဖြင့် မိုးပွင့် သူ့ကို ရင်နာစွာကြည့်မိခိုက်

သူ့ထံမှ မုန်းတီးသည့် မျက်ဝန်းအစုံနှင့် ရင်ဆိုင်တိုးမိလိုက်သည်။ မိုးပွင့် နာကျင်စွာပြုံးမိသည်။

သူက ဘယ်တော့မှ မိမိကို ချစ်လာနိုင်မည့်သူ မဟုတ်ပေ။

"ဘာကိစ္စလဲ ကိုနှင်းထန်။ ကိုရန်နိုင် မရှိဘူး။"

"မင်းဆီက ကျုပ်ချစ်သူရဲ့ ပစ္စည်းပြန်တောင်းမလို့။ မိုးစက်ရဲ့ အင်မတန်ဖြူစင်တဲ့ နှလုံးသားက မင်းကိုယ်ထဲမှာ ရှိဖို့ မထိုက်တန်ဘူး။ "

မိုးပွင့် မျက်ရည်ဝဲသွားပြီးနောက် ထီမထင်ဟန်ဖြင့်ရယ်လိုက်ကာ

"သြော် ရှင့်မှာလဲ ဒုက္ခပါလား ကိုနှင်းထန်။ မိုးစက် ကသူ့ဖာသာ ကြည်ဖြူလို့ သူ့နှလုံး ကျွန်မကို ပေးခဲ့တာ ရှင်ကဘာကြောင့် ထိုက်တန်တယ်၊ မထိုက်တန်ဘူးလို့ ဆုံးဖြတ်နေရတာလဲ။ ကျွန်မအကို က သူ့အသက်ထက် ကျွန်မကိုပိုချစ်တယ်ဆိုတာ သက်သေပြသွားပြီးပြီ။ ရှင် ကျွန်မဘဝကို ဆက်မ နှောက်ပါနဲ့တော့။ ရှင့်ကို မြင်ရင် ကျွန်မ အာရုံနှောက်တယ်။"

နှင်းထန်သည် မိုးပွင့်ကိုစတွေ့ကတည်းက လူသတ်ချင်စိတ်တို့ တရှိန်ရှိန်ထွက်ပေါ်နေခဲ့ရာ မိုးပွင့်၏ ထီမထင်ဟန်နှင့် လေသံကြောင့် လှေကားခြေရင်းသို့ရောက်လာသော မိုးပွင့်နား လွှားခနဲသွားကာ လည်ပင်းကို အသေညစ်သတ်လိုက်မိသည်။


"မိုးစက်ကို အသေသတ်ခဲ့တဲ့ မင်းကိုအရှင်မထားနိုင်ဘူး။ မိုးစက်က မင်းကိုကယ်ဖို့ သူအသေခံခဲ့တာ။ မိန်းမယုတ်.. မင်းကို ငါသတ်မယ်။ "

"အ...လွှတ်..."

မိုးပွင့် စကားသံထပ်မထွက်နိုင်တော့ပေ။အေးစက်မာကျောသော အကိုနှင်းထန်၏မျက်ဝန်းသည်လုံး၀ သနားညှာတာမည့် အရိပ်အယောင်မရှိပါ။ မိမိကို အသေသတ်ရန် ဆုံးဖြတ်ထားပြီးဟန်ပေါ်သည်။

မိုးပွင့်၏ မျက်ဝန်းထဲ မျက်ရည်တို့ အလိုလိုစီးကျလာခဲ့သည်။ မိုးစက်ကို ထာဝရချစ်သည့် မျက်လုံးနှင့် ကြည့်ခဲ့သော်လည်း မိမိအား အမုန်းမျက်လုံးနှင့် ကြည့်သည့် သူ့အကြည့်များက မိမိရင်ကို အမြဲ ဓါး သွားနှင့်ထိုးသည့်နှယ် ခံစားခဲ့ရသည်။ ယခုလည်း မိုးစက်၏ နှလုံးသားနှင့် အသက် ဆက်ရှင် သည့်အတွက် သူ့ကို လူသတ်ချင်စိတ်ပေါ်စေသည် မဟုတ်လား။

မိုးပွင့် သူ့လက်ကို ဆွဲဖယ်ရန် မကြိုးစားတော့ပဲ အသေခံရန် ဆုံးဖြတ်လိုက်တော့သည်။ မိမိသေမှ သူ့အမုန်းပြေမည်ဆိုလျှင် မိမိအသက်ကို ကြည်ဖြူစွာပေးအပ်ပါမည်။ မျက်လုံးများပြာကာ နားထဲ လေထွက်လာသောအခါ အိမ်ရှိဝန်ထမ်းများပြေးလာပြီး သူ့ကို အတင်းဆွဲခွာသွားသည်။

"အဟွတ်...အဟွတ်...."

"မိန်းမယုတ် မင်း မွေးကတည်းက သေခဲ့ရမှာ။ မင်းအကိုရဲ့ အချစ်ကို ရဖို့နည်းနည်းမှ မထိုက်တန်တဲ့ မိန်းမယုတ်။ ငါ့ ချစ်သူရဲ့ နှလုံးသား မင်းကိုယ်ထဲမှာရှိတာ ငါရင်နာတယ်။ မင်းကို ငါသတ်မယ်။"

ဒေါက်တာ နှင်းထန်က အရူးပမာအော်ဟစ်နေသော်လည်း အိမ်ဝန်ထမ်း ၂ ဦး၏လက်ဝယ် ချုပ်မိနေ သဖြင့် မိုးပွင့်ကို လက်ဖျားနှင့်ပင် မထိနိုင်တော့ပေ။မိုးပွင့်သည် စကားမဆိုနိုင်ပဲ ချောင်းဆိုးနေသည်။

"Miss သူ့ကို ရဲစခန်းပို့လိုက်ရမလား။ ရဲကို ခေါ်လိုက်မယ်။"

"နေပါစေ။ သူ့ကို ခြံပြင်ခေါ်ထုတ်သွားလိုက်ပါ။ နောက်တခါ လုံး၀ ဝင်ခွင့်မပေးပါနဲ့။ မိုးစက်ကို မေ့ လိုက်ပါ ဒေါက်တာ။ သူက ရှင့်ထက် ကျွန်မကိုပိုချစ်လို့ အသေခံပြီးသူ့နှလုံးသားကို ကျွန်မဆီကို ပေး ခဲ့ပါပြီ။ ရှင်ဒီလိုလုပ်နေရင် ကျွန်မရင်ထဲက ရှင့်ချစ်သူရဲ့ နှလုံးသားက ငိုကြွေးနေလိမ့်မယ်။ ကျွန်မ ရှင် နဲ့မတွေ့ချင် လို့ ဒီအထိတောင် ကျွန်မလာခဲ့ပြီ။ ရှင်လည်း ကျွန်မရှေ့ထပ်ပြီး ထွက်မလာပါနဲ့တော့။ နောက်တခါရှင်လာရင် ကျွန်မခင်ပွန်းလောင်းက ရှင့်ကိုအမှုန့်ခြေပစ်လိမ့်မယ်။"

မိုးပွင့် ဒေါက်တာနှင်းထန်ကိုပြောပြီး အချက်ပြလိုက်သည်နှင့် အလုပ်သမားများက သူ့ကို အိမ်ပြင်သို့ ဆွဲ ထုတ်သွားကြသည်။

နှင်းထန်သည် မိုးပွင့်၏ စကားများကိုကြားသော် ဝမ်းခေါင်းသံဖြင့်အော်ဟစ်လိုက်

"မိုးပွင့် မင်း ကို ငါရအောင်သတ်မယ်။ မင်း စောင့်နေလိုက်။"

မိုးပွင့်သည် သူ့ကိုကြည့်ရင်း ပါးပြင်ပေါ်ဝယ် မျက်ရည်တို့က တားဆီးလို့မရနိုင်ပဲ ကျဆင်းလာခဲ့သည်။

"Goodbye အကို..."

"အန်တီ... "

မိုးပွင့်သည် လှေကားထိပ်မှ ဆောင်းနှင်းဖြူလေး၏ အသံကိုကြားသော် အပေါ်ကိုပြေးတက်လာပြီး ကလေးကို ပွေ့ချီလိုက်သည်။သမီးလေးက ကြမ်းတမ်းစွာအော်ဟစ်သံကို ကြားပြီး အိပ်ယာမှ လန့်နိုး လာပုံရသည်။ ငိုမဲ့မဲ့ဖြင့် မိုးပွင့်၏ ရင်ခွင်ထဲရောက်သည်နှင့် ဝမ်းနည်းစွာ ငိုရှိုက်တော့သည်။

"ရှူး...ရှုူး.... မငိုနဲ့လေ။ သမီးလေး။ အန်တီရှိတယ်နော်။ အန်တီရှိတယ်လေ။ "

"ဟင့်..ဟင့် ..ဦးဦး လူဆိုးကြီးကို ကြောက်တယ်။ ဦးဦးက အန်တီ့ကို ရိုက်တယ်။ ဟီး..ဟီး..ဟီး..."

"တိတ်ပါသမီးရယ်။ အဲ့ဒီ ဦးဦးက လူဆိုးကြီး မဟုတ်ပါဘူး။ အန်တီ့ သူငယ်ချင်းပါ။ အန်တီ့ကို စိတ်ဆိုး လို့ပါ။ မကြောက်နဲ့နော်။ အဲ့ဒီ ဦးဦးကို မလာခိုင်းတော့ပါဘူး။ တိတ်..တိတ်..လာ အန်တီ သမီးကို ပုံ ပြောပြမယ်နော်။"

မိုးပွင့်သည် သူ့အကြောင်းကို ခေါင်းထဲမှ ထုတ်လိုက်ကာ သမီးလေးကို ချော့သိပ်လိုက်သည်။

"အန်တီ...ဦးဦးက အန်တီ့ကို ဘာလို့ရိုက်တာလဲဟင်။"

"သူက အန်တီ့ကို စိတ်ဆိုးနေလို့ပါ။ ကဲ မျက်လုံးမှိတ်လိုက်နော်။ အန်တီ သီချင်းဆိုပြမယ်။ "

မိုးပွင့်သည် မိမိရင်ခွင်ထဲတိုးဝင်ကာ ရှိုူက်နေသေးသော ဆောင်းနှင်းဖြူလေးကို အိပ်ပျော်အောင် ချော့သိပ်လိုက်သည်။ ကိုရန်နိုင်၏ မိတဆိုးသမီးလေး ဆောင်းနှင်းဖြူလေးသည် မိခင်ကွယ်လွန်သွား ပြီးနောက် အရမ်းကိုငြိမ်သက်သွားသဖြင့် စိတ်ရောဂါကုဆရာဝန်နှင့် ပြထားရသဖြင့် ဆောင်းနှင်းဖြူ လေးကို သနားပြီး မိမိသမီးရင်းလို မိုးပွင့် ကရုတစိုက်စောင့်ရှောက်ပေးနေခြင်းဖြစ်သည်။

အထီးကျန်အဖော်မဲ့သောမိမိဘဝတွင် သမီးလေးတစ်ဦးကိုပြုစုပျိုးထောင်ပေးနေရင်း ဘဝကိုအေးချမ်း စွာဖြတ်သန်းနေခိုက် သူ့ကို ပြန်တွေ့လိုက်စဉ် ရင်ထဲမှ အချစ်တို့ တဖန် ပြန်နိုးလာပြီး အဟောင်းတို့ အသစ်ဖြစ်ရသည်။ အိပ်ပျော်သွားသော သမီးလေးကိုဖက်ကာ အသံမထွက်ပဲ မိုးပွင့် မျက်ရည်တို့ စီးကျလာခဲ့သည်။

"အကို ကျွန်မကို မေ့လိုက်ပါတော့။ ကျွန်မကို မေ့လိုက်ပြီး ဘဝကို ပျော်ပျော်နေပါတော့။"

မိုးပွင့်သည် အကို မိမိကို မုန်းသည်ထက် သူနာကျင်ခံစားနေရသဖြင့် မိုးပွင့် ရင်ကွဲမတတ်ခံစားနေရ ခြင်း ဖြစ်သည်။ ရင်အစုံကလည်း နာသလားတော့ မမေးနှင့်။ ပေါက်ထွက်မတတ်နာကျင်ခံစားရသည်။

နှင်းထန် ဟိုတယ်သို့ပြန်ရောက်သည်နှင့် မိုးပွင့်နှင့်တွေ့ခဲ့သည်ကိုအသေးစိတ်ပြန်စဉ်းစားရင်း သံသယ ဝင်လာခဲ့သည်။ မိုးပွင့်ကို တွေ့လိုက်စဉ် မိမိရင်အစုံက ဘာကြောင့်ဒိတ်ခနဲ ခုန်သွားသည်ကို စဉ်းစားလို့မရခဲ့ပေ။ ပြီးတော့ ထီမထင်ဟန်ဖြင့်ပြောနေသော သူုမကိုကြည့်ရသည်မှာ တခုခုလိုနေ သလိုပင်။ ဘာက ယခင်မိုးပွင့်နှင့် မတူစေသလဲဟု စဉ်းစားလို့မရသဖြင့် မိမိ စုံစမ်းခိုင်းထားသော အလွတ်စုံထောက်အဖွဲ့က ပေးပို့သည့် ဓါတ်ပုံများကို သေချာပြန်ကြည့်လိုက်စဉ် နှင်းထန် သွေးခဲသွား သလိုခံစားလိုက်ရသည်။

"ဘုရား..ဘုရား... မဖြစ်နိုင်ဘူး..ဒါ မဖြစ်နိုင်ဘူး။"

ရေကူးကန်နံဘေးတွင် ကလေးမလေးနှင့်အတူရေကစားနေသောမိုးပွင့်သည် ရယ်မောကာ မျက်ဝန်း က နူးညံ့နေသည်။ ကလေးမလေးကို ပြုံးကြည့်နေပုံက မိုးစက်၏ အကြည့်စစ်စစ်ပင်ဖြစ်သည်။

ရေကူးဝတ်စုံအောက်မှ ရွှေရင်အစုံက နှင်းထန်ကိုတွေဝေစေသည်။မိမိချစ်သောမိုးစက်က မိန်းကလေး ဖြစ်မသွားနိုင်ပေ။မိမိမုန်းသော မိုးပွင့်က အဘယ့်ကြောင့် မိုးစက်၏ အကြည့်မျိုးကြည့်နေနိင်သနည်း။ ဝတ္တုတွေထဲကလို နှလုံးသား အစားထိုးလိုက်သောအကြောင့် လောဘကြီးသော မိုးပွင့်က မိုးစက်လို နူးညံ့သိမ်မွေ့သွားတာများဖြစ်နိုင်မလား။

နှင်းထန်ခေါင်းယမ်းလိုက်မိသည်။ မဖြစ်နိုင်ပါ။ နှလုံးအစားထိုးရုံနှင့် တသက်လုံးစွဲကပ်နေသော အမူ အကျင့် စိတ်နေစိတ်ထားတို့ပြောင်းသွားသည်ကတော့ စိတ်ကူးယဉ်ဆန် လွန်းနေပြီ။ ဒါဆို နောက် တနည်းစဉ်းစားကြည့်လျှင် မိုးစက် မိန်းကလေးဖြစ်အောင် ခွဲစိတ်ပြုပြင်လိုက်သည်ကတော့ ဖြစ်နိုင် သည်။

မိုးစက် ဘာကြောင့်ယောကျ်ားဘဝကိုစွန့်လွှတ်ကာ ခွဲစိတ်သလဲဟုစဉ်းစားကြည့်လိုက်သည်။ မိုးပွင့် ကသူမ သေခါနီး သူ့အကိုကို မိန်းမလိုခွဲစိတ်ဖို့ သွေးဆောင်သွားနိုင်ခဲ့လို့ဖြစ်နိုင်သည်။ အင်မတန် 'အ'သော မိုးစက်လေးက သူ့ညီမနောက်ဆုံ အချိန်တောင်းဆိုလျှင် သူ့အသက်ကိုပင် ပေးဖို့

ဝန်လေး မည့်သူ မဟုတ်ပေ။

နှင်းထန်သည် မျှော်လင့်ချက်ရောင်ခြည်သမ်းလာပြီး မိုးပွင့်တက်ရောက်ကုသသော စင်္ကာပူ ဆေးရုံ ကြီးသို့ လူနာမှတ်တမ်းကြည့်ခွင့်ရအောင် ထပ်ကြိုးစားရပြန်သည်။ ငွေလမ်းခင်းလိုက်သောအခါ နှင်းထန် သိလိုသော အချက်လက်အားလုံး ပြည့်ပြည့်စုံစုံ ရခဲ့လေပြီ။

"လူနာအမျိုးသမီး။ နှလုံးအဆို့ရှင်ကွဲအက်။ ကုသဆဲ သေဆုံးသွား။ အသက် ၂၃ နှစ်။"

နှင်းထန်အားလုံးရှင်းသွားလေပြီ။ မိုးပွင့်သေဆုံးသွားသည်ကို မိုးစက်ဟု အမည်စာရင်းသွင်းကာ သူက မိန်းကလေးအဖြစ်ခွဲစိတ်ပြီး မိုးပွင့်အဖြစ်နေထိုင်သွားပုံရသည်။ ထို့ကြောင့် မိုးစက် မိမိကို တွေ့ လိုက်စဉ်တခဏ သူ့မျက်ဝန်းထဲ မိမိကို လွမ်းဆွတ်သည့် အရိပ်ထင်ဟပ်သွားခြင်းဖြစ်သည်။

မိမိသံသယ အားလုံး ယခုမှ ရှင်းသွားတော့သည်။ မိုးစက်ကိုသာ အစဉ်တစိုက်ချစ်ခဲ့သော ကိုရန်နိုင်က မိုးပွင့်ကို အိမ်ပေါ်ခေါ်တင်ထားကာ လက်ထပ်ရန်ရည်ရွယ်ထားသည့် အကြောင်းရင်း

က ဒါကြောင့်ကိုးဟု သိရတော့သည်။

မိုးပွင့်၏ ဓါတ်ပုံများကို သေချာစွာကြည့်ပြီး ယခင်က မိမိအနား မိန်းကလေးလို ဟန်ဆောင်စဉ်က ပုံ နှင့် တစ်ပုံစံတည်းဖြစ်နေသည်ကို ပိုသိလာသည်။ နှင်းထန် ဝမ်းသာလုံးဆို့ကာ အိပ်ယာထက်တွင် လူးလိမ့်လိုက်သည်။မိမိချစ်သူ သေရွာက ပြန်ထလာသလိုခံစားရကာ ဘ၀ ဖန်ပြန်ရှင်သန်လာသလို ခံစားရသည်။ ဒီတခါ အရာအားလုံးကို မီးနှင့်တိုက်ရသည်ဖြစ်စေ မိုးစက်ကို မိမိရအောင်ယူူတော့မည်။ ပြီးတော့ သူက မိုးပွင့် အမည်ကိုခံယူထားသည်ဆိုတော့ မိမိတို့ အတူပေါင်းသင်းနေဖို့ကန့်ကွက်စရာ အကြောင်းရင်းမရှိတော့ပေ။ မိမိလက်ထပ်ထားသည်က မိုးပွင့် မဟုတ်လား။

ဒေါက်တာနှင်းထန် တယောက်တည်း သဘောကျစွာ အူနာသည်အထိရယ်မောလိုက်သည်။

"ကျေးဇူးပဲ ကိုရန်နိုင်။ ခင်ဗျားကို သိပ်ကျေးဇူးတင်သွားပြီဗျို့။ ကျုပ်ချစ်သူနဲ့ ပေါင်းသင်းလို့ရအောင် အစစ အရာရာစောင့်ရှောက်ခဲ့တာ ကျေးဇူးကမ ္ဘ္ဘာပဲ သူငယ်ချင်း။"

ကိုရန်နိုင်ခရီးမှပြန်ရောက်လာသောအခါ ဒေါက်တာနှင်းထန် လာပြီးကြမ်းသွားသည်ကို ကြားသော် စိုးရိမ်ပြီး မိုးစက်ကို အိမ်ပြင်သို့ထွက်ခွင့်မပေးတော့ပေ။

"ကိုရန်နိုင် ကျွန်မကို မယုံလို့လားဟင်။ ကျွန်မ အကို့ကို ကတိပေးထားတာ မဖျက်ပါဘူး။"

"မိုးကို ယုံပါတယ်။ ကိုနှင်းထန်ကို စိတ်မချလို့ပါ။ မိုးကို အတင်းပြန်လာခေါ်သွားမှာ ကိုယ်ကြောက် တယ်။ မိုးမရှိရင် ကိုယ်နဲ့ သမီးလေး ဘယ်လိုနေရမလဲ။ ကိုယ်စိုးရိမ်တယ် မိုးရယ်။"

မိုးစက်သည် ပေါင်ပေါ်မှ မိမိမျက်နှာကို အားငယ်စွာမော့ကြည့်နေသော ဆောင်းနှင်းဖြူလေးကို ဖက်ကာ သူ့ကို အေးချမ်းစွာ ပြန်ဖြေလိုက်သည်။

"သူက ကျွန်မကို ဒီလောက်မုန်းတာ။ ပြန်မခေါ်နိုင်လောက်ပါဘူး။ ပြန်လာသတ်တာတော့ ဖြစ်နိုင်ပါ တယ်။"

"သူက မိုးအကြာင်းကို ရိပ်မိသွားရင် ဘယ်လိုလုပ်မလဲ။"

"မိုးသူ့ဆီကို ပြန်မသွားတော့ပါဘူး။ အခု မိုးက သူူမုန်းတဲ့ မိုးပွင့်ဖြစ်နေပြီလေ။"

မိုစက်ပြောရင်း ရင်ထဲနာလာသလို ခံစားရသည်။သူ့မျက်ဝန်းကို ပြန်လည်မြင်ယောင်ကာ ငိုချင်လာ သည်။

"ကိုယ် မိုးကို လက်ထပ်ထားချင်ပြီ။"

"အကို့ဇနီး မနှင်းဖြူ ဆုံးတာ တနှစ်မပြည့်သေးဘူးလေ အကို။ ကျွန်မ သူ့ကို ရိုသေသောအားဖြင့် တနှစ်ထိစောင့်ပါရစေ။ တနှစ်ပြည့်ရင် အကို့ကို မိုးလက်ထပ်ပါ့မယ်။"

ကိုရန်နိုင်သည် မိုးစက်၏ ခိုင်မာသော စကားကြောင့် ဘာမှ ဆက်မပြောသာတော့ပေ။

မိုးစက်သည် ကိုရန်နိုင်ကို ကတိပေးပြိးနောက်

"ကဲပါ အကိုရယ်။ ထားလိုက်ပါ။ ကစားကွင်းသွားရအောင်။ သမီးလေးကို ကစားကွင်းလိုက်မပို့ရတာ ကြာနေပြီ။ သွားရအောင်နော်။"

သုံးဦးသား ကစားကွင်းသို့ထွက်လာပြိး သမီးလေးကို ပျော်အောင် အတူကစားပေးကြသည်။ ကစားလို့မောမှ သမီးလေးနှင့် မိုးစက်သောက်ရန် ကိုရန်နိင် အအေးသွားဝယ်သည်။

"မိုးစက်..."

အနောက်မှ ခေါ်သံကြောင့် မိုးစက် ယောင်ယမ်းကာ ချာခနဲလှည့်ကြည့်မိလိုက်စဉ် အနောက်မှ မိမိကို ပြုံးကာ ကြည့်နေသော သူ့မျက်နုှာကို တွေ့လိုက်စဉ် မိုးစက် ရင်ခုန်သွားသည်။

"မိုးစက်... မင်းကို ကိုယ်လွမ်းလိုက်ရတာကွာ။"

သူက မိုးစက်ကို ပြောရင်း အနားကပ်လာသောအခါ သမီးလေးက ကြောက်ကာ မိုးစက်၏ ရင်ခွင်ထဲ တိုးဝင်လိုက်မှ သတိဝင်လာပြီး မိုးစက် လှောင်ရယ်ရယ်ကာ

"ရှင်လည်း ဒုက္ခပဲနော်။ မိုးစက်သေသွားလို့ ရူးသွားတာလား ဒေါက်တာ။ ကျွန်မကိုတောင် မိုးစက်နဲ့ မှားနေတာလား။ ဒါမှ မဟုတ် မိုးစက်နေရာမှာအစားထိုးချင်လို့ ကျွန်မနားကို လာတာလား။"

"ချာတိတ် တော်ပါတော့ကွာ။ မိုးပွင့် ရဲ့ဆေးကုသမှတ်တမ်းကို ကိုယ်အားလုံး သိရပြီးပြီ။ ပြီးတော့ မင်းညီမအစား မင်းနာမည်ကို သုံးလိုက်တယ်ဆိုတာလည်း သိပြီးပါပြီ။ ကိုယ့်ဆီပြန်လာပါ မိုးစက်။ ကိုယ်မင်းကို ချစ်တယ်။."

မိုးစက် ရင်ထိတ်သွားသော်လည်း ဟန်မပျက်ဆက်ဖိန့်လိုက်သည်။

"ရှင်မှားနေပြီ။ကျွန်မက မိုးပွင့်ပါ။ ရှင်သိပ်မုန်းတဲ့ ရှင်လက်ထပ်ခဲ့တဲ့ မိုးပွင့်ပါ။"

"မိုး.. ဘာဖြစ်လို့လဲ"

"ဘာမှ မဟုတ်ဘူးအကို။ကျွန်မရဲ့ ခင်ပွန်းဟောင်းလာနှောက်ယှက်နေလို့ပါ။ ဒီမှာ ဒေါက်တာ ရှင့်ကို ကျွန်မရှင်းအောင်ပြော လိုက်မယ်။ ဒါ ကျွန်မလက်ထပ်မယ့် ခင်ပွန်းလောင်း ကိုရန်နိုင်ပါ။ "

"မိုးစက် မင်းဘာတွေလျှောက်လုပ်နေတာလဲ။ ကိုရန်နိုင် ခင်ဗျား ဘယ်လိုလုပ်ပြိး မိုးပွင့်ကို ချစ်သွားတာလဲ။ "

"မိုးစက်က သူမသေခင် သူ့ညီမကို လက်ထပ်ဖို့မှာသွားလို့ပါ။ လက်ထပ်ပွဲကို ကျွန်တော် ဖိတ်လိုက်ပါ့မယ်။ အခုတော့ ခွင့်ပြုပါအုံး။ သမီးလေးလာ။ ဖေဖေ့ဆီကို။ "

"ရတယ်၊ အကို ။ သမီးကို မိုးပဲ ဆက်ပွေ့ထားလိုက်မယ်။ အအေးတွေ မမှောက်စေနဲ့နော်။ သမီးလေး ရေဆာနေပြီ။"

မိုးစက် သူ့ကို ဥပက္ခာပြုကာ ကိုရန်နိုင်ကို တွဲကာ ထွက်လာခဲ့သည်။ နှင်းထန်သည် သူတို့ကို ကြည့်ကာ ကျန်ရစ်ခဲ့သည်။

-------------------------




အချစ်စစ်၏ တည်နေရာSeason (1)Donde viven las historias. Descúbrelo ahora