Season - 1အပိုင်း (6)

1.3K 116 0
                                    


အချစ်စစ်၏ တည်နေရာ

Season - 1

အပိုင်း (6)

နှင်းထန်သည်လည်း ညနက်မှ အိပ်ပျော်သွားခဲ့သည်။ မိုးပွင့်လေး၏ အသက်ထွက်လု မတတ် ကြောက်လန့်နေပုံလေးကို ထပ်တလဲလဲ မြင်ယောင်ကာ ဘာကြောင့် ဒီလောက် ကြောက်သည်ကို စဉ်းစားမရအောင်ဖြစ်မိသည်။ သူ မိမိကို ကြောက်သည့် အပြင် မိမိ အနမ်းကိုခံရတိုင်း တစ်ကိုယ်လုံး တောင့်တင်းသွားပုံလေးက သာမန်မိန်းကလေးတွေထက် အရှက်ကြီးလွန်းလှသည်။

နှင်းထန်သည် သွယ်လျသော ကိုယ်လေးကို ရင်ခွင်ထဲဖက်မိတိုင်း နှလုံးသားထဲမှ ငြိမ်းချမ်း သည့်ခံစားချက်ကို ခံစားရစမြဲပင်ဖြစ်သည်။ သူမလေး၏ ကြည်လင်သန့်ရှင်း သော အကြည့်လေးက ကြာပါပါ ညှို့မျက်ဝန်းများ ထက် မိမိကိုဆွဲဆောင်နိုင်လွန်းသည်။ ရိုးသားကာ အပိုမပါသော စကားလုံးလေးများက ခရာတာတာ၊ချွှဲချွှဲနွဲ့နွဲ့ စကားသံတွေ ထက် ရင်ကိုငြိတွယ်နိုင်လွန်းသည်။

'ချစ်တယ်... မိုးရယ်။ မင်းကို သိပ်ချစ်တယ်။ '

နှင်းထန် သည် ထိုစကားကို ဂါထာပမာ ရွတ်ရင်း အိပ်ပျော်သွားတော့သည်။ အိပ်မက်ထဲ တွင် ချစ်သော မိန်းကလေးကို လွှတ်ထွက်သွားမှာ ကြောက်သည့်နှယ် တင်းကြပ်စွာ ပွေ့ဖက်ရင်း နှင်းဆီပွင့်ဖတ် နူတ်ခမ်းလေးကို မဆုံးနိုင်အောင် အကြင်နာပေး နေမိသည်။

နှင်းထန် သည် မိုးပွင့်ကို ကုမ္ပဏီတွင် ချပေးပြီး မိမိကအခြား တစ်နေရာကို လာခဲ့သည်။ နှင်းထန်လာသည့် နေရာက ကျော်စွာထက်၏ စတူဒီယို ရုံဖြစ်သည်။ ကျော်စွာထက်ကို မေးပြီး ဝသုန် အသံသွင်းသည့် အချိန်ကို တမင်လာခဲ့ခြင်းဖြစ်သည်။

'ဝသုန်.... မင်းကို တွေ့ချင်တဲ့ဧည့်သည်ရှိတယ်။'

ဝသုန်သည် မန်နေဂျာ၏ စကားကြောင့် အပြင်ကို ထွက်လာ၏။ ဒေါက်တာနှင်းထန် ကိုတွေ့သော် မျက်မှောင်ကြုတ်သွားသည်။

'အကို ကျွန်တော့်ကို တွေ့ချင်တာ ဘာကိစ္စများလဲ မသိဘူး။'

မိမိ၏ ထုတ်ဝေသူ ကိုကျော်စွာထက်၏ မျက်နှာကြောင့် ဝသုန် ပြေလည်စွာမေးလိုက် သည်။ ဒေါက်တာနှင်းထန်၏ အကြည့်ကို မိမိ သိပ်သဘောမကျပေ။ မိမိနှင့် မိုးစက်ကို သံသယဝင်နေပုံရသည်။

'မင်း ကိုယ့် ဇနီးလောင်းကို ချစ်နေလားဆိုတာ ကိုယ်သေချာသိချင်လို့ပါ။'

'ဗျာ.. အကို ဘာသဘောနဲ့မေးတာလဲ...'

'ကိုယ် မေးတာ ရှင်းရှင်းလေးပါ။ မင်း မိုးပွင့်ကို သုူငယ်ချင်းတစ်ယောက်ထက် ပိုချစ်နေမိ သလားဆိုတာ ကိုယ်သိချင်တယ်'

ဝသုန် ဒေါပွသွားသည်။ ဒေါက်တာ နှင်းထန်ကို စေ့စေ့ကြည့်ကာ ပြတ်သားစွာဖြေလိုက်သည်။

'အကိုက ကျွန်တော်နဲ့ မိုးပွင့်ကို သံသယဝင်နေတာကိုး။ ကောင်းပြီ။ အကိုက ပွင့်ပွင့် လင်းလင်းမေးတော့လည်း ကျွန်တော်လည်း ပွင့်ပွင့်လင်းလင်းပဲ ဖြေလိုက်တော့မယ်။ မိုးပွင့်ကို ကျွန်တော် စိတ်မဝင်စားဘူး အကို။ မိုးပွင့်ထက် မိုးစက်ကိုပဲ ကျွန်တော် စိတ်ဝင် စားတယ်။ မိုးစက် က ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်းပါ။ မိုးပွင့် ဆိုတာ မိုးစက် မျက်နှာကြောင့် ကျွန်တော် သည်းခံပေါင်းနေတဲ့ မိန်းကလေးတစ်ယောက်ပါ။ ဒီလောက်ဆိုရင် အကို သဘောပေါက်သင့်ပါပြီ။ စိတ်ချပါ အကို။ မိုးပွင့် လည်း ကျွန်တော့်လိုပါပဲ။'

ဒေါက်တာနှင်းထန်သည် ဝသုန်၏ မျက်လုံးထဲကို စိုက်ကြည့်ကာ အမှန်ပြောနေသလား ဟု အကဲဖြတ်ပြီးနောက် ဒေါသအနည်းငယ် ပြေသွားသည်။ သို့သော် သံသယလုံးလုံး ပြေသွားသည်တော့ မဟုတ်ပေ။ မိုးစက်ကို အလေးထားပါသည် ဆိုသော ကောင်လေး ကမိမိ ချစ်သူကို ကြည့်နေပုံက သူငယ်ချင်းမိန်းကလေးကို ကြည့်ပုံထက် အရမ်းကို နက်ရှိုင်းလွန်းလှသည်။ မိုးပွင့်အတွက် အသက် ကိုပင် ကရုမထားသော သံယောဇဉ်များတွယ်ငြိနေသော ကောင်လေးကို ဘယ်လိုမှ မိမိချစ်သူနှင့် စိတ်ချမထားနိုင်ပေ။

'ဆောရီး... ညီလေး...အကို မင်းကို စော်ကားချင်တဲ့ သဘောနဲ့မေးတာ မဟုတ်ပါဘူး။ မင်းနဲ့ မိုးရဲ့ သံယောဇဉ်က နက်ရှိုင်း လွန်းလို့ အကို့ရင်တွေ မအေးချမ်းနိုင်ဘူး ဖြစ်နေလို့ပါ။ အကို မိုးကို လေးလေးနက်နက်ကို ချစ်မိသွားလို့ ကိုယ့်ကိုနားလည်ပေးပါ။'

ဝသုန်သည် ဒေါက်တာနှင်းထန်၏ ခံစားချက်ကို ရိပ်မိသွားပြီး မိမိ သူငယ်ချင်းအတွက် ရင်လေးသွားသည်။ မိမိ ကြိုတင်သတိ ပေးဖူးသည့် အတိုင်း သူ မိုးစက်ကို ချစ်မိသွားလေပြီ။ မိမိတို့မြို့ တွင် ၁၀ တန်းဖြေပြီးချိန်ကို သတိရသွားသည်။ကိုရန်နိုင်လို သူ မိုးစက်ကို သူချစ်မိသွားလေပြီ။ သို့သော် မိုးပွင့်နှင့်လက်ထပ်ပြီးသွားလျှင် မိုးစက်ကိုသူမေ့သွားမည်ဟု မိမိ ယုံကြည်သည်။ မိုးစက်ကို မိုးပွင့်ဟု သူယုံကြည်နေသဖြင့် မိမိ သူငယ်ချင်းကို တန်းတန်းစွဲဖြစ်မနေနိုင်ဟု ထင်သည်။ ဝသုန်သည် ဒေါက်တာနှင်းထန် ကို လေသံပျော့ပျော့ဖြင့် ရှင်းပြလိုက်သည်။

'အကို့ ကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်က မိုးစက်နဲ့ ငယ်ကတည်းက ညီ အကိုလို အတူကြီးလာတာပါ။ မိုးပွင့်က ကျွန်တော်နဲ့ သိပ်မတည့်ဘူး။ အခုလည်း မိုးစက် မှာထားလို့ ကျွန်တော် သူ့ကိုလာလာ တွေ့နေတာပါ အကို။ ကျွန်တော် မိုးပွင့်ကို ညီမလေး ထက်မပိုပါဘူး။ သူ့ကိုသာ ကျွန်တော်ချစ်ရင် ရန်ကုန်ကို ဘယ်လွှတ်ပါ့မလဲ။ စိတ်ချပါ အကို။ မိုးပွင့် နဲ့ ကျွန်တော်က မောင်နှမတွေပါ အကို။'

ဒေါက်တာနှင်းထန်သည် ကိုရီးယားမင်းသားလေးလို ချောမွေ့ခန့်ညားသော မိုးပွင့်၏ သူငယ်ချင်းကောင်လေးကို လက်ကမ်းပေးပြီး

'ကောင်းပါပြီ ညီလေး။ အကို့ကိုလည်း ညီအစ်ကိုလို သဘောထားပြီး လိုအပ်တဲ့ အကူညီရှိရင် ပြောပါ။ မိုးနဲ့လက်ထပ်ပြီးရင် လည်း ကိုယ် တို့ဆီကို ဝင်ထွက်ပါ။ ကိုယ်ရိုင်းခဲ့တာရှိရင် တောင်းပန်ပါတယ်ကွာ'

ဝသုန် သူ့လက်ကို ဆုပ်ကိုင်ကာ နူတ်ဆက်ပြီး ပြေပြေလည်လည်ပြန်ဖြေခဲ့သည်။

'ကိစ္စမရှိပါဘူး အကို။ ကျွန်တော် နားလည်ပါတယ်။ '

'ဒါဆို ကိုယ်ပြန်တော့မယ်။ ကိုယ့်ကို ခွင့်ပြုပါဦး။'

'ဟုတ်ကဲ့ပါ အကို။ဖြည်းဖြည်းသွားပါ။'

ဝသုန် သည် ပြန်သွားသော ဒေါက်တာနှင်းထန်၏ ကျောပြင်ကို စိုက်ကြည့်ကာ ကိုရန်နိုင် ကို သတိရသွားသည်။ မိမိတို့မြို့ကို ကိုရန်နိုင် လာလည်ခိုက် အရပ်ကပွဲတွင် မိုးစက်နှင့် မိမိတို့က အပျော်ဖက်ရှင်ရှိုးတက်လျှောက်ကြသည်။ မိမိ၏အတွဲ မိန်းကလေး နေရာတွင် မိုးပွင့်က သူလုပ်ပေးမည်ဟု ကတိပေးသဖြင့် နာမည်ပေးပြီး လေ့ကျင့်သည့်အခါမှ စကားများ ရန်ဖြစ်ပြီးထွက်သွားသဖြင့် မိုးစက်က သူ့ညီမအစား မိန်းကလေးဟန်ဆောင်ကာ ရှိုးကို ဝင်ပြိုင်ခဲ့သည်။ အရပ်အမောင်း မသိမသာကွာသည်ကလွဲရင် ရုပ်ရည်ခြင်း တထေရာတည်းတူလှသော မိုးစက်ကို မိုးပွင့်ဟုသာ လူများကထင်နေကြသည်။

ထိုရှိုးတွင် မိမိတို့ အတွဲက ပထမဆု ရသည်။ ထိုဆုကို အဓိက sponser company မှ သူဌေးသား ကိုရန်နိုင် ကိုယ်တိုင် ဆုပေးခဲ့သည်။ဆုကို နှစ်ယောက်တက်ယူစဉ် အပြုံးလှလွန်းသော မိုးစက်ကို မိန်းကလေး အောက်မေ့ကာ ကိုရန်နိုင် တန်းတန်းစွဲ ဖြစ်သွားပြီး နောက်ရက် အိမ်လိပ်စာ စုံစမ်းကာ အိမ်ထိအရောက်လာခဲ့သည်။ ထိုအချိန်တွင် မိုးပွင့် အစစ်ကို တွေ့သွားကာ စကားပြောပြီးနောက် သူသဘောကျသော မိန်းကလေး မဟုတ်မှန်း တန်းသိလိုက်သည်။ ကိုရန်နိုင် ဘာမှ သိပ်မပြောပဲ ပြန်သွားခဲ့ သည်။ အိမ်ထဲပုန်းနေသော မိုးစက်က ကိုရန်နိုင် လက်လျှော့သွားပြီဟုထင်ပြီး မိမိထံ ထွက်လာခဲ့သည်။

မိုးစက်နှင့် မိမိ နှစ်ယောက်သား လက်ဖက်ရည်ဆိုင် ထိုင်စဉ် လမ်းမှာ စောင့်ကာ တောက်လျှောက် လိုက်လာသော ကိုရန်နိုင် က မိမိတို့ဝိုင်းတွင် ဝင်ထိုင်ကာ နူတ်ဆက် လိုက်စဉ် နှစ်ယောက်လုံး အတော်လန့်သွားသည်။

'မင်းတို့ နှစ်ယောက် တကယ်နောက်တဲ့ ကောင်လေးတွေပဲ။ ကဲ ပြော ... ကိုယ် မင်းတို့ လျို့ဝှက်ချက်ကို ထိန်းထားပေးလို့ ကိုယ့်ကို ဘယ်လိုကျေးဇူးဆပ်မှလဲ။'

ဝသုန် ရူးချင်ယောင်ဆောင်လိုက်ပြီး ပြန်မေးလိုက်သည်။

'ဗျာ .... အကို ဘာကို ပြောလိုက်တာလဲ မသိဘူး'

မိုးစက် ကတော့ ဘာမှမပြောပဲ ကိုရန်နိုင်ကို အားနာသလိုကြည့်နေသည်။ ကိုရန်နိုင်သည် မိုးစက်၏ မျက်နှာကို စိုက်ကြည့်ကာ အံ့သြစွာ ရေရွတ်လိုက်သည်။

'မင်းညီမနဲ့ မင်းက ရုပ်ချင်းစွပ်ချွတ်တူတာပဲ။ ဒါပေမယ့် အကြည့်ခြင်းကွာပါတယ်။ မင်းအကြည့်နဲ့ အပြုံးက သိပ်ကို ရိုးသား လှပ တယ်။ မင်းကို တကယ် လေးလေးနက်နက် ချစ်တဲ့သူက မင်း ကြည့်ပုံ၊ပြုံးပုံ နဲ့ မင်း နဲ့ မိုးပွင့်ကို ခွဲနိုင်ပါတယ် မိုးစက်။'

မိုးစက် မျက်လုံးပြူးသွားသည်။ ကိုရန်နိုင်ကို အလန့်တကြားလေး ကြည့်ကာ အားနာစွာဖြင့် တောင်းပန်လိုက်သည်။

'တောင်းပန်ပါတယ် အကို ။ ကျွန်တော်တို့ တမင် ရည်ရွယ်ပြီး လိမ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော့်ညီမ စိတ်ဆိုးပြီး ဝင်မပြိုင်တော့ဘူး ဆိုလို့ ကျွန်တော်အစားဝင်ပေးခဲ့တာပါ။ ဝသုန့် အပြစ်မဟုတ်ပါဘူး အကို။'

ဝသုန်က မိုးစက်စကားကို ဝင်ဟန့်ကာ ကိုရန်နိုင်ကို မိမိအပြစ်ဖြစ်ကြောင်း ပြောလိုက်သည်။ တကယ်လည်း ဒီဇာတ်လမ်းက မိမိကြောင့်ဖြစ်လာခြင်းဖြစ်သည်။ မိမိသာ ဆတ်ဆော့ပြီး ရှိုးမလျှောက်လျှင် မိုးစက်ကို ကိုရန်နိုင် တွေ့စရာအကြောင်းမရှိပေ။

'အကို ... ဒါ ကျွန်တော် အကူအညီတောင်းလို့ပါ။ မိုးစက် အပြစ်မဟုတ်ပါဘူး။ ဆုကို ကျွန်တော်ပြန်အပ်ပေးပါ့မယ်။'

ကိုရန်နိုင်က ရယ်မောကာ လက်ကာလိုက်ပြီး အလုအယက်နှင့် အပြစ်ဝန်ခံနေသော လူငယ်လေး နှစ်ယောက်ကြားမှ လေးနက်သည့် သံယောဇဉ်ကို သဘောကျစွာကြည့်ကာ ပြောလိုက်သည်။

'ဟိုး... စိတ်အေးအေးထားပါ ညီလေးတို့။ အကိုက အပြစ်ပြောဖို့ လာပြောတာမဟုတ်ဘူး။ အကိုက ညီတို့နဲ့ ခင်ချင်လို့ လာခဲ့တာပါ။ '

ထိုအခါမှ ဝသုန်နှင့် မိုးစက် သက်ပြင်းချမိသည်။ မိမိတို့ ကံတရားကို မယုံနိုင်အောင်ဖြစ်မိသည်။ မိမိတို့ ဖုန်းကွယ်ထားသည့် အပြစ် ပေါ်သွားသည့်တိုင် အပြစ်မပြောပဲ မိမိတို့နဲ့ခင်ချင်ပါသည်ပြောနေသည့် သူဌေးသား အကိုကြီးကို ကျေးဇူးတင်စကား ပြောလိုက်ကြသည်။ ကိုရန်နိုင် ဘာကြောင့် မိမိတို့ကို ခင်ချင်သည်ကို ထိုစဉ်က နှစ်ယောက်လုံး မတွေးခဲ့မိပေ။

'ကျေးဇူးတင်ပါတယ် အကို။ '

ဝသုန် လှိုက်လှဲစွာပြောပြီး ကိုရန်နိုင်ကို လက်ဖက်ရည်တိုက်ကာ တထိုင်တည်းဖြင့် မိတ်ဆွေများ ဖြစ်သွားကြသည်။ ကိုရန်နိုင် မိုးစက်ကို စိတ်ဝင်စားသဖြင့် ချည်းကပ်လာသည် ကို မိမိတို့လုံး၀ မသိခဲ့ကြပါ။ ထိုစဉ်က မိမိတို့က ဆယ့်ခြောက်နှစ်ပြည့်ပြီးစ သာရှိ သေးသည်။ ထိုအချိန်ကတည်းက မိုးစက်ကို နှစ်သက်သူ ပေါ်လာခဲ့သည်။

'ဝသုန်... နောက် တစ်ပုဒ် တိုက်မယ်။'

'ဟုတ်ကဲ့ အကို။ လာပါပြီ'

အသံသွင်းမန်နေဂျာ လှမ်းခေါ်သဖြင့် ဝသုန် အတွေးစဖြတ်ကာ ထွက်လာခဲ့သည်။ သို့သော် ကိုရန်နိုင်ပြောဖူးသော စကားကို ပြန်ကြားယောင်နေမိသည်။ တကယ်ချစ်မိသူက သူ့ချစ်သူ၏ အပြုံးနှင့် အကြည့်ကို သတိရတယ်တဲ့။ မိုးပွင့် ပြန် ရောက်လာလျှင် ဒေါက်တာနှင်းထန် မိုးပွင့်နှင့် မိုးစက်ကို ခွဲခြားသိနိုင်မည်လားဟု တွေးကာ အနည်းငယ် ရင်ခုန်နေမိသည်။ မိုးပွင့်ကို သံသယမဝင်ပဲ သူလက်ခံသွားပါစေ ဟုတွေးကာ သက်ပြင်းမောကို ရှိုက်မိသည်။

မိုးစက်သည် သူ ဝသုန့်ထံသွားသည်ကို မသိပဲ ရုံးတွင် ပုံမှန် အလုပ်များကို လုပ်နေသည်။ အကိုအပြင်မှပြန်လာသောအခါ မိုးစက်နံဘေးလာရပ်ပြီး မပြောမဆိုဖြင့် ရင်ခွင်ထဲ ဆွဲဖက်လိုက်သဖြင့် မိုးစက် ထူပူသွားကာ အလန့်တကြားရုန်း၏။ သူက လွှတ်မပေးပဲ တင်းတင်းဖက်ထားကာ ပြောလိုက်သည်။ ရုံးခန်းထဲဖြစ်သည့်တိုင် သူ ဂရုစိုက်သည့်ပုံမပေါ်ပေ။

'ခဏလေးပါ။ မိုး ကို ကိုယ် ဖက်ထားချင်လို့ပါ။ ငြိမ်ငြိမ်လေးနေပေးပါနော်..Please'

မိုးစက် သူတခုခုဖြစ်ခဲ့သလားဟု စိုးရိမ်သွားပြီး မေးလိုက်သည်။ ခါတိုင်း ရုံးတွင် သူလည်း အနေထိုင် ဆင်ခြင်သည့်သူက ယခုလို အပြင်က ပြန်လာပြီး ချက်ချင်းဖက်ထားသည် ဆိုတော့ စိုးရိမ်သွားမိခြင်းဖြစ်သည်။

'ကိုကို.... ဘာဖြစ်ခဲ့လို့လဲဟင်...'

'မိုးကို လွမ်းလို့။ မိုးနဲ့ခွဲရမှာ တွေးပြီးကြောက်လို့'

'သြော် ကိုကိုရယ်။ မိုးက ဘာများလဲလို့။ ကိုကို က တော်တော်ချွဲတတ်တယ်နော်။ '

'ချွဲတာမဟုတ်ဘူး မိုး။ ကိုယ် အတည်ပြောတာ'

မိုးစက် ငြိမ်သွားပြီး သူ့ရင်ခွင်ထဲမှ အသာရုန်းထွက်ကာ သူ့ကို ရိုးသားစွာပြောလိုက်သည်။ မိုးပွင့်ကို ချစ်ပေးသည့် သူ့အချစ်ကြောင့် မိုးစက် အနည်းငယ်တော့ ခံစားသွားမိသည်။

'မိုးကို ချစ်ပေးလို့ ကျေးဇူးတင်ပါတယ် ကိုကို။ မိုး မှာ အားနည်းချက် အများကြီးရှိပါ တယ်။ လက်ထပ်ပြီးရင် မိုးကို သည်းခံပြီး ချစ်သွားပေးပါနော်။'

ဒေါက်တာနှင်းထန်သည် မိုးပွင့်၏ စကားကြောင့် ပြုံးကာ ဆံပင်လေးကို သပ်တင်ပေးပြီးပြောလိုက်သည်။ သူမလေးစကားပြောနေ ပုံက တယောက်ယောက်ကိုယ်စား မှာကြားပေးနေတာလိုလို၊ အသနားခံနေတာလိုလို ခံစားမိလိုက်သည်။

'မိုးမှာ ဘာ အားနည်းချက်ရှိလို့လဲ။ကိုယ့်မျက်လုံးထဲမှာ မိုးက အားလုံးပြည့်စုံပြီးသားပါ'

'မိုး ...ထမင်း၊ဟင်း ချက်တာ ဝါသနာမပါဘူး၊'

'ရတယ်။ ကိုယ် ထမင်းချက် ကောင်းကောင်းဌားထားမယ်'

'အင်း ... မိုး အလှအပမက်တယ်။ အမြဲ လှလှပပ လေးနေုချင်တယ်။'

'တပတ်တခါ Beauty saloon ကို ပို့ပေးမယ်'

'မိုးက Shopping ထွက်ရတာ ဝါသနာပါတယ်'

'ရတယ်။ ဘယ်နိုင်ငံ သွားချင်လဲ။ သွားစေ။'

'ပြီးတော့ မိုးက မိုးကို ကရုစိုက်ပြီး အမြဲ အချစ်ခံချင်တယ်။'

'ကိုယ့်အကြိုက်ပေါ့။ ဘာမှ မပူပါနဲ့။ ကိုယ် ကမိုးကို မိုးအဖြစ်နဲ့ချစ်ပြီး လက်ထပ်ချင်တာပါ။ လက်ထပ်ပြီးရင် မိုးကို အလုပ် လုပ်ခွင့်မပြုတော့ဘူး။ အိမ်မှာ အမြဲ လှပနေအောင် ထားမယ်။ ကိုယ့်အတွက် ရင်သွေးလေးတွေ မွေးပေးပြီး မိုးလို စိတ်ထားကောင်း ပြီး တော်အောင် ပြုစုပျိုးထောင်ပေးရင် ရပြီ..'

မိုးစက် သည် အကိုနှင်းထန်၏ စကားကြောင့် ညီမလေးအတွက် စိတ်ချသွားကာ သူ့ကို ပြုံးကာမော့ကြည့်ပြီး ကြည်ကြည်နူးနူးနှင့် ပြောလိုက်သည်။

'အကို့ကို လက်ထပ်ခွင့်ရတဲ့ မိန်းကလေးက သိပ်ကို ကံကောင်းတာပဲနော်။ '

ဒေါက်တာနှင်းထန်သည် မိုးပွင့်၏ စကားကြောင့် တွန့်သွား၏။

'မိုး ပြောပုံက ကိုယ် တခြားမိန်းကလေးကို လက်ထပ်တော့မယ့် အတိုင်းပဲ။ ဘာကြောင့် ဒီလို ပဟေဋိ စကားတွေပြောနေရတာလဲ မိုးလေး'

မိုးစက် ထိုအခါမှ သတိဝင်လာပြီး ရယ်မောကာ စကားကိုလျှောချလိုက်သည်။

'ဘာမှ မဟုတ်ပါဘူး။ ကိုကို့ကို သူများတွေ ဘယ်လောက် လက်ထပ်ချင်နေမလဲလို့ တွေးမိလို့ပါ။ '

နှင်းထန် သည် မိုးပွင့်၏ လက်လေးကို ဆုပ်ကိုင်ကာ ပူဆာလိုက်သည်။ သူမလေးကို ပိုင်ဆိုင်ထားချင်သည့်စိတ်ဖြင့် နှင်းထန် ရူးမတတ်ကိုခံစားနေရသည်။

'မိုး... ရှေ့လ မှာ ကိုယ်တို့ လက်ထပ်ကြစို့ကွယ်နော်.....'

မိုးစက် သူ့ကို ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။ ရုတ်တရက် နှင်းထန်ကြောင်သွားပြီးမှ ပျော်လွန်းသဖြင့် သူမလေးကို ခါးမှ ပွေ့ကာ ဝှေ့ယမ်းလိုက်သည်။

'တကယ်နော်... ပြောပြီး စကားပြန်မပြင်ရဘူး။'

မိုးစက် သူ့စကားကြောင့် ရယ်မောကာ ပြန်ဖြေလိုက်သည်။ မိုးပွင့်လည်းပြန်လာတော့မည်ဆိုတော့ လက်ထပ်ဖို့ကို သဘောတူရဲခြင်းဖြစ်သည်။

'တကယ်ပါ။ အကို့လိုလူကို ငြင်းရင် မိုးလောက်မိုက်တဲ့သူ ဘယ်ရှိတော့မှာလဲ။'

နှင်းထန် သူမလေးကို ချပေးကာ သေချာအောင် ထပ်ပြောလိုက်သည်။

'ကောင်းပြီ။ ကိုယ် ဒယ်ဒီ့ကို ပြောလိုက်တော့မယ်။ လက်ထပ်ပွဲရက်ကို ရွေးလိုက်တော့ မယ်နော်'

'ဟုတ်ကဲ့။'

မိုးစက် သူပျော်နေသည်ကို ငေးကြည့်နေမိသည်။ မိုးပွင့် ပြန်လာလျှင် မိမိလည်း ယောကျ်ားလေးဘဝဖြင့် သူ့ကို တရားဝင် လာတွေ့ကာ နူတ်ဆက်ရဦးမည်။ ယောက်ဖ၏ စိတ်နေစိတ်ထားကို မိမိ သဘောကျသည်။ သူက အနေတည်ကာ အချစ်မြဲသူဖြစ် သည်။ ရွှေယောက်ဖနှင့် မိမိတို့ သူငယ်ချင်း နှစ်ဦးအဖွဲ့ကျမည်ဟု မျှော်လင့်ရသည်။

ညနေတွင် သူ နှင့် အတူ အပြင်ထွက်ကာ ညစာစားကြသည်။ ကန်တော်ကြီးစောင်းရှိ ဥယျာဉ်အတွင်းရှိ လှပအေးချမ်းသော စားသောက်ဆိုင်တွင် စားစရာမှာပြီးစောင့်နေစဉ် သူက မိမိလက်ကို ဆုပ်ကိုင်ကာ နူတ်ခမ်းနှင့်ထိလိုက်သဖြင့် မိုးစက် မျက်နှာနီကာ လက်ကို ဆွဲစဉ် သူကလက်ကို လွှတ်မပေးပဲ ပြောခဲ့သည်။

'လက်တောင်ထပ်တော့မယ် မိုးရယ်။ လက်လေးတော့ ကိုင်ခွင့်ပြုပါ'

'အကိုက ကိုင်ထားတာမှ မဟုတ်တာ။ လူကြားထဲမှာ။ သူများတွေမြင်လိမ့်မယ်လေ။'

'မြင်ပါစေပေါ့။ ကိုယ်က မိုးရဲ့ လက်ကိုနမ်းချင်တာ မဟုတ်ဘူး။ ပါးလေးကို နမ်းချင် တာနော်။ ပြီးတော့ အတူနေချင်လှပြီကွယ်'

မိုးစက် သူ့ကို အလန့်တကြားလေးကြည့်ကာ အမြန်ပြောလိုက်သည်။

'ဟင့်အင်း .... မရဘူးနော်။ ကိုကို နော်။ ဘာတွေ လာပြောနေတာလဲ'

'ကြည့် ... မိုး မျက်နှာ နီသွားလိုက်တာကွာ။ ဒါကြောင့်ပြောတာ။ ကိုယ့်ကို လက်ကိုင်ခွင့်ပေးရင် ကိုယ် ကျေနပ်ပါ့မယ်။'

နှင်းထန် သဘောကျစွာ တဟားဟားရယ်ကာ ပြောလိုက်သည်။ မိုးစက် မကျေမနပ်ဖြင့် သူ့ကို မျက်စောင်းထိုးကာ ပြောလိုက် သည်။

'အင်း။ လက်ပဲ ကိုင်ရမယ်နော်။ မဟုတ်ရင် မိုး စိတ်ဆိုးမှာ'

ဒေါက်တာနှင်းထန်က ပြုံးစစဖြင့် သူမလေးကို နောက်လိုက်သည်။

'အင်း...... လူကြားထဲမှာ လက်ပဲကိုင်မယ်။ ဘယ်သူမှ မမြင်မှ....'

'ကိုကိုနော်....'

သူက မိုးစက်ကို တမင်စကာ ဟက်ဟက်ပက်ပက် ရယ်မောနေခဲ့သည်။ ကလေးပမာ လွတ်လပ်စွာ ရယ်မောနေသော သူ့ပုံစံကို ပထမဆုံးမြင်ဖူးသည်ဖြစ်သောကြောင့် မိုးစက် သူ့မျက်နှာကို ငေးမောကြည့်နေမိသည်။ သူ ကလေးပမာ ရယ်မောပုံကို သူငယ်စဉ်က မိခင်နှင့် အတူရိုက်ထားသော ဓါတ်ပုံတွင် မိမိမြင်ဖူးသည်ကလွဲလျှင် အပြင်တွင် တခါမှ မမြင်ဖူးခဲ့ပေ။ သူ့ကို တွေ့စက သူပြုံးမှ ပြုံးတတ်ရဲ့လားဟုပင် ထင်မိသည်။ အမြဲတမ်း မျက်နှာ တည်တင်းကာ အလုပ်သာလျှင် ကုန်းလုပ်နေသော စက်ရုပ်မင်းသားလေးဖြစ်သည်။ ယခု သူ လူမင်းသားလေးအဖြစ်ကို ပြောင်းလဲလာခဲ့လေပြီ။

'ဟေး.... ကိုယ် အရမ်းချောလို့ ငေးကြည့်နေတာလား '

သူက မေးလာသောအခါမှ မိမိ သူ့မျက်နှာကို ငေးကြည့်နေမိသည်ကို သတိထားမိကာ ခေါင်းငုံ့ပြီး ပြုံးမိသည်။

'အင်း ... ဟုတ်တယ်။ ကိုကိုပြုံးတာ အရမ်းကြည့်ကောင်းလို့ ကြည့်မိတာ။'

ဒေါက်တာနှင်းထန် သည် မိုးပွင့်၏ နူတ်မှ ဝန်ခံစကားကြောင့် ဝမ်းသာသွားပြီး ဖြတ်ခနဲ မိုးပွင့်၏ ပါးပြင်ကိုကုန်းနမ်းကာ ခပ်တည်တည်ဖြင့် သူ့နေရာတွင်ပြန်ထိုင်နေလိုက်သည်။

'ဟာ ...ကိုကို ... ဘာလုပ်တာလဲ'

'ဝမ်းသာလို့ နမ်းတာ။ မိုးက ကိုယ့်ကိုချီးကျူးလို့ အရမ်းဝမ်းသာသွားတာ။'

'ကိုကိုနော်။ ညာတာပါတေးနဲ့။'

'မိုး မကျေနပ်ရင် အိမ်ကျမှ ကိုယ့်ကိုပြန်နမ်းလေ။'

'တော်ပြီ။ ကိုကို့ ကို ပြိုင်မငြင်းတော့ဘူး။'

နှစ်ယောက်သား ရင်းနှီးစွာ ပျော်ရွှင်စွာ ညစာကို အတူစားခဲ့ကြသည်။ နှစ်ဖက်ဖခင်များ က ဆွေးနွေးကာ ဇန်နဝါရီလအတွင်း လက်ထပ်ပွဲ ကျင်းပရန်ရက်ကို ပြန်ပြောခဲ့သည်။ ဒေါက်တာနှင်းထန်သည် ဟိုတယ်တွင် ခန်းမကို ကြိုတင်ဘုတ်ကင်လုပ်ထား လိုက်သည်။ မင်္ဂလာ ဖိတ်စာများလည်း အပ်ထားလိုက်သည်။ အိမ်ကို စတင်ပြင်ဆင်တော့သည်။ မင်္ဂလာခန်းဝင် ပစ္စည်းများကို နိုင်ငံခြားမှ မှာကြားလိုက်သည်။ ဘာတစ်ခုမှ ပင်ပန်းရန်မလိုပဲ ဖုန်းတစ်ချက်ဆက်ရုံဖြင့် အရာအားလုံး အဆင်သင့်ဖြစ် သွားသည်။ မင်္ဂလာပွဲစီစဉ်သူကို တစ်ခါတည်းအပ်ထားလိုက်သည် မဟုတ်လား။

မိုးစက်သည် သတို့သမီးဝတ်စုံရွေးရန် သူပြောသည်ကို အချိန်ဆွဲနေခဲ့သည်။ မိုးပွင့် ပြန်လာမှ သူမ စိတ်ကြိုက် ရွေးစေချင်သည်။

နောက်ဆုံး မိုးပွင့် ပြန်လာမည့်နေ့တွင် လူခြင်းချိန်းရန် ဒေါက်တာနှင်းထန်ကို မိုးစက် ချောင်းနေသည်။ ဒေါက်တာနှင်းထန်သည် မိုးပွင့်ကို အလုပ်မဆင်းခိုင်းပဲ အိမ်တွင်သာ နေစေသည်။ ထိုနေ့ ရုံးတွင် အစည်းဝေးတက်ပြီး အရေးကြီးဧည့်သည်တစ်ယောက်နှင့် ကြိုရန် လေဆိပ်သို့ မန်နေဂျာနှင့် နှင်းထန် ထွက်လာခဲ့သည်။

လေဆိပ်မှ ဧည့်သည်ကိုကြိုပြီး ပြန်ထွက်အလာ မိုးပွင့်ကို ဖြတ်ခနဲတွေ့လိုက်သဖြင့် ရင်ထိတ်သွားသည်။ မိုးပွင့် လေဆိပ်ကို ဘာကြောင့် လာခဲ့သလဲ။ မိမိကို လက်မထပ်ချင် လို့ သူမထွက်ပြေးရန်ကြိုးစားသလားဟု တွေးကာရင်ပူသွားသည်။ မန်နေဂျာအား ဧည့်သည်ကို ဟိုတယ် လိုက်ပို့ပေးရန် မှာကြားကာ လေဆိပ်ထဲပြန်ဝင်လာခဲ့သည်။

ခပ်လှမ်းလှမ်းမှ မိုးပွင့် ရပ်နေသည်ကို တွေ့သော် နှင်းထန် သူမနံလေး မြန်ဆန်စွာ ပြေးလာစဉ် သူမလည်း မိမိကိုမြင်သွား၏။

'မိုး ... မင်း ဘယ်သွားမလို့လဲ။'

ဒေါက်တာနှင်းထန်၏ စကားမဆုံးခင် မိုးပွင့် သူ့ရင်ခွင်ထဲတိုးဝင်ကာ ပါးပြင်ကိုနမ်းလိုက် သဖြင့် စကားသံများဆွံ့အသွားခဲ့သည်။

'ကိုကို ... မိုး သူငယ်ချင်းက လက်ဆောင်ပါးလာလို့ လာယူတာပါ။ ကိုကို လေဆိပ်ကို ဘာလာလုပ်တာလ ဲဟင်'

နှင်းထန်သည် မိုးပွင့်၏ စကားကြောင့် စိတ်အေးသွားသည်။ မိုးပွင့်၏ ဆံပင်များ အညိုရောင် ဆိုးကာ ကောက်ထားသည်ကို တွေ့သော် အံ့သြသွားသည်။

'မိုး ... မင်းရဲ့ ဆံပင်တွေ ... ဘယ်တုန်းက ကောက်လိုက်တာလဲ။ မနက် ကိုယ်ရုံးလာ တော့ မကောက်ရသေးပါဘူး။'

'ဆံပင်အနက်နဲ့က အရမ်းလူကြီးဆန်လို့ အညိုဆိုးလိုက်တာ ကိုကို။ မိုးနဲ့ လိုက်လား ဟင်။ '

'လိုက်ပါတယ်။ မိုး ဘယ်လိုပုံလုပ်လုပ် လှပြီးသားပါ။ '

မိုးပွင့်သည် သူ့ပါးပြင်ကို ခြေဖျားထောက်ကာ ဖြတ်ခနဲနမ်းပြီး ပူဆာသည်။ အရင်က တခါမှ မလုပ်ဖူးသည်ကို ဆက်တိုက် လုပ်နေသဖြင့် နှင်းထန် အံံ့သြလွန်းလို့ ဘာပြောရမှန်းမသိဖြစ်နေမိသည်။

'ဒါကြောင့် ကိုကို့ကို ချစ်ရတာ။ ကိုကို မိုးကို အိမ်ပြန်မပို့ခင် ကော်ဖီအတူ သွားသောက် ရအောင်နော်။'

မိုးပွင့် ၏ စကားပြောပုံ နှင့် နေပုံထိုင်ပုံက ရဲတင်းကာ အခြားတယောက်လို ခံစားလိုက်ရ သည်။ ယခင် မိုးပွင့် နှင့် ယခု မိုးပွင့် သည် လုံးဝကို ကွဲပြားခြားနားနေ၏။ သူမအလှက ရုတ်တရက် စူးရှကာ ဆူးနှင့် နှင်းဆီပမာ ခံစားလိုက်ရသည်။

'ကိုကို ဘာကြည့်နေတာလဲ။ ကော်ဖီသွားသောက်ရအောင်နော် လို့'

'အင်း ... သွားကြတာပေါ့'

'ဟေး ... ဒါမှ ဒို့ကိုကိုကွ။ '

မိုးပွင့်သည် ဒေါက်တာနှင်းထန်၏ လက်မောင်းကို တွဲကာ လေဆိပ်ထဲမှ ထွက်လာ၏။ ကော်ဖီဆိုင်တွင် မိုးပွင့်သည် ဒေါက်တာနှင်းထန် နှင့် ပူးပူးကပ်ကပ်ထိုင်ကာ ဖုန်းကိုထုတ်ကာ ဓါတ်ပုံရိုက်ဟန်ပြင်သည်။

'ကိုကိုနဲ့ အတူရိုက်ထားတဲ့ ပုံ FB မှာတင်ရမယ်။ ကိုကို ပြုံးပြုံးလေးနေနော်။'

မိုးပွင့်သည် ဒေါက်တာနှင်းထန်နှင့် ပါးချင်းအပ်ကာ ဓါတ်ပုံရိုက်ပြီး ချက်ခြင်း FB ပေါ် တင်လိုက်သည်။ နှင်းထန်သည် မိုးပွင့်၏ အပြုအမှုအပြောအဆို များကြောင့် စကားမဆိုနိုင်အောင်ဖြစ် သွားမိသည်။

'မိုး ... ဆေးမှားသောက်လာသလား ဟင်'

'ဘာကြောင့်လဲ ကိုကို...'

'မိုး ကိုကို့ကို အရင်က ဒီလို တရင်းတနှီး မနေလို့လေ။ ကိုယ်လက်ကိုင်ရင်တောင် မိုးက လူကြားထဲဆို အကိုင်တောင်မခံဘူး။ ခုတော့ ကိုကို့ကို အရမ်းသဘောကောင်း နေလို့ ထူးဆန်းလို့ပါ။ '

မိုးပွင့် သူသံသယ ဝင်သွားမည်းစိုးသဖြင့် လှည့်ပတ်ကာ ဖြေလိုက်သည်။

'သြော် ... မိုးက ရှက်ပေမယ့် ကိုကို့အကြောင်းပြန်စဉ်းစားတော့ မတရားသလို ခံစားမိလို့ပါ။ ပြီးတော့ မိုးတို့က လက်ထပ် တော့မှာ ဆိုတော့ ကိုကို့ကို တရင်းတနှီးနေတာပါ။ ကိုကို မကြိုက်လို့လားဟင်...'

ဒေါက်တာနှင်းထန် သံသယပျောက်သွားပြီး သူမလေးကို ပြန်ဖြေလိုက်သည်။ မိုးပွင့်လေး မျက်နှာညှိုးသွားတော့ နှင်းထန် စိတ်မကောင်းဖြစ်သွားမိသည်။ မိမိအတွေးခေါင်လို့ဖြစ်မည်ဟု တွေးလိုက်သည်။

'ကြိုက်တာပေါ့ ... ရုတ်တရက် မိုးက ပြောင်းသွားတော့ ကိုကို လန့်သွားလို့ပါ။ '

'မိုးက ကိုကို့ကို ဒီလို နေချင်နေတာ ကြာပြီ။ ကိုကို အထင်သေးမှာစိုးလို့ပါ။'

'အထင်မသေးပါဘူး။ ကိုကိုက မိုးကို ချစ်ပြီးသားပါ။'

'အို .... ကိုကိုရယ်။ မိုး ဝမ်းသာလိုက်တာ.'

မိုးပွင့် ကိုကို့ကို ချစ်စနိုးဖြင့် နမ်းလိုက်သည်။ကော်ဖီဆိုင်ထဲ တခြားသူများက ဝိုင်းကြည့် သော်လည်း မိုးပွင့်က လုံး၀ ကရုမစိုက်ပေ။ ဒေါက်တာနှင်းထန်သည် မိုးပွင့်၏ ပထမဆုံး အကြင်နာပေးသည်ကို ခံရသော်လည်း အနမ်းသည် လေးနက်မှူမရှိသလို ခံစားလိုက်ရ သည်။




အချစ်စစ်၏ တည်နေရာSeason (1)Hikayelerin yaşadığı yer. Şimdi keşfedin