အချစ်စစ်၏ တည်နေရာ
Season 1
အပိုင်း - (2)
နှင်းထန်သည် ပြတင်းတံခါးတွင် ရပ်ကာ ခြံထဲတွင် လွတ်လပ်စွာပြုံးရယ်ပြီး စကားပြောနေသော သူမလေး၏ မျက်နှာပြင်တွင်ပေါ် နေသောအပျော်ရိပ်ကိုကြည့်ြုပီး ရင်ပူလာသည်။ သူမလေးတွင် ချစ်သူရှိနေပြီလား ဟုသောအတွေးက သက်ပြင်းလေးကြီးကို ချမိစေ သည်။ ဖုန်းပြောပြီး သူမက အပြင်သွားရန် အသိပေးပြီး ပြင်ဆင်လို့ထွက်သွားလေသောအခါ နှင်းထန်၏ အထင်ပိုခိုင်မာလာသည်။ နှင်းထန်သည် သူမတက်လိုက်သွားသော တက်စီ ကားနောက်ထပ်ချပ်မကွာ လိုက်လာခဲ့စဉ် မြို့ထဲရှိ ဟိုတယ်တစ်ခုရှေ့တွင်စောင့်နေသော မိုးပွင့်နှင့် ရွယ်တူ ခေတ်ဆန်ဆန်ဝတ်စားထားသော ကောင်လေးတစ်ယောက်ကို ပြေးဖက်လိုက်စဉ် နှင်းထန်၏ မျက်လုံးပြာဝေသွားပြီး ဒေါသတို့ကထောင်းခနဲထွက်လာခဲ့သည်။
နှင်းထန်သည် သတိဖြင့် ဒေါသကိုထိန်းကာ ဆက်ပြီးစောင့်ကြည့်နေစဉ် ကောင်လေးနှင့် အတူ ဟိုတယ်ထဲဝင်သွားသည်ကို တွေ့တော့စိတ်မထိန်းနိုင်တော့ပဲ ကားကို တရကြမ်းမောင်းကာ ပြန်ခဲ့တော့သည်။ အထဲကို ဝင်သွားပြီး သူမကို တားပိုင်ခွင့်
မရှိသော အခြေအနေကို ကျိန်ဆဲလိုက်မိသည်။ တကယ်လို့ သူမသာ မိမိဇနီးလောင်းဆိုလျှင် သူမလက်ကိုဆွဲကာ ချက်ချင်း ခေါ်လာ နိုင်ပေလိမ့်မည်။ ထိုသို့တွေးရင်း မိမိကို မိုးပွင့်နှင့်ု စေ့စပ်ပေးဖို့ ဖခင်ကြီးကိုပြောရကောင်းမလားဟု စပြီးစဉ်းစားလာ၏။
သို့သော် နှင်းထန်သည် မိမိ ခံစားချက်ကို ပြန်ဆန်းစစ်ချင်သေးသဖြင့် မိုးပွင့်နှင့် ကိုရီးယားမင်းသားလေးလို ခေတ်ဆန်ဆန်ဝတ် တတ်သော ကောင်လေး၏ အခြေအနေကို စောင့်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။မိုးပွင့်သည် အပြင်မှ ပြန်လာပြီးနောက် ခါတိုင်းထက် ရွှင်မြူးနေဟန်ဖြင့် သူမအိပ်ခန်းထဲတန်းဝင်သွားသဖြင့် နှင်းထန် ရင်ထဲမှ ပူလောင်စ ပြုလာလေပြီ။
နောက်တနေ့တွင် အလုပ်အတူတူသွားသောအခါကားပေါ်တွင် သူမအပြင်ဘက်ကိုငေးကာ နူတ်ပိတ်ပြီးလိုက်လာသဖြင့် နှင်းထန် တလမ်းလုံး သူမကို ခိုးကြည့်ကာ ရင်းနှီးမှူမရှိသော မိမိတို့ ဆက်ဆံရေးကို ပထမဆုံး စိတ်ပျက်လာမိသည်။ မိမိဘက်မှ သူမကို စပြီး တရင်းတနှီးလည်း မနေချင်ပေ။ မိမိ မာနကို ယခုမှ တွေ့သောမိန်းကလေး အတွက်လွှွင့်မပစ်နိုင်သေးပေ။ သူမသည် မိမိ မာနကို ခဝါချပြီး ဒူးထောက်အောက်ကျို့သည်အထိ တန်ရဲ့လားဟု နှင်းထန် သံသယ ဝင်နေသေးသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမဘက်မှ မိမိကို အောက်ကျို့ကာ ရင်းနှီးစွာ ဆက်ဆံလာစေချင်သည်ကတော့ နှင်းထန် ၏ အတ္တကြီးမှူပင်ဖြစ်ပါလိမ့်မည်။
နှင်းထန်သည် ရုံးတွင် သူမ၏ လှုပ်ရှားမှူကို တိတ်တခိုးစောင့်ကြည့်နေမိသည်။ ခါတိုင်းနေ့လည်စာစားချိန်တွင် မိမိဖာသာ အပြင်ထွက်စားလေ့ရှိပြီး မိုးပွင့် ဘယ်သူနှင့်စားသည်။ ဘယ်မှာစားသည်ကို သတိမထားမိချေ။ ယခုတော့ ထမင်းစားချိန်ရောက် တော့ သူမအပြင်သို့ထွက်သွား၏။
'မမိုး ... ဘယ်သွားမလို့လဲ...ထမင်းမစားဘူးလား။ ဒီနေ့မမိုးကြိုက်တဲ့ဟင်းပါတယ်နော်။ '
စာရင်းကိုင်မလေးက သူမကိုလှမ်းခေါ်သည်ကို သူမက ရွှင်မြူးစွားပြုံးကာ ဖြေလိုက်သံကိုကြားသော် အလိုလို နားစွင့်နေမိသည်။
'သူငယ်ချင်းနဲ့ ချိန်းထားလို့ ငယ်ငယ်ရေ။ နောက်နေ့မှ အတူစားကြတာပေါ့နော်။'
'သြော် ... ဟို ချောချောနဲ့အကိုလား။ '
'အင်း...ဟုတ်တယ်။ သွားပြီနော်။'
နှင်းထန်သည် စာရင်းကိုင်မလေးပါ သိသော ကောင်လေးသည် သူမ၏ သူငယ်ချင်းအဆင့်မကဟု သတ်မှတ်လိုက်သည်။ သူငယ်ချင်းနှင့် ထမင်းစားမည့်သူက ဒီလောက်ပျော်မြူးနေမည်မဟုတ်ပေ။ နှင်းထန် ရင်ထဲပူသလိုဖြစ်လာသည်။ သုူမတွင် ချစ်သူရှိနေပြီလားဟု တွေးကာ ဒေါသထွက်လာ၏။
'မင်း ရုံးချိန်ကို မသိဘူးလား။ ထမင်းစားသွားတာ ၁၅ မိနစ်နောက်ကျတယ်။ အတွင်းရေးမှူးတစ်ယောက်ဖြစ်ပြီး စည်းကမ်းဖောက်ရင် ရုံးကလူတွေကို ဘယ်လိုထိန်းမလဲ။'
နှင်းထန် အချိန်အနည်းငယ် နောက်ကျလာသော သူမကို စိတ်ဆိုးဆိုးနှင့် ဆူပစ်လိုက်၏။ မိုးပွင့်က အနည်းငယ်အမ်းသွားပြီး
'ဟုတ်ကဲ့ ။ နောက်တစ်ခါ မဖြစ်စေရပါဘူး သူဌေး။'
သူမ ရိုကျိူးစွာပြောကာ လုပ်လက်စအလုပ်ကို ဆက်လုပ်နေ၏။ ဝန်ထမ်းများက ထူးထူးခြားခြားစိတ်တိုနေသော သူဌေးကြောင့် သတိနှင့် နေနေရသည်။
သူမကတော့ အေးအေးဆေးဆေးဖြင့် သူမအလုပ်ကို ဆက်လုပ်နေ၏။ အိမ်သို့ပြန်ရောက်သောအခါ သူမအခန်းထဲသို့ တန်း တက် သွားပြီး အဝတ်စားလဲကာ ပြန်ထွက်လာ၏။ နှင်းထန်သည် ဝရန်တာတွင် အလုပ်ကိစ္စ ဖြင့်ဖုန်းထွက်ပြောစဉ် မိုးပွင့်ကို ရုပ်ဖြောင့်ဖြောင့် ငနဲလေး ကားဖြင့် လာကြိုသွားသည်ကို တွေ့လိုက်ရသည်။ နှင်းထန် သူမကို မျက်စိတဆုံးငေးစိုက်ကြည့်ပြီး အလိုမကျစွာ အိမ်အောက်သို့ဆင်းလာ၏။
'ဒေါ်ပို.... မိုးပွင့် ဘယ်သွားသလဲ။ ကျွန်တော် ဖိုင်တစ်ခုရှာမရလို့ သူ့ကိုလွှတ်လိုက်ပါအုံး'
နှင်းထန် မသိဟန်ဆောင်ကာ ဒေါ်ပိုကို မေးလိုက်သည်။
'မိုးပွင့်လေး အပြင်သွားဦးမယ်ကို ကျွန်မကို မှာသွားတယ် မောင်နှင်းထန်'
'ဘယ်ကိုသွားတာတဲ့လဲ'
'သူ့ငယ်သူငယ်ချင်းနဲ့ ကြက်တောင်ရိုက်ဆိုလား ...'
နှင်းထန်၏ဒေါသ ထိန်းမရတော့ပေ။ ကြက်တောင်ရိုက်ဆိုပါလား။ နှင်းထန်သည် မိုးပွင့်ပြန်မလာမချင်း ငြိမ်ငြိမ်မနေနိုင်ပဲ ခြံထဲတွင် လမ်းလျှောက်သလိုနှင့် သူမကိုမျှော်နေမိသည်။
ညနေ ၆ နာရီကျော်သောအခါ မိုးပွင့် နှင့် ကောင်လေးပြန်လာ၏။ ကောင်လေးက တံခါးဖွင့်ပေးပြီး သူမထွက်လာသောအခါ နှစ်ယောက်သား ရပ်ကာ မခွဲနိုင်မခွာရက်သလို စကားပြောနေပြန်သည်။ ကောင်လေးက ကိုရီးယားမင်းသားလေးလို အသားရေ အရမ်းလှပြီး ဝတ်ပုံကလည်း စတိုင်ကျလှသည်။ မိုးပွင့်ကို စိုက်ကြည့်ကာ စကားပြောနေပုံက မည်မျှ သံယောဇဉ်ကြီးသည်ကို အတိုင်းသားဖော်ပြနေသဖြင့် နှင်းထန် ခြံထဲမှ လှမ်းကြည့်ကာ ရင်ပူလာပြန်သည်။
မိုးပွင့်၏ ပုခုံးကို ဖက်ပြီး နှစ်ဦးသား ခေါင်းခြင်းပူးကာ တစ်စုံတစ်ခုကို တီးတိုးပြောနေသည်ကို နှင်းထန်ဆက်မကြည့်နိုင်တော့ပဲ အိမ်ထဲချာခနဲ လှည့်ဝင်သွားတော့သည်။ ရေခဲသေတ္တာထဲမှ ရေတစ်ဗူးထုတ်ကာ တရှိန်ထိုးမော့လိုက်ပြီး သူမကို ဧည့်ခန်းထဲမှ ထိုင်စောင့်နေမိသည်။
သူမအိမ်ထဲဝင်လာသောအခါ သူ့ကိုတွေ့သဖြင့် ပြုံးကာနုတ်ဆက်၏။နှင်းထန်ပြန်မပြုံးနိုင်ပဲ လေသံတင်းတင်းဖြင့် မေးလိုက်၏။
'မင်း ဘယ်သူနဲ့အပြင်သွားတာလဲ မိုးပွင့်'
'ကျွန်မရဲ့ ငယ်သူငယ်ချင်း ပါ။ သူက အလုပ်ကိစ္စနဲ့ ရန်ကုန်ကို ခုမှရောက်လာတာ။ '
'သူငယ်ချင်းက ယောကျ်ားလေးလား'
'ဟုတ်ပါတယ် အကိုနှင်းထန်။ ဘာဖြစ်လို့လဲဟင်'
'ယောကျ်ားလေးနဲ့ အတူကြက်တောင်ရိုက်စရာလား၊ '
မိုးပွင့်က အံ့အားသင့်ဟန်ဖြင့် မျက်ခုံးပင့်သွားပြီး အေးဆေးစွာရှင်းပြသည်။ သူမပုံက မိမိ ယခုလိုပြောသည်ကို အထူးဆန်းဖြစ်နေပုံ ရသည်။
'ဝသုန် နဲ့ ကျွန်မက ငယ်ကတည်းက ပေါင်းလာတာ။ မြို့မှာကတည်းက သူက ကျွန်မနဲ့ ကြက်တောင်ရိုက်နေကြပါ။ သူ့ကို ဖေဖေ ကောင်းကောင်းသိပါတယ်။ ဝသုန်က ကျွန်မအတွက် သူငယ်ချင်းလဲဟုတ်တယ်။ မောင်နှမလည်းဟုတ်တယ်။ အခုလို စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ် အကို။ ကျွန်မ ချွေးစို အဝတ်တွေ လဲချင်လို့ ခွင့်ပြုပေးပါအုံးနော်။ '
နှင်းထန်သည် အေးဆေးတည်ငြိမ်စွာ ပြောပြီးလှည့်ထွက်သွားသော သူမကို ငေးကြည့်ကာ သူမအကြောင်းစဉ်းစားမိ သည်။ မိမိကို အတင်းကပ်မည်စိုးနေသောကောင်မလေးက မိမိကိုမကပ်သည့်အပြင် ကောင်လေးတစ်ဦးရှိနေသည်ဆိုတော့ နှင်းထန် စိတ်ပေါ့သွား ရမည့်အစား ရင်ထဲလေးသွားသည်။ မိမိ စိတ်ကို သူမ တဖြည်းဖြည်း လွှမ်းမိုးနေသည်ကို တွေ့သော် နှင်းထန် ထိတ်လန့်သွား၏။ ထို့ကြောင့် နောက်နေ့တွင် သူမ ဘယ်ကောင်နှင့် အပြင်ထွက်ပါစေ ကရုမစိုက်ရန်ဆုံးဖြတ်လိုက်သည်။ သို့သော် ကွာတား ဘောင်းဘီလေးနှင့် ညနေ ငါးနာရီထိုးတိုင်း ကောင်လေးနှင့်ပါပါသွားသည့် မိုးပွင့်ကို တွေ့သောအခါ နှင်းထန် သည်းမခံနိုင်တော့ပါ။
'မင်း ဟိုကောင်လေးနဲ့ ညနေတိုင်း ဘာသွားလုပ်တာလဲ ... မိုးပွင့်'
နှင်းထန်မအောင့်နိုင်သောကြောင့် မေးမိတိုင်း သူမ အေးဆေးသောဖြေဟန်ကိုသာကြားရ၏။
'အကို့ကို ကျွန်မ ပြောပြဖူးပါတယ်။ သူနဲ့ တင်းနစ်သွားရိုက်တာပါ။ ရှှုံးသူ မုန့်ကြွေးကြေးရိုက်ကြတာ။ သူနဲ့ တင်းနစ်မရိုက်ရတာ ခြောက်လရှိသွားပြီ။ ဒါကြောင့် သူရန်ကုန်မှာရှိတုန်းသွားကစားတာပါ။'
နှင်းထန်သည် ခြောက်လအတွင်း သူမလေး ဒီလောက်မြူးကြွပျော်ရွှင်နေသည်ကို မမြင်ဖူးခဲ့ပေ။ ယခု ဝသုန်ဆိုသည့် ကောင်လေး လာမှ သူမပျော်မြူးနေသည်ကို တွေ့ရတော့ ရင်ဝယ်မျက်တက်တက်ဖြစ်ရ၏။ ထို့ကြောင့် သူမ ထွက်သွားသည်နှင့် နောက်မှ နောက်ယောင်ခံလိုက်လာခဲ့မိသည်။
ဟော်တယ် တင်းနစ်ကွင်းတွင် သူမနှင့် ဝသုန် နှစ်ဦးတည်း သည်းသည်းမည်းမည်း ကစားနေသည်ကို အဝေးမှ ကြည့်နေမိသည်။
တင်းနစ်ကစားပြီးသည်နှင့် နှစ်ဦးသား အမောဖြေရင်း ဘားတွင် အအေးသောက်ကြသည်။ ဝသုန် သူမ နားနားကပ်ကာ တခုခုပြော လိုက်စဉ် သူမ ခေါင်းကိုမော့လှန်ကာ သဘောကျစွာ ဟက်ဟက် ပက်ပက် ရယ်မောနေပုံက သူငယ်ချင်းထက်ပိုမှန်း ကြည့်ရုံဖြင့် သိသာနေပြီး နှင်းထန်၏ ရင်ထဲတွင် ပူလောင်လာ၏။
'တောက်..'
ဝသုန် သူမ၏ ပုခုံးလေးကို တရင်းတနှီးသိုင်းဖက်ကာ နှစ်ယောက်အတူဓါတ်ပုံရိုက်နေသည ်ကိုတွေ့သောအခါ ဒေါပွပွနှင့် တောက်ခေါက်ကာ ကားကို တရကြမ်းမောင်းထွက်လာခဲ့သည်။ အိမ်သို့ရောက်သောအခါ နှင်းထန် ဖခင်ကြီးထံဖုန်းဆက် လိုက်ပြီးတဲ့တိုးပြောချလိုက်သည်။
'ဒက်ဒီ ကျွန်တော် မိုးပွင့်ကို လက်ထပ်ချင်တယ်။ အန်ကယ့် ဆီ တောင်းပေးပါ။'
ဦးမင်းထန်က မိမိဆင်သည့်အကွက်ထဲဒက်ထိဝင်လာသဖြင့် သဘောကျစွာ ကြိတ်ရယ်ကာ သား၏ သဘောထားကိုသိလိုသဖြင့် အစ်လိုက်သည်။
'မင်း သူ့ကို တကယ်ချစ်လို့လား သား။ မိုးပွင့်လေးက ဒယ်ဒီ့ သမီး တစ်ယောက်ပဲ။ မင်းတကယ်မချစ်ပဲ လက်ထပ်ပြီးမှ ကွဲရင် ဒယ်ဒီ့ သူငယ်ချင်းနဲ့ မျက်နှာပျက်စရာတွေဖြစ်နေမယ်။'
နှင်းထန်သည် အံတချက်ကြိတ်ပြီး ပြောလိုက်သည်။
'အဲ့မိန်းကလေးက သူများတွေနဲ့ မတူဘူး။ ထူးခြားတယ်။ ကျွန်တော် မိုးပွင့်ကလွဲရင် ဘယ်သူ့ကိုမှ လက်မထပ်ချင်ဘူး။ ကျွန်တော် သူ့ကိုလိုချင်တယ်။ '
ဦးမင်းထန်သည် မာနကြီးလှသည့် သား၏ ဖွင့်ဟ ဝန်ခံစကားကိုကြားသော် ကျေနပ်သွားပြီး
'ကောင်းပြီ။ ရှေ့လမှာ စေ့စပ်ပွဲလုပ်ဖို့ ဒယ်ဒီ စီစဉ်လိုက်ပါ့မယ်။ သားဆီက ဒီစကားကိုကြားရတာ ဝမ်းသာတယ်သား၊'
'မိုးပွင့်ရဲ့ ဖေဖေကို ပြောပြီးပြီလား ဒယ်ဒီ။'
'သားတို့ ငယ်ငယ်ကတည်းက ပြောထားပြီးသားပါ။ သားဘက်ကသာ အရမ်းတင်းမာနေလို့ ။ မိုးပွင့်လေးကို ဖေဖေ ချွေးမ တော်ထားပြီးသား။ မိုးပွင့်ကို သားကိုယ်တိုင် ဖွင့်ပြောလိုက်ပါ။ '
နှင်းထန်သည် ဒယ်ဒီ့ကို ကျေးဇူးတင်မိသွား၏။ နောက်တနေ့တွင် နှင်းထန် မိုးပွင့်ကို စားသောက်ဆိုင်တစ်ခုသို့ခေါ်ကာ စေ့စပ်ထားချင်းကြောင်းဖွင့်ပြောလိုက်သည်။
မိုးပွင့်သည် အံ့အားသင့်ကာ မော့ကြည့်ပြီး မေးခဲ့သည်။ သူမကိုကြည့်ရတာ ရှက်ရွံပုံလည်းမရပေ။ မထင်မှတ်သည်ကို ကြားလိုက်ရလို့ အံ့အားသင့်သွားသည်ထက် မပိုသဖြင့် နှင်းထန် အနည်းငယ် မကျေမနပ်တော့ဖြစ်သွားမိသည်။
'ရှေ့လမှာ စေ့စပ်မယ်။ ဘာဖြစ်လို့လဲဟင်။'
'ကိုယ်မင်းကို သဘောကျတယ်။ ကိုယ့်ကောင်မလေးတရားဝင်ဖြစ်သွားအောင် စေ့စပ်ထားချင်လို့ပေါ့။'
'တစ်ဘဝလုံးလက်တွဲသွားဖို့ဆိုတာ သဘောကျရုံတစ်ခုတည်းနဲ့ မရဘူး အကိုနှင်းထန်။ တစ်ယောက်အကြောင်း တစ်ယောက် သိအောင် အချိန်ပေးပြီး လေ့လာဖို့လိုတယ်။ '
နှင်းထန်သည် သူမလေးကို စိုက်ကြည့်ကာ ဖြစ်ချင်သည်ကို ပွင့်လင်းစွာပြောလိုက်သည်။
'စေ့စပ်ပြီးမှ လေ့လာကြတာပေါ့။ မင်းလည်း ကိုယ့်ကို စိတ်ကြိုက်လေ့လာလို့ရတယ်။ ကိုယ်ကတော့ မင်းကို လေ့လာဖို့မလို တော့ပါဘူး။ မင်းအကြောင်းကို ကိုယ်အားလုံးသိပြီးပါပြီ။'
မိုးပွင့် သူ့မျက်နှာကို ငေးကြည့်နေ၏။ သူမလေး၏ အကြည့်က ကလေးလေးတစ်ယောက်လို အရမ်းကိုသန့်စင်လွန်းသဖြင့် နှင်းထန် ဖက်နမ်းချင်စိတ်ကို မနည်းအောင့်အီးထားရသည်။ သူမ ငြိမ်ကာ စဉ်းစားနေသဖြင့် နှင်းထန် ရင်တထိတ်ထိတ် စောင့်နေမိသည်။
'ကျွန်မ လွတ်လွတ်လပ်လပ် နေချင်သေးတယ်။ မစေ့စပ်ချင်သေးဘူး အကိုနှင်းထန်။'
'မင်းဖေဖေနဲ့ ကိုယ့်ဒယ်ဒီက ရှေ့လ ရန်ကုန်ဆင်းလာပြီး စေ့စပ်ပွဲ လုပ်ပေးလိမ့်မယ် မိုးပွင့်။ စေ့စပ်ပြီး နောက်လဆို လက်ထပ်ဖို့ ကိုယ်ပြောလိုက်တော့မယ်။ ကိုယ်က မင်းကို အသိပေးတာပါ။'
'ဟာ... မဖြစ်ဘူး။'
မိုးပွင့် မျက်မှောင်တွန့်ပြီး လွှတ်ခနဲပြောလိုက်သဖြင့် နှင်းထန် စိတ်အနည်းငယ်တိုသွား၏။
'ဘာကြောင့်လဲ။ မင်းနဲ့ကျူပ်က လူကြီးချင်းသဘောတူထားပြီးသားပဲ။ ဘာလဲ ။ မင်းရည်းစား နဲ့မခွဲနိုင်လို့လား။'
မိုးပွင့် မျက်နှာပြုံးချင်သလိုဖြစ်သွားပြီးဖြေသည်။ သူမလေး၏ ထိုသို့မသိမသာပြောင်းသွားသည့် မျက်နှာအမူယာလေးက သိပ်ကို ချစ်စရာကောင်းသည်ကို သူမဖာသာ သိသည့်ပုံလည်းမပေါ်ပေ။ ဒါကို နှင်းထန်ပိုသဘောကျမိ ခြင်းဖြစ်သည်။ တချို့ မိန်းကလေး များလို မိမိဖာသာ ချစ်စရာကောင်းသည်ဟု သိကာ မာန်တက်သည့် အရိပ်ယောင်မျိုးမရှိပဲ ပကတိ ကန်ရေပြင်လို ငြိမ်သက် အေးဆေး လှသည့် အလှသည် တနည်းအားဖြင့် နှင်းထန်ကို ညှို့ငင်နေသည်။
'ဝသုန်က ကျွန်မ သူငယ်ချင်းပါ။ အကိုနဲ့ လက်ထပ်ဖို့ ကျွန်မဘက်က အဆင်သင့်မဖြစ်သေးလို့ပါ။ '
'ဘာကို အဆင်သင့်မဖြစ်သေးတာလဲ။'
နှင်းထန် သူမအဖြေကိုနားမရှင်းဟန်ဖြင့် ပြန်မေးလိုက်သည်။ သူမက အသက်ပြည့်ပြိးသည့်တိုင် ဘာကို အဆင်သင့်မဖြစ်သည်ဟု ပြောချင်သည်ကို သိချင်စိတ်ပေါ်လာမိသည်။ မိုးပွင့် အဝေးကို ငေးပြီး တွေးတွေးဆဆနှင့်ပြောလိုက်သည်။
'ကျွန်မ အိမ်ထောင်ရှင်မတို့ တတ်အပ်တဲ့ပညာ တစ်ခုမှ မသင်ရသေးဘူး။ အိမ်ထောင်တစ်ခုကို ထိန်းသိမ်းဖို့ အရည်ချင်း ကျွန်မမှာ မရှိသေးလို့ လက်မထပ်ချင်သေးတာပါ။'
နှင်းထန်က ရယ်မောကာ သူမလေးကိုပြောလိုက်သည်။ ဘာပဲပြောပြော အိမ်ထောင်တစ်ခုကို ထိန်းသိမ်းဖို့ အရည်ချင်းစသည် တို့ကို ထည့်သွင်းစဉ်းစားထားသည်ဆိုတော့ သူက မိမိကို လက်ထပ်ချင်ပါသည်ဟု သွယ်ဝိုက်အဓိပ္ပါယ်ရသည်ဆိုပြီး တစ်ယောက်တည်း ကြိတ်ကာ ဝမ်းသာပစ်လိုက်သည်။
'စေ့စပ်ပြီးမှ သင်လို့ရပါတယ်။ အဓိက ကတော့ စေ့စပ်ထားရင် ကျူပ်ကျေနပ်ပါတယ်။ မင်းရဲ့ ဖေဖေကလည်း စေ့စပ်ပွဲကို သဘောတူတယ်တဲ့။ မင်းကရော။ ငြင်းချင်စိတ်ရှိလို့လား။ '
မိုးပွင့် တစ်ချက်တွေဝေသွားပြီး အင်တင်တင်ဖြင့် သဘောတူလိုက်သည်။
'ဖေဖေ့ သဘောအတိုင်းလို့ အရင်ကတည်းက ပြောပြီးသားပါ။ ကျွန်မ ငြင်းစရာ မရှိပါဘူး။ ကောင်းပြီလေ။ စေ့စပ်ပြီးရင် ချက်ချင်း လက်မထပ်နိုင်ဘူးနော်။ နှစ်ကုန်မှ လက်ထပ်မယ်။'
'အိုကေ ... သဘောတူတယ်။'
နှင်းထန် သူမလေး သဘောတူသဖြင့် ဝမ်းသာစွာဖြင့် ဒယ်ဒီထံ ဖုန်းဆက်လိုက်သည်။ မိုးပွင့်ကတော့ သူမပုံစံအတိုင်း ခပ်အေး အေးပင်။ ရုံးတွင် သတင်းကြားသဖြင့် ဝန်ထမ်းများ ကဝိုင်းစသော်လည်း ပြုံးရုံကလွဲပြီး ဘာမှ သိပ်မပြောပေ။
နှင်းထန်ကတော့ သူမလေးကို ယခင်ထက် ကြင်နာစွာ စကားပြော၏။ သူမကတော့ ပုံမှန်ပင်ပြောဆိုနေသဖြင့် အောင့်သက်သက် ဖြစ်ရသည်။ ဝသုန်နှင့် ရင်းးနှီးသော ဆက်ဆံရေးကိုတွေ့သော် သူမကို စကားနာထိုးသဖြင့် သူမက အေးချမ်းစွာရှင်းပြသည်။
'အကို နှင်းထန်။ ဝသုန်နဲ့ ကျွန်မကို သံသယ မဝင်ပါနဲ့။ ဝသုန်က ကျွန်မရဲ့ အကိုလိုပါပဲ။ ငယ်ကတည်းက အတူကြီးပြင်းလာ တာပါ။'
သူမက အေးဆေးစွာပြောပြီး ဝသုန်နှင့် သူ့ကို မိတ်ဆက်ပေး၏။ ဝသုန်က နှင်းထန်ကို ရယ်ချင်ရိပ်ဖြင့် လက်ဆွဲနူတ်ဆက်ပြီး ပွင့်လင်းစွာပြောသဖြင့် နှင်းထန်ကပင် ဘာပြန်ပြောရမှန်းမသိဖြစ်သွားမိသည်။
'အကို .... မိုးပွင့်နဲ့ ကျွန်တော့်ကို စိတ်ချပါ။ ကျွန်တော်တို့က ငယ်ကတည်းက အိမ်နီးနားချင်းဆိုတော့ မောင်နှမလိုပါပဲ'
'ကောင်းပါပြီ။ ကိုယ်ဝသုန်ကို ယုံလိုက်မယ်နော်။ '
နှင်းထန်ကသာ မိုးပွင့်ကို သဝန်တိုသည်။ မိုးပွင့်ကတော့ သူ လုပ်ငန်းရှင်များနှင့် ညစာစားပွဲတက်တိုင်း မိမိကို မိန်းမချောများ ဝန်းရံနေသည်ကိုမြင်သော်လည်း တခါမှ သဝန်တိုစကားမပြောဖူးပေ။ သူမများ ဘယ်လိုနေမလဲဟု လှမ်းကြည့်တိုင်း အေးအေး ဆေးဆေး ဖုန်းပြောနေသဖြင့် မိမိကပင် စိတ်တိုရတော့သည်။
'မင်း ကျူ့ပ်ကို သဝန်မတိုဘူးလား ... မိုးပွင့်။'
'သဝန်တိုတယ်ဆိုတာ ယုံကြည်မှူမရှိလို့ပါ။ ကျွန်မ အကိုနှင်းထန်ကို ယုံတယ်။'
'စကားပြောကောင်းတဲ့ကောင်မလေးနောက် ကျူပ်ပါသွားရင် ဘယ်လိုလုပ်မလဲ'
မိုးပွင့်က ရယ်ချင်ရိပ်ဖြင့်
'သြော် အကိုရယ်။ အကို စကားပြောကောင်းတိုင်းပါမယ်ဆိုရင် ဒီအချိန် ကလေး ၃ ယောက်ရရောပေါ့။ အကို့ အကြောင်း ကျွန်မအသိဆုံးပါ။ '
နှင်းထန် သူမအဖြေကြောင့် ကျေနပ်သွား၏။ ဘာပဲပြောပြော မိမိကို သူမ ယုံကြည်တယ်ဆိုသည့်အချက်က နှင်းထန် ကိုပျော်သွားစေသည်။
'မင်းကျုပ်ကို ချစ်သလား မိုးပွင့်'
နှင်းထန် သူမလေး၏အဖြေကို စိတ်ဝင်တစားစောင့်မျှော်နေမိသည်။ သူမလေးက ငြိမ်သွားပြီးမှ အသာခေါင်းညိမ့်ကာ အေးချမ်းစွာ ဖြေခဲ့သည်။
'ချစ်ပါတယ်။'
နှင်းထန် သည် သူမ၏ စိတ်လှူပ်ရှားမှူမပါသော အေးဆေးလွန်းသည့်ဖြေဟန်ကြောင့် မျက်မှောက်ကြုတ်သွားသည်။ သူမ၏ အဖြေက ရင်ထဲမှ စကားမဟုတ်ပေ။ သူမလေး မိမိကို မချစ်ပဲ ဖခင်ကို မလွန်ဆန်နိုင်လို့ လက်ခံခဲ့တာလား ဟုတွေးကာ နှင်းထန် စိတ်တိုသွား၏။
'မင်း လိမ်တယ်။ မင်းကျုပ်ကို မချစ်ဘူး။ '
နှင်းထန် သူမကို ပြတ်သားစွာပြောလိုက်သည်။
မိုးပွင့် သူ့မျက်နှာကို ငေးကြည့်ပြီး အသက်ဝင်စွာရှင်းပြခဲ့သည်။
'ကျွန်မ အကိုနှင်းထန် ကို သဘောကျတယ်။ အကိုက ယောကျ်ားပီသတယ်။ အရည်အချင်းရှိတယ်။ ရုပ်ချောတယ်။ ပြီးတော့ အကိုက လူကောင်းတစ်ယောက်။ အကို့ကို ကျွန်မ လက်ထပ်ပြီးရင် သေချာပေါက် ချစ်သွားမှာပါ။ အဓိက ကတော့ အကို ကျွန်မကို ချစ်ဖို့ပါပဲ။ ဒါဆို အကိုနဲ့ လက်ထပ် ပြီးရင် ကျွန်မတို့ အိမ်ထောင်ရေးသာယာပြီလေ။'
နှင်းထန် သူမ၏ အဖြေကြောင့် စိတ်ပျက်သွားသည်။ သူကသာ သူမကို ချစ်သည်။ သူမက ဦးနှောက်နှင့်တွက်ချက်ကာ စေ့စပ်ဖို့ကို သဘောတူခဲ့ခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူမကို မိမိပိုင်ဆိုင်ချင်သည်။ စေ့စပ်ပြီးလျှင် သူမထံမှ အချစ်ကို ရအောင် ကြိုးစားမည်ဟု ဆုံးဖြတ် လိုက်သည်။ လက်ထပ်သည့်အချိန်တွင် သူမလေး မိမိကို ချစ်နေသည့် အဖြစ်ကိုပဲ မြင်ချင်သည်။
'ကျုပ်က လောဘကြီးတယ် မိုးပွင့်။ ကျုပ်မင်းအချစ်ကိုပါ ရချင်တယ်။ '
မိုးပွင့် သူ့မျက်နှာကို ငေးကြည့်ကာ
'အကို မိုးပွင့်အချစ်ကို ရမှာပါ။ မိုးပွင့် အကို့ကို အရမ်းသဘောကျတယ်။ ပြီးတော့ အကို မိုးပွင့်ကို ချစ်တယ်ဆိုလို့ ဝမ်းသာ ပါတယ်။'
သူမလေး၏ စကားက နားထဲတွင် တမျိုးဖြစ်နေသည်။ နှင်းထန်သည် ထိုစကားကိုကြားသော် စိတ်ထဲထင့်သွား၏။ သူမလေး၏ ပြောဟန်က အခြား တယောက်အတွက်ပြောပေးနေသလိုခံစားရသဖြင့် သူမကို စိုက်ကြည့်ကာ မေးလိုက်သည်။
'မင်း ... မိုးပွင့် မှဟုတ်ရဲ့လား'
နှင်းထန်၏ စကားကြောင့် သူမမျက်နှာပျက်သွားပြီး မေးခဲ့သည်။
'အကိုနှင်းထန် ဘာသဘောနဲ့ပြောတာလဲ၊၊ ကျွန်မက မိုးပွင့်အစားဟန်ဆောင်နေတယ်လို့ ထင်တာလား။'
မိုးပွင့် ဒေါသနှင့် မေးလာသဖြင့် နှင်းထန် သူမလေးကို စိုက်ကြည့်ကာ
'မင်းစကားပြောတာကို ပြန်စဉ်းစားလေ။ မင်းကိုယ်မင်း တခြားတယောက်လိုပြောနေတာ။ '
မိုးပွင့် သက်ပြင်းချလိုက်ပြီး သူ့ကို နူးညံ့စွာဖြင့် တောင်းပန်စကားဆိုခဲ့သည်။ သူမလေး၏ စိတ်မကောင်းဖြစ်သွားသည့် ပုံကိုတွေ့သောအခါ နှင်းထန် သံသယဝင်မိသည်ကိုပင် နောင်တရသွားသည်။
'တောင်းပန်ပါတယ် အကိုနှင်းထန်။ ကျွန်မ မထင်မှတ်ပဲ စေ့စပ်ရတော့မှာဆိုတော့ စိတ်ထွေပြားသွား တာပါ။ '
မိုးပွင့်၏ တောင်းပန်စကားကြောင့် နှင်းထန် စိတ်ပြေသွား၏။ သို့သော် သွေးအေးလွန်းသော မိုးပွင့် ကြောင့် နှင်းထန် စိတ်မချနိုင်အောင်ဖြစ်မိသည်။
နောက်ရက်များတွင်လည်း မိုးပွင့်က ဝသုန်နှင့် တင်းနစ်ရိုက်သွားမြဲသွားနေသဖြင့် တားချင်သော်လည်း သူတို့က မောင်နှမတွေလို ဆက်ဆံရေးရှိသည်ကို သိနေသောကြောင့် တားလိုက်လျှင် မိမိဘက်က သဘောထားသေးရာရောက်မည် စိုးသဖြင့် သူတို့ အတူ သွားလာနေသည်ကိုသာ မချင့်မရဲ စောင့်ကြည့်နေမိသည်။
သို့သော် နှင်းထန် စိုးရိမ်စိတ်တို့ သိပ်မကြာလိုက်ပါ။ ဦးမြတ်ထန်နှင့် ဦးသက်ထွန်းတို့ရောက်လာပြီး စေ့စပ်ပွဲကို ကျင်းပပေး၏။ မိုးပွင့်၏ အကိုဖြစ်သူ မိုးစက်ကတော့ ခရီးလွန်နေသဖြင့် စေ့စပ်ပွဲကို မလာနိုင်ခဲ့ပေ။ စေ့စပ်ပွဲတွင် မိုးပွင့်၏ လက်ကို စေ့စပ်လက်စွပ် ဝတ်ပေးပြီးနောက် နှင်းထန် တစ်ဝက်စိတ်အေးသွား၏။ မိုးပြာရောင် ဝတ်စုံလေး နှင့် မိုးပွင့်၏ အေးချမ်းသောမျက်နှာလေးက အရမ်း ကို လိုက်ဖက်ကာ နှင်းထန် မေမေ့ကိုပင် သတိရသွား၏။ စေ့စပ်ပွဲကို ဦးသက်ထွန်း၏ ဆန္နအတိုင်း အိမ်တွင် အကျဉ်းရုံးသာ ပြုလုပ် လိုက်သည်။ စေ့စပ်ပွဲပြီးနောက် ဦးသက်ထွန်းသည် မိုးပွင့်ကို ခေါ်ကာ ဆုံးမစကားပြောပြီး နောက်မြစ်ကြီးနားသို့ပြန်သွား၏။
ဦးမင်းထန်သည်လည်း သားစေ့စပ်ပြီးသည်နှင့် စိတ်ချလက်ချဖြင့် လုပ်ငန်းကိစ္စဖြင့် ခရီးရှည်ထွက်သွား ၏။ အိမ်တွင် နှင်းထန်နှင့် မိုးပွင့်သာကျန်ရစ်ခဲ့၏။ မနက်စာစားချိန်တွင် နှင်းထန် သူမကို ပြုံးကြည့်ကာ မိုးပွင့်ကို ဖြစ်ချင်တာ တောင်းဆိုလိုက်သည်။
'မိုး ... ကိုယ့်ကို ကိုကိုလို့ခေါ်ပါလား။'
မိုးပွင့်က ချစ်စဖွယ်ပြုံးကာ
'ဘာဖြစ်လို့လဲ ။ အကိုနှင်းထန်လို့ခေါ်တာ နူတ်ကျိုးနေပြီ။'
'ကိုယ်တို့က စေ့စပ်ပြီးပြီလေ။ အခေါ်အဝေါ်ပြောင်းသင့်ပြီလေ။ ကိုကို လို့ခေါ်။ ဟုတ်ပြီလား။'
မိုးပွင့်က တချက်ရယ်မောကာ
'အကို လို့ခေါ်မယ်နော်။ လက်ထပ်ပြီးမှ ကိုကိုလို့ခေါ်ပါရစေ။ အခေါ်အဝေါ်က အဓိက မဟုတ်ပါဘူး။ အကိုနဲ့ ကျွန်မ တယောက် ကို တယောက်နားလည်မှူရှိဖို့က အရေးကြီးပါတယ်။ '
မိုးပွင့်၏စကားတတ်မှုကြောင့် နှင်းထန် ဇွတ်မတိုက်တွန်းတော့ပေ။ သို့သော်သူမလေးကိုစိုက်ကြည့်ပြီး သေချာအောင်တော့ ပြောထားလိုက်သည်။
'ကောင်းပြီလေ။ လက်ထပ်ပြီးရင်တော့ ကတိအတိုင်း ခေါ်ရမယ်နော်။ '
'စိတ်ချပါ။ နောက်မှ မိုးပွင့် ချွဲလွန်းတယ်ဆိုပြီး အပြစ်မတင်နဲ့နော်။'
မိုးပွင့်သည် နှင်းထန်ကို အေးချမ်းစွာပြုံးကြည့်ရင်း ပြောလိုက်သဖြင့် နှင်းထန် ကျေနပ်သွားရပြန်သည်။သို့သော်အလုပ်တွင် မိုးပွင့်၏ အပြောအဆို အနေအထိုင်များက ယခင်အတိုင်းပင် ပြောင်းလဲမှူမရှိပေ။ ဝသုန်နှင့် ခင်မင်စွာသွားလာသည်လည်း မပြောင်းလဲပေ။ နောက်ဆုံး နှင်းထန် သူမကို နေ့တိုင်းမသွား ရန်တားသဖြင့် မိုးပွင့် မကျေနပ်သော်လည်း ဖခင်ကြီးနှင့် ကိုင်ပေါက်သဖြင့် အောင့်သက်သက် နှင့် လက်ခံလိုက်ရသည်။
တနေ့ မိုးပွင့် အလုပ်သို့ဝသုန်လိုက်လာသဖြင့် နှင်းထန် မျက်မှောင်ကြုတ်မိသည်။ မိုးပွင့် နှင့် ဝသုန် ဧည့်ခန်းတွင် တစ်စုံတစ်ရာကို ခေါင်းခြင်းဆိုင်ကာ တီးတိုးတိုင်ပင်နေသဖြင့် ဝန်ထမ်းများက ကွက်ကြည့် ကွက်ကြည့်လုပ်နေကြသည်။ သူတို့နှစ်ယောက် ခင်မင် ရင်းနှီး သော်လည်း မိုးပွင့် မှာ မိမိ ဇနီးလောင်းဖြစ်သဖြင့် ယခုလိုနေတာ လွန်သည်ဟု နှင်းထန်ထင်သည်။ မိမိကို အခြားသူများက ဘယ်လိုထင်မည်ကို ထည့်တွက်သင့်သည်။ နှင်းထန်တစ်ယောက်တည်းဒေါသထွက်နေစဉ် မိုးပွင့်ရုံးခန်းထဲသို့ဝင်လာပြီး အရေးတကြီးခွင့်တောင်းသည်။ မိမိဒေါသထွက် နေသည် ကိုလည်း သတိပြုမိသည့်ပုံလည်း မပေါ်ပေ။ တစ်စုံတစ်ခုအတွက် အရေးကြီးနေသည့်ပုံသာ ပေါ်နေသည်။
'အကို အရေးကြီး ကိစ္စရှိလို့ ကျွန်မဒီနေ့ခွင့်ယူချင်လို့ပါ။ '
'ဘာကိစ္စမို့မင်းက ခွင့်ယူမှာလဲ။ ဘယ်ကိုသွားမှာလဲ။ ဘယ်သူနဲ့လဲ'
နှင်းထန် လေသံမာမာနှင့်မေးသဖြင့် မိုးပွင့် သူ့မျက်နှာကို နားမလည်ဟန်မော့ကြည့်ကာ အကျိုးကြောင်းကို ရှင်းပြခဲ့သည်။
'သူငယ်ချင်းရဲ့အဖေ နာရေးရှိလို့ ပဲခူးကို ဝသုန်နဲ့သွားမလို့ပါ။'
'ကိုယ်လိုက်ပို့မယ်။'
'အကိုနှင်းထန် ဒီညနေ တရုတ်ကုန်သည်တွေနဲ့တွေ့ဖို့ရှိတယ်။ ဟိုတယ်မှာ ညစာနဲ့ဧည့်ခံဖို့ချိန်းထား တယ်လေ။ အကို ကျွန်မကို စိတ်မပူပါနဲ့။ ညမိုးမချူပ်ခင်ကျွန်မပြန်လာမှာပါ။ ဝသုန်ပါရင် စိတ်ချရ ပါတယ်။'
နှင်းထန် လေသံပြတ်ပြတ်နှင့်ပြောလိုက်သည်။ မိုးပွင့် စိတ်ရှူပ်သွားဟန်ဖြင့် သူ့ကိုပြန်ကြည့်ကာ အလုပ်အကြောင်းကို ပြောခဲ့သည်။ ဒယ်ဒီခရီးထွက်သွားသဖြင့် ဒယ်ဒီ့အလုပ်အားလုံးကို နှင်းထန်က ကိုယ်စားလုပ်ကိုင်နေရသဖြင့် တကယ်လည်း အလုပ်များလွန်းလှ သည်။ ယခင်က မိမိဦးစီးနေသည့် ဆေးရုံကိုပင် နေ့တိုင်းမသွားနိုင်အောင် အလုပ်က ပိနေသည်။ နှင်းထန်သည် မိုးပွင့်၏ စကား ကြောင့် ပြောချင်သောစကားကို မနည်းမျိုသိပ်ကာ စိတ်မချသော်လည်း ခွင့်ပြုလိုက်ရသည်။ ဝသုန်နှင့် သွားမည် ဖြစ်သောကြောင့် မိမိစိတ်မချကြောင်းသူမ ဘာကြောင့်မသိရ သည်ကို မချင့်မရဲဖြစ်မိသည်။
'ကောင်းပြီလေ။ တခုခု အကူအညီလိုရင် ဖုန်းဆက်လိုက်ပါ။ ကိုယ်ချက်ချင်းလိုက်လာမယ်။'
'ဟုတ်ကဲ့ပါ။ သွားပြီနော် အကို'
နှင်းထန်သည် ဝသုန်၏ ကားပေါ်ပါသွားသော သူမလေးကိုမျှော်ငေးကြည့်ကာ သက်ပြင်းတချက်ချ လိုက်မိသည်။ သိက္ခာကို ထိန်းကာ သဝန်တိုကြောင်း မပြချင်သောကြောင့် သက်ပြင်းသာ တွင်တွင်ချနေမိသည်။ ညမိမိအိမ်ပြန်ရောက်သည့်တိုင် မိုးပွင့်ပြန်မလာသေးသဖြင့် နှင်းထန် ခေါင်းမီးတောက်ကာ ဖုန်းခေါ် သော်လည်း ဆက်သွယ်မှူဧရိယာပြင်ပဖြစ်နေသောကြောင့် ရင်ထဲမီးလောင်သလိုပူနေမိသည်။
အိမ်ပြင်တွင် လမ်းလျှောက်ရင်း သူမကို မျှော်နေမိစဉ် ဝသုန်၏ ကားလေးထိုးဆိုက်လာမှ ပြေးသွား မလိုလုပ်ပြီးမှ အိမ်ထဲချာခနဲ လှည့်ဝင်သွားပြီး ဒေါ်ပိုကိုမှာထားကာ သူမကို စာကြည့်ခန်းထဲမှ စောင့်နေလိုက်သည်။ နှင်းထန် ထိုင်ခုံပေါ်တွင်ထိုင်ကာ အသက်ကို ပြင်းပြင်းရှူရင်း စိတ်ကိုငြိမ်အောင်အတတ်နိုင်ဆုံးထိန်းနေလိုက်သည်။ သို့သော် သူမလေး၏ တံခါးခေါက်သံကိုကြားလိုက်စဉ် ရင်တုန် သွားသလိုခံစားလိုက်ရသည်။
'အကို ကျွန်မ ဝင်ခဲ့ပြီနော်။ '
မိုးပွင့် တံခါးကိုပြန်စေ့ထားပြီး နှင်းထန်၏ စားပွဲရှေ့တွင် ရပ်ကာ မေးလိုက်သည်။ သူမလေး၏ ပုံကြည့်ရတာ နွမ်းနယ်နေပုံရသည်။
'အကို ကျွန်မကိုခေါ်ထားတယ်ဆိုလို့ပါ။ '
ESTÁS LEYENDO
Romanceအချစ်စစ်၏တည်နေရာ- Season (1) Author _ May King Genre _ Romance , Boy Love, Family, Couple Both Zawgyi + Unicode font (Zawgyi font chapter အောက်မှာ Unicode font နဲ့ Chapter ထပ်ထည့်ပေးထားပါတယ်။ အောက်ကို ဆွဲချပေးပါ။) ေပးဆပ္အနစ္နာခံတတ္တာ အခ်စ္စစ္လား။...