အခန်း (၁)
'' ဟေး ကိုကို ''
'' မင်းကို စကားပြော မရိုင်းရဘူးလို့ ပြောထားတယ်လေ ကျူး ''
ခြံထဲ စာအုပ်တစ်အုပ်နဲ့ ထိုင်နေတဲ့ ကိုယ့်ကို အော်ခေါ်လာတဲ့ ကျူး။ ဘတ်စကတ်ဘော ဘောလုံးပိုက်ပြီး ခုံပေါ် ၀င်ထိုင်လာတဲ့ ကျူးက နည်းနည်းတော့ ရိုင်းတယ်။
ယဉ်ကျေးဖို့ ပြောလည်း အပိုပဲဆိုတာ သိတယ်။ ဘယ်လိုသင်သင် မတတ်တဲ့ အထဲမှာ ကျူးရဲ့ နာမည်က ထိပ်ဆုံး စာရင်းဝင်။ ကုန်ကုန်ပြောရရင် မတတ်တာထက် ကျူးကိုယ်တိုင်က မသင်ယူချင်တာပဲ။
ဥာဏ်ကောင်းတဲ့ ကလေးက ယဉ်ကျေးဖို့ ပြောစကားတွေဆို မိနစ်မဆိုင်း မေ့ပစ်တာလည်း အကြိမ်ကြိမ်။ ဂျစ်ကန်ကန် မဟုတ်လည်း ဖြတ်ရိုက်ချင်စရာတော့ ကောင်းတယ်။
'' ကိုကို စာဖတ်နေတာလား ''
'' မဖတ်တော့ဘူး ''
လူအကောင်လိုက် ရောက်လာပြီဆိုကတည်းက ဆက်ပြီး ဖတ်လည်း ရမှာ မဟုတ်တော့ဘဲ။
ခပ်ပြတ်ပြတ် ပြောတော့ ပြုံးတုံ့တုံ့ ကြည့်လာပြန်သေးတာ။အကြောင်းပြချက်ကို သိနေသလို မျက်ဝန်း စူးစူးတွေက ' ကိုကို မပြောလည်း ကျူး သိတယ် ' ဆိုတဲ့ အထာမျိုး။ တတ်မြောက်ထားတဲ့ မထီမဲ့မြင် အချိုးတွေက တကယ်ပဲ ပုံကျလွန်းပါရဲ့။
ဖတ်လက်စ စာမျက်နှာထိပ်ပိုင်းကို နည်းနည်း ချိုးပြီး မှတ်ထားလိုက်ရတယ်။ လက်ထဲက ဘောလုံးကို လက်ညှိုးတစ်ချောင်းနဲ့ လှည့်ဖို့ ပြင်နေတဲ့ ကျူးက အဆိုးလေးပဲ။ မြင်ရ၊ တွေ့ရတာ ဘယ်လိုမှ အချိုးမပြေတဲ့ ကျူး။ စကားပြောရင် မခန့်လေးစားဟန်တွေနဲ့ လူကို အဆင်မပြေအောင် လုပ်တတ်လွန်းတဲ့ ကျူး။ ဒီလို ကိုယ်ပိုင် အမှတ်တံဆိပ်တွေနဲ့ ကျူးက အမှန်ခြစ်တွေကို ဖြတ်တိုက်ပစ်တဲ့ မျဉ်းလို နည်းနည်းတော့ ကန့်လန့်ဆန်တယ်။
'' အဲ့ဘောလုံးကြီး ချထားလိုက်တော့ ''
'' အိုကေ။ ကိုကို့သဘော ''
အိုကေဆိုတဲ့ လိုက်လျောသံနောက်မှာ လက်ကလည်း ဘောလုံးကို အဝေး လွှင့်ပစ်ပြီးသား။ ဒါပေမဲ့ စကားနားထောင်တယ်လို့ ထင်ရင် မှားသွားမယ်။ ကိုယ် ပျိုးထားတဲ့ အလှပန်းအိုးဆီ တည့်တည့်မတ်မတ် ရွယ်ပစ်တာ။ အနည်းငယ် ရမ်းခါသွားတဲ့ ပန်းအိုးကတော့ ကျူးကို ပန်းဆိပ်သင့်စေချင်မှာ အသေအချာ။