အခန်း (၃၀)
“ မင်းရဲ့ စဉ်းစားဥာဏ်တွေ ဘယ်ရောက်ကုန်ပြီလဲ ယွင်း ”
မာပြတ်နေတဲ့ မေမေ့အသံမှာ မေတ္တာ ဒေါသ ပြည့်နှက်တယ်။ သားလို့သာ ခေါ်လေ့ ရှိတတ်တဲ့ မေမေ့နှုတ်ဖျားက နာမ်စားတစ်ခုလည်း ခေတ္တခဏ ပျောက်ရှသွားခဲ့ပြီ။
ရူးမိုက်တယ်လို့ ဆိုချင် ဆိုပါစေ။ ကိုယ့် ဆုံးဖြတ်ချက်ကို ပြင်ဖို့ စိတ်ကူးတော့ မရှိဘူး။
ပြန်မပြော၊ နားမထောင် သားတစ်ယောက်ရဲ့ ခေါင်းမာမှုကြောင့် မေမေလည်း ပင်ပန်းရပြီ။ လက်ချောင်းတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ကိုယ့်ကို မရိုက်မိအောင် ချုပ်တည်းထားတဲ့ မေမေ။ ကိုယ့်ကို သိပ်ချစ်ရှာတဲ့ မေမေက အရေပြားပေါ်မှာ ဒဏ်ရာတွေ ထင်ကျန်အောင် မလုပ်ရက်တာ မြင်ရတော့ အားနာစိတ် ပိုရတယ်။
“ မင်း လိုချင်ခဲ့တဲ့ ဒီပညာသင်ဆုကို ရဖို့အတွက် ဘယ်လောက်ထိ ကြိုးစားခဲ့ရလဲဆိုတာ မင်း ကိုယ်တိုင် အသိဆုံး ယွင်း။ ဒါကို ခုကျမှ ဘာလို့ ဒီလို လုပ်ရတာလဲ။ ကျူးက သားအတွက် အဲ့လောက် မထိုက်တန်ဘူးလေ။ ကျူးကို ရွေးချယ်လိုက်တာနဲ့ပဲ သားရဲ့ အိပ်မက်တွေကို စွန့်လွှတ်လိုက်စရာ မလိုဘူး။ ကျူးက သားရဲ့ ဘဝ၊ သားရဲ့ အနာဂတ် မဟုတ်ဘူး။ ဒါကို မင်း နားလည်မယ်လို့ မေမေ ထင်ခဲ့မိတာ ”
မချိတင်ကဲ ဆိုလာခြင်းနဲ့အတူ ဆို့နင့် ကြေကွဲနေတဲ့ မေမေ့ မျက်ဝန်း တစ်စုံ။ သားတစ်ယောက်ရဲ့ ဘဝ တက်လမ်းကို မျှော်မှန်းထားမှုအပေါ် မေမေ့ နင့်ကဲခြင်းတွေ သိပ်သည်းရှာတယ်။
“ ဘာမှ မပြောဘဲ နေတော့မှာလား ယွင်း။ ဒီလိုမျိုး ခေါင်းငုံ့ နှုတ်ပိတ်မနေဘဲ ငါ့ကို တစ်ခုခုတော့ ဖြေရှင်းချက် ပေးစမ်းပါ။ မင်း ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရတဲ့အထိ ကျူးရင့်လေပြေက ဘယ်လောက်ထိ အရေးပါနေလို့လဲ။ မင်းရဲ့ အနာဂတ်နဲ့ လဲရလောက်အောင် တန်လို့လား။ မင်းအတွက် အဲ့လောက်တောင် တန်ဖိုး ရှိနေပြီလား။ ငါ မေးတာ ဖြေစမ်းပါ ယွင်းရဲ့။ မဟုတ်ရင် မင်းတို့ နှစ်ယောက်စလုံးကို ငါ တစ်ခုခု လုပ်မိလိမ့်မယ် ”
မော့ကြည့်မိလိုက်တဲ့ မျက်ဝန်းတစ်စုံမှာ စိုးရိမ် ထိတ်လန့်ရခြင်းတွေ ပေါ်လွင်နေမလား။ မေမေ့ မျက်နှာမှာ ရိပ်ခနဲ ထင်လာတဲ့ စိတ်ပျက်မှုက အထင်းသား။