အခန်း (၆)
“ တောက် ! ငါကွာ ”
“ အဲ့တောက်ကို နောက်မှ ခေါက်။ ဒါကို အရင် မြိုချ ”
နားပူအောင် ပွမ်တော့မယ့် အရည်ကို ကြိုမြင်တာနဲ့ ဘီယာတစ်ဘူး ဖောက်ပေးလိုက်တယ်။ ခံပြင်းတာချင်း တူတာတောင် အဖြစ်က နည်းနည်းတော့ ဆိုးတယ်။ ဒီငရစ်ကောင်ရဲ့ ဒဏ်ကိုပါ လူးလိမ့်ခံရဦးမယ်။
“ တွေ့လား။ လုပ်သွားတဲ့ အချိုးကို။ Fujoshi လိုလို၊ ဖူဂျီတောင်လိုလိုနဲ့ ဘာမှန်းကို မသိဘူး။ သူ့ကိုယ်သူ မေတ္တာရှင် မိခင်ကြီး ပုံစံအပြည့်ပဲ။ သူ့ကို စောက်ရမ်း ကြိုက်နေတဲ့ ကောင်ကိုမှ မင်းလို ဆိုက်ကိုနဲ့ ပေးစားရတယ်လို့ .. အ ! ”
အပေါ်၊ အောက် နှုတ်ခမ်းလွှာနှစ်ခု ပြန်မစေ့ခင် ဇက်ပိုးကို ဖြတ်အုပ်ပေးလိုက်တယ်။ ဒီအရိုင်းကောင်က စကားကို လူလိုသူလို မပြောတတ်တာ သိတယ်။ ဒါပေမဲ့ ဘေးထိုင်ပြီး မတရား ဖဲ့နေတာတော့ ကျော်မပေးနိုင်ဘူး။ နာနာရိုက်ပေးလိုက်တော့ လက်ထဲက ဘီယာဘူးနဲ့ ပြန်ပက်တယ်။ လက်ကျန် ရှိသေးတဲ့ အရည်က အင်္ကျီတစ်ခွင် စိုစိုဖျန်းရော။
ဆိုင်သွားသောက်မယ် ပြောလည်း သူ့အိမ်ကိုပဲ မရမက ခေါ်တယ်။ တစ်အိမ်လုံးမှာ နေတဲ့လူဆိုလို့ ဒီအရိုင်းကောင်ပဲ ရှိတော့ ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုတဲ့ သောင်းကျန်းခွင့်ကို ပါမစ် ရထားပြီးသား ဖြစ်ရော။
“ မင်းလိုကောင်နဲ့ အကြောထခဲ့မိတဲ့ ငါကိုက ရူးနေတာ ”
“ ဒါဆိုလည်း ဖြတ်လိုက်လေ။ ပြတ်ကြမလား ”
“ ဟား ဟား ဟား ”
တစ်ယောက်တည်း ခံပြင်းရတဲ့ အချိုးနဲ့ ရွဲပြနေတဲ့ ပုံကို ကြည့်မရလို့ ပြောတော့ အော်ရယ်လာတယ်။ ရသခါးက အဲ့လိုအရူး။
“ နေစမ်းပါကွာ။ မင်း ရေခပ်နိုင်ဖို့ ငါ မိုးများများ ရွာပေးဖို့ လိုတယ် ”
ပြောလာတဲ့ စကားက မှန်တော့ နားထောင်ရတာ ခက်သွားတယ်။ စိတ်ထွေတော့ လက်ထဲက ဘူးကို နှုတ်ခမ်းနား ထပ်တေ့ဖြစ်ရော။
ဘီယာတွေ ရေထိုး များနေလား။ အခုထိ မမူးသေးဘူး။
“ မင်းအဖြစ်ကလည်း ဆိုးတာပဲ။ ရေတွင်းပျက်ထဲက ရေ ဘယ်တော့များ ထွက်လာမလဲ စောင့်ရင်း ရေ မရဘဲ နေလောင်ပြီး အသားပါ မည်းသွားတာပဲ အဖတ်တင်တယ် ”